အခန်း ၁၀၃
Vol. 10 Ch. 103
အပိုင်း (၁၀၃) - “ချက်ပြုတ်ရေး ပါရမီရှင်။” “သားရဲယဉ်ပါးရေး ပါရမီရှင်။”
တကယ်တော့ လွီဆုချင်းသည် ကျိရှောင်လုကို ခေါ်ဆောင်၍ ဈေးဝယ် ထွက်လာခဲ့ခြင်း ဖြစ်၏။ လမ်းတစ်လျှောက်လုံး လျှောက်သွားနေရင်းဖြင့် မည်သည့်အချိန်က ဤနေရာသို့ ရောက်ရှိလာမှန်း မသိခဲ့ချေ။
ခေါင်းမော့ကြည့်လိုက်ရာ ဟုန်မိသားစု ကုန်စုံဆိုင် ဆိုသည့် စာလုံး ငါးလုံးကို မြင်တွေ့လိုက်ရချိန်တွင် သူမ ကိုယ်တိုင်လည်း ကြက်သေသေသွားခဲ့ရသည်။
ဤသည်မှာ တိုက်ဆိုင်မှုလား သို့မဟုတ် သူမ၏ စိတ်အောက်ခြေက သူ အဆင့်တက်နိုင်လိမ့်မည်ဟု မသိမသာ ယုံကြည်နေမိခြင်းများလား။ ထို့အပြင် တံခါးရှေ့ရှိ ထိုလူသုံးယောက်ကလည်း ရွှံ့နွံများနှင့်ကောင်လေးကို စံအိမ်ထဲသို့ ဆွဲသွင်းရန် စိတ်ကူးရှိနေပုံရ၏။
လွီဆုချင်းသည် တစ်ချိန်လုံး နားထောင်နေခဲ့ပြီး ယခု မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ထိုရွှံ့နွံကောင်လေးက သူသည် ဟုန်မိသားစု ကုန်စုံဆိုင် တွင် နေထိုင်ကြောင်း ပြောဆိုခဲ့သည်ကို သူမက ရှင်းလင်းစွာ မှတ်မိနေပေသည်။
သူမ သေချာပေါက် မှတ်ဉာဏ် မလွဲနိုင်ချေ။ ထိုသို့ဆိုလျှင် ဤလူများက အထင်လွဲနေကြခြင်း ဖြစ်လောက်၏။
တစ်ခဏချင်းမှာပင် သူတို့အနီးသို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ဟုန်မိသားစုရဲ့ ဆိုင်ရှင်က သားရဲယဉ်ပါးရေး လမ်းစဉ်ရဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ချက်ပြုတ်ရေး ဌာနကမှ မဟုတ်တာ။”
ချန်ဖုန်းက ချက်ချင်း ပြောလိုက်၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူဌေးဟုန် ချက်ပြုတ်တဲ့ ဟင်းလျာတွေကို ကျုပ်တို့ အားလုံး စားဖူးကြတာလေ။ ခင်ဗျားက သူ ချက်ပြုတ်ရေး ပါရမီရှင် မဟုတ်ဘူးလို့ ပြောနေတာလား။”
စူးထျန်ကလည်း ပြုံးလိုက်သည်။ “ဒီက အစ်မ … မောင်လေးဟုန် က တကယ်ပဲ ချက်ပြုတ်ရေး လမ်းစဉ်ရဲ့ ပါရမီရှင် တစ်ယောက်ပါ။ သူ ချက်ပြုတ်တဲ့ ဆေးဘက်ဝင် အစားအစာ ကို ကျွန်မတို့ ကိုယ်တိုင် ပါးစပ်နဲ့ စားဖူးကြတာ။”
လွီဆုချင်းက အေးစက်စက် ရယ်မောလိုက်၏။ “ဟုတ်လား … တိုက်ဆိုင်လိုက်တာ။ မောင်လေးဟုန် ရဲ့ သားရဲယဉ်ပါးရေး နည်းလမ်းတွေကိုလည်း ကျွန်မ ကိုယ်တိုင် မျက်စိနဲ့ မြင်ဖူးတယ်။ သွေးသားခန္ဓာ ဒုတိယအဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို ယဉ်ပါးအောင် မွေးမြူနိုင်တဲ့ သားရဲယဉ်ပါးရေး လမ်းစဉ်ရဲ့ ပါရမီရှင် တစ်ယောက်က ဘယ်လိုလုပ်ပြီး ချက်ပြုတ်ရေး ဆရာကြီး ဖြစ်သွားရတာလဲ။”
ချန်ဖုန်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ “ဟား ဟား ဟား ဟား ဟား ဟား။ အခြားအရာတွေကို ကျုပ် မပြောရဲပေမည့် သူဌေးဟုန် က ချက်ပြုတ်ရေး ပါရမီရှင် ဆိုတာတော့ သေချာပေါက် သံသယဖြစ်စရာ မလိုဘူး။ ခင်ဗျား ပြောတဲ့ သားရဲယဉ်ပါးရေး ပါရမီရှင် ဆိုတာက ဘယ်လို ပုံပန်းသွင်ပြင်ရှိလဲ ဆိုတာ ပြောပြစမ်းပါ။ ကျုပ် အဲဒီလူကို သိ မသိ ကြည့်ရအောင်။”
လွီဆုချင်းသည် မျက်မှောင်ကြုတ်လိုက်၏။ မနေ့က ဟုန်ရှောင်ပေါင်မှာ တစ်ကိုယ်လုံး ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ဟုန်ရှောင်ပေါင်၏ ရုပ်ရည်က ဘယ်လိုပုံစံ ရှိသလဲ ဆိုသည်ကို သူမက အဘယ်သို့ သိနိုင်မည်နည်း။ အရေးကြီးဆုံးမှာ သူမက ဘာရာထူး အရည်အချင်း ရှိသူနည်း။ ဤသူက စစ်ကြော မေးမြန်းသည့် သဘောထားမျိုးဖြင့် သူမကို စကားပြောဆိုရဲသည်လား။
လွီဆုချင်းက တုံ့ပြန်မှု မပြသေးမီမှာပင် ကျိရှောင်လုက ဦးစွာ ခါးထောက်လျက် အသံကျယ်ကြီးဖြင့် ပြောလိုက်၏။ “ရှင်က အစ်မကြီးကို ဘယ်လို စကားပြောနေတာလဲ … ဟမ်။ ရှင့်ကို မေးနေတာလေ။ ဒါက ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ် က သဘောကျထားတဲ့ လူပဲ … ဟွန့်။ ရှင်တို့ထဲက ဘယ်သူ မကျေနပ်တာ ရှိလဲ။”
ချန်ဖုန်းက စိတ်လောသွားခဲ့သည်။ “ဟေး … သားရဲယဉ်ပါးရေးစံအိမ် ဆိုရင် အထင်ကြီးစရာ ကောင်းနေပြီလား။”
သူက သားရဲယဉ်ပါးရေးစံအိမ်သည် အလွန် အထင်ကြီးစရာ ကောင်းကြောင်းကို စိတ်ထဲမှ သဘာဝအတိုင်း သိရှိထားပေသည်။ လေယင်မြို့တော် တစ်ခုလုံးက သားရဲယဉ်ပါးရေးစံအိမ် အပေါ် အထင်ကြီးကြသည်။ သို့သော်လည်း စိတ်လောသွားသောကြောင့် ဒေါသတကြီး ပြောလိုက်၏။ “သားရဲယဉ်ပါးရေးစံအိမ် က ဘာများ အထင်ကြီးစရာ ရှိလို့လဲ။”
ကျိရှောင်လုက ခါးထောက်ထားဆဲ ဖြစ်သည်။ “သားရဲယဉ်ပါးရေးစံအိမ် က သဘာဝအတိုင်း အထင်ကြီးစရာ ကောင်းတာပေါ့။ ရှင်တို့က ဘာစံအိမ်လဲ … သြော် … ချက်ပြုတ်ရေးစံအိမ် လား။ ကျွန်မတို့ လေယင်မြို့တော် မှာ အဲဒီလို စံအိမ်မျိုး ရှိလို့လား။”
ချန်ယန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ကျိရှောင်လု၏ အသက်အရွယ်က ငယ်ရွယ်လွန်းသေးသည်ကို ကြည့်ပြီး ဤပြဿနာကို ရှုပ်ထွေးမခံတော့ဘဲ ချန်ဖုန်းကို ဆွဲထားပြီး လက်သီးဆုပ် အရိုအသေပေးလိုက်၏။ “သားရဲယဉ်ပါးရေးစံအိမ် က အစ်မ ဖြစ်နေတာကိုး။ ဘာကိစ္စများ ရှိလို့လဲ မသိဘူး။”
လွီဆုချင်းက အေးစက်စွာ ပြောလိုက်သည်။ “ဒီဆိုင်ရဲ့ ဆိုင်ရှင်ကို စံအိမ်ထဲ ဝင်ဖို့ လာခေါ်တာ။”
ချန်ယန်မှာ အနည်းငယ် စိတ်ရှည်မှု ရှိသေးသောကြောင့် ကျိရှောင်လု၏ မရိုမသေ စကားများအတွက် ဒေါသမထွက်ခဲ့ဘဲ တည်ငြိမ်စွာ ပြောလိုက်၏။ “အာ … အစ်မ လူမှားနေပြီ ထင်တယ်။ ညီလေးဟုန် … ဟုန်ရှောင်ပေါင် က ချက်ပြုတ်ရေး လမ်းစဉ်မှာ ကျွမ်းကျင်တာ။ ပြီးတော့ ချက်ပြုတ်ရေး ပါရမီက အရမ်း အံ့မခန်း ဖြစ်ပြီး ဆေးဘက်ဝင် အစားအစာ ကိုတောင် ချက်ပြုတ်နိုင်နေပြီ။ သူက ချက်ပြုတ်ရေး လမ်းစဉ်မှာ ကျွမ်းကျင်တဲ့ တစ်ချိန်တည်းမှာပဲ အခြား လမ်းစဉ်တစ်ခုမှာပါ ကျွမ်းကျင်နိုင်အုံးမယ်လို့ အစ်မ ထင်နေတာလား။”
လွီဆုချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “သဘာဝအတိုင်း မထင်ပါဘူး။ သူက ဆယ့်ခုနစ် ဆယ့်ရှစ်နှစ်လောက်ပဲ ရှိအုံးမှာ။ ဒီလို အသက်အရွယ်မှာ လမ်းစဉ်တစ်ခုကို ကျွမ်းကျင်နိုင်တာကတင် အံ့ဩစရာ ကောင်းတဲ့ ပါရမီ ဖြစ်နေပြီ။ နောက်ထပ် အခြား လမ်းစဉ်တစ်ခုကို တတ်ကျွမ်းဖို့ မဖြစ်နိုင်ဘူး။”
ချန်ယန်က ပြုံးလိုက်၏။ “ဒါဆို ဟုတ်ပြီလေ။ ညီလေးဟုန်က ချက်ပြုတ်ရေး လမ်းစဉ်ရဲ့ ပါရမီရှင် ဖြစ်လောက်တယ်။”
လွီဆုချင်းက အေးစက်စက် ပြောလိုက်သည်။ “တိုက်ဆိုင်လိုက်တာ။ ကျွန်မကလည်း ဒီဆိုင်ရဲ့ ဆိုင်ရှင်က သားရဲယဉ်ပါးရေး လမ်းစဉ်ရဲ့ ပါရမီရှင် လို့ပဲ ထင်တယ်။”
“ချက်ပြုတ်ရေး ပါရမီရှင်။”
“သားရဲယဉ်ပါးရေး ပါရမီရှင်။”
… …
အပြင်ဘက်တွင် အငြင်းပွားမှုက မီးကုန်ယမ်းကုန် ဖြစ်နေသော်လည်း ဆိုင်အတွင်းရှိ ဟုန်ရှောင်ပေါင်မှာမူ အစောပိုင်းတည်းက လှီးဖြတ်၍ ဘေးတွင် ဖယ်ထားသော သံခွံဝက်၏ အဆီတုံးများကို သံမဏိ ဒယ်အိုးကြီး ထဲသို့ ထည့်သွင်းနေခဲ့ပြီ ဖြစ်၏။
မီးပြင်းပြင်းဖြင့် အတန်ကြာ တည်လိုက်ရာ အဆီတုံးများက တဖြည်းဖြည်း ဝါကျွမ်းလာခဲ့ပြီး ဝက်ဆီများလည်း နည်းနည်းချင်းစီ စီးကျလာခဲ့သည်။
ဟုန်ရှောင်ပေါင်သည် ဒယ်အိုးထဲသို့ သံခွံဝက် အဆီတုံး တစ်တုံးကို မကြာခဏ ထပ်မံ ဖြည့်စွက်ပေးနေခဲ့၏။ နာရီဝက်နီးပါးခန့် ကြာမြင့်ပြီးသည့်နောက် ဒယ်အိုးထဲတွင် ဆူပွက်နေသော ဆီများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ထိုအခါမှ မည်းကျွမ်းနေသော အသားများကို ဆယ်ယူလိုက်ပြီး အနည်းငယ် ခြောက်သွေ့နေပြီ ဖြစ်သော အသားလုံးများကို ကြက်ဥရည် တစ်လွှာ ထပ်မံ သုတ်လိမ်းလိုက်၏။
မီးတောက် အစီအရင် လေးခုကို ရုပ်သိမ်းလိုက်ပြီး တစ်ခုတည်းကိုသာ ချန်ထားလိုက်သည်။ ထို့နောက်မှ အသားလုံး ခုနစ်လုံးစလုံးကို ဆူပွက်နေသော ဆီအိုးထဲသို့ လောင်းထည့်လိုက်သည်။
ရှဲ …
ချစ် …
မွှေးပျံ့သော ရနံ့များက မျက်နှာဆီသို့ ချက်ချင်း တိုးဝင်လာခဲ့သဖြင့် ဟုန်ရှောင်ပေါင်မှာ သွားရည်များ ချက်ချင်း ကျလာခဲ့၏။
မွှေးလိုက်တာ … သိပ်မွှေးတာပဲ။
ဤရနံ့က အပြာရောင်သရဖူကြက် ၏ ကြက်မောက်မှ ထွက်ပေါ်သော လွင့်မျော ဝေဝါးသည့် မွှေးရနံ့မျိုးနှင့် မတူညီချေ။ ဤသည်မှာ တိုက်ရိုက်အကျဆုံးနှင့် အစစ်မှန်ဆုံးသော မွှေးရနံ့ ဖြစ်ပြီး ထိုရနံ့က အခန်းတစ်ခုလုံးကို တစ်ခဏချင်းမှာပင် ဖုံးလွှမ်းသွားခဲ့သည်။
ဟုန်ရှောင်ပေါင်က သွားရည်ကို မြိုချလျက် ပြောလိုက်၏။ “အခုချက်ချင်း စားပစ်ချင်လာပြီ။”
ဆီအိုးထဲရှိ အသားလုံးများကို ကျေနပ် ဝမ်းမြောက်စွာဖြင့် ညင်သာစွာ လှန်ပေးနေခဲ့သည်။ တဖြည်းဖြည်းနှင့် အသားလုံးများ၏ မျက်နှာပြင်က ရွှေဝါရောင် ပြောင်းလဲလာခဲ့၏။ အသားလုံး အားလုံး ရွှေဝါရောင် ပြောင်းလဲသွားသည့် အခါတွင်မူ ဟုန်ရှောင်ပေါင်သည် ၎င်းတို့ကို ဆယ်ယူလိုက်သည်။
ဤအချိန်တွင် ဆီအများစုကို သွန်ပစ်လိုက်ပြီး အနည်းငယ်ကိုသာ ချန်ထားလိုက်၏။ ဘေးတွင် အသုံးပြုရန် အသင့်ပြင်ထားသော နာနတ်ပွင့် ၊ သစ်ကြံပိုးခေါက် ၊ ယွမ်ရှန်းရွက် ၊ မာဂျင်း စသည်တို့ အားလုံးကို ထိုအထဲသို့ လောင်းထည့်လိုက်၏။
မကြာမီမှာပင် ဟင်းခတ်အမွှေးအကြိုင်များ၏ မွှေးရနံ့များ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း ယခုလေးတင်က အသားလုံး ကြော်သည့် မွှေးရနံ့နှင့် နှိုင်းယှဉ်ပါက အများကြီး သာလွန်မှု မရှိချေ။ ဟင်းခတ်အမွှေးအကြိုင်များကို မွှေးပျံ့လာသည်အထိ ကြော်ပြီးသည့်နောက်တွင် ဟုန်ရှောင်ပေါင်က ရေထည့်လိုက်သည်။ ထိုအခါမှ အသားလုံး ခုနစ်လုံးစလုံးကို ဒယ်အိုးထဲသို့ ထည့်သွင်းလိုက်ပြီး မီးပြင်းပြင်းဖြင့် ဆူပွက်အောင် တည်သည်။ ပြီးနောက် မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း တည်ထားလိုက်သည်။
အချိန်တွေ နည်းနည်းချင်း ကုန်ဆုံးသွားသည်နှင့်အမျှ ထည့်သွင်းထားသော ရေများက ခန်းခြောက်သွားခဲ့ပြီး ဟင်းရည်များလည်း တဖြည်းဖြည်း ပျစ်ချွဲလာခဲ့သည်။ ထိုမွှေးရနံ့မှာမူ ဟုန်ရှောင်ပေါင် လုံးဝ ငြင်းဆန်၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
အဘိုး ပြောဖူးသည်။ ကုန်ကြမ်းများ တစ်ခုနှင့်တစ်ခု သင့်လျော် ညီညွတ်ရုံဖြင့် အတူတူ ပစ်ထည့်ပြီး ချက်ပြုတ်လိုက်လျှင်လည်း အလွန် မွှေးပျံ့လာလိမ့်မည် ဖြစ်၏။ အရသာလည်း ထိုအတိုင်းပင် ဖြစ်သည်။
ဤဟင်းတစ်အိုးတွင် ထိပ်တန်း ဆေးဝါးများ ဆေးမြစ်ဆေးပင် အမျိုးမျိုးနှင့် ဟင်းခတ်အမွှေးအကြိုင် အများအပြား ပါဝင်နေသည်။ ထို့အပြင်လုံးဝ သင့်လျော် ညီညွတ်မှုလည်း ရှိနေသေးရာ အရသာက တကယ်ကို ပြိုင်ဘက်ကင်းလောက်ပေသည်။
ဤမွှေးရနံ့သည် ထိတွေ့ကိုင်တွယ်၍ မရနိုင်သော လက်တစ်ဖက်ကဲ့သို့ နှာခေါင်းပေါက်ထဲသို့ တိုးဝင်သွားခဲ့ပြီး တစ်ကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်း အားလုံးကို ဖမ်းဆုပ်လိုက်၏။ ဟုန်ရှောင်ပေါင်က အားရပါးရ ရှူရှိုက်နေခဲ့ပြီး အလွန်အမင်း ယစ်မူး ကျေနပ်နေခဲ့သည်။ ဤပုံစံက အစောပိုင်းက ဖုန်းလင်းလုံထက်ပင် အနည်းငယ် ပိုလွန်နေသေးသည်ဟု ဆိုရမည်။
ဤမွှေးရနံ့များက ပိုမို ဝေးကွာသော နေရာများသို့ လွင့်မျောသွားသည်နှင့်အမျှ ဟုန်မိသားစု ကုန်စုံဆိုင် ပတ်ဝန်းကျင်ရှိ လူများ အားလုံး မတည်ငြိမ်နိုင်တော့ချေ။
ဟုန်မိသားစု ကုန်စုံဆိုင် နှင့် ကပ်လျက်တွင် ရှိနေသည်မှာ မိတ်ဆွေယမကာဆိုင် ပင် ဖြစ်၏။ ယခုလေးတင်က မနက်ဖြန် လမင်းပြာ ခရီးစဉ်တွင် လက်ဆောင်ပစ္စည်းများ အပြည့်အသိပ် ရရှိစေရမည်ဟု အရက်ခွက် မြှောက်၍ အော်ဟစ်နေခဲ့ကြသော လူသုံးယောက်မှာ အနည်းငယ် ထူးဆန်းနေခဲ့ကြသည်။
“သောက်ကြ” ဆိုသည့် အသံ ထွက်ပေါ်လာပြီးသည့်နောက် သုံးယောက်စလုံး အရက်ခွက် ကိုင်လျက် ပတ်ဝန်းကျင်ကို လှမ်းကြည့်နေကြ၏။ တစ်ယောက်တည်းကသာ လည်ပင်း တောင့်တင်းလျက် တစ်ရှိန်ထိုး မော့သောက်လိုက်သည်။ သို့သော်လည်း အရက် အရသာကို လုံးဝ မခံစားမိချေ။ ဤအခိုက်အတန့်တွင် သူ၏ အာရုံခံစားမှု အားလုံး၌ နှာခေါင်း တစ်ခုတည်းသာ ကျန်ရှိနေတော့သည့်အလားပင်။
သုံးယောက်စလုံးက အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကြသည်။ “သိပ်မွှေးတာပဲ။ ဒါ ဘာပစ္စည်းလဲ။”
“ကောင်းကင်ဘုံ … ဒါ … သိပ်မွှေးတာပဲ။”
သုံးယောက်စလုံးသည် ဤမွှေးရနံ့၏ အရင်းအမြစ်ကို အားသွန်ခွန်စိုက် လိုက်လံ ရှာဖွေကြတော့၏။ တိုက်ဆိုင်စွာပင် မိတ်ဆွေယမကာဆိုင် ၏ မီးဖိုချောင်က ဟုန်မိသားစု ကုန်စုံဆိုင် နှင့် ကပ်လျက်တွင် ရှိနေသည်။ ပို၍ တိုက်ဆိုင်သည်မှာ ယခုအချိန်က ညနေစောင်း ဖြစ်နေပြီး မီးဖိုချောင်ထဲတွင် ဟင်းချက်ပြုတ်နေ၏။
“ဒါ မိတ်ဆွေယမကာဆိုင် ရဲ့ မီးဖိုချောင် မဟုတ်လား။”
“မိတ်ဆွေယမကာဆိုင် ရဲ့ ဟင်းလျာတွေကလည်း ပြိုင်ဘက်ကင်းတာကို မသိခဲ့ဘူးပဲ။”
သုံးယောက်စလုံး သွားရည်ကို မြိုချလိုက်ကြသည်။
ထွားကျိုင်းသော ယောက်ျားကြီး တစ်ယောက်က ဆိုင်ရှင်ကို ရုတ်တရက် စိုက်ကြည့်လိုက်၏။ “ဆိုင်ရှင် … ခင်ဗျားတို့ ဆိုင်မှာ ဘာကြော်နေတာလဲ။ ငါတို့အတွက် တစ်ပွဲ လာပို့စမ်း။”
“ဆိုင်ရှင် … ငါလည်း လိုချင်တယ်။”
“ဆိုင်ရှင် … ဒီဝိုင်း ဒီဝိုင်း … ဒီဝိုင်းလည်း တစ်ပွဲ လာပို့ဦးဗျို့။”
ထိုဆိုင်ရှင်ကိုယ်တိုင်လည်း သွားရည်ကျနေသော လူအုပ်ကြီးထဲမှ တစ်ယောက် ဖြစ်၏။ ဤအချိန်တွင် သူလည်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ သူ့ဆိုင်က စားဖိုမှူး၏ ဟင်းချက်လက်ရာကို သူ အသိဆုံးပင် ဖြစ်၏။ တစ်ခဏချင်းမှာပင် မီးဖိုချောင်ဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ဒီကောင်လေး တိတ်တဆိတ် ဆရာတစ်ယောက်ယောက်ဆီမှာ ပညာသင်ခဲ့တာများလား။
သူက တွေးတောနေခဲ့၏။ သို့သော်လည်း မီးဖိုချောင်သို့ ရောက်ရှိသွားချိန်တွင် သူသည် အနည်းငယ် ကြက်သေ, သေသွားခဲ့သည်။ ဒယ်အိုးထဲရှိ ဟင်းလျာက ဘေးတွင် ဂရုစိုက်မည့်သူ မရှိဘဲ ပစ်ထားခံနေရပြီး တူးခါးသော ရနံ့များက မျက်နှာဆီသို့ တိုးဝင်လာခဲ့၏။
စားဖိုမှူးကမူ အားရပါးရ အသက်ရှူရှိုက်လျက် စွဲလမ်း မူးယစ်နေသူ တစ်ယောက်ကဲ့သို့ တတွတ်တွတ် ရေရွတ်နေခဲ့သည်။ “သိပ်မွှေးတာပဲ … သိပ်မွှေးတာပဲ … သိပ်မွှေးတာပဲ … ။”
ဆိုင်ရှင်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။ “ဟင်း … ဟင်း … ဟင်းတူးကုန်ပြီ။”
ထိုအလုပ်သမားကို သတိပေးပြီးနောက် လူတိုင်းကို အသိပေးရန် ပြင်ဆင်လိုက်သည့် အချိန်တွင် ထွားကျိုင်းသော ယောက်ျားကြီး အနည်းငယ်က ပြေးဝင်လာကြတော့သည်။ “သိပ်မွှေးတာပဲ။ ဆိုင်ရှင် … ငါ မစောင့်နိုင်တော့ဘူး။ ငါ့ကို တစ်ပွဲ ပေးတော့။”
“ငါ ငါ ငါ ငါ … ငါ့ကို ပေး။”
… …
ဆိုင်ပြင်ပတွင်မူ ချန်ယန် နှင့် လွီဆုချင်း တို့ နှစ်ယောက်စလုံး ပါးစပ် ပိတ်သွားကြပြီ ဖြစ်၏။ သူတို့ နှစ်ယောက်စလုံးက ဈေးတန်းမှ ရန်လိုတတ်သော မိန်းမပျိုများ မဟုတ်ကြရာ မျက်နှာ နီရဲသည်အထိ ငြင်းခုံနေခြင်းက ဂုဏ်သိက္ခာ ကျဆင်းစေသည်။ သို့သော်ငြား သူတို့ နှစ်ယောက် မရန်ဖြစ်ကြသော်လည်း ချန်ဖုန်း နှင့် ကျိရှောင်လု တို့ကတော့ ငြင်းခုံနေကြဆဲ ဖြစ်၏။
“ဟုန်ရှောင်ပေါင် က ချက်ပြုတ်ရေး ရဲ့ ပါရမီရှင် ကွ။”
“သားရဲယဉ်ပါးရေး ရဲ့ ပါရမီရှင် မှ မှန်တာ။”
သူတို့နှစ်ယောက် မျက်နှာ နီရဲသည်အထိ ငြင်းခုံနေကြစဉ် ရုတ်တရက် နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့ကြ၏။ ဒါ … ဒါက အတိအကျ ဘာမွှေးရနံ့ကြီးလဲ။
သိပ်မွှေးတာပဲ။
ချန်ဖုန်းသည် ထိုနေရာတွင် ကြက်သေ,သေနေခဲ့ပြီ ဖြစ်၏။ ထိုမွှေးရနံ့က ဆိုင်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ခံစားမိလိုက်သည့်အချိန်တွင် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ကျိရှောင်လုကို လက်ညှိုးထိုးကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ “ဟား ဟား ဟား ဟား … မြင်ပြီလား … မြင်ပြီလား။ ကျုပ် မပြောဘူးလား … သူဌေးဟုန် က ချက်ပြုတ်ရေး လမ်းစဉ်ရဲ့ ပါရမီရှင် ပါလို့။ ဟား ဟား ဟား ဟား … ဒီလို မွှေးရနံ့မျိုးကို လေယင်မြို့တော်တစ်ခုလုံးမှာ ဘယ်သူ ချက်ပြုတ်နိုင်လဲ။ ဟား ဟား ဟား ဟား … မင်း ပြောစမ်း … ဘယ်သူ ချက်ပြုတ်နိုင်လဲ။”
ကျိရှောင်လုသည် ချက်ချင်း အသက်ရှူရ ကြပ်သွားခဲ့၏။ ယခုလေးတင်က အလွန် ယုံကြည်မှု ရှိနေခဲ့သော်လည်း ယခုအခါတွင် ချက်ချင်း အရှုံးပေးလိုက်ရပြီး မျက်နှာလည်း အနည်းငယ် ပူနွေးလာခဲ့သည်။ လွီဆုချင်းကို လှမ်းကြည့်လိုက်၏။ “အစ် … အစ်မကြီး … ဒါက … ။”
ချန်ဖုန်းက အလွန် ဂုဏ်ယူဝင့်ကြွားနေခဲ့၏။ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ “ဟား ဟား ဟား ဟား … ငါ မပြောဘူးလား … သူဌေးဟုန်က ချက်ပြုတ်ရေးလမ်းစဉ်ရဲ့ ပါရမီရှင်ပါလို့။ မင်း ဒီမွှေးရနံ့ကို ရှင်းပြကြည့်စမ်း။ အာ အာ … သိပ်မွှေးတာပဲ … သိပ်မွှေးတာပဲ။”
ချန်ဖုန်းက အင်္ကျီလက်ဖြင့် ပါးစပ်ထောင့်မှ သွားရည်များကို သုတ်ဖယ်ရင်း ဂုဏ်ယူစွာ ပြောလိုက်၏။ “လာလာလာလာ … မင်း ဒီမွှေးရနံ့ကို ရှင်းပြစမ်းပါ။ ဒီလောက် မွှေးပျံ့တဲ့ ရနံ့ရှိတာတောင် မင်းက သူ ချက်ပြုတ်ရေး ဆရာကြီး မဟုတ်ဘူးလို့ ပြောအုံးမလို့လား။”