အခန်း ၁၀၇
Vol. 10 Ch. 107
အပိုင်း (၁၀၇) အဆင့်တစ်ဆင့် တက်သွားတာလေးပဲလား။
ဘေးနားရှိ စူးထျန်နှင့် ချန်ဖုန်းတို့ နှစ်ယောက်သည်လည်း ကြားပြီးနောက် အလွန်အမင်း တုန်လှုပ်သွားကြပြီး ဟုန်ရှောင်ပေါင်၏ ချီအငွေ့အသက်ကို သေချာစွာ အကဲခတ်ကြည့်ရာ တုန်လှုပ်သွားကြပြန်သည်။
"တကယ်ပဲ... အဆင့်တက်သွားတာလား။"
"အဆင့်တစ်ဆင့် တက်သွားတာလေးပဲကို ခင်ဗျားတို့က ဘာလို့ ဒီလောက်တောင် အံ့ဩနေကြတာလဲ။" ဟုန်ရှောင်ပေါင်က ဖြစ်သလို ပြောလိုက်၏။
ချန်ယန် "..."
လွီဆုချင်း "..."
အမှန်တရားကို မသိဘဲ ဝိုင်းကြည့်နေကြသော အခြားလူအုပ်ကြီး။ "..."
အဆင့်တစ်ဆင့် တက်သွားတာလေးပဲလား။
ဒီတစ်ဆင့်တက်ဖို့အတွက် လူဘယ်လောက်များများ သက်ပြင်းချ လက်မှိုင်ချနေရလဲဆိုတာကို မင်း သိရဲ့လား။
"လေး" တဲ့လား။
"ဒါက..." ချန်ယန်၏ စိတ်ထဲတွင် အံ့ဩမှုနှင့် ဝမ်းသာမှုတို့ ပေါင်းစပ်နေခဲ့၏။ အံ့ဩရသည်မှာ တစ်ရက်တည်း မတွေ့လိုက်ရရုံဖြင့် ဟုန်ရှောင်ပေါင်က ဒုတိယအဆင့်သို့ ရောက်ရှိသွားခြင်းကြောင့်ဖြစ်ပြီး ဝမ်းသာရသည်မှာ ဟုန်ရှောင်ပေါင်သည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ စံအိမ်တွင်းသို့ စာရင်းသွင်းရန် ဒုက္ခများစွာ လျော့ပါးသွားခြင်းကြောင့် ဖြစ်သည်။
မဖြစ်ဘူး။ ဒီလို ပါရမီရှင်မျိုးကို ဘာပဲပြောပြော လုယူမှဖြစ်မယ်။
"ဒီက အစ်မကြီး"
ဤအချိန်တွင် ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာဖြင့် လွီဆုချင်းကို ကြည့်ကာ ပြောလိုက်၏။ "ခင်ဗျားကလည်း ကျုပ်ကို စံအိမ်ထဲ ဝင်ဖို့ လာခေါ်တာလား။"
ချန်ယန်က ထိတ်လန့်သွားပြီး ဟုန်ရှောင်ပေါင်က လွီဆုချင်းကို သဘောတူလိုက်မည် စိုးရိမ်သဖြင့် တစ်လှမ်းတက်ကာ ဟုန်ရှောင်ပေါင်ကို ချက်ချင်း တားဆီးလိုက်သည်။ "ညီလေးဟုန်။ ငါတို့ ဟင်းချက်ပြုတ်ရေး စံအိမ် ကို လာခဲ့ပါ။ ဟင်းချက်ပြုတ်ရေးစံအိမ်ကမှ မင်းရဲ့ စွမ်းရည်တွေကို အပြည့်အဝ ပြသနိုင်မဲ့ အကောင်းဆုံး စင်မြင့်ပဲ။"
လွီဆုချင်းသည် အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်း ပြောလိုက်၏။ "ရွှံ့ကောင်လေး... အဲ … မောင်လေးဟုန်။ သားရဲယဉ်ပါးရေးစံအိမ်။ သားရဲယဉ်ပါးရေးစံအိမ်ကမှ မင်းရဲ့ နောက်ဆုံး နားခိုရာပဲ။ သွန်းလုပ်ရေး စံအိမ် ကလွဲရင် လေယင်နန်းဆောင် တစ်ခုလုံးမှာရှိတဲ့ ဘယ်စံအိမ်ကမှ သားရဲယဉ်ပါးရေးစံအိမ် ထက် သာလွန်တယ်လို့ မပြောရဲကြဘူး။ သားရဲယဉ်ပါးရေးစံအိမ်မှာမှ မင်းက အကောင်းဆုံး ဆက်ဆံရေးကို ရရှိနိုင်မှာ။"
ထိုသို့ပြောဆိုရင်း ချန်ယန်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။ "ဟင်းချက်ပြုတ်ရေးစံအိမ် ကျတော့... ဟားဟား... နာမည်ခံပဲ ကျန်တော့တဲ့ စံအိမ်တစ်ခုပါပဲ။ မင်းကို ဘာများ ပေးနိုင်မှာမို့လို့လဲ။"
"ဟားဟား... ဒီစံအိမ်နှစ်ခုစလုံးက မင်းသားကိုးကို လုယူချင်နေကြတာလား။ မင်းသားကိုးက ဒီလောက်တောင် ထူးချွန်နေတာလား။" ဟုန်ရှောင်ပေါင်က ကြားပြီးနောက် ပျော်ရွှင်သွား၏။
သူက မတုံးအချေ။ ဤအချိန်တွင် လုံးဝ စိတ်မလောသင့်ကြောင်းကို သိသည်။ ထို့ကြောင့် ထိုနှစ်ယောက် မည်သည့် အခြေအနေ သတ်မှတ်ချက်များကို ပေးနိုင်မည်နည်းကို နားထောင်ရန် ပြင်လိုက်သည်။
"ညီလေးဟုန်"
ချန်ယန်ကမူ စိတ်မလောဘဲ တစ်လှမ်းတက်၍ ပြောလိုက်၏။ "ဟုတ်တယ်။ ဟင်းချက်ပြုတ်ရေးစံအိမ် က သားရဲယဉ်ပါးရေးစံအိမ် ထက် ပိုပြီး သေးငယ်တာ မှန်ပါတယ်။ ဒါပေမဲ့ ညီလေး မင်း သိထားသင့်တာက သားရဲယဉ်ပါးရေး စံအိမ်မှာ တပည့်တွေ အရမ်းများတယ်။ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို သူတို့ လူတစ်ထောင် ခွဲဝေကြရင် တစ်ယောက်ကို တစ်တုံးစီပဲ ရနိုင်မှာ။ ဒါပေမဲ့ ငါတို့ ဟင်းချက်ပြုတ်ရေးစံအိမ် မှာကျတော့ လူဦးရေ နည်းပါးတယ်။ ညီလေး မင်းကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးလို့ ရတယ်။ ဝိညာဉ်ကျောက်တုံး တစ်ရာပဲ ရှိပေမဲ့ မင်းကို ငါးဆယ်အထိ ထောက်ပံ့ပေးနိုင်တယ်။ ဘယ်သူက များပြီး ဘယ်သူက နည်းလဲဆိုတာကို ညီလေး … မင်း တစ်ချက်တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။"
"အို... နည်းနည်းတော့ အဓိပ္ပာယ်ရှိတာပဲ။" ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားပြီး အလောတကြီး သဘောမတူသေးဘဲ လွီဆုချင်းကို ကြည့်လိုက်၏။
လွီဆုချင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ချန်ယန်အနေဖြင့် ဟင်းချက်ပြုတ်ရေးစံအိမ်၏ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ပြောဆိုနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ စိတ်ထဲတွင် တိတ်တဆိတ် တွက်ဆလိုက်ပြီးနောက် အကြံတစ်ခု ချက်ချင်း ရသွားသည်။
"မောင်လေးဟုန်။ ဘယ်သူပဲဖြစ်ဖြစ် ခရီးဝေးကြီးကို ဖြတ်ကျော်ပြီး လေယင်နန်းဆောင်ကို လာကြတာက တရားလမ်းစဉ်ဆိုတဲ့ စာလုံးနှစ်လုံးအတွက်ပါပဲ။ ဟင်းချက်ပြုတ်ရေးစံအိမ် နဲ့ ယှဉ်လိုက်ရင် ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ်မှာ သင်ကြားပြသပေးမဲ့ ဆရာတွေက ဆယ်ယောက်မက ရှိတယ်။
တစ်ယောက်ချင်းစီတိုင်းက ကျင့်ကြံခြင်း လမ်းစဉ်မှာ အဝေးကြီး လျှောက်လှမ်းနိုင်ခဲ့တဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေချည်းပဲ..."
သူမ ပြောသကဲ့သို့ပင် ထိုပါရမီရှင်များက လေယင်မြို့တော်သို့ လာရောက်ကြခြင်းမှာ တရားလမ်းစဉ် ဆိုသည့် စာလုံးနှစ်လုံးအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ပိုမိုနက်နဲသည့် သိုင်းပညာရပ်များ ၊ ပို၍ ထူးချွန်သည့် ဆရာများသည် သူတို့ အလုအယက် လိုချင်ကြသော အခြေအနေ သတ်မှတ်ချက်များပင် ဖြစ်၏။
လွီဆုချင်းသည် အပြုံးလေးတစ်ခု ပြုံးလိုက်ပြီး ရင်ဘတ်ထဲတွင် အကြံဉာဏ်များ ရှိနေသည့် ပုံစံဖြင့် ပြောလိုက်သည်။
"ဒါဆို မောင်လေးဟုန်... ရှင်က ဆယ်ဆမက ပိုကောင်းတဲ့ ဆရာတွေရဲ့ စွမ်းအားကို စွန့်လွှတ်ပြီး ဟင်းချက်ပြုတ်ရေးစံအိမ်က ထောက်ပံ့ပေးတဲ့ ဝိညာဉ်ကျောက်တုံးလိုမျိုး သာမန် ပစ္စည်းတွေကို ဂရုစိုက်နေအုံးမှာလား။"
"သေချာပေါက် ဂရုစိုက်မှာပေါ့။" ဟုန်ရှောင်ပေါင်သည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ အကြောင်းပြချက် ခိုင်လုံစွာဖြင့် ပြောလိုက်၏။
ဆရာတွေ ဟုတ်လား။ နောက်မနေစမ်းပါနဲ့။ အဘိုး ရှိနေတာပဲ။ ကောင်လေး ကျုပ်က အဲဒီ သာမန် အလှအပတွေကို မျက်စိကျပါ့မလား။ အာ... မဟုတ်သေးဘူး။ အဲဒီ သာမန် ဆရာတွေကိုပေါ့။
တန်လန် ဆိုသည့် ပြိုင်ဘက်ကင်း အစားတစ်လိုင်း ခန္ဓာကိုယ်ကြီး ရှိနေသည့်အတွက် ဟုန်ရှောင်ပေါင် လိုအပ်နေသည်မှာ အတိအကျပင် သာမန်လွန်းလှသည့် ဝိညာဉ်ကျောက်တုံးများသာ ဖြစ်သည်။
"ဟုတ်တယ်။ မောင်လေးဟုန်ရဲ့ ရွေးချယ်မှုက ပညာရှိရာ ရောက်တယ်...အမ်" လွီဆုချင်း၏ စကားသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သူမ ကြက်သေသေသွားသည်။
သူ … သူ နားကြားမှားတာလား။ ဟုန်ရှောင်ပေါင်က ဂရုမစိုက်ဟု ပြောလာမည်ကို သူမက သေချာပေါက်လောက် နီးပါး ယုံကြည်ထားခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား ယခုလေးတင်က ဟုန်ရှောင်ပေါင် ဘာပြောလိုက်သနည်း။ သေချာပေါက် ဂရုစိုက်မှာပေါ့ ဟု ပြောလိုက်သည်လား။
လွီဆုချင်းသည် နားကြားမှားသည်ဟု ထင်မြင်သွားပြီး အနည်းငယ် တောင့်တင်းနေသော အသံဖြင့် မေးလိုက်သည်။ "ရှင်... ဘာပြောလိုက်တာလဲ။"
"ကျုပ် ပြောတာက ဝိညာဉ်ကျောက်တုံးလိုမျိုး သာမန်ပစ္စည်းတွေကို ကျုပ်က အရမ်း အလေးထားတယ်လို့။" ဟုန်ရှောင်ပေါင် က တစ်လုံးချင်း တိတိကျကျ ပြောလိုက်၏။
လွီဆုချင်းသည် အတန်ကြာ ကြက်သေ, သေနေပြီးနောက်မှ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ရှင် ရူးနေတာလား။"
ဘေးနားရှိ ချန်ယန်ကမူ အခွင့်အရေးကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး အလျင်အမြန် ပြောလိုက်၏။ "ညီလေးဟုန်။ ငါတို့ ဟင်းချက်ပြုတ်ရေးစံအိမ် ကို လာခဲ့ပါ။ ငါတို့ ဟင်းချက်ပြုတ်ရေးစံအိမ် က မင်းကို လုံလောက်တဲ့ ပစ္စည်းတွေ ပေးမယ်။ ဟင်းချက်ပြုတ်ရေးစံအိမ် ထဲမှာရှိတဲ့ အစားအသောက် ကုန်ကြမ်းတွေ အားလုံးကို မင်း စိတ်ကြိုက် ရွေးချယ်လို့ ရတယ်။ မင်း ဘယ်လိုထင်လဲ။"
ဒါ ကောင်းတယ်... ဒါ ကောင်းတယ်။
လွီဆုချင်းက မျက်မှောင်ကြုတ်လိုက်၏။ ဟုန်ရှောင်ပေါင်သည် မည်သည့် လူစားမျိုး ဖြစ်ကြောင်းကို သူမ ရုတ်တရက် နားလည်သွားသည်။ ကျင့်ကြံသူများထဲတွင် နှစ်သက်တတ်သည့် အရာအမျိုးမျိုး ရှိကြ၏။ ဟုန်ရှောင်ပေါင်မှာမူ ပိုက်ဆံတွင်းထဲ ကျနေသော လူမျိုး ဖြစ်လောက်သည်။
ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်၏။ "မောင်လေး... ခဏလောက် စောင့်ပါအုံး။ ကျွန်မ ပြန်သွားပြီး ဆရာ့ကို တိုင်ပင်လိုက်အုံးမယ်။"
"ရတယ်... ရတယ်။" ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်၏။
ခဏလောက် စောင့်ဆိုင်းရုံဖြင့် ကိုယ့်တန်ဖိုးကို မြှင့်တင်နိုင်သည်ဖြစ်ရာ ဤသို့သော ကောင်းကျိုးမျိုးကို ဟုန်ရှောင်ပေါင်က သဘာဝအတိုင်း သဘောကျသည်။
ချန်ယန်၏ စိတ်ထဲတွင် စိုးရိမ်သွားခဲ့၏။ အကယ်၍ တစ်ဖက်မှ ပေးသည့် အခြေအနေ သတ်မှတ်ချက်က ဟုန်ရှောင်ပေါင်ကို ဆွဲဆောင်သွားနိုင်ပါက ဟင်းချက်ပြုတ်ရေးစံအိမ်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ချက်ချင်းပင် ပြောလိုက်၏။ "ညီလေးဟုန်။ သဘောတူဖို့ လုံးဝ အလောမကြီးနဲ့အုံး။ ငါ အခုသွားပြီး ချက်ချင်း ပြန်လာခဲ့မယ်။"
"ရတယ်... ရတယ်။" ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ပို၍ပင် ဝမ်းသာသွားခဲ့၏။
ထိုသူနှစ်ယောက် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စိတ်ထဲတွင် အလွန်မျှော်လင့်နေမိသည်။ သူတို့ ပြန်လာလျှင် မည်သည့် သတင်းကောင်းများကို ယူဆောင်လာပေးမည်နည်းဟု တွေးတောနေမိသည်။
ချန်ဖုန်း ၊ စူးထျန် ။ ကျိရှောင်လုတို့ သုံးယောက်စလုံး ကြက်သေ, သေသွားကြ၏။ ကိစ္စရပ်များက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သုံးယောက်စလုံး လုံးဝ မထင်ထားခဲ့ကြချေ။
"သူဌေးဟုန်က... တကယ်ပဲ ဒီလို အဆင့်အတန်းအထိ အစွမ်းထက်နေတာလား။ ကြီးမားတဲ့ စံအိမ်နှစ်ခုက ဒီလောက်တောင် လုယူနေကြရတယ်လား။" ချန်ဖုန်းသည် အံ့ဩမိသကဲ့သို့ မနာလိုလည်း ဖြစ်မိ၏။
ချန်ယန်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်သည် ဆိုသော်ငြား သူ၏စိတ်ထဲတွင်မူ အကယ်၍ သူ့ကို ရွေးချယ်ခိုင်းပါက ဘက်ပေါင်းစုံတွင် ပိုမိုသာလွန်သော သားရဲယဉ်ပါးရေးစံအိမ်ကို သဘာဝအတိုင်း ရွေးချယ်မိလိမ့်မည်။ သူ၏ အမြင်အရဆိုလျှင် ဟုန်ရှောင်ပေါင်က ယခုကဲ့သို့ ပြုမူနေခြင်းမှာ အကျိုးအမြတ် ပိုမိုရရှိစေရန်အတွက်သာ ဖြစ်သည်။
ပြေးထွက်သွားကြသော ချန်ယန်နှင့် လွီဆုချင်းတို့ကို ကြည့်ရင်း စိတ်ထဲတွင်လည်း တိတ်တဆိတ် သက်ပြင်းချမိ၏။ "သူဌေးဟုန်က တကယ်ကို လည်တဲ့သူပဲ။ သူက သားရဲယဉ်ပါးရေးစံအိမ် ကို သေချာပေါက် ရွေးချယ်မှာ ဖြစ်ပေမဲ့ ဒီလိုလုပ်လိုက်တာနဲ့ အကျိုးအမြတ် အများကြီး ရနိုင်တယ်... တကယ် အစွမ်းထက်တာပဲ"
စူးထျန်ကလည်း ဟုန်ရှောင်ပေါင်ကို ကြည့်ရင်း တိတ်တဆိတ် အံ့အားသင့်နေမိ၏။ လွီဆုချင်းက ဟုန်ရှောင်ပေါင်ကို ဤမျှလောက်အထိ အလေးထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ လွီဆုချင်း ထွက်သွားသည့် လမ်းကြောင်းကို ကြည့်ရင်း စိတ်ထဲတွင်လည်း အနည်းငယ် မျှော်လင့်နေမိသည်။ လွီဆုချင်းသည် နောက်ဆုံးတွင် မည်သည့် အခြေအနေ သတ်မှတ်ချက်နှင့် ကမ်းလှမ်းလာမည်နည်းကို သိချင်နေမိသည်။