← Chapters

အခန်း ၁၁၂

Vol. 10 Ch. 112

အခန်း ၁၁၂

Vol. 10 Ch. 112

အပိုင်း (၁၁၂) ဇိမ်ကျလွန်းတယ်။

အတန်ကြာ အံ့အားသင့်နေပြီးနောက်မှ ဟုန်ရှောင်ပေါင်သည် တံခါးအောက်သို့ ရောက်ရှိလာခဲ့၏။ အကြိမ်အနည်းငယ် အော်ခေါ်သော်လည်း ပြန်ထူးသူ မရှိသဖြင့် တစ်ဝက်တစ်ပျက် ပွင့်ဟနေသော တံခါးကြီးကို ကိုယ့်သဘောဆန္ဒအတိုင်း တွန်းဖွင့်လိုက်သည်။

ဟင်းချက်ပြုတ်ရေးစံအိမ်က ပျက်စီးလုနီးပါး ဖြစ်နေပြီ ဆိုသည်မှာ လူတိုင်းသိကြသော ကိစ္စပင် ဖြစ်၏။ ဟုန်ရှောင်ပေါင်က ပြိုကျပျက်စီးနေသော အဆောက်အအုံများ ဖြစ်နေမလားဟု တွေးတောနေခဲ့သော်လည်း တကယ်တမ်းတွင်မူ ဟင်းချက်ပြုတ်ရေးစံအိမ် တစ်ခုလုံးသည် အပြင်ဘက်မှ ကြည့်လျှင် အရှိန်အဟုန် ကြီးမားနေဆဲ ပုံစံပင်။

အနည်းဆုံးတော့ တံခါးဝသို့ ဝင်ရောက်လိုက်သည်နှင့် တည့်တည့် မြင်တွေ့ရသော အဆောက်အအုံကြီးက ဤကဲ့သို့ ပုံစံမျိုး ဖြစ်၏။ ပန်းပုများ ထုလုပ်ထားပြီး ပန်းချီများ ရေးဆွဲထားကာ ဝိညာဉ်စွမ်းအင်ကို အသုံးပြုထားကြောင်း သိသာလှသည်။ အလင်းရောင်များ ဖြည်းဖြည်းချင်း လှည့်ပတ် စီးဆင်းနေပြီး အဆောက်အအုံ တစ်ခုလုံးက တောက်ပမှု မလွန်ကဲသော မီးရောင်စုံများ တပ်ဆင်ထားသကဲ့သို့ ဖြစ်နေကာ အလွန် ထူးခြားလှ၏။

ဤသို့ဆိုလျှင် ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ဟင်းချက်ပြုတ်ရေးစံအိမ်အပေါ် ယုံကြည်မှု အနည်းငယ် ထပ်တိုးလာခဲ့ပြန်၏။ သို့သော်ငြား နောက်တစ်စက္ကန့်တွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အပြင်ဘက်မှ ကြည့်လျှင် အလွန် ဂုဏ်ယူစရာ ကောင်းနေသေးသော်လည်း အတွင်းပိုင်းမှ ကြည့်လျှင်မူ စံအိမ်တစ်ခုလုံးသည် ပေါင်းပင် မြက်ရိုင်းများ ပေါက်ရောက်နေသည့် ပုံစံ ဖြစ်နေ၏။ ခင်းထားသော ကျောက်ပြား အဆက်နေရာများကြားတွင် သေးငယ်သော မြက်ရိုင်းများ ပေါက်ရောက်နေကြသည်။ သန့်ရှင်းရေးကိုမူ အမွှေးအမျှင် တစ်စက်မျှ မကျန်အောင် လုပ်ဆောင်ထားသည်ဟု ဆိုနိုင်သော်လည်း ကြည့်လိုက်သည်နှင့် သက်ဝင်မှု မရှိသလို ခံစားရစေ၏။

"အမလေးဗျာ... ဒါက မကောင်းတော့ဘူး"

ဟုန်ရှောင်ပေါင်က စိတ်ဝင်တစား ကြည့်ရှုလိုက်ပြီး ဤစံအိမ်သည် ဘာပဲပြောပြော ကြီးမားသော စံအိမ်ကိုးခုထဲမှ တစ်ခု ဖြစ်သည် မဟုတ်ပါလား။ အဘယ့်ကြောင့် ဤမျှ ပျက်စီးနေရသနည်း။

ဤနေရာတွင် လူတစ်ယောက်မှ မရှိပေ။ လမ်းပြပေးမည့်သူဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ မည်သည့်နေရာကို သွားပြီး စာရင်းသွင်းရမည်မှန်းလည်း မသိသောကြောင့် ဟုန်ရှောင်ပေါင်သည် အကြီးဆုံး အဆောက်အအုံကြီး ဆီသို့ လျှောက်သွားလိုက်သည်။

လျှောက်သွားနေစဉ်မှာပင် ဟုန်ရှောင်ပေါင်နှင့် မဝေးလှသော နေရာရှိ ချုံပုတ်တစ်ခု အတွင်းမှ မိန်းကလေး တစ်ယောက်၏ ထိတ်လန့်တကြား အော်သံ တစ်သံ ထွက်ပေါ်လာခဲ့၏။ ရုတ်တရက် သစ်ရွက်များ လှုပ်ခတ်သည့် အသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် ယောက်ျားလေး တစ်ယောက်က အလျင်အမြန် ထွက်လာကာ အဝတ်အစားများကို အဆက်မပြတ် သပ်ရပ်အောင် ပြင်ဆင်နေသည်။

"ဘာတွေဖြစ်နေတာလဲ။"

ဟုန်ရှောင်ပေါင်က အံ့အားသင့်စွာ ကြည့်ရှုလိုက်ပြီး တိုက်ဆိုင်စွာပင် လူတစ်ယောက်ယောက်ကို မေးကြည့်ရန် တွေးတောကာ လျှောက်သွားလိုက်၏။

"အစ်ကို... ဟင်းချက်ပြုတ်ရေးစံအိမ် ကို... "

ဟုန်ရှောင်ပေါင်၏ ပါးစပ် ချက်ချင်း ပိတ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုချုံပုတ်အတွင်းမှ နောက်ထပ် အမျိုးသမီး ကျင့်ကြံသူ တစ်ယောက် ထွက်လာသောကြောင့်ပင်။

အဝတ်အစားများကိုတော့ သပ်ရပ်အောင် ပြင်ဆင်ထားသော်လည်း ရှုပ်ထွေးနေသော ဆံပင်များနှင့် နီရဲနေသော မျက်နှာအမူအရာက အရာအားလုံးကို ရှင်းလင်းစွာ ဖော်ပြနေသည်။

ဒဏ္ဍာရီထဲကအတိုင်း တောထဲမှာ မျိုးဆက်သစ် ပြန့်ပွားရေး လုပ်နေတာပဲ။ ဘယ်လိုဖြစ်ပြီး သူတို့ရဲ့ကောင်းမွန်တဲ့ ကိစ္စကို မတော်တဆ ဖျက်ဆီးမိသွားတာလဲ။

ငါက တကယ်ပဲ ခွင့်လွှတ်လို့ မရနိုင်တဲ့ ၊ ကြီးမားတဲ့ အပြစ်ကြီးကို ကျူးလွန်မိသွားပြီ။

"အာ... "

ဟုန်ရှောင်ပေါင်သည် ဤမျှလောက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်မိခဲ့ဖူးချေ။ သူ၏ ဖျက်ဆီးခြင်း ခံလိုက်ရသော အစ်ကိုကြီးကို အလွန် ရှက်ရွံ့စွာ ကြည့်ရှုလိုက်၏။ "ဟို... အင်း... အားနာပါတယ် အစ်ကို။ ဒီ... အဟမ်း အဟမ်း... "

အမျိုးသမီးက ယောက်ျားလေး၏ အနောက်တွင် ပုန်းကွယ်နေပြီး မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း ခန္ဓာကိုယ် အချိုးအစားက မဆိုးလှချေ။

ယောက်ျားလေးကမူ မျက်နှာ မည်းမှောင်နေပြီး လေယူလေသိမ်းက အနည်းငယ် မချိုသာချေ။ "မင်းက ဘာလုပ်တာလဲ။"

ပထမဆုံးအကြိမ်အဖြစ် ဟုန်ရှောင်ပေါင်သည် သူတစ်ပါး၏ မကြည်ဖြူသော မျက်နှာပေးကို ခံရသော်လည်း ကိုယ့်ကိုယ်ကိုယ် ခံထိုက်သည်ဟု ထင်မြင်မိ၏။ သူက စကားကို ထစ်အစွာ ပြောဆိုရင်း တစ်ဖက်တွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ တစ်ဖက်တွင်လည်း သတိထား၍ မေးလိုက်သည်။ "အာ... ဟင်းချက်ပြုတ်ရေးစံအိမ် ကို ဘယ်လို သွားရမလဲ။"

"မင်းက ဟင်းချက်ပြုတ်ရေးစံအိမ်ကို ရှာပြီး ဘာလုပ်မလို့လဲ။" ယောက်ျားလေးတွင် ကောင်းမွန်သော မျက်နှာပေး မရှိဘဲ အေးစက်စွာ ပြောလိုက်၏။

"ကျုပ်ပ=က မကြာသေးခင်ကမှ ဟင်းချက်ပြုတ်ရေးစံအိမ် ကို ဝင်လာတာ... "

ယောက်ျားလေးက မျက်မှောင်ကြုတ်လိုက်ပြီး လမ်းငယ်လေး တစ်ခုကို တည့်တည့် လက်ညှိုးထိုးပြလိုက်၏။ "ဟို ရေကန်ဘေးက ကျောက်တုံးအိမ် လေ။"

"ဗျာ။"

ဟုန်ရှောင်ပေါင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အတော်လေး ထူးဆန်းသည်ဟု ခံစားရသော်လည်း သူက ကောင်းမွန်သော ကိစ္စကို ဖျက်ဆီးမိခဲ့သည်။ ဤအစ်ကိုကြီးကို ဆက်လက် ရင်ဆိုင်ရန် တကယ်ကို အားနာလွန်းလှ၏။ ထို့ကြောင့် လှည့်၍ ထိုလမ်းငယ်လေးပေါ်သို့ လျှောက်သွားတော့သည်။

သွားနေစဉ်တွင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသလို၊ စိတ်ထဲတွင်လည်း တိတ်တဆိတ် သက်ပြင်းချမိ၏။ ဟင်းချက်ပြုတ်ရေးစံအိမ်ရှိ လူဦးရေက တောရိုင်းစုံတွဲများ ပေါက်ပွားလာသည်အထိ နည်းပါးနေပြီလား...

ပေါင်းပင် မြက်ရိုင်းခင်းတစ်ခုကို ထပ်မံ ဖြတ်ကျော်ပြီးသည့်နောက်တွင် ဟုန်ရှောင်ပေါင်သည် အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာခဲ့၏။ ဤပေါင်းပင် မြက်ရိုင်းခင်းများ အားလုံးက မီတာ ငါးမီတာခန့် အရှည် အနံ ရှိကြပြီး အလွန် သပ်ရပ်စွာ စီစဉ်ထားကြသည်။

မူလက ဘာလုပ်ရန် ဖြစ်သနည်း။

မကြာမီမှာပင် ဟုန်ရှောင်ပေါင် နားလည်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လေးထောင့်ကွက်တစ်ခုတွင် လျှပ်စီးသခွားသီးများ စိုက်ပျိုးထားသည်ကို တွေ့ရှိလိုက်ရသောကြောင့်ပင်။

"သြော်... ဒါတွေက ဟင်းသီးဟင်းရွက် စိုက်ခင်းတွေပဲကိုး"

ဟုန်ရှောင်ပေါင်က ချက်ချင်း နားလည်သွားခဲ့၏။ မြင့်မားသော ပေါင်းပင် မြက်ရိုင်းများကြားတွင် ကွေ့ကောက် လျှောက်လှမ်းခဲ့ရာ အဆုံးသတ်တွင် ထိုလူပြောသော နံရံပုလေးရှေ့သို့ ရောက်ရှိလာခဲ့သည်။

လူတစ်ဝက်လောက်သာ မြင့်မားသောကြောင့် လွယ်ကူ လွတ်လပ်စွာပင် ကျော်ဖြတ်သွားခဲ့၏။ ထိုအခါမှ ထိုလူ ပြောသော ရေကန်ကို သူ မြင်တွေ့လိုက်ရ၏။

ရေကန်ဟု ဆိုသော်လည်း တကယ်ကို မသေးငယ်ချေ။ မီတာ ငါးရာ ခြောက်ရာခန့် ကျယ်ဝန်းမည်မှာ သေချာ၏။ ရေကန်၏ အလယ်တွင် အလွန် ထူးဆန်းသော ကျောက်တုံးကြီး တစ်တုံး ရှိပြီး ကျောက်တောင်တု တစ်ခုနှင့် တူကာ ပုံပန်းသဏ္ဌာန်က အလွန် ထူးဆန်းသည်။ ရေကန်၏ တစ်ဖက်ကမ်းတွင်မူ ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသော အဆောက်အအုံ တန်းရှည်ကြီး တစ်ခု ရှိပြီး မွေးမြူရေးခြံ ဖြစ်လောက်သည်။

ဟုန်ရှောင်ပေါင်သည် ရေကန်ဘေးမှနေ၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့ပြီး မည်သည့် လက်စွမ်းပြ ဟင်းလျာကို ချက်ပြုတ်ရမည်နည်း ဟု တွေးတောနေမိ၏။

ရုတ်တရက် ရေကန် အလယ်တွင် နှစ်ထပ် သုံးထပ်လောက် မြင့်မားသော လှိုင်းလုံးကြီး တစ်ခု ထပေါ်လာခဲ့၏။ နောက်တစ်စက္ကန့်တွင် လင်းပိုင်နှင့် တူသော အစိမ်းရောင် ငါးကြီးတစ်ကောင်သည် ရေပြင်အထက်သို့ ခုန်တက်လာပြီး ဝုန်းခနဲ အသံနှင့်အတူ ရေကန်ထဲသို့ ပြန်လည် ကျဆင်းသွားကာ ကြီးမားသော ရေပက်ဖြန်းမှုများကို နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်စေခဲ့သည်။

"အစွမ်းထက်တာ... အစွမ်းထက်တာ။"

ဟုန်ရှောင်ပေါင်သည် ထိတ်လန့်သွားခဲ့ပြီး အစွမ်းထက်ကြောင်း ချက်ချင်း အော်ဟစ်လိုက်၏။ နေရာက မွေးမြူရေးခြံ ဖြစ်သည် ဆိုမှတော့ ဤရေကန်က ဟင်းချက်ပြုတ်ရေးစံအိမ်၏ ငါးမွေးကန် ဖြစ်လောက်၏။

"ဟား... ဟင်းချက်ပြုတ်ရေးစံအိမ် က အတော်လေး အစွမ်းထက်တာပဲ။"

ဟုန်ရှောင်ပေါင်သည် စိတ်ဝင်စားသွားခဲ့၏။ လမ်းတစ်လျှောက်လုံးတွင် ထိုအစိမ်းရောင်ငါးကြီး နောက်တစ်ကြိမ် ခုန်ထွက်လာဦးမလား ဟု ရေကန်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့မိသည်။ သို့သော်ငြား ထိုအဆောက်အအုံ တန်းရှည်ကြီး ရှေ့သို့ ရောက်ရှိသည်အထိ ငါးကြီးက နောက်တစ်ကြိမ် ခုန်ထွက်မလာတော့ချေ။ ထိုအခါမှ အာရုံစိုက်မှုကို အဆောက်အအုံ များဆီသို့ ပြန်လည် ပြောင်းလဲလိုက်၏။

အဝေးမှ ကြည့်လျှင် အဆောက်အအုံများက သေးငယ်ပြီး အိမ်ပုလေးများ တန်းစီနေသကဲ့သို့ ထင်ရသည်။ သို့သော်ငြား အနီးသို့ ရောက်မှသာ ဤသည်မှာ အချိုးအစား ပြဿနာကြောင့် ဖြစ်ကြောင်း သိရှိလိုက်ရ၏။ ဤအိမ်များ အားလုံးကို ကြီးမားသော ကျောက်တုံးရှည်ကြီးများဖြင့် တည်ဆောက်ထားပြီး တစ်ထပ်တည်း ဖြစ်သော်လည်း သာမန် နှစ်ထပ်အိမ်လောက် မြင့်မားကြသည်။

ကျောက်တုံးအိမ်များပေါ်တွင် တံခါးနှင့် ပြတင်းပေါက်များ ရှိ၏။ တံခါးများမှာ ကြီးမားသော သတ္တုတံခါးများ ဖြစ်ကြပြီး ပြတင်းပေါက်များကို လက်မောင်းလောက် တုတ်ခိုင်သော သံချောင်းကြီးများဖြင့် ကာရံထားသည်။ အလှအပ ဆိုသည်မှာ လုံးဝ မရှိဘဲ ခိုင်ခံမှုကိုသာ ကိုယ်စားပြု၏။

ဟုန်ရှောင်ပေါင်က ဖြည်းဖြည်းချင်း လျှောက်သွားခဲ့ပြီး ပထမဆုံး ပြတင်းပေါက်ရှေ့သို့ ရောက်ရှိကာ ခေါင်းပြူ၍ အတွင်းသို့ ကြည့်ရှုလိုက်သည်။

ရုတ်တရက် ကြီးမားသော သားရဲကြီး တစ်ကောင်သည် ကျယ်လောင်စွာ အော်ဟစ်၍ ပြတင်းပေါက်ဆီသို့ ခုန်ဝင်လာခဲ့ရာ ဟုန်ရှောင်ပေါင် ထိတ်လန့်သွားခဲ့သည်။ ခန္ဓာကိုယ် အနောက်သို့ လန်ကျမတတ် ဖြစ်သွားကာ ကြောက်လန့်တကြား အော်ဟစ်လိုက်မိ၏။ "အမလေးဗျာ"

ထိုအခါမှ သားရဲကြီးကို အကဲခတ် ကြည့်ရှုလိုက်၏။ သားရဲကြီးတွင် ဓားမြှောင်လောက် ရှည်လျားသော အစွယ်ကြီး နှစ်ချောင်း ရှိပြီး လည်ချောင်းမှတဆင့် ခြင်္သေ့ကဲ့သို့ အော်ဟစ်နေသည်။ သွေးရောင် လွှမ်းသော ပါးစပ်ကြီးဖြင့် ပြတင်းပေါက်ကို အဆက်မပြတ် ကိုက်ခဲနေသည်။

"အု"

ရတနာဝက်ဝံသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး တစ်ချက် ခုန်ပျံကာ ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့၏။

"အစွမ်းထက်တာ... အစွမ်းထက်တာ။"

ဟုန်ရှောင်ပေါင်သည် စိတ်ဝင်တစား ကြည့်ရှုလိုက်ပြီး တောက်ခေါက်ကာ ပြောလိုက်၏။ "ပိန်ချုံးနေတဲ့ ကုလားအုပ်က မြင်းထက် ကြီးတယ် ဆိုတဲ့ စကားက မှန်တာပဲ။ ဟင်းချက်ပြုတ်ရေးစံအိမ် လိုမျိုး ပျက်စီးလုနီးပါး ဖြစ်နေတဲ့ စံအိမ်ကတောင် ဒီလောက် ကြီးမားတဲ့ကောင်ကြီးကို မွေးမြူထားနိုင်သေးတယ်လား။ ဒါပေမဲ့ ဒီကောင်ကြီးကို မွေးပြီး စားတယ်ဆိုတော့ တကယ်ကို ဇိမ်ကျလွန်းတာပဲ။"

All Chapters