အခန်း ၁၁၀
Vol. 10 Ch. 110
အပိုင်း (၁၁၀) လေးစားအားကျနေတာ ကြာပါပြီ... လေးစားအားကျနေတာ ကြာပါပြီ။
ဒုတိယအထပ်တွင် သေတ္တာများကို မွှေနှောက် ရှာဖွေပြီးသည့်နောက် ဟင်းချက်ပြုတ်ရန် လိုအပ်သော ပစ္စည်းများ အားလုံးကို အသင့်ပြင်ဆင်လိုက်၏။ ထိုအခါမှ ဟုန်ရှောင်ပေါင်သည် ကြီးမားသော အထုပ်ကြီးတစ်ခုကို ကျောပိုးကာ လေယင်နန်းဆောင်သို့ သွားရာလမ်းအတိုင်း ခပ်သုတ်သုတ် လျှောက်သွားတော့သည်။
လေယင်မြို့တော်သည် လေယင်နန်းဆောင်ကို ဝန်းရံ၍ တည်ဆောက်ထားခြင်း ဖြစ်၏။ လေယင်နန်းဆောင်တွင် အတွင်းဂိုဏ်းနှင့် ပြင်ပဂိုဏ်းဟူ၍ ကွဲပြားမှုရှိပြီး အတွင်းဂိုဏ်းမှ လူများမှာမူ အခြေခံအားဖြင့် ကျင့်ကြံခြင်းကိုသာ အရူးအမူး ပြုလုပ်နေတတ်သူများဖြစ်ပြီး တစ်နှစ်လုံးနေ၍ အကြိမ်အနည်းငယ်မျှပင် မတွေ့ရတတ်သော ကောင်များ ဖြစ်ကြသည်။ အတော်လေး ဆန်းကြယ်လှပေ၏။
လေယင်နန်းဆောင်သည် လေယင်တောင်ထိပ်ကို ကျောခိုင်း၍ တည်ရှိသည်။ လေယင်တောင်ထိပ်သည် တစ်ခုတည်း မဟုတ်ချေ။ စုစုပေါင်း လေးခုရှိပြီး အားလုံးသည် တိမ်တိုက်များအထိ မြင့်မားစွာ မတ်မတ် ရပ်တည်နေကြကာ ကြက်အုပ်ကြားတွင် ဗျိုင်းတစ်ကောင် ရပ်နေသကဲ့သို့ပင်။
ပတ်ဝန်းကျင်ရှိ တိမ်ခိုးမြူများက တောင်ပေါ်တွင် ရစ်သိုင်းနေပြီး နတ်ဘုံနတ်နန်းကဲ့သို့ ထင်ရ၏။ မရေမတွက်နိုင်အောင် များပြားသော ရေတံခွန်များသည် နဂါးငွေ့တန်းကဲ့သို့ အရှိန်အဟုန် ကြီးမားစွာဖြင့် အောက်သို့ စီးကျလာပြီး တစ်နေရာတည်းတွင် စုစည်းသွားကာ ကုဋေကုဋာ အနန္တသော သတ္တဝါတို့ကို ပြုစုပျိုးထောင်ပေးသည့် မြစ်ကြီးတစ်စင်းအဖြစ် ဖြစ်တည်လာခဲ့သည်။ ဤမြစ်၏ နာမည်မှာ သတ္တဝါမြစ် ဟု ခေါ်ပြီး မြစ်ဖျားခံရာမှာမူ လေယင်နန်းဆောင်ပင် ဖြစ်သည်။
အဝေးကတည်းကပင် ရေတံခွန်၏ တဝေါဝေါ မြည်ဟိန်းနေသော အသံများကို ဟုန်ရှောင်ပေါင် ကြားနေရ၏။ လွင့်စင်လာသော ရေခိုးရေငွေ့များကြောင့် ဖြစ်လောက်ပသည်။ ကြီးမားသော ပင်မတောင်ထိပ် လေးခုစလုံးသည် မြူခိုးငွေ့များထဲတွင် ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ ဆန်းကြယ်သကဲ့သို့ အရှိန်အဟုန် ကြီးမားလှ၏။ မြူခိုးငွေ့များကြားတွင် လျှပ်စီးများ တစ်ခါတစ်ရံ လက်သွားတတ်ပြီး တဂျိမ်းဂျိမ်း မြည်ဟိန်းနေသော အသံများက နားထဲတွင်မစဲ တသီကြီး ထွက်ပေါ်နေသည်။
"အစွမ်းထက်တာ... အစွမ်းထက်တာ။ သခင်လေး ငါက ဒီလောက်အကြာကြီး ကြိုးစားခဲ့ရတယ်... ဒီလောက်အကြာကြီး တိုက်ပွဲဝင်ခဲ့ရတယ်။ အဆုံးသတ်တော့ ဒီတံခါးပေါက်ဆီကို တက်လှမ်းနိုင်ခဲ့ပြီ။" ဟုန်ရှောင်ပေါင်သည် သက်ပြင်းချကာ ပြောလိုက်၏။ အသံထဲတွင် ခါးသီးမှုများနှင့် အိပ်မက် ပြီးမြောက်သွားချိန်တွင် ရရှိသည့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
"မင်း ဒီနေရာကို ရောက်လာတာ ၁၄ ရက်ပဲ ရှိပါသေးတယ်ကွာ။" ယင်းကျိုယိုက ကြည့်မနေနိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။
"လေးစားအားကျနေတာ... လေးစားအားကျနေတာ ကြာပါပြီ... လေးစားအားကျနေတာ ကြာပါပြီ။"
ဟုန်ရှောင်ပေါင်က ချက်ချင်း ဖြည့်စွက်ပြောဆိုလိုက်ပြီး လေယင်နန်းဆောင်ဆီသို့ ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်သွားတော့သည်။
………
ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး ရေညှိများ ဖုံးလွှမ်းနေသော ဆယ်မီတာကျော် မြင့်မားသည့် နံရံကြီး၏ အလယ်တွင် ကြီးမားသော တံခါးကြီးတစ်ခု ပွင့်ဟနေ၏။ ဤတံခါးကြီးသည် လေယင်မြို့တော်ရှိ အောက်ခြေအဆင့် ကျင့်ကြံသူ ရှစ်သောင်း၏ တစ်သက်တာ အိပ်မက်ပင် ဖြစ်၏။
သို့သော်ငြား ဟုန်ရှောင်ပေါင်ကို အံ့အားသင့်သွားစေသည်မှာ တံခါးပြင်ပရှိ ကွင်းပြင်ကျယ်လေးပေါ်မှ ဈေးတန်းငယ်လေးပင်။
ဤနေရာတွင် လူအများအပြား စုရုံးနေကြပြီး လူဦးရေမှာ အနောက်ဘက် ဈေးတန်းကြီးနှင့် တူညီနေသည်ဟု ခံစားရသည်။
ဟုန်ရှောင်ပေါင်သည် အနည်းငယ် အံ့အားသင့်လို့နေသည်။ ပထမအဆင့် ကျင့်ကြံသူများသည် လစဉ်ကြေး ပေးဆောင်ရကြောင်းကို သူ မသိရှိချေ။ ပြင်ပတပည့်များမှာမူ ဤဝန်ထုပ်ဝန်ပိုး မရှိသည်သာမက လစဉ်ကြေးပင် ရရှိကြသေးသည်။ လက်ထဲတွင် ပိုက်ဆံရှိသောကြောင့် သုံးစွဲရာတွင် သဘာဝအတိုင်း ပို၍ ရက်ရောကြ၏။
ထို့ကြောင့် ဤနေရာတွင် စုရုံးနေကြသော လူများမှာ ပြင်ပတပည့်များအတွက် သီးသန့် အရောင်းအဝယ် လုပ်ကိုင်ကြသူများပင် ဖြစ်သည်။
ဟုန်ရှောင်ပေါင်က ဖြည်းဖြည်းချင်း လျှောက်ကြည့်ရာ ချက်ချင်းပင် အော်ဟစ် ရောင်းချသံများ ထွက်ပေါ်လာခဲ့၏။
"ယိုး... ဧည့်သည်တော်... လာကြည့်ပါအုံး။ ထိပ်တန်း ကြာပန်းနု ပါ။ ဆေးဖော်စပ်ဖို့ အကောင်းဆုံး ပစ္စည်းလေးပါ... "
"လာလာလာ... ဧည့်သည်တော်... ဒီ လကျောက်တုံးလေးကို ကြည့်ပါအုံး။ မိုးကြိုးသိုင်းပညာရပ်တွေအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။"
"ရှေးဟောင်း သိုင်းပညာရပ် အပိုင်းအစလေးတွေပါဗျို့... တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်တွေ ကိန်းဝပ်နေတာ အသေအချာပဲ။ ဧည့်သည်တော်... "
ဟုန်ရှောင်ပေါင်က တစ်ခုချင်းစီ လိုက်လံ ကြည့်ရှုလိုက်ရာ ဤနေရာ၌ ပစ္စည်းများ စုံလင်စွာ ရှိနေကြောင်း တွေ့ရှိရ၏။ သို့သော်ငြား သေချာ တွက်ဆကြည့်ပြီးသည့်နောက်တွင် ဤနေရာရှိ ပစ္စည်းများသည် အနောက်ဘက် ဈေးတန်းကြီးထက် ဆယ်ရာခိုင်နှုန်းခန့် ပိုမို ဈေးကြီးနေသည်ကို တွေ့ရသည်။ သို့သော်လည်း ပစ္စည်းကောင်းများကမူ အနောက်ဘက် ဈေးတန်းကြီးထက် အများကြီး ပိုမို များပြားနေကြောင်း တွေ့လိုက်ရသည်။
ဝယ်ယူနိုင်စွမ်းအားက ဈေးကွက်ကို ဆုံးဖြတ်သည်။ အလွန် ရိုးရှင်းသော အမှန်တရားပင် ဖြစ်၏။ ထိပ်တန်း ပစ္စည်းကောင်းတစ်ချို့ကို အနောက်ဘက် ဈေးတန်းကြီးတွင် မထားရှိဘဲ ဤနေရာသို့ ယူဆောင်လာလေ့ ရှိကြပုံပင်။
သာမန် နေ့ရက်များသာ ဆိုပါက ဟုန်ရှောင်ပေါင်သည် သူ အသုံးပြုနိုင်သည့် ပစ္စည်းကောင်းများ ရှိ မရှိ သေချာစွာ ကြည့်ရှုမိပေလိမ့်မည်။ သို့ပေမည့် ယနေ့တွင် သူသည် ဟင်းချက်ပြုတ်ရေးစံအိမ်ဆီသို့ ဦးတည်သွားရောက်နေခြင်း ဖြစ်ရာ ဤနေရာရှိ ပစ္စည်းများကို သေချာစွာ ကြည့်ရှုရန် အချိန်မရှိချေ။
ထို့ကြောင့် တံခါးကြီးဆီသို့ တစ်လှမ်းချင်း လျှောက်သွားတော့၏။
ကွင်းပြင်ကျယ်လေးပေါ်တွင် အတော်လေး စည်ကားနေသည်။ ပြင်ပတပည့်များအပြင် အခြားသော သာမန် ကျင့်ကြံသူ အများအပြားသည်လည်း ဤနေရာသို့ လာရောက်၍ ရတနာရှာဖွေကြပြီး အချင်းချင်း တိုးညှင်းသော အသံဖြင့် အရောင်းအဝယ် ကိစ္စများကို ပြောဆိုနေကြသည်။
သို့သော်လည်း အရောင်းအဝယ် မရှိသော လူအနည်းငယ်ကမူ တံခါးကြီးကို တစ်ချိန်လုံး စောင့်ကြည့်နေကြပြီး တစ်ယောက်ယောက် ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် တံခါးကြီးဆီသို့ လျှောက်သွားသော ဟုန်ရှောင်ပေါင်သည် တံခါးအနီးရှိ လူအနည်းငယ်၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။
လေယင်နန်းဆောင်၏ ပြင်ပဂိုဏ်းသည် တရားပြသည့် နေ့ရက်များတွင်သာ သာမန် တပည့်များအတွက် ဖွင့်လှစ်ပေးလေ့ ရှိသည်။ သာမန်နေ့ရက်များတွင် ပြင်ပတပည့်များသာ ဝင်ရောက်ခွင့် ရှိ၏။ ပြင်ပဂိုဏ်းသို့ ကျူးကျော် ဝင်ရောက်ပါက ပြစ်ဒဏ် အလွန် ပြင်းထန်သောကြောင့် သူတို့ အနည်းငယ်က ဟုန်ရှောင်ပေါင်သည် ပြင်ပတပည့်လား သို့မဟုတ် စည်းကမ်းမသိသော လူသစ်လား ဆိုသည်ကို မသေချာကြချေ။
"ဟီးဟီး... ဒီလိုကြီး ဝင်သွားရမှာ နည်းနည်းတော့ အားနာစရာ ကောင်းတယ်"
ဟုန်ရှောင်ပေါင်က တံခါးဝ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် ပြုံးလျက် တံခါးကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့၏။
ဤတစ်ကြိမ်တွင်မူ တံခါးအနီးရှိ လေးငါးယောက်သော လူအားလုံးက ဟုန်ရှောင်ပေါင်ကို သတိထားမိ သွားကြသည်။
"ဟေး... ဟိုကောင် ဘာလုပ်နေတာလဲ။"
"မကြာသေးခင်ကမှ အဆင့်တက်လာတဲ့ ပြင်ပတပည့်များလား။ မျက်နှာစိမ်းနေတာပဲ။"
"ဒါမှမဟုတ် စည်းကမ်းမသိတဲ့ လူသစ်များလား။"
"သူက တတိယအဆင့်တောင် မရောက်သေးဘူးလို့ ထင်တယ်။"
"ဟား ဟား ဟား ... "
ပါးစပ်ချွန်ပြီး မျောက်နှင့်တူသော ယောက်ျားကြီး တစ်ယောက်ကမူ တိုးညှင်းစွာ ရယ်မောလိုက်၏။ "စောင့်ကြည့်ရေး တပည့်တွေ ဘယ်နှစ်စက္ကန့်လောက်ကြာရင် ရောက်လာမလဲဆိုတာ အားလုံး ခန့်မှန်းကြည့်ကြရအောင်။"
ဘေးနားရှိ လူအနည်းငယ်က ချက်ချင်း သဘောပေါက်သွားကြ၏။ "စက္ကန့် နှစ်ဆယ်။"
"ကိုယ့်ကိုယ်ကိုယ် အစွမ်းထက်တယ်လို့ ထင်နေတဲ့ ဒုတိယအဆင့် ကောင်တွေက အမြဲတမ်း ကံစမ်းကြည့်ချင်ကြတာ... ဟားဟားဟားဟား။ ဒီတစ်ကောင်တော့ ဒူးထောက်ရတော့မယ် ထင်တယ်။"
အခြေအနေ သတ်မှတ်ချက်ကို ဖောက်ဖျက်၍ ရွေးချယ်ခံရသူ ဆိုသည်မှာ လူနည်းစုသာ ဖြစ်သည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင်က ဒုတိယအဆင့် ဖြစ်ကြောင်း ခန့်မှန်းမိသွားပြီးသည့်နောက်တွင် သူတို့ အားလုံးက သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေကြ၏။ သူတို့ အများစုမှာ တတိယအဆင့်သို့ မရောက်ရှိနိုင်ခဲ့သူများ ဖြစ်ကြရာ ပြင်ပဂိုဏ်းသို့ ဝင်ရောက်နိုင်သူများအပေါ် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေကြသည်။ သို့ပေမည့် ယေဘုယျအားဖြင့်ဆိုလျှင် ကိုယ့်ထက် စွမ်းရည်သာလွန်သူများအပေါ် မနာလိုဖြစ်ကြပြီး အဝေးတွင်မူ အားကျကြ၏။
သို့သော်ငြား ချွင်းချက်လည်း ရှိသည်။
စာပေပညာရှင် ပုံစံ ပေါက်နေသော လူငယ်လေး တစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး အော်ဟစ်လိုက်၏။ "ဟိုက အစ်ကို။ ပြင်ပတပည့် မဟုတ်ဘဲ ကျူးကျော် ဝင်ရောက်ရင် ပြင်းထန်တဲ့ ပြစ်ဒဏ် ခံရမှာနော်။"
ဟုန်ရှောင်ပေါင်က နောက်သို့ လှည့်ကြည့်၍ ပြုံးပြလိုက်သည်။ "ဟားဟား ... ကျုပ်က ပြင်ပတပည့်လေ။"
"ဘာ .. ပြင်ပတပည့် လား။"
"ဒုတိယအဆင့် ပြင်ပတပည့် လား။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကောင်းကင်ဘုံ … ဒီလူက အခြေအနေ သတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး ရွေးချယ်ခံရတာတော့ မဟုတ်လောက်ပါဘူးနော်။"
လူအနည်းငယ်သည် ချက်ချင်း အလွန်အမင်း အံ့အားသင့်သွားကြပြီး ဟုန်ရှောင်ပေါင်ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကြ၏။ အံ့အားသင့်သူ ၊ အားကျသူ ၊ သံသယဝင်သူများ ရှိကြသည်။
ဟုန်ရှောင်ပေါင်မှာမူ လူတိုင်း၏ ရှုပ်ထွေးသော အကြည့်များအောက်တွင် တံခါးအတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့၏။
တံခါးပြင်ပတွင်မူ လူတိုင်း အံ့အားသင့်နေကြသည်။
"ဒီလောက်အကြာကြီး နေပြီးမှ အခြေအနေ သတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး ရွေးချယ်ခံရတဲ့ တပည့်တစ်ယောက်ကို နောက်တစ်ကြိမ် မြင်တွေ့ရပြန်ပြီ။"
"ဒီလူက ဘာပါရမီ ရှိလဲ ဆိုတာတော့ မသိဘူး။"
"သူ့ရဲ့ ဖြူစင် နူးညံ့တဲ့ အသားအရေကို ကြည့်ရတာ သွန်းလုပ်ရေးတော့ မဟုတ်လောက်ဘူး။ စိုက်ပျိုးရေးများလား။"
"မဟုတ်ဘူး။ ငါ ထင်တာကတော့ ဆေးဖော်စပ်ရေး ဖြစ်ဖို့ ရာခိုင်နှုန်း များတယ်။"
"ဘာလို့ အဲဒီလို ပြောတာလဲ။"
"မကြာသေးခင်က နေထိုင်ရာ နယ်မြေထဲမှာ ဆိုင်တစ်ဆိုင် နာမည်ကြီးနေတယ်။ အဲဒီထဲက ကြေးဓားဒဏ်ရာပျောက်ဆေး ဆိုလား... အဲဒါက တကယ်ကို နတ်ဆေးလို အာနိသင် ရှိတာ။ အဲဒီဆိုင်က ဆိုင်ရှင်ကို ငါ တစ်ခေါက် မြင်ဖူးတယ်။ ခုနက လူနဲ့ နည်းနည်း တူတယ်။ ဒါကြောင့် ဆေးဖော်စပ်ရေးစံအိမ် က သူ့ကို အခြေအနေ သတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး ရွေးချယ်လိုက်တာ ဖြစ်လောက်တယ်။"
"သြော်... ဒီလိုကိုး။"