အခန်း ၁၅၉
Vol. 11 Ch. 159
အခန်း ၁၅၉ - လင်းဖေး (၂)
ရဲ့ရှင်းချန် ရုတ်တရက် ရောက်လာခြင်းသည် လင်းဖေးအား ခဏတာ ဝမ်းသာ သွားစေသော်လည်း မကြာခင်မှာပင် သူ ထပ်၍ အထိတ်တလန့် ဖြစ်သွားရပြန်သည်။
သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ရဲ့ရှင်းချန်ကဲ့သို့ စွမ်းအားကြီးသူ တစ်ယောက်တွင် သူ့အား ကယ်တင်ရန် နည်းလမ်း ရှိနိုင်သည်ဟု တွေးလိုက်ခြင်း ဖြစ်သည်။ သို့သော် အလွန် လျင်မြန်စွာပင် သူ၏ လက်ရှိ ပုံပန်းသွင်ပြင်သည် စိတ်လွတ်ကိုယ်လွတ်ဖြင့် လိုက်ကိုက်တတ်သော ထိုလူများနှင့် ကွာခြားမှု မရှိတော့ကြောင်း လင်းဖေး ရုတ်တရက် သတိပြုမိသွားတော့သည်။
ထိုထူးဆန်းသော လူများတွင် သွေးလွှမ်းနေသော မျက်လုံးများ ရှိပြီး လင်းဖေး၏ မျက်လုံးတစ်ဖက်သည်လည်း မည်သည့် အချိန်ကတည်းမှ သွေးရောင်လွှမ်းသွားမှန်း သူကိုယ်တိုင်ပင် မသိလိုက်ချေ။ သူ့အား ယခုလို ပုံစံမျိုး မြင်သွားခဲ့လျှင် ရဲ့ရှင်းချန်မှ သူ့အား သတ်ပစ်မည်ကိုလည်း သူ ကြောက်နေမိသည်။
"မဟုတ်ဘူး ကျွန်တော် ကျွန်တော် မဟုတ်ဘူး အစ်ကိုရဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့"
လင်းဖေးသည် ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် အခန်းထောင့်တွင် ပုန်းကွယ်နေသော်လည်း သူ ထိတ်လန့်တကြား ထလာချိန်တွင် လင်းဖေးသည် သာမန်လူများနှင့် မတူတော့ကြောင်း ရဲ့ရှင်းချန်မှ တွေ့ရှိပြီး ဖြစ်သည်။
သူ့မျက်လုံးများသည် ဗိုင်းရပ်စ် ကူးစက်ခံထားရသကဲ့သို့ နီရဲလာခဲ့သည်။ သို့သော် လင်းဖေး၏ မျက်လုံးတစ်ဖက်တည်းသာ နီရဲနေခဲ့ကာ အခြားမျက်လုံးတစ်ဖက်မှာမူ အညိုရင့်ရောင် အတိုင်း ပြောင်းလဲမှု မရှိဘဲ ရှိနေသေးသည်အား ရဲ့ရှင်းချန်မှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
ရဲ့ရှင်းချန် မျက်မှောင်ကြုတ် လိုက်မိသည်။ သူသည် လက်လှမ်းကာ အစောပိုင်းမှ ဖွင့်ထားသော တံခါးအား ပိတ်လိုက်လေသည်။ မည်သို့ပင် ဖြစ်စေ ဤနေရာရှိ အခန်းတိုင်းအား တူညီသော အလွိုင်းစပ်သတ္တုဖြင့် ပြုလုပ်ထားသောကြောင့် အသံလုံသည့် အာနိသင်သည် အလွန်ကောင်းမွန်လှသည်။ ထို့အပြင် လင်းဖေး အထဲတွင် နေထိုင်သည့်အခါ အမှန်ပင် အလွန် တိတ်ဆိတ်နေသောကြောင့် လင်းဖေးသည် သူ၏ နှာခေါင်းအောက်တွင် ဤမျှ ရက်ပေါင်းများစွာ နေထိုင်နေခဲ့သည်အား ရဲ့ရှင်းချန် မသိခဲ့ခြင်း ဖြစ်သည်။
"သူလည်း ကူးစက်ခံထားရတယ် ဒါပေမဲ့ သူရဲ့ အခြေအနေက တခြား ကူးစက်ခံထားရသူတွေနဲ့ မတူဘူး"
ရဲ့ရှင်းချန် တံခါးပိတ်လိုက်သည်အား မြင်ချိန်တွင် လင်းစစ်ကျားသည်လည်း နောက်မှလိုက်ကာ တံခါးအား သော့ခတ်လိုက်တော့သည်။ ယခင်တွင် ရဲ့ရှင်းချန်သည် စူပါမားကတ်မှ ပစ္စည်းတစ်အိတ်အား လင်းစစ်ကျားအတွက် ထုတ်ပေးခဲ့ပြီးနောက် ၎င်းတို့အား ခွဲဝေပေးရန် သူမအား ပြောခဲ့သည်။ ထို့ကြောင့် လင်းစစ်ကျားသည် များသောအားဖြင့် လင်းဖေးအား အစားအစာအချို့ ခွဲဝေပေးလေ့ ရှိသည်။
"သူ့ကို ကျွန်မ လေ့လာဖူးတယ် သူ့အခြေအနေနဲ့ ပတ်သက်ပြီးလည်း သူ့ကို မေးကြည့်ပြီးပြီ သူက ဒီပါကင်ပိတ်ထားတဲ့ အစားအစာတွေကို မြင်တဲ့အခါ ဘာလို့ စိတ်ဝင်စားမှု ပျောက်ဆုံးသွားမှန်း မသိဘူးလို့ ပြောတယ် အဲဒါတွေက အရင်က သူ အကြိုက်ဆုံး အစားအစာတွေချည်းပါပဲ"
"ပြီးတော့ သူက အရင်က အသားကို သိပ်မကြိုက်ဘူးလို့ ပြောတယ် ဟင်းသီးဟင်းရွက်တွေနဲ့ အခြေခံ အစားအစာတွေကိုပဲ ကြိုက်ခဲ့တာတဲ့ ဒါပေမဲ့ အခုတော့ အကြောင်းပြချက်မရှိဘဲ အသားကို အရမ်း စားချင်နေပြီး အစိမ်းလိုက် စားချင်နေတယ်တဲ့"
"ရှင် ပေးခဲ့တဲ့ အိတ်ကြီးထဲမှာ အေးခဲထားတဲ့ အသားတွေ တော်တော်များများ ပါလာတာကို တွေ့လို့ သူ့ကို နည်းနည်း ပေးလိုက်တယ် နောက်ဆုံးတော့ သူ အဲဒါကို အစိမ်းလိုက် တကယ်ပဲ စားလိုက်တယ်လေ ပါကင်ပိတ်ထားတဲ့ အစားအစာကိုတောင် မထိဘူး"
ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ စကားအား တွေးတောစွာ နားထောင်နေလေသည်။ အကြောင်းပြချက် တစ်ခုခုကြောင့် ထိုနေ့တွင် ကြီးမားသော မျိုးဗီဇပြောင်းလဲသူ အုပ်စုအား ဦးဆောင်ခဲ့သော ခေါင်းဆောင်အား သူ ရုတ်တရက် သတိရသွားခဲ့သည်။ လင်းဖေး၏ အခြေအနေသည် ထိုခေါင်းဆောင်နှင့် တူညီနေနိုင်မည်လား သူမသိချေ။
ရဲ့ရှင်းချန်မှ ဖြစ်နိုင်ခြေတစ်ခုအား ရုတ်တရက် စဉ်းစားလိုက်မိသည်။ လင်းဖေး၏ အခြေအနေသည် ခေါင်းဆောင်နှင့် တူညီနေပါမူ လင်းဖေးသည် ဤမျိုးဗီဇပြောင်းလဲသူများအား ထိန်းချုပ်ရန် သို့မဟုတ် အမိန့်ပေးရန် လုပ်နိုင်သည်ဟု ဆိုလိုခြင်းလော။
ရဲ့ရှင်းချန်၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားခဲ့လေသည်။ လင်းဖေးအား အပြင် ခေါ်ထုတ်သွားပြီးနောက် စမ်းသပ်ကြည့်ရန် သူ မစောင့်နိုင်တော့ချေ။
"ငါ့မှာ အကြံတစ်ခုရှိတယ် ဒါပေမဲ့ ဖြစ်နိုင်မလားတော့ မသိဘူး မင်းအကူအညီ လိုတယ် ကျားလေး"
ရဲ့ရှင်းချန်သည် လင်းဖေးအား အပြင်ခေါ်ထုတ်သွားကာ စမ်းသပ်ချင်သော်လည်း ဤအရာမတိုင်မီ ရဲ့ရှင်းချန်သည် လင်းဖေးနှင့် လုံးဝ မရင်းနှီးသောကြောင့် လင်းစစ်ကျားသည် လင်းဖေးနှင့် စကားပြောရန် လိုအပ်နေသေးသည်။ ထို့အပြင် ရဲ့ရှင်းချန် အပြင်ထွက်သည့်အခါ လူသားပုံစံ လက်နက် တစ်ခု ဖြစ်သော မိုချီအား သေချာပေါက် ခေါ်သွားရမည် ဖြစ်သည်။
"မင်း လင်းဖေးကို နားချပြီးရင် မိုချီ့ကိုပါ ကူပြီး စစ်ဆေးပေးဦး"
မည်သို့ပင်ဖြစ်စေ သူက ပြဿနာအား မီးခွက်ထွန်း၍ ရှာနေခြင်း ဖြစ်သောကြောင့် သူ၏ ဘေးကင်းလုံခြုံမှုအား သေချာပေါက် အာမခံထားရမည် ဖြစ်သည်။
လင်းဖေးသည် ရဲ့ရှင်းချန်၏ သူငယ်ချင်း သို့မဟုတ် ဆွေမျိုးမဟုတ်ပေ။ သူသည် ပြင်ပလူ တစ်ဦးဖြစ်ကြောင်းကိုသာ ရဲ့ရှင်းချန် သိပေသည်။ သူ့အား ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် သူသည် သူခိုး မဟုတ်ကြောင်း တွေ့ရှိရသောကြောင့်သာ သူ့အား ကျောက်ဟောင်ထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရဲ့ရှင်းချန်သည် လင်းဖေး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အမှန်တကယ် ဂရုမစိုက်ချေ။ လင်းဖေးသည် သူ့အတွက် အသုံးဝင်ပါမူ ရဲ့ရှင်းချန်သည် လင်းဖေးအား အသက်ရှင်စေချင်သည်မှာ သဘာဝပင် ဖြစ်သည်။
သို့သော် လင်းဖေးသည် သူ့အတွက် အသုံးမဝင်ပါက ဤကဲ့သို့ သေဆုံးခြင်းသည်လည်း ရဲ့ရှင်းချန်၏ ခန့်မှန်းချက်အား အတည်ပြုသည်ဟု ယူဆနိုင်ပေသည်။ ရဲ့ရှင်းချန်သည်လည်း သူ့အား လူကောင်း တစ်ယောက်အဖြစ် တွေးပေးမည် ဖြစ်သော်လည်း ထိုမျှလောက်သာ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ရဲ့ရှင်းချန်သည် သူ မသိသည့် သူတစ်ယောက်၏ သေခြင်းရှင်ခြင်းအား ဂရုစိုက်နေရန် အားလပ်ချိန် မရှိပါချေ။ လင်းဖေးသည် ရုတ်တရက် အလင်းရသွားခဲံသည်။ သူ၏ ခန္ဓာကိုယ် အပြောင်းအလဲများ နှင့်ဆိုလျှင် သူ အသက်ကြာကြာ ရှင်နိုင်မည် မဟုတ်ကြောင်း သူ သိပေသည်။ သူ အသတ်မခံရလျှင်ပင် အသက်ကြာကြာ ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
သေချာပေါက်ပင် သူကြောက်ရွံပေသည်။ အစပိုင်းမှာမူ သူ သေရမှာအား ကြောက်ခဲ့သည့်တိုင် နောက်ပိုင်းတွင် အသားစိမ်း ပထမဆုံးတစ်လုတ်အား စားလိုက်ရသည့် အချိန်တွင် သူ အံ့သြသွားခဲ့ရကာ စိတ်သက်သာရာ ရသွားတော့သည်။ ရုတ်တရက် သူ သေရမည်အား မကြောက်တော့ချေ။ ထိုကဲ့သို့ ကြောက်စရာကောင်းသော ဘီလူးတစ်ကောင် ဖြစ်လာမည့် အစား သူ၏ အစာထဲတွင် အဆိပ် အချို့ထည့်ကာ သေဆုံးသွားခြင်းသည် ပိုကောင်းပေမည်။
သူထိုသို့ တွေးခဲ့သော်လည်း လူတိုင်းသည် သေရမည်အား ကြောက်ကြသည်သာ ဖြစ်သည်။ ထို့ကြောင့် လင်းစစ်ကျားသည် လင်းဖေးအား လာပြောသောအခါ သူ အချိန်အကြာကြီး တုံ့ဆိုင်းနေခဲ့မိသည်။သ ို့သော် နောက်ဆုံးတွင် သူသည် အံကြိတ်ကာ လင်းစစ်ကျား၏ တောင်းဆိုမှုအား သဘောတူလိုက်တော့သည်။
လင်းဖေး ဤနေရာသို့ ရောက်နေသည်မှာ သိပ်မကြာသေးသော်လည်း ရဲ့ရှင်းချန်၏ လုပ်နည်းလုပ်ဟန်များအား သူ မြင်တွေ့ခဲ့ရလေသည်။ ရဲ့ရှင်းချန်သည် သူ့အား ကယ်တင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ့အား သတ်ပစ်နိုင်ပေသည်။ ရဲ့ရှင်းချန် ပြောသကဲ့သို့ ဆိုလျှင် မျိုးဗီဇ ပြောင်းလဲသူအုပ်စုနှင့် တွေ့သောအခါ ရှင်သန်နိုင်ခြေသည် ရဲ့ရှင်းချန်အား ငြင်းဆန်ခြင်းထက် ပိုများနိုင်သေးသည်။
ရဲ့ရှင်းချန်ပြောသလို ဖြစ်နိုင်ပေသည်။ သူတို့သည် သူတို့၏ မျိုးနွယ်တူ အနံ့အား ရနိုင်ပြီး သူ့အား သူတို့၏ မျိုးနွယ်အဖြစ် ဆက်ဆံနိုင်သေးသည်။ ထိုအချိန်တွင် လင်းဖေး ပို၍ပင် ရှုပ်ထွေးသွားခဲ့ရတော့သည်။ သူသည် ယခု ပုံမှန်လူတစ်ယောက် မဟုတ်တော့ကြောင်း သူ သိသော်လည်း ထိုမျိုးဗီဇပြောင်း ဘီလူးများနှင့် မတူကြောင်းကိုလည်း သူ ခံစားမိသည်။ ယခုအခါ သူကိုယ်တိုင်ပင် သူ မည်သို့ ဖြစ်နေကြောင်း မသိတော့ပေ။
မကြာမီ ရဲ့ရှင်းချန်သည် လင်းဖေးအား အပြင်သို့ ခေါ်ထုတ်လာခဲ့လေသည်။ ဤတစ်ကြိမ်တွင် မိုချီသည် ရဲ့ရှင်းချန်နှင့် ကျောချင်း ကပ်လျက် ထိုင်နေပြီး လင်းဖေးကိုမူ ရဲ့ရှင်းချန်သည် ကြိုးတစ်ချောင်းဖြင့် သစ်သားပြားပေါ်တွင် ချည်နှောင်ကာ လင်းဖေးသည် ထိုသစ်သားပြားအား တင်းကြပ်စွာ ကိုင်ဆုပ်ထားရလေသည်။
သေချာသည်မှာ ရဲ့ရှင်းချန်သည် လင်းဖေးအား သူနှင့်အတူ နှင်းစီးဆိုင်ကယ် တစ်စီးတည်းပေါ်မှာ ထိုင်ခွင့်မပေးခဲ့ချေ နှင်းစီးဆိုင်ကယ်ပေါ်မှ နေရာလေးသည် အနည်းငယ်သာ ရှိခြင်း ဖြစ်သည်။ လင်းဖေးသည် သူ့၏ နေရာလွတ်ထဲမှနေ ထုတ်ယူလာသည့် သံမဏိ မျက်နှာဖုံးတစ်ဝက်အား တပ်ဆင်ထားရင်ပင် လင်းဖေး ပါးစပ်ဟကာ အချိန်မရွေး သူ့အား ထကိုက်မည်အား ရဲ့ရှင်းချန် မလိုလားချေ။
လမ်းမပေါ်တွင် လူအများအပြား ရှိနေသော်လည်း လူတိုင်းသည် ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် နှင်းစီးဆိုင်ကယ်ဖြင့် သူတို့ကို ဖြတ်မောင်းသွားလျှင်ပင် သူတို့သည် အကြိမ်အနည်းငယ်သာ မော့ကြည့်ကြလိမ့်မည် ဖြစ်သည်။
ခဏအကြာတွင် ရဲ့ရှင်းချန်သည် နောက်ဆုံးတွင် မြို့ပတ်ပတ်လည်၌ ပြန့်ကျဲနေသော မျိုးဗီဇပြောင်းလဲသူ အနည်းငယ်အား ရှာတွေ့ခဲ့လေသည်။ ယခင်တွင် ကြီးမားသော အုပ်စုကြီးသည် လူစုကွဲသွားသလား သို့တည်းမဟုတ် အခြားနေရာသို့ ပြောင်းရွှေ့သွားပြီလား ဆိုသည်ကိုမူ ရဲ့ရှင်းချန် မသိပေ။ ယခုအချိန်တွင် ရဲ့ရှင်းချန် အသိချင်ဆုံးအရာမှာ သူ၏ ခန့်မှန်းချက် မှန်ကန်မှု ရှိမရှိ ပင်ဖြစ်သည်။
ရဲ့ရှင်းချန်က 'တွန်း' ဟူသော စကားလုံးအား တီးတိုးပြောလိုက်လေရာ မိုချီသည် အမိန့်ရထားသည့်အလား ပြုမူလိုက်တော့သည်။ သူမသည် နှင်းစီးဆိုင်ကယ်နှင့် ချည်ထားသော ကြိုးအား လျင်မြန်စွာ ဖြတ်တောက်လိုက်တေ့ာသည်။