← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း (၂၆၃) အသင့်အနေအထား

"ဒီမှာမိန်းကလေးတွေ မြန်မြန်ပိုက်ဆံမရှင်းရင် ရဲခေါ်လိုက်တော့မယ်..."

ဝိတ်တာ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ကြည့်ရဆိုးသွားလေ၏။

ထိုယောကျာ်းနှစ်ယောက်က ထွက်သွားကြပြီ ဖြစ်သည်။ အကယ်၍ ဤအမျိုးသမီးများကိုပါ ထွက်သွားခွင့်ပြုလိုက်ပါက သူကိုယ်တိုင် လျော်ပေးရပေမည်။

ယွမ်ရှစ်သိန်းတောင် ဖြစ်၏။

ကိုယ့်ကိုယ်ကိုယ် ရောင်းစားလျှင်ပင် ထိုမျှလောက် ငွေကြေးပမာဏကို ရှာဖွေနိုင်မည် မဟုတ်ချေ။

သူက ဘေးဘက်သို့ အချက်ပြလိုက်ရာ ဝိတ်တာအချို့က တံခါးပေါက်ကို ပိတ်ဆို့လိုက်ကြပေသည်။

ထိုအချိန်၌ ဝမ်ဝမ်နှင့် အခြားသူများမှာ ချက်ချင်းပင် ပြာယာခတ်သွားကြလေတော့၏။

"ဒုက္ခပါပဲ ဒုက္ခပါပဲ တကယ်ကြီး ပိုက်ဆံရှင်းရတော့မယ်..."

"ဝမ်ဝမ် ဘယ်လိုလုပ်ကြမလဲ ငါတို့မှာ ယွမ်ရှစ်သိန်းမှ မရှိတာ..."

"အကုန်လုံးက အိုယန်ဝူနဲ့ သူ့ဝမ်းကွဲကြောင့်ပဲ ဒီလိုလူမျိုးတွေနဲ့ တွေ့ရအောင် ငါတို့ ကံဆိုးလွန်းတာပဲ..."

မိန်းကလေးအချို့က ဒေါသတကြီး ကျိန်ဆဲလိုက်ကြပေသည်။

ဝမ်ဝမ်သည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။

"တော်ပြီ တော်ပြီ မြန်မြန် နည်းလမ်းတစ်ခုခု စဉ်းစားကြစမ်းပါ တကယ်လို့ ဒီထမင်းဖိုးကိုမှ မရှင်းနိုင်ရင် ဒီည ငါတို့ ထောင်ထဲမှာ သွားစားရလိမ့်မယ်..."

"နေဦး..."

မိန်းကလေးတစ်ဦးက သူမ၏အိတ်ထဲမှ ဝိုင်နီတစ်ပုလင်းကို အလျင်အမြန် ထုတ်ယူကာ ပြောလိုက်သည်။

"ငါတို့ ဒီဝိုင်ကို မသောက်ရသေးဘူးလေ ဝိုင်ဖိုးတော့ ပေးစရာမလိုဘူး..."

"ငါ့ဆီမှာလည်း တစ်ပုလင်း ပါသေးတယ်..."

"ငါ့ဆီမှာလည်း ပါတယ်..."

ထိုအုပ်စုသည် သူတို့၏ မဖောက်ရသေးသော ဝိုင်နီပုလင်းများကို ထုတ်ယူလိုက်ကြပေ၏။

ဝိတ်တာက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဝိုင်နီ ငါးပုလင်းက ယွမ်ငါးသိန်းဆိုတော့ အဲဒီဈေးကို နုတ်ပေးလို့ရတယ် ဒါပေမဲ့ ထမင်းဖိုး ယွမ်သုံးသိန်းနဲ့ သုံးထောင် ကျန်သေးတယ်..."

"ကောင်းပြီလေ အားလုံးပဲ စိုက်ရှင်းလိုက်ကြရအောင်..."

ဝမ်ဝမ်က သွားကြိတ်ကာ ပြောလိုက်၏။

တစ်ယောက်လျှင် ယွမ်ငါးသောင်းဆိုသည်မှာ သိပ်တော့ မများပြားလှချေ။

သို့သော် ဤထမင်းတစ်နပ်က အတော်လေး ဒေါသထွက်စရာ ကောင်းလှသည်။

ယနေ့တွင် ကြီးမားသော ငွေကြေးဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားခဲ့ပေ၏။

သူမတို့အုပ်စု စားသောက်ဆိုင်မှ နောက်ဆုံးတွင် ထွက်လာပြီးနောက် ဝမ်ဝမ်သည် မက်ဆေ့ချ်တစ်စောင်ကို ရုတ်တရက် လက်ခံရရှိကာ ချက်ချင်းပင် မှင်တက်သွားလေသည်။

"ဘာဖြစ်လို့လဲ ဝမ်ဝမ်..."

"မနက်ဖြန်..."

ဝမ်ဝမ်က ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။

"အိုယန်မိသားစုက အဘိုးကြီးရဲ့ မြေးကို ကြိုဆိုဖို့ အဓိကထားပြီး မနက်ဖြန် ဟွမ်ဟောင်ဟိုတယ်မှာ ညစာစားပွဲလုပ်မယ်လို့ အစ်မတစ်ယောက်က ပြောတယ်..."

"အိုယန်မိသားစုက မကြာခင် ဒေဝါလီခံရတော့မှာကို ကြိုဆိုပွဲလုပ်နေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ..."

"ဒါနဲ့ ခုနက အိုယန်ဝူရဲ့ ဝမ်းကွဲဆိုတာ အဘိုးကြီးအိုယန်ရဲ့ မြေးများလား သူက အိုယန်ဝူကို ဝမ်းကွဲအစ်ကိုလို့ ခေါ်နေတာလေ..."

"သူက ဘာကောင်မှ မဟုတ်တာ သိသာနေတာပဲ..."

သူမတို့အားလုံးသည် ချန်ဖုန်းအပေါ်၌ အလွန် ဆိုးရွားသော အထင်အမြင်မျိုး ရှိနေကြပေသည်။

ဝမ်ဝမ်သည် သူမ၏ စိတ်ခံစားမှုများကို တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက် ရှူကာ ပြောလိုက်၏။

"အဘိုးကြီးအိုယန်ရဲ့ မြေးက ရန်ပုံငွေ ယွမ် ၅ ဘီလီယံ ယူလာတယ်လို့ အစ်မက ပြောတယ်..."

"အိုယန်မိသားစုက အခြေအနေကို ပြောင်းပြန်လှန်နိုင်လောက်တယ်..."

"ဘာ..."

အမျိုးသမီးများအားလုံး ချက်ချင်းပင် ခြေလှမ်းများ ရပ်တန့်သွားကြလေသည်။

သူမတို့ အမုန်းဆုံးလူက ယွမ် ၅ ဘီလီယံ တစ်ပြိုင်နက်တည်း အမှန်တကယ် ထုတ်ပေးနိုင်လိမ့်မည်ဟု သူမတို့ တစ်ကြိမ်တစ်ခါမျှ မထင်မှတ်ထားခဲ့ကြချေ။

ထို့အပြင် အကယ်၍ အိုယန်မိသားစုသာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့မည်ဆိုပါက တစ်ဦးတည်းသောသားဖြစ်သည့် အိုယန်ဝူသည် တကယ့် ငွေတွင်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ထမင်းတစ်နပ်တည်းအတွက်နှင့် ငွေတွင်းကြီးတစ်ခုကို ဆုံးရှုံးရသည်မှာ လုံးဝ မတန်ချေ။

"ဝမ်ဝမ် မြန်မြန် အိုယန်ဝူဆီ ဖုန်းဆက်ပြီး သူ့ကို တောင်းပန်လိုက် တကယ်လို့ နင်က သူ့ကောင်မလေး တကယ်ဖြစ်သွားပြီး အိုယန်မိသားစုလည်း ကြီးပွားလာမယ်ဆိုရင် နင်က သူဌေးမကြီး ဖြစ်လာတော့မှာ မဟုတ်ဘူးလား..."

"ဟုတ်တယ် ဟုတ်တယ် အိုယန်ဝူက နင့်ကို တင်တောင်းငွေ ယွမ် သန်းတစ်ရာလောက်တော့ အနည်းဆုံး ပေးသင့်တယ်..."

သူငယ်ချင်းများ၏ အကြံပေးစကားများကို ကြားပြီးနောက် ဝမ်ဝမ်သည် သူမ၏ ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်သည်။

အိုယန်ဝူထံ ဖုန်းခေါ်ဆိုလိုက်ချိန်တွင်

သူမ၏ မျက်နှာမှာ သွေးဆုတ်သွားသလို ဖြူရော်သွားတော့၏။

"သူ သူ ငါ့ကို ဘလော့သွားပြီ..."

…

[ဒင်… ဗီဒီယိုတာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ဆုကြေးအနေနဲ့ စနစ်ပွိုင့် ၁၀၀ ရရှိပါတယ်…

ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့် ၆၃၇၅၀ ဖြစ်ပါသည် ]

[ဒင်… ဗီဒီယိုတာဝန် ပြီးမြောက်မှုမှာ ပိုင်ရှင် ပါဝင်ခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလ ပြောင်းလဲသွားပါတယ် အခု ၁၄၀၀ ကနေ ၂၁၀၀ ခုနှစ် ကြားက မည်သည့် အဖြစ်အပျက်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပါပြီ ]

ချန်ဖုန်းသည် စနစ်၏ မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်လေ၏။

လွန်ခဲ့သော ရက်အနည်းငယ်က နယ်စပ်တွင် ကျေးဇူးတင်စကား ၆၀,၀၀၀ ရရှိခဲ့ပြီးကတည်းက သူ၏ စနစ်ပွိုင့်များသည် ၆၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

ကြိုက်သလို သုံးစွဲနိုင်လေပြီ။

ထို့နောက် သူက ခေါင်းလှည့်လိုက်သည်။

အိုယန်ဝူမှာ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ သူက အိုယန်ဝူ၏ ပခုံးကိုဖက်ကာ ရယ်မောလိုက်၏။

"ဝမ်းကွဲအစ်ကို ဝမ်းနည်းစရာ ဘာမှမရှိပါဘူး ဝမ်ဝမ်လို မိန်းမမျိုးက အစ်ကိုနဲ့ မတန်ပါဘူး..."

"အိုယန်မိသားစု ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်သရွေ့ အစ်ကို့ရဲ့ အခြေအနေတွေက မဆိုးပါဘူး..."

"နောက်မှ ကောင်မလေး ရှာချင်တယ်ဆိုရင်တောင် အများကြီး ရွေးလို့ရနေမှာပါ..."

"အစ်ကိုက အိုယန်မိသားစုရဲ့ တစ်ဦးတည်းသောသားလေ..."

"မျှော်လင့်ရတာပါပဲကွာ..."

အိုယန်ဝူက ခေါင်းခါယမ်းကာ ပြောဆိုလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် အိုယန်မိသားစုထံသို့ ပြန်လာခဲ့ကြ၏။

ဦးလေးဖြစ်သူ အိုယန်ဖူနှင့် အဘိုးကြီးတို့ ဤကိစ္စကို သိရှိသွားချိန်တွင် သူတို့လည်း အတော်လေး ဒေါသထွက်သွားခဲ့ကြသည်။

ယနေ့ခေတ် မိန်းကလေးများသည် တကယ်ကို လှည့်ကွက်များစွာ ရှိနေကြပေ၏။ သို့သော် သူတို့က ယင်းကို သိပ်အလေးအနက် မထားခဲ့ကြချေ။

ချန်ဖုန်း ပြောခဲ့သလိုပင်။

အိုယန်မိသားစုက အကျပ်အတည်းကို ကျော်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် အခြားပြဿနာများအားလုံး လွယ်ကူစွာ ပြေလည်သွားမည် ဖြစ်ပေသည်။

ထို့နောက်တွင် အဘိုးကြီးအိုယန်သည် အသေးစိတ်အချက်အလက် အချို့ကို ရှင်းပြရန် ဟွမ်ဟောင်ဟိုတယ်သို့ အလျင်အမြန် သွားရောက်ခဲ့သည်။ မြေးဖြစ်သူကို ကြိုဆိုရန်အတွက် သူသည် ဟွမ်ဟောင်ဟိုတယ် တစ်ခုလုံးကို ငှားရမ်းထားခဲ့ခြင်း ဖြစ်၏။

ဖိတ်စာတစ်ရာနီးပါးကိုလည်း ပေးပို့ထားပြီး ဖြစ်သည်။

ဖိတ်စာတစ်စောင်လျှင် လူတစ်ဦး ဝင်ရောက်ခွင့်ရှိပြီး လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် အပေါက်ဝတွင် လုံခြုံရေးအစောင့်များ ထားရှိပေသည်။

ထိပ်တန်း ချမ်းသာကြွယ်ဝသော မိသားစုများနှင့် ဖုံးကွယ်နေသော မျိုးရိုးမြင့် မိသားစုများမှလွဲ၍ ကျိုတိုမြို့ရှိ လူတိုင်းနီးပါး ဖိတ်စာ ရရှိခဲ့ကြလေသည်။

အခြားတစ်ဖက်တွင်မူ

ချန်ဖုန်းသည်လည်း သတင်းလက်ခံရရှိခဲ့ပေ၏။

ပင်မနတ်ဘုရားငါးပါးဖြစ်သည့် လဲ့ယန်၊ ဖူထျန်၊ ယန်ရီ၊ ထိုက်ရှန်းနှင့် ရွှမ်ယွီတို့သည် ကျိုတိုသို့ ရောက်ရှိနေကြလေပြီ။

သူတို့သည် အဇူရာနန်းတော်မှ အဖွဲ့ဝင် တစ်ရာကျော်နှင့်အတူ အနီးအနားတွင် ပုန်းအောင်းနေကြပြီး အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေကြပေသည်။

စစ်ဘက်ဆိုင်ရာဌာနကိုလည်း

ချန်ဖုန်းက ကြိုတင်အကြောင်းကြားထားပြီး ဖြစ်၏။ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တပ်မှူးယွင်ကျဲ့သည် မူလက နယ်စပ်တွင် တပ်စွဲထားသော်လည်း ပြီးခဲ့သည့်အကြိမ်က ဒဏ်ရာရရှိပြီးနောက် ကျိုတိုသို့ ပြန်ရောက်နေခဲ့သည်။

မနက်ဖြန်တွင် သူသည် စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များကို ဦးဆောင်ကာ ဟွမ်ဟောင်ဟိုတယ်၌ အသင့်စောင့်ဆိုင်းနေမည် ဖြစ်သည်။

ညနေပိုင်းတွင်။

ချန်ဖုန်းသည် အပြင်ဘက်ရှိ ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့ပေ၏။

သူ ငယ်စဉ်က ပေ့ဟူ၌ ရှိနေစဉ် လူတွေ သေဆုံးသွားပြီးနောက် ကောင်းကင်ပေါ်ရှိ ကြယ်များ ဖြစ်သွားကြသည်ဟု မိဘများ ပြောသည်ကို သူ ကြားဖူးခဲ့သော်လည်း မည်သည့်ကြယ်က သူ၏ မိဘအရင်းများ ဖြစ်မည်ကိုတော့ မသိနိုင်ချေ။

သူသည်လည်း အလွန်အမင်း သိချင်နေခဲ့သည်။ ထိုအချိန်က ထိုလျှို့ဝှက်ဆန်းကြယ်သော လူများသည် မည်သည့်အရာကို အတိအကျ ရှာဖွေနေခဲ့ကြသနည်း။

မိမိလက်ဝယ်ရှိ စနစ်ဖုန်းကိုများ ရှာနေခဲ့တာများလား။

ဤအကြောင်းကို တွေးမိချိန်တွင်။

ချန်ဖုန်းသည် ခေါင်းကို ပြန်လည်ခါယမ်းလိုက်၏။

မိမိ၏ စနစ်ဖုန်းသည် လွန်ခဲ့သော သုံးနှစ်ကမှ ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယခင်က ရှိမနေခဲ့ချေ။

"ရှောင်ဖုန်း..."

အိုယန်နာလန်က လျှောက်ဝင်လာခဲ့သည်။

သူမသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာသည်အထိ သူမ၏ အစ်မဖြစ်သူ၏ အခန်းသို့ မလာရောက်ခဲ့ဖူးချေ။

အရာအားလုံးက ယခင်အတိုင်း ရှိနေဆဲပင်။

"မနက်ဖြန် အဲဒီလူတွေကို တကယ်ပဲ မျှားထုတ်တော့မလို့လား..."

အိုယန်နာလန်၏ မျက်နှာအမူအရာမှာ မယုံနိုင်လောက်အောင် ရှုပ်ထွေးနေခဲ့ပေ၏။

သူမသည် အစ်မတစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်ရာ ထိုအစ်မ၏ ကလေးကိုပါ ထပ်မံ၍ မဆုံးရှုံးချင်တော့ချေ။

"အဒေါ် စိတ်မပူပါနဲ့..."

ချန်ဖုန်းသည် သူ့ကိုယ်သူ အတော်လေး ယုံကြည်မှု ရှိနေလေသည်။

ထို့အပြင် အဇူရာနန်းတော်မှ အကြီးအကဲသုံးဦးသည်လည်း မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေကြသဖြင့် အားကောင်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင်ပင် တားဆီးနိုင်စွမ်း မရှိမည် မဟုတ်ချေ။

သူက အိုယန်နာလန်ကို ရုတ်တရက် ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။

"အဒေါ်က ကျွန်တော့်ရဲ့ အခြေအနေကြောင့် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံခြားမှာ ပုန်းနေခဲ့ရတာ အခုတော့ အဒေါ်ရဲ့ ကိုယ်ပိုင် အိမ်ထောင်ရေးကို စဉ်းစားဖို့ အချိန်ရောက်ပြီလေ..."

"မင်းရဲ့ ကိစ္စတွေကို အရင်ဆုံး ရှင်းလင်းအောင် လုပ်လိုက်ပါဦး..."

အိုယန်နာလန်က သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် သူ၏ နဖူးကို ခေါက်လိုက်၏။

ထို့နောက် သူမက ပြတင်းပေါက် အပြင်ဘက်ကို ညွှန်ပြကာ ပြောဆိုလိုက်သည်။

"ရှန်ကွမ်က အပြင်ဘက်မှာ ရပ်နေတာ တော်တော်ကြာနေပြီ ဘာလို့ သူ့ကို အထဲဝင်ထိုင်ဖို့ သွားမခေါ်ရတာလဲ..."

ချန်ဖုန်း အနည်းငယ် မှင်တက်သွားသည်။

ထို့နောက်သူ ခေါင်းလှည့်ကာ ကြည့်လိုက်၏။ ရှန်ကွမ်ယွဲ့သည် အိုယန်မိသားစုထံသို့ မည်သူမျှ မသိလိုက်ဘဲ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

"ဘာကိစ္စ ရှိလို့လဲ..."

ချန်ဖုန်းက အပြင်သို့ ထွက်သွားလိုက်သည်။

သူသည် သူ၏ရှေ့ရှိ အမျိုးသမီးကို ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။

နေ့ခင်းကတင် တွေ့ခဲ့ကြသည် မဟုတ်လော။

"ငါ့ကိုများ လွမ်းနေလို့လား..."

All Chapters