အခန်း ၁၀၀၆
Vol. 68 Ch. 1006
အခန်း ( ၁၀၀၆ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၂၅ )
ဆန်နီဟာ တံတိုင်းကို ကာရံထားတဲ့ အင်္ဂတေ
ခုံပေါ်မှာ မတ်တပ်ရပ်ရင်း အပြင်ဘက်က အေးစက်တဲ့ အမှောင်ထုထဲကို စိုက်ကြည့်နေပါတယ်။သူ့ရဲ့ မျက်နှာပေါ်မှာတော့ အတွေးနက်နေတဲ့ အမူအရာတစ်ခု ရှိနေခဲ့တယ်..။ အခုအချိန်မှာ တော့ အနည်းငယ် ရှည်လျားနေပြီဖြစ်တဲ့ သူ့ရဲ့ ဆံနွယ်တွေကို လေပြင်းက တိုက်ခတ်ကစားနေခဲ့ပြီး.. လေထဲမှာလည်း နှင်းရနံ့တွေ ရနေခဲ့တာပါ..။ ဖြူဖျော့တဲ့ လရောင်က လေထုထဲကို ဖြတ်သန်းစီးဆင်းနေပေမဲ့.. ပျက်စီးနေတဲ့ မြေပြင်ပေါ်ကိုတော့ အလင်းမပေးနိုင်ခဲ့ပါဘူး..။
ဝင်းတား နဲ့ ဒေးလ် တို့ကတော့ အနားမှာ ထိုင်နေကြပြီး.. တံတိုင်းရဲ့ သတ္တု လက်ရန်းကို မှီကာ ရေဘူးတစ်ဘူးကို မျှဝေ သောက်သုံးနေခဲ့ကြပါတယ်..။ ကပ္ပတိန် နှစ်ယောက်စလုံးက တည်ငြိမ်နေတဲ့ ပုံစံမျိုးပါပဲ..။ တစ်ယောက်က ခါတိုင်းလိုပဲ ပေါ့ပေါ့ပါးပါး ရှိနေပြီး.. နောက်တစ်ယောက်ကတော့ တည်ကြည်လေးနက်နေခဲ့တယ်..။ ရေဘူးထဲက အရာတွေ ကုန်ဆုံးသွားတဲ့အခါမှာတော့ ဝင်းတား က သက်ပြင်းချလိုက်ပြီး ဆန်နီ ကို လှမ်းကြည့်လိုက်ပါတယ်..။
“နင် ဒီနေ့ တော်တော်လေး လေးနက်နေတဲ့ ပုံပဲ..”
သူက ခနလောက် ငြိမ်သက်နေခဲ့ပြီးမှ ပခုံးတွန့်ပြလိုက်တယ်..။
“ဒီတိုင်း..လျောက်တွေးနေတာပါ..”
သူမက ထပ်ပြီး မမေးတော့ဘဲ.. အက်ကွဲနေတဲ့ နေကာမျက်မှန်ရဲ့ နောက်ကွယ်မှာ မျက်လုံးတွေကို ဝှက်ထားရင်း အနားယူနေလိုက်ပါတယ်..။
ဆန်နီ ဟာ သူတော်စင် တိုင်းရစ် နဲ့ စကားပြောပြီးနောက်မှာ ထူးဆန်းစွာပဲ တွေးစရာတွေ များလာခဲ့ပါတယ်..။
သူမရဲ့ အမြင်တွေကို သူ သဘောတူရဲ့လားဆိုတာ မသေချာပေမဲ့.. ကောင်းကင် ဒီရေ ပြောခဲ့တဲ့အထဲက အမှန်တရားတစ်ခုကတော့ ငြင်းပယ်လို့ မရပါဘူး..။
ဘဝဆိုတာ.. တကယ်ပဲ ခန့်မှန်းလို့မရတဲ့ အရာပါ..။
ခိုင်မာတဲ့ သူတော်စင်နဲ့ သူ့ရဲ့ ပတ်သက်မှုကိုပဲ ကြည့်ရင်သိနိုင်ပါတယ်..။ ဆန်နီ က သူတော်စင် တိုင်းရစ် ကို ကောင်းကောင်းမသိသလို.. သူမရဲ့ စည်းကမ်းတွေကိုလည်း လက်မခံပေမဲ့.. ဒီအထွတ်အထိပ်အဆင့် ကို သူ အတော်လေး လေးစားမိနေခဲ့တာပါ..။ မာစတာ ရွန် ကိုလည်း သူ သဘောကျပါတယ်..။ သူတို့ သုံးယောက်ကြားထဲမှာ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းတချို့တောင် ရှိခဲ့တာပဲ မဟုတ်ဘူးလား..။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဆန်နီ က အမွေဆက်ခံသူတွေအပေါ် မုန်းတီးရွံရှာမှုကလွဲရင် ဘာမှမရှိခဲ့ပါဘူး..။ သူက ဒီလူတွေကို မာနကြီးပြီး အန္တရာယ်များကာ မုန်းတီးစရာကောင်းတဲ့လူတွေ.. မွေးရာပါ အခွင့်အရေးကလွဲရင် ဘာမှမရှိဘဲ အခွင့်ထူးတွေကို မတရားသဖြင့်ရယူထားတဲ့လူတွေလို့ သတ်မှတ်ထားခဲ့တာပါ..။ တစ်နေ့ကျရင် သူတို့ထဲက တချို့ကို သူက တန်ဖိုးထားပြီး လေးစားမိလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။
ကတ်စီ ကိုလည်း ကြည့်လိုက်ဦး..။
သူမက မေ့ပျောက်ကုန်းမြေ ပေါ်မှာ သူ့ရဲ့ လျှို့ဝှက်ချက်ကို နစ်ဖီ ဆီ ပြောပြလိုက်တုန်းက.. ဆန်နီ က ဒါကို သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး အခိုက်အတန့် လို့ တွေးခဲ့တာပါ..။ သို့ပေမဲ့လည်း..တကယ်လို့ သူမကသာ ဒီလို ရွေးချယ်မှုကို မလုပ်ခဲ့ရင်.. သူက အိပ်စက်သူ အဖြစ်နဲ့ပဲ ကျန်နေခဲ့မှာ သေချာပါတယ်..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ဖြတ်သန်းခဲ့တဲ့ ခရီးစဉ်အတိုင်းသာ သူ သွားခဲ့ရရင် အသက် ရှင်သန်နိုင်မလားဆိုတာ ဆန်နီ မသိနိုင်ပါဘူး..။
ဒါပေမဲ့ သူ သေချာပေါက် သိတာတစ်ခုကတော့.. သူသာ ပြန်မလာခဲ့ရင် ရိန်း က သေဆုံးသွားခဲ့ပြီ ဆိုတာပါပဲ..။တကယ်လို့ ဆန်နီ သာ သူမရဲ့ ကျောင်းဆီကို ဦးတည်လာနေတဲ့ အိပ်မက်ဆိုး သားရဲလှိုင်းကို မတားဆီးခဲ့ရင်.. သူ့ရဲ့ ညီမလေးက သောင်းကျန်းနေတဲ့ သားရဲတွေရဲ့ ဆွဲဖြဲခြင်းကို ခံရမှာ သေချာပါတယ်..။
ဒီလိုမျိုး ရေတွက်လို့မရနိုင်တဲ့ အဖြစ်အပျက်တွေ အများကြီး ရှိနေခဲ့တာပါ..။
..ဘဝဆိုတာ ခန့်မှန်းလို့မရသလို.. ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကိုလည်း ဘယ်သူမှ ကြိုတင်မမြင်နိုင်ပါဘူး..။ ဝီဗာ က လွဲလို့ပေါ့..။ ကတ်စီ လိုမျိုး ရှေ့ဖြစ်ဟော တွေတောင်မှ ကံကြမ္မာရဲ့ အပိုင်းအစအချို့ကိုသာ မြင်နိုင်တာဖြစ်ပြီး.. အကြောင်းအရာ အပြည့်အစုံကို မသိနိုင်သလို ရလဒ်ကို ပြောင်းလဲဖို့လည်း အစွမ်းမရှိကြပါဘူး..။
ဒါဆိုရင်.. သူ့ကို ဘယ်နေရာမှာ ချန်ထားခဲ့တာလဲ..။
‘ငါ စတင်ခဲ့တဲ့ နေရာမှာပဲ ထင်တယ်..’
သူကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ အရာတစ်ခုကို ရုန်းကန်တွန်းလှန်နေရတဲ့ မသိနားမလည်တဲ့ လူမိုက်တစ်ယောက် အဖြစ်ပေါ့လေ..။
အနည်းဆုံးတော့ အန္တာတိက က တကယ့်ကို ရိုးရှင်းလွန်းပါတယ်..။
ဆန်နီ ဟာ သက်ပြင်းတစ်ချက်ချလိုက်ရင်း.. မျက်လုံးတွေကို ကွယ်နေတဲ့ ဆံနွယ်တွေကို ဖယ်ရှားလိုက်ကာ ဝင်းတား နဲ့ ဒေးလ် တို့ရဲ့ ဘေးမှာ ထိုင်လိုက်တယ်..။ သူ့ရဲ့ လက်တွေက ရိုးရှင်းတဲ့ တိုက်ပွဲတစ်ခုကို ဆာလောင်နေခဲ့ပြီ ဖြစ်ပါတယ်..။
“ကျုပ်တို့ ဘယ်လောက်အထိ ထပ်စောင့်ရဦးမှာလဲ..ချီးပဲ..”
ဒေးလ် က ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ သူ့ကို လှမ်းကြည့်လိုက်တယ်..။
“အချိန်ရတုန်း အနားယူထားပါဦး..။မကြာခင်မှာ ဒီ အေးချမ်းမှုက ပိုပြီး ကြာခဲ့ရင် ကောင်းမှာပဲဆိုပြီး နောင်တရနေရလိမ့်မယ်..”
ဆန်နီ ဟာ မျက်နှာရှုံ့မဲ့လိုက်ပြီး.. ဘေးကနေ ဖြတ်သန်းသွားနေတဲ့ စစ်သားတပ်ဖွဲ့တစ်ခုကို စိုက်ကြည့်နေခဲ့ပါတယ်..။ စစ်သားတွေရဲ့ အမူအရာက အနည်းငယ် ထူးဆန်းနေခဲ့တာပါ..။ သူတို့က တံတိုင်းရဲ့ အလင်းရောင် ပိုကောင်းတဲ့ နေရာတွေကိုပဲ ရွေးပြီး သတိကြီးစွာ လျှောက်လှမ်းနေကြသလို.. မှောင်မိုက်တဲ့ နေရာတွေကို ရောက်ရင် ခြေလှမ်းတွေကို မြှင့်တင်ပြီး အလျင်အမြန် ဖြတ်သန်းသွားခဲ့ကြတယ်..။ သူတို့ရဲ့ မျက်နှာတွေက သုန်မုန်ပြီး စိုးရိမ်ပူပန်နေကြတာပါ..။
သူ မျက်မှောင်ကျုတ်လိုက်မိတယ်..။
“သူတို့ ဘာဖြစ်နေကြတာလဲ..”
ဝင်းတား က ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး စစ်သားတွေကို လေ့လာလိုက်ပါတယ်..။
“ဟင်.. နင် ကောလာဟလတွေကို မကြားမိဘူးလား..”
ဆန်နီ ခနလောက် စဥ်းစားလိုက်ပြီးမှ ခေါင်းခါပြလိုက်ပါတယ်..။
“ဘာ ကောလာဟလလဲ..”
တက်ရောက်သူ လေးသမားက ရယ်မောလိုက်တယ်..။
“နင် တကယ်ပဲ နင့်ရဲ့ စစ်ကားထဲကနေ အပြင်ကို ပိုထွက်သင့်တယ် သိလား..။ ကဲ.. ဘာပဲဖြစ်ဖြစ်.. အခုတလော ဒုက္ခသည်တွေကြားထဲမှာ ကြောက်စရာ ပုံပြင်တွေ အများကြီး ပျံ့နှံ့နေတယ်လေ.. တစ်ခုထက်တစ်ခုက ပိုပြီး အဓိပ္ပာယ်မရှိ ဖြစ်လာတာပဲ..။ နောက်ဆုံး ထွက်လာတဲ့ ပုံပြင်ကတော့ မြို့ထဲမှာ အမှောင်ထုထဲ ပုန်းကွယ်ပြီး လိုက်လံ အမဲလိုက်နေတဲ့ အရိပ်သရဲတစ်ကောင် ရှိနေတယ်တဲ့..။ ကြည့်ရတာ အဲဒီကောင်က လူတွေကို အလင်းရောင်မရှိတဲ့နေရာဆီ ဆွဲခေါ်သွားတတ်ပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ပြောကြတာပဲ..”
သူမက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှ
ပိုပြီး လေးနက်တဲ့ လေသံနဲ့ ထပ်ပြောလိုက်ပါတယ်..။
“..ဒါပေမဲ့.. အဲဒီထဲမှာ အမှန်တရားတချို့ ရှိနေနိုင်တယ်..။ စစ်သားတွေက ပုံမှန်ဆိုရင် အလွယ်တကူ ကြောက်တတ်တဲ့လူတွေ မဟုတ်ဘူးလေ.. ။ဒါပေမဲ့ နင် မြင်တဲ့အတိုင်းပဲ သူတို့ စိုးရိမ်နေကြတယ်..။ အခုတလော ပျောက်ဆုံးမှုတွေက သိပ်များနေတာကိုး..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်..။ လူဦးရေ သန်း ရှစ်ဆယ် ရှိတဲ့ မြို့တစ်မြို့မှာ ပျောက်ဆုံးမှုအချို့ ရှိနေတာက သဘာဝကျပါတယ်..။ အထူးသဖြင့် အိပ်မက်ဆိုး
အခိုက်အတန့် က လူတွေကို ဘယ်နေရာမှာမဆို ကူးစက်နေတာ ဖြစ်လို့ပါပဲ..။ ဒါပေမဲ့လည်း သူ စိုးရိမ်စိတ် ဝင်သွားခဲ့တယ်..။ အရိပ်သရဲ တဲ့လား.. ဒါက သူ့ရဲ့ နယ်ပယ်နဲ့ ကွက်တိဖြစ်နေတာ မဟုတ်ဘူးလား..။
ပျောက်ဆုံးမှုတွေ တိုးပွားလာတာက တခြား အကြောင်းပြချက်လည်း ရှိနိုင်ပါသေးတယ်..။ LO49 ရဲ့ တယ်ရာ က သူ့ရဲ့ အစားအစာတွေကို ဒီလို ပုံစံမျိုးနဲ့ စတင်စားသုံးတတ်တာပါ..။
ဘာပဲဖြစ်ဖြစ်.. သူ မအီမသာ ခံစားကို ခံစားလိုက်ရတယ်..။
“အရိပ် သတ္တဝါ လား.. ကျွန်တော်တော့ မသိဘူး..။ ဒီလို သတ္တဝါတွေက အတော် ရှားပါးတယ်လေ..။ ကျွန်တော်လည်း တောထဲမှာ တစ်ကောင်ပဲ ကြုံဖူးတာ.. ဒါတောင် အိပ်မက်ဆိုး ထဲမှာပဲ..။ ဒီနေ့အချိန်အထိ ရှင်သန်ကျန်ရစ်တဲ့ကောင် ရှိမလားဆိုတာ သေချာမပြောနိုင်ဘူး..”
အမှန်တော့.. သူ့ရဲ့ အသားစတစ်ခုကို ကိုက်ဖြတ်သွားတဲ့ ကောင်စုတ်လေး တစ်ကောင်တော့ ရှိခဲ့ဖူးပါတယ်..။အဲလို သတ္တဝါတွေက စွမ်းရည်အသစ်တွေကို ဆက်ခံဖို့အတွက် အလောင်းတစ်ခုလုံးကို ဝါးမြိုဖို့ လိုအပ်တာလား.. ဒါမှမဟုတ် အသားစတစ်ခုတည်းနဲ့တင် လုံလောက်တာလားဆိုတာတော့ သူလည်း မသိပါဘူး..။ ဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့ နတ်ဆိုးလေးက အရိပ်တွေနဲ့ ပတ်သက်တဲ့ စွမ်းရည်ကို ရရှိသွားဖို့ အခွင့်အရေး ဘယ်လောက်အထိ ရှိနိုင်မှာလဲ..။
ဒေးလ် က ရိုးရိုးရှင်းရှင်းပဲ ပခုံးတွန့်ပြလိုက်တယ်..။
“တကယ်လို့ တစ်ခုခု ထူးဆန်းတာ ဖြစ်နေရင် စစ်ဌာနချုပ်က စုံစမ်းစစ်ဆေးနေလောက်ပါပြီ..။ ငါတို့ကို တရားဝင် အကြောင်းမကြားသေးဘူးဆိုတော့ ကောလာဟလတွေက အခြေအမြစ်မရှိတာ ဖြစ်နိုင်သလို.. အဖြစ်အပျက်တွေကအထူးတပ်ဖွဲ့ ကို အကြောင်းကြားရလောက်အောင် မပြင်းထန်သေးလို့ ဖြစ်လိမ့်မယ်..။ ဘာပဲဖြစ်ဖြစ် ငါတို့က လက်ရှိလုပ်ရမယ့် တာဝန်ကိုပဲ အာရုံစိုက်သင့်တယ်..”
သူ့စကားဆုံးတဲ့အချိန်မှာပဲ.. ခြေသံဖော့ဖော့အချို့ ထွက်ပေါ်လာခဲ့ပြီး.. မာစတာ ဂျက် က တံတိုင်းတစ်လျှောက်ကနေ ချဉ်းကပ်လာခဲ့ပါတယ်..။ သူမရဲ့ အဖွဲ့ဝင်တွေ.. အခုတော့ အရင်ကထက် အရေအတွက် နည်းပါးသွားခဲ့ပြီဖြစ်တဲ့ လူတွေကလည်း နောက်ကနေ လိုက်ပါလာခဲ့ကြတယ်..။
သူမက ပတ်ဝန်းကျင်ကို ခနလောက် လှည့်ကြည့်လိုက်ပြီးမှ ပြောလိုက်တယ်..။
“ငါ အခုပဲ သတင်းရလိုက်တယ်..။ ရွန် နဲ့ သူ့လူတွေ ချဉ်းကပ်လာနေပြီတဲ့..။ ဝါးမြိုခြင်း တိမ်တိုက် က သောင်းကျန်းနေတယ်..။ သူတို့ ဘာလုပ်လိုက်လဲတော့ မသိဘူး.. ဒါပေမဲ့ အလုပ်ဖြစ်သွားတယ်..။ အသင့် ပြင်ထားကြတော့..”
ကျန်တဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေလည်း ဒီသတင်းကို ရရှိသွားကြတဲ့ ပုံစံမျိုးပါပဲ..။ တံတိုင်းရဲ့ တောင်ဘက် အစိတ်အပိုင်းတစ်ခုလုံးမှာ အလျင်အမြန်ပဲ လှုပ်ရှားမှုတွေ စတင်လာခဲ့ပါတယ်..။ စစ်သားတွေက သူတို့ရဲ့ လက်နက်တွေကို နောက်ဆုံးအကြိမ် စစ်ဆေးနေကြပြီး.. နိုးထသူတွေ က သူတို့ရဲ့ မှတ်သားမူတွေကို ဆင့်ခေါ်နေကြသလို.. ရေးလ်ဂန်း သေနတ်အဖွဲ့တွေကလည်း ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေကို အလျင်အမြန် အဆုံးသတ်ကာ တန်စတင် ကျည်ဆန်သေတ္တာတွေကို ကျည်ဖြည့်စနစ်တွေရဲ့ အနားဆီကို သယ်ဆောင်လာနေကြပါတယ်..။
ထောင်ပေါင်းများစွာသော စက်သေနတ်မျှော်စင်တွေက အသက်ဝင်လာခဲ့ကြပြီး.. သူတို့ရဲ့ ပြောင်းဝကို ကောင်းကင်ယံဆီသို့ လှည့်လိုက်ကြပါတယ်..။
ဆန်နီ ဟာ မတ်တပ်ရပ်ပြီး အကြောဆန့်လိုက်ကာ.. အေးစက်တဲ့ ဆောင်းရာသီ လေထုကို တစ်ဝကြီး ရှူသွင်းလိုက်မိတယ်..။
သူ့ရဲ့ အဖွဲ့ဝင်တွေကို လှမ်းကြည့်ရင်း သူက ပြုံးလိုက်ပါတယ်..။
“ပြီးခဲ့တဲ့ အခေါက်ကအတိုင်းပဲ လုပ်ကြမယ်..။ငါ မျှော်လင့်တာတော့… မဟုတ်သေးဘူး.. ထားလိုက်ပါတော့..။ ငါ အဲဒါကို အသံထွက်ပြီး မပြောတော့ဘူး..။အကောင်းဆုံး လုပ်ကြပါ.. ပြီးတော့ မသေကြနဲ့..”
အပိုင်း ( ၁၀၀၆ ) ပြီး၏။