အခန်း ၅၁၆
Vol. 52 Ch. 516
အခန်း (၅၁၆)
တခြားသူများအားလုံး အလုပ်များနေချိန်တွင် ထုရှန်းကျင်းစီက ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေဟန်ဆောင်ကာ သူမ၏ အမြီးလေးကို တလှုပ်လှုပ်ခါရမ်းရင်း ရှောင်မိုအနီးသို့ ချဉ်းကပ်သွားလေ၏။
ရှောင်မို သတိထားမိလိုက်ချိန်တွင် ထုရှန်းကျင်းစီမှာ သူ၏ဘေးနား၌ ရပ်နေနှင့်ပြီးဖြစ်ကာ သူမ၏ မြေခွေးမျက်လုံးလေးများဖြင့် သူ့အား ပြုံးရွှင်စွာ ကြည့်နေသည်ကို တွေ့လိုက်ရပေသည်။
"ဂါရဝပြုပါတယ် သခင်မလေး" ရှောင်မိုက ရိုးရှင်းစွာ ဦးညွှတ်နှုတ်ဆက်လိုက်၏။
"အင်း အင်း" ထုရှန်းကျင်းစီက ပျော်ရွှင်စွာ ခေါင်းညိတ်ပြလေသည်။
ထုရှန်းကျင်းစီက ရှောင်မိုနှင့် စကားအနည်းငယ် ထပ်ပြောချင်နေဆဲမှာပင် သူက သူမကို မသိဟန်ဆောင်ကာ မီးဖို၌သာ ဆက်လက်အလုပ်လုပ်နေခဲ့ချေသည်။
ရှောင်မိုက သူမကို လျစ်လျူရှုထားသည်ကို မြင်လိုက်ရသောအခါ ထုရှန်းကျင်းစီက ပါးပြင်လေးများကို ဖောင်းကားလိုက်ပြီး သူမ၏မျက်နှာထားမှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားပုံ ပေါ်လေ၏။
သို့သော်လည်း ခေါင်းကိုလှည့်ကြည့်လိုက်ရာ အစ်မယွဲ့ရှီက သူမကို စောင့်ကြည့်နေသည်ကို ထုရှန်းကျင်းစီ မြင်လိုက်ရပြီး အကြောင်းရင်းကို နားလည်သွားတော့သည်။
"သခင်မလေး၊ မီးဖိုချောင်က ဟင်းချက်ဖို့ အလုပ်များနေပြီး မီးခိုးတွေလည်း အရမ်းထူတယ်။ တခြားတစ်နေရာကို အရင်သွားကြရအောင်"
ခဏအကြာတွင် ယွဲ့ရှီက လျှောက်လာပြီး ထုရှန်းကျင်းစီကို ပြောလိုက်ပေသည်။
"အို..."
"..."
ထုရှန်းကျင်းစီက သူမ၏ ခေါင်းသေးသေးလေးကို ငုံ့ထားလိုက်လေ၏။
တကယ်တော့ သူမအနေဖြင့် တခြားဘယ်ကိုမှ မသွားချင်ခဲ့ပေ။ ရှောင်မိုနှင့်အတူ အချိန်အနည်းငယ် ပိုနေချင်ရုံသာ ဖြစ်ချေသည်။
သို့သော်လည်း သူမက မီးဖိုဆောင်ခြံဝင်းထဲတွင် အချိန်ပြည့်နေ၍မရကြောင်းကိုလည်း သိရှိထား၏။ ထိုသို့မဟုတ်ပါက ရှောင်မိုနှင့် သူမ၏ သူငယ်ချင်းဆက်ဆံရေးကို လူသိရှင်ကြားဖြစ်သွားစေပြီး သူ့အတွက် ပြဿနာများစွာ ဖြစ်လာစေနိုင်ပေသည်။
ထို့ကြောင့် ထုရှန်းကျင်းစီက ဆက်နေရန် ခေါင်းမာမနေတော့ဘဲ လိမ္မာရေးခြားရှိစွာဖြင့် အစ်မယွဲ့ရှီ၏ နောက်သို့ လိုက်ပါသွားလေတော့သည်။
သူမ၏ ခြံဝင်းငယ်လေးဆီသို့ ပြန်ရောက်လာပြီးနောက် ထုရှန်းကျင်းစီသည် ကျောက်တုံးခုံလေးပေါ်တွင် ထိုင်ကာ မေးထောက်ထားရင်း ကောင်းကင်ကြီးကို ငေးမောကြည့်နေမိလေ၏။ သူမ၏ အမြီးသေးသေးလေးက တလှုပ်လှုပ်ဖြစ်နေပြီး ညဉ့်အချိန် ရောက်ရှိလာမည့်အချိန်ကိုသာ မျှော်လင့်တကြီး စောင့်စားနေမိပေသည်။
ထုရှန်းကျင်းစီအတွက် ဤသည်မှာ ညဉ့်အချိန်ကို ဤမျှလောက် မျှော်လင့်တကြီး စောင့်စားဖူးခြင်း၏ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ညရောက်လာပါက ရှောင်မိုဆီသို့ သွားရောက်ကာ ထပ်မံဆော့ကစားနိုင်မည် ဖြစ်သောကြောင့်တည်း။
သူမက စောင့်ရင်း စောင့်ရင်း၊ ထပ်ခါတလဲလဲ စောင့်စားနေခဲ့၏။
တစ်နေ့တာအချိန်သည် ဤမျှလောက် ရှည်လျားလှသည်ဟု ထုရှန်းကျင်းစီ ပထမဆုံးအကြိမ် ခံစားလိုက်ရပေသည်။
နောက်ဆုံးတွင်တော့ ကောင်းကင်ကြီးက မှောင်မိုက်သွားခဲ့လေပြီ။
ညစာစားပြီးနောက် ထုရှန်းကျင်းစီသည် အစေခံမလေးများ၏ ပြုစုယုယမှုအောက်တွင် ရေချိုးသန့်စင်လိုက်ပြီး ကုတင်ပေါ်သို့ လိမ္မာစွာ တက်ကာ စောင်ခြုံလျက် အိပ်စက်ရန် ပြင်ဆင်လိုက်လေတော့သည်။
အခြား အစေခံမလေးနှစ်ယောက်မှာ သခင်မလေး၏ ဤကဲ့သို့သော ပုံစံကိုမြင်ပြီး ကြက်သေသေသွားကြလေ၏။ သခင်မလေးက သူမ၏ ပုံမှန်အကျင့်စရိုက်မဟုတ်ဘဲ လိမ္မာလွန်းနေသည်ဟု သူတို့ ခံစားလိုက်ရပေသည်။
အကြောင်းရင်းကို သိနေသော ယွဲ့ရှီကတော့ ဘာမျှမပြောခဲ့ဘဲ ထိုအစေခံမလေး နှစ်ယောက်ကိုသာ သူတို့အလုပ် သူတို့ဆက်လုပ်စေရန် လွှတ်ထားလိုက်လေသည်။
ဟိုင်နာရီ ထက်ဝက်ကျော်လွန်သွားချိန်တွင် ထုရှန်းကျင်းစီက ထင်းတင်းကုပ်၏ သစ်သားတံခါးရှေ့သို့ ထပ်မံရောက်ရှိလာခဲ့ပြီး သူမ၏ လက်သေးသေးလေးဖြင့် တံခါးကို ခေါက်လိုက်ပြန်၏။
ရှောင်မိုက တံခါးကို ဖွင့်လိုက်ရာ အရှေ့တွင် လှပသေသပ်စွာ ရပ်နေသော ထုရှန်းကျင်းစီကို မြင်လိုက်ရပေသည်။ သူမက ပျော်ရွှင်စွာဖြင့် "ရှောင်မို၊ ငါ နင့်ဆီကို ဆော့ဖို့ လာတာ" ဟု ဆိုလေသည်။
ရှောင်မိုကလည်း စကားများများစားစား မပြောတော့ဘဲ ထုရှန်းကျင်းစီကို ထင်းတင်းကုပ်ထဲသို့ ဝင်ခွင့်ပြုလိုက်ပြီး သူမနှင့်အတူ စစ်တုရင်ကစားနည်းကို အတူတကွ ဆော့ကစားပေးလေတော့သည်။
ရှောင်မိုအတွက်တော့ ဤအချိန်လေးက သူ၏တစ်နေ့တာအတွင်း ရရှိနိုင်သော ရှားပါးလှသည့် အပန်းဖြေချိန်များအနက်မှ တစ်ခုပင် ဖြစ်ချေသည်။
သတိမထားမိလိုက်ခင်မှာပင် လဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။
ထုရှန်းကျင်းစီက နေ့စဉ်ရက်ဆက် ရှောင်မိုဆီသို့ သွားရောက်လေ့ရှိပေသည်။
အစပိုင်းတွင် ယွဲ့ရှီက ဤလူသားမျိုးနွယ် ကောင်လေးအပေါ် အနည်းငယ် မနှစ်မြို့မှု ရှိခဲ့ပြီး အလွန်အမင်း သတိထားစောင့်ကြည့်နေခဲ့၏။
ဤလူသားမျိုးနွယ် ကောင်လေးက သူမ၏ သခင်မလေးကို ထိမိနိုင်ချေရှိသည်နှင့် တစ်ပြိုင်နက် ယွဲ့ရှီက ချက်ချင်း ထွက်ပေါ်လာကာ တားဆီးလေ့ရှိပေသည်။
သို့သော်လည်း ဤလူသားမျိုးနွယ် ကောင်လေးမှာ တကယ်ကို ကွာခြားနေကြောင်း ယွဲ့ရှီက တွေ့ရှိလာရလေသည်။
သူမ၏ သခင်မလေးနှင့် ရင်ဆိုင်ရချိန်တွင် သူက အခြားအစေခံများကဲ့သို့ ကြောက်ရွံ့နေခြင်းမျိုး မရှိသလို ဖားယားမြှောက်ပင့်လိုသည့် အရိပ်အယောင်မျိုးလည်း မပြသခဲ့ချေ။
အမှန်တကယ်တော့ သခင်မလေးက သူ့အနားသို့ ချဉ်းကပ်လာတိုင်း သူက အကွာအဝေးတစ်ခုအထိ ရောက်အောင် နောက်ဆုတ်သွားတတ်လေ၏။
ထို့အပြင် ဤလူသားမျိုးနွယ် ကောင်လေးမှာ သူ၏ဦးနှောက်ထဲတွင် လှည့်ကွက်များစွာ ရှိနေပုံရပေသည်။
သူက ကြက်ခြေခတ်နှင့် သုည ဇယားကွက် ကစားနည်းကိုသာ တီထွင်ခဲ့သည်မဟုတ်ဘဲ နောက်ပိုင်းတွင် အမှတ်ငါးခုဆက် ကစားနည်းဆိုတာမျိုး၊ ထို့နောက် ကွက်နင်းခုန် ကစားနည်း ဆိုတာမျိုးတွေကိုပါ ထပ်မံထုတ်ဖော်လာခဲ့လေသည်...
သူတို့နှစ်ယောက် ဆော့ကစားနေသည်ကို ကြည့်ရင်း ယွဲ့ရှီက တစ်ခါတစ်ရံတွင် နားလည်သဘောပေါက်သည့် အပြုံးလေးတစ်ခုကိုပင် ပြသလာခဲ့၏။
ကလေးငယ်များကြားရှိ အပြစ်ကင်းစင်သော သူငယ်ချင်းသံယောဇဉ်ဆိုသည်မှာ ဤကဲ့သို့ပင် ဖြစ်သင့်ပြီး အဆင့်အတန်း သို့မဟုတ် မျိုးနွယ်များနှင့် မသက်ဆိုင်သင့်ဟု သူမက ခံစားမိနေသည့်အလားပင်။
သို့သော်လည်း မကြာမီမှာပင် ယွဲ့ရှီက ထိုသို့သော မသင့်တော်သည့် အတွေးများကို သူမ၏ စိတ်ထဲမှ ဖယ်ရှားပစ်လိုက်လေသည်။
လူသားမျိုးနွယ်ဆိုသည်မှာ အမြဲတမ်း လူသားမျိုးနွယ်သာ ဖြစ်နေမည်ဖြစ်ပြီး သခင်မလေးကမူ မြင့်မြတ်သော အမြီးကိုးချောင်း ကောင်းကင်မြေခွေး သွေးဆက်နွယ်မှုကို ပိုင်ဆိုင်ထားပေသည်
သူတို့နှစ်ယောက်ကြားတွင် သခင်နှင့် ကျွန် ဆိုသည့် ကွာခြားချက်ကြီးက အမြဲတမ်း ပိုင်းခြားထားမည်သာ ဖြစ်ချေသည်
ယခုအချိန်တွင် ဤကောင်လေးမှာ သခင်မလေး၏ ပျင်းရိမှုကို ယာယီဖြေဖျောက်ပေးရန် ကိရိယာတစ်ခုမျှသာ ဖြစ်လေ၏
နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားပြန်ပေသည်။
ထုရှန်းကျင်းစီ၏ အသက်ခြောက်နှစ်ပြည့် မွေးနေ့ပွဲက နီးကပ်လာခဲ့ချေပြီ။
ထုရှန်းအိမ်တော်တစ်ခုလုံးကလည်း တဖြည်းဖြည်းနှင့် အလုပ်များလာခဲ့လေသည်။
အိမ်တော်တစ်ခွင်တွင် မြင့်မားသော မီးပုံးနီကြီးများနှင့် အရောင်အသွေးစုံလင်သည့် ပိုးဖဲကြိုးများကို ချိတ်ဆွဲထားကြပြီး ဖိတ်စာရာပေါင်းများစွာကိုလည်း ပေးပို့ထားပြီး ဖြစ်ပေသည်။
မသေမျိုးမြေခွေးမြို့တော်ရှိ သာမန်ပြည်သူများကမူ ထုရှန်းအိမ်တော် သခင်မလေး၏ မွေးနေ့ပွဲအတွက် ပို၍ပင် မျှော်လင့်တကြီး ဖြစ်နေကြလေ၏။
မည်သို့ပင်ဖြစ်စေ မသေမျိုးမြေခွေးမြို့တော်၏ နံပါတ်တစ် မိသားစုကြီးမှ တစ်ဦးတည်းသော သမီးတော်လေး၏ မွေးနေ့ပွဲမှာ အလွန်တရာ ကြီးကျယ်ခမ်းနားမည်ဆိုသည်မှာ သေချာနေပေသည်။
ထုရှန်းအိမ်တော်၏ သခင်မလေးမှာ ထိုအဘိုးအိုကြီး၏ သွေးသားအရင်း မြေးမလေးဖြစ်နေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ကောလာဟလများအရ ထုရှန်းအိမ်တော် သခင်မလေး၏ မွေးနေ့ပွဲကျင်းပမည့်ရက်တွင် ထိုအဘိုးအိုကြီးကိုယ်တိုင် မြေးမလေး၏ မွေးနေ့ကို ကျင်းပပေးရန် ရောက်ရှိလာမည်ဟု ဆိုကြလေသည်။
ထိုအဘိုးအိုကြီးသာ ရောက်လာခဲ့ပါက ကောင်းကင်မိစ္ဆာနိုင်ငံတော်၏ အရှင်သခင်က မည်သို့လျှင် မျက်နှာမပြဘဲ နေနိုင်ပါမည်နည်း။
ကောင်းကင်မိစ္ဆာနိုင်ငံတော်၏ အရှင်သခင်မှာ ခရီးစတင်ထွက်ခွာလာပြီဖြစ်ပြီး မသေမျိုးမြေခွေးမြို့တော်ဆီသို့ ဦးတည်လာနေပြီဖြစ်ကြောင်း ကြားသိရပေသည်။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် ထုရှန်းအိမ်တော် သခင်မလေး၏ မွေးနေ့ပွဲက မည်မျှလောက် စည်ကားသိုက်မြိုက်မည်ကို ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။
ထုရှန်းအိမ်တော်ရှိ အစေခံများမှာမူ ပို၍ပင် ဂုဏ်ယူဝင့်ကြွားနေကြပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများကို မြင်တွေ့ရရန် မျှော်လင့်လျက် သူတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပိုမိုတက်ကြွစွာ လုပ်ဆောင်နေကြလေ၏။
သို့သော်လည်း ရှောင်မိုကတော့ ထိုပုဂ္ဂိုလ်ကြီးများနှင့်ပတ်သက်၍ များစွာ စိတ်ဝင်စားမှု မရှိခဲ့ချေ။
အားလပ်ချိန်ရသည့် ညတိုင်းတွင် ရှောင်မိုက တစ်ခုခုကို သူချည်းသက်သက် ထွင်းထုနေလေ့ရှိပေသည်။
သူမက သူ့ကို သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားမှတော့ သူမ၏ မွေးနေ့အတွက် သူက လက်ဆောင်တစ်ခု ပေးရမည်သာ ဖြစ်လေ၏။
သေချာသည်မှာတော့ သူဖန်တီးနေသည့် လက်ဆောင်ကို သူမ နှစ်သက်မည်လားဆိုသည်ကို ရှောင်မို မသိရှိခဲ့ပေ။
ထုရှန်းကျင်းစီ၏ မွေးနေ့မတိုင်မီ ညတွင်။
ထုံးစံအတိုင်းပင် ထုရှန်းကျင်းစီက ရှောင်မိုနှင့် ဆက်လက်ဆော့ကစားရန် မီးဖိုဆောင်ခြံဝင်းဆီသို့ ရောက်ရှိလာခဲ့လေသည်။
ရေကန်စပ်သို့သွား၍ ငါးမျှားရန် ရှောင်မိုက အကြံပြုလိုက်ရာ ထုရှန်းကျင်းစီကလည်း သဘာဝကျကျပင် သဘောတူလိုက်၏။
မကြာမီမှာပင် သူတို့နှစ်ဦးမှာ အိမ်တော်ရှိ ရေကန်စပ်သို့ ရောက်ရှိသွားကြပေသည်။
ရှောင်မိုက ထုရှန်းကျင်းစီအတွက် သစ်ကိုင်းတစ်ကိုင်းကို အသုံးပြု၍ ငါးမျှားတံငယ်လေးတစ်ခု ပြုလုပ်ပေးလိုက်လေသည်။
သူတို့နှစ်ဦးက ရေကန်စပ်တွင် ထိုင်လိုက်ကြပြီး တီကောင်တစ်ကောင်ကို ချိတ်တွင်တပ်ကာ ငါးများ ငါးစာဟပ်မည့်အချိန်ကို စောင့်ဆိုင်းနေကြလေ၏။
ဤနည်းလမ်းဖြင့် တကယ်ပဲ ငါးဖမ်းမိနိုင်မည်လားဆိုသည်ကို ထုရှန်းကျင်းစီ မသိရှိခဲ့ပေ။
သို့ရာတွင် ရှောင်မိုနှင့်အတူ ဆော့ကစားနေရသရွေ့ အရာရာတိုင်းက ပျော်စရာကောင်းနေမည်ဟုသာ သူမက ခံစားမိလေသည်။
ထို့အပြင် ဒီည သူမသာ ငါးဖမ်းမိခဲ့လျှင် သူမကို လက်ဆောင်တစ်ခုပေးမည်ဟု ရှောင်မိုက ပြောထားခဲ့ပေသည်
လက်ဆောင်ရရှိရေးအတွက် မြေခွေးနားရွက်လေးများဖြင့် ကောင်မလေး၏ မျက်လုံးများက ရေပြင်ပေါ်သို့ စူးစိုက်ကျရောက်နေပြီး သူမနောက်ရှိ အမြီးလေးကပါ အကြောများ တင်းကျပ်နေသည့်အလား ပုံပေါ်နေလေတော့သည်။
"ဒါပေမဲ့ ဘာလို့ အခုထိ ငါးတွေက ငါးစာလာမဟပ်သေးတာလဲ"
နာရီဝက်ခန့် အချိန်ကုန်လွန်သွားပြီးနောက် ထုရှန်းကျင်းစီက သူမ၏ ပါးပြင်လေးများကို ဖောင်းကားလိုက်ပြီး အနည်းငယ် စိတ်ပျက်အားလျော့သွားသလို ခံစားလိုက်ရလေ၏။
ဒီအတိုင်းသာ ဆက်သွားနေရင် သူမရဲ့ လက်ဆောင်လေးတော့ လွတ်သွားတော့မှာလား...
ငါးလေး၊ ငါးလေးရယ်၊ မြန်မြန်လေး ငါးစာလာဟပ်ပါတော့။
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းတွင်ရှိနေသော ယွဲ့ရှီက သခင်မလေးနှင့် လူသားမျိုးနွယ် ကောင်လေးတို့၏ ကျောပြင်များကို ကြည့်ရင်း မျက်လွှာချလိုက်မိလေသည်။
ယွဲ့ရှီ၏ အမြင်တွင်တော့။
ဒီညဟာ သခင်မလေးနှင့် ဤကောင်လေးတို့ အချင်းချင်း တွေ့မြင်ရမည့် နောက်ဆုံးအချိန်ပင် ဖြစ်ပေသည်။
အနာဂတ်တွင် သခင်မလေးက အိမ်တော်မှ ထွက်ခွာနိုင်မည်ဖြစ်ပြီး မိစ္ဆာမျိုးနွယ် သူငယ်ချင်းများစွာ ရှိလာမည်ဖြစ်ကာ လူသားမျိုးနွယ်တစ်ယောက်ဖြစ်သည့် သူ့အနေဖြင့်မူ သခင်မလေးနှင့်အတူ လိုက်ပါခွင့်ရှိသည့် အဆင့်အတန်း ရှိတော့မည် မဟုတ်ချေ။
ယွဲ့ရှီက ကလေးနှစ်ယောက်၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေစဉ်မှာပင်။
ရုတ်တရက် ယွဲ့ရှီ၏ စိတ်အာရုံက တင်းမာသွားခဲ့လေ၏။
"သခင်မလေး၊ သတိထား"
ယွဲ့ရှီက အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကလည်း တစ်ချိန်တည်းမှာပင် ရှေ့သို့ ပြေးဝင်သွားလေတော့သည်။
ဓားအလင်းတန်းတစ်ခုက ညကောင်းကင်ယံကို ထိုးခွဲလာပြီး ထုရှန်းကျင်းစီ၏ ကျောပြင်ဆီသို့ တည့်မတ်စွာ ထိုးစိုက်ဝင်ရောက်လာခဲ့ချေပြီ။