အခန်း ၁၀၂
Vol. 10 Ch. 102
အပိုင်း (၁၀၂) - ခြင်္သေ့ခေါင်းဟင်းပွဲ။
ယင်းကျိုယို ကဲ့သို့သော နတ်ဘုရားကြီးတစ်ပါး၏ ညွှန်ကြားမှု ရှိနေသောကြောင့် ဟုန်ရှောင်ပေါင်သည် ယခုအချိန်တွင် အခြေခံကျသော အရာအများအပြားကို နားလည် သဘောပေါက်နေပြီ ဖြစ်၏။ စဉ်းစား ဆင်ခြင်ပြီးနောက် ပြောလိုက်သည်။
“ဒီ … ဟာကတော့လေ … ခုနစ်လွှာကြာပန်းနက် သံခွံဝက် ရဲ့ လည်ပင်းသား နဲ့ နွားဒူးဆစ်မြစ် ဆိုတဲ့ သုံးမျိုးက အမာကျောဆုံးပဲ။ အခြား အစားအသောက် ကုန်ကြမ်းတွေနဲ့ အတူတူ ချက်ပြုတ်လို့ သေချာပေါက် မရဘူး။ မဟုတ်ရင် ဒီနှစ်မျိုးက တစ်ဆယ် ရာခိုင်နှုန်းလောက်ပဲ ကျက်သေးတဲ့ အချိန်မှာ တခြားဟာတွေက အားလုံး နူးအိ ပျက်စီးကုန်လောက်ပြီ။ ခုနစ်လွှာကြာပန်းနက် ရဲ့ ဆေးဘက်ဝင် အာနိသင်က နွားဒူးဆစ်မြစ် နဲ့ သံခွံဝက် ရဲ့ လည်ပင်းသား တို့နဲ့ မတူညီဘူး။ ဒါကြောင့် သီးခြားစီ ခွဲပြီး ချက်ပြုတ်ရမယ် … ။”
ယင်းကျိုယိုက အဆက်မပြတ် ခေါင်းညိတ်နေခဲ့၏။ “မဆိုးဘူး … မှန်တယ် … ”
ဟုန်ရှောင်ပေါင်က သံခွံဝက်၏ လည်ပင်းသားမှာ အမာကျောဆုံး ဖြစ်ပြီး သေချာပေါက် အချိန်ပိုကြာကြာ လိုအပ်ကြောင်း ပြောဆိုသည့် အချိန်ကျမှသာ သူက ခေါင်းယမ်းလိုက်သည်။ “တိရစ္ဆာန် အတော်များများက သူတို့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေမှာ ကာကွယ်ရေး အသွင်သဏ္ဌာန် ရှိတဲ့ အရာတွေ သဘာဝ အတိုင်း ရှိနေတတ်ကြတယ်။ အရေးကြီးဆုံး အစိတ်အပိုင်းဆိုတာ လည်ပင်းထက် ပိုတာ မရှိဘူး။ ဒါကြောင့် မိစ္ဆာသားရဲ အတော်များများက လည်ပင်းနားမှာ ကာကွယ်ရေး နည်းလမ်းတွေ ရှိနေတတ်ကြတယ်။ ဥပမာ - ခြင်္သေ့မျိုးနွယ်တွေ ရဲ့ လည်ဆံမွေး ပြီးတော့ သံခွံဝက် ရဲ့ လည်ပင်းပေါ်က သံလို မာကြောတဲ့ ဒီလည်ပင်းသား တစ်တုံးပေါ့ … ။
လည်ပင်းသားက နွားဒူးဆစ်မြစ် ထက် အများကြီးပိုပြီး မာကြောတာတော့ သေချာတယ်။ ဒါပေမဲ့ မတူညီတဲ့ အချက်က ဒီတစ်ခေါက် လည်ပင်းသားရဲ့ အာနိသင်က ခုနစ်လွှာကြာပန်းနက် ကို သယ်ဆောင်ဖို့ သတ်သတ်ပဲ။ နူးအိသွားတဲ့အထိ တည်ထားရုံနဲ့ ရပြီ။ နွားဒူးဆစ်မြစ်ကျတော့ ငါတို့က ဒါရဲ့ အရိုးထဲက နွားရိုးတွင်းချဉ်ဆီ အဆီအနှစ်ကို လိုအပ်တာ။ မင်းရဲ့ လက်ရှိ နယ်ပယ်နဲ့ဆိုရင် မီးအေးအေးလေးနဲ့ သိမ်သိမ်မွေ့မွေ့ ထုတ်ယူတဲ့ နည်းလမ်း တစ်ခုတည်းပဲ ရှိတယ်။ ဒါကြောင့် နွားဒူးဆစ်မြစ်ကို တည်ရတဲ့ အချိန်က လည်ပင်းသား ထက်တောင် ပိုကြာသေးတယ်။”
ဟုန်ရှောင်ပေါင်က ချက်ချင်း ခေါင်းညိတ်လိုက်၏။ “သြော် … ဒီလိုကိုး … နားလည်ပြီ … နားလည်ပြီ။”
သူက ဆေးဖိုတစ်ခုကို ယူဆောင်လာပြီး ၎င်း၏ အောက်ဘက်တွင် သေးငယ်သော မီးပုံ အစီအရင်တစ်ခုကို ချထားလိုက်သည်။ ရေလောင်းထည့်၍ နွားဒူးဆစ်မြစ်ကို ထည့်ကာ တည်ထားလိုက်၏။ အဘိုး၏ ညွှန်ကြားချက် ကို နားထောင်လျက် လည်ပင်းသားကို တစ်ဆင့်ချင်း ကိုင်တွယ် ဖြေရှင်းလိုက်သည်။
“ဒီဟင်းပွဲရဲ့ နာမည်က ခြင်္သေ့ခေါင်းဟင်းပွဲ တဲ့။ သဘာဝအတိုင်းပဲ လည်ပင်းသားကို နုတ်နုတ်စင်းရမယ်။ မင်းရဲ့ ခွန်အားနဲ့ဆိုရင် နုတ်နုတ်စင်းတာကို လုပ်ဆောင်နိုင်ပေမဲ့ အနှစ်ဖြစ်သွားအောင် ထောင်းဖို့ကျတော့ နည်းလမ်း မရှိဘူး။ မီးပြင်းပြင်းနဲ့ နှစ်နာရီကြာအောင် အရင် တည်ထားရုံပဲ ရှိတယ်။”
“လက်ခံရရှိပါပြီ။”
ဟုန်ရှောင်ပေါင်သည် အဘိုး ပြောသော အနှစ်ဖြစ်အောင် ထောင်းခြင်းနှင့် ပတ်သက်၍ အနည်းငယ် စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေခဲ့၏။ သို့သော်ငြား အဘိုးက သူ့အကြောင်းကို နားလည်သည်။ သူ လုပ်ဆောင်၍ မရနိုင်ဘူးဟု ပြောလျှင် တကယ်ပဲ လုပ်ဆောင်၍ မရနိုင်ခြင်း ဖြစ်လောက်၏။
ယခု အဆင့်တက်မည့် အရေးကြီးသည့် အချိန်အခါတွင် ဤအသုံးမဝင်သော မာနများကို မထားရှိသင့်ပေ။ တစ်ခဏချင်းမှာပင် အင်အားစိုက်ထုတ်၍ လည်ပင်းသားကို အတုံးငယ်လေးများ ဖြစ်အောင် လှီးဖြတ် လိုက်သည်။ ဟုန်ရှောင်ပေါင် အသုံးပြုနေသည်မှာ ဓားကောင်း တစ်လက် ဖြစ်သော်လည်း လည်ပင်းသား တစ်တုံးလုံးကို လှီးဖြတ်ပြီးသည့်နောက်တွင် ဓားသွား၌ အစ်အက်ရာ သေးသေးလေးများ ပေါ်ထွက်လာခဲ့သည်။
ထို့နောက်မှ မီးဖိုချောင်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် မီးဖိုခုံ ရှိ၏။
ဟုန်ရှောင်ပေါင်က စားသောက်ဆိုင် ဖွင့်ရန် စိတ်ကူးရပြီးသည့်နောက်တွင် တမင်ချဲ့ထွင်ထားခဲ့ခြင်း ဖြစ်သည်။ လက်နက်သွန်းလုပ်ရေးဖို လောက် မချဲ့ကားသော်လည်း ဖြစ်သလို အသုံးပြုရန်တော့ လုံလောက်သည်။
မီးသွေးများ ထည့်သွင်းလိုက်ပြီး မီးပုံ အစီအရင် ငါးခုကို တိုက်ရိုက် ဖော်ဆောင်လိုက်၏။ မီးတောက်များ စိမ်းပြာရောင် သန်းလာသည့် အချိန်ကျမှသာ သံမဏိ ဒယ်အိုးကြီးကို အပေါ်သို့ တင်လိုက်သည်။ ရေခဲနှင်းရည် တစ်အိုး လောင်းထည့်လိုက်၏။ ရေခဲနှင်းရည် ဆိုသည်မှာ ရေပင် ဖြစ်သော်လည်း ပို၍ ကြာရှည် တည်ခံသည်။ တည့်တည့်ပြောရလျှင် ဆူမှတ် ပိုမြင့်မားခြင်း ဖြစ်၏။ ထို့နောက်မှ အတုံးငယ်လေးများအဖြစ် လှီးဖြတ်ထားသော လည်ပင်းသားကို ထည့်သွင်းလိုက်ပြီး ဒယ်အိုးအဖုံးကို ဖုံးအုပ်လိုက်၏။
ထိုအခါမှ ဟုန်ရှောင်ပေါင်သည် အခြား ဆေးဘက်ဝင် ကုန်ကြမ်းများကို စတင် ကိုင်တွယ် ဖြေရှင်းတော့သည်။
“သစ်ခွအမျိုးအစား ဆေးဝါးအားလုံးက အလွန် တန်ဖိုးကြီးကြတယ်။ သာမန် ဆေးဝါးတွေထဲမှာ ကျောက်စိမ်းသစ်ခွ က နတ်ဆေးပင်ကိုးမျိုးရဲ့ ထိပ်ဆုံးမှာ ရှိတယ်။ ဒါရဲ့ နာမည်က ကောင်းကင်တောင် နှင်းကြာပန်း ဟယ်ရှိုဝူ (ကြက်သွန်ဖြူမြစ်) လင်းဇီး ဆောင်းဦးနွေမြက်တို့ထက်တောင် ပိုမြင့်မားသေးတယ်။
သွေးရိုးဆစ်သစ်ခွ ကျတော့ ဆေးဝါးတစ်ခု ဖြစ်တဲ့အတွက် အာနိသင်က သဘာဝအတိုင်း အဆပေါင်းများစွာ ပိုသာလွန်တယ်။ ဒါရဲ့ ဆေးသဘာဝက သိမ်မွေ့ပြီး ဒဏ်ရာကြောင့် အဆစ်အမြစ် နာကျင်တာကို ပျောက်ကင်းစေယ်။ ကလီစာငါးပါး အားနည်းပြီး ပိန်ချုံးတာကို အားဖြည့်ပေးတယ်။ ယင်ဓာတ်ကို အားဖြည့်ပြီး အလှအပကို ထိန်းသိမ်းပေးတာတွေအတွက် အံ့မခန်း အာနိသင် ရှိတယ် … ။”
အဘိုးက သွေးရိုးဆစ်သစ်ခွ၏ အာနိသင်ကို ဖြည်းဖြည်းချင်း ရှင်းပြနေခဲ့၏။
ဟုန်ရှောင်ပေါင်သည် ဤသွေးရိုးဆစ်သစ်ခွကို သေချာစွာ ကြည့်ရှုလိုက်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
သစ်ခွအမျိုးအစားများက ဝါးပင်နှင့် အနည်းငယ် တူညီကြပြီး တစ်ဆစ်ပြီး တစ်ဆစ် ဖြစ်နေကြ၏။ ဤသွေးရိုးဆစ် သစ်ခွမှာ တစ်ပေခန့် ရှည်လျားပြီး တစ်ကိုယ်လုံး နီမည်းနေကာ သွေးရောင် လွှမ်းနေသော အရိုးတစ်ခုနှင့် တူညီနေ၏။
“သွေးရိုးဆစ်သစ်ခွက ကြွက်သားနဲ့ အရိုးတွေကို ပြုစုပျိုးထောင်ပေးနိုင်တယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲမှာ ပါဝင်တဲ့ သစ်ခွမျှင်တွေက ခုနစ်လွှာကြာပန်းနက်ရဲ့ စွမ်းအင်တွေကို အပြင်ကို မထွက်သွားအောင် သော့ခတ် ပိတ်လှောင်ထားနိုင်တယ်။ သစ်ခွရွက်တွေထဲမှာ ပါဝင်တဲ့ သွေးရိုးဆစ်ရည်ကျတော့ အရိုးတွေအတွက် အရမ်း ကောင်းမွန်တဲ့ အကျိုးကျေးဇူး ရှိတယ် … ။”
ဟုန်ရှောင်ပေါင်သည် အဘိုး၏ စကားကို နားထောင်လျက် အဆစ်နေရာများတွင် ပေါက်ရောက်နေသော သွေးရောင် လွှမ်းသည့် သစ်ခွရွက် တစ်ရွက်ချင်းစီကို ခူးယူလိုက်၏။ ထို့နောက်မှ သွေးရိုးဆစ်သစ်ခွကို အလျားလိုက် ခွဲခြမ်းလိုက်ပြီး ထိုအထဲမှ သစ်ခွမျှင်များကို သေသပ်စွာ ဖယ်ထုတ်လိုက်သည်။
နာရီဝက်နီးပါးခန့် လုပ်ဆောင်ပြီးသည့်နောက်တွင် အဆုံးသတ်၌ သွေးရိုးဆစ်သစ်ခွ အားလုံးကို ကိုင်တွယ် ဖြေရှင်း ပြီးစီးသွားခဲ့၏။ သွေးရောင် လွှမ်းနေသော သစ်ခွမျှင်တစ်မျှင်ချင်းစီကို အသုံးပြုရန် ထုတ်ယူ ထားလိုက်သည်။ သစ်ခွရွက်နှင့် သစ်ခွပင်စည်တို့ကိုလည်း ရွှံ့ညွန်ကဲ့သို့ ဖြစ်သွားအောင် ထောင်းချေပြီး ပန်းကန်လုံး တစ်လုံးထဲတွင် အသုံးပြုရန် ထည့်ထားလိုက်၏။
ဤအချိန်တွင် နီရဲအောင် တည်ရာ၌ အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် နာနတ်ပွင့် ၊ သစ်ကြံပိုးခေါက်၊ ယွမ်ရှန်းရွက် ၊ မာဂျင်း စသည်တို့ကိုလည်း ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်သည်။ နှင်းကြက်၏ ကြက်ဥများကို ထပ်မံ မွှေနှောက်လိုက်ပြီးနောက် ဟုန်ရှောင်ပေါင်မှာ လုပ်စရာ ကိစ္စ မရှိတော့ချေ။ သံခွံဝက် တည်ပြီးမည့် အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။
နှစ်နာရီ ကြာမြင့်ပြီးသည့်နောက် သံခွံဝက်၏ လည်ပင်းသားသည် အဆုံးသတ်၌ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ကျက်သွားခဲ့ပြီ ဖြစ်သည်။ ထိုအခါမှ ဟုန်ရှောင်ပေါင်သည် ဒယ်အိုးထဲမှ လည်ပင်းသားကို ဆယ်ယူလိုက်ပြီး နည်းနည်းချင်းစီ အားလုံးကို နုတ်နုတ်စင်းလိုက်၏။
ထို့နောက် အသားနှစ်များကို နှင်းကြက်ဥထဲသို့ လောင်းထည့်၍ မွှေနှောက်လိုက်သည်။ ဤအချိန်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့၏။ လည်ပင်းသားက ရေမြှုပ်တုံးများကဲ့သို့ နှင်းကြက်ဥ အရည်များကို စုပ်ယူသွားခဲ့သည်။
ဟုန်ရှောင်ပေါင်သည် ကြက်သေသေသွားခဲ့၏။ “ဟာ … အစွမ်းထက်လှချည်လား။”
သူက ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။ “အဘိုး … သံခွံဝက် ရဲ့ လည်ပင်းသားကို အသုံးပြုရတာ ဒီအကြောင်းပြချက်ကြောင့် မဟုတ်လား။”
ယင်းကျိုယိုက ခေါင်းညိတ်လိုက်၏။ “မှန်တယ်။ သံခွံဝက် ရဲ့ လည်ပင်းသားက ခြောက်သွေ့တဲ့ သဘာဝရှိပြီး အရည်တွေကို ထိန်းချုပ် သော့ခတ် သိမ်းဆည်းထားနိုင်တယ်။ ကြက်ဥရည် တစ်လွှာ ထပ်ပြီး ထည့်လိုက်ရင် ခုနစ်လွှာကြာပန်းနက် ရဲ့ အရည်တွေ အားလုံးကို အထဲမှာ သော့ခတ် ပိတ်လှောင်ထားနိုင်တယ်။”
“အစွမ်းထက်တယ် … သိပ်အစွမ်းထက်တာပဲ။”
နေရာတိုင်းတွင် ပညာရပ်တွေ ချည်းပါလား။
ဟုန်ရှောင်ပေါင်က စိတ်ထဲမှ တွေးတောလိုက်၏။ ဤသည်မှာ အရေးကြီးသော အချိန်အခါသို့ ရောက်ရှိလာပြီ ဖြစ်ရာ ခုနစ်လွှာကြာပန်းနက်ကို အလေးအနက် ထုတ်ယူလိုက်သည်။ ခုနစ်လွှာကြာပန်းနက်၏ အရွက်များကို သေသပ်စွာ ကြည့်ရှုလိုက်ရာ အဖတ်တိုင်းက အနည်းငယ် ထူထဲနေပြီး အရည်ရွှမ်းသော အပင်များကဲ့သို့ ဖြစ်နေ၏။ ညင်သာစွာ တစ်ချက် ထိုးဖောက်လိုက်ရုံဖြင့် အရည်များ စီးကျလာနိုင်မည်ဟု ခံစားရသည်။
ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို ကြည့်ရှုလျက် ပြောလိုက်၏။ “ခုနစ်လွှာကြာပန်းနက် ရဲ့ အရည်က အငွေ့ပျံလွယ်တယ်။ ဒါကြောင့် ထောင်းချေလို့ မရဘူး။ တကယ်လို့ ကြာပန်းဖတ် တစ်ခုလုံးကို အတူတူ တည်လိုက်ရင်လည်း ဆေးဘက်ဝင် အာနိသင်က အငွေ့ပျံ မထွက်လာနိုင်ဘူး။ ဒါကြောင့် ရေစီးကြောင်းလေးလို ဖြည်းဖြည်းချင်း စီးဆင်းစေတဲ့ နည်းလမ်းကနေပဲ ထုတ်ယူလို့ရမယ်။ အပ်ချည်ထိုးအပ်ကို ဘာလုပ်ဖို့လဲ ဆိုတာ မင်း သိပြီလား။”
ဟုန်ရှောင်ပေါင်က အပ်ချည်ထိုးအပ်ကို တစ်လှည့် သစ်ခွမျှင်များကို တစ်လှည့် ကြည့်ရှုလိုက်ပြီး ရုတ်တရက် နားလည်သွားခဲ့၏။
“ဟားဟား … ကျုပ် နားလည်ပြီ။ အပ်ချည်ထိုးအပ်ကို သုံးပြီး ခုနစ်လွှာကြာပန်းနက် ရဲ့ ကြာပန်းဖတ်တွေ အပေါ်မှာ အပေါက်ငယ်လေးတွေ ထိုးဖောက်ရမယ် မလား။ ပြီးရင် သစ်ခွမျှင်တွေကို အဲဒီ အပေါက်ငယ်လေးတွေ ထဲကို ထည့်သွင်းရမယ်။ ပြီးတော့မှ သစ်ခွမျှင်တွေကို အသားလုံးထဲမှာ မြှုပ်နှံရမယ်။ ဒီလိုဆိုရင် ခုနစ်လွှာကြာပန်းနက် ရဲ့ ကြာပန်းဖတ်တွေ ထဲက အရည်တွေကို ခြင်္သေ့ခေါင်းဟင်းပွဲထဲကို ဖြည်းဖြည်းချင်း ထည့်သွင်းပေးနိုင်ပြီ။”
ဟုန်ရှောင်ပေါင်က သဘောပေါက်သွားခဲ့သည်။ “ကျွတ်ကျွတ် … အရည်တွေကို အသားလုံး ထဲသို့ ထည့်သွင်းတာပဲ။ အသားလုံးရဲ့ လုပ်ဆောင်ချက်က ခုနစ်လွှာကြာပန်းနက် ရဲ့ အရည်တွေကို စုပ်ယူဖို့ ဖြစ်ပြီး နှင်းကြက်ဥကတော့ အရည်တွေ အပြင် စီးမကျသွားအောင် ကာကွယ်ဖို့ အသုံးပြုတာပဲ … ဒါက အစွမ်းထက်တယ်။”
ယင်းကျိုယိုက အေးစက်စွာ ရယ်မောလိုက်၏။ “ဒီလောက်တင် မကဘူး။ အထွေထွေအားဖြင့်တော့ မင်း ပြောတဲ့ ပုံစံအတိုင်းပဲ။ ဒါပေမဲ့ ဒီဆေးဝါး အမျိုးအစား အနည်းငယ်က တစ်ခုနဲ့တစ်ခု သင့်လျော် ညီညွတ်ကြတယ်။ တကယ်လို့ ယူဆောင်လာတာက ကြာစွယ်မျှင် နွယ်ပင်မျှင်တွေသာ ဆိုရင် ဒီဟင်းပွဲက ပြင်းထန်တဲ့ အဆိပ်ပြင်း ပစ္စည်းတစ်ခု ဖြစ်သွားလိမ့်မယ်။”
ဟုန်ရှောင်ပေါင်က အလေးအနက် ခေါင်းညိတ်လိုက်၏။ “နားလည်ပြီ … နားလည်ပြီ။”
တည့်တည့်ပြောရလျှင် တစ်ခုနှင့်တစ်ခု သင့်လျော် ညီညွတ်သော ဆေးဝါးများ ဖြစ်နေ၍သာ ဖြစ်သည်။ ထို့ကြောင့် ရောနယ်ပြီး ဖြစ်သလို စားသုံးလိုက်လျှင်လည်း အာနိသင် ရှိပေသည်။
တစ်ခဏချင်းမှာပင် ကြာပန်းဖတ် တစ်ခုကို သတိထား၍ ခူးယူလိုက်သည်။ အပ်ချည်ထိုးအပ်ကို အသုံးပြု၍ ၎င်း၏အပေါ်တွင် အပေါက်ငယ်လေး ငါးဆယ်ကို ထိုးဖောက်လိုက်၏။ ထို့နောက်မှ အလွန် သတိထားလျက် သစ်ခွမျှင်၏ တစ်ဖက်စွန်းကို အပ်ပေါက်ကို အသုံးပြု၍ အပေါက်ငယ်လေးများ ထဲသို့ ထည့်သွင်းလိုက်၏။
အပေါက်ငယ်လေး ငါးဆယ်လုံး ထဲသို့ သစ်ခွမျှင်များ ထည့်သွင်းပြီးသွားသည့် အခါတွင်မူ ကြာပန်းဖတ်က မုတ်ဆိတ်မွေး ရှည်ကြီးများ ပေါက်ရောက်နေသကဲ့သို့ ဖြစ်သွားခဲ့သည်။
ထိုအခါမှ ဟုန်ရှောင်ပေါင်သည် အသားနှစ်များ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ကြက်ဥ အရွယ်အစားခန့် ရှိသော အသားလုံး တစ်လုံးကို ဆုပ်နယ်လိုက်သည်။ တစ်ဝက်စီ ခွဲခြမ်းလိုက်ပြီး သစ်ခွမျှင်များ ထည့်သွင်းထားပြီး ဖြစ်သော ကြာပန်းဖတ်ကို ယူဆောင်လာကာ အသားလုံးပေါ်တွင် ပြန့်ပြူးစွာ တင်ထားလိုက်၏။
ကြာပန်းဖတ်နှင့် ဆက်သွယ်ထားသော သစ်ခွမျှင်များကို တစ်မျှင်ချင်းစီ သတိထား၍ ဖြန့်ကျက်လိုက်သည်။ ထို့နောက်မှ ကျန်ရှိသော အသားလုံးတစ်ဝက်ကို ၎င်း၏ အပေါ်တွင် ဖုံးအုပ်လိုက်ရာ ဤသည်ကို အပြီးသတ်သွားပြီဟု မှတ်ယူနိုင်သည်။
ဟုန်ရှောင်ပေါင်က သက်ပြင်းချလိုက်၏။ “အမလေးဗျာ … မလွယ်ကူဘူးပဲ။”
သူက ဤအသားလုံးကို သေချာစွာ ကြည့်ရှုလိုက်သည်။ သာမန်အတိုင်း ထင်ရသော ဤအသားလုံး အတွင်း၌ အခြားသော ကမ္ဘာတစ်ခု ရှိနေမည်ကို ဘယ်သူက တွေးတောမိနိုင်မည်နည်း။
ပုံစံတူအတိုင်း ကြာပန်းဖတ် ခုနစ်ခုစလုံးကို အသားလုံး ခုနစ်လုံး ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် နောက်ထပ် အရေးကြီးသော အဆင့်တစ်ခုကို စတင်လိုက်တော့၏။
မီးမွှေးခြင်း ဖြစ်သည်။
… …
ဤအချိန်တွင် လမ်းမပေါ်၌ လူသုံးယောက်က တစ်လှမ်းချင်း အလျင်အမြန် လျှောက်လှမ်းလာနေကြ၏။ ဤလူသုံးယောက်မှာ ချန်ယန် ၊ စူးထျန် ၊ ချန်ဖုန်း တို့ပင် ဖြစ်သည်။
သူတို့သည် အချည်းနှီး မဖြစ်ခဲ့ဟု ဆိုနိုင်ပေသည်။ ကိုယ်စီ ကိုယ်လိုချင်သော ပစ္စည်းများကို ရရှိခဲ့ကြပြီး ယခုမှသာ လေယင်မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။
စူးထျန်က ပြုံးလိုက်သည်။ “သူဌေးဟုန် ဘေးကင်းစွာ ပြန်ရောက်လာပြီလား ဆိုတာတော့ မသိရသေးဘူး။ သူဌေးဟုန် ချက်ပြုတ်တဲ့ ဟင်းလျာတွေကို တကယ် သတိရတာပဲ။ အခု သူ့ရဲ့ စားသောက်ဆိုင်က ဆိုင်မဖွင့်သေးတော့ တစ်နပ်လောက် တောင်းစားလို့ ရ ၊ မရ မသိဘူး။”
ချန်ဖုန်းက ပျော်ရွှင်စွာ ပြောလိုက်၏။ “သွားမေးကြည့်ရင် သိမှာပဲဟာ … ဘာလို့ စိတ်ရှုပ်ခံနေတာလဲ။”
သူက ခြေလှမ်းအနည်းငယ်ဖြင့် ဟုန်မိသားစု ကုန်စုံဆိုင် ရှေ့သို့ ရောက်ရှိလာခဲ့ပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
“ဒေါက် … ဒေါက် … ဒေါက်။”
သဘာဝအတိုင်းပင် ဤအချိန်၌ ဟုန်ရှောင်ပေါင်သည် မိမိကိုယ်ကို မေ့လျော့နေသော အခြေအနေသို့ ရောက်ရှိနေထိုင်နေခဲ့ရာ ချန်ဖုန်းကို အဘယ်သို့ အာရုံခံနိုင်မည်နည်း။
ချန်ဖုန်းက အတန်ကြာ စောင့်ဆိုင်းသော်လည်း တုံ့ပြန်မှု မရှိသဖြင့် တံခါးကို နောက်တစ်ကြိမ် ခေါက်လိုက်၏။ “ဒေါက် … ဒေါက် … ဒေါက် … ။”
ချန်ယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ “ညီလေးဟုန် က မပြန်လာသေးတာများလား။”
ချန်ဖုန်းက တံခါးပေါ်ရှိ သော့ကို ကြည့်ရှုလိုက်၏။ “မဟုတ်ဘူးလေ။ အဲဒီတုန်းက ကျုပ်တို့ ဆိုင်ကို သော့ခတ်ပြီး အတူတူ ထွက်သွားခဲ့ကြတာ။ ဒါပေမဲ့ အခု သော့ကို ဖွင့်ထားပြီးသား ဖြစ်နေပြီပဲ။”
စူးထျန်က သံသယဖြင့် မေးလိုက်သည်။ “မောင်လေးဟုန် က အခု ကျင့်ကြံနေတာများလား။”
ချန်ဖုန်းက ပြောလိုက်သည်။ “သောက်ရမ်း မိုက်တဲ့ ဟင်းလျာ တစ်ခုခုကို ချက်ပြုတ်နေတာလည်း ဖြစ်နိုင်တယ်။”
ကျင့်ကြံသူ တစ်ယောက် ဖြစ်လျှင် မည်သည့်အခြေအနေတွင် ဉာဏ်အလင်းပွင့်ခြင်းထဲသို့ ဝင်ရောက်သွားမည် ဆိုသည်ကို တကယ်ပင် အတိအကျ မပြောနိုင်ချေ။ ထို့ကြောင့် ချန်ယန်က တံခါး နှစ်ကြိမ် ခေါက်သော်လည်း ဖွင့်မပေးသည်ကို မြင်တွေ့ရချိန်တွင် ထပ်မခေါက်တော့ဘဲ စကားစမြည် ပြောဆိုရင်း စောင့်ဆိုင်းနေလိုက်၏။
ဘယ်လိုဖြစ်ပြီး စူးထျန်က ဟုန်ရှောင်ပေါင် အကြောင်းကို ရောက်သွားသလဲ မသိချေ။ “အစ်ကိုချန် … အစ်ကို ပြောသလိုပဲ သူဌေးဟုန်ရဲ့ ချက်ပြုတ်ရေး အတတ်ပညာက ဒီလို အဆင့်အတန်းအထိ တကယ် ရောက်ရှိနေပြီလား။”
ချန်ယန်က အလေးအနက် ပြောလိုက်၏။ “အဲဒီထက်တောင် ပိုနိုင်သေးတယ်။ လုပ်ငန်းစဉ်ကို မမြင်ရပေမဲ့ သိမ်မွေ့တဲ့ အရာလေးတွေကို ကြည့်ရုံနဲ့ ဆေးဘက်ဝင် အစားအစာ တစ်နပ်လုံးကို တစ်ခါတည်း အပြီးသတ် ချက်ပြုတ်ထားတယ် ဆိုတာကို မြင်နိုင်တယ်။ ဒါက အစပြုသူ တစ်ယောက်မှာ ရှိသင့်တဲ့ တုံ့ပြန်မှုမျိုး မဖြစ်နိုင်ဘူး။ တည့်တည့်ပြောရရင် သူက အကြိမ် ရာနဲ့ ထောင်နဲ့ချီပြီး အောင်မြင်ခဲ့ပြီးမှသာ ဒီလောက် ယုံကြည်မှု ရှိနေတာ ဖြစ်လောက်တယ်။”
စူးထျန်သည် အံ့အားသင့်သွားခဲ့သည်။ “ဟင်။”
ချန်ဖုန်းလည်း ထိတ်လန့်သွားခဲ့သည်။ “ဆေးဘက်ဝင် အစားအစာ ကို အကြိမ် ထောင်နဲ့ချီပြီး အောင်မြင်ခဲ့တာလား။ ဒါ … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ချန်ယန်က ချက်ချင်း ရှင်းပြလိုက်၏။ “ဒီစကားက အနည်းငယ် ချဲ့ကားရာ ရောက်သွားနိုင်တယ်။ ညီလေးဟုန် က အနည်းငယ် ငယ်ရွယ်လွန်းနေသေးတာကိုး။ ငါ ပြောချင်တာက သူ ဟင်းချက်တဲ့အချိန်မှာ ရှိတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြောတာ။”
သူတို့ ပြောဆိုနေကြစဉ်မှာပင် ကြည်လင် အေးစက်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “မိတ်ဆွေတို့ … ကြည့်ရတာ မိတ်ဆွေတို့ အထင်လွဲနေကြပြီ ထင်တယ်။”
လူတိုင်းက နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် အလွန် လှပသော အမျိုးသမီး တစ်ယောက်နှင့် ပန်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုလေး တစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
ခန္ဓာကိုယ် အနည်းငယ် ပိုမို သွယ်လျ အရပ်ရှည်သူမှာ အစိမ်းနုရောင် ရိုးရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလှဆင် ပစ္စည်း အနည်းငယ်မျှပင် မပါရှိချေ။ သို့သော်လည်း သူမ၏ အလွန် လှပသော မျက်နှာကို ကာကွယ် တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
မိန်းမပျိုလေးမှာလည်း သေသပ် ချစ်စရာ ကောင်းနေပြီး ဆိုလိုသည့် သေးသွယ် ကျစ်လျစ်ခြင်း ဆိုသည်မှာ သူမကို ပြောဆိုနေခြင်း ဖြစ်လောက်၏။
သူတို့မှာ လွီဆုချင်း နှင့် ကျိရှောင်လု တို့ပင် ဖြစ်သည်။