← Chapters

အခန်း ၅၁၃

Vol. 52 Ch. 513

အခန်း ၅၁၃

Vol. 52 Ch. 513

အခန်း (၅၁၃)

နောက်တစ်နေ့နံနက်ခင်း။

ရှောင်မိုတစ်ယောက် အိပ်ရာမှထကာ ဟင်းသီးဟင်းရွက်များကို ဆေးကြောနေစဉ်မှာပင် ဆရာနျူတို့အုပ်စု အတင်းတုတ်နေကြသည်ကို ကြားလိုက်ရလေ၏။ ယမန်နေ့ညနေခင်းက အိမ်တော်မှ ခိုးထွက်ရန် ကြိုးစားခဲ့သော သခင်မလေးထုရှန်းကျင်းစီကို အစေခံမလေးတစ်ယောက်က ဖမ်းမိသွားခဲ့ကြောင်းပင် ဖြစ်ပေသည်။

သခင်မလေးမှာ အစေခံမလေး၏ ချိုင်းကြားတွင် ညှပ်၍ ခေါ်ဆောင်သွားခံရစဉ် "ငါ ပြန်မသွားချင်ဘူး" ဟု အော်ဟစ်ရုန်းကန်နေခဲ့လေသည်။

ယခုအခါ ဤသခင်မလေးကို သူမ၏အမှားများအတွက် နောင်တရစေရန် သခင်မကြီးထုရှန်းက အခန်းတွင်း၌ အကျယ်ချုပ် ချထားလိုက်ချေပြီ။

ယမန်နေ့ညက ယုံကြည်မှုအပြည့်ရှိနေခဲ့သော ထုရှန်းကျင်းစီ၏ ပုံစံလေးကို ပြန်လည်အမှတ်ရမိကာ ရှောင်မိုတစ်ယောက် တိုးညင်းစွာ ရယ်မောလိုက်မိလေ၏။

သူမက အသက်ငါးနှစ်အရွယ် ကောင်မလေးတစ်ယောက်မျှသာ ဖြစ်ပေသည်။ သူမအနေဖြင့် အမြီးကိုးချောင်း ကောင်းကင်မြေခွေး မျိုးနွယ်စု၏ အခြေခံအကျဆုံး မွေးရာပါ ကိုယ်ပျောက်နတ်ဘုရားစွမ်းရည်လောက်ကိုသာ ပိုင်ဆိုင်ထားနိုင်ပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ပင် ခြေချရသေးမည် မဟုတ်ချေ။

ဤသို့သော အခြေအနေမျိုးဖြင့် သူမ မည်သို့လျှင် ထွက်ပြေးလွတ်မြောက်နိုင်ပါမည်နည်း။

သို့သော်လည်း ရှောင်မို၏ ရင်ထဲတွင်မူ အတော်လေး သိချင်စိတ်ပြင်းပြနေခဲ့ပေသည်။

မသေမျိုးမြေခွေးမြို့တော်သည် ပရမ်းပတာဖြစ်နေသော မြို့တစ်မြို့မဟုတ်သည့်အပြင် မသေမျိုးမြေခွေးမြို့တော်အတွင်း၌ မည်သူကများ ထုရှန်းအိမ်တော်၏ သခင်မလေးအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံရဲပါမည်နည်း။

ထိုသို့ဆိုလျှင် သခင်မကြီးထုရှန်းက သူမ၏သမီးကို အပြင်ဘက်သို့ ခြေတစ်လှမ်းမျှပင် အထွက်မခံရသည့် အကြောင်းရင်းက အဘယ်နည်း။

သခင်မလေး၏ အိမ်တော်မှ ခိုးထွက်ရန်ကြိုးစားမှုက ယာယီအားဖြင့် ပြီးဆုံးသွားချိန်တွင်

ထုရှန်းအိမ်တော်ရှိ ခြံဝင်းတစ်ခုအတွင်းတွင် လှပသော အမျိုးသမီးတစ်ဦးသည် သစ်သားကုလားထိုင်တစ်ခုပေါ်၌ ထိုင်နေလေ၏။

သူမသည် လရောင်ကဲ့သို့ ဖြူဖွေးနေသော ရင်စေ့နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်မှ အရောင်တူ ပိုးဇာပါးပါးလေးတစ်ထပ်ကို လွှမ်းခြုံထားပေသည်။

ပိုးဇာစမှာ အလွန်ပါးလွှာလှပြီး ယင်းကိုဖောက်ကြည့်လိုက်ပါက အောက်ခံအဝတ်အထည်၏ အသားအဆင်ကို မြင်တွေ့နိုင်သော်လည်း လုံးလုံးလျားလျားတော့ ရှင်းလင်းစွာ မမြင်ရပေ။

သူမက ခြေချိတ်ထိုင်နေကာ ဖြူဖွေးနေသော ညာဘက်ခြေတံက ဘယ်ဘက်ခြေတံပေါ်တွင် ဖိတင်ထားပြီး သူမ၏ဒူးများက အပြင်ဘက်သို့ အနည်းငယ် ကားထွက်နေလေ၏။ စကတ်အောက်နားစမှာ သူမ၏ခြေတံအလှအတိုင်း အနည်းငယ်ပွင့်ဟနေပြီး ရေနွေးနွေးဖြင့် စိမ်ထားသော သိုးဆီကျောက်စိမ်းကဲ့သို့ ဖြူဖွေးနုဖတ်နေသည့် ပေါင်တံတစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ပြသနေလေသည်။

အထက်ပိုင်းဆီသို့ ကြည့်လိုက်ပါက သူမ၏ရင်သားများကို ရင်စေ့အင်္ကျီဖြင့် ပင့်တင်ထားပြီး အသားအရေ တစ်စိတ်တစ်ပိုင်းကို မြင်တွေ့နေရ၏။ ရင်စေ့အင်္ကျီမှာ အရမ်းကျပ်မနေသလို အရမ်းလည်း ချောင်မနေဘဲ သူမ၏ အချိုးအစားကို ပြီးပြည့်စုံစွာ ထောက်ပံ့ပေးထားပေသည်။

အပေါ်မှ လွှမ်းခြုံထားသော ပိုးဇာစလေးမှာ သူမ၏ အသက်ရှူသံနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေလေတော့သည်။

လှပသော ထိုအမျိုးသမီးသည် အသက်သုံးဆယ်ကျော် အရွယ်လောက်သာ ရှိသေးမည်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့တွင်မူ သူမ၏အသက်မှာ နှစ်သုံးထောင်ကိုပင် ကျော်လွန်နေခဲ့ချေပြီ။

ထိုလှပသော အမျိုးသမီး၏ အရှေ့တွင် ကောင်မလေးတစ်ယောက်သည် ခြေထောက်နှစ်ဖက်ကို ပူးကာ ကြမ်းပြင်ပေါ်၌ ဒူးထောက်ထိုင်နေပေသည်။

သူမ၏ လက်သီးဆုပ်သေးသေးလေးများကို ပေါင်ပေါ်ရှိ စကတ်ပေါ်တွင် တင်ထားပြီး သူမ၏ခေါင်းပေါ်၌ ရေအပြည့်ဖြည့်ထားသော ကျောက်စိမ်းပန်းကန်လုံးတစ်လုံးကို တင်ထားလေ၏။

မြေခွေးနားရွက်လေးများဖြင့် ကောင်မလေးမှာ မျက်လွှာချထားကာ တရှုံ့ရှုံ့ဖြင့် အလွန်အမင်း နစ်နာနေပုံပေါက်နေလေတော့သည်။

"မင်း ဘာအမှားလုပ်ခဲ့လဲဆိုတာ သိလား"

ထုရှန်းရှင်းဟွာက သူမသမီး၏ နစ်နာနေပုံရသော အသွင်အပြင်ကို ကြည့်ရင်း ရယ်ရခက် ငိုရခက် ဖြစ်နေမိလေသည်။

"သမီး အမှားလုပ်မိမှန်း သိပါပြီ" ထုရှန်းကျင်းစီက သူမ၏ ပန်းရောင်သန်းနေသော ပါးပြင်ဖောင်းဖောင်းလေးများကို လေမှုတ်သွင်းလိုက်ပြီး သူမ၏ မျက်လုံးလေးများတွင် မျက်ရည်စလေးများ ရစ်ဝဲနေပေသည်။

"မင်းလေး တကယ်ပဲ အမှားလုပ်မိမှန်း သိလို့လား" ထုရှန်းရှင်းဟွာက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်လေ၏။ "အကြိမ်တိုင်းမှာ မင်းက မှားပါတယ်လို့ ပြောပေမဲ့ အကြိမ်တိုင်းမှာလည်း အဲဒီအမှားကိုပဲ ထပ်ခါတလဲလဲ လုပ်နေတာပဲ"

"အမေရယ်၊ သမီးတကယ် မှားမှန်းသိပါပြီ"

ထုရှန်းကျင်းစီက သူမ၏ တင်ပါးသေးသေးလေးကို ပွတ်သပ်လိုက်ပေသည်။

စကတ်အောက်တွင် သူမအမေ၏ ရိုက်နှက်ထားသော လက်ဝါးရာများ ကျန်ရှိနေဆဲပင် ဖြစ်၏။

ဒီတစ်ခါတော့ အမေက သူမကို တော်တော်လေး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပေသည်။

သူမ၏ တင်ပါးလေးများ ကွဲအက်သွားသလိုပင် ခံစားလိုက်ရလေသည်။

တကယ်ကို နာကျင်လှပေ၏။

"ထားလိုက်ပါတော့၊ ထတော့" ထုရှန်းရှင်းဟွာက သူမ၏ ခြေချိတ်ထားမှုကို ဖြုတ်ချလိုက်သည်။ "မင်းအခန်းထဲကို ပြန်သွား။ ဒီသုံးရက်အတွင်းမှာ မင်းရဲ့အမှားတွေကို သေသေချာချာ စဉ်းစားဆင်ခြင်ရမယ်၊ အပြင်ထွက်ခွင့်မရှိဘူး၊ နားလည်လား"

"ဟုတ်..."

ထုရှန်းကျင်းစီက ခေါင်းပေါ်ရှိ ကျောက်စိမ်းပန်းကန်လုံးကို အောက်သို့ချလိုက်ပြီး မတ်တတ်ရပ်လိုက်လေ၏။ နားရွက်လေးများရော အမြီးလေးပါ တွဲကျနေလျက် သူမ၏ အခန်းဆီသို့ နှေးကွေးလေးကန်စွာဖြင့် လျှောက်သွားလေတော့သည်။

"ဟူး... ဒီကလေးမလေးတော့လေ..."

သမီးဖြစ်သူ၏ ကျောပြင်လေးကို ကြည့်ရင်း ထုရှန်းရှင်းဟွာက သက်ပြင်းသဲ့သဲ့လေးတစ်ခု ချလိုက်သော်လည်း သူမ၏လေသံတွင် နာကျင်ခံစားရမှုအရိပ်အယောင်တစ်ခု ပါဝင်နေပေသည်။

"သခင်မကြီး... သခင်မလေးကို အကျယ်ချုပ်ချထားတဲ့ ကိစ္စက... တင်းတင်းကျပ်ကျပ် စောင့်ကြည့်ရမှာလားရှင်"

အစေခံမလေးတစ်ယောက်က ထုရှန်းရှင်းဟွာ၏ အနားသို့ လျှောက်လာပြီး တိုးညင်းစွာ မေးလိုက်လေ၏။

ထိုအစေခံမလေး၏ နာမည်မှာ ယွဲ့ရှီဖြစ်ပြီး ကြောင်မိစ္ဆာမလေးတစ်ဦးဖြစ်ကာ ထုရှန်းကျင်းစီ၏ ကိုယ်ပိုင်အစေခံမလေးလည်း ဖြစ်ပေသည်။

"မလိုပါဘူး..." ထုရှန်းရှင်းဟွာက ခေါင်းခါပြလိုက်သည်။ "ဒီကလေးမလေးကို ချုပ်လှောင်ထားလို့ မရပါဘူး။ သူ ခိုးထွက်ရင်လည်း ခိုးထွက်ပါစေတော့။ အိမ်တော်ပြင်ပကို မရောက်သွားသရွေ့တော့ အဆင်ပြေပါတယ်"

"ဟုတ်ကဲ့ပါ သခင်မကြီး၊ ကျွန်မ နားလည်ပါပြီ" ယွဲ့ရှီက အရိုအသေပေးလိုက်ပြီးနောက် နောက်ဆုတ်ထွက်ခွာသွားလေတော့သည်။

ယွဲ့ရှီ ထွက်ခွာသွားပြီး မကြာမီမှာပင် ထုရှန်းရှင်းဟွာက အခန်းတွင်းရှိ ပန်းချီကားချပ်အကာအရံတစ်ခုဆီသို့ ကြည့်လိုက်ပေသည်။

"ရောက်နေမှတော့ ဘာလို့ ပုန်းနေသေးတာလဲ။ မုဆိုးမတစ်ယောက်ဖြစ်တဲ့ ငါကများ တိတ်တိတ်ပုန်းရည်းစား ထားနေသလို ဖြစ်နေပြီ"

"ဟီးဟီးဟီး..."

ပန်းချီကားချပ်အကာအရံနောက်မှ ကြည်လင်သာယာသော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး အသက်နှစ်ဆယ်အရွယ်ခန့်ရှိသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာလေ၏။

ထိုအမျိုးသမီးက ထုရှန်းရှင်းဟွာ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး အားနာဟန်မရှိဘဲ သူမဘာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်လိုက်လေသည်။

"ဘယ်လိုဖြစ်ပြီး ငါ့ဆီလာဖို့ အချိန်ရနေတာလဲ" ဟု ထုရှန်းရှင်းဟွာက တည်ငြိမ်စွာ မေးလိုက်၏။

ဤအမျိုးသမီးမှာ မြို့တော်ရှိ လုမိသားစု၏ ပထမသခင်မကြီး လုရှာ ပင်ဖြစ်ပြီး ထုရှန်းရှင်းဟွာ၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးလည်း ဖြစ်ချေသည်။

"အိမ်မှာ ဘာမှလုပ်စရာမရှိလို့ပါ။ ဘာလဲ၊ ပျင်းလို့ နင့်ဆီ လာလည်တာတောင် မရဘူးလား" လုရှာက ရယ်မောလိုက်လေသည်။ "ဒါနဲ့ စကားမစပ်၊ နင်က ဘာလို့ ကျင်းစီကို နေ့တိုင်း ရိုက်နေရတာလဲ။ သနားစရာပုံစံလေးနဲ့၊ အဒေါ်တစ်ယောက်ဖြစ်တဲ့ ငါတောင် ကြည့်မရက်ဘူး"

"ငါ သူ့ကို နေ့တိုင်း မရိုက်ပါဘူး" ထုရှန်းရှင်းဟွာက သက်ပြင်းချလိုက်၏။ "ဒီကလေးမလေးရဲ့ စိတ်နေသဘောထားက အရိုင်းဆန်လွန်းလို့ပါ၊ သူက အမြဲတမ်း ဆော့ဖို့ ခိုးထွက်ဖို့ပဲ ကြိုးစားနေတာ။ အခု အချိန်ကန့်သတ်ချက်ကလည်း နီးလာပြီဆိုတော့ ငါ ပိုပြီး ဂရုစိုက်မှ ဖြစ်မှာမို့လို့ပါ"

"အင်း" လုရှာက တွေးတောစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် မော့ကြည့်ကာ မေးလိုက်သည်။ "နောက်လက ကျင်းစီရဲ့ မွေးနေ့ မဟုတ်လား"

"ဟုတ်တယ်"

ထုရှန်းကျင်းစီ၏ မွေးနေ့ကို ဖော်ပြလိုက်ချိန်တွင် ထုရှန်းရှင်းဟွာ၏ မျက်နှာထားမှာ ပိုမိုလေးနက်တည်ကြည်လာခဲ့ပေသည်။

သူမသမီး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အလွန်ကို ထူးခြားလွန်းလှပေသည်။

အမြီးကိုးချောင်း ကောင်းကင်မြေခွေး မျိုးနွယ်စုတစ်ခုလုံးကို ခြုံငုံကြည့်ပါက အမြီးကိုးချောင်း ကောင်းကင်မြေခွေးများ တောင်ကြားခေတ်မှ စတင်ထွက်ပေါ်လာချိန်ကတည်းကစ၍ မျိုးနွယ်စု၏ သမိုင်းမှတ်တမ်းများအရ ကျင်းစီအပါအဝင် ဤသို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသည့် အမြီးကိုးချောင်း ကောင်းကင်မြေခွေး ငါးကောင်သာ ရှိခဲ့လေ၏။

ထို့အပြင် ကျင်းစီ၏ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားသော ကံကြမ္မာတစ်ခုကို ယူဆောင်လာရန် သတ်မှတ်ခံထားရပေသည်။

ကျင်းစီ၏ အဘိုးဖြစ်သူက သူမအတွက် တစ်ခါက ဗေဒင်တွက်ချက်ပေးခဲ့ဖူးလေသည်။

ကျင်းစီ၏ အသက်ခြောက်နှစ်ပြည့် မွေးနေ့မတိုင်မီ သူမကို ပထမဆုံးထိတွေ့သော အထီးသတ္တဝါက သူမ၏ အနာဂတ် စိတ်နှလုံးမိစ္ဆာဘေးဒဏ် ဖြစ်လာလိမ့်မည်ပင်။

အမြီးကိုးချောင်း ကောင်းကင်မြေခွေး မျိုးနွယ်စုအတွက် စိတ်နှလုံးမိစ္ဆာဘေးဒဏ် ရှိနေရန်မှာ မရှိမဖြစ် လိုအပ်ပေသည်။

သို့သော် ဤစိတ်နှလုံးမိစ္ဆာဘေးဒဏ်ကို ကျော်ဖြတ်ရန်မှာ အလွန်တရာ ခက်ခဲလွန်းလှပြီး ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက်ပင် ပိုမိုခက်ခဲသည်ဟု ဆိုနိုင်လေ၏။

စိတ်နှလုံးမိစ္ဆာဘေးဒဏ်က ကျော်ဖြတ်ရန် အလွန်ခက်ခဲနေမှတော့ အခြားတစ်ခုနှင့် ပြောင်းလဲပစ်လိုက်မည်သာ ဖြစ်ပေသည်။

ထို့ကြောင့် ထုရှန်းရှင်းဟွာက သူမ၏သမီးကို မည်သည့် အထီးသတ္တဝါနှင့်မျှ အထိအတွေ့မခံခဲ့ခြင်း ဖြစ်လေသည်။

သူမသမီးအတွက် ကောင်းကင်မဟာတာအိုကို တစ်ကြိမ်မျှ လှည့်စားချင်ခဲ့ပေ၏။

ထိုမှတစ်ဆင့် ဤအလွန်ခက်ခဲဆုံးသောစိတ်နှလုံးမိစ္ဆာဘေးဒဏ်ကို အစားထိုးနိုင်ရန် ဖြစ်လေသည်။

သို့ရာတွင် ကောင်းကင်ဘုံကို လှည့်စားခြင်းဆိုသည်ကို အလွန်အကျွံ လုပ်ဆောင်၍မရချေ။ ထိုသို့မဟုတ်ပါက ကောင်းကင်တာအို၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသလို ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် ထုရှန်းရှင်းဟွာအနေဖြင့် သူမ၏သမီးကို အခန်းတွင်း၌ ပိတ်လှောင်ထားပြီး အပြင်သို့ လုံးဝပေးမထွက်ဘဲ နေရန် နည်းလမ်းမရှိခဲ့ပေ။

ထို့အပြင် အိမ်တော်အတွင်း၌ အထီးသတ္တဝါများ လုံးဝမရှိစေရန် သေချာအောင် လုပ်ဆောင်နိုင်စွမ်းလည်း မရှိခဲ့ချေ။

ထုရှန်းရှင်းဟွာ လုပ်နိုင်သမျှမှာ သူမ၏ ထုရှန်းအိမ်တော်ကို ကမ္ဘာငယ်လေးတစ်ခုသဖွယ် စီစဉ်ဖန်တီးထားရန်သာ ဖြစ်လေသည်။

ဤကမ္ဘာငယ်လေးထဲတွင် အမျိုးသားများနှင့် အမျိုးသမီးများ၊ မြက်ပင်များနှင့် သစ်ပင်များ၊ လူသားများနှင့် မိစ္ဆာများက ရေစီးကြောင်းသဖွယ် သွားလာလှုပ်ရှားနေကြပြီး အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်နေပေသည်။

သူမသမီး၏ တူတူပုန်းတမ်း ကစားခြင်းနှင့်ပတ်သက်၍ပင် သူမအနေဖြင့် မသိမမြင်ဟန် ဆောင်ထားပေးရန်သာ တတ်နိုင်ပြီး သမီးဖြစ်သူကို အလွန်အမင်း တင်းကျပ်စွာ ပိတ်လှောင်ထားခြင်း သို့မဟုတ် သူမ၏ လွတ်လပ်ခွင့်ကို အရမ်းကာရော ကန့်သတ်ထားခြင်းမျိုး မလုပ်ဆောင်နိုင်ခဲ့ပေ။

သို့သော်လည်း ထုရှန်းရှင်းဟွာက စည်းမျဉ်းတစ်ခုကို ချမှတ်ခဲ့လေသည်။ မည်သည့် အထီးသတ္တဝါမှ သူမသမီး၏ ဆံပင်တစ်မျှင်ကိုပင် မထိရ ဆိုသည့် စည်းမျဉ်းပင်။

ထုရှန်းအိမ်တော်၏ စည်းမျဉ်းများအောက်တွင်။

သူမ မွေးဖွားလာချိန်မှစ၍ ယခုအချိန်အထိ ထုရှန်းကျင်းစီသည် မည်သည့် အထီးသတ္တဝါကိုမျှ တစ်ကြိမ်တစ်ခါမျှ မထိတွေ့ဖူးခဲ့ချေ။

"အခုတော့ ဒီတစ်လပဲ ကျန်တော့တယ်။ ထုရှန်းကျင်းစီရဲ့ မွေးနေ့ကျော်သွားတာနဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်"

ထုရှန်းရှင်းဟွာက သူမ၏ လက်သေးသေးလေးများကို ဆုပ်ထားလိုက်ပြီး မျက်နှာထား တည်ကြည်လေးနက်စွာဖြင့် ဖြည်းညင်းစွာ ဆိုလေ၏။

"ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..."

လုရှာက စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်ပြီး ဆက်မပြောတော့ဘဲ ပြတင်းပေါက်အပြင်ဘက်သို့သာ ငေးကြည့်နေလေတော့သည်။

အကယ်၍ အချစ်ကိုသာ ရှောင်လွှဲနိုင်ခဲ့မည်ဆိုပါက။

လောကကြီးတွင် အသက်နှင့်သေဆုံးခြင်းကို ပမာမထားဘဲ တစ်ဦးနောက်တစ်ဦး တသီတတန်းကြီး လိုက်ပါသွားကြသူတွေ ဒီလောက်များပြားနေပါဦးမည်လား။

All Chapters