ဘယ်လို ဆန်းကြယ်ဒုက္ခမျိုး ကျန်နေသေးမလဲ ကြည့်ရတာပေါ့
Vol. 142 Ch. 1957
ဝမ်လင်းက ခေါင်းခါလိုက်၏။ သူသည် တခြားသူများ ဆန်းကြယ်ဒုက္ခများကို မည်သို့ ဖြတ်ကျော်ခဲ့တာကို မသိပေ။ သို့သော် ဒီနှင်းများက သူ၏အနှစ်သာရခန္ဓာကိုယ်ကို မချိုးဖျက်နိုင်သလို လေပြင်းကလည်း သူ့ရုပ်ပိုင်းခန္ဓာကိုယ်ကို မချိုးဖျက်နိုင်ပေ။
သူ၏ခန္ဓာကိုယ်မှာ အရင်နှင့် မတူတော့ပေ။ အစိမ်းရောင်ဝတ်ရုံအဘိုးအိုက သူ့ကို အားဖြည့်တင်းပေးခဲ့သည့်နောက် သူ၏ခန္ဓာကိုယ်သည် အလွန်သန်မာရုံသာမက ကြံ့ခိုင်မာကြောမှု ရှိလာခဲ့၏။ ထို့အတွက် ဒီလေပြင်းက သူ၏ခန္ဓာကိုယ်အပေါ် သက်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်ပြီး သူ့ပတ်လည်ရှိ မုန်တိုင်းထံ ဆန့်ထုတ်သည်။ သူက ၎င်းကို သာမကာလျှံကာ ဆုတ်ဖြဲလိုက်၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ ဝမ်လင်း၏ ဆုတ်ဖြဲအားအောက်တွင် မုန်တိုင်းအလွှာများသည် လုံးဝ ပျက်စီးကာ ပျောက်ကွယ်သွား၏။
လေများ ပြန့်ကြဲသွား၏။ ဝမ်လင်းသည် နေရာတွင် ထိုင်ကာ အရက်ဆက်သောက်နေသည်။ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်က သူ၏နောက်တွင် ရပ်ကာ ကောင်းကင်ထက်သို့ အေးစက်စက် ကြည့်နေ၏။
မကြာမီတွင် ဆန်းကြယ်ဒုက္ခတိမ်တိုက်တစ်ခုက ကောင်းကင်ယံ၌ ပြည့်လာ၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟိန်းထွက်ပေါ်နေပြီး မိုးကြိုးတန်းများက ကောင်းကင်ထက်တွင် ရွှေ့လျားပြီး အောက်ဘက်ရှိ မြေကမ္ဘာကို လင်းထင်းစေသည်။
အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် ထိုနှင်းနှင့်လေပြင်း ဒုက္ခများ ပြီးမြောက်သွားသည်ကို မျက်မြင်တွေ့ကြရ၏။ သူတို့သည် ခုခါ၌ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။
မိုးကြိုးသံက ပိုပြင်းထန်အားကောင်းလာ၏။ အတိဒုက္ခတိမ်တိုက်များ ပို၍ ပေါ်ပေါက်လာကာ ကောင်းကင်တွင် ပြည့်ဖုံးသည်။ ယင်းတို့က အောက်ဘက်သို့ ဖိကျလာပြီး အတွင်း၌ လျှပ်စီးများက ပိုမို လှုပ်ရှားလာ၏။ တိမ်တိုက်များထံမှ ရူးသွပ်မှုနှင့် ရုန်းကြွမှုကို ဖော်ပြနေသည်။
သို့ပေမည့် ထိုအရာတို့မှာ ဝမ်လင်းကို မလှုပ်ရှားစေပေ။ သူက အရက်ကို တည်ငြိမ်စွာ သောက်နေပြီး ကောင်းကင်ထက်ရှိ တိမ်တိုက်များနှင့် မိုးကြိုးတို့ကို ကြည့်၏။ ရုတ်တရက် သူက ရယ်မောလိုက်သည်။
“မိုးကြိုးလား…” ဝမ်လင်းသည် ကောင်းကင်ထက်ရှိ တိမ်တိုက်များနှင့် မိုးကြိုးကို ထပ်ကြည့်သည်။ သူက ခေါင်းယမ်းကာ အရက်တငုံ သောက်လိုက်သည်။
သူ ခေါင်းခါယမ်းလိုက်သည့်အခါ ကောင်းကင်ထက်ရှိ တိမ်တိုက်များထံမှ ကျယ်လောင်စွာ မြည်ဟိန်းသံများ ထွက်ပေါ်လာ၏။ တိမ်တိုက်များ ရွှေ့လျားနေစဉ် ကောင်းကင်နှင့်မြေကြီး ချိတ်ဆက်ထားသော မိုးကြိုးတန်းက ဝမ်လင်းထံ သက်ဆင်းလာ၏။ ထိုမိုးကြိးတန်း၌ တုန်လှုပ်ဖွယ်စွမ်းအား ပါဝင်ကာ မျက်စိတမှိတ်အတွင်း ဝမ်လင်းကို သတ်ဖို့အတွက် နီးကပ်လာချေ၏။
“မင်း လုပ်ရဲလား…” ရုတ်တရက် ဝမ်လင်းက ခေါင်းမော့ကာ မာန်သွင်းဟစ်အော်လိုက်၏။
သူ၏အော်ဟိန်းသံက မိုးကြိုးသံထက် ကျော်လွန်ကာ အတိဒုက္ခတိမ်တိုက်များထံမှ တုန်ဟည်းသံများကိုပါ ဖိနှိပ်ပစ်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ မိုးကြိုးစိတ်ဆန္ဒ ပေါက်ကွဲထွက်လာသည်။ ဤသည်မှာ မိုးကြိုးအရှင်၏ စိတ်ဆန္ဒပင်။
ဆင်းသက်လာသော မိုးကြိုးက ရုတ်တရက် တုန်ယင်သွားကာ ဝမ်လင်းနျင့် ပေတစ်ထောင်သို့ ရောက်သည်နှင့် ၎င်းက နောက်ဆုတ်သွား၏။ ၎င်းသည် ဝမ်လင်းကို မတိုက်ခိုက်တော့သည့်အပြင် တိမ်တိုက်များဆီ အမှန်တကယ် ပြန်ဦးတည်သွားသည်။
“ငါ့မိုးကြိုးအနှစ်သာရဟာ ပြီးပြည့်စုံမှု ရှိလာတဲ့အခါကစလို့ ငါဟာ တခြားသူတွေအပေါ် မိုးကြိုး သက်ဆင်းစေနိုင်တယ်…” ဝမ်လင်းက သူ့ဘယ်လက်ကို မြှောက်ကာ တိမ်တိုက်များထံ ဆန့်ထုတ်သည်။ တိမ်တိုက်များသည် တုန်ယင်ကာ ဖိအားကို မခံနိုင်သည့်အလား ထင်ရသည်။ ယင်းတိမ်တိုက်များအတွင်းရှိ မိုးကြိုးအားလုံးသည် ဝမ်လင်းထံ ပျံသန်းလာကြသည်။
အဆုံးမဲ့မိုးကြိုးတို့က ဝမ်လင်း၏ဘယ်လက်ရှေ့တွင် စုဝေးကာ မိုးကြိုးလုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်လင်းက သူ့ဘယ်လက်ကို ဝေ့ယမ်း၏။ ထိုမိုးကြိုးလုံးက ကောင်းကင်ထက်သို့ ပျံသန်းတက်ကာ အတိဒုက္ခတိမ်တိုက်နှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟိန်း၏။ ဒုက္ခတိမ်တိုက်များ ပျက်စီးကုန်သည်။ လောကကို ဖုံးလွှမ်းနေသောအမှောင်ထုသည် ပျောက်ကွယ်သွားတော့သည်။
တတိယမြောက်ဆန်းကြယ်ဒုက္ခလည်း ပျက်စီးသွားလေပြီ။
ကီလိုမီတာထောင်ချီအဝေးရှိ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူဒါဇင်ကျော်သည် ဝမ်လင်းကို မမြင်ရပေ။ သို့သော် သူတို့က ဆန်းကြယ်ဒုက္ခသုံးခု ပြီးသွားပြီကို လွယ်ကူစွာ ခံစားမိ၏။ ၎င်းမှာ မယုံကြည်နိုင်ဖွယ် ကောင်းလှသည်။
ဆန်းကြယ်ဒုက္ခသုံးခု၏ စွမ်းအားက သာမန်သာ ဖြစ်၏။ မည်သည့်ကျင့်ကြံသူမဆို ယင်းတို့ကို ဖြတ်ကျော်ဖို့ သတ္တိရှိ၏။ သို့သော် ထိုသို့ လုပ်ဖို့ အချိန်ယူရပေသည်။ လူတစ်ယောက်သည် ဆန်းကြယ်ဒုက္ခသုံးခုကို တခါတည်း ဖြတ်ကျော်ဖို့အတွက် စွမ်းအင်များစွာ သုံးစွဲရ၏။
သို့သော် လွယ်ကူစွာ ဖြတ်ကျော်နိုင်သူများကတော့ ရှားလှပေ၏။
“ဒါဟာ အရှင်မိစ္ဆာကင်းမြှီးကောက်ပဲ ဖြစ်လိမ့်မယ်။ မဟုတ်ရင် လူတိုင်းအတွက် ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…”
“အရှင်မိစ္ဆာကင်းမြှီးကောက်ရဲ့ အဆင့်နဲ့ သူဟာ ဆန်းကြယ်ဒုက္ခတွေကို တွေ့ကြုံပြီးသားပဲ။ ဒါ့ကြောင့် သူ့အနေနဲ့ အခု ဒီဒုက္ခတွေကို ရင်ဆိုင်တဲ့အခါမှာ စိတ်အေးလက်အေး ရှိနေနိုင်တာပဲ…”
အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် လေးစားမှုကို ဖော်ပြကြ၏။ သူတို့သည် ဆန်းကြယ်ဒုက္ခဖိအား ပြည့်နေသော ဧရိယာသို့ လှမ်းကြည့်ကာ အရှင်အစိမ်းရောင်မိစ္ဆာထွက်လာမည်ကို စောင့်နေကြ၏။
ဝမ်လင်းကမူ ကင်းမြှီးကောက်၏ အမြှီးပေါ်၌ ထိုင်ကာ ကောင်းကင်ထက်သို့ ကြည့်နေဆဲ ဖြစ်၏။ အခုပြီးခဲ့သော ဆန်းကြယ်ဒုက္ခသုံးခုက သူ့ကို စိတ်ပျက်စေခဲ့၏။ သူသည် ခုချိန်၌ လေးခုမြောက်ဆန်းကြယ်ဒုက္ခ ရောက်လာမည်ကို စောင့်နေကာ ယင်းက မည်မျှ အစွမ်းထက်မည်ကို မြင်ချင်နေသည်။
ဝမ်လင်းသည် ဆန်းကြယ်ဒုက္ခများ၏ အလှတရားကို တည်ငြိမ်စွာ စောင့်ကြည့်နေလေ၏။
“လေးခုမြောက်ဆန်းကြယ်ဒုက္ခဟာ ဘယ်လိုအရာမျိုး ဖြစ်လိမ့်မလဲ…” သူက အရက်တငုံ သောက်လိုက်၏။
ထိုအခိုက်တွင် တည်ငြိမ်သောကောင်းကင်ထက်၌ မရေမတွက်နိုင်သော လှိုင်းဂယက်များ ပေါ်လာသည်။ ထိုဂယက်များက ပျံ့နှံ့ကာ မကြာမီအတွင်း ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။
ထို့နောက် ဖိအားတစ်ခု ပျံ့နှံ့လာကာ ဒီဧရိယာကို ခြုံလွှမ်း၏။ ပေတစ်သောင်းခန့် ဧရာမဗုံကြီးတစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာလေ၏။
ထိုဗုံ၏အနားစွန်းနှစ်ဖက်ကို မည်သည့်သတ္တုဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။ ၎င်းသည် အသံမပေးဘဲ ဆင်းသက်လာသော်လည်း ၎င်းထံမှ ရှေးကျသောအော်ရာတစ်ခုကို ပေးစွမ်းနေသည်။
ထိုဗုံပေါ်လာသည်နှင့် ဝမ်လင်းက အရက်အိုးကို ကိုင်ထားလျက် လှမ်းကြည့်သည်။
“နည်းနည်းတော့ စိတ်ဝင်စားစရာပဲ…” သူ ထိုသို့ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွား၏။
တချိန်တည်းမှာ ဗုံသံက စတင် ပဲ့တင်ထပ်လာ၏။ မရေမတွက်နိုင်သော လူများက အဘက်ဘက်ကနေ ထိုဗုံကို တီးခတ်လေသည့်အလား အသံလှိုင်းတစ်ခုကို ဖန်တီးသည်။
ထိုဗုံမှ အသံ ပဲ့တင်ထပ်လာခိုက်တွင် ဝမ်လင်း၏ အသွေးအသား၊ အရိုးနှင့် သွေးကြောများ တုန်ယင်သည်။ သူသည် ထိုဗုံသံက ဗုံ၏မျက်နှာပြင်မှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကနေ ထွက်လာသည်ဟု ရှင်းလင်းစွာ ခံစားမိနိုင်သည်။
ထိုသည်က ဝမ်လင်း၏မျက်လုံးထဲရှိ အလင်းအား ပို၍ အားကောင်းလာစေ၏။ ယင်းဗုံသံ ပဲ့တင်ထပ်လာစဉ် သူသည် သူ့ခန္ဓာကိုယ်တလျှောက် နာကျင်မှု ပျံ့နှံ့လာသည်ဟု ခံစားမိ၏။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်သည် ဗုံသံတုန်ခါမှုကြောင့်လည်း မလှုပ်ရှားပေ။
ထိုဗုံသံက သူ၏ခန္ဓာကိုယ်တလျှောက် ပဲ့တင်ထပ်သည်နှင့် မြောက်များစွာသောမြူများသည် စုဝေးကာ ကြီးမားသောမြူဓားတလက်အသွင် စုဝေး၏။ ထိုဓားမှာ ပုံရိပ်ယောင်တစ်ခုနှင့် တူ၏။ တကယ် မတည်ရှိသည့်အလား။ သို့သော် ယင်းဓား ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းဆန္ဒတစ်ခုကို ထုတ်လွှတ်လာသည်။
ဓားက လေထဲ မြောက်တက်လာစဉ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုအားကောင်းလာ၏။ ထို့နောက် ယင်းဓားက ဝမ်လင်း၏ဦးခေါင်းထံ တိုက်ရိုက်ခုတ်ပိုင်းချလာသည်။
ထိုဓားက ဝမ်လင်း၏ခန္ဓာကိုယ်၊ သူ၏မူလစိတ်ဝိညာဉ်တို့ကို ခုတ်ပိုင်းဖြတ်ခြင်း မဟုတ်ပေ။ ၎င်းက သူ၏ခန္ဓာကိုယ်၊ မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့ကြား ချိက်ဆက်မှုနေရာကို ဖြတ်ပိုင်းရန် တာဆူလာခြင်း ဖြစ်၏။ ထိုဓားက သူ၏စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို ရေနှင့်မီးကဲ့သို့ ပိုင်းခြားစေမည့် သွေးမျိုးဆက်အပေါ် သက်ရောက်မှု ရှိစေလိမ့်မည်။
ဤသည်က မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့ကို ခန္ဓာကိုယ်၏ အဝေးသို့ အတင်းအကြပ် တွန်းထုတ်ပစ်ခြင်းပင်။
အတွင်းပိုင်းဆန်းကြယ်ဒုက္ခသုံးခု၏ ပထမဆုံးတစ်ခုမှာ ခွဲခြားပစ်ခြင်းဒုက္ခကပ်ဘေးပင် ဖြစ်၏။ ထိုဗုံက သော့ချက်ပင်။ ၎င်း ပေါ်လာသည်နှင့် အတွင်းပိုင်းဆန်းကြယ်ဒုက္ခများကို စတင်စေလိမ့်မည်။
ဤဆန်းကြယ်ဒုက္ခက အလွန်ထူးခြား၏။ ရှေးအချိန်တွေတည်းက များစွာသောကျင့်ကြံသူများသည် ထိုဒုက္ခကပ်ဘေးကြောင့် သေခဲ့ကြရသည်။ မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ် တွန်းထုတ်ခံရသည်နှင့် ခန္ဓာကိုယ်သည် ဗုံသံကြောင့် ပျက်စီးသွားလိမ့်မည်။ ထို့နောက်တွင် စိတ်ဝိညာဉ်နှင့်မူလစိတ်ဝိညာဉ်တို့မှာလည်း ဗုံသံကြောင့် လွင့်ပါးပျောက်ကွယ်ရလိမ့်မည် ဖြစ်သည်။
မြူဓားက ငြိမ်သက်နေ၏။ သို့သော် ၎င်းက ဝမ်လင်းထံ တိုးဝင်လာရင်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အနက်ရောင်အခိုးငွေ့တို့ကဲ့သို့ မြင့်တက်လာ၏။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာပြီးနောက် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဒီဓား၏လက်ချက်ဖြင့် သေဆုံးခဲ့ရကာ သူတို့၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့သည် ခွဲခြား ဖြတ်တောက်ခြင်း ခံခဲ့ရပေသည်။
အခု ဒီဓားက ထပ်မံပေါ်လာကာ ဝမ်လင်းထံ ခုတ်ပိုင်းလာခဲ့လေပြီ။
ဝမ်လင်းသည် ကျင့်ကြံသူအများက ထိုအတွင်းပိုင်းဆန်းကြယ်ဒုက္ခများကို ရင်ဆိုင်ဖို့ အချိန်အကြာကြီး ကြိုပြင်ဆင်ခဲ့ရတာကို မသိပေ။
အခုအခိုက်၌ ဗုံသံက ဝမ်လင်း၏ခန္ဓာကိုယ်ပေါ် အကန့်အသတ် ရောက်လာ၏။ သို့သော် ၎င်းက ဝမ်လင်း၏နှလုံးခုန်သံကို မရပ်တန့်ပစ်နိုင်ပေ။ သူသည် တခြားသူများ ဒီဆန်းကြယ်ဒုက္ခကို မည်သို့ ရင်ဆိုင်တာအား မသိပေ။ သို့သော် သူ့ထံ၌ သူ့ကိုယ်ပိုင်နည်းလမ်း ရှိ၏။ သူ၏နှလုံးခုန်သံသည် အရှိန်မြင့်လာခဲ့သည်။ သူ့နှလုံးခုန်သံက ဗုံသံကို တန်ပြန်တိုက်ခိုက်၏။ သူသည် ချက်ခြင်းပင် လှုပ်ရှားနိုင်စွမ်း ပြန်ရလာသည်။
ထိုအချိန်တွင် မြူဓားက နီးကပ်လာ၏။ ဝမ်လင်းသည် သူ့ညာလက်ထဲရှိ အရက်အိုးကို လက်လွှတ်လိုက်သည်။ ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်သည်။ ရုတ်ချည်းပင် ယင်ဓားသွား ပေါ်လာ၏။ ထိုဓားသွားက အေးစက်စက်အော်ရာကို ထုတ်လွှတ်လေ၏။ ၎င်းဓားက ငရဲအတွင်းနက်ပိုင်းမှ ထွက်ပေါ်လာသည့်အလား။
ဝမ်လင်းသည် ပြုံး၏။ သို့သော် သူက ထပင်မရပ်ပေ။ သူက ယင်ဓားကို ကိုင်ကာ တိုးဝင်လာသော မြူဓားထံ ဝေ့ယမ်းလိုက်၏။
ထိုဓားနှင့်ဓားသွားတို့က ချက်ခြင်းပင် ထိပ်တိုက်တွေ့ကြ၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်သည်။ မြူဓားက အပြင်းအထန် တုန်ခါ၏။ ထို့နောက် ၎င်းပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်ကာ ပျက်စီးသွားတော့သည်။ သို့သော် ယင်းမြူဓားထံမှ သတ်ဖြတ်ခြင်းဆန္ဒက ဝမ်လင်းကို ဝါးမြိုရန် အလျှော့မပေးဘဲ ဆက်တိုးဝင်လာ၏။ ထိုစဉ် ဝမ်လင်းထံမှ ပိုအားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါက်ကွဲထွက်လာချေ၏။
ထိုအခါ ယင်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် စိတ်ဝိညာဉ်ရှိလေသည့်အလား ပျက်စီးပြီး နောက်သို့ ဆုတ်လေ၏။ ၎င်းက ဝမ်လင်း၏ သတ်ဖြတ်ခြင်းဆန္ဒကို မရင်ဆိုင်ဝံ့သည့်နှယ်။ ယင်းနောက်တွင် ၎င်းသည် မြန်ဆန်စွာ လွင့်ပျောက်သွားတော့၏။
အတွင်းဆန်းကြယ်ဒုက္ခသုံးခုထဲမှ ပထမဒုက္ခသည် ပျက်စီးသွားလေပြီ။ ထိုသတ်ဖြတ်ခြင်းဆန္ဒ လွင့်ပြယ်သွားသည့်အခါ ကောင်းကင်ထက်ရှိ ဗုံထံမှ ဒုတိယမြောက် တုန်လှုပ်ဖွယ် ဗုံသံ ထွက်ပေါ်လာချေ၏။
ထိုအသံသည် အစောပိုင်းက အသံထက် အဆများစွာ ပိုပြင်းထန်၏။ ၎င်းက အသံလှိုင်းများကို ဖြစ်ပေါ်စေသည်။
ထိုအသံ ပေါက်ကွဲဆူညံစွာ ထွက်ပေါ်လာသည့်အခိုက်၌ ဝမ်လင်းသည် ပထမဆုံးအကြိမ် မတ်တပ်ထရပ်၏။ ထို့နောက် သူ့ဘယ်လက်ဖြင့် သူ လက်လွှတ်ခဲ့သော အရက်အိုးကို လှမ်းယူကာ တကျိုက်မော့၏။ သည့်နောက်တွင်တော့ သူသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
“ဒီဗုံကို ငါ ဖျက်စီးပစ်လိုက်ရင် နောက်ပိုင်းမှာ ဆန်းကြယ်ဒုက္ခတွေ ဘယ်လို ဖြစ်ကုန်မလဲ ကြည့်ရတာပေါ့…”