သွေးထိုးမှု
Vol. 99 Ch. 1384
တောင်ပင်လယ်လောကသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ အသက်ရှင်ကျန်ခဲ့သော ကျင့်ကြံသူအားလုံး နဝမတောင်တွင် စုဝေးနေကြသည်။ သန်းဂဏန်းမျှသာ ရှိသော်လည်း ထိုလူတို့သည် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကြီးကို ဖြတ်သန်းကျော်ဖြတ်ခဲ့ရ၍ လက်ရွေးစင်များအကြားက လက်ရွေးစင်များ ဖြစ်ကြ၏။ မည်သည့်ကျင့်ကြံအဆင့်ပင်ဖြစ်စေ တစ်ဦးတစ်ယောက်စီတိုင်းက အဆုံးမရှိသောပျက်စီးသေဆုံးမှုအကြားတွင် ရှင်သန်ခဲ့ကြသူများ မဟုတ်ပါလော။
ဤလူများသည် စစ်နှင့်ပတ်သက်လျှင် အတွေ့အကြုံမရှိသူများမဟုတ်တော့။ သူတို့တွင် စစ်သွေးစစ်မာန်နှင့် မျှော်လင့်ချက်တို့ ရှိကြခဲ့သည့်တိုင် ... ယခုတော့ အားလုံး အားအင်ကုန်ခမ်းစပြုနေလေပြီ။
နိုင်ပါ့မလား.....
တိုက်တောင် တိုက်ခိုက်နိုင်တော့မလား...
နဝမတောင်ပင်လယ်၏အပြင်တွင် တောင်ပင်လယ်လောကကို ပတ်ပတ်လည်မှ ဝိုင်းထားသော အပြင်သူအင်အားသန်းပေါင်းများစွာ ရှိသည်။ ခပ်ဝေးဝေးရှိ ကောင်းကင်ဘုံ (၁၈) မှ ကောင်းကင်ဘုံ (၃၃) မှာတော့ ၎င်းတို့ကို မြင်လိုက်သူတိုင်း၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးနိုင်သော ဧရာမသားရဲကြီးများနှင့် တူနေ၏။
အားလုံးအထဲ အသိသာဆုံးမှာတော့ ဤအပြင်သူစစ်တပ်ကို ဦးဆောင်နေသည်က အနှစ်သာရ ၈ ခု ပါရာဂွန်အဆင့်နှစ်ယောက်သာ မဟုတ်တော့သည့်အချက်ပင်။ မျောက်တောက်ဖန်အပါအဝင် သုံးယောက်ဖြစ်လာ၏။
အနှစ်သာရ ၈ ခု ပါရာဂွန်သုံးယောက်.... ထိုကဲ့သို့အင်အားပေါ်ထွက်လာခဲ့သည့် အခိုက်အတန့်ကတည်းက တောင်ပင်လယ်လောကမှာ ရှုံးနှင့်နေခဲ့လေပြီ။
ကမ္ဘာတစ်ခုလုံး ရှုံးနိမ့်၍ လူတွေလည်း မျိုးပြုတ်ပေတော့မည်။ ဖိအားက ပေါက်ကွဲတော့မည့် မီးတောင်ကြီးပမာ တောင်ပင်လယ်လောကအပေါ် သက်ရောက်နေသည်... မည်သူမှစကားမပြောကြ။ ကျင့်ကြံသူများသည် သူတို့၏ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။
မျှော်လင့်ချက်ရော... ရှိတောင် ရှိသေးရဲ့လား.....
မဖြေနိုင်သော ထိုမေးခွန်းက လူတိုင်း၏စိတ်ထဲတွင် အကြောက်တရားတို့ တိုးပွားလာစေသည်။
ပထမတောင်ပင်လယ် ပျက်စီးကတည်းက စစ်ပွဲသည် အမှန်တကယ် ပြင်းထန်လာခဲ့ပြီး ထို့နောက်ပိုင်း နဝမတောင်ပင်လယ်တစ်ခုသာ ကျန်တော့သည့်တိုင်အောင် တောင်ပင်လယ်တစ်ခုပြီးတစ်ခု ပြိုကွဲသွားခဲ့ရ၏။ မန်ဟိုမှာ နဝမတောင်ပင်လယ်ကို ကြည့်ရင်း သူကြည့်နေသည်မှာ ... သူ့အိမ်ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ရင်ထဲ နာကျင်လာတော့သည်။
သို့သော် စစ်ပွဲတွင် ... သေခြင်းတရားအား ရှောင်ရှားမရပေ။ မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ ပြာကျသွားလိမ့်မည်။
ရှုချင်သည် လူအုပ်ထဲမှ ထွက်လာပြီး မန်ဟို့ဘေးတွင် ရပ်၏။ မန်ဟိုမှာ သူမကို မြင်လျှင် သူမလက်ကလေးကို လှမ်းဆုပ်ကိုင်လိုက်သည်။ လက်ကား အေးစက်နေ၏။
ရှုချင်မှာ မန်ဟို့မျက်ဝန်းများ တည်ငြိမ်စွာ ကြည့်နေစဉ် သူ့လက်ကို ယခုလိုဆုပ်ကိုင်ထားနိုင်ဖို့သာလျှင် သူမအတွက် အရေးကြီးဆုံးဖြစ်ဟန်တူသည်။
ဖန်မျိုးနွယ်များလည်း မန်ဟို့ဘေးတွင် လာရပ်ကြသည်။ သူ့မိသားစုလည်း ရောက်လာသည်။ မိတ်ဆွေများလည်း ရောက်လာကြသည်။ ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောကမှ ကျန်ရှိခဲ့သမျှမှာ နဝမတောင်ပင်လယ်သာ ဖြစ်ပြီး လူပေါင်းများစွာအတွက် မန်ဟိုက တံတိုင်းကြီးသဖွယ် ဖြစ်ချေသည်။
ခပ်လှမ်းလှမ်းရှိ မှီခိုရာဂိုဏ်းချုပ်လည်း ကျိုးပြည်ကို ကျောတွင်သယ်လျက် သက်ပြင်းတချချနှင့် ချဉ်းကပ်လာသည်။ နဝမတောင်ပင်လယ်တွင် ကျန်ဂိုဏ်းများ၊ မျိုးနွယ်စုများနည်းတူ လီမျိုးနွယ်စုနှင့် ဝမ်မျိုးနွယ်စုလည်း တိတ်ဆိတ်ခြောက်ကပ်နေ၏။
မန်ဟိုမှာ သူ့အစ်မ၏အရှိန်အဝါကို တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ခံစားလိုက်ရသည်။ သူမက သူ၏မိဘနှစ်ပါးနှင့် အတူရှိနေလေသည်။
တောင်ပင်လယ်လောက တိတ်ဆိတ်နေစဉ် ပါရာဂွန်ပင်လယ်အိပ်မက်၏အသံက ရုတ်တရက် ထွက်လာသည်။
သူမက ရွှေတုန်းလျှိုကို မော့ကြည့်ရင်း သူမအသံကို မကြားရအောင် ဟန့်တားမထားဘဲ မေးလိုက်သည်။ “ရှင်က ... တကယ်ပဲ ကိုးတံဆိပ်လား...”
သူမစကားကို ကြားလျှင် တောင်ပင်လယ်ကျင့်ကြံသူများလည်း မော့ကြည့်ကြသည်။ လူတိုင်းမမြင်ရသော်လည်း သူတို့နှလုံးသားထဲရှိ ပူဆွေးသောကမှာ ရုတ်တရက် လျော့ကျသွားပြီး မျှော်လင့်ချက်သည် တစတစ ပေါက်ဖွားလာ၏။
သူတို့အားလုံး ပါရာဂွန်ကိုးတံဆိပ်အကြောင်း ကြားဖူးခဲ့သည့်အပြင် စစ်ဖြစ်နေသောကာလများအတွင်း သူသည် ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ကျော်ဖြစ်ကြောင်း ပို၍ယုံကြည်လာခဲ့ကြ၏။ ယခု သူ့နာမည်ကို ကြားလိုက်ရခြင်းက သူတို့ရင်ထဲတွင် မျှော်လင့်ချက်ကို ပြည့်နှက်လာစေတော့သည်။
မန်ဟိုလည်း ရွှေတုန်းလျှိုကို မော့ကြည့်ရင်း လူတိုင်းနည်းတူ အဖြေကို စောင့်နေသည်။
ရွှေတုန်းလျှိုက စစချင်း ဘာမှမပြော။ သို့သော် တခဏကြာသော် သူသည် ခေါင်းညိတ်ကာ ဖြေ၏။ “ဟုတ်တယ် ငါက ကိုးတံဆိပ်ပဲ”
သူ ထိုစကားလုံးများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် တောင်ပင်လယ်ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားပျော်ရွှင်သွားကြသည်။ သေနေရာမှ အသက်ပြန်သွင်းခံလိုက်ရသကဲ့သို့ မျှော်လင့်ချက်ရှိလာကြလေပြီ။
ကိုးတံဆိပ်သည် တောင်ပင်လယ်၏ ဒဏ္ဍာရီသူရဲကောင်း၊ တစ်လောကလုံး၏ ဖန်ဆင်းရှင်ပါရာဂွန် ဖြစ်၏။ အမှန်တွင် သူ့အား တောင်ပင်လယ်ကျင့်ကြံသူတိုင်း၏ အန္တိမခေါင်းဆောင်ချုပ်ကြီးဟုပင် ခေါ်သင့်သည်။
လူတိုင်းစိတ်လှုပ်ရှားနေကြသော်လည်း လူတချို့၏တုံ့ပြန်မှုကတော့ ကွဲပြားသည်။ အထူးသဖြင့် မန်ဟို၊ ခိတိဂဗ္ဗ၊ ပင်လယ်အိပ်မက်၊ တောင်ပင်လယ်သခင်များနှင့် ဉာဏ်အမြော်အမြင်ကြီးမားသော လူတချို့ပင်။
“သူက ကိုးတံဆိပ်အစစ် မဟုတ်ဘူး” မန်ဟိုက သက်ပြင်းခိုးချရင်း တွေးသည်။ ထိုစကားလုံးများကို ထုတ်မပြောလိုက်သော်လည်း သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးကြောင့် ... ရွှေတုန်းလျှိုသည် သေချာပေါက် ပါရာဂွန်ကိုးတံဆိပ်မဟုတ်မှန်း သူ သိသည်။
ထို့အပြင် ပင်လယ်အိပ်မက် ထိုမေးခွန်းကို မေးခဲ့သည်မှာလည်း ရွှေတုန်းလျှို ပါရာဂွန်ကိုးတံဆိပ်ဖြစ်ကြောင်း ဝန်ခံ၍ တောင်ပင်လယ်ကျင့်ကြံသူများ၏ စစ်သွေးစစ်မာန်ကို တက်ကြွလာသည်ကို တမင်ရည်ရွယ်ထားသည့်အလား ထူးဆန်းနေသည်။
ရွှေတုန်းလျှို ပင်လယ်အိပ်မက်၏စကားကို သဘောတူလျှင် သူက ကိုးတံဆိပ်အစစ်မဟုတ်။ သဘောမတူလျှင်မူ ... ကိုးတံဆိပ်အစစ်ဖြစ်နိုင်ခြေ အနည်းငယ်ရှိသည်။
မန်ဟို ထိုအချက်ကို နားလည်သလို ၊ တချို့လည်း နားလည်သော်လည်း ဖွင့်ဟမပြောကြပေ။
နဝမပင်လယ်၏မျက်နှာပြင်ထက်တွင် ကူးခတ်နေသော ပင်လယ်သားရဲများက ပထမဆုံး တောင်ပင်လယ်လောကအပြင်ရှိ အခြေအနေကို လှမ်းကြည့်ပြီးနောက် နဝမတောင်ကို လှမ်းကြည့်လိုက်သည်။ လောလောဆယ်တွင် နဝမပင်လယ်၏စိတ်ဆန္ဒက နဝမပင်လယ်ကို လွှမ်းခြုံထား၏။
ရွှေတုန်းလျှို၏စကားလုံးများ တောင်ပင်လယ်ကျင့်ကြံသူများ၏နှလုံးသွေးကို ဆူပွက်သွားစေသည့်အချိန်မှာပင် အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသား၏အသံက အပြင်သူစစ်တပ်ထဲမှ ဟိန်းထွက်လာသည်။
“တောင်ပင်လယ်သားအင်မော်တယ်အပေါင်းတို့၊ သင်တို့ ... ဒီစစ်ကို ရှုံးခဲ့ပြီ။ ဆက်တိုက်နေစရာအကြောင်း မရှိတော့ဘူး။ ကောင်းကင်ဘုံ ၃၃ ဘုံရဲ့ ကိုယ်စား ငါ သင်တို့ကို အခွင့်အရေးတစ်ခု ကမ်းလှမ်းပေးမယ်
“အညံ့ခံပါ။ မတွန်းလှန်ကြနဲ့တော့။ သင်တို့ကျင့်ကြံခြင်းအခြေခံတွေကို ချိတ်ပိတ်ခွင့်ပေးပြီး ငါတို့ရဲ့ကျွန်ဖြစ်လာကြတော့။ ဒီစစ်ပွဲ ... နိဂုံးချုပ်ပြီ
“အညံ့ခံရင် တချို့တစ်ဝက်တော့ ကွပ်မျက်ခံရကောင်း ခံရနိုင်ပေမယ့် အများစုကတော့ အသက်ချမ်းသာရာရမယ်။ တချို့ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေလည်း ဆက်လက်တည်ရှိခွင့် ရကောင်းရမယ်။ မလွတ်လပ်တော့ပေမယ့် ... အဲဒါကလည်း တကယ်တမ်း ချမ်းသာခြင်းတစ်မျိုးပဲ။ ဘယ်လိုနေနေ သင်တို့ ရွေးချယ်စရာမရှိဘူး
“တိုက်ခိုက်မလား၊ အညံ့ခံမလား။ စဉ်းစားဖို့ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ပေးမယ်။ အညံ့ခံချင်တဲ့လူတွေကတော့ ဖွင့်ပြောရင် အသတ်ခံရနိုင်တဲ့အတွက် အကျယ်ကြီးပြောစရာမလိုဘူး... အမွှေးတိုင်တစ်တိုင်ထွန်းစာပြီးရင် ကောင်းကင်ဘုံ ၃၃ ဘုံ နောက်ဆုံးချီတက်မှုကို စတင်မယ်။ တာအိုရောင်ရင်းရွှမ်ယင်၊ တာအိုရောင်ရင်းတောက်ဖန်နဲ့ ငါကိုယ်တိုင်လည်း တောင်ပင်လယ်လောကကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှာ
“တိုက်ခိုက်နေတဲ့အတောအတွင်း အညံ့ခံချင်တဲ့ ဘယ်သူမဆို ဘက်ပြောင်းပြီး တောင်ပင်လယ်လောကကို တိုက်ခိုက်လို့ရတယ်။ အဲဒီလုပ်ရပ်ကို မင်းတို့ရဲ့အညံ့ခံမှုအဖြစ် လက်ခံပေးမယ်” အနှစ်သာရ ၈ ခု ပါရာဂွန်က မျက်လုံးများတောက်ပနေလျက် လက်ဝှေ့ယမ်းလိုက်ရာ အမွှေးတိုင်တစ်တိုင် ပေါ်လာသည်။
မည်မျှရက်စက်ယုတ်မာသော ဗျူဟာပေနည်း။
တောင်ပင်လယ်လောကသားကျင့်ကြံသူများထံ ထိုကဲ့သို့မျှော်လင့်ချက်ပေးလိုက်ခြင်းဖြင့် သူတို့အကြား သွေးထိုးပြီးသားဖြစ်သွားသည်။ တိုက်ခိုက်ရမည့်အချိန်ကျလျှင် ကျင့်ကြံသူများမှာ အပြင်သူများကိုသာမက တစ်လောကတည်းသားများကိုလည်း သတိထားရပေမည်။ မိမိ၏အသက်ဘေးနှင့် ပတ်သက်လာလျှင် မည်သူက မည်ကဲ့သို့ရွေးချယ်မည်လဲ ... ဘယ်သူမှမပြောနိုင်သည်သာ။
ဖန်မျိုးနွယ်စုအတွင်း၌ပင် တွေဝေတွန့်ဆုတ်နေသောလူများ ရှိလာသဖြင့် မန်ဟို့သူငယ်အိမ်များ ကျုံ့သွားသည်။ ထိုကဲ့သို့အမူအရာများက လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း ထိုစိတ်ကို ဖျောက်ပစ်လိုက်သည်လား... ဖုံးကွယ်ရုံသာ ဖုံးကွယ်လိုက်သည်လား ... မပြောတတ်ပေ။
တောင်ပင်လယ်လောကသည် သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။ ကျင့်ကြံသူများမှာ အနှစ်သာရ ၈ ခု ပါရာဂွန်၏စကားများကို နားမယောင်မိဘဲ မနေကြပေ။ ဤအခိုက်အတန့်သည် သေရေးရှင်ရေးဖြစ်၍ လည်မျိုကို ဓားနှင့်ထောက်ခံထားရသည့်အခါ ကျွန်ဖြစ်ရခြင်းက နိမ့်ကျသော်လည်း အသက်တော့ ဆက်ရှင်နိုင်ဦးမည်။
ပင်လယ်အိပ်မက်က ဘာမှမပြော။ ရွှေတုန်းလျှိုလည်း စကားတစ်ခွန်းမဆို၊ နဝမပင်လယ်လည်း တိတ်ဆိတ်လျက်။
အမွှေးတိုင်သည် လောင်ကျွမ်းနေပြီး အချိန်ကုန်လာသည်။ တိတ်ဆိတ်မှုက လူတိုင်းအပေါ် ဖိစီးနေ၏။ ရွှေတုန်းလျှိုသာ ကိုးတံဆိပ်ဖြစ်ကြောင်း မပြောခဲ့လျှင် တောင်ပင်လယ်လောကမှာ ဖရိုဖရဲဖြစ်သွားနိုင်ခြေ ရှိ၏။
မိမိ၏အသက်ဘေးနှင့် ပတ်သက်လာလျှင် လူတစ်ယောက်၏ ရွေးချယ်မှုက တစ်ကိုယ်ကောင်းဆန်နိုင်လေသည်။
သို့သော် ရွှေတုန်းလျှို ကိုးတံဆိပ်ဖြစ်ကြောင်း ဝန်ခံခဲ့မှုကပင် ကြီးကြီးမားမားသက်ရောက်မှု မရှိပေ။ အခြေအနေတစ်ရပ်လုံးမှာ ... မျှော်လင့်ချက်မဲ့နေပြီးသား မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ရွှေတုန်းလျှိုက ရှေးကျပြီး ပင်ပန်းနေသောအသံဖြင့် ပြောသည်။
“လူတိုင်းအတွက် သေခြင်းရှင်ခြင်းဆိုတာ အရေးပါပေတယ်။ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေအတွက် နောင်လာနောက်သားတွေကို ကျင့်ဝတ်ထုံးတမ်းတွေ၊ တန်ဖိုးတွေ လက်ဆင့်ကမ်းပေးနိုင်ဖို့က အရေးကြီးတဲ့အရာပဲ ... ငါ့အတွက်လည်း တောင်ပင်လယ်လောကရဲ့ စေတိယမီးစွမ်းအားနဲ့ သွေးဆက်တွေ ဆက်လက်တည်ရှိဖို့က အရေးပါတယ်
“ဒါကြောင့် ဒီစစ်ကြီးမှာ ဒီအချိန်အထိ တိုက်ခိုက်လာခဲ့တာကို ထည့်တွက်ရင်း ကောင်းကင်ဘုံ ၃၃ ဘုံဆီ အညံ့ခံလိုတဲ့ ဘယ်ဂိုဏ်း၊ ဘယ်မျိုးနွယ်စုမဆို စိတ်ရှိသလိုလုပ်နိုင်တယ်။ ငါ မင်းတို့ကို မသတ်ဘူး။ အဲဒါက မင်းတို့ဆုံးဖြတ်ချက်ပဲ မဟုတ်လား
“အခုဆုံးဖြတ်ကြ ငါ မေးခွန်းမထုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကံတရားကိုယ်စီရှိကြတယ်။ အဲဒီကံတရားကိုလည်း ငါ မနှောင့်ယှက်ဝံ့ပါဘူး။ ဒါပေမဲ့ .... ဒီအခိုက်အတန့်ပြီးလို့ တိုက်ပွဲစတင်တာနဲ့ စစ်မြေပြင်ပေါ်မှာ သစ္စာဖောက်တဲ့သူတွေ မှတ်ထားကြ၊ ငါ သေရင်တောင်မှ မင်းတို့ကို ငါနဲ့အတူ၊ တောင်ပင်လယ်လောကနဲ့အတူ သေရွာခေါ်သွားမယ်။ ဒါကြောင့် အညံ့ခံချင်တဲ့လူတွေ အခုချက်ချင်း တောင်ပင်လယ်လောကကနေ ထွက်သွား” ရွှေတုန်းလျှို၏အသံတွင် ရက်စက်မှုမပါဝင်သော်လည်း မယိမ်းယိုင်သော ခိုင်မာပြတ်သားမှုကို လူတိုင်း ခံစားရနိုင်သည်။
တိတ်ဆိတ်မှုက တောင်ပင်လယ်လောကကို ကြီးစိုးသွားပြန်သည်။ အပြင်သူများက လက်ရှိအဖြစ်အပျက်များအား စိတ်ဝင်စားစရာကောင်းသော ပြဇာတ်အလား စိတ်လှုပ်တရှား ကြည့်နေကြ၏။
ထို့နောက် အမွှေးတိုင်လောင်ပြီးတော့မည့်အချိန်မှာပင် နဝမတောင်ပင်လယ်၏အတွင်း... မျိုးနွယ်စုကြီးတစ်စုဖြစ်သော.... ဝမ်မျိုးနွယ်စု၏အတွင်းမှ သက်ပြင်းချသံတစ်သံ ထွက်လာသည်။
“ဝမ်မျိုးနွယ်စုကိုယ်စား ငါ ကြေညာတယ်.... ငါတို့ အညံ့ခံတယ်
“ဝမ်မျိုးနွယ်စုရဲ့ အစောဆုံးဘိုးဘေးကြီးက နဝမတောင်ပင်လယ်ကမဟုတ်ခဲ့ဘူး။ မတော်တဆမှုကြောင့်သာ ဒီကို ရောက်လာခဲ့တာဖြစ်တယ်... ဒါကြောင့် ဒီတောင်ပင်လယ်စစ်ပွဲက ငါတို့ ဝင်ပါသင့်တဲ့ စစ်ပွဲမဟုတ်ပေဘူး” ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏စကားလုံးများက ဝမ်မျိုးနွယ်ကျင့်ကြံသူများကို စိတ်သက်သာရာရသွားစေသည်။
သို့သော် တချို့က သိသိသာသာ ဒေါသထွက်ကုန်ကြသည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ဝမ်မုပင်။ သူသည် ဝမ်မျိုးနွယ်စုအတွင်းမှ ထွက်ဖို့ ကြိုးစားသော်လည်း မထွက်နိုင်ခင် အိုမင်းနေသောလက်ကြီးတစ်ဖက်က သူ့ကို လှမ်းဆွဲ၏။
“မလုပ်နဲ့” ဝမ်မုက လက်မခံနိုင်သဖြင့် မျက်လုံးများနီရဲလာပြီး စူးစူးဝါးဝါးအော်သည်။ သို့သော် သူ့အနောက်ရှိ အဘိုးအိုက သက်ပြင်းချ၍ လက်ဝါးရိုက်ချက်ဖြင့် သူ့အား သတိလစ်သွားစေသည်။
ထိုအခိုက်အတန့်မှာပဲ ဝမ်မျိုးနွယ်စုအတွင်းမှ အလင်းတန်းတစ်တန်း ထွက်လာကာ အရပ်မြင့်မြင့် ခပ်ချောချောလူငယ်တစ်ယောက် ပေါ်လာသည်။ ၎င်းကား... ဝမ်တန်ဖေးပင်။ မန်ဟိုနှင့် ရန်ကြွေးရှိသော်လည်း လောက၏တည်ရှိမှု ပျက်ပြားရတော့မည့် အခိုက်တန့်တွင် သူသည် တောင်ပင်လယ်များနှင့်အတူ ရပ်တည်ဖို့ ရွေးချယ်၏။
သို့သော် ဝမ်မျိုးနွယ်စုက ခွင့်မပြု၍ သူ့မှာ တားခံလိုက်ရသည်။
ဝမ်မျိုးနွယ်စု အညံ့ခံလိုက်သည့်အချိန်တွင် ဝမ်မျိုးနွယ်စု၏ ဝါးတောအုပ်ထဲရှိ ပိန်ချုံးချုံးအဘိုးအိုက သက်ပြင်းချသည်။
“ရှက်စရာကောင်းလိုက်တာ...” သူက ခေါင်းတခါခါနှင့် တိုးညင်းစွာ ရေရွတ်ရင်း မျက်လုံးများပိတ်လိုက်သည်။ စစ်ပွဲတွင် ဝင်ပါမည်မဟုတ်သော်လည်း တောင်ပင်လယ်လောက .... ဦးပြန်မော့နိုင်မည်လား သူ ကြည့်ချင်သေး၏။
တခဏတိတ်ဆိတ်နေပြီးနောက် မျိုးနွယ်စုကြီးနောက်တစ်စုဖြစ်သော လီမျိုးနွယ်စု၏ တပ်ဖွဲ့များထဲမှ ခါးသီးနေသည့်အသံတစ်သံ ထွက်လာသည်။ “လီမျိုးနွယ်စုကိုယ်စား ငါ ကြေညာတယ်... ငါတို့ အညံ့ခံတယ်..”
ထိုအသံပဲ့တင်ထပ်လာသောအခါ ပါရာဂွန်ပင်လယ်အိပ်မက်၏ဘေး၌ ရပ်နေသော လီလင်းအာမှာ တဆတ်ဆတ် တုန်ရီလာသည်။
မျက်ရည်များ ပါးပြင်တစ်လျှောက် စီးကျနေလျက် သူမက အော်သည်။ “ခေါင်းဆောင်ကြီး... ဘာလုပ်နေတာလဲ။ ကျွန်မတို့က တောင်ပင်လယ်လောကရဲ့ ကျင့်ကြံသူတွေလေ။ ရှင်တို့နဲ့ အမျိုးတော်နေတာတောင် .. ကျွန်မ ရွံမိတယ်”