အားနည်းလွန်းတယ်
Vol. 142 Ch. 1956
ဆန်းကြယ်အတိဒုက္ခအဆင့်မှာ ဆန်းကြယ်အဆင့်နှင့် လေဟာနယ်အတိဒုက္ခအဆင့်ကြား ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ပင်။ ယင်းသည် မိုးကြိုးပုံစံဖြစ်သော နတ်ဘုရားပြစ်ဒဏ်နှင့် ကွဲပြားသည်။ ထိုအစား ၎င်းက အထူးနည်းလမ်းတစ်ခုကို သုံး၍ ကျင့်ကြံသူတစ်ယောက်ကို ပျက်စီးစေခြင်းတည်း။
လူတစ်ယောက်သည် ဆန်းကြယ်ဒုက္ခများကို မဖြတ်ကျော်နိုင်ပါက သေပေလိမ့်မည်။ များစွာသော ဆန်းကြယ်လေဟာနယ်အဆင့်ကျင့်ကြံသူတို့က ဆန်းကြယ်ဒုက္ခများကို ကြောက်ရွှံ့ကြ၏။ အများစုသည် ဆန်းကြယ်ဒုက္ခများကို ရင်ဆိုင်မည့်အစား ဆန်းကြယ်လေဟာနယ်အဆင့်၌သာ နေထိုင်ကြ၏။
သင်သည် ဆန်းကြယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်သည်နှင့် သေခြင်းရှင်ခြင်းအခြေအနေကိုးခုကို ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။ လူတိုင်းကား ထိုသို့သောအရာကို ပြုလုပ်ဖို့ သတ္တိ မရှိလေပေ။ ဆန်းကြယ်ဒုက္ခအဆင့်ကျင့်ကြံသူအများစုက နှစ်ပေါင်းထောင်ချီအချိန်သုံးစွဲ၍ တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်ကြသည်က များ၏။
သူတို့သည် ကိုးခုလုံးကို တခါတည်း ဖြတ်ကျော်ဖို့ လုံလောက်သည့် သတ္တိ မရှိကြပါ။
အမှန်တော့ ဆန်းကြယ်ဒုက္ခမှာ ကပ်ဘေးတစ်ခုလည်း ဟုတ်သလို ကံကောင်းမှုတစ်ခုလည်း ဟုတ်၏။
လူတစ်ယောက်သည် ဆန်းကြယ်ဒုက္ခများကို သုံးခု တဆက်တည်း ဖြတ်ကျော်ခဲ့ပါက သူတို့၏မူလစိတ်ဝိညာဉ် အရွယ်အစားမှာ နှစ်ဆ ဖြစ်သွားပေလိမ့်မည်။ ခြောက်ခုတခါတည်း ဖြတ်ကျော်နိုင်သူများကတော့ သူတို့၏မူလစိတ်ဝိညာဉ်မှာ သုံးဆအရွယ်အစား ဖြစ်သွားလိမ့်မည်။ ကိုးခုတစ်ခါတည်း ဖြတ်ကျော်နိုင်သူများ၏ မူလစိတ်ဝိညာဉ်ကမူ အရွယ်အစား အဆမတန် ကြီးမားသွားလိမ့်မည်သာ။ မည်ရွှေမည်မျှ ကြီးမားသွားမည်ကိုတော့ မည်သူကမျှ မသိကြပါ။ အကြောင်းမှာ လူနှစ်ယောက်ကသာ ထိုသို့ လုပ်ဆောင်နိုင်ခဲ့ကြပြီး နောက်ပိုင်းတွင်လည်း ထိုသူနှစ်ယောက်မှာ မဟာအင်ပါယာများ ဖြစ်လာခဲ့ကြ၏။
သို့ပေမည့် ဤသည်ကပင် ယင်းသို့ ဆန်းကြယ်ဒုက္ခများကို တခါတည်း ဖြတ်ကျော်ခြင်းက မည်မျှ အန္တရာယ်များသည်ကို ဖော်ပြနေ၏။ ပြောကြသည်က ထိုမဟာအင်ပါယာဖြစ်လာသော နှစ်ယောက်သည်ပင် ဆန်းကြယ်ဒုက္ခကိုးခုလုံးကို တခါတည်း ဖြတ်ကျော်ပြီးနောက် ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည် ဟူ၏။
သာမန်ကျင့်ကြံသူများသည် ဆန်းကြယ်ဒုက္ခခြောက်ခုကို တခါတည်း ဖြတ်ကျော်နိုင်ခဲ့လျှင် ထိုသူတို့သည် လေဟာနယ်အတိဒုက္ခအဆင့်အစောပိုင်း၌ အလွန်အစွမ်းထက်သူများ ဖြစ်လာကြလိမ့်မည်။ ရတနာများမပါဘဲဖြင့် သူတို့သည် လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူများကို ယှဉ်တိုက်ခိုက်နိုင်မည်။
သို့သော် သည်လိုကံကောင်းမှုက ရဖို့က မလွယ်လှပါ။
ဆန်းကြယ်ဒုက္ခများက အတော့်ကို ထူးခြား၏။ အပြင်လူများက အကူအညီပေးနိုင်ခြင်း မရှိဘဲ ကိုယ့်ကိုကိုယ်သာ အားကိုးနိုင်သည်။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ တချို့လူများက ဆန်းကြယ်ဒုက္ခများ၏ ဖြစ်နိုင်ချေကို တွက်ချက်ခဲ့ကြ၏။ ၎င်းတွက်ချက်မှုက မသေချာသော်လည်း ပထမဆန်းကြယ်ဒုက္ခအတွက် သေဆုံးဖို့ အခွင့်အရေး ဆယ်ရာခိုင်နှုန်း ရှိသည်။ ထိုသေဆုံးနိုင်ချေက တဖြည်းဖြည်း တိုးလာလိမ့်မည် ဖြစ်ပြီး ကိုးကြိမ်မြောက်ဆန်းကြယ်ဒုက္ခအတွက် သေဆုံးနိုင်ချေသည် ကိုးဆယ်ရာခိုင်နှုန်း ဖြစ်လာချေလိမ့်မည်။
ထိုသည်ကို ထောက်ရှု၍ ဆန်းကြယ်ဒုက္ခများကို တခါတည်း ဖြတ်ကျော်နိုင်ဖို့ ခွန်အားသာမက ကံကောင်းမှုလည်း လိုအပ်ပေ၏။
ဝမ်လင်းသည် ကင်းမြှီးကောက်ဘုံကျောင်း၏ အတွင်းနက်ပိုင်း၌ ထရပ်လာ၏။ သူက တည်ငြိမ်လျက် ရှိသည်။ သူ ရှေ့သို့ ခြေလှမ်းကာ ဒီဘုံကျောင်းအတွင်းမှ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ၌ သူသည် ကင်းမြှီးကောက်၏အမြှီးထိပ်တွင် ဖြစ်၏။
သူ့ဆံပင်ဖြူတို့က လွင့်ဝဲနေသည်။ သူသည် နေရာတွင် မားမားရပ်ကာ ရောက်ရှိလာမည့် ဆန်းကြယ်ဒုက္ခများကို စောင့်ဆိုင်းနေသည်။
“ဆန်းကြယ်ဒုက္ခ၊ ဒါက ဘယ်လို ပုံစံ ရောက်လာမှာလဲ…” ဝမ်လင်းထံ၌ ဆန်းကြယ်ဒုက္ခများကို ရင်ဆိုင်ဖို့ ယုံကြည်မှု ရှိပေ၏။
သူသည် ကျင့်ကြံမှုအဆင့်ကို လှည့်ပတ်ကာ သူ၏ကျင့်ကြံခြင်းအား ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိစေ၏။ ထိုအော်ရာက သူ၏ ခန္ဓာကိုယ်တွင် စုဝေးလာပြီးနောက် မုန်တိုင်းတစ်ခုအလား ပေါက်ကွဲကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ထိုအော်ရာသည် ကောင်းကင်နှင့်မြေကြီးဖြင့် ပေါင်းစပ်သွားကာ တုန်လှုပ်ဖွယ်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာသည်ဟု ထင်ရသည်။
ထိုမုန်တိုင်းပေါ်လာသည့်အခါ ၎င်းက မမြင်ရသောဖိအားကို ဖြစ်ပေါ်စေပြီး ဝမ်လင်းကို ဗဟိုပြု၍ ပျံ့နှံ့သည်။ ၎င်းသည် ချက်ခြင်းပင် ကီလိုမီတာထောင်ချီကို ဖုံးလွှမ်းပြီး ဆက်လက် ပျံ့နှံ့သည်။
ထိုကီလိုမီတာထောင်ချီအတွင်းရှိ သက်ရှိအားလုံးသည် ယင်းဖိအားကြောင့် နောက်ဆုတ်ရသည်။ သူတို့သည် ဖိအားအတွင်းသို့ ခြေလှမ်းတဝက်ပင် မလှမ်းဝံ့ကြပေ။
ဤသည်မှာ ဆန်းကြယ်ဒုက္ခဖြစ်၏။ ကျင့်ကြံသူတစ်ယောက်သည် ဆန်းကြယ်ဒုက္ခကို ဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပါက မည်သူကမျှ အကူအညီပေးဖို့ အနီးပတ်လည်တွင် ရှိမနေနိုင်ကြပေ။
ထိုဖိအားက ဆက်တိုက် ပျံ့နှံ့နေ၏။ ၎င်းသည် တဖြည်းဖြည်းဖြင့် အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက် ပြန်လည်ရှင်သန်မည့် အဖြစ်ကို တွေ့မြင်ရဖို့ ရောက်လာကြသော အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများထံပါ ရောက်လာသည်။
ထိုကျင့်ကြံသူများ၏အမူအရာများက တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲကုန်၏။ သူတို့က တစုံတစ်ယောက်သည် ဆန်းကြယ်ဒုက္ခကို ဖြတ်သန်းပြီကို သိသည့်အတွက် သူတို့၏နတ်ဘုရားအာရုံများကိုပင် အသုံးမပြုကြပေ။
“ဆန်းကြယ်ဒုက္ခလား။ ဒီနေရာမှာ ဆန်းကြယ်ဒုက္ခရဲ့ ဖိအား ဘယ်လိုလုပ် ရှိနိုင်တာလဲ…”
“အရှင်အစိမ်းရောင်မိစ္ဆာရဲ့ ကျင့်ကြံမှုအဆင့်က ပြန်နိုးထလာတဲ့နောက် လျှော့ကျသွားတာလား။ ဒါ့ကြောင့် အခု သူက ဆန်းကြယ်ဒုက္ခအဆင့်တွေကို မူလကျင့်ကြံမှုအဆင့် ပြန်ရဖို့အတွက် ဖြတ်ကျော်နေတာ ဖြစ်နိုင်တယ်…”
“အရှင်အစိမ်းရောင်မိစ္ဆာကို ကောင်းကင်ဘုံဘိုးဘေးကိုယ်တိုင် ဖိနှိပ်ထားခဲ့တာ။ ဆိုလိုတာက သူ့ကျင့်ကြံမှုအဆင့်ဟာ မြင့်မားလွန်းတယ်။ ဒါပေမဲ့ သူက အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရတဲ့အတွက် သူ့ကျင့်ကြံမှုအဆင့်ဟာ အမှန်တကယ် လျော့ကျသွားတာ ဖြစ်နိုင်တယ်…”
အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် အတွေးကိုယ်စီဖြင့် ဖိအားထံမှ နောက်ဆုတ်ကြသည်။ သူတို့သည် ဘုံကျောင်းကို လှမ်းကြည့်ကြသည်။ သို့သော် သူတို့၏နတ်ဘုရားအာရုံများက ဖိအားအတွင်းသို့ ဝေးဝေးလံလံ မဝင်ရောက်နိုင်ကြပေ။ ထို့ကြောင့် သူတို့က အတွင်း၌ မည်သို့ဖြစ်ပျက်နေတာကို မသိကြပေ။
ထိုဖိအားသည် ဝမ်လင်းကို ဗဟိုပြု၍ ကီလိုမီတာထောင်ထီထိ ပျံ့နှံ့လာ၏။ သူက ရုတ်တရက် ကောင်းကင်ထက်မှ နှင်းပွင့်များ ကျဆင်းလာတာကို တွေ့မြင်လိုက်ရသည်။
ထိုနှင်းပွင့်တို့က အဖြူရောင်ရှိ၏။ သိပ်မကြာခင် ယင်းတို့သည် ကောင်းကင်ကို ဖုံးလွှမ်းကာ ဒီပတ်ဝန်းကျင့်ကို ခြုံလွှမ်းသည် လိုက်ကာစတစ်ခုနှယ် ဖြစ်ပေါ်သည်။
“နှင်းလား…” ဝမ်လင်းက လှမ်းကြည့်၏။
ပိုပိုများပြားသော နှင်းများက လောကတခွင်ကို သိမ်းပိုက်သည့်အထိ ကျဆင်းလာ၏။ ကီလိုမီတောထောင်ချီအတွင်းရှိ ကောင်းကင်တွင် နှင်းများသာ ပြည့်နေတော့သည်။ ၎င်းသည် ကျဆင်းနေရင်း အေးစက်စက်အော်ရာက ပျံ့နှံ့လာပြီး နှင်းများစွာ မြေပြင်ကို ဖုံးလွှမ်းသည်။
ထိုနှင်းများ ပေါ်လာသည့်အခါ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူဒါဇင်ကျော်သည် အအေးဓာတ်ကို ခံစားမိသည်။ သူတို့က နှင်းပွင့်များ လွင့်မြောနေသည်ကို တွေ့မြင်သည်။
“သူ့ ပထမဆုံးဆန်းကြယ်ဒုက္ခဟာ နှင်းပဲ။ ဒါဟာ ရှားလှတယ်…”
“ဆန်းကြယ်ဒုက္ခဟာ စုစုပေါင်းကိုးခု ရှိတယ်။ ပထမသုံးခုဟာ အပြင်ပိုင်း ဖြစ်ပြီး နောက်သုံးခုက အတွင်းပိုင်း၊ နောက်ဆုံးသုံးခုကတော့ စိတ်ဝိညာဉ်ပဲ…”
“အစိမ်းရောင်မိစ္ဆာအရှင်က ဒီနှင်းဆန်းကြယ်ဒုက္ခကို ဘယ်လို ဖြတ်ကျော်မလဲ ကြည့်ရတော့မယ်…”
ဝမ်လင်းသည် ထိုနှင်းကို တည်ငြိမ်စွာ ကြည့်၏။ သူက ချက်ခြင်း မလှုပ်ရှားဘဲ နှင်းများ ကျဆင်းနေသည်ကို စောင့်ကြည့်နေ၏။
ထိုနှင်းတို့က ပိုပို သိပ်သည်းလာ၏။ ၎င်းက ဒီနေရာကို အအေးဓာတ် ပိုလာစေသည်။ မကြာမီတွင် နှင်းများသည် ရုတ်တရက် စုဝေးကာ အချိန်သည်ပင် အေးခဲသွားသလား မှတ်ရသည်။
မရေမတွက်နိုင်သော နှင်းပွင့်များက ထက်ရှသောနှင်းဓားသွားများအဖြစ်သို့ ပြောင်း၏။ ယင်းတို့က ဝမ်လင်းထံ အဘက်ဘက်မှ တရှိန်ထိုး ဦးတည်ဝင်လာသည်။ ယင်းတို့သည် ချက်ခြင်းပင် နီးကပ်လာ၏။
“ဒါဟာ ပထမဆန်းကြယ်ဒုက္ခအဆင့်လား…” ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူ၏မျက်လုံးထဲတွင် စိတ်ပျက်မှုတို့ ရှိသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ ကျဆင်းလာသော နှင်းများထံ ဝေ့ယမ်း၏။
ထိုလက်ဝေ့ယမ်းမှုဖြင့် သူ၏ ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်သည် ရွှေ့လျားသည်.။ ယင်းက ထပ်နေသော အရိပ်တစ်ခုနှယ် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ လှမ်းလျှောက်ထွက်လာ၏။
ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ် လှမ်းထွက်လာခိုက်၌ ဝမ်လင်းက ကြီးမားသောကင်းမြှီးကောက်၏ အမြှီးပေါ်တွင် ထိုင်နေ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏လက်ထဲတွင် အရက်အိုးတစ်ခု ပေါ်လာသည်။ ထိုအရက်အိုးမှာ ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ သေမျိုးမြို့တမြို့ထံမှ ဖြစ်၏။ သူက ၎င်းအရက်အိုးကို ပါးစပ်နားတေ့ကာ တကျိုက်မော့ချလိုက်သည်။
အခုအခါ သူ၏ပုံပန်းသွင်ပြင်သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေနှင့် အလွန်ဝေးကွာသောနေရာရှိ ကုန်းမြေတစ်ခုပေါ်တွင် ထိုင်နေသော သက်လတ်ပိုင်းလူတစ်ယောက်နှင့်ပင် ဆင်နေ၏။
အထီးကျန်မှု၊ ထီးတည်းဖြစ်မှု၊ မထူးခြားနားမှု။
ဒြပ်စင်ငါးခုခန္ဓာကိုယ်သည် လှမ်းလျှောက်ထွက်လာပြီး ကြောက်မက်ဖွယ်မီးပင်လယ်တစ်ခုကို ထုတ်လွှတ်သည်။ မီးပင်လယ်သည် မီးနဂါးကိုးဆယ့်ကိုးကောင်အဖြစ်သို့ ပြောင်းသွားပြီး ထိုးထွက်ကာ အဆုံးမဲ့နှင်းပွင့်များနှင့် ထိပ်တိုက်တွေ့သည်။ ချက်ခြင်းပင် ကျယ်လောင်စွာမြည်ဟိန်းသံများ ပဲ့တင်ထပ်ချေ၏။
ထိုနှင်းပွင့်တို့က ထက်ရှအေးစက်သော်လည်း ဝမ်လင်း၏မီးဒြပ်စင်အစစ်အမှန်ခန္ဓာကိုယ်ရှေ့တွင်မူ ဘာမျှ မဟုတ်လေပေ။ နှင်းပွင့်များ အရည်ပျော်ကြကုန်၏။ နဂါးကိုးကောင်က မီးနဂါးတစ်ကောင်အဖြစ်သို့ စုဝေးပြီး နှင်းများအားလုံး အရည်ပျော်သည်။ ထိုနဂါးက သိပ်သည်းသောအပူကို ပေးစွမ်းပြီး ကောင်းကင်ထက်သို့ ပျံသန်းတက်သည်။
ထိုနဂါးက လောင်ကျွမ်းနေပြီး ပထမဆုံးဆန်းကြယ်ဒုက္ခမှာ ပျက်စီးသွားတော့သည်။
ဝမ်လင်းသည် အရက်တငုံ့သောက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အားနည်းလွန်းတယ်…”
ထိုကောင်းကင်သည် ရုတ်တရက် တုန်ခါသွားပြီး အပြင်းအထန် လှုပ်ခါယမ်းသည်။ ပြင်းထန်သော လေပြင်းများ တဝေါဝေါ တိုက်ခတ်လာပြီး တုန်လှုပ်ဖွယ်မုန်တိုင်းကိုးခု ကောင်းကင်ယံတွင် ပေါ်လာ၏။
ထိုမုန်တိုင်းကိုးခုသည် ကောင်းကင်တလွှား တိုက်ခတ်ပြီး မီးများကို ပါးလှပ်စေကာ အဆုံးသပ်၌ မုန်တိုင်းကိုးခုသာ ကျန်ခဲ့တော့သည်။
ထိုမုန်တိုင်းကိုးခုထံမှ အလွန်ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာ၏။ လေပြင်းတိုက်ခတ်သံက လောက၌ ရှိနေသော တခုတည်းသောအသံအလား ဖြစ်လာသည်။
ထိုလေပြင်းက မုန်တိုင်းကိုးခု ဝမ်လင်းထံ အရှိန်အဟုန်နှင့် တိုးဝင်လာစဉ် တဝီဝီအသံများ ပဲ့တင်ထပ်စေတော့သည်။ ယင်းမုန်တိုင်းများထဲ၌ ပြင်းထန်သောဆုတ်ဖြဲအားတစ်ခု ပါဝင်ကာ ဝမ်လင်း၏ခန္ဓာကိုယ်အား အပိုင်းပိုင်း ဆုတ်ဖြဲလိုသည့်အလား။
ဖြတ်ခနဲအတွင်း ပထမဆုံးမုန်တိုင်းက ရုတ်တရက် နီးကပ်လာ၏။
ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်သည် မလှုပ်ရှားပေ။ ၎င်းသည် ဝမ်လင်း၏နောက်၌ အေးစက်စက်ရပ်နေ၏။ ၎င်းက မုန်တိုင်းနီးကပ်လာပြီး ဝမ်လင်း၏ခန္ဓာကိုယ်အား ခြုံလွှမ်းတာကို ကြည့်နေသည်။
လေပြင်းများက ဝမ်လင်းပတ်လည်တွင် ခြုံလွှမ်းကာ အရူးအမူး လှည့်ပတ်သည်။ သို့ပေမည့် ဝမ်လင်းသည် ကင်းမြှီးကောက်အမြှီးပေါ်တွင် ထိုင်ကာ အရက်သောက်နေလျက်ပင်။ သူ၏အဝတ်အစားတို့က လေပြင်းကြောင့် တလွင့်လွင့် ဖြစ်နေသော်လည်း သူ၏အမူအရာကမူ မပြောင်းလဲချေ။
သူသည် အရက်ကိုသာ ဆက်သောက်နေ၏။ မုန်တိုင်းကိုးခုလုံး စုဝေးကာ သူ၏ပတ်လည်တွင် ကောင်းကင်နှင့်မြေကြီးအား ချိတ်ဆက်ထားသော ဧရာမမုန်တိုင်းကြီးတစ်ခု ဖြစ်လာလေ၏။ ထိုအခိုက်တွင် ဝမ်လင်းက ခေါင်းမော့လာသည်။
“ခုထိ အားနည်းလွန်းနေတုန်းပဲ…”