အခန်း ၁၀၁၈
Vol. 68 Ch. 1018
အခန်း ( ၁၀၁၈ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၆ )
ဆန်နီ နဲ့ နေဗီ တို့က တယ်ရာ ရဲ့ အစောင့်အကြပ်တွေကို တိုက်ခိုက်နေကြစဉ်မှာတော့.. ဘလက်ဝေ့ ကတော့ အဖြူရောင် အဝတ်စ ပန်းပွင့်ကြီးလို ဖြစ်နေတဲ့ တယ်ရာ ကိုယ်တိုင်ကို ဝင်ရောက် တိုက်ခိုက်နေခဲ့ပါတယ်..။
ပြင်းထန်ပြီး သေစေနိုင်လောက်တဲ့ တိုက်ပွဲထဲမှာ နစ်မြုပ်နေတာကြောင့် အဲဒီဘက်ကို လှည့်ကြည့်ဖို့ အခွင့်အရေး ရှားပါးလှပေမဲ့..ဆန်နီ မြင်တွေ့နိုင်သလောက်တော့ ပျက်ပြားခြင်းအဆင့် သတ္တဝါနဲ့ သူတော်စင် တို့က တစ်ဖက်နဲ့တစ်ဖက် အခြေအနေ မလှဘဲ အကြပ်ရိုက်နေကြပုံပါပဲ..။
တယ်ရာ က ရုပ်ပိုင်းဆိုင်ရာ ခွန်အား အများကြီး ရှိပုံမရပါဘူး..။ သူ့ရဲ့ လှပတဲ့ ပွင့်ချပ်တွေက ကြောက်မက်ဖွယ်ရာ ခွန်အားကို ပိုင်ဆိုင်ထားတာ မှန်ပေမဲ့.. သားရဲ အသွင်ပြောင်းထားတဲ့ အထွတ်အထိပ်အဆင့် ကို ခြိမ်းခြောက်နိုင်လောက်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပေ..။ သူတော်စင်အဆင့် အသွင်ပြောင်းလဲမှု အားလုံးက သားရဲတွေ မဟုတ်ကြသလို.. သားရဲ ဖြစ်လာတဲ့ သူတွေထဲမှာလည်း အားလုံးက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်ထားကြတာမျိုး မဟုတ်ပါဘူး..။
ဒါပေမဲ့ ဘလက်ဝေ့ ကတော့ ဒီလိုစွမ်းအားကို သေချာပေါက် ပိုင်ဆိုင်ထားခဲ့တယ်..။
ဧရာမ လူသတ်ဝေလငါးကြီးက အကြိမ်ကြိမ် တိုက်ခိုက်နေခဲ့ပြီး.. ဖြူဖျော့တဲ့ ပန်းပွင့်ကြီးကလည်း သူ့ရဲ့ သွားတွေနဲ့ အစွယ်တွေကို အကြိမ်ကြိမ် ရှောင်တိမ်းနေခဲ့ပါတယ်..။ သူ့ရဲ့ ပွင့်ချပ်တွေက ကခုန်နေခဲ့ပြီး.. တယ်ရာ ကို ကျိုးကြောင်းဆီလျော်မှုမရှိပဲ စွဲမက်ဖွယ်ကောင်းတဲ့ ပုံစံတွေနဲ့ မျောပါ ထွက်ပြေးသွားစေခဲ့တာပါ..။ ဒီ မြင်ကွင်းက ထူးဆန်းစွာပဲ လှပနေခဲ့တယ်..။
သူ့ရဲ့ ပွင့်ချပ်ရှည်တွေကတော့.. မီတာ ရာနဲ့ချီ ရှည်လျားပြီး.. သွေးနီရောင် မှောင်မိုက်မှုထဲမှာ အဖြူရောင် လက်တံတွေလိုမျိုး တွားသွားနေခဲ့ကြတယ်။ဒီလက်တံတွေကပဲ.. ဧရာမ သားရဲကြီးကို ရိုက်နှက်ပြီး သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ဖို့ ကြိုးစားနေခဲ့ကြတာပါ..။ ဒါပေမဲ့လည်း ဘလက်ဝေ့ ကတော့ ဟန့်တားခံထားရပုံမပေါ်ပါဘူး..။
ပွင့်ချပ် အနည်းငယ်ကတော့ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ပြီဖြစ်ပြီး.. လွင့်မျောနေတဲ့ အဖြူရောင် အဝတ်စ အပိုင်းအစတွေက မှောင်မိုက်တဲ့ သမုဒ္ဒရာ ချောက်နက်ထဲကို တိတ်ဆိတ်စွာ မျောပါသွားခဲ့တယ်..။
တိုက်ခိုက်နေကြတဲ့ ဧရာမ သားရဲကြီး နှစ်ကောင်နဲ့ အနည်းငယ် ဝေးကွာတဲ့ နေရာမှာတော့.. ဆန်နီ နဲ့ နေဗီ တို့က မျက်လုံးမပါတဲ့ ကျွန်ပြုခံထားရသူ အုပ်စုကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြပါတယ်..။ အေးစက်တဲ့ သမုဒ္ဒရာ ချောက်နက်ထဲမှာတော့ သူတို့ကို ထိတ်လန့်စရာ ခြုံထည် တစ်ခုလိုမျိုး ဝန်းရံထားတဲ့.. သွေးတိမ်တိုက်တွေနဲ့ ဖြတ်တောက်ခံထားရတဲ့ အသားစ အကြွင်းအကျန်တွေ ပြည့်နှက်နေခဲ့တာပါ..။ သားရဲ အကောင်ရေ တစ်ရာနီးပါး သတ်ဖြတ်ခံထားရပြီး ဖြစ်ပေမဲ့.. ကျန်ရှိနေသေးတဲ့ အရေအတွက်ကတော့ နှစ်ဆလောက် ရှိနေဆဲပါပဲ..။
‘ချီးတဲ့မှပဲ…’
ညအိမ်တော် အဖွဲ့ဝင် က ဒီတိုက်ပွဲမှာ ကောင်းမွန်တဲ့ ပါတနာတစ်ခု ဖြစ်နေခဲ့ပြီး.. ဆန်နီ မျှော်လင့်နိုင်သမျှထဲမှာ အကောင်းဆုံးလည်း ဖြစ်နေခဲ့တယ်..။ ဒါပေမဲ့လည်း သူက သူ့ရဲ့ အရိပ်တွေကို သတိရနေဆဲပါပဲ..။သမုဒ္ဒရာရဲ့ ချောက်နက်ထဲမှာတော့ ဘယ်အရိပ်ကမှ အကူအညီ အများကြီး ပေးနိုင်မှာ မဟုတ်တာကတော့ သေချာပါတယ်..။ ကျောက်တုံး သူရဲကောင်းတွေက အကောင်းဆုံး ရေငုပ်သမားတွေ မဟုတ်ကြသလို.. မြင်းတွေကလည်း သူသိသလောက်တော့ ရေမငုပ်နိုင်ကြပါဘူး..။
တစ်ချိန်တည်းမှာပဲ ဆန်နီ က ရေအောက်မှာ တိုက်ခိုက်ရတာကို အနည်းငယ် ယုံကြည်မှု ရှိလာခဲ့ပါတယ်..။ သူက နေဗီ ကို စောင့်ကြည့်ခြင်းအားဖြင့် အချို့သောအရာတွေကို လေ့လာနိုင်ခဲ့ပြီး.. ကောင်းကင်ဖိအား ရဲ့ အတွေ့အကြုံတွေကို ကိုးကားပြီး သည်းမခံနိုင်စရာ ဖိအားကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို နားလည်သွားခဲ့တယ်..။
အရာအားလုံးက ကောင်းမွန်စွာ လည်ပတ်နေခဲ့တာပါ..။
ဆန်နီ က နောက်ထပ် ကျွန်ပြုခံရသူတစ်ကောင်ရဲ့ ခေါင်းကို ဖြတ်တောက်ပစ်လိုက်ပြီး.. ကိုယ်ကို လှည့်ကာ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] နဲ့ သူ့ရဲ့ ရှေ့မှာ ကာကွယ်လိုက်တယ်..။ သွေးတိမ်တိုက်နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ သတ္တဝါတစ်ကောင်က ရုတ်တရက် ရှေ့ကို ပြေးဝင်လာခဲ့ပေမဲ့.. ကျောက်စိမ်းဓားပေါ်ကိုသာ အရှိန်နဲ့ စိုက်ဝင်သွားခဲ့ပါတယ်..။ဒီသတ္တဝါ မြင်ကွင်းထဲ မပေါ်လာခင် ကတည်းက ဆန်နီက သူရဲ့ အရိပ်ကို ခံစားနေခဲ့ရတာပါ..။
သူ့ရဲ့ အဆုတ်တွေက ပူလောင်နေခဲ့တယ်။.. ဒါက သမုဒ္ဒရာရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ရှိနေတဲ့အချိန်မှာ စိုးရိမ်စရာ အချက်တစ်ခု ဖြစ်နေခဲ့ပါတယ်..။သို့ပေမဲ့ ဆန်နီ ကတော့ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုရဲ့ လက္ခဏာတစ်ခုသာ ဖြစ်မှန်း သိနေခဲ့ပါတယ်..။ [အသက်ဓာတ် ပုလဲ] က သူ အသက်ရှူဖို့အတွက် တည်ငြိမ်တဲ့ လေထုကို ထောက်ပံ့ပေးနေဆဲပါ။သူ အတော်လေး ပင်ပန်းနေခဲ့ပေမဲ့ အဲ့ဒီ ပင်ပန်းနွမ်းနယ်မှုက လှုပ်ရှားလို့မရလောက်အောင်တော့ ဖြစ်မနေခဲ့ပါဘူး..။
သူတို့ သတ်ဖြတ်လိုက်တဲ့ အကြိမ်တိုင်းမှာ.. ဆန်နီ နဲ့ နေဗီ တို့ကို တိုက်ခိုက်နေတဲ့ ကျွန်ပြုခံထားရသူတွေရဲ့ အရေအတွက်က လျော့နည်းသွားခဲ့ပါတယ်..။ သူတို့က သုံးရာလုံးလုံးရဲ့ တိုက်ခိုက်မှုကို တောင့်ခံကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် ကျန်ရှိနေတဲ့ နှစ်ရာနဲ့ တိုက်ခိုက်ရတာက ပိုပြီး ကိုင်တွယ်ရ လွယ်ကူနေခဲ့ပါတယ်..။ မကြာခင်မှာလည်း ပိုပြီး ကိုင်တွယ်ရ လွယ်ကူလာတော့မှာပါ..။
‘ဒါဆို ငါ ဘာလို့ ဒီလောက် မသက်မသာ ဖြစ်နေရတာလဲ..’
ဆန်နီ တုန်လှုပ်သွားခဲ့ပြီး..ခန္တာကိုယ်ကို ခနလောက် အောက်ကို မျောပါသွားစေဖို့ လွှတ်ထားလိုက်တယ်..။
အမှန်တကယ်တော့.. သူတို့ အခြေအနေ ကောင်းနေပုံရပေမဲ့လည်း.. သတ်ဖြတ်လိုက်တဲ့ အကြိမ်တိုင်းမှာ သူ့ရဲ့ နှလုံးသားက ပိုမို လေးလံလာနေခဲ့တာပါ..။ ဒါက ကျိုးကြောင်းဆီလျော်မှု မရှိပေမဲ့လည်း.. ဆန်နီ ရဲ့ မသိစိတ် အာရုံက တစ်ခုခုလွဲချော်နေခဲ့တယ်လို့ ပြောနေသလိုပါပဲ.။
ဒါပေမဲ့ ဘာက မှားနေတာလဲ..။
ကျွန်ပြုခံထားရသူတွေနဲ့ တိုက်ခိုက်နေရတဲ့ ကြားထဲမှာ စဉ်းစားဖို့ အချိန်အများကြီး မရှိခဲ့ပါဘူး..။ အဓိက ကတော့ ဆန်နီ အနေနဲ့ ရှင်သန်နိုင်ဖို့ နဲ့နောက်ထပ် တိုက်ခိုက်မှုအတွက် ဘယ်လိုနေရာယူနိုင်မလဲ ၊ ဘယ်နေရာကို လှုပ်ရှားရမလဲဆိုတာ နဲ့.. သူ့ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ မှောင်မိုက်တဲ့ ရေထုကို စောင့်ကြည့်ဖို့အတွက်ပဲ အချိန်တွေကို ကုန်ဆုံးနေခဲ့ရတာပါ..။
ဒါပေမဲ့လည်း.. တိုက်ပွဲက ကြာရှည်လာလေလေ.. တစ်ခုခုက မမှန်ကန်တော့သလိုမျိုး ပိုပြီး ခံစားလာရလေလေပါပဲ..။
‘ဘာတွေ ဖြစ်နေတာလဲ..’
ဒါက လွယ်ကူလွန်းနေတယ်လို့ သူ ပြောချင်ပေမဲ့လည်း မဟုတ်ပါဘူး..။ ရေအောက်မှာ ခြိမ်းခြောက်နေတဲ့ ကျွန်ပြုခံထားရသူ ရာနဲ့ချီကို တိုက်ခိုက်ရတာက.. မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း မှာ သူ ကြုံတွေ့ခဲ့ရသမျှထဲမှာ အခက်ခဲဆုံးနဲ့ အပြင်းထန်ဆုံး တိုက်ပွဲတွေထဲက တစ်ခု ဖြစ်နေခဲ့တာပါ..။ ဆန်နီ က သူ့ရဲ့ ကန့်သတ်ချက်တွေကို တွန်းပို့နေရုံတင်မကဘဲ.. လုံးဝ အသစ်ဖြစ်တဲ့ တိုက်ခိုက်ရေး နယ်ပယ်တစ်ခုကို လေ့လာနိုင်ဖို့အထိ အားလုံးကို ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်..။ ဒါတောင်မှ.. သူက အသက်ရှင်စေဖို့အတွက် မနည်း ကြိုးစားနေရဆဲပါပဲ..။
ဖြစ်နိုင်တာက ဖြစ်နိုင်တာက.. LO49 ရဲ့ တယ်ရာ က သူတို့အပေါ် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို မလုပ်ဆောင်ရသေးတာ ဒါမှမဟုတ်.. တခြား ယုတ်မာတဲ့ လှည့်ကွက်တစ်ခုခုကို အသုံးမပြုသေးတာလည်း ဖြစ်နိုင်ပါတယ်..။
သူရဲ့ စွမ်းဆောင်ရည်တွေက လုံလောက်အောင် အားမကောင်းတာတော့ မဟုတ်ပါဘူး..။ အမှန်တကယ်တော့ ဖြူဖျော့တဲ့ ပန်းပွင့်ကြီး ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေက တကယ်ကို ထိပ်လန့်ဖွယ်ရာပါပဲ..။
ဒီသတ္တဝါက ဆိပ်ကမ်းကို ဝိုင်းရံထားတဲ့ ထောင်နဲ့ချီတဲ့ ကျွန်ပြုခံထားရသူတွေကို ထိန်းချုပ်နေခဲ့ပြီး.. တစ်ချိန်တည်းမှာပဲ...ခံတပ်ရဲ့ အစောင့်အကြပ်တွေနဲ့ တံတိုင်းရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ ပထမစစ်တပ် စစ်သားတွေဆီကို သူ့ရဲ့ ကျိန်စာကို ပျံ့နှံ့စေခဲ့တာပါ..။သူက ဆန်နီ နဲ့
နေဗီ ကို သတ်ဖို့ ကြိုးစားနေတဲ့ ရာနဲ့ချီတဲ့ သားရဲတွေကိုပါ ရုပ်သေးရုပ်တွေလို ကြိုးကိုင်နေခဲ့တာဖြစ်ပြီး.. အစွမ်းထက်တဲ့ သူတော်စင် တစ်ယောက်ကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်နေရပါသေးတယ်။
ဆန်နီ က ဒီထက် ပိုပြီး..မျှော်လင့်ထားခဲ့မိတာ ဖြစ်နိုင်ပါတယ်..။ LO49 မှာ သူ ခံစားခဲ့ရတဲ့ ခါးသီးတဲ့ ရှုံးနိမ့်မူက သူ့ရဲ့ နှလုံးသားမှာ ဒဏ်ရာတစ်ခု အဖြစ် ရှိနေခဲ့တာပါ..။ သူ ဝန်မခံချင်ပေမဲ့လည်း..ဆန်နီ က တယ်ရာ ကို ကြောက်ရွံ့နေတယ် ဆိုတာကတော့ အမှန်တရားပါပဲ..။
ဒီ ကြောက်ရွံ့မှုက ကျိုးကြောင်းဆီလျော်မှု မရှိတာလား..။
‘မာဗယ် ကြေးခွံ က ငါ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကနေ မြင့်မားတဲ့ ကာကွယ်မှု ပေးထားတယ်..။ ဒါက လက်ရှိမှာ တယ်ရာ ထက် တစ်ဆင့်နိမ့်တဲ့ တက်ရောက်မူ စွမ်းရည်တစ်ခု ဖြစ်ပေမဲ့.. ငါ့ရဲ့ အရိပ်တွေနဲ့လည်း တိုးမြှင့်ထားတာပဲ..
ဘလက်ဝေ့ နဲ့ နေဗီ မှာ.. သူတို့ရဲ့ စိတ်ကို ကာကွယ်ဖို့ ဘယ်လို ကိရိယာတွေ ရှိလဲဆိုတာ ငါ မသိပေမဲ့.. ကြီးမြတ်တဲ့ ကလန်တစ်ခုက လာတဲ့ ဘယ်သူမဆို သူတို့ရဲ့ အသုံးအဆောင်ထဲမှာ အားကောင်းတဲ့ မှတ်သားမူ မျိုးစုံ ရှိနေမှာ သေချာတယ်…’
အမှန်တရားက ဒီလောက်အထိ ရိုးရှင်းနေတာ လည်း ဖြစ်နိုင်ပါတယ်..။ သူတို့ သုံးယောက်လုံးက တယ်ရာ ရဲ့ အကြီးမားဆုံး တိုက်ခိုက်ရေး လက်နက်ရဲ့ သက်ရောက်မှုကို မခံရလောက်အောင် ကြံ့ခိုင်လွန်းနေကြတာပါ..။
သူက နောက်ထပ် ကျွန်ပြုခံရသူတစ်ကောင်ကို ရှင်းလင်းလိုက်ပြီး နေဗီ နဲ့ ခဏလောက် ဆုံတွေ့စဉ်မှာပဲ.. သူတို့ နှစ်ယောက်က မတူညီတဲ့ လမ်းကြောင်းတွေကို ကူးခတ်ဖို့ တစ်ယောက်နဲ့တစ်ယောက် လက်ချင်း ဆွဲဖမ်းလိုက်ကြပါတယ်။အဲ့အချိန်မှာ.. [နှစ်သိမ့်ခြင်းပြစ်ဒဏ်] က သက်ပြင်းချလာခဲ့တယ်..။
“တကယ့် အရူးပဲ…”
ဆန်နီ က မျက်မှောင်ကြုတ်လိုက်ပြီး.. နောက်ထပ် ရန်သူတစ်ကောင်ကို ဆီးကြိုဖို့ ဓားကို မြှောက်လိုက်ပါတယ်..။
သူက သူ့ရဲ့ အတွင်းပိုင်းထဲက မလုံခြုံမှုတွေ၊ အသိပညာ နဲ့ ဉာဏ်ပညာ နည်းပါးမှုတွေကို တိုက်ခိုက်တတ်တဲ့ ကျိန်စာသင့်ဓားနဲ့ အသားကျနေခဲ့ပြီ ဖြစ်တာကြောင့် ဒါက စိတ်ပိုင်းဆိုင်ရာ အပိုင်းတစ်ခု ဆိုတာ သိနေခဲ့တယ်။
ဒါပေမဲ့လည်း.. [နှစ်သိမ့်ခြင်းပြစ်ဒဏ်] က ဘာလို့ အခုမှ စကားပြောလာရတာလဲ..။
‘ငါ ဘာကို တွေးနေခဲ့တာလဲ…’
သူတို့ သုံးယောက်က တယ်ရာ ရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်မှု ကို ကောင်းကောင်း ခုခံနိုင်တယ်ဆိုတဲ့ အချက်ပါ။.. ပြီးတော့ ဘလက်ဝေ့ နဲ့ တိုက်ခိုက်နေတာကနေ ဆိပ်ကမ်းခံတပ်နားက တိုက်ခိုက်မှုကို ထိန်းချုပ်နေတာအထိ အဲဒီ သတ္တဝါက အရာများစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေတယ်ဆိုတဲ့ အချက်ပါပဲ..။
သူက ကျွန်ပြုခံထားရသူတွေကို တစ်ကောင်ပြီးတစ်ကောင် ဆက်လက် သတ်ဖြတ်နေခဲ့ပေမဲ့..
မကြာခင် ရောက်လာတော့မယ့် ပျက်စီးခြင်း အာရုံကြောင့် ပိုပြီး စိတ်ရှုပ်ထွေးလာခဲ့တယ်..။ သူ့ရဲ့ အလိုလိုသိစိတ်က အခုအချိန်မှာ အော်ဟစ်နေသလို ဖြစ်နေခဲ့ပါပြီ..။
‘ငါ နားမလည်ဘူး… ငါ နားမလည်ဘူး.. ချီးပဲ…’
ဆန်နီ သားရဲအုပ်ကြီးကို ဖြတ်သန်း သတ်ဖြတ်ရင်း အံကိုကြိတ်ထားခဲ့တယ်..။ ကံကောင်းချင်တော့.. သူတို့ထဲက ကျန်ရှိတဲ့ အရေအတွက်က နည်းပါးသွားခဲ့ပြီ ဖြစ်တာကြောင့် စဉ်းစားဖို့ အချိန်အချို့ ရရှိသွားခဲ့ပါတယ်..။ ဒါ့ကြောင့်ပဲ.. မမျှော်လင့်ထားတဲ့ အတွေးတစ်ခုက သူ့ရဲ့ စိတ်ထဲကို ရောက်ရှိလာခဲ့တယ်။
‘ဒေးလ် ဘယ်လို ဖြစ်နေမလဲ သိချင်မိတယ်…’
ယင်းနောက်.. သူ ထိပ်လန့်သွားခဲ့ရတယ်။ဒါက သူ့ကို မျက်လုံးတစ်ဖက် ဆုံးရှုံးလုနီးပါး ဖြစ်သွားစေခဲ့ပါတယ်..။
ဒေးလ် နဲ့ ဖယ်လ်ကွန် စကော့တ် ရဲ့ တခြား ကာကွယ်သူတွေက.. အခုအချိန်မှာ ကမ်းခြေမှာရှိတဲ့ ကျွန်ပြုခံထားရသူ အများအပြားကို ဖျက်ဆီးပစ်ပြီးလောက်ပြီ ဖြစ်နိုင်ပါတယ်။
ပြီးတော့ ဒီ သမုဒ္ဒရာရဲ့ ချောက်နက်ထဲမှာလည်း.. ဆန်နီ နဲ့ နေဗီ တို့က သူတို့ရဲ့ ဝေစုကို သတ်ဖြတ်ပြီးသလောက် ဖြစ်နေခဲ့တယ်..။
ဒီတော့ တယ်ရာ ကလည်း… သူတို့အားလုံးကို ထိန်းချုပ်ဖို့အတွက် ဖြန့်ကျတ်ထားရတဲ့ သူ့ရဲ့ စိတ်စွမ်းအားတွေကို ထပ်မံအသုံးပြုနေစရာ မလိုတော့ပါဘူး။အခုတော့ သူ့လည်း
ကျွန်ပြုခံထားရသူတွေကို အမိန့်ပေးရမယ့် ဝန်ထုပ်ဝန်ပိုးကနေ လွတ်မြောက်သွားခဲ့ပါပြီ..။
လူသားတွေက သူ့ရဲ့ ရုပ်သေးရုပ် တစ်ရုပ်ချင်းစီကို ဖျက်ဆီးပစ်လိုက်တိုင်း..တယ်ရာက သူ့ရဲ့ စွမ်းအားတွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းနိုင်မယ့် စွမ်းရည်ကို ပြန်လည် ရရှိနေခဲ့တာ ဖြစ်ပါတယ်..။
ဆန်နီဟာ ရုတ်တရက် အရိုးထဲအထိ အေးစက်သွားသလို ခံစားလိုက်ရပြီး..တယ်ရာ နဲ့ သူတော်စင် တို့ရဲ့ တိုက်ပွဲကို လှည့်ကြည့်လိုက်တယ်..။
ဒါပေမဲ့ သူက အနည်းငယ်လောက် နောက်ကျသွားခဲ့ပါပြီ..။
အပိုင်း ( ၁၀၁၈ ) ပြီး၏။