← Chapters

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ( ၁၀၁၄ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၂ )

ဆန်နီ ဟာ ဘလက်ဝေ့ ရဲ့ သားရဲအသွင်ကို အဝေးကနေ တစ်ခါ လှမ်းမြင်ဖူးပေမဲ့ အနီးကပ် မြင်ရတဲ့ အခါမှာတော့ ညအိမ်တော် ရဲ့ သူတော်စင် ဟာ ပိုပြီး ကြောက်စရာ ကောင်းနေခဲ့ပါတယ်..။

သူ အသွင်ပြောင်းထားတဲ့ သတ္တဝါဟာ လူသတ်ဝေလငါးတစ်ကောင်နဲ့ ဆင်တူပြီး.. သူ့ရဲ့ ကြေးခွံက အဖြူနဲ့ အမည်းရောင် ဖြစ်ကာ ခန္ဓာကိုယ် အချိုးအစားက ပြေပြစ်ပြီး အမဲလိုက်သတ္တဝါတစ်ကောင်ရဲ့ ပုံစံမျိုးပါပဲ..။ သို့ပေမဲ့လည်း သူက ရိုးရိုးသာမန် သားရဲတွေ ထက် အဆမတန် ကြီးမားလွန်းနေခဲ့တယ်..။

သူ့ရဲ့ ကြေးခွံပေါ်မှာတော့ ရုပ်ဆိုးလှတဲ့ အမာရွက်တွေ အကွက်လိုက် ရှိနေပြီး..သူ့ရဲ့ ရှည်လျားတဲ့ ရေယက်တွေကိုလည်း ဓားသွားတွေလို ထက်မြက်တဲ့ သံမဏိချပ်ဝတ်တွေနဲ့ ဖုံးအုပ်ထားခဲ့ပါတယ်..။ သူ့ရဲ့ ကြီးမားတဲ့ မျက်လုံးကြီးတွေကတော့ သမုဒ္ဒရာရဲ့ အမှောင်ထုထဲမှာ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ..အသိဉာဏ်တွေနဲ့အတူ အပြာရောင်အလင်းတန်းတွေနဲ့ လင်းထိန်နေခဲ့တာပါ..။

ဒီ ဧရာမ လူသတ်ဝေလငါးကြီးက တကယ်တော့ လူသားတစ်ယောက်ဆိုတာ သိနေရင်တောင်..

ဆန်နီ အနေနဲ့ ဒီ အမဲလိုက် သတ္တဝါကြီးရဲ့ ရှေ့မှာ စိတ်လှုပ်ရှား တုန်လှုပ်မှုကို မထိန်းချုပ်နိုင် ခဲ့ပါဘူး..။

ဖယ်လ်ကွန် စကော့တ် ဝန်းရံခံရတဲ့ အချိန်ကတည်းက ဘလက်ဝေ့ ဟာ သူ့ကိုယ်သူ သိပ်မပြခဲ့ပေ..။ သူက ရေအောက်မှာပဲ အနေများပြီး ကျောက်ချရပ်နားထားတဲ့ သင်္ဘောတွေကို ကာကွယ်ပေးရင်း..မြို့ကို ရေနက်ပိုင်းကနေ လာရောက်တိုက်ခိုက်မယ့် အိပ်မက်ဆိုး သားရဲတွေကို တိုက်ခိုက်နေခဲ့တာပါ..။

စစ်တပ်ရဲ့ အမိန့်ပေးဌာန ကလည်း ဆိပ်ကမ်းခံတပ် နဲ့ အကာအကွယ်မဲ့နေတဲ့ သင်္ဘောတွေကို ခုခံကာကွယ်သူမရှိဘဲ မထားရဲကြပါဘူး..။

သို့ပေမယ့် ဒီနေ့မှာတော့ ဒီလိုမျိုး လုပ်ဆောင်ဖို့ အခြေအနေ ဖန်တီးလာခဲ့ပါပြီ..။

ဆန်နီ က အစွမ်းထက်တဲ့ သူတော်စင် ကို စိုက်ကြည့်နေတဲ့ အချိန်မှာပဲ နေဗီ က ရှေ့ကို ကူးခတ်သွားပြီး လူသတ်ဝေလငါးရဲ့ နှာခေါင်းရှေ့မှာ ရပ်တန့်လိုက်တယ်။ပြီးတာနဲ့.. သူ့ရဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို မသိမသာ လှုပ်ရှားပြီး နေရာတစ်ခုမှာ ထိန်းထားလိုက်ပါတယ်..။ အရပ်ရှည်တဲ့ မာစတာ ဟာ ဒီ ကြီးမားတဲ့ သတ္တဝါကြီးရဲ့ ဘေးမှာတော့ သေးငယ်လွန်းနေခဲ့တာပါ..။

‘ဟူး…’

ဆန်နီ ဟာ ရေအောက်မှာ တခြားသူတွေနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ မသိမှန်း သတိထားမိသွားခဲ့တယ်..။ သူက စကားမပြောနိုင်သလို ပါးစပ်တောင် ဟလို့မရပါဘူး..။မဟုတ်ရင် သူက [အသက်ဓာတ် ပုလဲ] ကို ဆုံးရှုံးပြီး အသက်ရူကြပ်ကာ သေဆုံးသွားမှာပါ..။ သူလေ့လာနိုင်တဲ့ လက်ဟန်ခြေဟန် စနစ်တွေ ရှိနိုင်ပေမဲ့ သူကတော့ ကြိုတင်ပြီး မလေ့လာထားခဲ့မိပါဘူး..။

ကမ္ဘာကြီးက တိတ်ဆိတ်နေခဲ့တယ်..။

မဟုတ်ဘူး.. လုံးဝကြီးတော့ မဟုတ်ပါဘူး..။ အမှန်တော့ သမုဒ္ဒရာထဲမှာ အသံတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။ အဲဒါတွေက ထူးဆန်းပြီး

မပီပြင်တဲ့ အသံတွေ ဖြစ်နေကာ..သူ့ရဲ့ တစ်ကိုယ်လုံးနဲ့ ကြားနေရသလိုမျိုး..အရိုးတွေထဲအထိ ပဲ့တင်ထပ်နေခဲ့ပါတယ်..။ အပေါ်က တိုက်ပွဲသံတွေကတော့ တိုးညှင်းပြီး အရာအားလုံးကို လွှမ်းမိုးထားတဲ့ အဝေးက ဟိန်းသံကြီးတစ်ခုလို ဖြစ်နေခဲ့တာပါ..။ ဆန်နီ အနေနဲ့ အသံတွေဟာ ရေထဲမှာ အဝေးကြီးအထိ ပျံ့နှံ့သွားနိုင်မှန်း သိပေမဲ့ သူ ကြားရတဲ့အရာကို ခွဲခြားပြီး အဓိပ္ပာယ်ဖော်ဖို့ ကိရိယာတွေ မရှိပါဘူး..။

ဘယ်လိုပဲဖြစ်ဖြစ် ညအိမ်တော် သားတွေကတော့ အချက်အလက်တွေ မျှဝေဖို့ စွမ်းရည် တစ်ခုခု ရှိပုံရပါတယ်..။ နေဗီ က ဘလက်ဝေ့ အနားကို ချဉ်းကပ်သွားပြီး စက္ကန့်အနည်းငယ်

အကြာမှာပဲ လူသတ်ဝေလငါးကြီးက သမုဒ္ဒရာရဲ့ ရေနက်ပိုင်းကို စိုက်ကြည့်ရင်း အနည်းငယ် လှုပ်ရှားလိုက်တယ်..။ သူ့ရဲ့ သူငယ်အိမ်တွေကလည်း ကျဉ်းမြောင်းသွားခဲ့ပါပြီ..။

ယင်းနောက် ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ပျက်သွားခဲ့တယ်..။ဧရာမ အမဲလိုက်သတ္တဝါကြီးရဲ့ မျက်လုံးတွေက ကြည်လင်ပြီး အပြာရောင်အတိုင်း ရှိနေဆဲ ဖြစ်ပေမဲ့ သူ့ ပတ်ပတ်လည်က ရေတွေကတော့ ရုတ်တရက် ရင့်မှောင်တဲ့ သွေးနီရောင်အဖြစ် ပြောင်းလဲသွားခဲ့တာပါ..။ ဆန်နီ က တကယ်ကို စိတ်မသက်မသာ ဖြစ်သွားရပြီး..

[ဝီဗာသွေး] က အခု ဖြစ်ပျက်နေတဲ့ အခြေအနေကို လုံးဝ သဘောမကျသလိုမျိုး ခံစားလိုက်ရတယ်..။

ယင်းနောက်မှာတော့ ဒီ ခံစားချက်က ပေါ်လာသလိုမျိုးပဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး သမုဒ္ဒရာကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပါတယ်..။

နေဗီ က လှည့်ကြည့်ပြီး သူ့ကို အနားလာဖို့ လက်ဟန်ပြလိုက်တယ်..။ ဆန်နီ က ကြီးမားတဲ့ ရေအောက် သတ္တဝါတွေအပေါ် ဖြစ်ပေါ်တတ်တဲ့ ဗီဇအရ ကြောက်ရွံ့မှုကို အောင့်အီးပြီး.. ကြောက်မက်ဖွယ် လူသတ်ဝေလငါးကြီးဆီကို ကူးခတ်သွားခဲ့လိုက်ပါတယ်..။ သူ အနားကို ရောက်သွားတဲ့ အခါမှာတော့ သူ့ရဲ့ နားထဲမှာ ရင်းနှီးနေတဲ့ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတော့တယ်..။

“ငါ့ဦးလေးက သဘောတူတယ်.. ငါတို့ အဲ့ဒီ တယ်ရာ ကို သတ်ရမယ်..”

ဆန်နီ က ညအိမ်တော် အဖွဲ့ဝင် ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့တယ်..။ နေဗီ က သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး..

“အိုး… မင်း စကားမပြောနိုင်ဘူးပဲ..။ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ် ဆွေးနွေးစရာလည်း မရှိပါဘူး..။ ဒီ သတ္တဝါနဲ့ ပတ်သက်ပြီး ရနိုင်တဲ့ အချက်အလက် အားလုံးကို အဖြူရောင်တောင်ပံ ကလန် က တိုင်ရစ် က ငါတို့ကို ပေးထားပြီးသားပဲ..။ငါတို့က တယ်ရာ ကို တိုက်ခိုက်ပြီး အကောင်းဆုံး ကြိုးစားရုံပဲ ရှိတယ်.. မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေအပေါ် ခုခံနိုင်စွမ်းက ဘယ်လိုလဲ…”

ဆန်နီ က လက်သီးဆုပ်ပြပြီး သူ့ရဲ့ လက်မကို ထောင်ပြလိုက်တယ်..။ မာစတာ တွေထဲမှာ သူ့ထက် ပိုပြီး စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေး ကောင်းတဲ့သူ ရှိမယ်လို့ သူ မထင်ပါဘူး..။ ဒါ့အပြင် သူက တယ်ရာ ရဲ့ ကျိန်စာကိုလည်း အထိုက်အလျောက် ခံနိုင်ရည် ရှိပြီးသား ဖြစ်နေခဲ့တာပါ..။

ညအိမ်တော် အဖွဲ့ဝင် က ခေါင်းညိတ်လိုက်တယ်..။

“ကောင်းပြီ.. ငါတို့ရဲ့ နိုးထသူ တွေကို ဒီ ရေနက်ပိုင်းထဲ ခေါ်လာတာက ဒီ သတ္တဝါအတွက် ထိန်းချုပ်ဖို့ ရုပ်သေးရုပ်တွေ ပိုပေးလိုက်သလိုပဲ ဖြစ်လိမ့်မယ်.. ။ငါတို့ သုံးယောက်တည်းပဲ အမဲလိုက်ရမှာပဲ..။ ငါတို့ တယ်ရာ ကို ရှာတွေ့တာနဲ့ ဘလက်ဝေ့ က ရှေ့ကနေ တိုက်ခိုက်လိမ့်မယ်..။ ငါတို့ရဲ့ တာဝန်ကတော့ သူ့ကို ကူညီပေးဖို့ပဲ.. ငါတို့ အသက်ရှင်မလား သေမလားဆိုတာ ဘယ်သူသိမှာလဲ.. ။အသင့်ပဲလား…”

ဆန်နီ က ပုခုံးတွန့်ပြလိုက်တယ်။ဒီပုံစံက ရေအောက်မှာ လုပ်ရတာ တော်တော်လေး အဆင်မပြေလှပါဘူး..။

“ဒါဆို ငါ့နောက်ကို လိုက်ခဲ့..”

နေဗီ က ကြီးမားတဲ့ သားရဲကြီးရဲ့ အနားကို ပိုပြီး ကူးခတ်သွားခဲ့ပြီး ဘလက်ဝေ့ ရဲ့ ကျောပြင်နဲ့အပြိုင် မျောပါသွားခဲ့တယ်..။ သင်္ဘောရွက်တိုင်လို မြင့်မားစွာ ရှိနေတဲ့ ကျောဘက်ရေယက်ဆီကို ရောက်တဲ့အခါမှာတော့..သူက ရေယက်ကို ဖုံးအုပ်ထားတဲ့ ချပ်ဝတ်တန်ဆာပေါ်က သေးငယ်တဲ့ အချိုင့်တစ်ခုကို လှမ်းကိုင်လိုက်ပြီး ဆန်နီ ကိုလည်း အဲ့ဒီလို လုပ်ဖို့ အချက်ပြလိုက်ပါတယ်..။

‘ကောင်းတယ်… ငါက သောက်ကျိုးနဲ သမုဒ္ဒရာရဲ့ ရေနက်ပိုင်းထဲကို..သောက်​ကျိုးနဲ သူတော်စင် တစ်ယောက်ကို စီးပြီး သွားရတော့မှာပေါ့..’

ဆန်နီဟာ..သူ့ရဲ့ ကံကြမ္မာကို စိတ်ထဲကနေ ကျိန်ဆဲရင်း..ညအိမ်တော် အဖွဲ့ဝင် ရဲ့ ပုံစံအတိုင်း လိုက်လုပ်ကာ လူသတ်ဝေလငါးရဲ့ ရေယက်ကို ကပ်ပါးကောင် ငါးတစ်ကောင်လိုမျိုး ဖမ်းကိုင်လိုက်တယ်..။ သူက သူ့ရဲ့ခန္တာကိုယ်ထဲကနေ ကျယ်လောင်ပြီး အားကောင်းတဲ့ နှလုံးခုန်သံကို ခံစားနေရပြီး.. သာမန်အာရုံခံစားမှုတွေထက် သာလွန်တဲ့ ကြီးမားလှတဲ့ တည်ရှိမှုကြီးကို ခံစားလိုက်ရပါတယ်..။

နေဗီ ရဲ့ အသံက သူ့ရဲ့ နားထဲမှာ တစ်ဖန် ပြန်ပြီး ပဲ့တင်ထပ်လာခဲ့တယ်..။

“လက်မလွှတ်လိုက်နဲ့.. တကယ်လို့ မင်းက ရေဖိအားကို မခံနိုင်တော့ဘူးလို့ ခံစားရရင်တော့ တစ်မျိုးပေါ့.. ။ငါလည်း တယ်ရာ က ဘယ်လောက်အထိ နက်နက်မှာ ပုန်းနေလဲဆိုတာ မသိသလို.. မင်း ဘယ်လောက်အထိ နက်နက် ငုပ်နိုင်မလဲဆိုတာလဲ မသိဘူး.. ။စိတ်မကောင်းပါဘူး ဆန်းလပ်စ်.. မင်း ဒီ ချောက်နက်ကြီးကို မြန်မြန် နဲ့ ကိုယ့်ဟာကို ဖြတ်သန်းတတ်အောင် သင်ယူရလိမ့်မယ်..”

ဆန်နီ ပြန်ပြီး အကြောင်းမပြန်နိုင်ရင်တောင်မှ.. အဖြေတစ်ခုကို မစဉ်းစားရသေးခင်မှာပဲ..ဘလက်ဝေ့ က ရုတ်တရက် လှုပ်ရှားလိုက်ပါတယ်..။ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်က ထိတ်လန့်စရာ ကောင်းတဲ့ အရှိန်အဟုန်နဲ့ ရှေ့ကို အပြင်းနှင်သွားခဲ့ပြီး အားပြင်းတဲ့ ရေစီးကြောင်းက ဆန်နီ ကို ရေယက်ပေါ်ကနေ လွင့်ထွက်သွားလုနီးပါး ဖြစ်စေခဲ့တယ်..။ သူက သံမဏိချပ်ဝတ်တန်ဆာကို ပိုပြီး မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်ပြီး.. ပြင်းထန်တဲ့ ရေစီးကြောင်းတွေ ကြားထဲမှာ လွတ်လပ်စွာ အသက်ရှူနိုင်တာက ဘယ်လောက်အထိ ထူးဆန်းလဲဆိုတာ ခံစားနေရပါတယ်..။ နေဗီ က သူ့ကို ကူညီဖို့ လက်လှမ်းလိုက်ပေမဲ့ မလိုအပ်မှန်း မြင်တာကြောင့် လက်ကို ပြန်ရုပ်သိမ်းလိုက်တယ်..။

‘ဒါက… ဒါက…’

မှောင်မိုက်နေတဲ့ သမုဒ္ဒရာ ရေနက်ပိုင်းထဲကို ဧရာမ လူသတ်ဝေလငါးကြီးတစ်ကောင် စီးပြီး သွားရတာက ဆန်နီ အတွက် အထူးဆန်းဆုံး ခရီးစဉ် မဟုတ်ရင်တောင်မှ..ထူးဆန်းတဲ့ ခရီးစဉ်တွေထဲက တစ်ခု ဖြစ်နေတာကတော့ သေချာပါတယ်..။ အထူးသဖြင့် ဒီ ဝေလငါးက ..ကြီးမြတ်တဲ့ ညအိမ်တော် ရဲ့ သူတော်စင် တစ်ယောက် ဖြစ်နေတာကို ထည့်တွက်ရင်ပေါ့..။ အခြေအနေတစ်ခုလုံးကသာ ဒီလောက်အထိ ထိတ်လန့်စရာ ကောင်းမနေခဲ့ဘူးဆိုရင် သူက တကယ့်ကို ဟာသဆန်ဆန် စိတ်ကူးယဉ်နေမိမှာပါ..။

ဒီ ခရီးစဉ်ရဲ့ အဆုံးမှာတော့ ကြောက်မက်ဖွယ် ရန်သူတစ်ဦးက သူတို့ကို စောင့်ကြိုနေပါသေးတယ်..။

ဘလက်ဝေ့ ဟာ ကမ်းခြေကနေ ဝေးရာကို ထွက်ခွာလာခဲ့ပြီး ရေအောက် ချောက်နက်ကြီးထဲကို ပိုပြီးတော့ နက်နက်ဆင်းသွားခဲ့တယ်..။ သူတို့ ပတ်လည်က ကမ္ဘာကြီးကတော့ ရက်စက်စွာအေးစက်နေပြီး အလင်းရောင် လုံးဝ မရှိတော့ပါဘူး..။ ချိန်းကျွန်းစု ရဲ့ အောက်ဘက် ကောင်းကင် နဲ့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဆင်တူနေပေမဲ့.. ဒီနေရာက ပိုပြီးတော့ ထိတ်လန့်စရာ ကောင်းနေခဲ့တယ်..။

အမှန်တကယ်တော့ ဒါက တူညီတဲ့ အချက်တစ်ခု မဟုတ်ပါဘူး..။ သူတို့ ပိုပြီး နက်နက် ဆင်းသွားလေလေ.. ဆန်နီ အနေနဲ့ တစ်ခုခုက သူ့အပေါ်ကို ဖိနှိပ်ထားသလိုမျိုး ပိုပြီး ခံစားလာရလေလေပါပဲ..။ ဒါက ကြီးမားလှတဲ့ ကျောက်တုံးကြီးတစ်တုံးက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖိထားသလိုမျိုး ဖြစ်နေပြီး.. လှုပ်ရှားရတာနဲ့ အသက်ရှူရတာကို ပိုပြီး ခက်ခဲစေပါတယ်..။ ဒီ ခံစားချက်က ချိန်းကျွန်းစုပေါ်က ဖိနိုပ်မူ နဲ့ မကွာခြားလှတာကြောင့်..အဲ့ဒီ နှိုင်းယှဉ်ချက်ကို တွေးမိတာနဲ့တင် သူ့ကို တကယ်ကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့တာပါ..။

ဘာပဲဖြစ်ဖြစ် ချိန်းကျွမ်းစုရဲ့ ဖိနိုပ်မူက သူတော်စင် တွေကိုတောင် သတ်ပစ်နိုင်စွမ်း ရှိပါတယ်..။

သူက အသက်ရှူတာ ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်တယ်..။

‘သာမန် သမုဒ္ဒရာ တစ်ခုကတော့ သူတော်စင် တစ်ယောက်ကို မသတ်နိုင်ပါဘူး..။ပြီးတော့ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာလည်း ငါက သူတော်စင်တွေနဲ့ သိပ်ပြီး မကွာခြားဘူးလေ..’

သူတို့က အောက်ကို ထပ်မံပြီး ဆင်းသွားခဲ့ကြတယ်..။

အပိုင်း ( ၁၀၁၄ ) ပြီး၏။

All Chapters