အခန်း ၁၅၅
Vol. 11 Ch. 155
အခန်း ၁၅၅ - မက်ဒေါ်နယ် စားချင်တယ်
"မင်းက အလုပ်လုပ်တာ တော်တော်မြန်သားပဲ"
ထိုကင်မရာသည် အင်တာနက်ဖြင့် ချိတ်ဆက်မထားသည့်တိုင် အထူးမြှင့်တင်ထားသည့် ဘလူးတုသ်နှင့်မူ ချိတ်ဆက် ပေးထားသည်။ ထိုကင်မရာများအား သီးသန့် မှာယူရန်အတွက် ရဲ့ရှင်းချန် ပိုက်ဆံအများကြီး အကုန်ခံခဲ့ရခြင်း ဖြစ်သည်။ ဤနေရာတွင် ဖုန်းလိုင်း အင်တာနက်လိုင်းများပါ မရှိသည့်အတွက် ချင်ထျန်းမင်အား ပေးထားသည့် ကင်မရာ အသေးစားလေးဆီမှ ဝင်လာသည့် စောင့်ကြည့်ဗီဒီယိုများကိုသာ ရဲ့ရှင်းချန်သည် အချိန်ဖြုန်းစရာ ရုပ်ရှင်တစ်ကားကဲ့သို့ သဘောထားလျှက် ကြည့်နေလိုက်တော့သည်။
ကောင်လေးသည် ဗိုက်ဝနေပြီ ဖြစ်သည့်အတွက် သူ၏ လှုပ်ရှားမှုများသည် အတော်လေး သွက်လက် မြန်ဆန်နေခဲ့လေသည်။ ခွန်အားများ အပြည့်ဖြင့် ဟိုဒီပြေးလွှားနေသည်မှာ သူ့အရွယ်နှင့် အတိအကျ လိုက်ဖက်လွန်းနေခဲ့သည်။ ချင်ထျန်းမင်၏ အမြန်နှုန်းအား ကြည့်လိုက်ကာ ရဲ့ရှင်းချန် ကျေနပ်သွားရတော့သည်။
ဤသည်မှာ သူနှင့် ကျောက်ဟောင် ကင်းလှည့်သည်ထက် အများကြီး ပိုမြန်ဆန်လှပေသည်။ ကျောက်ဟောင်သည် မိုချီအား ထမ်းထားရခြင်း ဖြစ်သည့် အတွက် သူနှင့် ရဲ့ရှင်းချန် အခန်းများအား မစစ်ဆေးခင် မိုချီအား ချထားရန် အတွက် ဘေးကင်းမည့် နေရာအား အရင်ရှာရသေးသည် မဟုတ်ပါလား။
ရဲ့ရှင်းချန်သည်လည်း အလွန်အမင်း သတိကြီးသူ တစ်ဦး ဖြစ်သည်။ အခန်းတိုင်းတွ၍် ထောင်ချောက်များ ရှိနေမည်အား သူ စိုးရိမ်နေသည့် အတွက် နေရာတစ်ခုအား ရောက်တိုင်း ချင်ထျန်းမင်ထက် အချိန်ပိုယူရလေ့ ရှိသည်။ ချင်ထျန်းမင်မှာမူ ကိုယ့်အိမ်ကိုယ်ယာအား လမ်းလျှောက်နေသကဲ့သို့ အေးဆေး ဖြစ်နေခဲ့သည်။
ဟိုဟိုဒီဒီ မျက်ကန်းတစ္ဆေများကဲ့သို့ လိုက်ရှာနေသည့် ရဲ့ရှင်းချန်တို့ နှစ်ယောက်ထက်စာလျှင် သူသည် အများကြီး ပို၍ စနစ်ကျလေသည်။ မိုချီအား ကျောက်ဟောင်သည် ရဲ့ရှင်းချန်၏ အခန်းဆီသို့ သယ်လာပေးခဲ့သည်။ ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့ ဘေးချင်းကပ်လျက် အခန်းများတွင် နေကြလေသည်။ အဓိက အကြောင်းရင်းမှာမူ ကျောက်ဟောင်အား သူ၏ ဘေးတွင် အကာအကွယ်တစ်ခုကဲ့သို့ ထားရသည်မှာ အစိတ်ချရဆုံး ဖြစ်သည်ဟု ရဲ့ရှင်းချန် ခံစားရလို့ပင် ဖြစ်ချေသည်။
ကံကောင်းသည်မှာ ဤနေရာရှိ အခန်းတိုင်းတွင် သီးသန့် ရေချိုးခန်းများ ပါဝင်လေသည်။ သူရွေးထားသည့် အခန်းထံသို့ မပြန်ခင် ကျောက်ဟောင်၏ အခန်းနှင့် အဆောက်အအုံ၏ တံခါးမကြီးအား ရဲ့ရှင်းချန် သော့ခတ်လိုက်တော့သည်။ ကမ္ဘာပျက်ကပ် မတိုင်ခင်တွင် ဤနေရာအား မည်မျှအထိ သေချာ ထိန်းသိမ်းထားခဲ့သည် ဆိုသည်မှာ သိသာလှပေသည်။
မိုကွမ်ရှန်းသည် အစေခံများ အားလုံးကို သတ်ပစ်ခဲ့သည့်တိုင် အခန်းသည် သန့်ရှင်းသပ်ရပ်နေဆဲပင် ဖြစ်သည်။ နေ့တိုင်း တစ်ယောက်ယောက် လာရှင်းလင်းထားသည်မှာ အထင်အရှားပင် ဖြစ်တော့သည်။ ရဲ့ရှင်းချန် ခပ်မြန်မြန် ရေချိုး သန့်စင်လိုက်ပြီးနောက် ကုတင်ကြီးပေါ် တက်လိုက်လေသည်။
နူးညံ့လှသည့် စောင်ထူထူကြီးဆီမှ အဝတ်လျှော်ဆပ်ပြာနံ့ သင်းသင်းလေးတောင် ရနေသေးသည်။ ဤသည်မှာ အပြင်ဘက်မှ အခြေအနေများဖြင့် ဆိုလျှင် လုံးဝကို ကွဲပြားခြားနားလွန်းသည့် ကမ္ဘာတစ်ခု ဖြစ်နေခဲ့တော့သည်။
ရဲ့ရှင်းချန် စောင်အား ဖက်ထားရင်း အသက်ဝဝ ရှူသွင်း လိုက်လေတော့သည်။ ရေချိုးနေစဉ် လျှပ်စစ်မီး မပြတ်သေးသည့် အတွက် ရေနွေးရနေသော်လည်း အခန်းတွင်း အပူချိန်သည် အနုတ် ၃ ဒီဂရီ ခန့်သာ ရှိနေခြင်းကြောင့် ရဲ့ရှင်းချန်အား ကြက်သီးများ ထလာစေသည် အထိ ချမ်းအေးစေခဲ့သည်။
ကိုယ်အား နွေးသွားစေရန် အတွက် လက်နှစ်ဖက်အား ပွတ်သပ်လိုက်ရင်း နေရာလွတ်ထဲမှနေ နွေးထွေးလှသည့် စောင်အချို့အား ထုတ်ယူလိုက်ကာ အဝတ်အစားများ အပေါ်မှနေ၍ ထပ်ခြုံလိုက်လေသည်။
ထိုသို့ ပြုလုပ်ပြီးမှသာ အနည်းငယ် သက်သာသွားတော့သည်။ ထို့နောက် နေရာလွတ်ထဲမှ စားပွဲပုလေး တစ်လုံးနှင့် သရေစာအချို့အား ထုတ်လိုက်လေသည်။ ထို့နောက် ဖုန်းအား ကိုင်ကာ ပထမဆုံးအကြိမ် ကင်းလှည့်နေသည်အား စိတ်ဝင်တစား စတင်ကြည့်ရှုတော့သည်။
ချင်ထျန်းမင်၏ အမြန်နှုန်းသည် တော်တော်လေး မြန်သည် ဟု ဆိုရပေမည်။ ပုံမှန်ဆိုလျှင် သူသည် လူတိုင်းမုန်းသည့် ကလေးဆိုးလေး တစ်ယောက် ဖြစ်နေလောက်သည်။ သရေစာ အနည်းငယ်နှင့် ဘီယာတစ်ငုံ သောက်လိုက် ပြီးနောက် ရဲ့ရှင်းချန်သည် ညောင်းညာနေသည့် သူ၏ ပခုံးများအား ပွတ်သပ်ရင်း မှုန်ဝါးဝါးဖြင့် အိပ်ပျော်သွားတော့သည်။
အိပ်မက် မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည့် ညတစ်ည ဖြစ်ခဲ့ရလေသည်။ လင်းစစ်ကျားမှာမူ အိမ်တွင် ညသန်းခေါင်ယံ အချိန်အထိ စောင့်နေခဲ့ပြီးမှ နောက်ဆုံးတွင်မူ မခံစားနိုင်တော့ဘဲ ကုတင်ပေါ်မှာ အိပ်ပျော်သွားခဲ့ရလေသည်။ သူမ ဤနေရာသို့ ပြောင်းလာပြီးကတည်းမှ စ၍ ရဲ့ရှင်းချန် ညအိပ်ညနေ အပြင်ထွက်သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
သို့သော် မိုချီ၏ စွမ်းအားသည် မည်မျှ အစွမ်းထက်သည် ဆိုသည်အား လင်းစစ်ကျား သိသကဲ့သို့ ကျောက်ဟောင်သည်လည်း အထူးစွမ်းအား နိုးကြားထားသူဆိုသည်အား သူမ သိပေသည်။ ထို့ကြောင့် စိုးရိမ်နေသည့်တိုင် ရဲ့ရှင်းချန် ဘေးကင်းကင်းနှင့် ပြန်လာမည် ဆိုသည်အား သူမ ယုံကြည်ထားဆဲပင် ဖြစ်သည်။ ထိုညတွင် ရဲ့ရှင်းချန် သူမအား တစ်ကြိမ်လေးမှ စာပြန်မခဲ့ပေ။
နောက်နေ့မနက်တွင် ရဲ့ရှင်းချန် မျက်လုံးများအား ပွတ်သပ်ရင်း စိမ်းသက်နေသော ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း နိုးလာခဲ့တော့သည်။ သူ ဘေးကင်းရေးခံတပ်ထဲ ရောက်နေသည်အား သတိမရခင် စက္ကန့် အနည်းငယ်လောက် ကြောင်အမ်းအမ်း ဖြစ်နေခဲ့ရလေသည်။ နိုးထလာပြီးနောက် မျက်နှာသစ် ရေချိုးလိုက်ကာ ရဲ့ရှင်းချန်သည် ကျောက်ဟောင်၏ အခန်းသော့များအား ဖွင့်ပေးလိုက်ပြီးနောက် နေရာလွတ်ထဲမှ ရိုးရှင်းသော နံနက်စာအချို့အား ထုတ်ပေးလိုက်တေ့ာသည်။
ရဲ့ရှင်းချန်သည် စောင့်ကြည့် ဗီဒီယိုအား နှိပ်လိုက်ကာ သိမ်းထားသည့် ဖိုင်များအား ဆွဲထုတ်လိုက်လေသည်။ ထို့နောက် ငါးဆအမြန်နှုန်းနှင့် ချိန်လိုက်ပြီး နံနက်စာစားရင်း ကြည့်နေလိုက်တော့သည်။ မနေ့ညတွ၍် ချင်ထျန်းမင်သည် သူတို့၏ နောက်ဘက်မှ အဆောက်အအုံများကိုပါ စစ်ဆေးပြီးသွားပြီ ဖြစ်သည်။ အထဲတွင် အသက်ရှင်နေသည့်သူ မပြောနှင့် အလောင်းတစ်လောင်းပင် မရှိချေ။ အလောင်းများအား မိုကွမ်ရှန်းနှင့် သူ့လူများသည် ဗဟိုမီးဖိုချောင်ထဲ ဆွဲသွားခဲ့ကြလို့ပင် ဖြစ်သည်။
ချင်ထျန်းမင်သည် မူလတွင် ရဲ့ရှင်းချန်ထံသို့ ပြန်လာပြီး သတင်းပို့ချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထို စံအိမ်လေးရှေ့သို့ ပြန်ရောက်လာချိန်တွင် တံခါးအား သော့ခတ်ထားသည်အား တွေ့လိုက်ရလေသည်။ တံခါးဖျက်ဝင်ရန်နှင့် ပြတင်းပေါက်မှနေ တွယ်တက်ရန် အစရှိသည့် နည်းလမ်းပေါင်းစုံအား သူ ကြိုးစားကြည့်ခဲ့သည့်တိုင် ဆူညံသံများကြောင့် တခြားအရာများအား ဆွဲဆောင်မိသွားမည်ကိုလည်း ကြောက်ရွံသဖြင့် စံအိမ်ဘေးမှ ဂိုဒေါင်ထဲမှာပင် ပုန်းနေခဲ့ရလေသည်။
ရဲ့ရှင်းချန် ဗီဒီယိုကြည့်၍ ပြီးသွားသည့် အချိန်မှာ တစ်နာရီခန့် ကြာနေပြီ ဖြစ်သည်။ အဆုံးပိုင်းအား ကြည့်လိုက်ချိန်တွင် ချင်ထျန်းမင်သည် မနက်အစောကြီးကတည်းမှ ပြန်ရောက်နေပြီဆိုသည်အား သူ သတိထားမိ လိုက်တော့သည်။ နောက်ဆုံးတွင် အထဲသို့ ဝင်၍ မရ၍ အနီးနားမှ ဂိုဒေါင်ထဲမှာသာ ပုန်းနေခဲ့ရခြင်း ဖြစ်ကြောင်း သိသွားခဲ့တော့သည်။ ခေါင်းခါလိုက်ရင်း ရဲ့ရှင်းချန် အသံထွက်အောင် ရယ်မောလိုက်မိသည်။
ထို့နောက် အဝတ်အစားများ လဲကာ ကျောက်ဟောင်နှင့် အတူ စံအိမ်ထဲမှ ထွက်လာခဲ့တော့သည်။ သူလှည့်လိုက်ကာ ဘေးဘက်ရှိ ဂိုဒေါင်ထဲသို့ ဝင်သွားလိုက်လေသည်။
"ထျန်းမင်"
ရဲ့ရှင်းချန် ဝင်လာချိန်မှာမူ ချင်ထျန်းမင် လန့်နိုးသွားခဲ့ရလေသည်။ ချင်ထျန်းမင်သည် ရဲ့ရှင်းချန်ရှေ့တွင် ချက်ချင်း ကိုယ်ထင်ပြလိုက်တေ့ာသည်။ သူ အနည်းငယ်မျှ ဝမ်းနည်းနေမိသည်။ အဘယ်ကြောင့် ဆိုသော် ဤနေရာတွင် တခြား အသက်ရှင်နေသည့်သူ မရှိကြောင်း အစ်ကိုရဲ့ထံ ပြန်လာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောပြချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ ပြန်ရောက်လာချိန်တွင် အစ်ကိုရဲ့သည် စံအိမ်တံခါးအား သော့ခတ်ထားသည်ကိုသာ တွေ့လိုက်ရတော့သည်။
"အသက်ရှင်နေတဲ့သူ တစ်ယောက်မှ မရှိတော့ဘူး ကျွန်တော် ပတ်ကြည့်ပြီးပြီ ဦးလေးမိုရဲ့ အလောင်းကိုတောင် တွေ့ခဲ့တယ်"
ချင်ထျန်းမင် မျက်နှာလေးသည် နည်းနည်းလေး ဝမ်းနည်းနေပုံပေါ်သည့်တိုင် တစ်ချိန်တည်းမှာ ဝမ်းသာနေခဲ့ခြင်း ဖြစ်သည်။ ရဲ့ရှင်းချန် သူ့အား မလိမ်ခဲ့ချေ။
‘မိုကွမ်ရှန်း တကယ်သေသွားပြီ သိပ်ကောင်းတာပဲ။ ဒါဆို သူ နေ့တိုင်း ကြောက်လန့်ပြီး ပုန်းနေစရာ မလိုတော့ဘူးပေါ့ ‘
"မင်း ဘာစားချင်လဲ"
ချင်ထျန်းမင်အား တစ်ညလုံး အပြင်တွင် သော့ခတ်ထားမိမှန်း ရဲ့ရှင်းချန် သိပေသည်။ ထိုကောင်လေး၏ စိတ်ထဲတွင် အနည်းငယ်မျှ ဝမ်းနည်းနေလောက်ပေသည်။ သူ၏ စိတ်ခံစားချက်သည် မျက်နှာတွင် အထင်းသား ပေါ်နေခဲ့သည် မဟုတ်ပါလား။ ကလေးတစ်ယောက်အား မည်သည့် ချော့ရမည် ဆိုသည်အား ရဲ့ရှင်းချန် မသိသကဲ့သို့ ထိုကလေးပေါက်စအား ချော့ရန်လည်း သူ အချိန်မဖြုန်းချင်ခဲ့ချေ။ ထို့ကြောင့် တိုက်ရိုက် အဆန်ဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းကိုသာ သူ သုံးလိုက်တော့သည်။
"ကျွန် ကျွန်တော် မက်ဒေါ်နယ် စားချင်တယ်"
ချင်ထျန်းမင် နှုတ်ခမ်းအား ကိုက်ထားလိုက်မိသည်။ ရဲ့ရှင်းချန်၏ စကားသည် သူ့အား ရုတ်တရက် သတိရသွားစေခဲ့သည်။ ယခင်တွင် ချင်ကုန်းမင်သည် သူ့အား အလွန် ချစ်သည့်တိုင် KFC မက်ဒေါ်နယ်တို့ကဲ့သို့ အစားအစာများကိုမူ လုံးဝ စားခွင့်မပေးခဲ့ခေ။ သူ၏ ရွယ်တူ သူငယ်ချင်းတချို့သည် မနက်စာအား ကျောင်းသို့ ခိုးယူလာကြသည်အား တွေ့လျှင် သူ အလွန် အားကျခဲ့ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ အစားအစာမျိုးအး သူ စားဖူးသည်မှာ သူ၏ ဘေးမှ ထိုင်ခုံဖော်မှ ဗိုက်ဝသွား၍ မစားနိုင်တော့သဖြင့် သူ့အား အနည်းငယ်မျှ ကျွေးသည့် အချိန်တွင်သာ စားခဲ့ဖူးခြင်း ဖြစ်သည်။ ချင်ကုန်းမင်သည် ကျန်းမာရေးနှင့် မညီညွတ် သည့်အပြင် အာဟာရမဖြစ်နိုင် ဟု ခံစားရ၍ သူ့အား မဝယ်ကျွေးခဲ့ခြင်း ဖြစ်သည်။ သူ့ကလေးအား ထိုကဲ့သို့ အမှိုက်အစားအစာများ မစားစေချင်ခဲ့ချေ။
"ကောင်းပြီ မနေ့ညက မင်း အလုပ်လုပ်တာ ကောင်းတယ် မင်းကို ငါ ဆုချမယ်"
ဟမ်ဘာဂါ တစ်လုံးဆိုသည်မှာ ရဲ့ရှင်းချန်အတွက် ခက်ခဲသည့် အလုပ် တစ်ခု မဟုတ်ချေ။ မည်သို့ပင် ဖြစ်စေ ရဲ့ရှင်းချန်သည် အစောပိုင်း ကတည်းမှ ဟမ်ဘာဂါများအား မရေမတွက်နိုင်အောင် စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ သူ အရသာရှိသည်ဟု ထင်သည့် ဟမ်ဘာဂါ ထောင်ပေါင်းများစွာအား သူ့၏ နေရာလွတ်ထဲတွင် အခြေခံအားဖြင့် အများအပြား စုဆောင်းထားပြီးသား ဖြစ်သည်။