အခန်း ၁၀၈
Vol. 10 Ch. 108
အပိုင်း (၁၀၈) အရေပြားခဲ ဆေးလုံး။
ကျိရှောင်လု တစ်ယောက်တည်းကသာ အများကြီး မတွေးတောဘဲ အလွန်ဂုဏ်ယူစွာ ရယ်မောလိုက်၏။ "ဟွန့်... ရှင်တို့တွေ စောင့်ကြည့်နေလိုက်ပါ။ ဟုန်ရှောင်ပေါင်က သေချာပေါက် ကျွန်မတို့ စံအိမ်က လူပဲ။"
ချန်ဖုန်းသည် မူလက ပွဲကြည့်လိုသည့် စိတ်ကူးဖြင့် နေထိုင်နေသော်ငြား ကျိရှောင်လု ဂုဏ်ယူနေသည်ကို မြင်လျှင် မနေနိုင်ဘဲ ချေပပြောဆိုလိုက်သည်။ "ဟွန့်... သူဌေးဟုန်နဲ့ အစ်ကိုချန်တို့ဆိုတာ သေအတူ၊ ရှင်အတူ ဖြတ်သန်းခဲ့ကြတဲ့ ဆက်ဆံရေးမျိုးကွ။ စောင့်ကြည့်နေလိုက်... သူဌေးဟုန်က သေချာပေါက် ကျုပ်တို့ဘက်က လူပဲ ဖြစ်မှာ။"
အချိန်သည် အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြီး နာရီတစ်ဝက်ခန့် ကြာသည့်အခါ ချန်ယန်က ဦးစွာ ရောက်ရှိလာခဲ့၏။ သူ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ အလွန်ယုံကြည်မှု ရှိနေပုံရသည်။ သူသည် တွန့်ဆုတ်တတ်သူ မဟုတ်ရာ တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။ "ညီလေးဟုန် … ဆရာက မင်းကို အရမ်း အလေးထားတယ်ကွ။ ဒီပစ္စည်းကိုတောင် ထုတ်ပေးလိုက်တယ်။"
ထိုသို့ပြောဆိုရင်း အမည်းရောင် တိုကင်ပြားတစ်ခုကို ကမ်းပေးလိုက်၏။ ၎င်းအပေါ်တွင် တိမ်တိုက်ပန်းချီများ သိပ်သည်းစွာ ပါရှိပြီး သိမ်မွေ့သော မျဉ်းကြောင်းများက သစ်သားပြားတစ်ခုလုံးကို အကြိမ်အနည်းငယ် ပတ်လည် ထွင်းထုထားကာ အလယ်တွင် "ဖတ်ရှု" ဟူသော စာလုံးတစ်လုံးကို ထွင်းထုထား၏။
ဟုန်ရှောင်ပေါင်က လှမ်းယူ၍ ကြည့်လိုက်၏။ ဤပစ္စည်းသည် လေးလံပြီး ရွှေနှင့်တူသကဲ့သို့ သစ်သားနှင့်လည်း တူကာ အတော်လေး ထူးခြားလှသည်။ သို့သော်ငြား ဟုန်ရှောင်ပေါင်က ဤပစ္စည်းကို မသိရှိချေ။ ထို့ကြောင့် ကြက်သေ,သေသွားပြီး မေးလိုက်သည်။ "ဒါက..."
"ဒီပစ္စည်းက စာဖတ်တိုကင်ပြား လို့ ခေါ်တယ်။ ဂိုဏ်းစာကြည့်တိုက်ထဲကို ဝင်ချင်ရင် အခြေအနေ သတ်မှတ်ချက် နှစ်ခု လိုအပ်တယ်။ တစ်... မင်းက ပြင်ပတပည့် ဖြစ်ရမယ်။ နှစ်... မင်းမှာ စာဖတ်တိုကင်ပြား ရှိရမယ်"
ချန်ယန်က ခဏမျှ ရပ်တန့်ပြီး ထပ်ပြောလိုက်၏။ "စာဖတ်တိုကင်ပြားက သာမန်လို့ ထင်ရပေမဲ့ ရရှိဖို့ကတော့ အတော်လေး ခက်ခဲတယ်။ ပြီးတော့ အပြားတိုင်းမှာ အချိန်ကန့်သတ်ချက် ရှိတယ်။ သက်တမ်း တစ်ရက်ရှိတာ၊ တစ်လရှိတာ၊ ပြီးတော့ တစ်နှစ်ရှိတာဆိုပြီး အသီးသီး ကွဲပြားကြတယ်။ ဒီတစ်ပြားကတော့ အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အမည်းရောင် တိုကင်ပြားပဲ"
"သြော်... ဒီလိုလား" ဟုန်ရှောင်ပေါင်သည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး အတော်လေး စိတ်ပျက်သွားခဲ့၏။ စာဖတ်တိုကင်ပြားကို တပည့်တိုင်း ရရှိနိုင်သည်ဖြစ်ရာ သိပ်ပြီး တန်ဖိုးကြီးမည် မဟုတ်လောက်ချေ။ ဤသို့ တွက်ကြည့်မည်ဆိုလျှင် ဤစာဖတ်တိုကင်ပြား၏ တန်ဖိုးသည် "အစားအသောက် ကုန်ကြမ်းတွေ အားလုံးကို မင်း စိတ်ကြိုက် ယူသုံးလို့ရတယ်" ဆိုသည့် အခြေအနေ သတ်မှတ်ချက်ထက် အများကြီး နိမ့်ကျနေပေသည်။
"ညီလေးဟုန် လွဲတွေးသွားပြီ ထင်တယ်..."
ချန်ယန်သည် စိတ်ကူးဉာဏ် ထက်မြက်သူဖြစ်ရာ ဟုန်ရှောင်ပေါင်၏ စိတ်ကူးကို ချက်ချင်း ရိပ်မိသွားပြီး ပြုံးလိုက်၏။ "စာဖတ်တိုကင်ပြား ရဲ့ မတူညီတဲ့ အဆင့်တွေက သက်တမ်းတိုတာ ရှည်တာ ဆိုတဲ့ ကွာခြားချက်တစ်ခုတည်း ရှိတာ လုံးဝမဟုတ်ဘူး။ ဂိုဏ်းစာကြည့်တိုက် မှာ မတူညီတဲ့ အထပ်တွေ ရှိတယ်။ အထပ်မြင့်လေလေ သိမ်းဆည်းထားတဲ့ သိုင်းပညာရပ်တွေက ပိုပြီး အစွမ်းထက်လေလေပဲ။ အထပ်မြင့်တွေကို ဝင်ချင်ရင် ပိုပြီး အဆင့်မြင့်တဲ့ စာဖတ်တိုကင်ပြား လိုအပ်တယ်။ ငါ ဒီလိုပြောတာကို... ညီလေး နားလည်လား။"
"အို... ဒါဆိုရင်တော့ ဒီဟာက အစွမ်းထက်သွားပြီ။" ဟုန်ရှောင်ပေါင်သည် ချက်ချင်း ပြုံးလိုက်ပြီး စိတ်ထဲတွင် အကြံတစ်ခု ရသွားပြီ ဖြစ်သည်။
"ဟမ့် ... ဒါက ဘာများ အထင်ကြီးစရာ ရှိလို့လဲ။"
ကျိရှောင်လုကမူ မထီလေးစား ပြုံးလိုက်၏။ "အစ်မကြီး ရောက်လာရင် ရှင် ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ် ကို သေချာပေါက် ဝင်မှာပဲ။"
"လျှောက်ပြောမနေနဲ့"
ချန်ဖုန်းက လှောင်ပြောင်လိုက်သည်။ "မင်းရဲ့ အစ်မကြီးက ဘာပစ္စည်း ယူလာနိုင်မှာမို့လို့လဲ ပြောစမ်းပါ။"
“ကျွန်မ ဘယ်လိုလုပ် သိမှာလဲ။" ကျိရှောင်လုက ထူးဆန်းစွာ ပြောလိုက်၏။
"….."
ချန်ဖုန်းသည် အနည်းငယ် ဆွံ့အသွားခဲ့သည်။ "ဒါဆို မင်းရဲ့ အစ်မကြီး ယူလာတဲ့ ပစ္စည်းက အစ်ကိုချန် ယူလာတာထက် ပိုကောင်းမယ်လို့ မင်း ဘာလို့ ရဲရဲကြီး ပြောရတာလဲ။"
"ဒါ အပိုစကားတွေ ပြောနေတာပဲ မဟုတ်လား"
ကျိရှောင်လုက အကြောင်းပြချက် ခိုင်လုံစွာဖြင့် ပြောလိုက်၏။ "ကျွန်မတို့က သားရဲယဉ်ပါးရေးစံအိမ် လေ။ ခုနကလူက ကျွန်မရဲ့ အစ်မကြီး။ ယူလာတဲ့ ပစ္စည်းက ညံ့နိုင်ပါ့မလား။"
"မှန်တယ်"
ကျိရှောင်လု ထပ်မံ၍ စကားမပြောနိုင်မီမှာပင် လွီဆုချင်းက နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြီး မျက်နှာပေါ်တွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ သူက ပြုံး၍ ပြောလိုက်သည်။ "မောင်လေးဟုန်။ ကြည့်ရတာ မကြာခင်မှာ ရှင် ကျွန်မကို အစ်မကြီးလို့ ခေါ်ရတော့မယ် ထင်တယ်။"
"အို..."
ဟုန်ရှောင်ပေါင်သည် ချက်ချင်း စိတ်ဝင်စားသွား၏။ လွီဆုချင်းက ဤမျှလောက် ယုံကြည်မှု ရှိနေသည်ဆိုမှတော့ ယူဆောင်လာသော ပစ္စည်းသည် သာမန် မဟုတ်သည်မှာ သေချာ၏။
လွီဆုချင်းက တည်ငြိမ်စွာ ပြုံးလိုက်ပြီး စကားလွှဲမနေတော့ဘဲ လက်ဝါးကို တိုက်ရိုက် ဖြန့်ပြလိုက်၏။ အဝါရောင် ဆေးလုံးလေး တစ်လုံးသည် လက်ထဲတွင် လိမ့်လျက် ပေါ်လာ၏။ လွီဆုချင်းက ချန်ယန်ကို အပြုံးများ ပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။ "ဟင်းချက်ပြုတ်ရေးစံအိမ် … ကျေးဇူးပြုပြီး ပြန်ကြပါတော့..."
"ဒါက..."
ကျိရှောင်လု၏ မျက်နှာသည် ကြက်သေ,သေပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ "ဆရာက... ဒီပစ္စည်းကိုတောင် ထုတ်ပေးလိုက်တာလား။"
"ဒါက..."
ချန်ယန်တို့ အနည်းငယ်သည်လည်း မျက်မှောင်များ ကြုတ်သွားကြသည်။ သူတို့က ဤအရာမှာ မည်သည့် ပစ္စည်းဖြစ်ကြောင်းကို ကြည့်၍မသိကြချေ။
"ဟီးဟီး... ဟေး... ဟို ဟုန်ရှောင်ပေါင်။ ရှင်က ကျွန်မထက် အသက်ကြီးပေမဲ့ ကျွန်မက ရှင့်ထက် အရင် စံအိမ်ကို ဝင်တာနော်။ ရှင် ကျွန်မကို အစ်မကြီးလို့ ခေါ်ရမယ်"
ကျိရှောင်လုသည် ခါးထောက်လျက် အလွန်ဂုဏ်ယူစွာဖြင့် လူတိုင်းကို တစ်ချက် ကြည့်လိုက်၏။ "ဟားဟား... အားလုံး မမြင်ဖူးကြဘူး မဟုတ်လား။ ဒီဟာက နာမည်ကျော်ကြားတဲ့ အရေပြားခဲ ဆေးလုံး ပဲ..."
"အရေ... အရေပြားခဲ ဆေးလုံး လား။"
ချန်ယန်သည် တစ်ခဏချင်းမှာပင် ကြက်သေ,သေသွားပြီး ထိုအဝါရောင် ဆေးလုံးလေးကို မျက်လုံးမခွာတမ်း ကြည့်နေသည်။ သူ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ "အရေ... ပြား... ခဲ... ဆေးလုံး... လား။"
စူးထျန်သည်လည်း ဆွံ့အလျက်ရှိပြီး ထိုအဝါရောင် ဆေးလုံးလေးကို ကြည့်ရင်း မျက်လုံးများ အနည်းငယ် ပူနွေးလာခဲ့သည်။
"အရေပြားခဲ ဆေးလုံး လား"
ချန်ဖုန်းကမူ မကြားဖူးချေ။ စိတ်ထဲတွင် ပုရွက်ဆိတ် ကိုက်နေသကဲ့သို့ ဖြစ်လာပြီး ချက်ချင်း မေးလိုက်၏။ "ဒါက ဘာပစ္စည်းလဲ။"
"သွေးသားခန္ဓာ ဒသမအဆင့်။ ဒါက တတိယအဆင့်ကို အဆင့်တက်ဖို့အတွက် အသုံးပြုရတဲ့ ဆေးလုံးပဲ..."
ချန်ယန်က အလွန်တရာ အားစိုက်ထုတ်ပြီး ပြောလိုက်၏။ "ဒီ အရေပြားခဲဆေးလုံး က ဒုတိယအဆင့် ဆေးဝါးတွေထဲမှာ နတ်ဆေးလို့ ခေါ်စမှတ်ပြုကြတယ်... ဟူး..."
ထိုသို့ပြောဆိုရင်း မျက်နှာအမူအရာ ရှုပ်ထွေးစွာဖြင့် သက်ပြင်းတစ်ချက်ချကာ စာဖတ်တိုကင်ပြားကို သိမ်းဆည်းလိုက်သည်။
တစ်ဖက်က အရေပြားခဲ ဆေးလုံးကို ထုတ်ပြလာပြီဆိုမှတော့ ဒီတစ်ခေါက် တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူး။
"အဘိုး... ဒီပစ္စည်းက သိပ်အစွမ်းထက်တာလား" ဟုန်ရှောင်ပေါင်သည် ကြားပြီးနောက် အနည်းငယ် နားမလည်နိုင်ဖြစ်ကာ မေးလိုက်၏။
"အစွမ်းထက်တဲ့ ချီးကို...။"
ယင်းကျိုယိုက မထီလေးစား ပြောလိုက်သည်။ "ဒီအရာက အသုံးမကျတဲ့ကောင်တွေ စားတာ။ မင်းက တန်လန် ခန္ဓာကိုယ် ကွ။ ဒီပစ္စည်းကို မင်း စားလိုက်ရင် ဒီနတ်ဘုရားအဆင့် ခန္ဓာကိုယ်က နှမြောစရာ ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီဆေးဝါးထဲမှာ အက်ကွဲကြောင်းတွေ နေရာတိုင်းမှာ ရှိနေတယ်။ သုညနီးပါးလောက် ကျရှုံးပြီးသား ပစ္စည်းတစ်ခုလို့ ခေါ်လို့ရတယ်။ တုံးအတဲ့ကောင်တွေပဲ နတ်ဆေးလို့ ထင်နေကြတာ။"
"သြော်... သြော်... သြော်... သြော်" ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ချက်ချင်း ရိပ်မိသွား၏။
ဟုတ်သားပဲ။ အဘိုး ရှိနေတာပဲ။ ဆေးလုံးတို့ ဘာတို့ဆိုတာက ဘာများ အထင်ကြီးစရာ ရှိလို့လဲ။
"ဟူး..." ချန်ယန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေကာ စာဖတ်တိုကင်ပြားကို ဖြည်းဖြည်းချင်း သိမ်းဆည်းလိုက်၏။
"ဟီးဟီး... သိစိတ်လေး ရှိသေးတာပဲ။"
ကျိရှောင်လုက ပျော်ရွှင်လာခဲ့ပြီး ခါးထောက်လျက် ချန်ဖုန်းဆီသို့ ကြည့်ကာ ပြောလိုက်သည်။ "ဟေး... ဟို မျက်နှာမည်း ယောက်ျားကြီး။ ဘယ်လိုလဲ... ဒီ သခင်မလေး ပြောတာ မမှားဘူး မဟုတ်လား။ အစ်မကြီး ကိုယ်တိုင် ထွက်လာမှတော့ မရှင်းနိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး။"
ချန်ဖုန်းသည် မူလက ထိုဆေးလုံးကို အလွန်တရာ လိုလားတောင့်တသော မျက်လုံးများဖြင့် ကြည့်နေခဲ့သော်ငြား ကြားပြီးနောက် မျက်နှာ မည်းမှောင်သွားခဲ့၏။ သို့သော်လည်း ယခုအခါ တစ်ဖက်က အနိုင်ရသူ ဖြစ်နေပြီဖြစ်ရာ ပြောစရာစကား မရှိတော့ဘဲ အလွန်တရာ စိတ်ပျက်လက်ပျက်ဖြင့် ကိုယ်ကို လှည့်လိုက်တော့၏။
"ရူး..."
ကျိရှောင်လုသည် အလွန်ဂုဏ်ယူစွာဖြင့် လှောင်ပြောင်လိုက်ပြီး ဟုန်ရှောင်ပေါင်ဆီသို့ လက်ယပ်ခေါ်လိုက်၏။ "လာ... အစ်မကြီးလို့ ခေါ်။ နင် မှတ်ထားရမယ်။ နောင်ကျရင် ကျွန်မက ရှင့်ရဲ့အစ်မကြီး ကျိ ပဲ။ ရှင် အစ်မကြီး စကားကို နားထောင်ရမယ်။ အစ်မကြီးက အရှေ့သွားခိုင်းရင် ရှင် အနောက်ကို မသွားရဘူး။ အစ်မကြီးက တံမြက်စည်း လှည်းခိုင်းရင် ရှင် စောင်မခေါက်ရဘူး။ ရှင့်ရဲ့ အစ်မကြီး ကျိ ကို သေချာ ပြုစုသရွေ့ ရှင့်ရဲ့ အစ်မကြီး ကျိ က ပစ္စည်းကောင်းတွေ အများကြီး ပေးမယ်။ ပြီးတော့..."
ကျိရှောင်လု၏ အသံသည် ရုတ်တရက် ရပ်တန့်သွားပြီး ဟုန်ရှောင်ပေါင်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဟေး... ရှင် ဘာလုပ်နေတာလဲ။"
လွီဆုချင်းသည်လည်း အနည်းငယ် ကြက်သေသေ ဖြစ်သွားခဲ့ပြီး ယုံကြည်မှုများ ပြည့်နှက်နေသော မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု တစ်ချက် လက်ခနဲ ဖြစ်သွား၏။
ဟုန်ရှောင်ပေါင်သည် ချန်ယန်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်ကို မြင်လိုက်ရပြီး ပျော်ရွှင်စွာ လက်ဆန့်ထုတ်လိုက်သည်။ "အစ်ကိုချန်... စာဖတ်တိုကင်ပြား ကျုပ်ကို ပေးပါ။"
"မင်း... မင်း ဘာပြောလိုက်တာလဲ။"
ချန်ယန်သည် ကြက်သေသေ ဖြစ်သွားပြီး လွီဆုချင်းကို အနည်းငယ် မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်၏။ သူမသည် အရေပြားခဲ ဆေးလုံးကို မြှောက်ထားလျက် မယုံကြည်နိုင်သည့် မျက်နှာအမူအရာ ဖြစ်နေဆဲပင်။ ချန်ယန်သည် ဦးခေါင်းကို နည်းနည်းချင်း ပြန်လှည့်လာခဲ့ပြီး မျက်နှာအမူအရာ အနည်းငယ် ရှုံ့မဲ့နေခဲ့သည်။ "ညီလေး... ညီလေးဟုန်။ မင်း ဘာပြောလိုက်တာလဲ။"
"ဟားဟား..."
ဟုန်ရှောင်ပေါင်သည် ပွင့်လင်းစွာ ရယ်မောလိုက်၏။ "ကျုပ် ဟင်းချက်ပြုတ်ရေးစံအိမ် ကိုပဲ ဝင်တော့မယ်။"