← Chapters

အခန်း ၁၅၄

Vol. 11 Ch. 154

အခန်း ၁၅၄

Vol. 11 Ch. 154

အခန်း ၁၅၄ - ကင်းလှည့်ခြင်း

သုံးဆယ်နှင့် တစ်ဆယ်ဆိုသည်မှာ ပမာဏ အတော်ကြီး ကွာခြားလှပေသည်။ မိုကွမ်ရှန်း၏ လူများ အကုန်လုံးကို သူ ရှင်းပစ်ပြီး ဖြစ်သည်လား ဆိုသည်အား ရဲ့ရှင်းချန် သေချာမသိသေးချေ။ ချင်ထျန်းမင် ပြောစကား အရဆိုလျှင် မိုကွမ်ရှန်း၏ လူများ အကုန်လုံး မျိုးပြုတ်သွားသည်မှာ မဖြစ်နိုင်သေးချေ။

မည်သို့ပင် ဆိုစေကာမူ ဤနေရာသည် ကြီးလွန်းလှသည်။ လူဆယ်ယောက်ကျော်လောက် ဤနေရာတွင် ပုန်းနေလျှင်ပင် ရှာတွေ့ရန် ဆိုသည်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ချင်ထျန်းမင် ရောက်လာစဉ်တွင် ရဲ့ရှင်းချန်သည် အပူအာရုံခံ ညကြည့်မျက်မှန်အား တောက်လျှောက် တပ်ထားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူအနည်းငယ်သည် မည်သည့် အချိန် မည်သည့် နေရာမှ ထွက်လာမည် ဆိုသည်အား သေချာပေါက် မသိနိုင်ချေ။

သူနှင့် ကျောက်ဟောင်တို့သည် ဤနေရာတွင် တစ်ညလောက်သာ နေရန် စီစဉ်ထားခြင်း ဖြစ်သည်။ နေရာအား သေချာ မရှင်းလင်းရသေးခင် ရဲ့ရှင်းချန်သည် အလျင်စလို ဝင်မနေရဲချေ။

ဤနေရာအား မည်သို့ ရှင်းရမည်နည်း။ ရှေ့မှနေ၍ လမ်းပြနေသည့် ချင်ထျန်းမင်အား ရဲ့ရှင်းချန် အကဲခတ်လိုက်မိသည်။

ချင်ထျန်းမင်သည် သံသယဖြစ်စရာ မလိုအောင် အကောင်းဆုံး လူရွေးချယ်မှုပင် ဖြစ်နေချေတော့သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် ဤ အဆောက်အအုံ အနေအထားအား ကျွမ်းကျင်သည့် သူ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။

"မင်းတို့ဆီမှာ အိမ်တွေ အဆောက်အအုံတွေ အများကြီးပဲ အဆောက်အအုံ တစ်ခုချင်းစီရဲ့ သော့တွေ ဘယ်မှာရှိလဲ မင်း သိလား"

ဤ အဆောက်အအုံတိုင်းအား သူ့၏ ဗီလာအိမ်ကဲ့သို့ တူညီသည့် ပစ္စည်းများဖြင့် တည်ဆောက်ထားသည်အား ရဲ့ရှင်းချန် လိုက်လံ လေ့လာနေစဉ် တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ဆိုလိုသည်မှာ အတင်းအဓမ္မ ဝင်တိုက်ရန် ဆိုသည်မှာ ရူးမိုက်လှသည့် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပေလိမ့်မည်။

သို့သော် အိမ်များ အခန်းများ တံခါးများ အများကြီးရှိနေသဖြင့် ဖွင့်ရန် သော့သည်လည်း ရှိရမည်သာ ဖြစ်သည်။ ချင်ကုန်းမင်သည် ယခင်တွင် ဤနေရာ၏ အိမ်တော်ထိန်း ဖြစ်နေသည့် အတွက် သော့များသည်လည်း ချင်ကုန်းမင်ထံတွင် ရှိရမည် ဖြစ်သည်။ ထို့တိုင် ချင်ကုန်းမင်သည် အသတ်ခံလိုက်ရပြီ ဖြစ်သည့်အတွက် သော့များသည် ချင်ထျန်းမင်ထံတွင် ရှိဖို့များလေသည်။

ရဲ့ရှင်းချန်၏ မေးခွန်းအား ကြားပြီးနောက် ချင်ထျန်းမင် ရပ်တန့်သွားခဲ့ကာ သူ့မျက်နှာပေါ်တွင် အခက်တွေ့သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့တော့သည်။

"အို ကျွန်တော် သိတယ် ဒါပေမဲ့ အဖေ မဆုံးခင်က ကျွန်တော့်ကို သော့တွေ သေချာသိမ်းထားဖို့ မှာခဲ့တာ ဘယ်သူတောင်းတောင်း မပေးရဘူးတဲ့ သခင်လေး ဝမ်မင်ချုံးကလွဲရင်ပေါ့"

ချင်ထျန်းမင်သည် ကလေးတစ်ယောက်မျှသာ ဖြစ်လေသည်။ သူ့တွင် အထူးတလည် အကြံအစည်များ မရှိချေ။ ရဲ့ရှင်းချန် ခန့်မှန်းသည်မှာ မှန်သွားခဲ့သည်။ ဤနေရာတွင် သော့များ ရှိရုံသာမက ချင်ထျန်းမင်သည် သော့များ မည်သည့် နေရာတွင် ရှိနေကြောင်း သိထားသည့် အပြင် သူ့ကိုယ်ပေါ်တွင်ပင် ရှိနေပုံရလေသည်။

"ဒါပေမဲ့ မင်း ငါ့စကားကို ခြွင်းချက်မရှိ နားထောင်ပြီး ငါ့အပေါ် သစ္စာရှိပါ့မယ်လို့ ကတိပေးထားတယ်လေ စောစောက မင်းပေးခဲ့တဲ့ ကတိကို မေ့သွားပြီလား"

"အဲ့ဒါဆို အဲ့ဒါဆိုလည်း ကောင်းပါပြီ"

ခဏတာမျှ တုံ့ဆိုင်းနေ ပြီးနောက် ချင်ထျန်းမင်မှ ရုတ်တရက် ခေါင်းမော့လာခဲ့ကာ ပတ်ဝန်းကျင်အား သတိထားလျှက် ခိုးကြောင်ခိုးဝှက် ကြည့်လိုက်လေသည်။ ထို့နောက် သူ့အင်္ကျီဇစ်အား ဆွဲချလိုက်တော့သည်။

ချင်ထျန်းမင်သည် သူ့အိတ်ကပ်ထဲမှ လျှော်ထားပြီး ခပ်နွမ်းနွမ်း ဖြစ်နေသော အဝတ်စတစ်စအား ထုတ်ယူလိုက်လေသည်။ ထိုသည်မှာ လေးလံလှသော သော့တွဲကြီး တစ်တွဲ ဖြစ်သည်။ ဤသည်မှာ ဘေးကင်းရေး ခံတပ်ကြီး တစ်ခုလုံး၏ သော့များပင် ဖြစ်နေချေတော့သည်။ ချင်ထျန်းမင် ထံမှ ယခုလေးတင် ထုတ်ယူလိုက်ခြင်း ဖြစ်သည့် အတွက် သူ၏ ကိုယ်ငွေ့လေးများပင် သော့တွင် ကျန်ရှိနေသေးသည်။

ထို အဝတ်စထဲမှ လေးလံတဲ့ သော့တွဲကြီးအား ရဲ့ရှင်းချန် ယူလိုက်လေသည်။ အကြောင်းပြချက် မရှိဘဲ သူသည် အင်အားကြီးမားသည့် မြေပိုင်ရှင်ကြီး တစ်ယောက် ဖြစ်သွားသကဲ့သို့ စိတ်ကူးယဉ်မိသွားလေသည်။

"ဦးလေးမိုဆိုပြီး မင်းပြောတဲ့ လူမှာ ကြံရာပါ ၃၀ ကျော် ရှိတယ်ဆိုတာ မင်း သေချာလား"

ချင်ထျန်းမင်မှ သော့များအား ရဲ့ရှင်းချန်ထံ ပေးပြီးနောက် နှမြောတသစွာဖြင့် ခိုးကြည့် လိုက်သေးကာ ရဲ့ရှင်းချန်၏ မေးခွန်းအား ကြားသောအခါ လေးလေးနက်နက် ခေါင်းညိတ် ပြလိုက်လေသည်။

"ဟုတ်ကဲ့ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း ကျွန်တော် ရှေ့ပိုင်းက နေရာတွေကို မသွားရဲတော့ဘူး စိတ်လှုပ်ရှားပြီးတော့ သူတို့ရှေ့မှာ ကိုယ်ယောင် ဖျောက်ထားတာ ပြန်ပေါ်သွားမှာကို ကြောက်လို့ပါ"

ချင်ထျန်းမင်မှ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်လေသည်။ တကယ်တမ်းတွင် ခိုးစားနေစဉ် ရုတ်တရက် ကိုယ်ယောင်ဖျောက် ထားကြောင်း ပေါ်သွားမှာအားလည်း သူ ကြောက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ရဲ့ရှင်းချန်စားသည့် အစားအစာများသည် အလွန် ကောင်းလွန်းလှပေသည်။ ထို့အပြင် ရဲ့ရှင်းချန်တို့ စားနေသည့် အစားအစာများသည် ပုံမှန် အစားအစာများ ဖြစ်ကာ ဦးလေးမိုတို့ စားနေသည့် အရာများ မဟုတ်မှန်း သိသာနေခဲ့လေသည်။ ချင်ထျန်းမင် တုန်ယင်သွားခဲ့ရသည်။

"ဦးလေးမိုတို့က လူသားကို စားတာလေ သူတို့က ဘီလူးတွေ မိစ္ဆာကောင်တွေ"

ကျောင်းပိတ်ရက်များတွင် ချင်ထျန်းမင် တီဗွီ၌ အာထရာမန်းကား ကြည့်ခဲ့ခြင်း ဖြစ်သည်။ မိုကွမ်ရှန်းနှင့် သူ့လူများသည် လူအရေခြုံထားသည့် မိစ္ဆာကောင်များ ဖြစ်နေသည်လား ဟုပင် သူ တွေးမိလေသည်။ မည်သည့်အချိန်ကျလျှင် သူတို့၏ ပင်ကိုယ်ရုပ်သွင်အား ဖော်ပြလာကြမည် ဆိုသည်အား သူမသိချေ။

"သူတို့ကို မင်း ကြောက်လား"

ရဲ့ရှင်းချန် ရပ်လိုက်ပြီးနောက် ချင်ထျန်းမင်အား လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ သူသည် ချင်ထျန်းမင်၏ စွမ်းအားအား သဘောကျသည်မှာ မှန်သည့်တိုင် ချင်ထျန်းမင်သည် အမြဲလိုလို ယခုလို ကြောက်တတ်နေမည် ဆိုလျှင် သူ ခိုင်းမည့် အလုပ်များအား လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

"ကြောက်တော့ ကြောက်တယ် ဒါပေမဲ့ အရမ်းတော့လည်း မကြောက်ပါဘူး"

ချင်ထျန်းမင်၏ အဖြေကြောင့် ရဲ့ရှင်းချန် အနည်းငယ် အံ့သြသွားမိရလေသည်။

"ဘာလို့ ကြောက်လည်း ကြောက်တယ် အရမ်းလည်း မကြောက်ဘူး ဖြစ်နေရတာလဲ"

"သူတို့က လူသားစားတဲ့ မိစ္ဆာကောင်တွေမို့လို့ ကျွန်တော် ကြောက်တာ အရမ်းအကြောက်တာက ဦးလေးမိုက ကျွန်တော့်အဖေ့ကိုလည်း စားခဲ့တယ်လေ အဖေ့အတွက် လက်စားချေချင်တယ် ဒါကြောင့် ကျွန်တော် ကြောက်နေလို့ မဖြစ်ဘူးလေ"

ချင်ထျန်းမင်မှ အလွန်လေးနက်စွာ ဖြေလိုက်လေရာ ရဲ့ရှင်းချန်သည် ချက်ချင်းပင် သူ့စိတ်ထဲ၌ အမှတ်များစွာ ပေးလိုက်မိတေ့ာသည်။

"ကောင်းပြီ စောစောကလည်း မင်းကို ငါပြောပြီးပြီ ငါက အလကားလူတွေကို မမွေးထားဘူး ငါနဲ့အတူ ဝဝလင်လင် စားချင်ရင် ငါ့အတွက် အလုပ်စလုပ်ရမယ်"

ရဲ့ရှင်းချန်သည် သူဖြတ်သွားသည့် စံအိမ်တစ်လုံးထဲသို့ အေးအေးလူလူ လျှောက်ဝင်သွားခဲ့တော့သည်။ ဤနေရာတွင် ဝမ်မင်ချုံး အနားယူရန် ဆောက်ထားသည့် နေရာများထဲမှ တစ်ခုဖြစ်ရပေမည်။

ဤနေရာသည် အနည်းငယ် ကြီးလွန်းလှပေသည်။ ချင်ထျန်းမင် နှင့်အတူ ရဲ့ရှင်းချန် လမ်းလျှောက်သွားရန် ဆိုသည်မှာ သေချာပေါက် လက်တွေ့မဆန်လှပေ။ ထို့အပြင် သူသည်လည်း တစ်နေ့လုံး ပင်ပန်းထားခြင်း ဖြစ်သည့် အတွက် အနည်းနှင့် အများ မောပန်းနေခဲ့ပြီ ဖြစ်သည်။ လင်းစစ်ကျား၏ အလွန်ကောင်းမွန်လှသည့် အနှိပ်စွမ်းရည်အား ယခုအချိန်တွင် သူ အထူးတလည် သတိရနေတော့သည်။

"မင်း လူစီးဒရုန်း စီးတတ်လား"

ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ်ထဲမှ ယခုလေးတွင် ထည့်ထားသည့် နောက်ထပ် လူစီးဒရုန်း တစ်စီးအား ထုတ်ယူလိုက်တော့သည်။ ချင်ထျန်းမင် မျက်တောင်များ ပုတ်ခတ်သွားခဲ့ရတော့သည်။ ရဲ့ရှင်းချန်သည် ထို လူစီးဒရုန်းအား မည်သည့် နေရာမှ ထုတ်လာမှန်း သူ လုံးဝ မသိလိုက်ချေ။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် စီးတတ်ပါတယ် အရင်က အဖေ ဝယ်ပေးဖူးတယ်"

ချင်ကုန်းမင် အသက်ရှင်နေစဉ်တွင် ချင်ထျန်းမင်အား အထူး အလိုလိုက်ခဲ့လေသည်။ ဤနေရာရှိ ကြီးကြပ်ရေးမှူး တစ်ယောက်၏ လစာသည် မနည်းလှချေ။ အချစ်ခံရသည့် အပြင် ချင်ထျန်းမင်၏ ဘဝသည် ပိုက်ဆံရှိသည့် သခင်လေးများနှင့် ဆင်တူပေသည်။ ထောင်ဂဏန်းတန်သည့် လူစီးဒရုန်း တစ်စီးအား အလွယ်တကူ ဝယ်ပေးနိုင်ပေသည်။

‘သူ စီးတတ်တယ်ပေါ့လေ’

ချင်ထျန်းမင်၏ အဖြေအား ရဲ့ရှင်းချန် အလွန်သဘောကျသွားတော့သည်။ အနားယူရန် နေရာရှာတွေ့ ပြီးနောက် ရဲ့ရှင်းချန် ဆက်မလှုပ်ရှားချင်တော့ပေ။ ထို့ကြောင့် သူသည် နေရာလွတ်ထဲမှ အားသွင်းထားသည့် ခရီးဆောင် ကင်မရာ အသေးစားလေး တစ်လုံးအား ထုတ်ယူလိုက်ကာ ချင်ထျန်းမင်၏ ရင်ဘတ်တွင် တပ်ပေးလိုက်လေသည်။

ချင်ထျန်းမင်အား နေရာအနှံ့ ကင်းလှည့်ခိုင်းပြီးမှသာ တခြားသက်ရှိများ ရှိမရှိ ပြန်လာပြောခိုင်းရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ သို့သော် တခြားလူများ ပြောသည် ထက်စာလျှင် ရဲ့ရှင်းချန်သည် သူ၏ မျက်စိနှင့် ကိုယ်တိုင် မြင်ရသည်ကိုသာ ပိုယုံကြည်လေသည်။

သူ လိုချင်သည့် ရည်ရွယ်ချက်အား ချင်ထျန်းမင်အား အကျဉ်းချုံး ရှင်းပြ ပြီးနောက် ချင်ထျန်းမင်သည် လူစီးဒရုန်းပေါ်တွင် လိမ်မာစွာ ရပ်လိုက်ပြီးနောက် ကိုယ်ပျောက်ရန် စတင်၍ လုပ်ဆောင်တော့သည်။

အမှန်ပင် ဖြစ်သည်။ ရဲ့ရှင်းချန် ခန့်မှန်းသည်မှာ မှန်သွားသည် ဟု ပြော၍ ရပေသည်။ ချင်ထျန်းမင်သည် သူ့စွမ်းအားအား အသက်သွင်းလိုက်ချိန်တွင် သူနှင့် ထိတွေ့နေသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလေသည်။

ထိုသို့ဆိုလျှင် အလွန် လွယ်သွားပြီ ဖြစ်သည်။ ချင်ထျန်းမင်အား လူစီးဒရုန်းနှင့် ပတ်စီးခိုင်းလိုက်ရုံသာ ရှိသည်။ သူနှင့် ကျောက်ဟောင်တိုသည် စွမ်းအင် ထပ်မံ၍ သုံးရန် မလိုတော့ချေ။

မည်သို့ပင် ဆိုစေကာမူ မနက်ဖြန် သူတို့ သွားရမည့်ခရီးသည် အရှည်ကြီး ကျန်သေးသည် မဟုတ်ပါလား။ စွမ်းအင်ပိုရှိလေလေ မနက်ဖြန် အတွက် ပိုဘေးကင်းလေသာ ဖြစ်သည်။

ရဲ့ရှင်းချန်သည် အခန်းတစ်ခန်းအား ရွေးပြီးနောက် သော့တစ်ချောင်းချင်းစီအား စမ်းကြည့်ကာ တံခါးအား သော့ခတ်လိုက်တော့သည်။ တစ်ဖက်မှာမူ ချင်ထျန်းမင်သည် အဆောက်အအုံ နှစ်ခုအား ကင်းလှည့်၍ ပြီးနေပြီ ဖြစ်သည်။

All Chapters