အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း (၂၆၈) ချန်ဖုန်း၏ စွမ်းရည်အစစ်အမှန်
"မင်း..."
မစ္စတာဝမ်သည် ယနေ့ သူ ထွက်ပြေးလွတ်မြောက်ရန် လုံးဝမဖြစ်နိုင်တော့ကြောင်း သိထားပေ၏။ သို့သော် သူက အလွယ်တကူ လက်လျှော့အရှုံးမပေးလိုချေ။
ချန်ဖုန်းကို ဤသို့ လွယ်လွယ်ကူကူ အရှုံးမပေးလိုသဖြင့် သူက အော်ဟစ်လိုက်သည်။
"တိုက်ခိုက်ကြစမ်း..."
လက်နက်ခဲယမ်းများကို ကိုင်ဆောင်ထားသော အခြားလူတစ်စုသည် ဟွမ်ဟောင်ဟိုတယ်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး သေနတ်များဖြင့် စတင်ပစ်ခတ်ကြလေ၏။
ဤလူများသည် အပြင်ဘက်တွင် ပုန်းအောင်းနေခဲ့ကြသူများ ဖြစ်ပေသည်။
မစ္စတာဝမ်သည် အတော်လေး သတိကြီးသူဖြစ်ပြီး အခြေအနေနှစ်ရပ်လုံးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်၏။ အကယ်၍ ထွက်ပြေးရန် လမ်းစမရှိပါက အားလုံး အတူတကွ သေပွဲဝင်ကြမည် ဖြစ်သည်။ ကျည်ဆန်များသည် လူရွေးပြီး သတ်ဖြတ်လေ့ မရှိချေ။
ဤလူများက အတွင်းသို့ ဝင်ရောက်လာရန် ပြင်ဆင်နေချိန်တွင် စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များသည် ၎င်းတို့ ကြိုတင်ပြင်ဆင်ထားသော ဒိုင်းလွှားများကို ထုတ်ယူကာ စက်ဝိုင်းပုံစံ ဖန်တီး၍ အပြင်ဘက်မှ ပိတ်ဆို့တားဆီးလိုက်ကြလေသည်။
အဇူရာနန်းတော်မှ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ လေးဦးသည် ချက်ချင်းပင် ပြေးဝင်သွားကြ၏။ လက်နက်များ တလက်လက် တောက်ပနေမှုနှင့်အတူ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပေသည်။ ငါးမိနစ်ပင် မပြည့်မီမှာပင် ထိုသူများအားလုံး သေဆုံးသွားခဲ့ကြလေပြီ။
မစ္စတာဝမ်၏ မျက်နှာမှာ အလွန်အမင်း မှိုင်းညို့သွားခဲ့၏။ ၎င်းမှာ သူ၏ ကိုယ်ပိုင် ပေါ့ဆမှုကြောင့်သာ ဖြစ်ပေသည်။
စစ်သေနာပတိက ဟွာရှနိုင်ငံတွင် မရှိသောကြောင့် သူလုပ်ချင်ရာကို လွတ်လွတ်လပ်လပ် လုပ်နိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ် လက်အောက်တွင် ဤမျှ အစွမ်းထက်သော ကျွမ်းကျင်သူများစွာ ရှိနေလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
သူ၏ မျက်လုံးများသည် ချန်ဖုန်းအပေါ်သို့ စူးစိုက်ကျရောက်နေခဲ့၏။
အချိန်အတန်ကြာပြီးနောက် သူသည် ရုတ်တရက် သက်ပြင်းချကာ ပြောဆိုလိုက်သည်။
"နည်းပြချန်က တကယ်ကို စေ့စပ်သေချာတာပဲ... ဒီနေ့ ငါပေါ်လာမယ်ဆိုတာ မင်း ကြိုသိနေခဲ့တာလား... ဒီညစာစားပွဲက ငါ့အတွက် ထောင်ချောက်ဆင်ထားတာ မဟုတ်လား..."
ချန်ဖုန်းက သူ့ကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။ သူက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်၏။
"မင်းနောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ... ငါ့မိဘတွေကို သတ်သွားတဲ့သူတွေက မင်းရဲ့ အပေါင်းအပါတွေလား..."
"ငါ့ရဲ့ အပေါင်းအပါတွေ ဖြစ်မှရမှာလား... ငါကသတ်လိုက်တဲ့ သူတစ်ယောက်ရော မဖြစ်နိုင်ဘူးလား..."
မစ္စတာဝမ်က မဲ့ပြုံးပြုံးလျက် မေးမြန်းလိုက်သည်။
ချန်ဖုန်းက ခေါင်းခါလိုက်၏။
"မင်း လုံးဝမဖြစ်နိုင်ဘူး... မင်းက အရမ်း အားနည်းလွန်းတယ်... အဲဒီတုန်းက ငါ့အဖေဟာ နိုင်ငံရဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်ခဲ့တာ... မင်း သူ့ကို မသတ်နိုင်ပါဘူး..."
ဤစကားကြောင့် မစ္စတာဝမ်သည် ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပေ၏။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ၎င်းထံသို့ လျင်မြန်စွာ ချဉ်းကပ်လာချိန်တွင် သူကအံကြိတ်လျက် ပြောဆိုလိုက်သည်။
"နည်းပြချန်... ရိုးရိုးသားသား ပြောရရင် မင်းရဲ့လူတွေသာ မပါဘူးဆိုရင် မင်းတစ်ယောက်တည်း ငါ့ကို ဖမ်းနိုင်မယ်လို့ ထင်နေတာလား... မင်းရဲ့ စွမ်းရည်က ပင်မနတ်ဘုရားအဆင့်လောက်ပဲ ရှိမှာပါ... ငါကလည်း ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူပဲ... ဒါပေမဲ့ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်နိုင်ဘူး... ငါတို့ တစ်ယောက်ချင်း ယှဉ်တိုက်ကြမယ်... တကယ်လို့ မင်းနိုင်ရင် ငါသိသမျှ အကုန်လုံးကို ပြောပြမယ်... တကယ်လို့ မင်းရှုံးရင်တော့ ငါ့ကို လွှတ်ပေးရမယ်... ဘယ်လိုလဲ..."
သူက စကားပြောနေစဉ်မှာပင် သူသည် ရုတ်တရက် လက်ပစ်ဗုံးတစ်လုံးကို ထုတ်ယူလိုက်ပေ၏။ ထို့နောက် သူက လှောင်ပြုံးပြုံးလျက် ပြောဆိုလိုက်သည်။
"တကယ်လို့ မင်း သဘောမတူဘူးဆိုရင် ငါသေသွားရင်တောင် မင်းကို ဘာမှပြောပြမှာ မဟုတ်ဘူး..."
"အော်..."
ချန်ဖုန်းက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေ၏။ သူ၏ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ချိန်မှာပင် သူ၏ အငွေ့အသက်များသည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး နေရာတစ်ခုလုံးသည် အေးစက်သော လေထုဖြင့် ပြည့်နှက်သွားသကဲ့သို့ ဖြစ်သွားတော့သည်။
"ပင်မနတ်ဘုရားအဆင့်လား..."
မစ္စတာဝမ်သည် ချက်ချင်းပင် သက်ပြင်းချလိုက်မိ၏။ သူ ခန့်မှန်းထားသည့်အတိုင်း တစ်ဖက်လူ၏ စွမ်းရည်သည် မကြာသေးမီကမှ ပင်မနတ်ဘုရားအဆင့်သို့ ရောက်ရှိထားခြင်း ဖြစ်သဖြင့် တော်သေးပေသည်။ အကယ်၍ တစ်ယောက်ချင်း ယှဉ်တိုက်ရမည်ဆိုပါက သူ ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိလေ၏။
သူသည် အရာအားလုံးကို အသေအချာ တွေးတောထားပြီး ဖြစ်ပေသည်။ အကယ်၍ ချန်ဖုန်းက နောက်ပိုင်းတွင် တစ်ယောက်ချင်း ယှဉ်တိုက်ရန် သဘောတူပါက သူက ချန်ဖုန်းအား ချက်ချင်း ဖမ်းဆီးမည် ဖြစ်၏။ ဤနည်းဖြင့်သာ သူက ဘေးကင်းစွာ ထွက်ခွာနိုင်မည် ဖြစ်သည်။
ချန်ဖုန်းက သူ့ကို လွှတ်ပေးလိမ့်မည်ဟု သူ မထင်မှတ်ထားသလို အရူးတစ်ယောက်ကသာ ထိုကဲ့သို့သော အာမခံချက်မျိုးကို ယုံကြည်ပေလိမ့်မည်။
ဤအချိန်၌ ချန်ဖုန်း၏ အငွေ့အသက်များသည် ဆက်လက်မြင့်တက်လာခဲ့၏။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အဆောက်အအုံများကို ထိုးဖောက်ကာ တိမ်တိုက်များကို ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိသည့်အလား ဖြစ်နေပေသည်။ အဆိုပါ အားကောင်းသော အငွေ့အသက်များသည် လူတိုင်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကိုပင် ကမောက်ကမ ဖြစ်သွားစေခဲ့လေ၏။
"ဒါက..."
ယခုလေးတင် ထုတ်လွှတ်ထားသော မစ္စတာဝမ်၏ အငွေ့အသက်များသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေသည်။
ဧကရာဇ်အဆင့်တဲ့လား... ဒါက ဧကရာဇ်အဆင့် ကျွမ်းကျင်သူပဲ... အမြင့်ဆုံးပင်မနတ်ဘုရားအဆင့်ကိုတောင် ကျော်လွန်သွားတဲ့ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲ…
ယန်ရီနှင့် ပတ်ဝန်းကျင်ရှိ အခြားသူများ၏ မျက်လုံးများလည်း လင်းလက်သွားကြလေ၏။ ချန်ဖုန်း အလွန်အစွမ်းထက်ကြောင်းကိုသာ ၎င်းတို့ သိရှိထားသော်လည်း မြောက်ပိုင်းနယ်စပ်တွင် အတူတကွ တိုက်ပွဲဝင်ခဲ့စဉ်ကပင် သူ မည်မျှ အစွမ်းထက်ကြောင်းကို ၎င်းတို့ သေချာ မသိခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ချန်ဖုန်းသည် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများနှင့် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများကိုပါ ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းတို့အားလုံးနီးပါးကို တစ်ချက်တည်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သောကြောင့် ဖြစ်ပေသည်။
ဤအချိန်၌ ချန်ဖုန်း ထုတ်လွှတ်လိုက်သော အငွေ့အသက်များမှာ ဧကရာဇ်အဆင့်၏ အငွေ့အသက်များ ဖြစ်ကြောင်း ရှင်းလင်းနေပေ၏။
ဤသည်မှာ ချန်ဖုန်း၏ အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်သည်ဟု လူတိုင်း ထင်မှတ်နေချိန်မှာပင် သူ၏ အငွေ့အသက်များသည် ဆက်လက်မြင့်တက်လာခဲ့သည်။
သူသည် လွန်ခဲ့သော နှစ်ရက်ကတည်းက ခန္ဓာကိုယ်ကို အားဖြည့်နေခဲ့ခြင်း ဖြစ်ပေ၏။ ဤသည်မှာ သူ၏ စွမ်းရည်အားလုံးကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်သော ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
‘ဧကရာဇ်အဆင့်ဆိုတာ ဒါမျိုးလား…’
ချန်ဖုန်းကိုယ်တိုင်ပင် သူ၏စွမ်းရည်သည် မည်သည့်အဆင့်တွင် ရှိနေကြောင်းကို သေချာမသိခဲ့ချေ။ သူ နေ့စဉ် သူ၏ ခန္ဓာကိုယ်ကို အားဖြည့်နေခဲ့ကြောင်းကိုသာ သူ သိရှိထားပေ၏။ သူက ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း ထပ်မံလှမ်းလိုက်သည်။
ယခုအခါ သူသည် မစ္စတာဝမ်၏ အနီးသို့ ရောက်ရှိနေပြီဖြစ်ကာ ၎င်းတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်လုနီးပါး ဖြစ်နေလေပြီ။
အဇူရာနန်းတော်မှ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူများဖြစ်စေ...
အကြီးအကဲသုံးဦးဖြစ်စေ...
စစ်ဘက်ဆိုင်ရာဌာနမှ တပ်မှူး ယွင်ကျဲ့နှင့် အခြားသူများဖြစ်စေ... အားလုံးက သူ့အတွက် စိုးရိမ်ပူပန်နေကြပေ၏။
မစ္စတာဝမ်က သူ၏ လက်ထဲရှိ လက်ပစ်ဗုံးကို ဖောက်ခွဲလိုက်သည်နှင့် တစ်ပြိုင်နက် စစ်ဘက်ဆိုင်ရာဌာန၏ နည်းပြချုပ်သည် သေဆုံးမသွားလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။
သို့သော် သိသာထင်ရှားစွာပင် မစ္စတာဝမ်၏ အာရုံသည် ထိုအရာအပေါ်တွင် မရှိတော့ချေ။ သူသည် ချန်ဖုန်း၏ အငွေ့အသက်များကြောင့် ဆွဲဆောင်ခံထားရဆဲ ဖြစ်လေ၏။
"အခုရော ဘယ်လိုလဲ..."
ချန်ဖုန်း၏ အငွေ့အသက်များသည် ပိုမို ပြင်းထန်လာခဲ့သည်။ လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရပြီး အားကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပိတ်လှောင်ခံထားရသည့်အလား မည်သူမျှ မလှုပ်ရှားနိုင်တော့သလို လှုပ်ရှားရန်လည်း မရဲဝံ့တော့ချေ။
"မဟာဧကရာဇ်အဆင့်လား..."
မစ္စတာဝမ်သည် အလွန်အမင်း ထိတ်လန့်သွားပြီး စကားပင် မပြောနိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် တုန်ရီနေပြီး အသက်ရှူရန်ပင် အလွန် ခက်ခဲလာသကဲ့သို့ ဖြစ်နေလေ၏။ ဤသည်မှာ သူ လုံးလုံးလျားလျား တည်ငြိမ်မှု ပျက်ပြားသွားသော ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။
ချန်ဖုန်း၏ အငွေ့အသက်များသည် ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး မဟာဧကရာဇ်အဆင့်၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားတော့မည်ကို သူ ရှင်းလင်းစွာ ခံစားနေရပေ၏။
ဤအခိုက်အတန့်တွင် အဇူရာနန်းတော်၏ အဖွဲ့ဖြစ်စေ စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များဖြစ်စေ အားလုံးမှာ နက်နက်ရှိုင်းရှိုင်း လှုပ်ရှားသွားကြလေသည်။
မဟာဧကရာဇ်အဆင့်ရှိ အစွမ်းထက်သော ကျွမ်းကျင်သူတဲ့လား…
တစ်နိုင်ငံလုံးတွင် မဟာဧကရာဇ်အဆင့်ရှိသော လျှို့ဝှက်ကျွမ်းကျင်သူများ ရှိ၊ မရှိကို ၎င်းတို့ မသိကြသော်လည်း မည်သို့ပင်ဖြစ်စေ ပြင်ပလောကတွင် ဤအဆင့်ရှိသူများ အလွန်နည်းပါးလှပေသည်။
ယခင် အဇူရာနန်းတော်၏ သခင် ပိုင်ရိဟန် ပင်လျှင် သူ့အတွက် ဘာမှမဟုတ်တော့ကြောင်း ရှင်းလင်းနေပေ၏။
"အခု... မင်း ငါနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်ချင်သေးလား..."
ချန်ဖုန်းက ရုတ်တရက် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် မစ္စတာဝမ်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်၏။ သူ၏ လှုပ်ရှားမှုမှာ နှေးကွေးနေသော်လည်း မစ္စတာဝမ်၏ မျက်လုံးထဲတွင်မူ ၎င်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်နေပြီး သူ့အနေဖြင့် ရှောင်တိမ်းရန် လမ်းစမရှိခဲ့ချေ။ လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ပေ။
သူ၏ လက်ထဲတွင် အေးစက်သော အလင်းရောင်တစ်ခု တလက်လက် တောက်ပသွားခဲ့၏။ မစ္စတာဝမ်၏ လက်ပစ်ဗုံးကို ကိုင်ဆောင်ထားသော လက်ကောက်ဝတ်မှာ ဖြတ်တောက်ခံလိုက်ရလေပြီ။
လက်ပစ်ဗုံးမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များက ၎င်းကို အလျင်အမြန် ရှင်းလင်းဖယ်ရှားလိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် စနက်တံကို မဖြုတ်ရသေးသောကြောင့်သာ ပေါက်ကွဲမသွားခြင်း ဖြစ်ပေ၏။
ထိုအခါမှသာ လူတိုင်း သက်ပြင်းချနိုင်ကြတော့သည်။
ပြင်းထန်သော နာကျင်မှုကြောင့် မစ္စတာဝမ်မှာ အသက်ရှူမဝဖြစ်သွားပြီး သူ၏ နဖူးတွင် ချွေးများ ပြည့်နှက်သွားလေ၏။ သို့သော် သူက သွားကြိတ်ထားပြီး မည်သည့်အသံမျှ မထွက်ပေါ်စေခဲ့ချေ။ သူ၏ မျက်နှာမှာ ရဲရဲနီနေပေသည်။
ချန်ဖုန်း၏ အားကောင်းသော အငွေ့အသက် ဖိအားအောက်တွင် သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် မျှော်လင့်ချက် ရှိနိုင်မည် မဟုတ်ချေ။
"ပြောစမ်း... မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ... ပြီးတော့ အဲဒီတုန်းက ငါ့မိဘတွေကို ဘယ်သူ သတ်ခဲ့တာလဲ..."
"ငါ... ငါ မသိဘူး..."
မစ္စတာဝမ်မှာ တုန်ရီနေခဲ့၏။
တစ်ဖက်လူမှာ အသက် နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။ သူ၏ နောက်ကွယ်ရှိ လူပင်လျှင် ဤကဲ့သို့သော အရည်အချင်းမျိုး ရှိမည်ဟု သူ မထင်မှတ်ထားချေ။
"ငါ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး... ငါတို့ တွေ့တဲ့အချိန်တိုင်း သူက မျက်နှာဖုံး တပ်ထားတာ... ငါက သူ့ရဲ့ လက်အောက်ငယ်သား အများကြီးထဲက တစ်ယောက်ပါပဲ... ချန်... နည်းပြချန်... ငါ တကယ် ဘာမှမသိဘူး... အဲဒီလူက အရမ်း သတိကြီးတယ်... ဒီနှစ်တွေထဲမှာ သူက နောက်လိုက် အတော်များများကို မွေးမြူထားခဲ့ပေမဲ့ သူ့ရဲ့ မျက်နှာအစစ်ကို မြင်ဖူးတဲ့သူ အရမ်းရှားတယ်..."