← Chapters

အခန်း ၁၀၅

Vol. 10 Ch. 105

အခန်း ၁၀၅

Vol. 10 Ch. 105

အပိုင်း (၁၀၅) အမေ့ကို ပေးထားတဲ့ ကတိတည်တော့မယ်။

နောက်တစ်စက္ကန့်တွင် နွေးထွေးသော စွမ်းအင်များက အစာအိမ်ထဲသို့ ပြန့်နှံ့သွားခဲ့သည်။ အနည်းငယ်မျှပင် ရပ်တန့်ခြင်းမရှိဘဲ ကိုယ်လက်အင်္ဂါများနှင့် သွေးကြောများဆီသို့ လျှံကျသွားခဲ့ရာ ဟုန်ရှောင်ပေါင်သည် သက်တောင့်သက်သာရှိလွန်း၍ မျက်လုံးများကိုပင် မှေးကျဉ်းထားလိုက်မိ၏။

"တုံးအတဲ့ကောင်။ မင်း အဆင့်တက်တော့မယ်။ မြန်မြန် အသားလုံးတွေ အားလုံးကို စားလိုက်တော့။" ရုတ်တရက် ယင်းကျိုယို၏ အော်ဟစ်သံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

ဟုန်ရှောင်ပေါင်သည် အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွားပြီး ဦးခေါင်းကို အားရပါးရ ခါယမ်းလိုက်သည်။ အသားလုံး၏ အရသာကို သေချာစွာ ခံစားရန် ဂရုမစိုက်နိုင်တော့ဘဲ ပထမဆုံး အသားလုံးကို အချက် အနည်းငယ်ဖြင့် ဝါးမြိုစားသောက်လိုက်တော့၏။

ယခုအခါ ဟုန်ရှောင်ပေါင်သည်လည်း ခံစားမိနေပြီဖြစ်သည်။ ထိုစွမ်းအင်များသည် မိမိ၏ ကိုယ်လက်အင်္ဂါများ နှင့် သွေးကြောများအတွင်း အလွန်ပြည့်လျှံနေကာ နောက်တစ်စက္ကန့်တွင် အပြင်သို့ လျှံကျလာတော့မည့် အတိုင်းပင်။

စွမ်းအင်တွေ ပြည့်သွားပြီ။

ဟုန်ရှောင်ပေါင်သည် ထိတ်လန့်သွားခဲ့ပြီး ပို၍ပင် ရူးသွပ်လာခဲ့၏။ ပါးစပ်ကို ကြီးမားစွာ ဖွင့်၍ အသားလုံး တစ်လုံးလုံးကို တစ်ကိုက်တည်း ဝါးမြိုလိုက်သည်။ ဝါးတောင် မဝါးဘဲ မြိုချလိုက်ပြီး နောက်တစ်လုံးကို ထပ်စားလိုက်၏။

ဒန်ထျန်းအတွင်းရှိ စွမ်းအင်များသည် အလွန်တရာ ပျစ်ချွဲနေခဲ့ပြီ ဖြစ်သည်။ လွန်မင်းစွာ ပျစ်ချွဲနေသော စွမ်းအင်များကြောင့် စွမ်းအင် လည်ပတ်မှုမှာပင် နှေးကွေး ထိုင်းမှိုင်းလာခဲ့သည်။

ဟုန်ရှောင်ပေါင်၏ ကိုယ်ပိုင် ခံစားချက်အရ သူသည် ယခုအချိန်တွင် ကန့်သတ်ချက်အထိ မှုတ်သွင်းခံထားရသော မိုးပျံဘောလုံး တစ်လုံးကဲ့သို့ ဖြစ်နေပြီး အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ပေါက်ကွဲထွက်သွားတော့မည့် အလားပင်။

အကယ်၍ သာမန် ကျင့်ကြံသူသာဆိုလျှင် ဤမျှလောက်များပြားသော စွမ်းအင်များမှာ အလွန်တရာ အန္တရာယ်များလှပေ၏။ သို့သော်ငြား ဟုန်ရှောင်ပေါင်က ဘယ်သူနည်း။ တန်လန် ခန္ဓာကိုယ်ပင်။ သဘာဝအတိုင်း ဤအရာများကို မကြောက်ရွံ့ပေ။

ထို့ကြောင့် အလျင်အမြန်ပင် နောက်ထပ် အသားလုံး နှစ်လုံးကို ဆက်စားလိုက်သည်။ ယခုအခါ စွမ်းအင်များသည် ပေါက်ကွဲမည့် အစွန်းဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ဟုန်ရှောင်ပေါင်သည် စိတ်ထဲတွင် အလွန်လောနေပြီး နောက်ဆုံး အသားလုံး နှစ်လုံးကိုပါ တစ်ခါတည်း ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

ဝုန်း...

ရုတ်တရက် ဟုန်ရှောင်ပေါင် တစ်ကိုယ်လုံး တုန်ခါသွားခဲ့၏။

"ဝိညာဉ်ကို လမ်းညွှန်။ စွမ်းအင်နဲ့ ခန္ဓာကိုယ် ပေါင်းစပ်မှုကို အရှိန်အပြည့် မြှင့်တင်လိုက်"

ယင်းကျိုယိုက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ "သွေးစီးဆင်းမှုကို မြန်စေပြီး စွမ်းအင်တွေကို ခန္ဓာကိုယ် တစ်နေရာစီတိုင်းကို သယ်ဆောင်သွား။"

ဟုန်ရှောင်ပေါင်သည် ပေါ့ဆရဲခြင်း မရှိချေ။ ချက်ချင်းပင် ပြောသည့်အတိုင်း အကောင်အထည်ဖော်လိုက်ရာ တစ်ကိုယ်လုံးရှိ သွေးစီးဆင်းမှုသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီး နားထဲမှ အသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မျက်စိရှေ့မှ မြင်ကွင်းများမှာလည်း ဝါးတားတား ဖြစ်လာခဲ့၏။

သွေးစီးဆင်းမှုနှင့်အတူ စွမ်းအင်များကို တစ်ကိုယ်လုံးရှိ ကြွက်သားများက ရူးသွပ်စွာ စုပ်ယူလာခဲ့ကြသည်။ ဤခဏတွင် ဟုန်ရှောင်ပေါင်သည် သူ၏ တစ်ကိုယ်လုံး ပူလောင်နေပြီး ကြွက်သားများနှင့် အရိုးများသည်လည်း မီးပြင်းပြင်းဖြင့် လောင်ကျွမ်းခံရသကဲ့သို့ နာကျင်နေကြောင်းကိုသာ ခံစားရသည်။

သို့ပေမည့် ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင်မူ အလွန်ဝမ်းသာနေခဲ့သည်။ ဤသည်မှာ ဒုတိယအဆင့်သို့ အဆင့်တက်မည့် ရှေ့ပြေးလက္ခဏာမှန်း သူ သိပေသည်။ သူ၏ ခွန်အားများ ပေါက်ကွဲထွက်မတတ် တိုးတက်လာပြီဖြစ်ကြောင်းကို သူ ခံစားမိနေပြီ ဖြစ်၏။

"စွမ်းအင်ကို သွေးထဲသွင်း။ သွေးနဲ့ ကြွက်သားကို ပြုစုပြီး ကြွက်သားနဲ့ အရိုးကို သန်မာစေ"

အဘိုးက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ "ဆက်လုပ်"

သွေးချီများ ပိုမို ပြင်းထန်လာပြီး ကြွက်သားများ၏ သန်မာမှုသည် တိုးတက်လာသည်။ အရိုးများ၏ မာကျောမှုသည်လည်း အားကောင်းလာခဲ့၏။ ဟုန်ရှောင်ပေါင်သည် သူ၏ ပြောင်းလဲမှုကို ခံစားရင်း စိတ်ထဲတွင် ဖော်မပြတတ်အောင် စိတ်လှုပ်ရှားနေခဲ့သည်။ ယခုချက်ချင်းပင် သူ၏ ခွန်အားများကို သွားရောက် စမ်းသပ်ချင်သည့် စိတ်ဆန္ဒမျိုး ဖြစ်ပေါ်နေခဲ့၏။

ရလဒ်အနေဖြင့် ဤအချိန်၌ပင် ရုတ်တရက် ဟုန်ရှောင်ပေါင်၏ စိတ်အာရုံထဲတွင် "ဖောက်" ဟူသော အသံတိုးတိုးလေးတစ်ခုကို ခံစားလိုက်ရသည်။ မျက်စိရှေ့မှ အရာအားလုံးသည် တစ်ခဏချင်းအတွင်းမှာပင်... မတူညီတော့သည့်အတိုင်း ဖြစ်သွားခဲ့သည်။

တစ်လောကလုံးနှင့် အချိန်ယန္တရားသည် ရုတ်တရက် ရှင်းလင်း သာယာသွားသကဲ့သို့ ဖြစ်သွားခဲ့၏။

စားပွဲသည်လည်း ထိုစားပွဲပင် ဖြစ်သည်။ ကြမ်းပြင်သည်လည်း ထိုကြမ်းပြင်ပင် ဖြစ်ပြီး အရောင်အသွေး သည်လည်း ထိုအရောင်အသွေးပင် ဖြစ်၏။ သို့သော်ငြား ဤအချိန်တွင် ဟုန်ရှောင်ပေါင်၏ မျက်စိထဲ၌ အရာအားလုံး သည် အလွန်တရာ အံ့မခန်းဖြစ်ပြီး လှပလာခဲ့သည်။

ထိုသည်မှာ အသက်ရှည်ခြင်း၏ အရသာပင် ဖြစ်၏။

လောကကြီးရှိ အရာခပ်သိမ်း။

ကြည်လင်ခြင်းနှင့် နောက်ကျိခြင်း ဟူ၍ မရှိချေ။ ကြည်လင်သော အရာသည် ကောင်းကင်ဖြစ်လာပြီး နောက်ကျိသော အရာသည် မြေကြီးဖြစ်လာခဲ့သည်။

ဟုန်ရှောင်ပေါင်သည် လောကကြီးရှိ အရာခပ်သိမ်းသည် ဤမျှလောက် လှပပြီး ဆွဲဆောင်မှု ရှိလိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ခဲ့ဖူးချေ။

ထိုခံစားချက်က သိပ်ကို ကောင်းမွန်လွန်းလှသည်။ သူ မျက်လုံးကို မှိတ်ထားလိုက်၏။

ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များက ဝမ်းသာအားရ မြူးထူးနေကြသည်။ စွမ်းအင်များသည် အရှိန်အဟုန်ဖြင့် စီးဆင်းလှုပ်ရှားနေပြီး တဟုန်ထိုး ပြေးလွှားတိုက်ခိုက်နေကြ၏။

သွေးကြောဆုံမှတ်များ အားလုံးက စီးဆင်းလာသော စွမ်းအင်များအတွက် တံခါးကြီးများကို ဖွင့်လှစ်ပေးထားသည်။

တစ်ကိုယ်လုံးရှိ မွေးညင်းပေါက် အားလုံးက လောကကြီးကြားရှိ စွမ်းအင်များကို အားရပါးရ စတင် စုပ်ယူနေ၏။

ပုရွက်ဆိတ် သောင်းချီ၍ ကိုက်ခဲနေသကဲ့သို့ ဖြစ်နေသော်လည်း ဟုန်ရှောင်ပေါင်က လုံးဝ ဂရုမစိုက်ချေ။ နက်ရှိုင်းစွာ အသက်... ရှူ... နေရုံသာ...

ဦးခေါင်းတစ်ခုလုံးတွင် အေးချမ်းရှင်းလင်းမှုများဖြင့် ပြည့်နှက်နေ၏။ မူလက ငရဲပြည်ကဲ့သို့ ဖြစ်သင့်သည့် ကြွက်သား သန်မာစေခြင်း လုပ်ငန်းစဉ်သည် ဟုန်ရှောင်ပေါင်အတွက်မူ ခန္ဓာကိုယ်ကို လေပြေလေး တိုက်ခတ်သွားသကဲ့သို့ သက်တောင့်သက်သာနှင့် သာယာလန်းဆန်းစေခဲ့သည်။

ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များသည် ဆွဲဆောင်ခြင်း ခံရသကဲ့သို့ ရူးသွပ်စွာ စုစည်းလာခဲ့ကြ၏။ သို့ပေမည့် စိတ်အာရုံထဲမှနေ၍ အေးမြသော လေအေးတစ်ချက် အဆက်မပြတ် စီးကျလာရာ တစ်ခဏအတွင်းမှာပင် မူလက ပြန့်ကျဲနေသော စွမ်းအင်များသည် အသီးသီး စုစည်းသွားကြသည်။ သေးငယ်သော အရည်စက်လေးများအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်တွင်းရှိ တစ်သျှူးများ အားလုံးကို အလျင်အမြန် ပြုပြင်ပြောင်းလဲပေးတော့၏။

အရိုး .. အရေပြား .. သွေး .. ကလီစာများ .. သွေးကြောများ … အရာအားလုံး ..

အရာအားလုံးသည် အလျင်အမြန် ပြုပြင်ပြောင်းလဲခြင်း ခံနေရသည်။

မီးပွားလေးတစ်ခုသည်လည်း လွင်ပြင်တစ်ခုလုံးကို လောင်ကျွမ်းစေနိုင်သည်။ အရည်စက်လေးသည် သေးငယ်သော်ငြား မြစ်လက်တက် ရာပေါင်းများစွာကို စုစည်းနိုင်၏။ ဆဲလ်များသည် အလျင်အမြန် လှုပ်ရှားနေကြသည်။ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေကြ၏။

ဒုတိယအဆင့် အကန့်အသတ်မဲ့နယ်ပယ် ရုပ်ခန္ဓာအဆင့်...

အဆင့်တက်ခြင်း အောင်မြင်ပြီ။

ခွန်အားများ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်တွင်းရှိ တစ်သျှူးများ အားလုံးကို ကြီးမားသော အတိုင်းအတာဖြင့် အားကောင်းစေခဲ့ပြီ ဖြစ်၏။

တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များက လေထုထဲရှိ စွမ်းအင်များကို အလိုအလျောက် စုပ်ယူနေကြသည်။

ဤသည်မှာ အရည်အချင်းပိုင်းဆိုင်ရာ ကြီးမားသည့် ခုန်ပျံကျော်လွှားမှုတစ်ခုပင် ဖြစ်၏။

"အောင်... အောင်မြင်သွားပြီလား"

ဟုန်ရှောင်ပေါင်သည် အလွန်ဝမ်းသာသွားပြီး သေချာ မယုံကြည်ရဲသေးချေ။ "အဘိုး... အောင်မြင်သွားပြီလား။"

ယင်းကျိုယိုသည် အတန်ကြာ ခံစားကြည့်ပြီးနောက် အဆုံးသတ်တွင် ခေါင်းညိတ်လိုက်၏။ "ရပြီ။"

"ဟားဟားဟားဟားဟား... ဒီခံစားချက်က သိပ်မိုက်တာပဲ။" ဟုန်ရှောင်ပေါင်သည် ရူးသွပ်မတတ် စိတ်လှုပ်ရှားနေခဲ့သည်။

သူက အကန့်အသတ်မဲ့နယ်ပယ်ဖြစ်ရာ ထိုအချိန်ကျလျှင် သာမန် တတိယအဆင့် တပည့်များနှင့် တွေ့ဆုံရပါကလည်း ကြောက်ရွံ့တော့မည် မဟုတ်ချေ။

"ဟားဟားဟား... တကယ်ပဲ မင်းသားကိုးက မကြာခင်မှာ အမေ့ကို ပေးထားတဲ့ ကတိကို အကောင်အထည် ဖော်နိုင်တော့မယ်။ လောကမှာ ပြိုင်ဘက်ကင်းပြီကွ... ဟားဟားဟား။"

လေခွင်းသံများ ထွက်ပေါ်လာအောင် လက်သီးနှစ်ချက် ထိုးထုတ်လိုက်ရာ လေထုမှာ အနည်းငယ် တုန်ခါသွားပြီး ပေါက်ကွဲထွက်မတတ် ခွန်အားများဖြင့် ပြည့်နှက်နေခဲ့သည်။

"အစွမ်းထက်တာ... သိပ်အစွမ်းထက်တာပဲ။ ဒီနေ့ကစပြီး လေယင်မြို့တော်ထဲက အစမ်းခန့် တပည့်တွေထဲမှာ မင်းသားကိုးက ဘုရင်ပဲ... ဟားဟားဟား။"

ဟုန်ရှောင်ပေါင်သည် စိတ်ထဲတွင် အလွန်ဝမ်းသာနေပြီး ရုတ်တရက် ထပ်မေးလိုက်၏။ "အဘိုး... ဒီလည်ပတ်မှုက ပြတ်တောက်မသွားလောက်ဘူး မဟုတ်လား။"

"မင်းရဲ့ တစ်ကိုယ်လုံးက သွေးကြောတွေ အားလုံး ကြေမွမသွားသရွေ့တော့ မပြတ်တောက်ဘူး။"

"ဟားဟား... ဒါဆို မပြတ်တောက်တော့ဘူးပဲ။ မင်းသားကိုးရဲ့ ဒီဆယ့်သုံးပါး ကိုယ်ခံသိုင်းပညာနဲ့ဆိုရင် ဘယ်သူကများ ထိခိုက်အောင် လုပ်နိုင်မှာလဲ။" ဟုန်ရှောင်ပေါင်သည် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်၏။

အတန်ကြာ ထပ်မံ လှုပ်ရှားကစားကြည့်ပြီးနောက် ပို၍ပင် အစွမ်းထက်လာသကဲ့သို့ ခံစားရရာ ဤအချိန်တွင် သူ့၌ အားအင် မည်မျှအထိ ရှိနေပြီလဲဆိုသည်ကို တကယ်ပဲ စမ်းသပ်ကြည့်ချင်နေမိသည်။ သို့သော်ငြား သူ့အတွက် စမ်းသပ်ရန် နေရာမရှိဖြစ်နေခြင်းကြောင့် စိတ်ညစ်နေရ၏။

ထိုသို့တွေးနေစဉ်မှာပင် ဘေးနားတွင် အတန်ကြာ စောင့်ဆိုင်းနေခဲ့သော ရတနာဝက်ဝံသည် ရုတ်တရက် ခုန်တက်ကာ ဟုန်ရှောင်ပေါင်၏ ဦးခေါင်းပေါ်သို့ တက်ထိုင်လိုက်သည်။

ဟုန်ရှောင်ပေါင်ကလည်း ဂရုမစိုက်တော့ပေ။

ထိုအခါမှ အပြင်ဘက်တွင် သဲ့သဲ့မျှ ဆူညံနေသည်ကို ကြားလိုက်ရသဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့၏။

All Chapters