တောင်ပင်လယ်လောကသားများအတွက် ရှင်ခြင်း ၊ သေခြင်း
Vol. 99 Ch. 1385
သို့သော် မည်သူမှ လီလင်းအာကို ပြန်မပြော။ ထိုအစား အညံ့ခံသံများသာ ပိုမိုဟိန်းထွက်လာသည်။
“ကောင်းကင်တာအိုဂိုဏ်းကိုယ်စား ကြေညာတယ်....”
“စမ်းမျိုးနွယ်စုအစား ကြေညာတယ်...”
အမွှေးတိုင်လောင်မပြီးခင် နဝမတောင်ပင်လယ်အတွင်းမှ အသံတစ်သံပြီးတစ်သံ ထွက်လာသည်။ နဝမတောင်မှ ဂိုဏ်းများနှင့် ကျန်တောင်ပင်လယ်များ၏ စိတ်ဓာတ်အမာဆုံးဂိုဏ်းများမှအပ ကျန်ရှိသူတိုင်းကား အညံ့ခံဖို့ ရွေးချယ်နေကြသယောင်ပင်....
အသံတစ်သံတိုင်းက မန်ဟို့ကို ပိုပို၍တိတ်ဆိတ်လာစေသည်... ရှေးဆန်သော မိန်းမအသံတစ်သံ တည်ငြိမ်စွာ ထွက်မလာခင်အထိပင်။ မန်ဟိုမှာ ထိုအသံကို ကြားလျှင်ချင်း မော့ကြည့်လိုက်သည်။
“ငါက နဝမပင်လယ်ရဲ့စိတ်ဆန္ဒ ... တောင်ပင်လယ်လောကနေ ထွက်သွားဖို့ ငါ ဆုံးဖြတ်တယ်။ အညံ့ခံဖို့ ... ငါ ရွေးချယ်တယ်”
စုစုပေါင်းဂိုဏ်းခုနစ်ဂိုဏ်း၊ မျိုးနွယ်စုဆယ့်တစ်စုနှင့်အတူ တစ်သီးပုဂ္ဂလကျင့်ကြံသူထောင်သောင်းချီ အညံ့ချကြသည်။ နောက်ဆုံးအရေအတွက်ကား တစ်သန်းပင် ကျော်၏။
ထိုမျိုးနွယ်စုများနှင့်ဂိုဏ်းများ အညံ့ခံဖို့ ရွေးချယ်လိုက်ကြသော အခိုက်အတန့်တွင် သူတို့၏တစ်ခုတည်းသောလမ်းမှာ ရွှေတုန်းလျှို၏အမိန့်အတိုင်း တောင်ပင်လယ်လောကမှ ထွက်သွားဖို့သာ ရှိသည်။ ဆက်နေဖို့က မဖြစ်နိုင်သည်သာ။
သူတို့သည် သစ္စာဖောက်များဖြစ်၏။ တောင်ပင်လယ်လောက နောက်ဆုံးစစ်ပွဲတွင် သူတို့၏တည်ရှိမှုကို သည်းခံမည်မဟုတ်ပေ။
တဖြေးဖြေး သူတို့သည် သူတို့၏အရင်းအမြစ်များနှင့် ပညာရှင်များကို ခေါ်ရင်း နဝမတောင်မှ ထွက်ခွာကုန်ကြ၏။
သူတို့က အချိန်လည်းမဆွဲ ၊ ဖြည်းဖြည်းလည်း မသွား။ တတ်နိုင်သမျှမြန်မြန် ထွက်သွားနေကြသည်။
လူပေါင်းများစွာ ထွက်သွားခြင်းက တောင်ပင်လယ်လောက၏အင်အားကို သုံးဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားစေသည်။ ကျင့်ကြံသူတစ်ပြုံကြီး ပျံထွက်သွားသောမြင်ကွင်းက နောက်ကျန်ခဲ့သူများကို တုန်လှုပ်သွားစေ၏။ လူနည်းစုသာ အညံ့ခံလိမ့်မည်ဟု သူတို့ တွေးထားမိကြသည်။
ဤမျှအများကြီး အညံ့ခံလိမ့်မည်ဟု မည်သူထင်ထားမည်နည်း ....။ နောက်ဆုံးတိုက်ပွဲအား တိုက်ခိုက်ရတော့မည်ကို ထည့်တွက်လျှင် တစ်ယောက်တည်းကပင် တောင်ပင်လယ်လောက၏စိတ်ဓာတ်အားမာန်အတွက် ပြင်းထန်သောထိုးနှက်ချက်ကြီး ဖြစ်ချေသည်။
အပြင်သူများပင် ထိုမျှ အညံ့ခံလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ဖြစ်ပျက်နေသောအရာကို မြင်လျှင် အထင်သေးနေသောအရိပ်အယောင်များ သူတို့၏မျက်နှာပေါ်တွင် ပေါ်လာပြီး တချို့မှာ ရယ်ပင်ရယ်ကြသည်။ အနှစ်သာရ ၈ ခုပါရာဂွန်အမျိုးသားလည်း အားရကျေနပ်စွာ ပြုံးနေသည်။ သူ တောင်ပင်လယ်လောကသားများကို သွေးထိုးပေးခဲ့သည့် အဓိကအကြောင်းရင်းမှာ ရွှေတုန်းလျှိုကို ကြောက်၍ဖြစ်သည်။
အပြင်သူစစ်တပ်သည် အသာစီးရထားသယောင် ထင်ရသော်လည်း သူ့မှာ ယုံကြည်ချက်အပြည့်အဝ မရှိသည့်အတွက် သူတို့၏အင်အားကို တစ်နည်းနည်းဖြင့် လျှော့ချချင်ခဲ့လေသည်။
ထို့အပြင် နဝမပင်လယ်၏စိတ်ဆန္ဒ အညံ့ခံခြင်းကလည်း တောင်ပင်လယ်ကျင့်ကြံသူများ၏စိတ်ကို ချာချာလည်သွားစေသည်။
၎င်း၏လုပ်ရပ်က အလွန်လေးနက်လွန်းသဖြင့် အတော်များများမှာ တွေးပင်မကြည့်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် တောင်ပင်လယ်လောက၏စိတ်ဆန္ဒတစ်ခုလုံးမှာ တောင်ပင်လယ်များပျက်စီးသွားမှုကြောင့် အားနည်းသွားသဖြင့် နဝမပင်လယ်ကို မထိန်းချုပ်နိုင်တော့ကြောင်း နဝမပင်လယ်၏အညံ့ခံမှုက သက်သေပြနေသည်မဟုတ်ပါလော။
တောင်ပင်လယ်လောက၏စိတ်ဆန္ဒကို စစ်သေနာပတိချုပ်အဖြစ် ဥပမာပေးရလျှင် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းသည် တပ်မှူးများဖြစ်ကြသည်။ ယခုတွင် တပ်မှူး ၁၆ ယောက် ကျဆုံးသွားခဲ့ပြီး ကျန်ခဲ့သည့်တပ်မှူးနှစ်ယောက်အနက် တစ်ယောက်က သစ္စာဖောက်သွားခဲ့သဖြင့် စစ်သေနာပတိချုပ်မှာ လွန်စွာအားနည်းသွားချေပြီ။
ကြည့်ရသရွေ့ ရွှေတုန်းလျှိုပင် ယခုလိုဖြစ်လိမ့်မည်ဟု ထင်မထားခဲ့သယောင်ပင်။ သူ့အကြည့် နဝမပင်လယ်အပေါ် ကျရောက်သွားစဉ် သူ၏မျက်လုံးများသည် လင်းလက်စွာ တောက်ပလာပြီး သူက သက်ပြင်းချ၏။
မန်ဟိုမှာ နဝမပင်လယ်၊ ၎င်း၏မျက်နှာပြင်တစ်လျှောက် လိမ့်ဆင်းနေသော လှိုင်းလုံးများနှင့် ရေထဲမှ ပြူထွက်နေသော ပင်လယ်သားရဲများ၏ခေါင်းမျာကို ကြည့်ရင်း တုန်ရီလာသည်။ နဝမပင်လယ် ဖြည်းဖြည်းချင်း ရွေ့လျားလာသည့်အခါ မန်ဟိုက မိုးခြိမ်းသံလို အသံကြီးနှင့် မေးလိုက်သည်။ “ငါ့ကြောင့်လား”
၎င်းသည် မမေးသင့်ခဲ့သော မေးခွန်းဖြစ်သော်လည်း သူ့မှာ မမေးဘဲ မနေနိုင်ပေ။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် နဝမပင်လယ်၏စိတ်ဆန္ဒက ပြန်ဖြေသည်။
“အဲဒီတုန်းက ခေါင်းမာမိခဲ့တာကို ငါ နောင်တရမိတဲ့အထိ နင်ဟာ အရွယ်ရောက်လာခဲ့ပြီ။ ဒါပေမဲ့ နင်မတည်ရှိရင်တောင်မှ ငါ အခုလိုရွေးချယ်ဦးမှာပဲ။ ငါဟာ တစ်လောကလုံးမှာ ကိုယ်ပိုင်အသိစိတ်ရှိလာတဲ့ ပထမဆုံးသော၊ တစ်စင်းတည်းသော ပင်လယ်။ တောင်ပင်လယ်လောက အခုလိုမခက်ခဲရင်တော့ သူ့ကို ငါ ဦးညွတ်နိုင်တယ်။ ဒါပေမဲ့ ... လောကက ပျက်စီးတော့မှာ၊ ငါ သူနဲ့အတူ အမြှုပ်မခံရချင်ဘူး” ထို့နောက် နဝမပင်လယ်နှင့် နဝမတောင်မှ ဆုတ်ခွာနေသော ဒီရေသဖွယ် စီးဆင်းသွားပြီး... နှစ်ခုလုံး သီးခြားကွဲထွက်သွားတော့၏။
သစ္စာဖောက်များ ထွက်သွားသောအခါ အညံ့မခံခဲ့သော တောင်ပင်လယ်ကျင့်ကြံသူများမှာ နှလုံးသားကို ဓားနှင့်ထိုးနေသလို ခံစားနေကြရသည်။ သူတို့၏အားမာန်တို့ကား အောက်ဆုံးအထိ ကျဆုံးသွားခဲ့လေပြီ။
ထို့နောက် အမွှေးတိုင်ကုန်သွားသည်။
သို့သော် နောက်ဆုံးစစ်ပွဲက ချက်ချင်းမစ။ အညံ့ခံခဲ့သော ဂိုဏ်းများနှင့်မျိုးနွယ်စုများ၊ သင်းကွဲကျင့်ကြံသူများသည် တစ်ယောက်မှတစ်ယောက် နည်းနည်းစီခွာရင်း နေရာအမျိုးမျိုးမှ ပျံထွက်လာကြ၏။
သူတို့လူစုခွဲသွားနေကြစဉ် အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသားမှာ နောက်ဆုံးစစ်ပွဲကို မကြေညာခင် တခဏတွန့်ဆုတ်နေသည်။
နဝမပင်လယ်၏အညံ့ခံမှုမှာ သူ လွန်စွာအလေးအနက်ထားသောအရာ ဖြစ်သည်။ သူက တောင်ပင်လယ်လောက၏ လက်ကျန်ကျင့်ကြံသူများကို အေးစက်စွာ ကြည့်ပြီး သူတို့ မည်မျှအားယုတ်နေသလဲ မြင်လိုက်ရ၏။
ထိုအခိုက်အတန့်တွင် သစ္စာဖောက်များအား လိုက်သတ်သင့်ကြောင်း တောင်ပင်လယ်လောကထဲမှ တစ်စုံတစ်ယောက်က အော်သည်။ တချို့ဆိုလျှင် ပင်လယ်အိပ်မက်၊ ရွှေတုန်းလျှိုနှင့် မန်ဟိုတို့ကို ထိုသို့လုပ်ခွင့်ပြုရန် တောင်းဆိုကြသည်။
ပင်လယ်အိပ်မက်နှင့် မန်ဟိုမှာ ရင်နာစွာ တိတ်ဆိတ်နေသော်လည်း ရွှေတုန်းလျှိုက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။
“သွားချင်နေတဲ့သူတွေကို သွားခွင့်ပေးလိုက်ပါ။ အခုကစပြီး သူတို့က တောင်ပင်လယ်လောကနဲ့ ဘာမှမပတ်သက်တော့ဘူး” သူ့အသံသည် တည်ငြိမ်နေသော်လည်း ၎င်းအတွင်းရှိ နာကျင်မှုနှင့် စိတ်ပျက်မှုကို အနှစ်သာရ ၈ ခုအဆင့် ပါရာဂွန်အမျိုးသား ခံစားလိုက်ရ၏။
ထို့နောက် သူက တဟားဟား ရယ်သည်။
အညံ့ခံဖို့ ရွေးချယ်ခဲ့သော ကျင့်ကြံသူအားလုံး တောင်ပင်လယ်လောကမှ ထွက်ခွာ၍ အပြင်သူစစ်တပ်အနား ရောက်လာသည့်အခါ အချိန်ကြာနေခဲ့လေပြီ။ နောက်ဆုံးတော့ အနှစ်သာရ ၈ ခုပါရာဂွန်အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“နောက်ဆုံးစစ်ပွဲ စ”
ဝုန်းးးးးးးးးးးးးးးးး
ချက်ချင်းပင် နဝမတောင်ကို ဝိုင်းထားသည့် အပြင်သူစစ်တပ်ကြီးက ကြွေးကြော်၍ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြေးတက်သွားသည်။
မကြာမီ အပြင်သူစစ်တပ်၏ ရှေ့တန်းသည် တောင်ပင်လယ်လောက၏ အညံ့ခံကျင့်ကြံသူများနှင့် ရောထွေးသွား၏။ ထိုသူတို့၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသောခံစားချက်များကို မြင်ရနိုင်သည်။ တောင်ပင်လယ်လောကမှာ တစ်ခါတုန်းက သူတို့အိမ်ဖြစ်ခဲ့သည်မဟုတ်ပါလော....
သို့သော် အပြင်သူစစ်တပ် အညံ့ခံ့ကျင့်ကြံသူများကို ဖြတ်သွားသည့်အချိန်မှာပင် သင်းကွဲကျင့်ကြံသူတစ်ယောက်က ခေါင်းနောက်လှန်ကာ ဟားတိုက်ရယ်သည်။
“ငါ့နာမည်က ကျောက်ထျန်းလန်။ တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်”
တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ သူက ခန္ဓာဖောက်ခွဲလိုက်သည်။ သို့သော် ပေါက်ကွဲသံက အလွန်ကြီးမားသောစစ်တပ်ကြီးနှင့်ယှဉ်လျှင် မပြောပလောက်သလို၊ သူ၏နောက်ဆုံးကြွေးကြော်သံမှာလည်း ထိုနည်းတူ တိုးညှင်း၏။
သို့သော် ... ခန္ဓာဖောက်ခွဲမှုများစွာ ဖြစ်ပေါ်လာသည်။ နဝမတောင်ကို ဝိုင်းထားသည့် အပြင်သူစစ်တပ်ကြီးအတွင်း၌ ခန္ဓာပေါင်းတစ်ထောင် ပေါက်ကွဲသွားသည်။ ထို့နောက် တစ်သောင်း၊ တစ်သိန်း။
ခန္ဓာဖောက်ခွဲသံတစ်သံစီနှင့်အတူ ခေါင်းမာမာနှင့် ရူးမိုက်နာကြည်းနေသော အသံတစ်သံစီ ထွက်လာသည်။
“ငါ့နာမည်က စွန်းရုံဟိုင်၊ တောင်ပင်လယ်တွေအတွက် သေမယ်၊ တောင်ပင်လယ်တွေအတွက် ရှင်မယ်”
“ငါ့နာမည်က ချန်းရီ၊ တောင်ပင်လယ်တွေအတွက် သေမယ်၊ တောင်ပင်လယ်တွေအတွက် ရှင်မယ်”
တဖောင်းဖောင်းပေါက်ကွဲသံများက မိုးနှင့်မြေကို လှုပ်ခတ်လျက် ပဲ့တင်ထပ်နေသည်။ ထိုခန္ဓာဖောက်ခွဲမှုများသည် နတ်မင်းတို့ကိုပင် ကြောက်လန့်တုန်ရီစေနိုင်၏။ ပေါက်ကွဲမှုပေါင်းထောင်ချီက ကြီးမားသောအဖျက်အစီးစွမ်းအားကြီးအသွင် ပြောင်းသွားသည်။ တစ်နေရာတွင် ဂိုဏ်းတစ်ဂိုဏ်းလုံးက ခန္ဓာဖောက်ခွဲခြင်းဖြင့် သူတို့၏အမျက်ဒေါသကို ဖော်ကျူးပြခဲ့သည်။
“ငါ့နာမည်က ကျိုးရှန်၊ တောင်ပင်လယ်သားရောင်ရင်းတို့။ မင်းတို့ထဲက တစ်ယောက်ယောက် အသက်ရှင်ကျန်ခဲ့ရင် ဒီနေ့ ငါ စတေးခဲ့တာကို အမှတ်ရနေပေးပါ”
“ငါ့နာမည်က လျုတ်ဝမ်ယွီ။ ဒီစစ်ပွဲမှာ တစ်ယောက်ယောက် ရှင်ကျန်ခဲ့ရင် ငါ့အသက်အတွက် ကလဲ့စားချေပေးပါ”
ဂိုဏ်းတစ်ဂိုဏ်းလုံးဖောက်ခွဲလိုက်ကြသဖြင့် အလွန်ကျယ်လောင်သော ပေါက်ကွဲသံများ ဆူညံသွားသည်။ တောင်ပင်လယ်လောက၏ ရူးမိုက်သောအမျက်ဒေါသက အပြင်သူများကို လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။ နဝမတောင်ပေါ်၌ ရပ်နေသည့် ကျင့်ကြံသူများမှာတော့ စိတ်နှလုံးလှုပ်ခတ်နေကြ၏။
ဂိုဏ်းများသာ ထိုသို့ရွေးချယ်ကြသည်မဟုတ်၊ ထို့နောက် မျိုးနွယ်စုတစ်စုလည်း ရုတ်တရက် အရပ်လေးမျက်နှာတွင် လူစုခွဲ၍ ကျင့်ကြံအဆင့်မည်မျှပင်ဖြစ်စေ ခန္ဓာဖောက်ခွဲလိုက်ကြသည်။ သူတို့သည် မပေါက်ကွဲခင် သူတို့၏နာမည်များကို ဟစ်ကြွေးသွားခဲ့ကြပြီး တောင်ပင်လယ်လောကနှင့် မခွဲခွာချင်ကြသော်လည်း သူတို့၏အမျက်ဒေါသက အပြင်သူများကို သတ်ပစ်ဖို့ ခန္ဓာဖောက်ခွဲရဲသည်အထိ တွန်းအားပေးနိုင်ခဲ့၏။
“ဒီနေ့ ငါတို့ကောင်းကင်တာအိုဂိုဏ်း ငါတို့တာအိုကို ဖျက်စီးတယ်။ တောင်ပင်လယ်ကျင့်ကြံသူတို့ ဒီနေ့ ငါတို့လုပ်ပေးခဲ့တာကို အမှတ်ရပေးကြပါ”
“ငါတို့စမ်းမျိုးနွယ်စုဟာ စစ်ကြီးအစတုန်းက အင်အားတစ်သန်းရှိခဲ့တယ်။ အခု ကိုးထောင်ပဲကျန်တော့တဲ့အတွက် မျိုးနွယ်စုတစ်စုလုံး ပျက်သုဉ်းခါနီးနေပြီ။ အခု ငါတို့အားလုံး ခန္ဓာဖောက်ခွဲပစ်မယ်။ ငါတို့ သွေးဆက်ပျောက်ကွယ်သွားပေမယ့် ငါတို့ ဝန်မလေးဘူး။ တောင်ပင်လယ်သားကျင့်ကြံသူတို့ ... ငါတို့အသက်တွေအတွက် ကလဲ့စားချေပေးကြပါ”
“လီမျိုးနွယ်စု... သခင်လီရဲ့သွေးဆက်တွေ။ ငါတို့က တောင်ပင်လယ်လောကသား ကျင့်ကြံသူတွေ မဟုတ်ရင်မဟုတ်လိမ့်မယ်၊ တကယ်တမ်း ငါတို့အနေနဲ့ ဒီမှာရှိတောင် မရှိသင့်လောက်ဘူး။ ဒါပေမဲ့ ဒါက ငါတို့အိမ်။ ဒီနေ့ .. ငါတို့တာအို ငါတို့ဖျက်စီးပစ်မယ်။ ကလေးမလင်းအာ မင်းရဲ့ခေါင်းဆောင်ကြီး ငါ့ကို ဆဲစရာမလိုပါဘူးဟ”
ပေါက်ကွဲသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ ဤကြောက်ခမန်းလိလိအပြောင်းအလဲက အပြင်သူစစ်တပ်တစ်တပ်လုံးကို ဖရိုဖရဲဖြစ်သွားစေသည်။ အနှစ်သာရ ၈ ခုပါရာဂွန်အမျိုးသားပင်လျှင် မျက်စိမျက်နှာပျက်သွား၏။ ယခုလိုဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ တစ်ချိန်တည်းမှာပင် တောင်ပင်လယ်ကျင့်ကြံသူများမှာ တဆတ်ဆတ် တုန်လာကြပြီး စိတ်ပျက်လက်မှိုင်ကျနေရာမှ နှလုံးသွေးတို့ ဆူပွက်လာကြသည်။
ပဲ့တင်ထပ်နေသော ကြွေးကြော်သံများက တောင်ပင်လယ်သားကျင့်ကြံသူများကို စစ်သွေးမာန်ဟုန် တက်ကြွလာစေသည်။ သူတို့၏မျက်လုံးများ နီရဲလာကြပြီး အကုန်လုံး ခံပြင်းနာကြည်းစွာ ဟိန်းဟောက်ကြ၏။
သူမခေါင်းဆောင်ကြီး၏စကားက လီလင်းအာ၏နားထဲ ဝင်ရောက်လာပြီး သူမမှာ သူမ၏လီမျိုးနွယ်စု သေဆုံးနေသည်ကို ကြည့်ကာ တုန်ရီနေတော့သည်။
ဤအခိုက်အတန့်တွင် ခန္ဓာဖောက်ခွဲမှုများ ပို၍ပင်များပြားလာသည်။
“ငါတို့ နှင်းတံခါးဂိုဏ်း ငါတို့တာအိုကို ဖျက်စီးမယ်။ အို မိုးနှင့်မြေ၊ အို ကြယ်တာရာကောင်းကင် ... ငါတို့ဂိုဏ်းရဲ့သွေးကြောင့် ကောင်းကင်ဘုံ ၃၃ ဘုံ အသေဆိုးနဲ့သေရပါစေသား”
“ငါတို့ ကြည်လင်ကောင်းကင်အဖွဲ့အစည်း တောင်ပင်လယ်လောကကို သစ္စာဖောက်မယ်ထင်လား။ သေကြစမ်းးးးးးးးးးးး”
“ငါ တောက်ယွန်လိုင် ၊ တောင်ပင်လယ်လောကရဲ့ ကျင့်ကြံသူတစ်ယောက်။ ငါ့နာမည်ကို မှတ်ထားကြစမ်း ခွေးမသားအပြင်သူတွေ”
ခန္ဓာဖောက်ခွဲမှုများသည် မရပ်မနား တအုန်းအုန်း ဟိန်းထွက်နေ၏။ အဝေးမှကြည့်လျှင် ပေါက်ကွဲမှု၏အလင်းရောင်များက နဝမတောင်၏ကြယ်တာရာကောင်းကင်ကို ပန်းပွင့်များပွင့်လန်းနေသကဲ့သို့ ရောင်ပြန်ဟပ်နေတော့သည်... ထိုပန်းပွင့်များက သွေးပန်းပွင့်များ ဖြစ်နေသည်ကလွဲ၍။
မန်ဟိုမှာ တုန်လှုပ်နေသည်။ ဤအခိုက်အတန့်တွင် ဤအရာအားလုံးက ရွှေတုန်းလျှို၏အစီအစဉ်ဖြစ်ကြောင်း သူ ခံစားလိုက်ရလေပြီ။ တကယ်တမ်း ရွှေတုန်းလျှို လူတိုင်းကို ထွက်သွားခွင့်ပြုခဲ့ကတည်းက သူ့အတွက် သိသာလွန်းခဲ့သည်။ သို့သော် သူ့မှာ ရင်ထဲမလှုပ်ခတ်မိဘဲ မနေပေ။
ရုတ်တရက် ဟိုးတစ်ချိန်က ကြားခဲ့ဖူးပြီး ယခုမှအဓိပ္ပါယ်ပေါ်လွင်လာသော တစ်စုံတစ်ခုကို သူ သတိရလိုက်သည်။
ကောင်းကင်ဘုံများ ပြောင်းလဲသွားသည့်နောက်တွင် လောကသစ်ပင်သည် အညံ့ခံ့ဖို့ ငြင်းဆန်၍ ကြယ်တာရာကောင်းကင်တွင် ၎င်းကိုယ်၎င်း ဖောက်ခွဲပစ်ခဲ့ပေ၏။ (အပိုင်း ၁၀၉ နှင့် ၁၅၈ တွင် ဖော်ပြခဲ့ဖူးသည်)
၎င်းက တာအိုတစ်ခုဖြစ်သည်။ ထိုတာအိုသည် သဘာဝနှင့်မှော်နိယာမအားလုံး၏ အထွတ်အထိပ်ဖြစ်၏... ပုံရိပ်ယောင်လည်းဖြစ်သလို အမှန်တကယ်လည်း တည်ရှိသော တာအိုဖြစ်လာသည့် နောက်ဆုံးဆင့်ကဲ့ပြောင်းလဲမှု အစစ်အမှန်တာအို လည်း ဖြစ်လောက်သည်။
ရုတ်တရက် ရွှေတုန်းလျှိုက ဟစ်အော်သည်။ “တောင်ပင်လယ်လောကသားကျင့်ကြံသူတို့၊ အခုအချိန်မှမတိုက်ခိုက်ရင် ငါတို့ ဘယ်အချိန်တိုက်ခိုက်ကြမလဲ”
(ဘာသာပြန်သူ_ ဒီအပိုင်းတွေ ရေးရတာ ဝမ်းနည်းစရာကောင်းပါတယ်။ စိတ်လည်း ဖိစီးမိတယ်။ နောက်ပိုင်းတွေ ဆက်တိုက်ဇာတ်ရှိန်တက်တော့မှာမလို့ စိတ်ကို ပြင်ဆင်ထားကြပါ)