အခန်း ၁၀၁၇
Vol. 68 Ch. 1017
အခန်း ( ၁၀၁၇ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၅ )
ဧရာမ လူသတ်ဝေလငါးကြီးက သွေးနီရောင် မှောင်မိုက်မှုကို ဖြတ်သန်းပြီး.. စီးဆင်းနေတဲ့ အဖြူရောင် အဝတ်စ ပန်းပွင့်ကြီးဆီကို ဆင်းသက်သွားခဲ့ပါတယ်..။
သူ့ရဲ့ ပါးစပ်ပွင့်လိုက်တဲ့ အချိန်မှာတော့ကြောက်မက်ဖွယ်ရာ အစွယ်ကြီးတွေ ပေါ်လာခဲ့ပါတယ်..။ သူ့ရဲ့ အပြာရောင် မျက်လုံးတွေက နီရဲလာခဲ့ပြီး.. သတ်ဖြတ်ခြင်း အငွေ့အသက်တွေနဲ့အတူ တောက်ပနေခဲ့ပါတယ်..။
ကြီးမားတဲ့ သားရဲကြီး နီးကပ်လာတာနဲ့အမျှ.. ဖြူဖျော့တဲ့ ပန်းပွင့်ကြီးက ရုတ်တရက် လှုပ်ရှားလာခဲ့တယ်..။ သူ့ရဲ့ ပွင့်ချပ်တွေက ဝေ့ဝဲသွားပြီး.. အလယ်ဗဟိုမှာ ပုန်းကွယ်နေတဲ့ သေးငယ်ပြီး မရေမရာ ဖြစ်နေတဲ့ ပုံသဏ္ဌာန်ကို ကာကွယ်ဖို့အတွက် အတားအဆီးတစ်ခုကို ဖန်တီးလိုက်ပါတယ်..။ ရေစီးကြောင်းပေါ်မှာ မျောပါနေတဲ့ ပွင့်ချပ်ရှည်တွေကတော့ ရုတ်တရက် ကျုံ့ဝင်သွားပြီး.. လက်တံတွေလိုမျိုး ရှေ့ကို ပြေးဝင်လာခဲ့တယ်..။
ဘလက်ဝေ့ က ဟစ်ကြွေးလိုက်တယ်..။
သူ့ရဲ့ ခန္ဓာကိုယ်ကို ဝန်းရံထားတဲ့ ပြင်းထန်တဲ့ ရေစီးကြောင်းတွေက လှုပ်ခတ်သွားပြီး.. ပွင့်ချပ်တွေကို ဆီးကြိုဖို့ ရှေ့ကို တိုးဝင်သွားခဲ့ပါတယ်..။ သူက အဖြူရောင် လက်တံတစ်ခုကို
ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီး..ပါးစပ်နဲ့ ကိုက်ခဲထားရင်းနဲ့ ရှေ့ကို ဆက်သွားနေခဲ့ပါတယ်..။
အဲ့နေရာမှာတော့ သွေးတွေ၊ စုတ်ပြဲနေတဲ့ အသားစတွေနဲ့ ကြေမွသွားတဲ့ အရိုးတွေ မရှိခဲ့ပါဘူး..။ အဲ့ဒီ ပွင့်ချပ်က အမှန်တကယ်ပဲ အဖြူရောင် ပိုးထည်တစ်ခုထက် မပိုသလိုမျိုး ဖြစ်နေခဲ့ပြီး.. ဒါကို ဖျက်ဆီးရတာက သက်မဲ့ အဝတ်စတစ်ခုကို ဖြတ်တောက်ရသလို ဖြစ်နေခဲ့တယ်။
ဆန်နီ ကတော့ အဲ့နောက်မှာ ဘာဖြစ်ပျက်သွားလဲဆိုတာကို အများကြီး မမြင်လိုက်ရပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ စိုးရိမ်ရမယ့် ကိုယ်ပိုင် ပြဿနာတွေ ရှိနေခဲ့လို့ပါပဲ..။
သူ့ရဲ့ ပတ်လည်မှာ ကျွန်ပြုခံထားရသူတွေ အရမ်း များပြားနေခဲ့ပြီး.. အားလုံးက ပြင်းထန်တဲ့ ခြိမ်းခြောက်မှုကို ပေးနိုင်လောက်အောင် အစွမ်းထက်နေခဲ့ကြတယ်..။ သူတို့ထဲက အများစုက အဝေးတစ်နေရာမှာ ရှိတဲ့ ဆိပ်ကမ်းခံတပ်ကို တိုက်ခိုက်နေကြတာ ဖြစ်ပေမဲ့.. တကယ်လို့သူတို့သာ သတိမထားဘူးဆိုရင် တယ်ရာရဲ့ အစောင့်အကြပ်တွေက ဆန်နီ နဲ့ နေဗီ တို့ကို ဆယ်ကြိမ်လောက် သတ်ပစ်ဖို့ လုံလောက်နေခဲ့ပါတယ်..။
‘ချီးပဲ…’
ဆန်နီ ရေထုကို ဖြတ်သန်းပြီး ရှေ့ကို ကူးခတ်သွားစဉ်မှာပဲ..သံနဲ့ အရိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ အကျည်းတန်တဲ့ သတ္တဝါ တစ်ကောင်နဲ့ တိုက်မိသွားခဲ့တယ်..။ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] က
ဒီ သားရဲ ရဲ့ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး နှစ်ခြမ်း ခွဲပစ်လိုက်ပါတယ်..။ ဒါပေမဲ့ နောက်ထပ် ကျွန်ပြုခံရသူက သူ့ဆီကို ရောက်ရှိနေခဲ့ပါပြီ..။
လူသား လက်နှစ်ဖက်က သူ့ရဲ့ လည်ပင်းကို လာရောက် ရစ်ပတ်လိုက်ပြီး.. ကြောက်စရာကောင်းတဲ့ ခွန်အားနဲ့ ဆွဲဖြဲပစ်ဖို့ ကြိုးစားလာခဲ့တယ်..။ ဆန်နီ ရဲ့ အရေပြားက ကျောက်တုံးလို မာကျောသွားပြီး ဖြူဖျော့တဲ့ လက်ချောင်းတွေကို ခုခံလိုက်ပေမဲ့.. သူ ကတော့ အညှစ်ခံထားရဆဲပါပဲ..။ ရန်သူ့ရဲ့ ပုံသဏ္ဌာန်ကို သိရှိဖို့ အရိပ်အာရုံကို အသုံးချပြီး.. ဆန်နီ က ကျောက်စိမ်းဓားနဲ့ နောက်ပြန် ပိုင်းဖြတ်လိုက်ကာ လက်မောင်း နှစ်ဖက်လုံးကို ဖြတ်တောက်ပစ်လိုက်တယ်..။
သူက အေးစက်တဲ့ လက်တွေကို ဆွဲဖယ်ပစ်လိုက်ပြီး.. ကိုယ်ကို လှည့်ကာ နောက်ပြန် ကန်ထုတ်လိုက်တယ်။ဒါက.. သူ့ကိုယ်သူနဲ့ ကျွန်ပြုခံရသူကို တစ်ယောက်နဲ့တစ်ယောက် ဝေးရာသို့ တွန်းပို့သွားစေခဲ့ပါတယ်..။ သူ့ရဲ့ ရန်သူက ထိခိုက် ဒဏ်ရာရသွားခဲ့ပေမဲ့ ပျက်စီးမသွားခဲ့ပါဘူး..။
ပြီးတော့ ပိုမိုများပြားတဲ့ သားရဲတွေကလည်း ပိတ်ဆို့လာနေခဲ့ပါပြီ..။
‘…ဒါက အဆင်ပြေမှာ မဟုတ်ဘူး..’
သူက လက်ရှိမှာ ကောင်းကောင်း တောင့်ခံနိုင်နေပေမဲ့.. သေခြင်းတရားက အမှားတစ်ခုတည်းမှာပဲ ရှိနေခဲ့တာပါ..။ ဆန်နီ က ကျွန်ပြုခံထားရသူတွေကို သတ်ဖြတ်ဖို့ သူ့ရဲ့ သာလွန်တဲ့ အမြန်နှုန်း နဲ့ လှုပ်ရှားမှုကို အဓိက အားကိုးနေခဲ့ရတာ ဖြစ်ပြီး.. ဒါက သူ လှုပ်ရှားလို့မရအောင် ပိတ်ဆို့ခံရတဲ့ အခိုက်အတန့်မှာ ဆိုရင် အခြေအနေက ပြောင်းပြန် ဖြစ်သွားနိုင်ပါတယ်..။ သူက အသက်နဲ့ ရင်းပြီး တိုက်ခိုက်ရတာကို မစိမ်းပေမဲ့.. သမုဒ္ဒရာရဲ့ ချောက်နက်လိုမျိုး ထူးဆန်းပြီး မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာတော့ မဟုတ်ပါဘူး..။
သူ မသိတဲ့ စည်းမျဉ်းတွေ ရှိနေတဲ့ နေရာမျိုးမှာ သေစေနိုင်တဲ့ အမှားတစ်ခု ပြုလုပ်မိဖို့က ပိုပြီး လွယ်ကူပါတယ်..။
ဆန်နီ က ရှေ့ကို ကူးခတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီးမှ.. တွန့်ဆုတ်စွာနဲ့ နေဗီ သားရဲ အုပ်စုကြီးနဲ့ တိုက်ခိုက်နေတဲ့ လမ်းကြောင်းဆီကို ကြည့်လိုက်တယ်..။ ညအိမ်တော် အဖွဲ့ဝင် က အလွယ်တကူနဲ့ သေသပ် တိကျစွာ လှုပ်ရှားနေခဲ့ပြီး.. ချောက်နက်ထဲမှာ မွေးဖွားလာတဲ့ သတ္တဝါ တစ်ကောင်လိုမျိုး ရေထုကို ဖြတ်သန်း သွားလာနေခဲ့ပါတယ်..။
သူကတော့ စည်းမျဉ်းတွေကို သေချာပေါက် သိနေခဲ့တာပါ..။
ဆန်နီ ရဲ့ စိတ်ထဲမှာ အကြံတစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်..။ သူက နေဗီ ကို အမြဲတမ်း စောင့်ကြည့်နိုင်ဖို့အတွက် ပြင်ဆင်လိုက်တာကြောင့် ရလဒ် အနေနဲ့ ဒဏ်ရာ အနည်းငယ်ကို ရရှိသွားခဲ့ပါတယ်..။
ဆန်နီ က ပါရမီပါတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်ပြီး.. အတော်ဆုံး တိုက်ခိုက်ရေးသမားတွေနဲ့ တန်းတူ တိုက်ပွဲ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားခဲ့သူပါ..။ သူက ပြသနာတွေရဲ့ အခြေခံ စည်းမျဉ်းတွေကို နက်နက်နဲနဲ နားလည်ထားပြီး.. ဒါထက် ပိုကောင်းတာကတော့ အရိပ်ကခုန်မူ ကို ကျွမ်းကျင်ထားတာကြောင့် ရန်သူ အများစုရဲ့ လှုပ်ရှားမှုကို စာအုပ်တစ်အုပ်လိုမျိုး အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်..။
ပြီးတော့ ဒါက သူ အန္တာတိက စစ်ဆင်ရေးရဲ့ တိုက်ပွဲ အများစုမှာ ပြုလုပ်ခဲ့တဲ့ အရာ ဖြစ်နေခဲ့တာပါ..။
သူတို့ရဲ့ လှုပ်ရှားမှု ပုံစံအားလုံးကို အပြည့်အဝ နားလည်ဖို့အတွက် ပတ်ဝန်းကျင်မှာ ကျွန်ပြုခံထားရသူတွေ အလွန် များပြားနေခဲ့ပေမဲ့.. သူတို့ရဲ့ အခြေခံ တိုက်ခိုက်ရေး ပုံစံတွေကတော့ ကြမ်းတမ်းပြီး ရိုးရှင်းနေခဲ့ပါတယ်..။ သူတို့ အရိပ်တွေရဲ့ လှုပ်ရှားမှုကို အနည်းငယ် ခံစားသိရှိလိုက်ရုံနဲ့တင် လုံလောက်တဲ့ နားလည်မှုကို ရရှိဖို့ အတွက် ဖြစ်နေခဲ့တာပါ..။
ဒါပေမဲ့.. ဒီနေ့မှာတော့ အဲ့ဒီ ချဉ်းကပ်မှုက မှားယွင်းနေတဲ့ ပုံပါပဲ..။
ဒါ့ကြောင့် သူ့ရဲ့ ရန်သူတွေကို ပုံတူကူးချဖို့ ကြိုးစားမယ့်အစား.. ဆန်နီ က သူ့ရဲ့ စိတ်ကို မဟာမိတ်ရဲ့ အရိပ်အတိုင်း လိုက်ဖို့အတွက်သာ အာရုံစိုက်လိုက်တယ်..။ နေဗီ ရဲ့ တိုက်ခိုက်ရေး ပုံစံက ပိုမို ရှုပ်ထွေးပြီး.. နက်ရှိုင်းကာ သေသပ်လှပပါတယ်..။ ကျယ်ပြောမူ နဲ့ ဆန်းပြားမှု အပိုင်းမှာဆိုရင် ဒါက ဆန်နီ မြင်တွေ့ခဲ့ရဖူးသမျှ အနုစိတ်ဆုံး တိုက်ခိုက်ရေး ပညာရပ်တွေထဲက တစ်ခုပါပဲ..။
ကြီးမြတ်တဲ့ ကလန်တစ်ခုရဲ့ မျိုးဆက်တစ်ယောက် ဆီကနေ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ..။
ဒီ တိုက်ခိုက်ရေး ပုံစံက သူ့အနေနဲ့ စက္ကန့်ပိုင်း ဒါမှမဟုတ် မိနစ်အနည်းငယ်အတွင်းမှာပဲ လေ့လာနိုင်မယ့်အရာမျိုး မဟုတ်ပါဘူး..။
ဒါပေမဲ့ ဆန်နီ ရရှိသွားခဲ့တဲ့ အနည်းငယ်သော နားလည်မှုတွေကတင် သူ့ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ ပြောင်းလဲပစ်ဖို့အတွက် လုံလောက်နေခဲ့ပါပြီ..။
‘ဟူး.. ဒါကို ဒီလိုမျိုး လုပ်ရတာလား..’
ညအိမ်တော် အဖွဲ့ဝင် ရဲ့ လှုပ်ရှားမှုကို လေ့လာဖို့ အရိပ်ကကွက် ကို အသုံးပြုနေရင်း သူ လေ့လာလိုက်ရတဲ့ သင်ခန်းစာတွေက ကြီးကျယ်ခမ်းနားတဲ့ အရာတွေ မဟုတ်ပေမဲ့.. အလွန် တန်ဖိုးရှိလှပါတယ်..။ သမုဒ္ဒရာ ရဲ့ နတ်ဘုရား ဖြစ်တဲ့ မုန်တိုင်းနတ်ဘုရား ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်လို့ ယူဆရတဲ့ လူတစ်ယောက်ထက် ပိုကောင်းတဲ့ ဆရာ ဘယ်မှာ ရှိနိုင်ဦးမှာလဲ..။
ဒါက သူ့ရဲ့ ခန္ဓာကိုယ်က ရေထုနဲ့ ဘယ်လိုမျိုး ဆက်စပ်နေလဲဆိုတာနဲ့.. ရေထုက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုမျိုး ဆက်စပ်နေလဲဆိုတဲ့ အချက်ပါပဲ..။ ရေထုကို အဟန့်အတားမရှိ ဖြတ်တောက်နိုင်ဖို့ သူ့ကိုယ်သူ ဘယ်လို နေရာယူရမလဲဆိုတာနဲ့.. ရေထုရဲ့ အလေးချိန်ကို သူ့ရဲ့ အားသာချက် အဖြစ် ဘယ်လို အသုံးချရမလဲဆိုတာ တွေ ဖြစ်နေခဲ့ပါတယ်..။
ဆန်နီဟာ အရိပ်ကကွက် ကို အသုံးပြုပြီး ပထမဆုံး အဆင့်ကို ကျွမ်းကျင်ဖို့အတွက် ကြိုးစားခဲ့ရတဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေက.. သူ့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ် နှစ်ခုလုံးကို လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်ပေးထားခဲ့ပါတယ်..။ ဒါ့ကြောင့်ပဲ သူက အခုလေးတင် လေ့လာလိုက်ရတဲ့ အရာကို လက်တွေ့မှာ ချက်ချင်း အသုံးချနိုင်ခဲ့ပါတယ်..။
သူ့ရဲ့ လှုပ်ရှားမှု ပုံစံတွေ၊ ဘယ် ကြွက်သားတွေကို အသုံးပြုရမလဲဆိုတာနဲ့.. ကြွက်သားတွေကို အားဖြည့်ဖို့အတွက် အသက်ဓာတ်ကို အချိန်ကိုက် ပေးပို့ရမယ့် အသေးစိတ် အချက်အလက်တွေကို ပြောင်းလဲလိုက်ပါတယ်။ ဆန်နီ က ရုတ်တရက် ရေထဲမှာ ပိုပြီး လွတ်လပ်စွာ သွားလာနိုင်ခဲ့တယ်..။ သူက အခုအချိန်မှာ သူ့ရဲ့ ပတ်ဝန်းကျင်ကို ပိုပြီး.. ထိန်းချုပ်နိုင်သလိုမျိုး ခံစားလိုက်ရပါတယ်..။
သူ့ရဲ့ ပန်းတိုင်ကို အောင်မြင်ဖို့အတွက် ရေထု ဆန့်ကျင်မယ့်အစား အတူတူ ပူးပေါင်း လုပ်ဆောင်လိုက်တာပါပဲ..။
ဧရာမ အိပ်မက်ဆိုး သားရဲကြီး တစ်ကောင်က သူ့ဆီကို ပြေးဝင်လာခဲ့ပေမယ့်.. ဆန်နီ စီစဉ်ထားခဲ့တဲ့ အတိုင်းပဲ သူ့ရဲ့ လက်သည်းတွေက ပစ်မှတ်ကို စင်တီမီတာ အနည်းငယ်လောက် လွဲချော်သွားခဲ့ပါတယ်..။ သူက သားရဲကြီးကို ပိုင်းဖြတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ပတ်ပတ်လည်ကို ဝေ့ဝဲကာ.. နောက်ထပ် ရန်သူဆီကနေ ပုန်းကွယ်ဖို့ ရုပ်အလောင်းကို အသုံးချလိုက်တယ်..။ ခနအကြာမှာတော့ ဒုတိယမြောက် ကျွန်ပြုခံရသူကလည်း သေဆုံးသွားခဲ့ရပြန်ပါပြီ..။
‘ကောင်းတယ်..’
ဒါပေမဲ့ နေဗီ ဆီကနေ လေ့လာလိုက်ရတဲ့ အရာတွေနဲ့ သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ဆန်နီ ပြုလုပ်နိုင်တဲ့အရာတွေ ပိုပြီး ရှိနေခဲ့ပါသေးတယ်..။ဒါက သူ့ကိုယ်သူ ပိုပြီး ပေါ့ပါးအောင် ဒါမှမဟုတ် ပိုပြီး လေးလံအောင် ပြုလုပ်တာမျိုးပါ။သူက [ပကတိ ကျောက်စိမ်း] ကို အသုံးပြုပြီး.. အပေါ်ကို တက်သွားနိုင်သလို ကျောက်တုံးတစ်တုံးလိုမျိုး အောက်ကိုလည်း ဆင်းသွားနိုင်ပါသေးတယ်..။
သူက အရိပ်ခြေလှမ်း ကို အသုံးပြုပြီး.. ဧရာမ သားရဲကြီးတွေရဲ့ ကြားမှာ ကူးပြောင်း သွားလာနိုင်ခဲ့တယ်..။ သူက ရုပ်ဒြပ်အခြေအနေကနေ ပျောက်ကွယ်သွားအောင် ပြုလုပ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်မှာ အရိပ်တစ်ခု အဖြစ်နဲ့တောင် တွယ်ကပ်နေနိုင်သေးတာပါ။
တကယ်လို့ သူသာ ဒါတွေအားလုံးကို ပါးနပ်စွာ အသုံးချမယ်ဆိုရင်.. သမုဒ္ဒရာက ဒီလောက်အထိ နေထိုင်ရ ခက်ခဲတဲ့ နေရာမျိုး ဖြစ်နေတော့မှာ မဟုတ်ပါဘူး..။
အမှန်တကယ်တော့ ဒါက အနည်းငယ်တောင် လွတ်လပ်မှု ရှိနေစေခဲ့တယ်..။ ရှေ့နောက်တင် မဟုတ်ပဲ..အပေါ်အောက်ကိုပါ လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်းက.. သူ ပြုလုပ်နိုင်မယ့် လှည့်ကွက်မျိုးစုံကို လမ်းပွင့်သွားစေခဲ့ပါတယ်..။ တစ်ခုတည်းသော ကန့်သတ်ချက်ကတော့ သူ့ရဲ့ ဉာဏ်ပညာ၊ ပါးနပ်မှုနဲ့ စိတ်ကူးစိတ်သန်း ဖြစ်နေခဲ့တာပါပဲ..။
‘အဆင်သင့် ပြင်ထားကြစမ်း..ခွေးကောင်တွေ..’
ဆန်နီဟာ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ကို ဝှေ့ယမ်းလိုက်ပြီး.. တိုက်ခိုက်လာတဲ့ ကျွန်ပြုခံထားရသူတွေကို ဆီးကြိုဖို့ မ ရေထုကို ဖြတ်သန်းသွားလိုက်ပါတယ်..။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ ဖြူဖျော့တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါပြီ။
အပိုင်း ( ၁၀၁၇ ) ပြီး၏။