← Chapters

အခန်း ၅၁၁

Vol. 52 Ch. 511

အခန်း ၅၁၁

Vol. 52 Ch. 511

အခန်း (၅၁၁)ဆရာနျူက ရှောင်မိုကို မီးဖိုဆီသို့ ခေါ်ဆောင်သွားလေ၏။

ရှောင်မို၏ နားထဲတွင် အိုးခွက်ပန်းကန်များ ထိခိုက်သံ၊ ဆီပွက်ပွက်ဆူသံနှင့် ဟင်းကြော်သံများက ဆူညံစွာ ပဲ့တင်ထပ်နေလေတော့သည်။

"လူသားမျိုးနွယ် ကောင်လေး၊ မင်းမှာ နာမည်ရှိလား" ဆရာနျူက မေးလိုက်၏။

"ရှိပါတယ်။" ရှောင်မိုက ခေါင်းညိတ်ပြလိုက်ပေသည်။ "ကျွန်တော့်နာမည် ရှောင်မိုလို့ ခေါ်ပါတယ်။ မြက်ပင်နဲ့ပတ်သက်တဲ့ ရှောင်၊ မင်ရည်ကိုကိုယ်စားပြုတဲ့ မို ပါ။"

ဆရာနျူက လက်ဝှေ့ယမ်းပြလိုက်ကာ "အဲဒီလောက်အထိ ရှင်းပြနေစရာမလိုပါဘူးကွာ၊ ငါက စာမှမတတ်တာ။ ဘယ်လိုခေါ်ရမလဲဆိုတာ သိရင် ရပြီ" ဟု ဆိုလေ၏။

ရှောင်မို...

"ငါ့နာမည်က နျူတာ့လီ လို့ခေါ်တယ်။ ခွန်အားကြီးမားလို့ တာ့လီလို့ နာမည်ပေးထားတာ။ ဒီနေရာရဲ့ စည်းမျဉ်းတွေနဲ့ အိမ်တော်ရဲ့ အရေးကြီးတဲ့ စည်းကမ်းတချို့ကို ငါတစ်ခါပဲ ပြောပြမယ်။ သေသေချာချာ မှတ်ထားစမ်း"

ဆရာနျူသည် သူ၏ခွာများကို နောက်ကျောဘက်တွင် ပိုက်ထားရင်း စကားဆက်ပြောလေတော့သည်။

"ပထမအချက် ဒီမီးဖိုချောင်မှာ စားတော်ကဲ လေးယောက်ရှိတယ်။ အဲဒီအထဲမှာ ငါလည်း တစ်ယောက်အပါအဝင်ပဲ"

"အလယ်မှာရှိတဲ့ ဒီမီးဖိုနှစ်ခုကို မြင်လား"

"ဒီမီးဖိုနှစ်ခုက လူနှစ်ယောက်အတွက်ပဲ အစားအစာ ပြင်ဆင်ပေးရတယ်။ တစ်ယောက်က ငါတို့ ထုရှန်းအိမ်တော်ရဲ့ သခင်မကြီးဖြစ်ပြီး နောက်တစ်ယောက်က ထုရှန်းအိမ်တော်ရဲ့ သခင်မလေးပဲ"

"သေချာမှတ်ထား၊ မင်းက ဒီမီးဖိုနှစ်ခုပေါ်က စဉ်းတီတုံးတစ်ခုကိုတောင် ထိခွင့်မရှိဘူး အဲဒီလိုမှမဟုတ်ဘဲ မင်းအသတ်ခံရရင် ငါ့ကိုလာမလွှဲချနဲ့"

"ကျန်တဲ့မီးဖိုတွေကတော့ အိမ်တော်က အစေခံတွေအတွက်ပဲ။ အဲဒီအတွက် သိပ်ပြီး စည်းကမ်းချက်တွေ မရှိလှဘူး"

"ဒီနေ့ကစပြီး မင်းက ထင်းခွဲ၊ မီးမွှေးပြီး ငါ့ရဲ့ လက်ထောက်အဖြစ် လုပ်ရမယ်။ မင်းသာ ပါးနပ်မယ်ဆိုရင် နောင်တစ်ချိန်ကျ အစေခံတွေအတွက် ဟင်းချက်ပေးရတဲ့ နေရာကို ရကောင်းရနိုင်တယ်။ ရင်သားကြီးကြီး တင်ပါးကြီးကြီးနဲ့ လူသားမျိုးနွယ် မိန်းမတစ်ယောက်ကို လက်ထပ်ပြီး ဝဖြိုးတဲ့ သားလေးတွေ မွေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်စရာအကြောင်း မရှိဘူး"

"မင်းသာ မပါးနပ်ဘူးဆိုရင်တော့ တစ်သက်လုံး ထင်းခွဲ၊ မီးမွှေးနေရုံပဲ။ မိန်းမအနံ့တောင် ရလိုက်မှာ မဟုတ်ဘူး"

"ငါတို့ မီးဖိုဆောင်ဝင်းထဲမှာ အစေခံတွေအတွက် လုပ်တဲ့ အစားအစာဖြစ်သရွေ့ မင်းစားလို့ရတယ်။ ငါတို့ ထုရှန်းအိမ်တော်က အရမ်းချမ်းသာပြီး သခင်မကြီးကလည်း အရမ်းသဘောကျယ်တယ်။ မင်းစားမယ့် အဲဒီတစ်လုတ်နှစ်လုတ်ကို သူ နှမြောနေမှာ မဟုတ်ဘူး။ မင်းရဲ့ ဒီပိန်လှီနေတဲ့ ခန္ဓာကိုယ်လေးကို အမြန်ဆုံး အာဟာရဖြည့်လိုက်စမ်းပါ။ မင်းသာ အလုပ်လုပ်ရင်း သေသွားမယ်ဆိုရင် ခွေးရိုင်းတွေစားဖို့ မင်းအလောင်းကို အပြင်လွှင့်ပစ်လိုက်ရုံပဲ"

"နောက်ဆုံးအနေနဲ့ ဒါက အရေးကြီးဆုံးပဲ"

ဆရာနျူက လှည့်လာကာ ရှောင်မို၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း အလွန်လေးနက်သော လေသံဖြင့် ဆိုလေ၏။

"သေချာမှတ်ထား ငါတို့ ထုရှန်းအိမ်တော်ရဲ့ သခင်မလေးက နေရာတကာ ပြေးလွှားဆော့ကစားတတ်တယ်။ အမျိုးသမီး မိစ္ဆာတွေကလွဲရင် သခင်မလေးကို ဘယ်သူမှ ထိခွင့်မရှိဘူး။ သခင်မလေးရဲ့ ဆံပင်တစ်မျှင်ကိုတောင် မထိရသလို၊ သခင်မလေးရဲ့ ပစ္စည်းတွေကိုလည်း လုံးဝကိုင်တွယ်ခွင့် မရှိဘူး"

"နားလည်လား"

"နားလည်ပါပြီ ဆရာနျူ"

ရှောင်မိုက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏အကြည့်များက မလှမ်းမကမ်းရှိ ဝက်မိစ္ဆာတစ်ကောင်ထံသို့ ကျရောက်သွားပေသည်။

ထိုဝက်မိစ္ဆာသည် ဝက်သားဟင်းတစ်ခွက်ကို ကြော်ချက်ပြီးစီးသွားရာ မြည်းစမ်းရန် ဝက်သားတစ်တုံးကို ကောက်ယူလိုက်ပြီးနောက် ဟင်းပွဲမပြင်မီ ကျေနပ်အားရစွာဖြင့် သူ၏ဝက်နားရွက်ကြီးများကို ခါယမ်းနေလေ၏။

ဝက်မိစ္ဆာက ဝက်သားစားနေသည်ကို မြင်လိုက်ရသောအခါ ရှောင်မို၏ မျက်ခုံးများ ပင့်တက်သွားပြီး သူ၏မျက်နှာထားက အလွန်ရှုပ်ထွေးသွားလေတော့သည်။

ရှောင်မို၏ ပုံစံကိုမြင်သော် ဆရာနျူက ရယ်မောလိုက်ပြီး အိုးထဲမှ နှပ်ထားသော အမဲသားတစ်တုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူဝါးစားလိုက်ကာ အလွန်အရသာခံနေသည့်ဟန် ပေါ်နေပေသည်။

"ကောင်လေး၊ ငါတို့ မိစ္ဆာမျိုးနွယ်တွေအတွက်တော့ ဉာဏ်ရည်မမီတဲ့ ဒီတိရစ္ဆာန်တွေက ဆွေမျိုးတွေဖြစ်နေရင်တောင် သားရဲတိရစ္ဆာန်တွေနဲ့ ဘာမှမကွာခြားဘူး ငါတို့ စားချင်ရင် စားလိုက်မှာပဲ။"

"အဲဒီလိုပဲ၊ လူသားမျိုးနွယ်ဖြစ်တဲ့ မင်းကလည်း ငါတို့မျက်လုံးထဲမှာတော့ ဒီအိုးထဲက အကောင်တွေနဲ့ အတူတူပဲ"

"မင်း ထုရှန်းအိမ်တော်ကို ရောင်းစားခံရတာ ကံကောင်းလို့ပေါ့။ အဲဒီလိုမှမဟုတ်ရင် မင်းလို လူသားမျိုးနွယ်တစ်ယောက်က ဟင်းချိုအိုးထဲ ရောက်သွားတာ ကြာလောက်ပြီ။ တကယ်ကို အလုပ်လုပ်ခိုင်းလို့လည်းရသလို စားလို့လည်း ရတယ်ဆိုတာမျိုးပဲ။"

"ထားလိုက်ပါတော့... မင်းလို ကောင်လေးတစ်ယောက်က ဒါတွေကို နားလည်ပါ့မလားတောင် သံသယဖြစ်မိတယ်။" ပြောရင်းဆိုရင်း ဆရာနျူက လက်ကိုဝှေ့ယမ်းပြလိုက်သည်။ "သွား၊ မင်းရဲ့အဝတ်အစားတွေ သွားယူချေ။ မီးမွှေးပေးတဲ့ လက်ထောက်အဖြစ် စလုပ်တော့။ ဒီနေ့ကစပြီး မင်းက ထင်းတင်းကုပ်မှာ နေရမယ်။"

"ဟုတ်ကဲ့ပါ ဆရာနျူ။"

ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး သိုလှောင်ခန်းဆီသို့ ထွက်သွားလေ၏။ မီးဖိုဆောင်ဝတ်စုံ နှစ်စုံကို ယူပြီးနောက် စားတော်ကဲများအတွက် ထင်းသယ်၊ မီးမွှေးပေးရန် ခြံဝင်းအတွင်းသို့ ပြန်လာခဲ့ပေသည်။

ရှောင်မို၏ ခန္ဓာကိုယ်က အားနည်းသော်လည်း သူက ပါးနပ်ပြီး အကဲခတ်ကောင်းသူ ဖြစ်ချေသည်။

နေ့တစ်ဝက်ခန့် ကြာပြီးနောက် ဤလူသားမျိုးနွယ် ကလေးငယ်က တော်တော်လေး အသုံးကျသည်ဟု ဆရာနျူ ခံစားလိုက်ရသည်။ နောင်တစ်ချိန်တွင် သူတကယ်ပဲ စားဖိုမှူးတစ်ယောက် ဖြစ်လာနိုင်ကောင်းပါရဲ့။

ထုရှန်းအိမ်တော်ရှိ လူအားလုံးအတွက် အစားအစာများ ပြင်ဆင်ပြီးမှသာ စားတော်ကဲများ စားသောက်ရမည့် အလှည့်သို့ ရောက်လာလေတော့သည်။

မီးဖိုဆောင်ဝင်းထဲမှ ဘဝက ပင်ပန်းဆင်းရဲလှသော်လည်း ရှောင်မိုကတော့ တကယ်ကို ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ရပေသည်။

အစားအစာများ ပေါများလှပြီး ဆီလည်း အလုံအလောက် ပါဝင်လေ၏။

ရှောင်မို စားသောက်ပြီးစီးသွားချိန်၌ ခဏတဖြုတ်မျှပင် အနားမယူရသေးဘဲ ညစာပြင်ဆင်ရမည့်အချိန်သို့ ထပ်မံရောက်ရှိလာပြန်သည်။

ညနေခင်း နေဝင်သွားချိန်တွင် ရှောင်မိုတစ်ယောက် သူ၏တစ်နေ့တာ အလုပ်များကို ပြီးစီးသွားလေပြီ။ သူက ညစာစား၊ ရေနွေးကို ကိုယ်တိုင်တည်ပြီး ခြံဝင်းထဲတွင် ရေအမြန်ချိုးလိုက်ကာ အိပ်စက်ရန်အတွက် ထင်းတင်းကုပ်ဆီသို့ ပြန်လာခဲ့လေတော့သည်။

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့ရမှုကြောင့် ရှောင်မိုတစ်ယောက် လုံးလုံးလျားလျားကို အားကုန်ခမ်းနေခဲ့ချေပြီ။

အိပ်ရာခင်းထားသော ထင်းပုံပေါ်တွင် လှဲလျောင်းရင်း ရှောင်မို အိပ်ပျော်လုနီးပါး ဖြစ်နေချိန်မှာပင် သူ၏စိတ်အာရုံထဲ၌ စနစ်၏ အသံက ထွက်ပေါ်လာလေတော့သည်။

ရှောင်မို ချက်ချင်း နိုးကြားသွားပေသည်။

【သင်သည် ရှောင်မို ဟုအမည်ရသော မိဘမဲ့ကလေးတစ်ဦးဖြစ်ပြီး ဤမိစ္ဆာကမ္ဘာ၌ လူသားမျိုးနွယ်တို့၏ အဆင့်အတန်းမှာ ဉာဏ်ရည်မမီသော ဝက်များနှင့် ခွေးများသဖွယ် ဖြစ်ပေသည်။】

【သင်သည် လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေစဉ် မိစ္ဆာမျိုးနွယ်တို့၏ ဖမ်းဆီးရောင်းစားခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် မသေမျိုးမြေခွေးမြို့တော်ရှိ ထုရှန်းအိမ်တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။】

【အသက်ငါးနှစ်ပင် မပြည့်သေးသော သင်သည် နေ့စဉ်နှင့်အမျှ အရိုးကြေမတတ် အလုပ်လုပ်နေရသော်လည်း အသက်ရှင်သန်နေဆဲ ဖြစ်ပေသည်။】

【သင်သည် တာအိုအမြစ်တစ်ခုကို ပိုင်ဆိုင်ထားပြီး တာအိုကျင့်စဉ်များကို ကျင့်ကြံသည့်လမ်းကြောင်းတွင် ကြီးမားသော အောင်မြင်မှုများ ရရှိနိုင်သော်လည်း ယင်းသို့ပြုလုပ်ရန် အခွင့်အလမ်းတစ်ခု ကင်းမဲ့နေပေသည်။】

【တာဝန် ၁ - အခွင့်အရေးရရှိပါက တာအိုကျင့်စဉ်များကို ကြိုးကြိုးစားစား ကျင့်ကြံပါ။ တာအိုလမ်းစဉ်တွင် သင်၏အောင်မြင်မှုများ မြင့်မားလေလေ၊ ဘဝဖြတ်သန်းမှု အခြေအနေများကို အပြီးသတ်တွက်ချက်ချိန်၌ သင်ရရှိမည့် ဆုလာဘ်များက ပိုမိုကြီးမားလေလေ ဖြစ်လိမ့်မည်။】

【တာဝန် ၂ - မိစ္ဆာကမ္ဘာအတွင်းရှိ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ကြား ပဋိပက္ခမှာ အလွန်ပြင်းထန်ပေသည်။ လူသားမျိုးနွယ်အပေါ် မိစ္ဆာမျိုးနွယ်တို့၏ နေ့စဉ် ဖိနှိပ်မှုများက နောက်ဆုံးတွင် ကြီးမားသော စစ်ပွဲကြီးတစ်ခုဆီသို့ ဦးတည်သွားစေလိမ့်မည်။ ပိုင်ရှင်အနေဖြင့် လူသားမျိုးနွယ် သူပုန်တပ်မတော်သို့ ဝင်ရောက်ရန် ရွေးချယ်နိုင်သလို လူသားများနှင့် မိစ္ဆာမျိုးနွယ်တို့ကြားက တိုက်ပွဲတွင် မပါဝင်ရန်လည်း ရွေးချယ်နိုင်ပေသည်။ အရာအားလုံးက ပိုင်ရှင်၏ ဆန္ဒအပေါ်တွင်သာ မူတည်နေ၏။ ပိုင်ရှင်၏ မတူညီသော ရွေးချယ်မှုများအပေါ် အခြေခံ၍ အပြီးသတ်တွက်ချက်ချိန်၌ ပိုင်ရှင်သည် မတူညီသော ဆုလာဘ်များကို ရရှိမည်ဖြစ်သည်။】

【တာဝန် ၃ - ထုရှန်းအိမ်တော်တွင် မိခင်နှင့်သမီး တစ်စုံရှိပြီး နှစ်ဦးစလုံးမှာ ရှေးဟောင်း အမြီးကိုးချောင်း ကောင်းကင်မြေခွေး မျိုးနွယ်စုမှ ဖြစ်သည်။ အမြီးကိုးချောင်း ကောင်းကင်မြေခွေးမလေးသည် ပိုင်ရှင်နှင့် အသက်အရွယ်တူဖြစ်ပြီး သာမန် အမြီးကိုးချောင်း ကောင်းကင်မြေခွေး မျိုးနွယ်စုထက် များစွာသာလွန်သော သွေးဆက်နွယ်မှုပါရမီနှင့် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုကို ပိုင်ဆိုင်ထားပေသည်။】

အမြီးကိုးချောင်း ကောင်းကင်မြေခွေးမလေး၏ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် သူမအနေဖြင့် နှစ်တစ်ထောင်အတွင်း တာအိုကိုနားလည်သဘောပေါက်ပြီး ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူမသည် ကောင်းကင်တာအို၏ ငြင်းပယ်ခြင်းကိုခံရကာ သူမ၏ဝိညာဉ်မှာ ပျက်စီးသွားလိမ့်မည်။

အမြီးကိုးချောင်း ကောင်းကင်မြေခွေးမလေး၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ၊ အပြီးသတ်တွက်ချက်ချိန်တွင် ပိုင်ရှင်ရရှိမည့် ဆုလာဘ်များက ပိုမိုရက်ရောလေလေ ဖြစ်လိမ့်မည်။ သူမ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိသွားချိန်၌ ပိုင်ရှင်၏ ဆုလာဘ်များသည် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားပေမည်။

【မှတ်ချက် ၁ - အမြီးကိုးချောင်း ကောင်းကင်မြေခွေး မျိုးနွယ်စုသည် ခံစားချက်ဖြင့် မွေးဖွားလာကာ ခံစားချက်မှတစ်ဆင့် တာအိုကို နားလည်သဘောပေါက်ပြီး ခံစားချက်ကြောင့်ပင် သေဆုံးနိုင်ပေသည်။】

【မှတ်ချက် ၂ - တာဝန် ၃ က အများပြားဆုံးသော ဆုလာဘ်များကို ပေးအပ်ထားသည်။】

【မှတ်ချက် ၃ - အမြီးကိုးချောင်း ကောင်းကင်မြေခွေးမလေးက ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိသွားချိန်၌ တာဝန်အားလုံးကို အပြီးသတ်တွက်ချက်မည်ဖြစ်သည်။ ဤဘဝတွင် သူမက ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ မရောက်ရှိပါက၊ သူမ တာအိုကိုနားလည်သဘောပေါက်စေရန် ကူညီပေးဖို့အတွက် ပိုင်ရှင်၌ နောက်ထပ် ဘဝနှစ်ခု အချိန်ရဦးမည်ဖြစ်သည်။ ဘဝသုံးခု ကြာပြီးနောက်တွင်မူ တာဝန်တိုးတက်မှုအခြေအနေ မည်သို့ပင်ရှိစေကာမူ တာဝန်အားလုံးကို အပြီးသတ်တွက်ချက်မည် ဖြစ်သည်။】

【"ခံစားချက်" ဆိုသည့် စကားလုံးလေးက ရိုးရှင်းသော်လည်း ရှေးခေတ်ကာလများကတည်းက ဖြေရှင်းရအလွန်ခက်ခဲဆုံးအရာ ဖြစ်ပေသည်။】

【လောကကြီးက မြေခွေးမျိုးနွယ်စုကို ခံစားချက်၏ ထောင်ချောက်ထဲတွင် ပိတ်မိနေသည်ဟု ရယ်လှောင်ကြသော်လည်း လောကမှ လူသားများကကော အတူတူပဲ မဟုတ်ဘူးလား။】

【ပိုင်ရှင်အနေဖြင့် ဤခံစားချက် ဆိုသည့်စကားလုံးကို ထွင်းဖောက်မြင်နိုင်ပါမည်လား။】

ဘဝတစ်ရာကျမ်း၏ အသံ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ရှောင်မို၏ စိတ်အာရုံမှာ တစ်ဖန်ပြန်လည် တည်ငြိမ်သွားလေတော့သည်။

တောက်ပသော လရောင်သည် ပြတင်းပေါက်မှတစ်ဆင့် တိတ်ဆိတ်စွာ ဖြာကျနေပြီး ခြောက်သွေ့အေးစက်နေသော ထင်းပုံများကို လင်းလက်စေလျက် ရှောင်မို၏ မျက်နှာပေါ်သို့ ကျရောက်နေချေပြီ။

All Chapters