← Chapters

အခန်း ၁၀၁

Vol. 10 Ch. 101

အခန်း ၁၀၁

Vol. 10 Ch. 101

အပိုင်း (၁၀၁) - အားကောင်းသော ကိုယ်ယုံကြည်မှု။

လွီဆုချင်းသည် ဤသို့သော ဖြစ်ရပ်မျိုး ရှိလာလိမ့်မည်ဟု မတွေးထားခဲ့မိသောကြောင့် မျက်နှာက ချက်ချင်း နီရဲသွားခဲ့၏။ သို့သော်ငြား ယခုအချိန်သည် အရေးကြီးဆုံး အခိုက်အတန့် ဖြစ်နေသည်။ ရွှေဝါရောင် ဝက်ဝံပေါက်လေးကို ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကျရှုံးသွားပြီဟု မှတ်ယူရမည် ဖြစ်သောကြောင့် နီရဲနေသော မျက်နှာဖြင့် လက်တွင်းရှိ လုပ်ဆောင်မှုများ အနည်းငယ် ကမောက်ကမ ဖြစ်နေခဲ့သည်။

အတန်ကြာမှသာ လွီဆုချင်းသည် ထိုပြင်းထန်လှသော ရှက်ရွံ့မှုကို သည်းခံ၍ လက်နှစ်ဖက်ဖြင့် အောက်ဘက်သို့ ဆက်လက် ပွတ်သပ်လိုက်၏။ တဖြည်းဖြည်း လျှောဆင်းသွားပြီး ရတနာဝက်ဝံ၏ ဝမ်းဗိုက်သို့ ထိတွေ့တော့မည့် အချိန်တွင် ရတနာဝက်ဝံက ရုတ်တရက် အော်ဟစ်လိုက်၏။

“အု”

အသံက မကျယ်လောင်ပေမည့် လွီဆုချင်းကို ထိတ်လန့်သွားစေခဲ့သဖြင့် သူမ၏လက်များကို ချက်ချင်း ရပ်တန့်လိုက်ရ၏။ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လက်ကို နောက်ပြန်လှည့်ကာ လိမ္မော်ရောင် ဆေးလုံး နှစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်သည်။ ပြီးနောက် ရတနာဝက်ဝံ၏ ရှေ့တွင် လှုပ်ယမ်းပြလိုက်သည်။

“အု”

ရတနာဝက်ဝံသည် ယခုလေးတင်က မျက်လုံးများကို မှေးကျဉ်းလျက် သက်တောင့်သက်သာ ရှိနေခဲ့ခြင်း ဖြစ်၏။ ယခု ထိုဆေးလုံး နှစ်လုံးကို မြင်တွေ့လိုက်ရချိန်တွင် ချက်ချင်း တက်ကြွလာခဲ့ပြီး လွီဆုချင်း၏ ရင်ခွင်ထဲမှ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ လက်တစ်ဖက်လျှင် တစ်လုံးစီ ဆွဲယူလိုက်ပြီး ပါးစပ်ထဲသို့ တစ်ခါတည်း ထိုးထည့်လိုက်၏။

ကျိရှောင်လုက အလွန် ဝမ်းသာသွားခဲ့သည်။ “ဟိဟိဟိဟိ … အခုဆိုရင် လုံးဝ အောင်မြင်သွားပြီလို့ ပြောလို့ရပြီ။ ဒါက အစ်မကြီးရဲ့ အစားအစာကို လက်ခံလိုက်ပြီ … ဟိဟိဟိဟိ။ တကယ်ပဲ … မျိုးဆက်သစ် လူငယ်တွေထဲမှာ သားရဲယဉ်ပါးရေးနဲ့ ပတ်သက်ရင် အစ်မကြီးကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ မရှိဘူး။”

အခြားသူတို့နှစ်ယောက်ကလည်း ချီးကျူးလိုက်ကြ၏။ “အစွမ်းထက်တာ … သားရဲယဉ်ပါးရေးစံအိမ်ရဲ့ အစ်မကြီး ဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်တာပဲ။”

လွီဆုချင်းလည်း အလွန် ဝမ်းသာသွားခဲ့၏။ ကျိရှောင်လု ပြောသကဲ့သို့ပင် ဤသို့ဆိုလျှင် အောင်မြင်သွားပြီဟု မှတ်ယူရမည် ဖြစ်သည်။ သို့သော်ငြား သူမ လုံးဝ ထင်မှတ်မထားသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။

အစောပိုင်းက ယဉ်ပါးအောင် မွေးမြူခြင်း ပြီးမြောက်တော့မည် ဖြစ်သော ပါးပြင်နှစ်ဖက် ဖောင်းကားနေသည့် ရတနာဝက်ဝံက ရုတ်တရက် မြေကြီးပေါ်သို့ ခုန်ဆင်းသွားခဲ့၏။

ရွှေရောင် အရိပ်လေး လက်ခနဲ ဖြစ်သွားပြီး ဟုန်ရှောင်ပေါင်၏ ဘောင်းဘီစကို အလျင်အမြန် တွယ်တက်သွားခဲ့၏။ ဟုန်ရှောင်ပေါင်၏ ပုခုံးပေါ်သို့ ရောက်ရှိလာပြီး မပီမသ စကားတစ်ခွန်း ပြောဆိုသည်။ တံတွေးများ ပေကျံနေသည့် ဆေးလုံး တစ်လုံးကို ပါးစပ်ထဲမှ ထုတ်ယူ၍ ဟုန်ရှောင်ပေါင်၏ ပါးစပ်နားသို့ ကမ်းပေးလိုက်သည်။

“အု … အုအု။”

ဟုန်ရှောင်ပေါင်က ပါးစပ်မှ ဆဲဆိုလိုက်၏။ “ဘယ်သူက မင်းရဲ့ ဒီဟာကို စားမှာလဲ။ သွား သွား သွား … ညစ်ပတ်လိုက်တာ။”

သို့သော်ငြား သူ၏ စိတ်ထဲတွင်မူ အလွန် ဂုဏ်ယူ ဝင့်ကြွားနေခဲ့သည်။ ‘ငါ့ရဲ့ နောက်ကို ဆယ်စုနှစ်ပေါင်းများစွာ လိုက်ပါလာခဲ့တဲ့ ကောင်လေး ဖြစ်ရကျိုးနပ်တာပဲ … သစ္စာရှိလှချည်လား။’

ယင်းကျိုယိုက မျက်လုံး လှန်ကြည့်လိုက်၏။ “ကြွားပြန်ပြီ … မင်းက ဒီတုံးအတဲ့ကောင်နဲ့ သိတာ တစ်ရက်ပဲ ရှိသေးတယ်။”

လွီဆုချင်းသည် ကြက်သေသေသွားခဲ့၏။

ကျိရှောင်လုလည်း ကြက်သေသေသွားခဲ့သည်။

ဘေးနားမှ ကြည့်ရှုနေသော ကျင့်ကြံသူ နှစ်ယောက်လည်း ကြက်သေသေသွားခဲ့ကြ၏။

“ဒါက …။”

လွီဆုချင်းက တတွတ်တွတ် ရေရွတ်လိုက်သည်။ “မ … မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် … ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ။”

ကိုယ့်ကိုယ်ကိုယ် ရာခိုင်နှုန်းပြည့် ရရှိနိုင်ပြီဟု ထင်မှတ်ထားခဲ့သော်ငြား နောက်တစ်စက္ကန့်တွင် အခြားသူ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားသော ရတနာဝက်ဝံကို ကြည့်ရှုရင်း သူမသည် လုံးဝ မယုံကြည်နိုင်သည့် ပုံစံ ဖြစ်နေခဲ့သည်။

ဟုန်ရှောင်ပေါင်က စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားနေခဲ့၏။ ရတနာဝက်ဝံ၏ လည်ပင်းနောက်ဘက်မှ အသားကို တမင်သက်သက် ဆွဲကိုင်၍ ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး ၎င်း၏ ဝမ်းဗိုက်ကို အားနာ တုံ့ဆိုင်းမှု ကင်းမဲ့စွာ ကျီစယ် ကစားနေလိုက်သည်။

ရတနာဝက်ဝံက ယား၍လား သက်တောင့်သက်သာ ရှိလွန်း၍လား မသိပေ။ ခြေလေးချောင်း ပက်လက်လှန်၍ ဝမ်းဗိုက်ကို ဖော်ပြထားပြီး တိုတောင်းသော ခြေထောက်လေး လေးချောင်းကို အဆက်မပြတ် လှုပ်ယမ်းလျက် ဟုန်ရှောင်ပေါင်၏ လက်သည်းများကို ခုခံ တိုက်ခိုက်နေတော့၏။

လွီဆုချင်း၏ မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ သားရဲယဉ်ပါးရေးစံအိမ်တွင် ရှိနေသူ ဖြစ်ရာ ဤသည်မှာ မည်သည့် အဓိပ္ပာယ် ဖြစ်ကြောင်းကို သူမက အသိဆုံးပင် ဖြစ်၏။ မိစ္ဆာသားရဲ တစ်ကောင်က လူတစ်ယောက်ကို ဝမ်းဗိုက် လှန်ပြနိုင်ခြင်းတွင် အဓိပ္ပာယ် နှစ်ခုသာ ရှိသည်။ အပြည့်အဝ အညံ့ခံခြင်း နှင့် အပြည့်အဝ ယုံကြည် ကိုးကွယ်ခြင်းတို့ပင် ဖြစ်သည်။

မည်သည့် အဓိပ္ပာယ်ပင် ဖြစ်စေကာမူ ဤရွှေဝါရောင် ဝက်ဝံပေါက်လေးသည် ဟုန်ရှောင်ပေါင်၏ အရာ လုံးဝ ဖြစ်သွားပြီ ဆိုသည်ကို သက်သေပြနေ၏။

လွီဆုချင်း၏ အသံက အနည်းငယ် ခက်ခဲနေပြီး မျက်နှာက အလွန် နီရဲနေခဲ့သည်။ “ရှင်က … အရင်တည်းက ဒါကို ယဉ်ပါးအောင် မွေးမြူပြီးသားကိုး … ။”

ယခုလေးတင်က ကျိရှောင်လုနှင့် သူမတို့ နှစ်ယောက်စလုံး စကားကြီး စကားကျယ် ပြောဆိုခဲ့ကြသည်။ မကြာသေးခင်က သူမ၏ သားရဲယဉ်ပါးရေးက အလွန် အစွမ်းထက်ကြောင်း ပြောဆိုခဲ့သည်။ တစ်ခဏကျတော့ ဟုန်ရှောင်ပေါင် အနေဖြင့် ဤရတနာဝက်ဝံကို ယဉ်ပါးအောင် မွေးမြူနိုင်ရန် လုံးဝ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သေး၏။ ယခုအချိန်တွင်မူ သူများက လက်တွေ့ အမှန်တရားဖြင့် သူမ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြခဲ့၏။

ကျိရှောင်လု၏ မျက်နှာတစ်ခုလုံးလည်း နီရဲနေခဲ့၏။ ဟုန်ရှောင်ပေါင်ကို တစ်လှည့် ၊ ရတနာဝက်ဝံကို တစ်လှည့် ကြည့်ရှုလျက် ဘာပြောရမှန်းမသိဘဲ လည်ချောင်းထဲတွင် ဆို့နင့်နေခဲ့သည်။

ဟုန်ရှောင်ပေါင် ထွက်ခွာသွားသည်ကို မျက်စိဖြင့် လိုက်ပါ ကြည့်ရှုရင်း လွီဆုချင်းနှင့် ကျိရှောင်လုတို့ နှစ်ယောက်၏ မျက်နှာပေါ်တွင် ပူလောင်နေဆဲ ဖြစ်၏။

ကျိရှောင်လုက စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည်။ “ဒီ … အာ … ဒီ …။”

သို့သော်ငြား လွီဆုချင်းက ဟုန်ရှောင်ပေါင် ထွက်ခွာသွားသော လမ်းကြောင်းကို တည့်တည့် စိုက်ကြည့်နေသည်ကို တွေ့မြင်လိုက်ရ၏။ သူမ၏ မျက်နှာပေါ်တွင် မပျောက်ကွယ်သေးသော နီရဲမှုများ ရှိနေဆဲ ဖြစ်သော်လည်း မျက်လုံးများကမူ ပုံမှန်အတိုင်း ပြန်လည် ဖြစ်တည်နေပြီ ဖြစ်ကာ တောက်ပသော အရောင်အဝါ တစ်ချက် ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ “ဒီလို ပါရမီရှင်မျိုးကို ငါတို့ သားရဲယဉ်ပါးရေးစံအိမ်က ကြိုးစား ဆွဲဆောင်ရမယ်။”

မှန်ပေသည်။ လွီဆုချင်းသည် ဟုန်ရှောင်ပေါင်၏ ပြင်းပြင်းထန်ထန် မျက်နှာဖြတ် ရိုက်ခြင်းကို ခံလိုက်ရ၏။ သို့ပေမည့် မည်သည့် စံအိမ်တွင်မဆို အစ်ကိုကြီး ၊ အစ်မကြီး ဖြစ်လာနိုင်သူများမှာ သေချာပေါက် စိတ်ကူးဉာဏ် ထက်မြက်ပြီး လူတို့နှင့် ဆက်ဆံရာတွင် တင်းကြပ်သော်လည်း အတိုင်းအတာ ရှိသူများသာ ဖြစ်ကြသည်။

အဘယ်ကြောင့်ဆိုသော် လေယင်မြို့တော်မှ ဆရာများတွင်လည်း ကိုယ်ပိုင် ကျင့်ကြံရေး လမ်းစဉ်များ ရှိနေသောကြောင့် ဖြစ်၏။ တပည့်များအတွက် တစ်စိတ်တစ်ဝမ်းတည်း အလုပ်အကျွေးပြုရန် မဖြစ်နိုင်ချေ။ ဆရာ မရှိသည့် အချိန်များတွင် အစ်ကိုကြီး ၊ အစ်မကြီးများက ဆရာ၏ တာဝန်ကို ထမ်းဆောင်ကြရ၏။

ထို့ကြောင့် ခွန်အားအားဖြင့် အများက လက်ခံနိုင်ပြီး စရိုက်လက္ခဏာ အားဖြင့် သဘောထား ပြည့်ဝသော အစ်ကိုကြီး ၊ အစ်မကြီး တစ်ယောက်ကို ရွေးချယ်ခြင်းက အဓိက အချက် ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် စံအိမ်ကြီးများ၏ အစ်ကိုကြီး ၊ အစ်မကြီးများ အားလုံးသည် လူရည်ချွန် လူရည်မွန်များ မဟုတ်သည့်သူ မရှိကြချေ။

လွီဆုချင်းက မာနကြီးသော်ငြားလည်း သူမသည် လူရည်ချွန်များအနက်မှ တစ်ယောက် ဖြစ်သည်။

အကယ်၍ ဓားရူးကဲ့သို့သော သူများသာ ဆိုပါက ဤအချိန်တွင် ရှက်ရွံ့လွန်း၍ မြေလျှိုးချင်စိတ် ပေါက်နေလောက်ပြီ ဖြစ်ပြီး အလျင်အမြန် ထွက်ခွာသွားရန်သာ တွေးတောနေပေလိမ့်မည်။

သို့သော်ငြား လွီဆုချင်းသည် သူမ၏ ထိုအနည်းငယ်သော ရှက်ရွံ့မှုကို မကြာမီမှာပင် ဖိနှိပ်လိုက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သားရဲယဉ်ပါးရေးစံအိမ်အတွက် ဟုန်ရှောင်ပေါင်၏ အရေးပါသော အဓိပ္ပာယ်ကို သူမ သတိပြုမိသွားသောကြောင့် ဖြစ်၏။

သူ၏ ရွှေဝါရောင် ဝက်ဝံပေါက်လေးမှာ မကြာသေးမီက ဟိုးလေးတကျော် ဖြစ်နေခဲ့သော အကောင် ဖြစ်လောက်သည်။ တစ်ရက်တာ အချိန်လေး အတွင်းမှာပင် ဤသူက ရွှေဝါရောင် ဝက်ဝံပေါက်လေးကို ယဉ်ပါးအောင် မွေးမြူနိုင်ခဲ့၏။ မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည် ဖြစ်စေ သားရဲယဉ်ပါးရေး လမ်းစဉ် အပေါ်တွင် သူ၏ပါရမီက အလွန် အံ့မခန်း ဖြစ်ပေသည်။

ထို့ပြင် ဤသူ၏ အသက်အရွယ်က သူမထက်ပင် နှစ်အတော်များများ ငယ်ရွယ်နေသေးသောကြောင့် ပြောနေစရာပင် မလိုတော့ချေ။ အကယ်၍ သင့်လျော်စွာ ပြုစုပျိုးထောင်ပေးနိုင်ပါက နောင်တစ်ချိန်တွင် သားရဲယဉ်ပါးရေး စံအိမ်၏ အစ်ကိုကြီးပင် ဖြစ်လာနိုင်၏။

လွီဆုချင်းက အလျင်အမြန် တွက်ဆနေခဲ့သည်။

ဟုန်ရှောင်ပေါင် ဘက်တွင်မူ အလွန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သီချင်းတစ်ပုဒ် ညည်းလျက် သွားနေခဲ့ပြီ ဖြစ်သည်။ “ဒီနေ့တော့ တကယ် ပျော်စရာ ကောင်းတယ် … လက်လေးကို ညင်သာစွာ လှုပ်ရှားလိုက်တာနဲ့ ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ရရှိပြီ။ ရှောင်ပေါင် … ကမ္ဘာမှာ ပြိုင်ဘက်ကင်းတယ် … ဟားဟားဟားဟား။ ကဗျာကောင်းလေးပဲ … ကဗျာကောင်းလေးပဲ။”

ဤအချိန်တွင် ဟုန်ရှောင်ပေါင်သည် ဤမထီလေးစား ရတနာဝက်ဝံကို ကြည့်ရှုရင်း မျက်စိထဲတွင် အနည်းငယ် ပို၍ ကြည့်ရ သင့်လျော်လာခဲ့သလိုပင်။ ဘယ်လိုကြည့်ကြည့် ချစ်စရာ ကောင်းနေ၏။

လွီဆုချင်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “မောင်လေး … ဒီက မောင်လေး … ခဏလောက် စောင့်ပါအုံး။”

ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြက်သေသေသွားခဲ့ပြီး ထိုဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကို ဆုပ်ကိုင်လျက် နောက်သို့ ချက်ချင်း ဆုတ်လိုက်၏။ “ခင်ဗျားကို ပြောမယ်။ လောင်းကစားရင် ရှုံးတာကို လက်ခံရဲမှ တကယ့် ယောက်ျားကောင်း … အာ … ရှုံးတာကို လက်ခံရဲမှ အမျိုးသမီး သူရဲကောင်း ဖြစ်မှာနော်။”

“ … ” လွီဆုချင်းသည် ချက်ချင်း ဆွံ့အသွားခဲ့၏။

စုစည်းထားသော စကားလုံးများက တစ်ခွန်းမှ ထွက်ပေါ်မလာတော့ဘဲ အတန်ကြာမှသာ စကား ပြောလိုက်နိုင်သည်။ “အာ … မောင်လေး အထင်လွဲသွားပြီ။ ကျွန်မက မောင်လေးကို သားရဲယဉ်ပါးရေး စံအိမ် ကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ချင်ရုံ သတ်သတ်ပါ။”

ဟုန်ရှောင်ပေါင်သည် ကြက်သေသေသွားခဲ့၏။ “ဘာ။”

သူက ချက်ချင်း ပျော်ရွှင်သွားခဲ့သော်ငြား ပျော်ရွှင်မှုနှင့်အတူ သံသယလည်း ဝင်လာခဲ့သည်။ “ခင်ဗျားက … ဒီကိစ္စကို ဆုံးဖြတ်နိုင်လို့လား။”

“အာ … ။” လွီဆုချင်းသည် ရုတ်တရက် ကြက်သေသေသွားခဲ့၏။ ဆုံးဖြတ်နိုင်သည် ဆိုသော်ငြား အခြေအနေ သတ်မှတ်ချက်များ ရှိနေသေးသည် မဟုတ်ပါလား။ ပြင်ပဂိုဏ်းသို့ ဝင်ရောက်ရန် သွေးသားခန္ဓာ တတိယအဆင့် ရှိရန် လိုအပ်သည်။ ပါရမီ အလွန် ထူးချွန်သောသူအချို့မှာမူ ဒုတိယအဆင့်တွင် သတ်မှတ်ချက်ကို ဖောက်ဖျက်၍ ရွေးချယ်ခံရနိုင်၏။ သို့သော်ငြား ပထမအဆင့် ဆိုလျှင်တော့ … သူမကို မဆိုထားနှင့် ဆရာနှင့် စံအိမ်သခင် ပင်လျှင် ဤထုံးစံကို စတင် ဖောက်ဖျက်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ခုနက သူမသည် ဟုန်ရှောင်ပေါင်၏ ပါရမီကြောင့် အံ့အားသင့်နေခဲ့ပြီး ဤကိစ္စကို မေ့လျော့နေခဲ့ခြင်း ဖြစ်ရာ ယခုမှသာ နေရာတွင် ကြက်သေ, သေသွားခဲ့ရခြင်း ဖြစ်၏။

ဟုန်ရှောင်ပေါင်က … ပထမအဆင့်ပဲ ရှိသေးတာလေ။ ပါရမီ ဘယ်လောက်ပဲ ကောင်းနေပါစေ အဲဒါက ဘာလုပ်လို့ ရမှာလဲ။

ဟုန်ရှောင်ပေါင်ကလည်း ပြင်ပဂိုဏ်းသို့ ဝင်ရောက်ရန် အလွန် မျှော်လင့်နေခဲ့သည်။ “ဘယ်လိုလဲ … ဘယ်လိုလဲ။”

အခြားအရာတွေကို မပြောရင်တောင် ဒီလိုဆိုရင် ယွင်ချိုင်ရှောင် နဲ့ အကွာအဝေး အများကြီး နီးကပ်သွားပြီ။

လွီဆုချင်း၏ မျက်နှာက အနည်းငယ် ပူနွေးလာခဲ့သည်။ “အာ … မောင်လေး … ရှင်က ပထမအဆင့် ဆိုတာကို ကျွန်မ ရုတ်တရက် မေ့သွားလို့ပါ။ အနည်းဆုံး ဒုတိယအဆင့် ရှိမှသာ ကျွန်မက သတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး ဆရာ့ဆီမှာ ရှင့်ကို ထောက်ခံပေးလို့ ရမှာ။”

ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်၏။ “လွယ်ပါတယ်ဗျာ။ ကျုပ်က ပထမအဆင့်ထိပ်ဆုံး ရောက်နေပြီ။ မနက်ဖြန်ကျရင် အဆင့်တက်တာ အောင်မြင်တော့မှာ။”

“ … ”

ဒါက ဘယ်လိုတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာလဲ။

လွီဆုချင်း ဆွံ့အသွားခဲ့ရ၏။ လူတစ်ယောက်က အဆင့်တက်သည့်ကိစ္စအပေါ် ဤမျှလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေသည်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ဤအရာက ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူ ရိုးရှင်းနေသည်ဟု သူ ထင်နေသည်လား။

ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ရယ်မောလိုက်၏။ “ကျုပ်က ဟုန်မိသားစု ကုန်စုံဆိုင် မှာ ရှိတယ်။ မနက်ဖြန် နေ့လယ်ကျရင် ကျုပ်ဆီကို လာရှာလိုက်ပေါ့။ ဒါဆို မနက်ဖြန် နေ့လယ်ကျမှ တွေ့ကြမယ်နော် … မတွေရင် မပြန်ကြေး။”

ထိုသို့ပြောဆိုရင်း ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။

ကျိရှောင်လုသည် အံ့အားသင့်နေခဲ့ပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် အနေရခက်သော အခြေအနေမှလည်း တိုက်ဆိုင်စွာ လွတ်မြောက်သွားခဲ့၏။ “ကောင်းကင်ဘုံ … အစ်မကြီး … ဒီလောက် စွမ်းအားကြီးတဲ့ လူမျိုးကို ကျွန်မ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဟာ … သူက အဆင့်တက်တာ ရာခိုင်နှုန်းပြည့် အောင်မြင်မှုနှုန်း ရှိတယ်လို့ ထင်နေတာလား။”

လွီဆုချင်း၏ မျက်နှာတွင်လည်း မည်းမှောင်နေသော မျဉ်းကြောင်းများဖြင့် ပြည့်နှက်နေ၏။ ဤမျှလောက် အားကောင်းသော ကိုယ်ယုံကြည်မှုကို သူမလည်း ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း မဟုတ်ပါလား။

… …

သူ၏ ကိုယ်ပိုင်ဆိုင်သို့ ပြန်ရောက်သည့်အခါ ဟုန်ရှောင်ပေါင်သည် ရေကို သန့်စင် လန်းဆန်းစွာ ချိုးလိုက်၏။ သူ၏ ဤတစ်သက်တွင် ရေချိုးခြင်းက ဤမျှလောက် သက်တောင့်သက်သာ ရှိသော ကိစ္စတစ်ခု ဖြစ်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

ရေပူ မရှိသည် ဆိုသော်ငြား ရေချိုးခန်းထဲတွင် တစ်ဝက်နီးပါးခန့် အချိန်ယူ၍ ချိုးလိုက်၏။ ရေပူ မရှိသည်မှာ မည်သူကမှ ရေနွေး မကျိုပေးခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း အလွန် သက်တောင့်သက်သာ ရှိစွာ ချိုးနိုင်ခဲ့ဆဲ ဖြစ်၏။

ကိုယ့်ကိုယ်ကိုယ် သန့်ရှင်း သေသပ်ပြီး လန်းဆန်းသွားအောင် ပြင်ဆင်ပြီးသည့်နောက်မှသာ သူ၏ ကြီးမားသော အဆင့်တက်ရေး လုပ်ငန်းစဉ်ကို စတင် ပြင်ဆင်တော့သည်။

ဟုန်ရှောင်ပေါင်က တောက်ခေါက်လိုက်၏။ “တောက် … အဆုံးသတ်တော့ စုံလင်သွားပြီပဲ။”

ဤကုန်ကြမ်းများကို သူက နှလုံးသား ထုတ်ပြပြီး သွေးများ သွန်းလောင်းကာ အလွန် ကြိုးစားပမ်းစား ရှာဖွေခဲ့ရခြင်း ဖြစ်သည်။

ဟုန်ရှောင်ပေါင်၏ စိတ်တက်ကြွမှုက အလွန် မြင့်မားနေခဲ့၏။ တစ်ညလုံး မအိပ်ဘဲ နေခဲ့ရသဖြင့် အိပ်ရေး ပြန်ဝအောင် အိပ်ရဦးမည် ဆိုသည့် အသိစိတ် လုံးဝ မရှိချေ။ တက်ကြွ စိတ်လှုပ်ရှားစွာဖြင့် ပစ္စည်းများကို စုံလင်အောင် ပြင်ဆင်လိုက်၏။ “ခုနစ်လွှာခွဲ ကြာပန်းနက် ။ သံခွံဝက် ရဲ့ လည်ပင်းသား ၊ သွေးရိုးဆစ်သစ်ခွ နွားဒူးဆစ်မြစ် ၊ ရွှေနှင်းဆီသီး … ပြီးတော့ အပ်ချည်ထိုးအပ် … ။”

ဟုန်ရှောင်ပေါင်၏ စိတ်ခံစားချက်က အလွန် ကောင်းမွန်နေခဲ့၏။ “စုံပြီ … စုံပြီ။ အဆုံးသတ်တော့ စုံလင်သွားပြီ။”

ဤအပ်ချည်ထိုးအပ်ကို ဘာလုပ်ရန် ဖြစ်သနည်း ဟု သူက မူလက သိချင်နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဂရုမစိုက်နိုင်တော့ဘဲ ယင်းကျိုယိုကို အလျင်အမြန် ခေါ်ဆိုလိုက်၏။ “အဘိုး … မြန်မြန်လုပ် … မြန်မြန်လုပ်။ အဆင့်တက်ချင်နေပြီ။”

“မင်း အရင်ပြောစမ်း။ မင်းရဲ့ အမြင်အရဆိုရင် ဒီကုန်ကြမ်းတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ။”

All Chapters