← Chapters

အခန်း ၁၀၉

Vol. 10 Ch. 109

အခန်း ၁၀၉

Vol. 10 Ch. 109

အပိုင်း (၁၀၉) မင်းက အတွင်းက ၊ ငါကအပြင်က။

"ရှင်... ရှင် ရူးနေတာလား"

ကျိရှောင်လုသည် အနည်းငယ် ဆွံ့အနေပြီးနောက် နှုတ်မှ အလိုအလျောက် ထွက်သွား၏။ လွီဆုချင်း၏ လက်ဝါးပေါ်ရှိ အရေပြားခဲဆေးလုံးကို လက်ညှိုးထိုးလိုက်သည်။ "အဲဒါက အရေပြားခဲ ဆေးလုံး လေ... အရေပြားခဲ ဆေးလုံး။"

"အို... ဒါဆို ဘာဖြစ်လို့လဲ။" ဟုန်ရှောင်ပေါင်က ပုခုံးတွန့်လိုက်၏။

ဒီအသုံးမကျတဲ့ ပစ္စည်းကိုလိုချင်ရင် နောင်ကျ ကျုပ်က တစ်ဖိုပြီးတစ်ဖို ဖော်စပ်လို့ရတယ်။ ဘာများ အသုံးဝင်မှာမို့လို့လဲ။

"ရော့ ရော့ ရော့"

ချန်ယန်သည် ဟုန်ရှောင်ပေါင် နောင်တရသွားမည်ကို စိုးရိမ်သဖြင့် စာဖတ်တိုကင်ပြားကို တစ်ခါတည်း ထုတ်ယူကာ ဟုန်ရှောင်ပေါင်၏ လက်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်သည်။ ပြီးနောက် စကားပြောနှုန်း အနည်းငယ် မြန်ဆန်နေခဲ့သည်။ "ဒါဆို ညီလေးဟုန်... မင်း အခုချက်ချင်း ဟင်းချက်ပြုတ်ရေးစံအိမ် ကို သွားပြီး စာရင်းသွင်းတော့မလို့လား။"

"ဟားဟား... မလောပါဘူး"

ဟုန်ရှောင်ပေါင်က ပြောလိုက်၏။ "ကျုပ် ပစ္စည်းအနည်းငယ် ပြင်ဆင်စရာ ရှိသေးတယ်။ ခဏလောက်တော့ စောင့်ရအုံးမယ်။"

"ရတယ်... ရတယ်... ရတယ်။ ဒါဆို ကတိအတိုင်းပဲနော်။ မနက်ဖြန် ငါ ဟင်းချက်ပြုတ်ရေးစံအိမ် မှာ ညီလေးဟုန် ကြွလာတာကို ရိုသေစွာ စောင့်ကြိုနေမယ်။"

ချန်ယန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး အရိုအသေပေးကာ နှုတ်ဆက်ထွက်ခွာရန် ပြင်လိုက်၏။ ထွက်မသွားမီတွင် အရေပြားခဲ ဆေးလုံးကို မြှောက်ထားဆဲဖြစ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသော လွီဆုချင်းကို မြင်တော့ တည်ငြိမ်စွာ ပြုံးလိုက်သည်။ "ဒါဆို အစ်မကြီး... ကျုပ် နှုတ်ဆက်ပါတယ်။"

ချန်ဖုန်းသည် ဟုန်ရှောင်ပေါင်၏ ဤရွေးချယ်မှုအတွက် တကယ်ကို နားမလည်နိုင်တော့ချေ။ သူ၏ အမြင်အရဆိုလျှင် ဘယ်လိုရွေးရွေး ဟင်းချက်ပြုတ်ရေးစံအိမ်ကို မရွေးသင့်ဘူး မဟုတ်ပါလား။ သဘာဝအတိုင်းပင် ဤသည်က သူ၏ ဂုဏ်ယူဝင့်ကြွားမှုကို မတားဆီးနိုင်ချေ။ သူက ကျိရှောင်လု၏ အနားမှ ဖြတ်သွားချိန်တွင် လည်ချောင်းသံကို ညှစ်၍ ပြောလိုက်၏။ "လာ... အစ်မကြီးလို့ ခေါ်။ ရှင် မှတ်ထားရမယ်။ နောင်ကျရင် ကျွန်မ က ရှင့်ရဲ့အစ်မကြီး ကျိ ပဲ။ ရှင်က အစ်မကြီး စကားကို နားထောင်ရမယ်။ အစ်မကြီးက အရှေ့သွားခိုင်းရင် အနောက်ကို မသွားရဘူး..."

ကျိရှောင်လုသည် အနည်းငယ် ဆွံ့အလျက်ရှိပြီး ချန်ဖုန်းက သူ့ကို အတုခိုးနေမှန်း ချက်ချင်း နားလည်သွား၏။ ခုနက သူ၏ ဂုဏ်ယူဝင့်ကြွားခဲ့သည့် ပုံစံကို ပြန်တွေးမိပြီးနောက် ကျိရှောင်လု၏ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာကာ နီရဲသွားတော့သည်။ ခြေထောက်ကို ပြင်းပြင်းထန်ထန် ဆောင့်ကာ ချန်ဖုန်းကို ဒေါသတကြီး လက်ညှိုးထိုးလိုက်၏။ "ရှင်... ရှင် ဘာပြောလိုက်တာလဲ။"

"ဘာမှ မပြောပါဘူး... ဟားဟားဟားဟားဟားဟား။" ချန်ဖုန်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး သီချင်းလေး ညည်းကာ ထွက်ခွာသွား၏။

"မောင်လေးဟုန်က တကယ်ကို ရုပ်ဖျောက်ထားတတ်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။"

စူးထျန်က ချိုမြိန်စွာ ပြုံးလိုက်သည်။ "မောင်လေးဟုန်ရဲ့ ဆေးဘက်ဝင် အစားအစာ ဆိုင်လေး စောစောစီးစီး ဖွင့်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဲဒီအခါကျရင် သေချာပေါက် လာပြီး တစ်နပ်လောက် တောင်းစားရမယ်။"

"ဟားဟား... သေချာပေါက်... သေချာပေါက်ပေါ့။" ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာဖြင့် တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်၏။

လွီဆုချင်းသည် ဤအချိန်ကျမှသာ တည်ငြိမ်မှု ပြန်လည်ရရှိသွားပြီး လက်ထဲမှ အရေပြားခဲ ဆေးလုံးကို ဖြည်းဖြည်းချင်း ပြန်လည်သိမ်းဆည်းကာ ဟုန်ရှောင်ပေါင်ကို စိုက်ကြည့်လိုက်သည်။ "ရှင်က တစ်ခဏတာ ဒေါသကြောင့် အလောင်းအစားလုပ်ပြီး ရှင့်ရဲ့ တစ်သက်တာကို ပြောင်းလဲစေနိုင်တဲ့ အခွင့်အရေးကို စွန့်လွှတ်လိုက်တဲ့အကြောင်း သိရဲ့လား။"

"အလောင်းအစား လုပ်တာလား။" ဟုန်ရှောင်ပေါင်က အံ့ဩသွား၏။

"ရှင်က... ရှောင်လု နဲ့ ဒေါသထွက်ပြီး အလောင်းအစားလုပ်တာ မဟုတ်ဘူးလား။"

"သြော်... မဟုတ်ပါဘူး... မဟုတ်ပါဘူး"

ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ကျုပ် ကိုယ်တိုင်လည်း ဆေးလုံးအနည်းငယ် ဖော်စပ်တတ်တာမို့ ဒီ... အရေပြားခဲ ဆေးလုံး လား ဘာလားဆိုတာကို... ကျုပ် သိပ်ပြီး မလိုအပ်လို့ပါ။"

"ရှင်က... ဆေးလည်း ဖော်စပ်တတ်သေးတယ်လား။"

"နည်းနည်းပါးပါးလေး နားလည်ရုံပါ... နည်းနည်းပါးပါးလေး နားလည်ရုံပါ..."

ဟုန်ရှောင်ပေါင်က အလွန်ကျစ်လျစ်သိမ်မွေ့စွာ ပြုံးလိုက်၏။ "မတတ်နိုင်ဘူးလေ။ ဒီခေတ်ကြီးထဲမှာ ပညာရပ် အနည်းငယ် ပိုမသင်ထားရင် ငတ်သွားမှာပေါ့။"

လွီဆုချင်း "…..."

သူ... သူ... သူ... သူက ဆေးလည်း ဖော်စပ်တတ်သေးတယ်လား။ အလုပ်သုံးခုစလုံး လုပ်တာလား။ ဘာတွေ နောက်နေတာလဲ။

"ကြွား။ ရှင်က ကြွားနတ်ဘုရားပဲ။"

ကျိရှောင်လုက အေးစက်စွာ ရယ်မောလိုက်၏။ "ဆေးလည်း ဖော်စပ်တတ်တယ် ဟုတ်လား။ နင် သွန်းလုပ်ရေးလည်း တတ်တယ်လို့ ဘာလို့ မပြောတော့တာလဲ။"

"အာ... တိုက်ဆိုင်လိုက်တာ။ သခင်လေး ကျုပ်က တကယ်တတ်တယ်..."

ဟုန်ရှောင်ပေါင်သည် အားနာသွားသည်။ ကျိရှောင်လုက ဘာကိုမှမပြောဘဲ သွန်းလုပ်ရေးကိုမှ တည့်တည့်ကြီး ပြောလာသည်။ ဤပစ္စည်းကို သခင်လေး ကျုပ်က တကယ် တတ်တာ မဟုတ်ပါလား။ သို့ပေမည့် ဟုန်ရှောင်ပေါင်သည် နှိမ့်နှိမ့်ချချ နေသင့်သည်ဟု ထင်မြင်သေး၏။ ထို့ကြောင့် နှိမ့်ချစွာ ပြောလိုက်သည်။ "အားလုံးက နည်းနည်းပါးပါးလေး နားလည်ရုံပါ... နည်းနည်းပါးပါးလေး နားလည်ရုံပါ... နည်းနည်းပါးပါးလေး နားလည်ရုံပါ..."

"ကြွားနတ်ဘုရား။"

ကျိရှောင်လုက ဟုန်ရှောင်ပေါင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် မထီလေးစားမှုများဖြင့် ပြည့်နှက်နေ၏။ "အသက်ကြီးလာပြီး ဘာမှမလုပ်ဘူး... ကြွားနတ်ဘုရား လုပ်နေတယ်။ လာ... အစ်မကြီး။ သူ့ကို တစ်ယောက်တည်း ကြွားခိုင်းထားလိုက်။"

ထိုသို့ပြောဆိုရင်း လွီဆုချင်းကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။

လွီဆုချင်းသည် မူလက ဆေးဖော်စပ်ခြင်းအကြောင်း မေးမြန်းချင်သေးသော်ငြား ဟုန်ရှောင်ပေါင်က သူသည် သွန်းလုပ်ရေးလည်း တတ်သည်ဟု ပြောလာပြန်သည်။ ဤသို့ဖြင့် ဟုန်ရှောင်ပေါင်က အဓိပ္ပာယ်မရှိ လျှောက်ပြောနေခြင်းသာ ဖြစ်မည်ဟု ထင်မြင်သွားပြီး ဆက်လက် မေးမြန်းလိုသည့် စိတ်ဆန္ဒ မရှိတော့ဘဲ ကျိရှောင်လုနှင့်အတူ ဤနေရာမှ ထွက်ခွာသွားတော့၏။

အားလုံးထွက်ခွာသွားသည်ကို ကြည့်ပြီး ဟုန်ရှောင်ပေါင်သည် ချက်ချင်း ပျော်ရွှင်လာခဲ့သည်။ "ဟားဟားဟား... သခင်လေး ကျုပ်က ပြင်ပတပည့် ဖြစ်သွားပြီကွ။"

"ယိုး... ယိုး... ချစ်ခ်ချစ်ခ်။ မင်းက အတွင်းက … ငါက အပြင်က …အပြင်က အချစ်ရေ .. အပြင်က …"

ပျော်ရွှင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ဟုန်ရှောင်ပေါင်သည် ခုန်ဆွခုန်ဆွဖြင့် သီချင်းလေး ညည်းကာ ကခုန်တော့၏။

"သောက်ရှက်မရှိလိုက်တာ။" ယင်းကျိုယိုက ကြည့်မနေနိုင်တော့ဘဲ ဟန့်တားရန် ပြင်လိုက်သော်ငြား မကြာခင်မှာပဲ လွှတ်ထားလိုက်ရသည်။

ဟုန်ရှောင်ပေါင်၏ ဦးခေါင်းပေါ်ရှိ ရတနာဝက်ဝံသည်ပင်လျှင် ဟုန်ရှောင်ပေါင်၏ ပုံစံအတိုင်း လိုက်လံ လှုပ်ရှားနေလေ၏။

“လိုက်လည်း လိုက်ပါ့ကွာ .. သောက်ရူးနှစ်ကောင်နဲ့တော့ …” ယင်းကျိုယိုက တစ်ယောက်တည်း ဆဲဆိုလျက်ရှိသည်။ သူ၏ မျက်နှာပေါ်တွင်တော့ အပြုံးများ ရှိလို့နေသည်။

"ဟားဟားဟားဟား... ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။"

ဟုန်ရှောင်ပေါင်က ပျော်ရွှင်သွား၏။ " မင်းက အတွင်းက … ငါက အပြင်က..."

သို့ပေမည့် ရတနာဝက်ဝံ၏ ဉာဏ်ရည်သည် ဟုန်ရှောင်ပေါင်နှင့် အပြန်အလှန် လှုပ်ရှားနိုင်သည့် အဆင့်အထိ မရောက်ရှိသေးသည်မှာ သိသာလှသည်။ မကြာခင် ငြိမ်သက်သွားသည်။ ဟုန်ရှောင်ပေါင်က အကြိမ်အနည်းငယ် ထပ်မံ လုပ်ပြသော်လည်း ရတနာဝက်ဝံမှာ နားမလည်သည့် ပုံစံသာ ဖြစ်နေသဖြင့် ဟုန်ရှောင်ပေါင်လည်း စိတ်ဝင်စားမှု ကုန်ဆုံးသွားပြီး တတွတ်တွတ် ရေရွတ်ကာ ဆိုင်ထဲသို့ ပြန်ဝင်လိုက်သည်။

"မနက်ဖြန် ညီမလေး ချိုင်ရှောင်က ကျင့်ကြံရာကနေ ထွက်လာတော့မယ်။ ဟားဟား ... ငါ ဒုတိယအဆင့်ကို တက်သွားပြီဆိုတာမြင်ရင် သူ ဘယ်လို မျက်နှာအမူအရာ ဖြစ်သွားမလဲ မသိဘူး။"

ဟုန်ရှောင်ပေါင်သည် တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာ၏။ "ပြီးတော့ ငါက ပြင်ပတပည့် ဖြစ်သွားပြီ။ နောင်ကျရင် နှစ်ယောက်တွဲပြီး အတူတူ ပျံသန်းကြမယ်... ဟားဟားဟားဟား... နည်းနည်းတော့ ရှက်စရာလေး...

ဟင်... နေပါအုံး။ ညီမလေး ချိုင်ရှောင်က ဘာစံအိမ်ကိုမှ မဝင်ရသေးဘူး မဟုတ်လား။" ဟုန်ရှောင်ပေါင်က သံသယဝင်လာသည်။

လေယင်နန်းဆောင်၏ ကြီးမားသော စံအိမ်ကိုးခုစလုံးသည် ရွေးချယ်သင်ယူရသော ဘာသာရပ်များ ဖြစ်ကြပြီး လေယင်နန်းဆောင်၏ ပင်မစံအိမ်မှာမူ မဖြစ်မနေ သင်ယူရသော နေရာဖြစ်ကာ သိုင်းပညာရပ်များ သင်ကြား ပြသပေးသည့် နေရာလည်း ဖြစ်သည်။ ညီမလေး ချိုင်ရှောင်မှာမူ ကျင့်ကြံခြင်းအပေါ်တွင်သာ စိတ်နှစ်ထားပုံရပြီး ဒုတိယ အသက်မွေးဝမ်းကျောင်းအဖြစ် စံအိမ်တစ်ခုခုကို မရွေးချယ်ရသေးပုံပေါ်၏။

အထွေထွေအားဖြင့်ဆိုလျှင် ကျင့်ကြံသူတစ်ဦးသည် တတိယအဆင့်သို့ ရောက်ရှိကာ ပြင်ပဂိုဏ်းသို့ ဝင်ရောက်လာသည့်အခါ ပင်မစံအိမ်သို့ ဦးစွာ ဝင်ရောက်ရပြီး ထို့နောက်မှသာ ကြီးမားသော စံအိမ်ကိုးခုထဲမှ တစ်ခုကို ရွေးချယ်၍ ဒုတိယ အသက်မွေးဝမ်းကျောင်းအဖြစ် သတ်မှတ်ရလေ့ရှိ၏။

သို့ပေမည့် ဟုန်ရှောင်ပေါင်ကဲ့သို့ ကျင့်ကြံခြင်းအဆင့် တတိယအဆင့်သို့ မရောက်ရှိသေးဘဲ အခြေအနေ သတ်မှတ်ချက်ကို ဖောက်ဖျက်၍ ရွေးချယ်ခံရသောသူများမှာမူ တတိယအဆင့်သို့ မရောက်ရှိမီအထိ ပင်မစံအိမ်သို့ ဝင်ရောက်ရန် နည်းလမ်းမရှိချေ။

သဘာဝအတိုင်းပင် အခြေအနေ သတ်မှတ်ချက်ကို ဖောက်ဖျက်သည်ဟု ဆိုသည့်အတွက် ဟုန်ရှောင်ပေါင်ကဲ့သို့ လူမျိုးမှာ အမြဲတမ်း လူနည်းစုသာ ဖြစ်သည်။

All Chapters