အခန်း ၅၁၇
Vol. 52 Ch. 517
အခန်း (၅၁၇)
မသေမျိုးမြေခွေးမြို့တော်၊ မြို့စားအိမ်တော်။
ဧည့်ခံပွဲအခမ်းအနားတွင် တောက်ပသော အနီရောင်ဝတ်ရုံများကို ဆင်မြန်းထားသည့် ကချေသည်မလေးများက ယဉ်ကျေးသိမ်မွေ့စွာ ကခုန်ဖျော်ဖြေနေကြလေ၏။
မြို့စားအိမ်တော်မှ အစေခံမလေးများသည် သေရည်များနှင့် ဟင်းပွဲများကို ကိုင်ဆောင်လျက် ဧည့်သည်တော်များ၏ ထိုင်ခုံများကြားတွင် ဟိုမှဒီသို့ သွားလာလှုပ်ရှားနေကြပေသည်။
ဧည့်ခံပွဲ၏ အရှေ့ဆုံးထိပ်တွင်မူ မသေမျိုးမြေခွေးမြို့တော်၏ မြို့စားကြီး ထိုင်နေလေသည်။
သူ၏ ဘယ်ညာတစ်ဖက်တစ်ချက်စီတွင် မသေမျိုးမြေခွေးမြို့တော်ရှိ အကြီးမားဆုံးသော မိသားစုကြီးလေးခုမှ ကိုယ်စားလှယ်များက နေရာယူထားကြ၏။
ထိုမိသားစုကြီးလေးခု၏ အနောက်ဘက်နေရာများတွင်တော့ မသေမျိုးမြေခွေးမြို့တော်ရှိ လုပ်ငန်းနယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ ထိုင်နေကြပေသည်။
မိစ္ဆာမျိုးနွယ်အချို့သည် သူတို့ရှေ့ရှိ ဟင်းပွဲများကိုကြည့်ရင်း မြိုချရန် အနည်းငယ် ခက်ခဲနေပုံရကာ မလှမ်းမကမ်းတွင်ရှိနေသော မှည့်ဝင်းနေသည့် မက်မွန်သီးပမာ ရင့်ကျက်လှပနေသည့် သခင်မကြီးထုရှန်းကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေကြလေတော့သည်။
ဤမိစ္ဆာမျိုးနွယ်များအတွက် သူတို့သည် ပုံမှန်အားဖြင့် လင်မယားအဆုတ်ပြားဟင်း၊ ကလေးငယ်ဟင်းရွက်နုလေးများနှင့် အိုးကင်းပေါင်းထမင်း ကဲ့သို့သော အစားအစာများကိုသာ စားသုံးလေ့ရှိကြပေသည်။
သို့သော်လည်း သခင်မကြီးထုရှန်းက လူသားမျိုးနွယ်ကို မစားသုံးသောကြောင့် ဖြစ်လေ၏။
သခင်မကြီးထုရှန်းအား လေးစားမှုပြသသည့်အနေဖြင့် ဤဧည့်ခံပွဲစားပွဲဝိုင်းပေါ်တွင် လူသားမျိုးနွယ် ဟင်းလျာများ လုံးဝမပါဝင်နိုင်ခြင်းမှာ သဘာဝပင် ဖြစ်ချေသည်။
"မနက်ဖြန်က သခင်မလေးထုရှန်းရဲ့ မွေးနေ့ပါ။ ဒီနေရာကနေပြီးတော့ ဒီအရာရှိက သခင်မလေးထုရှန်းအတွက် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့ ကြိုတင် ဆုတောင်းပေးလိုက်ပါတယ်"
မသေမျိုးမြေခွေးမြို့တော်၏ မြို့စားကြီး ယင်းတာ့ယွမ်က သူ၏သေရည်ခွက်ကို မြှောက်ကာ သခင်မကြီးထုရှန်းအား ဂုဏ်ပြုစကား ဆိုလိုက်လေသည်။
"ကျွန်တော်တို့အားလုံးကလည်း သခင်မလေးထုရှန်းအတွက် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"
မသေမျိုးမြေခွေးမြို့တော်၏ မြို့စားကြီးက ဦးဆောင်ကာ မသေမျိုးမြေခွေးမြို့တော်မှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများကလည်း သူတို့၏ သေရည်ခွက်များကို မြှောက်လျက် သခင်မကြီးထုရှန်းအား ဂုဏ်ပြုဆုတောင်းပေးလိုက်ကြပေသည်။
"မြို့စားကြီးကိုရော အားလုံးကိုပါ ကျေးဇူးအများကြီးတင်ပါတယ်"
သခင်မကြီးထုရှန်းသည် မတ်တတ်ရပ်ကာ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်ထားလျက် အတိုင်းအဆမဲ့ ဆွဲဆောင်မှုအပြည့်ဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်လေ၏။
သူမ၏ အနီရောင်ဝတ်ရုံက ခန္ဓာကိုယ်အချိုးအစားနှင့် တစ်သားတည်းကျနေပြီး တောင်ကျစမ်းရေပမာ ကောက်ကွေးလှပနေပေသည်။ နှင်းပွင့်ပမာ ဖြူဖွေးနေသော ဆံပင်ရှည်ကြီးများက သူမ၏ သွယ်လျသော ခါးသိမ်သိမ်လေးဆီသို့ ကျဆင်းနေကာ သူမ၏ မြေခွေးမျက်လုံးများက တမင်သက်သက် ရည်ရွယ်မထားသော်ငြား မြေခွေးမျိုးနွယ်စု၏ ကိုယ်ပိုင်ထူးခြားသော ဆွဲဆောင်မှုများကို ဖော်ပြနေလေတော့သည်။
တိရစ္ဆာန်ဗီဇ ပိုမိုပြင်းထန်သော မိစ္ဆာကျင့်ကြံသူများစွာမှာ တံတွေးများကို မျိုချလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲရှိ ပြင်းပြသော ရမ္မက်ဆန္ဒများက ဖုံးကွယ်၍မရအောင် ပေါ်လွင်နေခဲ့ချေပြီ။
သို့သော်လည်း သခင်မကြီးထုရှန်းက ဂရုမစိုက်ခဲ့ပေ။ သူမက သေရည်တစ်ခွက်ကို မော့သောက်ပြီးနောက် သူမ၏နေရာတွင် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ထိုင်ချလိုက်လေသည်။
"မနက်ဖြန်ကျရင် ငါတို့ ကောင်းကင်မိစ္ဆာနိုင်ငံတော်ရဲ့ အရှင်သခင်နဲ့ စီနီယာကွေ့တို့ မသေမျိုးမြေခွေးမြို့တော်ကို ကြွချီလာလိမ့်မယ်။ ငါ့ဘက်က လူအင်အား ပိုတိုးချထားပြီးပေမဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မနက်ဖြန် မဟာအခမ်းအနားကြီးမှာ ဘာမတော်တဆမှုမှ မဖြစ်စေဖို့ မင်းတို့အားလုံးရဲ့ အကူအညီကို လိုအပ်ပါတယ်"
ယင်းတာ့ယွမ်က သေရည်ခွက်ကို ထပ်မံမြှောက်လိုက်ရင်း လူအုပ်ကြီးကို ပြောလိုက်၏။
"ဒီအတွက် နောက်ထပ်တစ်ကြိမ် ကြိုပြီး ကျေးဇူးတင်ပါတယ်"
"မြို့စားကြီးက ယဉ်ကျေးလွန်းနေပါပြီ"
မိစ္ဆာကျင့်ကြံသူတစ်ဦးက သူ၏သေရည်ခွက်ကို မြှောက်ကာ တုံ့ပြန်လိုက်ပေသည်။
"စီနီယာကွေ့က ဒဏ်ရာရထားတယ်ဆိုပေမဲ့ စီနီယာကွေ့ရဲ့အရှေ့မှာ ဘယ်သူကများ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲမှာလဲ။ အရှင်သခင်ကိုယ်တိုင်က မသေမျိုးအဆင့် အလယ်ပိုင်းက မဟာမိစ္ဆာကြီးတစ်ပါးဖြစ်ပြီး သူ့နောက်မှာလည်း ကျောက်စိမ်းသန့်စင်ခြင်းအဆင့် အစောင့်အရှောက် နှစ်ယောက် ပါလာသေးတာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး။ ဒီလောကကြီးမှာ မနက်ဖြန်အတွက်တော့ မသေမျိုးမြေခွေးမြို့တော်လောက် လုံခြုံတဲ့နေရာ မရှိတော့ဘူးလို့တောင် ထင်မိတယ်"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဒါ့အပြင် သခင်မကြီးထုရှန်းကလည်း မသေမျိုးအဆင့်မှာပဲလေ။ ဒီလောကမှာ အထက်သုံးဆင့်က ကျင့်ကြံသူတွေဆိုတာ ဖီးနစ်ငှက်ရဲ့ အမွေးတွေ၊ ချီလင်ရဲ့ ဦးချိုတွေလိုပဲ အလွန်ကို ရှားပါးလွန်းတာ။ မနက်ဖြန် မသေမျိုးမြေခွေးမြို့တော်မှာ အထက်သုံးဆင့် ကျင့်ကြံသူတွေ အဲဒီလောက် အများကြီးရှိနေတာကို ဘယ်သူက မျက်စိကန်းပြီး လာရဲမှာလဲ" အခြားသော မိစ္ဆာကျင့်ကြံသူများကလည်း ထောက်ခံပြောဆိုလိုက်ကြလေသည်။
"ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..."
ယင်းတာ့ယွမ်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး သူ၏မျက်နှာထားမှာ အတော်လေး ပင်ပန်းနွမ်းနယ်နေပုံ ပေါ်လေ၏။
"ဒါပေမဲ့ မင်းတို့အားလုံး သိတဲ့အတိုင်းပဲ၊ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တွေကြားက အဲဒီစစ်ပွဲအပြီးမှာ ငါတို့ မိစ္ဆာကမ္ဘာက ရှုံးနိမ့်ခဲ့ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မိစ္ဆာကမ္ဘာထဲက မင်းဆက်တွေနဲ့ ဂိုဏ်းများစွာက အသစ်ပြန်လည်ဖွဲ့စည်းခံခဲ့ရပြီး မိစ္ဆာကမ္ဘာထဲမှာရှိတဲ့ လူသားမျိုးနွယ်တွေကတောင် လူသားမျိုးနွယ် မဟာမိတ်အဖွဲ့ဆိုတာကြီးကို ဖွဲ့စည်းလိုက်ကြတယ်"
"သခင်မလေးထုရှန်းကလည်း အဆင့်အတန်းက ထူးခြားနေပြီး တခြားသော မိစ္ဆာနိုင်ငံတော်များစွာကလည်း ငါတို့ ကောင်းကင်မိစ္ဆာနိုင်ငံတော်ကို ရန်လိုတဲ့အကြည့်တွေနဲ့ စောင့်ကြည့်နေကြတာ"
"တစ်ဖက်မှာလည်း သန္ဓေတည်ဝိညာဉ်အဆင့်နဲ့ အထက်သုံးဆင့် ကျင့်ကြံသူတွေ မရှားပါဘူး"
"ဒါကြောင့် ဒီရက်ပိုင်းတွေအတွင်း ငါ ကောင်းကောင်းလည်း မစားနိုင်သလို ကောင်းကောင်းလည်း မအိပ်နိုင်ခဲ့ဘူး"
သခင်မကြီးထုရှန်းက သူ့အား နှစ်သိမ့်ပေးလိုက်လေသည်။ "အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါတို့ ကောင်းကင်မိစ္ဆာနိုင်ငံတော်ကို ဘယ်လိုလုပ်ပြီး အထင်သေးလို့ရမှာလဲ။ မြို့စားကြီး ကြိုတင်ပြင်ဆင်ထားတာ ကောင်းပေမဲ့ အရမ်းကြီး ပူပန်လွန်းရင်တော့ စိတ်ဝိညာဉ်ကို ထိခိုက်စေလိမ့်မယ်"
"ဟားဟားဟား... သခင်မကြီးထုရှန်း ပြောတာ မှန်ပါတယ်။ ငါ တကယ်ပဲ အရမ်းကို စိုးရိမ်လွန်နေခဲ့တာထင်တယ်" ယင်းတာ့ယွမ်က ရယ်မောကာ ပြောလိုက်၏။ "လာကြ အားလုံးပဲ စားကြသောက်ကြပါ။ ဒီနေ့တော့ ငါတို့ နည်းနည်းပါးပါး သောက်ကြပြီး မနက်ဖြန်ကျရင် သခင်မလေးရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ထုရှန်းအိမ်တော်ကို အတူတကွ သွားကြတာပေါ့"
"ထုရှန်းအိမ်တော်က အားလုံးကို ကြိုဆိုပါတယ်" သခင်မကြီးထုရှန်းက နူးညံ့စွာ ပြုံးလိုက်ပေသည်။
ယဉ်ကျေးပျူငှာသော စကားဝိုင်း ပြီးဆုံးသွားပြီးနောက် မိစ္ဆာမျိုးနွယ်ဝင်များအားလုံးက သူတို့၏ စိတ်တိုင်းကျ သောက်စားပျော်ပါးကြလေတော့သည်။
ဤဧည့်ခံပွဲသည် မူလက မိသားစုကြီးများအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် အခြားသော မိစ္ဆာနိုင်ငံတော်များ၊ ဂိုဏ်းများနှင့် ထိုလူသားမျိုးနွယ် မဟာမိတ်အဖွဲ့ဟုခေါ်သော အဖွဲ့အစည်းကို သတိထားစောင့်ကြည့်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ ယင်းမှလွဲ၍ အခြားဆွေးနွေးစရာ လေးနက်သော ကိစ္စရပ်များ မရှိခဲ့ချေ။
သေရည်သုံးပတ်ခန့် လှည့်ပြီးနောက် သခင်မကြီးထုရှန်းက လုံလောက်ပြီဟု ခံစားလိုက်ရကာ ဧည့်ခံပွဲမှ ထွက်ခွာသင့်ပြီဖြစ်သဖြင့် မတ်တတ်ရပ်၍ နှုတ်ဆက်ထွက်ခွာရန် ပြင်လိုက်လေသည်။
ယင်းတာ့ယွမ်ကလည်း သူမအား လိုက်လံပို့ဆောင်ပေးရန် မတ်တတ်ရပ်လိုက်၏။
သခင်မကြီးထုရှန်းက ငြင်းဆန်သော်လည်း ယင်းတာ့ယွမ်က ထပ်တလဲလဲ အတင်းအကျပ် လိုက်ပို့ပေးမည်ဟု ဆိုလေသည်။
သခင်မကြီးထုရှန်းက ထပ်မံ၍ မငြင်းဆန်တော့ချေ။
"မြို့စားကြီး ကျွန်မကို တစ်ခုခု ပြောစရာရှိလို့လား"
ဧည့်ခံပွဲမှ ထွက်ခွာလာပြီး လမ်းလျှောက်လာစဉ် သခင်မကြီးထုရှန်းက ယင်းတာ့ယွမ်ကို ကြည့်ကာ မေးလိုက်ပေသည်။
"ထင်တဲ့အတိုင်းပဲ၊ သခင်မကြီးဆီကနေ ဘာမှဖုံးကွယ်ထားလို့မရဘူးပဲ" ယင်းတာ့ယွမ်က ပြုံးလိုက်လေ၏။ "အမှန်အတိုင်း ပြောရရင် ဒီဧည့်ခံပွဲက မြို့တော်ထဲမှာ စည်းကမ်းထိန်းသိမ်းဖို့ အားလုံးကို အကူအညီတောင်းချင်တဲ့အပြင် အရေးအကြီးဆုံးက သခင်မကြီးကို ဝမ်းသာစရာကိစ္စတစ်ခု ပြောပြချင်လို့ပါ"
"အို ဝမ်းသာစရာကိစ္စ ဟုတ်လား" သခင်မကြီးထုရှန်းက နောက်ပြောင်ချင်သည့်အပြုံးဖြင့် ပြုံးလိုက်သည်။
"ဟုတ်ပါတယ်"
ယင်းတာ့ယွမ်က ခေါင်းညိတ်လိုက်ပြီး သူ၏လေသံမှာ လေးနက်သွားခဲ့ပေသည်။
"ငါတို့ ကောင်းကင်မိစ္ဆာနိုင်ငံတော်ရဲ့ မင်းသားကြီးက အသက်ခုနစ်နှစ်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ ပါရမီက အလွန်ကို ထူးချွန်လှတယ်။ သူက အလွန်ကို ရှားပါးလှတဲ့ ကနဦးမိစ္ဆာကိုယ်ထည်ကို ပိုင်ဆိုင်ထားတာ။ အနာဂတ်မှာ ကောင်းကင်မိစ္ဆာနိုင်ငံတော်ရဲ့ အရှင်သခင် ဖြစ်လာမယ်ဆိုတာကို မပြောနဲ့ဦး၊ ဘာမတော်တဆမှုမှ မဖြစ်ဘူးဆိုရင် မသေမျိုးအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာက သေချာပေါက်ပါပဲ"
"ဒီတစ်ကြိမ် အရှင်မင်းမြတ်က သခင်မလေးထုရှန်းကို ဂုဏ်ပြုဖို့ လာရောက်တာဟာ နှစ်ဦးကြားမှာ စေ့စပ်ကြောင်းလမ်းပေးဖို့ ရည်ရွယ်ချက်လည်း ပါပါတယ်"
"ငါ့အမြင်အရဆိုရင်တော့ ငါတို့ ကောင်းကင်မိစ္ဆာနိုင်ငံတော်ရဲ့ မင်းသားကြီးက အဆင့်အတန်း၊ သွေးဆက်နွယ်မှုနဲ့ ပါရမီပိုင်းမှာ သခင်မလေးထုရှန်းနဲ့ အလွန်ကို လိုက်ဖက်ညီတဲ့ ပြီးပြည့်စုံတဲ့ သူပါပဲ"
"ဒါပေမဲ့ သခင်မကြီးရဲ့ သဘောထားကို ငါ မသိသေးတဲ့အတွက် ရိုင်းရိုင်းစိုင်းစိုင်းပဲ အရင်မေးကြည့်ရတာပါ။ ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
သူ၏စကားကို ကြားလိုက်ရသောအခါ သခင်မကြီးထုရှန်း၏ စိတ်အာရုံက တင်းမာသွားပြီး သူမ၏ သွယ်လျသော မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားလေ၏။ "မြို့စားကြီး၊ ကျွန်မတို့ အမြီးကိုးချောင်း ကောင်းကင်မြေခွေး မျိုးနွယ်စုက တခြားမိစ္ဆာမျိုးနွယ်တွေနဲ့ မတူဘူးဆိုတာ ရှင်လည်း သိတာပဲ"
"ကျွန်မတို့ အမြီးကိုးချောင်း ကောင်းကင်မြေခွေး မျိုးနွယ်စုက ခံစားချက်ကနေတစ်ဆင့် တာအိုကို ကျင့်ကြံတာပါ။ တစ်သက်လုံးမှာ လူတစ်ယောက်တည်းကိုပဲ ရွေးချယ်ရတာပါ"
"ပြီးတော့ စေ့စပ်ကြောင်းလမ်းတဲ့ ကိစ္စတွေက ကံကြမ္မာမဟာတာအိုနဲ့ သက်ဆိုင်နေတယ်။ ဒီကိစ္စကို ကျွန်မ သေသေချာချာ စဉ်းစားဖို့လိုပြီး လောလောဆယ်တော့ အရှင်မင်းမြတ်ကို အဖြေမပေးနိုင်သေးပါဘူး"
"ဒါပေါ့၊ ဒါပေါ့" ယင်းတာ့ယွမ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "သေသေချာချာ စဉ်းစားပါ၊ လောစရာ မလိုပါဘူး။ မနက်ဖြန်ကျရင် မင်းသားကြီးကလည်း အရှင်မင်းမြတ်နဲ့အတူ လိုက်ပါလာမှာပါ။ သခင်မကြီးအနေနဲ့ သူ့ကို ပိုပြီး အကဲခတ်ကြည့်နိုင်ပါတယ်။ မင်းသားကြီးက သခင်မကြီးကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်"
"ကောင်းပါပြီ"
သခင်မကြီးထုရှန်းက ပြန်လည်ဖြေကြားလိုက်ပေသည်။
စကားပြောဆိုနေကြစဉ်မှာပင် သူတို့နှစ်ဦးသည် မြို့စားအိမ်တော်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့လေပြီ။
"မြို့စားကြီး ဒီမှာပဲ နေခဲ့ပါ။ မနက်ဖြန်ကျရင် ကျွန်မတို့ရဲ့ နှိမ့်ချတဲ့ အိမ်တော်လေးကနေ မြို့စားကြီးကို ကြိုဆိုဖို့ မျှော်လင့်နေပါမယ်" သခင်မကြီးထုရှန်းက ရထားလုံးပေါ်သို့ တက်ကာ နှုတ်ဆက်လိုက်လေ၏။
"သေချာတာပေါ့၊ သေချာတာပေါ့ တခြားဟာတွေကို မပြောနဲ့ဦး၊ မနက်ဖြန်ကျ ငါ သေချာပေါက် အစောဆုံး ရောက်လာခဲ့မယ်" ယင်းတာ့ယွမ်က ရိုသေစွာ ဦးညွှတ်လိုက်သည်။ "ဂရုစိုက်သွားပါ သခင်မကြီး"
သခင်မကြီးထုရှန်းက ရထားလုံး၏ လိုက်ကာကို ချလိုက်ပြီး မကြာမီမှာပင် ရထားလုံးလေးသည် လမ်းအဆုံးတွင် ပျောက်ကွယ်သွားကာ ထုရှန်းအိမ်တော်ဆီသို့ ဦးတည်မောင်းနှင်သွားလေတော့သည်။
ရထားလုံးထဲတွင် ထိုင်နေရင်း သခင်မကြီးထုရှန်းမှာ ယင်းတာ့ယွမ် ယခုလေးတင် ပြောသွားခဲ့သော စကားများကို မတွေးဘဲ မနေနိုင်အောင် ဖြစ်နေမိပေသည်။
အမှန်တကယ်တော့ သခင်မကြီးထုရှန်း၏ အမြင်တွင် ကောင်းကင်မိစ္ဆာနိုင်ငံတော်၏ ဤမင်းသားကြီးမှာ အမှန်ပင် အတော်လေး ကောင်းမွန်လှပေသည်။
သူ့တွင် ပိဖန် သွေးဆက်နွယ်မှု ရှိနေသော်ငြား ရှေးဟောင်းမိစ္ဆာကိုယ်ထည်ကို ပိုင်ဆိုင်ထားပြီး အနာဂတ်တွင် သူ၏ သွေးဆက်နွယ်မှုကို သန့်စင်ခြင်းနှင့် ဘိုးဘေးဗီဇဆီသို့ ပြန်လည်ရောက်ရှိခြင်းတို့က ပိုမိုလွယ်ကူလာမည် ဖြစ်လေသည်။ တစ်ချိန်ချိန်တွင် သူက ဘိုးဘေးဖြစ်သော စစ်မှန်သောဖီးနစ်ငှက် သို့မဟုတ် တိကျန်း အဖြစ်သို့ပင် ပြန်လည်ပြောင်းလဲသွားနိုင်ချေ ရှိပေသည်။
သခင်မကြီးထုရှန်းတစ်ယောက် ဤစေ့စပ်ကြောင်းလမ်းမှု ဖြစ်နိုင်ချေကို တွေးတောစဉ်းစားနေစဉ်မှာပင်။
ရုတ်တရက် သခင်မကြီးထုရှန်းက တစ်ခုခုကို ခံစားလိုက်ရပြီး သူမ၏ လှပသော ခေါင်းကို ရုတ်ခြည်း မော့ကြည့်လိုက်လေ၏။
"သခင်မကြီး" သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသောအခါ ဘေးမှ အစေခံမလေးမှာ လန့်ဖျပ်သွားခဲ့ပေသည်။
"ဒုက္ခပါပဲ"
သခင်မကြီးထုရှန်း၏ မျက်နှာထားမှာ ချက်ချင်းပင် လေးနက်တည်ကြည်သွားလေတော့သည်။
"ကျင်းစီ"