အခန်း ၁၀၁၁
Vol. 68 Ch. 1011
အခန်း ( ၁၀၁၁ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၀ )
စက္ကန့် အနည်းငယ်လောက် ဆန်နီ ရဲ့ စိတ်တွေကဗလာ ဖြစ်သွားခဲ့တယ်..။ သူက နောက်ကို ဆုတ်ရင်း သူ့အပေါ်မှာ ရှိနေတဲ့ ရင်းနှီးနေတဲ့ ပုံရိပ်ကို မော့ကြည့်လိုက်မိပါတယ်..။
ဗန်… ဒါက ဗန် ပဲ..။ မှားစရာ အကြောင်းမရှိဘူး..။
…ဒါမှမဟုတ် အနည်းဆုံးတော့ ဗန်း ရဲ့ အလောင်းကို ဝတ်ဆင်ထားတဲ့ တစ်စုံတစ်ခုပေါ့..။
သူ့ရဲ့ အရိပ်က လူသားတစ်ယောက် ရှိသင့်တာထက် ပိုပြီးတော့ ကြီးမားကာ ကြောက်မက်ဖွယ် ကောင်းနေခဲ့တယ်..။
သေဆုံးသွားတဲ့ မာစတာ ရဲ့ မျက်လုံးတွေက ဆန်နီ နောက်ကို လိုက်ပါလာခဲ့ပြီး.. သူ့မျက်နှာကတော့ မျက်နှာဖုံးတစ်ခုလို ငြိမ်သက်ကာ လှုပ်ရှားမှု မရှိခဲ့ပါဘူး..။ သူ့နောက်မှာတော့ အနက်ရောင် လှိုင်းတွေက လှုပ်ခတ်သွားခဲ့ပြီး ရေအောက်ကနေ နောက်ထပ် ပုံရိပ်တွေ အများကြီး ထွက်ပေါ်လာခဲ့ကြတယ်..။ အမျိုးသားတွေ၊ အမျိုးသမီးတွေ… ဒါဇင်ပေါင်းများစွာ၊ ရာနဲ့ချီပြီးတော့တောင် ရှိနေခဲ့တာပါ..။ သူတို့က သေဆုံးသူတွေရဲ့ စစ်တပ်တစ်ခုလိုမျိုး ငြိမ်သက်စွာနဲ့ စိတ်ခံစားမှု ကင်းမဲ့စွာ ရှေ့ကို ချီတက်လာခဲ့ကြတယ်။.. သူတို့ရဲ့ မျက်လုံးတွေကတော့ အမှောင်ထုထဲမှာ နစ်မြုပ်နေခဲ့ပါတယ်..။
သူတို့ရဲ့ အရိပ်တွေ အားလုံးက ပုံမှန်မဟုတ်ပဲ ဖြစ်နေခဲ့ကြတာပါ..။
ဒီလူတွေကတော့ သေဆုံးဖို့အတွက် ဆန်နီ
ချန်ထားခဲ့ရတဲ့ LO49 က လူတွေပဲ ဖြစ်ပါတယ်..။ သူက သမုဒ္ဒရာရဲ့ လှုပ်ခတ်နေတဲ့ မျက်နှာပြင်ကို ကြောက်လန့်တကြား စိုက်ကြည့်ရင်း ဒီလူတွေ အားလုံးကို မှတ်မိနေခဲ့တယ်..။
‘တယ်ရာ… တယ်ရာ ပဲ…’
ထူးဆန်းတာက.. သူ့ရဲ့ လှုပ်ရှားလို့မရတဲ့ အခြေအနေကို ဖျက်ဆီးပေးလိုက်တာက ကျိန်စာသင့် ဓားရဲ့ လှောင်ပြောင်တဲ့ ရယ်မောသံပဲ ဖြစ်နေခဲ့တယ်..။
“ကြည့်လိုက်ပါဦး.. အလင်းမှ ပျောက်ဆုံးသူ.. မင်းရဲ့ ပြစ်မှုတွေက မင်းဆီကို ပြန်လာပြီး ခြောက်လှန့်နေပြီ…”
ဆန်နီ က တုန်လှုပ်သွားပြီး သတိပြန်ဝင်လာခဲ့တယ်..။
‘ဘာပြစ်မှုလဲ..ခွေးမသားလေး.. ငါ သူတို့ကို ကယ်ဖို့ တတ်နိုင်သမျှ အကုန် လုပ်ခဲ့တာပဲလေ..’
နိမိတ်မကောင်းတဲ့ အသံက နောက်တစ်ကြိမ် ထပ်ပြီး ရယ်မောလိုက်ကာ.. အဆိပ်တွေလိုမျိုး သူ့ရဲ့ လျှို့ဝှက် စကားလုံးတွေကို တီးတိုး ရေရွတ်လိုက်ပါတယ်..။
“အားနည်းချက်ကလည်း ပြစ်မှုတစ်ခုပဲလေ.. သနားစရာ ပိုးကောင်ရဲ့…။ အဲဒါက အားလုံးထဲမှာ အကြီးမားဆုံး ပြစ်မှုပဲ…”
ဆန်နီ နှာခေါင်းရှုတ် လိုက်ပြီးမှ မတ်တတ်ရပ်ကာ ဒီအခြေအနေကို အသည်းအသန် စဉ်းစားလိုက်တယ်..။
တိုင်းရန့် နောက်ကို လိုက်လံပြီးတဲ့နောက်မှာတော့.. သူက အခု မြို့ရဲ့ နောက်ကို ရောက်ရှိနေခဲ့တာပါ..။ သမုဒ္ဒရာနဲ့ ဖယ်လ်ကွန် စကော့တ် ရဲ့ မြောက်ဘက် တံတိုင်းကြားမှာ မြင့်မားတဲ့ ကျောက်ဆောင်တွေ ရှိနေတာကြောင့်.. ခံစစ် လက်နက်တွေရဲ့ ဆွဲဖြဲမှုကို မခံရဘဲ ဘယ်အရာကမှ ကမ်းခြေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး..။ ဒါပေါ့.. ပထမ တပ်မတော်ရဲ့ အင်အား အများစုကတော့ လက်ရှိမှာ တံတိုင်းရဲ့ တောင်ဘက်ခြမ်းမှာ စုစည်းနေကြပြီး ဝါးမြိုခြင်း တိမ်တိုက် ကို တိုက်ခိုက်နေကြပါတယ်။
သို့ပေမဲ့ ဆိပ်ကမ်းခံတပ်ကတော့ အနားမှာ ရှိနေခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင် တပ်ခွဲတွေနဲ့ ကာကွယ်ထားပါတယ်..။ ကောင်းကင်ဒီရေ နဲ့ ညအိမ်တော် ရဲ့ နိုးထသူတွေကလည်း ဒီနေရာမှာ ရှိနေကြပြီး ကျောက်ချရပ်နားထားတဲ့ သင်္ဘောတွေကို ကာကွယ်ပေးနေကာ ဒုက္ခသည်တွေကို တင်ဆောင်တာကို ကြီးကြပ်ပေးနေခဲ့ကြတယ်..။
ပြုစားခံထားရတဲ့ အလောင်း တစ်ထောင်လောက်ကတော့ ဆိပ်ကမ်းရဲ့ ခံစစ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး..။ တယ်ရာ ကိုယ်တိုင် ဆိုရင်တော့…
ဒီ အတွေးက ဆန်နီ့ စိတ်ထဲမှာ ဖြတ်ပြေးသွားတဲ့ အချိန်မှာပဲ.. သူက သွေးတွေ အေးခဲသွားစေမယ့် အရာတစ်ခုကို မြင်လိုက်ရတယ်..။ အဲ့နေရာမှာ.. ဖြည်းဖြည်းချင်း ချီတက်လာတဲ့ LO49 က ရေနစ်သေဆုံးသူတွေရဲ့ ပုံရိပ်တွေ နောက်မှာ.. အနက်ရောင် ရေပြင်က ဆူပွက်လာခဲ့ပြီး နောက်ထပ် ပြုစားခံရသူတွေကို ပိုပြီး ထုတ်လွှတ်ပေးလိုက်ပါတယ်..။ အိပ်မက်ဆိုး သားရဲ… ထောင်နဲ့ချီက… လှိုင်းလုံးတွေထဲကနေ ထွက်ပေါ်လာခဲ့ကြပြီး.. အားလုံးက တူညီတဲ့ ငြိမ်သက်မှု၊ ကြောက်စရာကောင်းတဲ့ ခံစားချက် ကင်းမဲ့မှုတွေနဲ့ လှုပ်ရှားနေခဲ့ကြတာပါ..။
သူက မသိစိတ်ကြောင့် နောက်ကို ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်မိပေမဲ့.. စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] ကို မြှောက်လိုက်တယ်..။
တယ်ရာ ရဲ့ ပြုစားခံရသူတွေကို ဆိပ်ကမ်းဆီ ရောက်အောင် ခွင့်ပြုလို့ မဖြစ်ပါဘူး..။ အခုအချိန်က ..ဒီနေရာမှာ ဒုက္ခသည် ရာနဲ့ချီပြီး ရှိနေတာ ဖြစ်ပြီး သင်္ဘောတွေပေါ်မှာလည်း ပိုပြီးတော့ ရှိနေခဲ့တာပါ..။ ကံကောင်းတာကတော့..
ဖယ်လ်ကွန် စကော့တ် ဆီ ဦးတည်ထားတဲ့ ဓာတ်လှေကား စင်မြင့်တွေက ဝါးမြိုခြင်း တိမ်တိုက် ကြောင့် ရွှေ့ပြောင်းမှုတွေကို ခေတ္တ ရပ်တန့်ထားခဲ့ရပါတယ်..။
မြို့ရဲ့ ကာကွယ်သူတွေကလည်း အန္တရာယ်အသစ်ကို သတိပြုမိသွားခဲ့ကြတယ်..။ အားကောင်းတဲ့ အလင်းတန်းတွေက အပေါ်ကနေ ကျရောက်လာခဲ့ပြီး တိတ်ဆိတ်နေတဲ့ သားရဲအုပ်ကြီးကို လင်းထိန်သွားစေခဲ့ပါတယ်..။ နောက်တစ်စက္ကန့်မှာတော့ လေးလံတဲ့ ကျည်ဆန်တွေက သူတို့ကို အပိုင်းပိုင်း ဖြတ်တောက် ပစ်ရမှာ ဖြစ်ပေမဲ့…
ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး..။
မီးမောင်းတွေက ဘာကိုမှ သတိမပြုမိသလိုမျိုး ဆက်ပြီး ရွေ့လျားသွားခဲ့တယ်..။ လေးလံတဲ့ ကျည်ဆန်တွေရဲ့ ဖျက်ဆီး တိုက်ခိုက်မှုတွေ အစား.. ရိုင်ဖယ်ကျည်ဆန် အနည်းငယ်လောက်သာ ကျရောက်လာခဲ့တာပါ..။
ဆိပ်ကမ်းခံတပ်ရဲ့ တံတိုင်းပေါ်က လက်နက်တွေကလည်း တိတ်ဆိတ်နေခဲ့ကြပါတယ်..။
ဆန်နီ ကတော့ ကျောရိုးထဲအထိ အေးစက်မှုကို ခံစားလိုက်ရတယ်..။
‘ချီးတဲ့မှပဲ…’
သူ ဒီ အတွေးကို ဆုံးအောင် မတွေးလိုက်ရပါဘူး..။
ဗန် က လူသားတစ်ယောက် အနေနဲ့ လုပ်နိုင်တာထက် ပိုပြီး မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ လှုပ်ရှားရင်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်..။ ဆန်နီ လှုပ်ရှားလိုက်ပြီး ဝင်ရောက်လာတဲ့ တိုက်ခိုက်မှုကို ခုခံဖို့ ကြိုးစားလိုက်ပေမဲ့ သူ့ရဲ့ တုံ့ပြန်မှုက အရမ်းကို နှေးကွေးသွားခဲ့ရတယ်..။ ပြင်းထန်တဲ့ ရိုက်ခတ်မှုတစ်ခုက သူ့ကို နောက်ပြန် လွင့်စဉ်သွားစေခဲ့တာကြောင့် အသက်ရှူရတာ လုံးဝ အဆင်မပြေတော့ပါဘူး..။ သူက မြေပြင်ပေါ်ကို ကျဆင်းသွားခဲ့ပြီး လူးလိမ့်သွားကာ ရင်ဘတ်ထဲမှာ အေးစက်တဲ့ ထုံကျင်မှုတွေ ပြန့်နှံ့သွားတာကို ခံစားလိုက်ရပါတယ်..။
‘ချီးပဲ…’
သူက တယ်ရာ ရဲ့ သားကောင် မဖြစ်ခင်က ပြုစားခံရသူတွေ ဘယ်လောက် သန်မာလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး ရန်သူရဲ့ စွမ်းအားကို ခန့်မှန်းခဲ့တာ မှားယွင်းသွားခဲ့တာပါ..။ ဒီ သတ္တဝါက သူတို့ကို ဘာပဲ လုပ်ခဲ့လုပ်ခဲ့…… သူတို့ရဲ့ ယခင် အခြေအနေထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ် များနေခဲ့တယ်..။
“မင်းက ပေါ့ဆတဲ့ လူမိုက်တစ်ယောက်ပဲ မဟုတ်လား..”
အသက်ရှူဖို့ အသည်းအသန် ရုန်းကန်နေရရင်း ဆန်နီ က အံကြိတ်ထားခဲ့တယ်..။အမှန်ပါပဲ... ကျိန်စာသင့်နေတဲ့ လူတွေက သဘာဝမဟုတ်တဲ့ စွမ်းအားတွေကို ပြသနိုင်မှန်း သူ သိထားပြီးသားပါ..။ ကျေးကျွန်တွေက ဘာလို့ ကွဲပြားရမှာလဲ..။ ဘာပဲ ဖြစ်ဖြစ် သူတို့ရဲ့ ပြောင်းလဲမှုက ပိုပြီးတော့ ကြီးမားလိမ့်ဦးမှာပါ..။
မာစတာ တစ်ယောက်၊ နိုးထသူ တစ်ရာ၊ ပုံမှန် စစ်သား တစ်ထောင်နီးပါး၊ အရပ်သား ရာနဲ့ချီ… ပြီးတော့ တယ်ရာ ရဲ့ ထိန်းချုပ်မှုနဲ့ ပြောင်းလဲမှုကို ခံထားရတဲ့ အိပ်မက်ဆိုး သားရဲ ထောင်နဲ့ချီ ရှိနေခဲ့တယ်..။
လူတိုင်းကလည်း သူတို့ တည်ရှိနေတာကို မမြင်နိုင်သလိုမျိုး ဖြစ်နေခဲ့ကြပါတယ်..။
အခြေအနေတွေက မကောင်းတော့ပါဘူး…
ဆန်နီဟာ ..အချိန်အတော်ကြာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် ကြောက်ရွံ့မှုကို ခံစားလိုက်ရတယ်။
သူက နောက်တစ်ကြိမ် ထပ်ပြီး မတ်တတ်ရပ်ကာ သားရဲအုပ်ကြီးကို လှမ်းကြည့်လိုက်တယ်..။
‘မဟုတ်ဘူး.. လူတိုင်းတော့ မဟုတ်ဘူး…’
ကာကွယ်သူ အများစုက တယ်ရာ ရဲ့ ပြုစားခံရသူတွေကို လျစ်လျူရှုထားပုံ ရနေပေမဲ့ အချို့ကတော့ သူတို့ရဲ့ ရိုင်ဖယ်တွေကို ပစ်ခတ်နေကြတုန်းပါပဲ..။ ဒါက ဒီ သတ္တဝါရဲ့ ကျိန်စာက လုံးဝ အပြည့်အဝ မဟုတ်သေးဘူးဆိုတာကို ပြသနေခဲ့တာပါ..။သူ့ ပတ်လည်မှာ လူတွေ အများကြီး ရှိနေတာကြောင့် ဒါက ဒီလောက်ပဲ လုပ်နိုင်တာ ဖြစ်နိုင်ပါတယ်..။
သူ့ရဲ့ စွမ်းအားမှာ ကန့်သတ်ချက် ရှိနေခဲ့တယ်..။ အဲဒါက သူ့ကို အနိုင်ယူလို့ ရနိုင်တယ်ဆိုတဲ့ သဘောပါပဲ..။
သူ့နောက်ကွယ်မှာ ကျောက်တုံးပေါ်ကို သတ္တုချင်း ပွတ်တိုက်မိတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ဆန်နီ က ဒေးလ် ချဉ်းကပ်လာတာကို မြင်လိုက်ရပြီး သူ့ရဲ့ ဒိုင်းကာ က သွေးတွေနဲ့ စိုစွတ်နေခဲ့တယ်..။ သူ့နှလုံးခုန်နှုန်းက မြန်ဆန်လာခဲ့ပြီး..
“ဒေးလ်.. ခင်ဗျား သူတို့ကို မြင်လား..”
ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ မာစတာ က သူ့ခေါင်းကို အနည်းငယ် လှည့်လိုက်တယ်။ သူ့ရဲ့ မျက်နှာဖုံးအက်ကွဲကြောင်းထဲမှာတော့ အမှောင်ထုက ခိုအောင်းနေခဲ့ပါတယ်..။ သူ့အသံက မွန်းကြပ်စွာ ထွက်ပေါ်လာခဲ့တယ်..။
“မင်း ဘာကို ပြောချင်တာလဲ..”
ဆန်နီ ရဲ့ နှလုံးခုန်သံတွေ ရပ်တန့်သွားခဲ့ပေမယ့် ..ဒေးလ် က ဆက်ပြောလာခဲ့ပါတယ်..။
“သမုဒ္ဒရာထဲက ထွက်လာတဲ့ သတ္တဝါ ထောင်နဲ့ချီကို ငါက ဘယ်လိုလုပ် မမြင်ပဲနေမှာလဲ..။ ဒါပေါ့.. ငါ သူတို့ကို မြင်ရတာပေါ့..။ မေးခွန်းကတော့ တံတိုင်းပေါ်က လက်နက်တွေက ဘာလို့ တိတ်ဆိတ်နေရတာလဲ ဆိုတာပဲ..”
အိပ်မက်ဆိုး သားရဲတွေက ရေအောက်ကနေ ပိုပြီးတော့ ထွက်ပေါ်လာခဲ့ကြပြီး ကမ်းခြေကို လွှမ်းမိုးသွားခဲ့ကြတယ်..။ ဆန်နီ က ဗန် ကို ရှာတွေ့သွားခဲ့ပြီး သေဆုံးသွားတဲ့ မာစတာ ကလည်း သူ့ကို စိုက်ကြည့်နေတာကို သတိပြုမိလိုက်တာကြောင့် တုန်လှုပ်သွားခဲ့ရပါတယ်..။
“ဒါက LO49 က တယ်ရာ ပဲ..။ ဒီစက်ဆုပ်ဖွယ် သတ္တဝါက လူတွေရဲ့ စိတ်ကို လှည့်စားနေတာ..။ကျုပ်တို့…”
ရုတ်တရက် ဆိုသလိုပဲ ..ပြုစားခံထားရတဲ့ သားရဲအုပ်ကြီးက လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ကြတယ်..။သူတို့ရဲ့ ခေါင်းပေါင်း ထောင်နဲ့ချီက တစ်ပြိုင်နက်တည်း လှည့်လာခဲ့ကြပြီး ရေတွက်လို့မရတဲ့ မျက်လုံးတွေ အားလုံးက နေရာတစ်ခုတည်းကိုပဲ စိုက်ကြည့်လာခဲ့ကြပါတယ်..။
ဆန်နီ ဆီကို..။
သူ ကျောချမ်းသွားခဲ့တယ်..။
‘… ဒီကောင်ကလည်း ငါ့ကို မှတ်မိနေတယ် ထင်တယ်..’
သားရဲအုပ်ကြီးက ရှေ့ကို ပြေးဝင်လာခဲ့ပါပြီ။
အပိုင်း ( ၁၀၁၁ ) ပြီး၏။