အခန်း ၂၆၄
Vol. 27 Ch. 264
အခန်း (၂၆၄) ညစာစားပွဲ စတင်ခြင်း
ရှန်ကွမ်ယွဲ့သည် အဖြူရောင်ဂါဝန်အပေါ်မှ ကုတ်အင်္ကျီရှည်ကို ထပ်ဝတ်ထားပြီး ဘွတ်ဖိနပ်အရှည်ကို စီးထားကာ အလွန် မိန်းမဆန်သော ဆွဲဆောင်မှုမျိုးကို ထုတ်လွှင့်နေပေ၏။
ကျိုတိုသို့ ပြန်ရောက်ကတည်းက သူမ၏ ဘဝသည် ပို၍ပို၍ သပ်ရပ်သန့်စင်လာခဲ့လေသည်။
သူမက မျက်မှောင်ကြုတ်သွားပြီး ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်သည်။
"ဒီည ငါ နယ်စပ်ကို သွားရမယ် အခု အဲဒီမှာ မတည်မငြိမ်ဖြစ်နေပြီး တစ်ယောက်ယောက်က ငါ့ကို အဲဒီကို တမင်သက်သက် မျှားခေါ်နေပုံရတယ်..."
"တမင်သက်သက် မျှားခေါ်နေတာလား..."
ချန်ဖုန်း၏ နှလုံးသား ရုတ်တရက် တုန်ခါသွားပေ၏။
မနက်ဖြန် ညစာစားပွဲကြောင့်များ ဖြစ်နိုင်မည်လား။
တစ်ဖက်လူက စစ်သေနာပတိ ဝင်ရောက်စွက်ဖက်မည်ကို စိုးရိမ်သဖြင့် သူမအား နယ်စပ်သို့ သွားစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေခြင်း ဖြစ်ပေမည်။
ရှန်ကွမ်ယွဲ့က ခေါင်းညိတ်လိုက်သည်။
သူမ၏ မျက်လုံးများက ချန်ဖုန်းအပေါ်၌ စူးစိုက်နေကာ ပြောလိုက်၏။
"နင်နဲ့ ငါ့အဖေ ဘာတွေပြောခဲ့လဲဆိုတာ ငါသိတယ် ပြီးတော့ မနက်ဖြန် နင် ဘာလုပ်မယ်ဆိုတာကိုလည်း ငါ သိတယ် ကျိုတိုက ရေတွေက တော်တော်နက်တယ်နော်..."
"သတိထားဦး ကိုယ့်ကိုယ်ကိုယ် သေအောင်တော့ မလုပ်နဲ့..."
ချန်ဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားကာ မေးလိုက်၏။
"မင်း ငါ့ကို စိတ်ပူနေတာလား..."
"လုံးဝ မဟုတ်ပါဘူး..."
ရှန်ကွမ်ယွဲ့က သေချင်သေပါစေ ဝန်ခံမည် မဟုတ်ချေ။
သူမက သူမ၏ လက်မှ လက်ကောက်ကို ချွတ်လိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ ပြောဆိုလိုက်သည်။
"နယ်စပ်နားမှာ လက်ကောက်ဝတ်တာက မသင့်တော်ဘူး ငါ့အတွက် သိမ်းထားပေးပါ ငါ ပြန်လာတဲ့အခါကျရင် ပြန်ပေး..."
၎င်းမှာ အဘိုးကြီးအိုယန်၏ ဇနီးဖြစ်သူက သူမအား ပေးထားခဲ့သော လက်ကောက်ပင် ဖြစ်၏။
"အိုကေလေ..."
ချန်ဖုန်းက လက်ကောက်ကို လှမ်းယူလိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် သူ၏လက်ဖြင့် အားကုန် ဆွဲလိုက်လေသည်။
"အာ..."
ရှန်ကွမ်ယွဲ့ အလန့်တကြား အော်ဟစ်လိုက်ပေ၏။
သူမ တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ ချန်ဖုန်းက သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ဖြစ်သည်။
သူမ အလွန်ဒေါသထွက်သွားပြီး နှာခေါင်းရှုံ့နေခဲ့လေ၏။
"ဟွန့်..."
"တကယ်ကို ဆိုးရွားတဲ့ လူပဲ..."
သူမ အစပိုင်းက ရုန်းကန်ရန် တွေးခဲ့သော်လည်း နယ်စပ်သို့ မကြာမီ ပြန်ရတော့မည်ဖြစ်ကြောင်း သူမ သတိရသွားသည်။
‘ဒါဆို... သူ့ကို အခွင့်အရေး ယူခွင့်ပြုလိုက်ရမလား’
‘အင်း...
နင်က သနားစရာ ကောင်းနေလို့ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်…’ဟု သူမတွေးရင်း ငြိမ်နေလိုက်သည်။
တစ်ဖက်လူက ရုန်းကန်ခြင်းမရှိသည်ကို မြင်သောအခါ ချန်ဖုန်းမှာ ချက်ချင်းပင် ဝမ်းသာသွားတော့၏။
ရှန်ကွမ်ယွဲ့နှင့် သူ သိကျွမ်းခဲ့ရခြင်းမှာ မတော်တဆမှုတစ်ခုဖြစ်ပြီး သူတို့၏ ဆက်ဆံရေးမှာလည်း မတော်တဆမှုတစ်ခုပင် ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးက ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မထင်မှတ်ထားခဲ့ချေ။
ချန်ဖုန်းသည် ရှန်ကွမ်ယွဲ့၏ ဆံပင်များထဲသို့ ခေါင်းအပ်ကာ သူမ၏ ရနံ့ကို ရှူရှိုက်လိုက်သည်။
ထို့နောက် သူက ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"မင်းလည်း သတိထားရမယ်နော် မင်းရဲ့ အလွိုင်းတိုက်ခိုက်ရေးဝတ်စုံကို အချိန်တိုင်း ဝတ်ထားဖို့ သတိရပါ နောက်တစ်ခါ ပြန်လာတဲ့အခါ ဆံပင်တစ်ပင်လောက် ကျွတ်နေတယ်ဆိုရင်တောင် ငါ မင်းကို ဖင်ရိုက်ပစ်မယ်..."
"နင် ရဲရင် ရိုက်ကြည့်လေ..."
ရှန်ကွမ်ယွဲ့သည် သူ၏ ရင်ခွင်ထဲမှ ရုတ်တရက် ရုန်းထွက်လိုက်ပြီး မျက်နှာများ နီရဲလျက် ပြောဆိုလိုက်သည်။
"ငါ သွားတော့မယ်..."
နောက်တစ်စက္ကန့်တွင်။
သူမသည် အိုယန်မိသားစုအတွင်းမှ ပျောက်ကွယ်သွားလေတော့၏။
…
နောက်တစ်နေ့ နံနက် ရှစ်နာရီတွင်။
ဟွမ်ဟောင်ဟိုတယ် တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့လေပြီ။
အိုယန်မိသားစု တစ်ခုလုံးသည်လည်း ယနေ့ ညစာစားပွဲအတွက် ပြင်ဆင်နေကြပေ၏။
သူတို့၏ လုံခြုံရေးကို သေချာစေရန်အတွက် ချန်ဖုန်းသည် အဇူရာနန်းတော်မှ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အချို့ကို မိသားစုဝင်များနှင့် အတူလိုက်ပါရန် စေလွှတ်လိုက်သည်။
အချို့သော လူများသည် နေရာအတွင်းသို့ ခိုးဝင်ရောက်ရှိနေကြပြီ ဖြစ်သည်။
အချို့က ဝိတ်တာများအဖြစ် ရုပ်ဖျက်ထားကြပြီး အချို့က လုံခြုံရေးအစောင့်များအဖြစ် ရုပ်ဖျက်ထားကာ အခြားသူများမှာမူ သူတို့၏ ဖိတ်စာများဖြင့် ဟွမ်ဟောင်ဟိုတယ်အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ဝင်ရောက်သွားကြလေ၏။
မည်သို့ပင်ဖြစ်စေ အဇူရာနန်းတော် အဖွဲ့ဝင်များသည် ကျိုတိုတွင် မကြာခဏ ပေါ်လာလေ့ မရှိသဖြင့် သူတို့ကို မှတ်မိသူ အလွန်နည်းပါးပေသည်။
ထို့အပြင် မျက်နှာတစ်ထောင်မြေခွေးနှင့် သူ၏အဒေါ်တို့သည် ရုပ်ဖျက်ကျွမ်းကျင်မှုစွမ်းရည်ကို ကျွမ်းကျင်ကြလေသည်။
သူတို့၏ ရုပ်ရည်ကို ပြောင်းလဲရန်မှာ အလွန်လွယ်ကူလှ၏။
ကျန်ရှိနေသော အဇူရာနန်းတော် အဖွဲ့ဝင်များသည် ဤတစ်ကြိမ်တွင် ထိုအုပ်စုကို တစ်ပြိုင်နက်တည်း ချေမှုန်းရန် အသင့်အနေအထားဖြင့် ဟွမ်ဟောင်ဟိုတယ် ပတ်ပတ်လည်ရှိ လမ်းဆုံလမ်းခွများတွင် ပုန်းအောင်းနေကြပေသည်။
အဇူရာနန်းတော်၏ လွှမ်းမိုးမှုသည် မှောင်ရိပ်ထဲတွင် ရှိနေ၏။
မျက်နှာပြင်ပေါ်တွင်မူ စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များက အစီအစဉ်တကျဖြစ်စေရန် တာဝန်ယူထားပြီး ဤသည်မှာလည်း ရောက်ရှိလာတော့မည့် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အား လမ်းလွဲသွားစေရန် ဖြစ်ပေသည်။
အလင်းတစ်ခုနှင့် အမှောင်တစ်ခု။
နှစ်ထပ်အာမခံချက်ပင်။
ဆယ့်တစ်နာရီတွင်။
ဟွမ်ဟောင်ဟိုတယ်ရှိ ညစာစားပွဲသို့ လူအများအပြား ရောက်ရှိနေကြလေပြီ။
ထိပ်တန်း ချမ်းသာကြွယ်ဝသော မိသားစုများနှင့် ထင်ရှားသော မျိုးရိုးမြင့် မိသားစုများမှလွဲ၍ အခြားသော မိသားစုများ၏ ၆၀ ရာခိုင်နှုန်းခန့် ရောက်ရှိလာကြသည်။
ဤသည်ကပင် အိုယန်မိသားစုကို မျက်နှာသာ အများကြီး ပေးထားခြင်း ဖြစ်နေလေပြီ။
ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် အိုယန်မိသားစုသည် ဆိုးရွားစွာ ဖိနှိပ်ခံနေရသည် မဟုတ်လော။
ထိုလူများ ယနေ့ ညစာစားပွဲသို့ တက်ရောက်လာရခြင်းမှာ အဘိုးကြီးအိုယန်ကို မျက်နှာသာပေးလိုသောကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။
မည်သို့ပင်ဖြစ်စေ အဘိုးကြီးအိုယန်သည် ယခင်က အလွန် သြဇာညောင်းခဲ့သူ ဖြစ်သော်လည်း အိုယန်မိသားစုမှာ မကြာသေးမီ နှစ်များအတွင်း ကျဆင်းသွားခဲ့ခြင်း ဖြစ်၏။
အခြားတစ်ဖက်တွင်လည်း။
မကြာသေးမီက သတင်းများတွင် နေရာယူထားသော ထိုမြေးဖြစ်သူနှင့်လည်း တွေ့ဆုံလိုကြပေသည်။
ယွမ် ၅ ဘီလီယံကို တစ်ကြိမ်တည်းဖြင့် ထုတ်ပေးနိုင်သူသည် အဆင့်အတန်း မြင့်မားသူ တစ်ဦး ဖြစ်ရပေမည်။
"ဂုဏ်ယူပါတယ် လူကြီးမင်း..."
"အဘိုးကြီးရဲ့ မိသားစု ပြန်လည်ဆုံစည်းမှုအတွက် ဂုဏ်ယူပါတယ်..."
"အဘိုးကြီးအိုယန်မှာ အံ့သြစရာကောင်းတဲ့ မြေးတစ်ယောက် ရှိတာပဲ..."
…
ညစာစားပွဲသို့ လာရောက်သူများက သူတို့၏ ဂုဏ်ပြုစကားများကို ဆိုကြလေသည်။
အဘိုးကြီးအိုယန်သည် အလွန် ဝမ်းသာနေပုံရသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့၏။
ယခု ညစာစားပွဲတွင် လူများစွာ ရှိနေပေသည်။ အကယ်၍ ထိုလျှို့ဝှက်ဆန်းကြယ်သော လူများသာ ပေါ်လာပါက ထိခိုက်သေဆုံးမှုများ အများအပြား ရှိလာမည် မဟုတ်လော။
ယခုအချိန်တွင် သူ လုပ်နိုင်သည်မှာ မြေးဖြစ်သူအပေါ် အားကိုးရမည်ဟုသာ ဆုတောင်းနေရန် ဖြစ်ပေ၏။
ညစာစားပွဲ၌ လုရှောင်ရှင်းသည်လည်း အလျင်အမြန် ရောက်ရှိလာခဲ့သည်။
သူ၏ စေတနာကို ပြသရန်အတွက် လုရှောင်ရှင်းသည် သူ၏လက်မောင်းကိုပင် ကုသရန် အချိန်မယူခဲ့ချေ။ သူသည် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုရုံသာမကဘဲ လုမိသားစု၏ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကိုပါ ယူဆောင်လာခဲ့ပေသည်။
ယခင်က လုမိသားစုသည် အိုယန်မိသားစုနှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့လေ၏။
သို့သော် ယမန်နေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် လုရှောင်ရှင်းသည် အိုယန်မိသားစုနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများကို တံခါးဝအရောက် ကိုယ်တိုင် လာရောက် ကမ်းလှမ်းခြင်းပင်။
သူ၏ လုပ်ရပ်က တက်ရောက်လာသူများ အားလုံးကြားတွင် ဆူညံပွက်လောရိုက်သွားစေခဲ့၏။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြကာ
တွေဝေသွားကြ၏။
အနည်းငယ် မထင်မှတ်ထားသလို ဖြစ်သွားကြသည်။
သူတို့ မသိထားသော တစ်စုံတစ်ရာကို လုရှောင်ရှင်းက ကြိုတင် သိရှိထားခြင်းလော။
ယခုအချိန်တွင် လုရှောင်ရှင်းသည် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ကာ ဝိုင်နီတစ်ခွက်ကို ဖြည်းညင်းစွာ သောက်နေခဲ့ပေ၏။
သူသည် ယခုအခါတွင် အလွန် စိတ်ခံစားချက် ကောင်းမွန်နေသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် အိုယန်မိသားစု၏ ခွင့်လွှတ်မှုကို ရရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်သွားသောကြောင့် ဖြစ်လေ၏။
ထိုအခိုက် ဟယ်ရွှိုက်က ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
သူက တစ်ဖက်လူ၏ ဗလာဖြစ်နေသော ဘယ်ဘက်လက်မောင်းကို တစ်ချက်ကြည့်ကာ အံ့သြဟန်ဆောင်၍ ပြောဆိုလိုက်သည်။
"မစ္စတာလု ခင်ဗျားရဲ့ လက်မောင်းက ဘာဖြစ်သွားတာလဲ ဘယ်သူကများ ခင်ဗျားကို ဒီလိုဖြစ်အောင် လုပ်ရဲလောက်တဲ့အထိ သတ္တိရှိနေတာလဲ..."
"ငါ့ဘာသာ ချော်လဲသွားတာပါ..."
လုရှောင်ရှင်းသည် သူ တွေ့သမျှလူတိုင်းကို ချော်လဲသွားသည်ဟုသာ ပြောပြမည် ဖြစ်ပေ၏။
ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေပေါ့။
ဟယ်ရွှိုက်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။
အစပိုင်းတွင် လုရှောင်ရှင်းထံမှ သတင်းအချက်အလက် အချို့ကို ရယူလိုခဲ့သော်လည်း တစ်ဖက်လူက မည်သည့် သတင်းအချက်အလက်ကိုမျှ ထုတ်ဖော်ပြောဆိုမည့် ပုံမရှိချေ။
"မန်နေဂျာလု အိုယန်မိသားစုကို ဖိနှိပ်ဖို့ ငါတို့ အတူတူ ပူးပေါင်းမယ်လို့ အရင်က သဘောတူထားခဲ့တာ မဟုတ်ဘူးလား ဘာလို့ အခု သူတို့နဲ့ ပြန်ပြီး ပူးပေါင်းနေရတာလဲ..."
"မန်နေဂျာဟယ်..."
လုရှောင်ရှင်းက တစ်ဝက်တစ်ပျက် အပြုံးဖြင့် ပြောဆိုလိုက်သည်။
"ဒီနှစ်တွေ တစ်လျှောက်လုံး အိုယန်မိသားစုကို ရင်ဆိုင်ဖို့ မင်းက ငါတို့ကို တိုက်တွန်းနေခဲ့တာ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ မသိပေမဲ့..."
ဤနေရာတွင် သူက ခဏတာ ရပ်တန့်သွားခဲ့၏။
ထို့နောက် ဆက်ပြောလိုက်သည်။
"အခုကစပြီး ရပ်တန်းကရပ်ဖို့ မင်းကို ငါ အကြံပေးချင်တယ် ဒါမှမဟုတ်ရင် မင်း နောင်တရလိမ့်မယ်..."
"ဟင်..."
ဟယ်ရွှိုက် အလွန်အမင်း ထိတ်လန့်သွားလေ၏။
သူက ဘာကို ဆိုလိုချင်တာလဲ။
"မစ္စတာလု အဲဒါကို ပိုပြီး ရှင်းလင်းအောင် ရှင်းပြပေးလို့ ရမလား..."
"ငါ ပြောချင်တာ ဒါအကုန်ပဲ..."
လုရှောင်ရှင်းက နောက်ထပ် စကားတစ်ခွန်းမျှ မပြောရဲတော့ချေ။
စကားပိုပြောလေ ပိုမြန်မြန်သေလေပဲ…
"..."
ဟယ်ရွှိုက်သည် ရုတ်တရက် ထူးဆန်းသော ထိတ်လန့်မှု တစ်ခုကို ခံစားလိုက်ရသည်။
အဘိုးကြီးအိုယန်၏ မြေးတွင် အလွန် အင်အားကြီးမားသော နောက်ခံတစ်ခု ရှိနေနိုင်မည်လား။
သူ ရပ်တန်းက ရပ်ချင်သွားသည်။
သို့သော် နောက်ကျလွန်းသွားပြီလား။
ယမန်နေ့က မစ္စတာဝမ်က သူ့ကို ဖိတ်စာအချို့ ယူခိုင်းခဲ့သည် မဟုတ်လော။ သူ တစ်ခုခုကို ကြံစည်နေသည်မှာ သေချာပေ၏။
ဟယ်ရွှိုက်က ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်သည်။
မစ္စတာဝမ်ကို မည်သည့်နေရာတွင်မှ မတွေ့ရဘဲ သူ၏ တည်နေရာကိုလည်း မသိရှိရချေ။
အဘိုးကြီး၏ မြေးဖြစ်သူကို ရှာဖွေရန် ကြိုးစားသော်လည်း သူ့ကိုလည်း ရှာမတွေ့ခဲ့ပေ။
မှုန်ဝါးသော စိုးရိမ်ပူပန်မှုတစ်ခုက သူ၏ နှလုံးသားထဲသို့ တွားသွားဝင်ရောက်လာခဲ့၏။
သူ ထိုင်ခုံသို့ ပြန်လာချိန်တွင် မိတ်ဆွေအချို့က သူ့အနားသို့ စုဝေးရောက်ရှိပြီး မေးကြတော့၏။
"အဘိုးကြီးလုက ဘာဖြစ်သွားတာလဲ သူ့ကို ဘာသရဲပူးသွားတာလဲ..."
"ဟုတ်တယ် ငါ့ကိုတောင် ရူးချင်လာအောင် လုပ်နေတယ် လုရှောင်ရှင်းက အရင်တုန်းက ငါတို့ဘက်မှာ ရှိခဲ့တာလေ ဒီနေ့ကျမှ ဘာလို့ သဘောထားတွေ ပြောင်းသွားရတာလဲ..."
"ပြီးတော့ သူက ငါတို့ကို လာတောင် မနှုတ်ဆက်ဘူး သူက ငါတို့ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာ သိသာတယ်..."
"သူ ဘာမှမပြောဘူး..."
ဟယ်ရွှိုက်က ခေါင်းခါယမ်းလိုက်၏။
ယနေ့ ညစာစားပွဲတွင် ထူးဆန်းသောအရာ တစ်ခုခု ရှိနေသည်ဟု သူ ခံစားလိုက်ရပေသည်။