အခန်း ၂၆၉
Vol. 27 Ch. 269
အခန်း (၂၆၉) နောက်ကွယ်မှလူ
"ဟင်..."
ချန်ဖုန်းက မျက်ခုံးပင့်လိုက်၏။
မစ္စတာဝမ်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရပြီး အလျင်အမြန် ပြောဆိုလိုက်သည်။
"ငါ တကယ် မသိတာပါ... အဲဒီတုန်းက မင်းအဖေ သေသွားတယ်ဆိုတာကိုပဲ ငါ သိတယ်... ဒါပေမဲ့ မင်းအမေက မသေခဲ့ဘူး... အဲဒီတုန်းက သူမရဲ့ အလောင်းကို ငါတို့ထဲက ဘယ်သူမှ မမြင်ခဲ့ဘူး..."
"ဘာ..."
ချန်ဖုန်း လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့ပေ၏။
‘အမေက မသေခဲ့ဘူးတဲ့လား... တကယ်လို့ သူသာ မသေခဲ့ရင် ဘာလို့ ဒီနှစ်တွေတစ်လျှောက်လုံး အိုယန်မိသားစုဆီ ပြန်မလာခဲ့ရတာလဲ…’
မစ္စတာဝမ် ပြောခဲ့သည့် စကားများကို သူ လုံးလုံးလျားလျား မယုံကြည်နိုင်ချေ။
သို့သော် ဤအချိန်၌ သူ့ကို လိမ်လည်ပြောဆိုရန် အကြောင်းပြချက် မရှိပေ။
"အော်... ဟုတ်တယ်... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်..."
ချန်ဖုန်းက သူ့ကို လွှတ်မပေးမည်ကို စိုးရိမ်သဖြင့် မစ္စတာဝမ်က အလျင်အမြန် ပြောဆိုလိုက်၏။
"အဲဒီတုန်းက မင်းအဖေကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ငါတို့အဖွဲ့ မဟုတ်ဘူး... သူတို့က ပိုပြီး အစွမ်းထက်တယ်... ငါတို့ထဲက ဘယ်သူမှ ခေါင်းဆောင်ကို မမြင်ဖူးကြပေမဲ့ ငါတို့အားလုံး သူ့ကို မစ္စတာပေ့ လို့ ခေါ်ကြတယ်..."
"မစ္စတာပေ့ ဟုတ်လား..."
ချန်ဖုန်းက တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားလေသည်။ သူသည် အစောပိုင်းက ရှန်ကွမ်ဖန်ယွင် ပေးထားခဲ့သော တိုကင်ကို အလျင်အမြန် ထုတ်ယူလိုက်၏။ ၎င်း၏ အပေါ်တွင် "ပေ့" (မြောက်) ဟူသော စာလုံး ပါရှိနေပေသည်။
"ဒါကို မင်း အရင်က မြင်ဖူးလား..."
"ငါ... ငါ မြင်ဖူးတယ်..."
မစ္စတာဝမ် စကားပြောရန် ပြင်လိုက်ချိန်မှာပင် သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့၏။
"ဒိုင်း..."
ဒါက စနိုက်ပါရိုင်ဖယ်ပဲ…
အားကောင်းသော ကျည်ဆန်တစ်တောင့်သည် ပြတင်းပေါက်မှတစ်ဆင့် တိုက်ရိုက် ပျံသန်းလာပြီး မစ္စတာဝမ်၏ နားထင်ကို ချက်ချင်း ထိမှန်သွားလေသည်။ တစ်ချက်တည်းနှင့်ပင် သူ သေဆုံးသွားခဲ့ပြီ ဖြစ်ပေ၏။
ထိုပစ်ခတ်မှုမှာ အလွန် ရုတ်တရက်ဆန်လွန်းလှသည်။ ထို့အပြင် ၎င်းမှာ အဆင့်မြှင့်တင်ထားသော ကျည်ဆန်ဖြစ်ပေ၏။
ချန်ဖုန်းပင်လျှင် ခဏတာ အံ့အားသင့်သွားခဲ့ရသည်။ သူ၏ အာရုံမှာ မစ္စတာဝမ်အပေါ်တွင်သာ ရှိနေခဲ့သောကြောင့် အပြင်ဘက်ရှိ စနိုက်ပါသမားကို လုံးလုံးလျားလျား လျစ်လျူရှုထားမိခဲ့ခြင်း ဖြစ်ပေသည်။ ပြိုင်ဘက်မှာ သေချာပေါက် ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်လေ၏။
"ဒီနေရာကို ရှင်းလင်းပေးပါဦး..."
ချန်ဖုန်း၏ အကြည့်များသည် မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံဆီသို့ ရုတ်တရက် လှည့်သွားခဲ့ပြီး ထိုအဆောက်အအုံ၏ အမြင့်ဆုံးနေရာတွင် အလင်းပြန်နေသော အစက်တစ်စက်ကို သူ မြင်တွေ့နိုင်ပေ၏။ သူ့ကို လက်ခလယ်ထောင်ပြနေသော ပုံရိပ်တစ်ခုကိုပင် သူ ဝေဝါးဝါး မြင်တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့၏။
ယန်ရီသည် သေဆုံးနေပြီဖြစ်သော မစ္စတာဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာတစ်ထောင်မြေခွေးအား မေးမြန်းလိုက်သည်။
"မင်းက သတင်းအချက်အလက်ပိုင်းကို တာဝန်ယူထားတာဆိုတော့ သူ့ရဲ့ သရုပ်မှန်ကို စုံစမ်းလို့ရမလား..."
"စုံစမ်းလို့ မရဘူး..."
မျက်နှာတစ်ထောင်မြေခွေးက ခေါင်းခါလိုက်၏။
"ဒီလူတွေက ငယ်ငယ်ကတည်းက လေ့ကျင့်ခံထားရတာ ဖြစ်နိုင်တယ်... သူတို့ရဲ့ အမှတ်အသားတွေနဲ့ အချက်အလက်တွေကို မှတ်ပုံတင်ထားတာ မရှိဘူး... ဆိုလိုတာက သူတို့က မှတ်ပုံတင်မထားတဲ့ လူတွေပဲ..."
"အရင်ဆုံး နေရာကို ရှင်းလင်းကြတာပေါ့..."
ယန်ရီက သက်ပြင်းချလိုက်သည်။
ဤစစ်ဆင်ရေးမှာ အထူးတလည် အကျိုးဖြစ်ထွန်းမှု မရှိခဲ့ချေ။ အကျိုးအမြတ် လုံးဝမရှိဘူးဟု ဆိုရမည်ဆိုလျှင်လည်း အကျိုးအမြတ် အချို့တော့ ရှိခဲ့ပေ၏။
မစ္စတာပေ့ တဲ့လား... ဟွာရှနိုင်ငံအတွင်းမှာ ပေ့ ဆိုတဲ့ မျိုးရိုးနာမည်နဲ့ အစွမ်းထက်တဲ့ အဖွဲ့အစည်း မရှိသလောက်ပါပဲ…
သူ၏ဘေးရှိ အကြီးအကဲသုံးဦးသည် ချန်ဖုန်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ၎င်းတို့၏ မျက်လုံးများတွင် နက်နက်ရှိုင်းရှိုင်း ကျေနပ်အားရမှုများ ပြည့်နှက်နေခဲ့ပေ၏။
အဲဒီတုန်းက သူတို့ရဲ့ သခင်က ဧကရာဇ်အဆင့်လောက်ပဲ ရှိခဲ့တာ... သခင်လေးက အသက် သုံးဆယ်တောင် မပြည့်သေးဘဲ ဒီလို အောင်မြင်မှုမျိုး ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး...
၎င်းတို့မှာ အလွန် စိတ်လှုပ်ရှားနေခဲ့ကြလေသည်။
အဲဒီတုန်းက သခင် အသတ်ခံခဲ့ရတယ်ဆိုတဲ့ အချက်က ရန်သူဟာ အရမ်း အစွမ်းထက်ခဲ့တယ်ဆိုတာကို ပြသနေပေ၏။ ချန်ဖုန်းက အဲဒီတုန်းက ဖြစ်ရပ်ကို စတင်စုံစမ်းချိန်တွင် အဇူရာနန်းတော်၏ အကြီးအကဲသုံးဦးသည် ချန်ဖုန်း၏ စွမ်းရည်မှာ ရန်သူကို ရင်ဆိုင်ရန် မလုံလောက်မည်ကို စိုးရိမ်ခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ ၎င်းတို့ သက်သာရာရသွားခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် သခင်လေးသည် တိုးတက်နေဆဲဖြစ်ပြီး သူ၏ စွမ်းရည်များသည်လည်း ဆက်လက်မြင့်တက်လာနိုင်သေးသောကြောင့် ဖြစ်ပေသည်။
အဆောက်အအုံတစ်ခု၏ ခေါင်မိုးထက်၌
စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်ထားသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် ရုတ်တရက် ထိတ်လန့်သွားပုံရပေ၏။ ယနေ့အတွက် သူ၏ မူလတာဝန်မှာ မစ္စတာဝမ် ကျရှုံးပြီးနောက် သူ့ကို သတ်ဖြတ်ရန် အခွင့်အရေးရှာရန် ဖြစ်ပေသည်။ သူသည် သူ၏တာဝန်ကို အစပိုင်းက ပြီးပြည့်စုံစွာ ထမ်းဆောင်နိုင်ခဲ့၏။
ယခုလေးတင် ချန်ဖုန်းက သူ့ကို အဝေးမှ လှမ်းကြည့်လိုက်သည့် အချိန်အထိပင်။
ထိုအကြည့်တစ်ချက်သည် အကန့်အသတ်မရှိသော မျက်လှည့်ပညာတစ်ခု ပိုင်ဆိုင်ထားသည့်အလား သူ့ကို ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရစေသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းကပင် သူ ထွက်ပြေးချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့ပေသည်။
“ဘာတွေဖြစ်သွားတာလဲ... ငါတို့က မီတာရာနဲ့ချီ ကွာဝေးနေတာလေ...
ကိစ္စမရှိပါဘူး... ငါက မီတာရာနဲ့ချီ မြင့်တဲ့ အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ ရှိနေတာ... တစ်ဖက်လူ အပေါ်တက်လာဖို့ အချိန်အတော်ကြာ ယူရမှာပဲ…”
"စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ် ဟုတ်လား... မင်းက ငါ့ကို ဒီလောက် လွယ်လွယ်နဲ့ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား..."
အမျိုးသားက ပြုံးလိုက်သည်။
စနိုက်ပါရိုင်ဖယ်၏ အစိတ်အပိုင်းများကို လျင်မြန်စွာ ဖြုတ်ချကာ သေတ္တာတစ်လုံးထဲသို့ ထည့်လိုက်၏။
ထိပ်တန်းစနိုက်ပါသမား တစ်ဦးအနေဖြင့် သူ၏ စနိုက်ပါရိုင်ဖယ်မှာ အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ကျည်ဆန်များနှင့် မှန်ပြောင်းမှာလည်း တစ်ခုတည်းသော အရာများ ဖြစ်ပေသည်။
ထို့ကြောင့် လက်နက်များကို အချိန်တိုင်း သယ်ဆောင်ထားရမည် ဖြစ်၏။
သူ ကြိုတင်ပြင်ဆင်ထားသော လမ်းကြောင်းအတိုင်း ထွက်ပြေးရန် ပြင်လိုက်ချိန်မှာပင် ထက်မြက်သော ဓားတစ်လက်က သူ့ကို နောက်ကျောမှ ထိုးစိုက်လိုက်သကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေသည်။
သူက အလျင်အမြန် လှည့်ကြည့်လိုက်၏။
ထို့နောက် သူသည် ချက်ချင်းပင် အလွန်အမင်း ထိတ်လန့်သွားပြီး စကားပင် မပြောနိုင်တော့ချေ။
"မင်း... မင်းက ဘယ်လိုလုပ်ပြီး..."
ပတီးရိုဆော (ပျံသန်းနိုင်သော ဒိုင်နိုဆော) သည် ကောင်းကင်ယံသို့ ပျံသန်းလာပြီး အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့လေသည်။
ချန်ဖုန်းက ထိုပတီးရိုဆော၏ ကျောပေါ်တွင် ရပ်နေခဲ့၏။
မြောက်ပိုင်းနယ်စပ်မှ ပြန်လာကတည်းက ပတီးရိုဆောသည် ချန်ဖုန်းနှင့်အတူ ကျိုတိုအထိ လိုက်ပါလာခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းသည် ပုံမှန်အားဖြင့် ကောင်းကင်ယံတွင် မြင့်မားစွာ ပျံသန်းနေလေ့ရှိပြီး မည်သူကမျှ ၎င်းကို သတိမထားမိနိုင်ချေ။
ယခုလေးတင် ချန်ဖုန်းက ပတီးရိုဆောကို ညွှန်ကြားလိုက်ရာ စက္ကန့်သုံးဆယ်ပင် မပြည့်မီမှာပင် ၎င်းတို့သည် အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားခဲ့လေပြီ။
သူ့ထံသို့ ချန်ဖုန်း အလျင်အမြန် ပြေးဝင်လာသည်ကို မြင်လိုက်ရချိန်တွင် ထိုအမျိုးသားမှာ အလွန်အမင်း ကြောက်လန့်သွားပြီး ရူးသွပ်လုနီးပါး ဖြစ်သွားတော့၏။
“အဲဒါက ငှက်လား... ဒါက ဘာမိစ္ဆာကောင်ကြီးလဲ…”
သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် နောက်သို့ ဆုတ်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ စနိုက်ပါရိုင်ဖယ်ကို စက္ကန့်အနည်းငယ်အတွင်း ပြန်လည်တပ်ဆင်လိုက်လေသည်။
သူက ချန်ဖုန်းထံသို့ တိုက်ရိုက် ပစ်ခတ်လိုက်၏။
"သေစမ်း..."
ချန်ဖုန်း၏ အငွေ့အသက်များသည် အလွန်အမင်း မြင့်တက်သွားခဲ့သည်။ သူ၏ လက်ထဲတွင် ဓားကြီးတစ်လက် ရုတ်တရက် ပေါ်လာခဲ့၏။ ယခင်က စနစ်မှ ဆုချထားသော ဓားကြီးပင်။
ထို့နောက် သူက ဒေါသတကြီး ခုတ်ပိုင်းလိုက်လေသည်။ အဆင့်မြှင့်တင်ထားသော ကျည်ဆန်သည် နှစ်ပိုင်းပြတ်သွားပြီး ပြင်းထန်သော အင်အားက လေထဲတွင် လေပြင်းတစ်ချက် ဖန်တီးလိုက်ကာ အမျိုးသား၏ လက်မောင်းကို ပခုံးမှနေ၍ ဖြတ်တောက်ပစ်လိုက်တော့၏။
"ပြောစမ်း... မစ္စတာပေ့ ဆိုတာ ဘယ်သူလဲ..."
ချန်ဖုန်းသည် အမျိုးသား၏ရှေ့သို့ လျှပ်တစ်ပြက် ရောက်ရှိလာပြီး သူ၏ ရင်ဘတ်ပေါ်သို့ နင်းထားလိုက်ပြီး မေးလိုက်သည်။
"ဟက်... ဟက်ဟက်... မင်းက မစ္စတာပေ့ ရဲ့ သရုပ်မှန်ကို ဘယ်တော့မှ သိရမှာ မဟုတ်ဘူး..."
"စကားတွေ အရမ်းများတာပဲ..."
ချန်ဖုန်းက သူ၏ ခြေထောက်ဖြင့် အင်အားသုံးကာ ထိုအမျိုးသား၏ လည်ပင်းကို နင်းချိုးလိုက်သည်။
တစ်ဖက်လူက မေးခွန်းများ ဆက်မမေးတော့ဘဲ သူ့ကို ရိုးရှင်းစွာ သတ်ပစ်လိမ့်မည်ဟု မထင်မှတ်ထားသကဲ့သို့ ထိုအမျိုးသား၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပေသည်။
"ခေါင်မိုးပေါ်က အလောင်းကို ရှင်းဖို့ လူတစ်ယောက် ရှာပေးပါဦး..."
ကျန်းထျန်ရှန်းထံ ဖုန်းခေါ်ဆိုပြီးနောက် ချန်ဖုန်းသည် အဆောက်အအုံ၏ ခေါင်မိုးပေါ်မှ ထပ်မံပျောက်ကွယ်သွားခဲ့လေ၏။
ဖုန်းကို ဖြေကြားနေစဉ် ကျန်းထျန်ရှန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
“ငါက ဘယ်အချိန်ကစပြီး ဒီကောင်လေးရဲ့ ပြဿနာတွေကို ရှင်းပေးရတဲ့ နောက်လိုက် ဖြစ်သွားရတာလဲ…”
နောက်ပိုင်းအချိန်များတွင် ချန်ဖုန်းသည် အိုယန်မိသားစုထံသို့ အလျင်အမြန် ပြန်လာခဲ့ပြီး လဲ့ယန်ထံတွင် တိုးတက်မှုများ ရှိမရှိ သိရှိလိုပေ၏။
"နန်းတော်သခင်..."
လဲ့ယန်က ဓားကြီးကို ကိုင်ဆောင်ထားသည်။ သူက မိမိကိုယ်ကိုယ် အပြစ်တင်သည့်ဟန်ဖြင့် ပြောဆိုလိုက်၏။
"အစောပိုင်းက လူတစ်စု အိုယန်မိသားစုထဲကို ဝင်ရောက်လာခဲ့ပေမဲ့ ခေါင်းဆောင်ကလွဲပြီး ကျန်တဲ့သူတွေ အကုန်လုံးကို ကျွန်တော်တို့ သတ်ပစ်လိုက်ပါတယ်... ဒါပေမဲ့ အခုလေးတင်ပဲ... ခေါင်းဆောင်က သူ့ကိုယ်သူ အဆိပ်ခတ်ပြီး သတ်သေသွားပါတယ်... နောက်ပိုင်းမှ သူတို့တစ်ယောက်ချင်းစီရဲ့ သွားတစ်ချောင်းမှာ အဆိပ်စွယ်တစ်ခုစီ ရှိနေပြီး တာဝန်ကျရှုံးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အဲဒါကို အသုံးပြုကြတယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရပါတယ်..."
"ထားလိုက်ပါတော့..."
ချန်ဖုန်းက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဒီလူတွေက အရမ်းမစွမ်းထက်ပါဘူး... သူတို့က သာမန် နောက်လိုက်တွေပဲ ဖြစ်နိုင်တယ်... သူတို့ကို ဖမ်းမိရင်တောင် သူတို့ဆီကနေ ဘာသတင်းမှ ရနိုင်မှာ မဟုတ်ဘူး…”
ယနေ့ သူသိခဲ့ရသော တစ်ခုတည်းသောအရာမှာ သူ၏ မိခင် အသက်ရှင်နေနိုင်သေးသည် ဟူသောအချက်ပင် ဖြစ်ပေ၏။
နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ နောက်ကွယ်မှလူသည် ပေ့ ဆိုသော မျိုးရိုးနာမည် ရှိနိုင်သည် သို့မဟုတ် ပေ့ ဆိုသော စာလုံးနှင့် သက်ဆိုင်နိုင်ခြင်းပင်။
ယခုအခါ အနည်းဆုံးတော့ သူ့တွင် သဲလွန်စတစ်ခု ရှိနေပြီဖြစ်ရာ ၎င်းမှာ တကယ်ကို ကြီးမားသော အကျိုးအမြတ်တစ်ခု ဖြစ်လေသည်။
အခင်းဖြစ်ပွားပြီး နာရီဝက်အတွင်း ဟွမ်ဟောင်ဟိုတယ်ရှိ စစ်ဘက်ဆိုင်ရာဌာနမှ ဝန်ထမ်းများသည် အလောင်းကို ရှင်းလင်းဖယ်ရှားကာ သတင်းများကို ပိတ်ဆို့လိုက်ကြ၏။ ဤသည်မှာ ပြည်သူလူထုအကြား ထိတ်လန့်တုန်လှုပ်မှု မဖြစ်ပေါ်စေရန်အတွက်လည်း ဖြစ်ပေသည်။