အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း (၁၃၂) ကိုယ်ပွားချင်း ထိပ်တိုက်တွေ့ခြင်း၊ ခက်ခဲ သည့် တိုက်ပွဲ
ထိုအချိန်တွင် ချန်ကျီ၏ ပတ်ပတ်လည်၌ ခုနက ဝိညာဉ်စွမ်းအားများ လှိုင်းထန်နေသည်ကို သတိပြုမိခဲ့သော နေရာများတွင် မည်သည့်အချိန်က ပေါ်ပေါက်လာမှန်းမသိဘဲ ရုတ်တရက် ပုံရိပ်ယောင် မှန်ချပ် ရှစ်ချပ် ပေါ်လာခဲ့သည်။
"မှန်တွေလား"
ချန်ကျီ သံသယ ဝင်နေစဉ်အတွင်း ထိုပုံရိပ်ယောင် မှန်ချပ် ရှစ်ချပ်ထဲမှ ကြေးမုံလ မီးလျှံလက်သည်းနွားသိုးနှင့် တစ်ပုံစံတည်း တူညီသော နွားခေါင်း ရှစ်ခေါင်း ထိုးထွက်လာခဲ့သည်။
"ဒါက ဘာလဲ၊ ဆင့်ခေါ်တာလား၊ ဒါမှမဟုတ် ကိုယ်ပွားလား"
ပုံရိပ်ယောင် မှန်ချပ် ရှစ်ချပ်က ချန်ကျီကို ဝန်းရံလျက် လေထဲတွင် တည်ရှိနေဆဲ ဖြစ်သည်။
ထိုမှန်ချပ်များထဲမှ ကြေးမုံလ မီးလျှံလက်သည်းနွားသိုးနှင့် တစ်ပုံစံတည်း တူညီသော ကြေးမုံလ မီးလျှံလက်သည်းနွားသိုး ရှစ်ကောင်က မှန်ချပ်များထဲမှ လုံးဝ ထွက်လာခဲ့ကြပြီ ဖြစ်သည်။
လက်ရှိတွင် ကြေးမုံလ မီးလျှံလက်သည်းနွားသိုး စုစုပေါင်း ကိုးကောင်က အဝိုင်းလိုက် ပုံစံဖြင့် ချန်ကျီကို တင်းကျပ်စွာ ဝိုင်းရံထားကြသည်။
နွားသိုး ကိုးကောင်၏ နှာခေါင်းပေါက်များထဲမှ အသက်ရှူသံများ အဆက်မပြတ် ပြင်းထန်နေခဲ့ပြီး မီးလျှံများ တောက်လောင်နေသော နွားခွာများကလည်း ခွန်အားများ စုစည်းရန်အတွက် ဖြည်းညှင်းစွာ နင်းခြေနေကြသည်။
သူတို့က ချန်ကျီ၏ လမ်းကြောင်းတိုင်းကို ပိတ်ဆို့ထားကြပြီ ဖြစ်ရာ ချန်ကျီကို မည်သည့်နေရာမှ ရှောင်တိမ်း၍ မရနိုင်အောင် ဝင်တိုက်ရန် ပြင်ဆင်နေကြသည်။
ချန်ကျီက မှန်ထဲမှ ထွက်လာသော ကြေးမုံလ မီးလျှံလက်သည်းနွားသိုးများကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ငါ့ကို ကိုယ်ပွားနဲ့ လာကစားတာလား၊ အဲဒီပညာမှာတော့ ငါက ဆရာကြီးပဲကွ"
ထို့နောက် ချန်ကျီက အတွေး တစ်ခု လှုပ်ရှားလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အနန္တနေရာလွတ် အတွင်းရှိ ကိုယ်ပွား ဆယ်ယောက်အပြင် ရှောင်ဖျင်နှင့် ရှောင်အန်းတို့ပါ ၎င်း၏ ဘေးပတ်လည်တွင် အားလုံး ပေါ်လာခဲ့ကြသည်။
"သခင်"
ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက ရုတ်တရက် ပေါ်လာသော ဤလူရိပ် ဆယ့်နှစ်ယောက်ကို အံ့အားသင့်ပြီး သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်သည်၊ ၎င်းက ခုနကတင် ပတ်ဝန်းကျင်၌ တခြားလူများ၏ အော်ရာကို လုံးဝ မခံစားမိခဲ့ပေ ၊ ဤလူများက ဘယ်ကနေ ရောက်လာကြတာလဲ။
ချန်ကျီက ကိုယ်ပွားများကို လာရသည့် အကြောင်းအရင်းကို ရှင်းပြရန်ပင် မလိုဘဲ ကိုယ်ပွား ဆယ့်နှစ်ယောက်လုံးက တိုက်ခိုက်မည့် အနေအထားကို ပြင်ဆင်လိုက်ကြသည်၊ သို့သော်လည်း ကိုယ်ပွားတိုင်းက လက်ဗလာ ဖြစ်နေကြသည်။
ချန်ကျီက ဤကိုယ်ပွားများ၏ ပုံစံကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် အနည်းငယ် စိတ်ရှုပ်သွားရသည်။ "သူတို့အားလုံးကို လက်နက် တစ်ခုစီ တပ်ဆင်ပေးဖို့ မေ့သွားတယ်"
သို့သော်လည်း လက်ရှိတွင် လက်နက်များကို သွားလဲလှယ်ရမည့် အချိန်မဟုတ်သဖြင့် ချန်ကျီက ကိုယ်ပွားအားလုံးထံသို့ အသံလှမ်းပို့လိုက်သည်။
ကိုယ်ပွားများသည်လည်း တစ်ချိန်တည်းမှာပင် ချန်ကျီ၏ အသံကို ရရှိလိုက်ကြပြီး ချက်ချင်းပင် ကိုယ်ပွားအားလုံး၏ လက်ထဲတွင် လက်နက်တစ်ခုစီ ပေါ်လာခဲ့သည်။
ပေါက်တူးစစ်တပ် ကြီး ထပ်မံ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
"တော်သေးတာပေါ့၊ ဒီ ကောင်းကင်ဝိညာဉ်ပေါက်တူးတွေကို အနန္တ ဆိုင်ထဲကို ပြန်မရောင်းရသေးလို့၊ ကြည့်ရတာ အနည်းငယ် ထူးဆန်းနေပေမဲ့ အနည်းဆုံးတော့ လက်ဗလာထက်စာရင် ပိုကောင်းတာပေါ့" ချန်ကျီက သက်ပြင်းချကာ မချိပြုံး ပြုံးလိုက်သည်။
"တိုက် ကြ၊ တစ်ယောက်ကို နွားသိုး တစ်ကောင်စီ အပိုင်ပိတ်ဆို့ထားလိုက်၊ ကျန်တဲ့လူတွေက အရင်ဆုံး ဟိုမှန်တွေကို သွားရိုက်ခွဲ"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက ရိပ်မိထားပြီး ဖြစ်သည်၊ လေထဲတွင် မျောလွင့်နေသော ထိုမှန်ချပ် အနည်းငယ်က ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက ကိုယ်ပွား ရှစ်ကောင်ကို ဆင့်ခေါ်ထားသည့် အဓိကသော့ချက် ဖြစ်ရမည်။
ကြေးမုံလ မီးလျှံလက်သည်းနွားသိုးကလည်း ချန်ကျီ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားခဲ့သည်၊ ၎င်းက နောက်ထပ် တွန့်ဆုတ်နေ၍ မရတော့ကြောင်း သိရှိသည်၊ ဤလူသား ကျင့်ကြံသူက အလွန်ပင် ထူးဆန်းလွန်းလှသည်။
သူ၏ ကျင့်ကြံခြင်းနယ်ပယ်က ဤမျှအထိ နိမ့်ပါးနေပါလျက်နှင့် ထူးဆန်းသော နည်းလမ်းများ အမြဲတမ်း ရှိနေသည့်အပြင် ၎င်းသည်လည်း ဤထူးဆန်းသော နည်းလမ်းများကို မည်သို့မျှ မတတ်နိုင်ပေ ။
ယခုတစ်ဖန် ရုတ်တရက် ပေါ်လာသော ဤလူ ဆယ့်နှစ်ယောက်ကြောင့် ၎င်းက အန္တရာယ် ကိုပင် အနည်းငယ် ခံစားလိုက်ရသည်။
"ဝူး..."
နွားသိုး ကိုးကောင်က တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ပြီး ချန်ကျီတို့ ဆယ့်သုံးယောက်ဆီသို့ ပြေးဝင်လာခဲ့ကြသည်။
ချန်ကျီနှင့် ကိုယ်ပွား ရှစ်ယောက်တို့က ထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ကြဘဲ အားလုံးက ကိုယ်ကို လှည့်ကာ ရှောင်တိမ်းလိုက်ကြသည်၊ ပန်းတိုင် က အရင်ဆုံး ကြေးမုံလ မီးလျှံလက်သည်းနွားသိုးကို ပိတ်ဆို့ထားရန် ဖြစ်ပြီး ကျန်ရှိသော ကိုယ်ပွားများကို မှန်ချပ် ရှစ်ချပ်ကို အရင်ဆုံး ရိုက်ခွဲနိုင်ရန် အချိန်ပေးခြင်း ဖြစ်သည်။
ဤမှန်များကို ရိုက်ခွဲဖျက်ဆီးပြီးသည်နှင့် သူတို့၏ ပြိုင်ဘက်က ကြေးမုံလ မီးလျှံလက်သည်းနွားသိုး တစ်ကောင်တည်းသာ ကျန်ရှိတော့မည် ဖြစ်သည်။
ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက လက်ရှိတွင် အလွန်ပင် နာကျည်းဒေါသထွက်နေရသည်၊ ဤလူသား ကျင့်ကြံသူများက ဘာကြောင့် ဤမျှအထိ ပါးနပ်လွန်းကြသလဲ၊ သူနှင့် ထိပ်တိုက် လုံးဝ ရင်မဆိုင်ကြပေ ။
ကိုယ်ပွားများက ကြေးမုံလ မီးလျှံလက်သည်းနွားသိုး၏ ဝင်တိုက်မှုကို တစ်ယောက်ပြီးတစ်ယောက် ရှောင်တိမ်းကာ မှန်ချပ်များ၏ အရှေ့သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
ကိုယ်ပွား ငါးယောက်က လက်ထဲတွင် ကောင်းကင်ဝိညာဉ်ပေါက်တူးများကို ကိုင်ကာ မှန်ချပ်များကို ချိန်ရွယ်၍ မိုင်း တူးသည့် ပုံစံအတိုင်း မှန်ချပ်များပေါ်သို့ တိုက်ရိုက်ပင် ပေါက်ထုလိုက်ကြသည်။
တစ်ချက်တည်းနှင့် မကွဲပါက နောက်ထပ် တစ်ချက်၊ ထပ်မံ၍ တစ်ချက် ထုနှက်ကြသည်။
ချန်ကျီက ကိုယ်ပွား ရှစ်ယောက်ကို ဦးဆောင်ကာ ကြေးမုံလ မီးလျှံလက်သည်းနွားသိုးနှင့် ပတ်ပြေးတိုက်ပွဲ ဆင်နွှဲနေသည်။
နွားရိုင်းသတ်သမားကဲ့သို့ပင်၊ ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက နွားချိုကို ဝှေ့ယမ်းကာ ပြေးဝင်လာသည့် အကြိမ်တိုင်းတွင် သူတို့က ကိုယ်ကို တိမ်းစောင်းကာ ရှောင်ရှားလိုက်ကြသည်။
ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက ချန်ကျီ သို့မဟုတ် ကိုယ်ပွားများကို သွားထိမိလျှင်ပင် ထိုထိခိုက်မှုအားလုံးကို ပြိုင်ဘက်ကင်းရွှေခန္ဓာ က လုံးဝ ချေဖျက်ပေးလိုက်ပြီး အလွန်ဆုံး အကွာအဝေးတစ်ခုသို့ လွင့်စင်သွားရုံသာ ရှိသည်။
ကိုယ်ပွားက လွင့်စင်သွားပြီးနောက်တွင် မှန်ချပ်များကို ဖျက်ဆီးနေသော ကိုယ်ပွားများဘက်မှ ချက်ချင်းပင် လူတစ်ယောက် ပြေးလာကာ နေရာဝင်ယူပေးသည်။
ထို့ပြင် ရံဖန်ရံခါတွင် ကိုယ်ပွားက ကြေးမုံလ မီးလျှံလက်သည်းနွားသိုးနှင့် ဘေးချင်းယှဉ် ဖြတ်ကျော်သွားသည့် အချိန်၌ လက်ထဲရှိ ကောင်းကင်ဝိညာဉ်ပေါက်တူးဖြင့် ကြေးမုံလ မီးလျှံလက်သည်းနွားသိုး၏ ကျောပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် တစ်ချက် စိုက်ချလိုက်သေးသည်။
ချန်ကျီသည်လည်း ထပ်တူပင် ကြိုးကြာပျံ ခြေလှမ်း ကို ထုတ်ဖော်ကာ ကြေးမုံလ မီးလျှံလက်သည်းနွားသိုး၏ ဝင်တိုက်မှုကို တစ်ကြိမ်ပြီးတစ်ကြိမ် ရှောင်တိမ်းနေပြီး သူ၏ လက်ထဲမှ နဂါးလှံကလည်း အဆက်မပြတ် ကူးခတ်လှုပ်ရှားနေသည်။
နဂါးလှံ၏ အာနိသင်က ချင်းယွမ်ဓားထက် ပိုမိုကောင်းမွန်လှသည်မှာ အမှန်ပင် ဖြစ်သည်၊ ကြေးမုံလ မီးလျှံလက်သည်းနွားသိုး၏ ကျောပြင်ပေါ်သို့ လှံတစ်ချက် စိုက်ဝင်သွားသည့် အကြိမ်တိုင်းတွင် သွေးပေါက်တစ်ခု ပေါ်ပေါက်လာတတ်သည်။
သွေးပေါက်က မကြီးမားလှသော်လည်း အနည်းဆုံးတော့ ကြေးမုံလ မီးလျှံလက်သည်းနွားသိုးကို ထိခိုက်ဒဏ်ရာ အနည်းငယ် ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကိုယ်ပွား ငါးယောက်၏ ကောင်းကင်ဝိညာဉ်ပေါက်တူးများက မှန် ပေါ်သို့ တစ်ချက်ပြီးတစ်ချက် ကျရောက်နေခဲ့ရာ ပထမဆုံး မှန်ချပ်ပေါ်တွင် ဖြည်းညှင်းစွာ အက်ကြောင်းများ ပေါ်လာခဲ့သည်။
ပထမဆုံး မှန်ချပ်တွင် အက်ကြောင်း ပေါ်လာသည့် အချိန်၌ ကြေးမုံလ မီးလျှံလက်သည်းနွားသိုး ကိုးကောင်ထဲမှ တစ်ကောင်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။
နောက်ထပ် မျက်စိတစ်မှိတ်အတွင်းမှာပင်
"ခရက်..." ဟူသော အသံနှင့်အတူ ဖန်ခွက် ကွဲသွားသည့်အလား ပြတ်သားလှသော အသံတစ်သံ မြည်ဟည်းသွားခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပေါ်နေသော ကြေးမုံလ မီးလျှံလက်သည်းနွားသိုးကလည်း အပိုင်းအစများအဖြစ် ပြိုကွဲသွားခဲ့ပြီး လေတစ်ချက် တိုက်ခတ်သွားရာ ပျောက်ကွယ်သွားခဲ့တော့သည်။
၎င်းနှင့် ပတ်ပြေးတိုက်ခိုက်နေသော ကိုယ်ပွားကလည်း လက်ရှိတွင် အား သွားခဲ့သဖြင့် ချက်ချင်းပင် မှန်ချပ်များကို ဖျက်ဆီးသည့် အဖွဲ့ထဲသို့ ဝင်ရောက်ပူးပေါင်းလိုက်သည်။
ဤအချိန်တွင် ချန်ကျီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ " အမြန်နှုန့း ကို နည်းနည်း ထပ်မြှင့်လိုက်"
လက်ရှိတွင် ပြိုင်ဘက်ကင်းရွှေခန္ဓာ ကို အသုံးပြုထားသည်မှာ ငါးမိနစ် ရှိခဲ့ပြီ ဖြစ်၍ ချန်ကျီအတွက် ကျန်ရှိသော အချိန်က အလွန်ပင် မများပြားတော့ပေ ။
ချန်ကျီ၏ အသံကို ကြားလိုက်ရသောအခါ ကိုယ်ပွားများက ဒုတိယမြောက် မှန်ချပ်ကို ပိုမို၍ အင်တိုက်အားတိုက် ထုနှက်ကြတော့သည်။
ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက သူ ထုတ်ဖော်ထားသော မန္တန်က ချန်ကျီကြောင့် မှန်ချပ်တစ်ချပ် ပျက်စီးသွားရသည်ကို မြင်တွေ့လိုက်ရသောအခါ ၎င်း၏ ရင်ထဲ၌ ဒေါသတရားများ ပိုမို ပြင်းထန်လာခဲ့သည်။
သို့သော်လည်း ချန်ကျီကမူ သူနှင့် ထိပ်တိုက် လုံးဝ ရင်မဆိုင်ဘဲ ရှောင်တိမ်းနေသဖြင့် ၎င်းတွင် ခွန်အားအပြည့် ရှိနေပါလျက်နှင့် ထုတ်ဖော်ရန် နေရာမရှိ ဖြစ်နေရသည်၊ မတော်တဆ ချန်ကျီကို သွား ထိမိလျှင်ပင် သူ့ကို မည်သည့် ထိခိုက်ဒဏ်ရာမျှ မပေးနိုင်ပေ ။
အမုန်းတီးဆုံး အချက်က နောက်မှ ထပ်မံ ရောက်လာသော ဤလူ ဆယ့်နှစ်ယောက် ဖြစ်သည်၊ သူတို့က ဘယ်ကနေ ရောက်လာကြတာလဲ။
ထို့ပြင် သူတို့တွင်လည်း ထိုမုန်းတီးဖွယ် လူသား ကျင့်ကြံသူနှင့် တူညီသော စွမ်းရည် ရှိနေကြပြီး ၎င်း၏ တိုက်ခိုက်မှုများကို လုံးဝ လျစ်လျူရှုနိုင်ကြသည်။
ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက လုံးဝကို သောင်းကျန်းရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် နောက်ထပ် မှန်ချပ်တစ်ခု ထပ်မံ ကွဲ သွားခဲ့ပြီး နောက်ထပ် ကြေးမုံလ မီးလျှံလက်သည်းနွားသိုး တစ်ကောင်က အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့ပြန်သည်။
ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက မည်မျှပင် သောင်းကျန်းရူးသွပ်နေပါစေ အဖတ်ဆယ်၍ မရနိုင်တော့ပေ ။
၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကလည်း ပိုမို၍ များပြားလာခဲ့သည်၊ ၎င်းတို့အားလုံးက ချန်ကျီက နဂါးလှံဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးနှက်ထားခြင်း ဖြစ်သည်။
ဤဒဏ်ရာများက ၎င်းအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိစေနိုင်သော်လည်း ၎င်းကိုမူ ရူးသွပ်မတတ် ခံစားရစေသည်၊ သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်သော ကျင့်ကြံသူတစ်ယောက်က သူ့ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်နေသည် မဟုတ်ပါလား။
ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက တိုးညှင်းစွာ အော်ဟစ်လိုက်သည်။ "ဝူး..."
တခြား ကိုယ်ပွားများနှင့် လုံးပန်း နေကြသော ကျန်ရှိသည့် ကြေးမုံလ မီးလျှံလက်သည်းနွားသိုး ခြောက်ကောင်စလုံးက ဦးတည်ရာကို လှည့်ပြောင်းလိုက်ကြပြီး ကိုယ်ပွားများနှင့် ဆက်လက်၍ လုံးပန်းခြင်းကို စွန့်လွှတ်လိုက်ကြသည်။
အားလုံးက ချန်ကျီရှိရာဘက်သို့ ပြေးဝင်လာကြသည်၊ ကြေးမုံလ မီးလျှံလက်သည်းနွားသိုးက ခွန်အားများကို စုစည်းပြီး ချန်ကျီဟူသော ဤအချက်အချာနေရာကို အရင်ဆုံး ချိုးဖျက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ကြေးမုံလ မီးလျှံလက်သည်းနွားသိုး၏ စိတ်ထဲ၌လည်း အတွေးတစ်ခု ရှိနေသည်၊ ရုတ်တရက် ပေါ်လာသော ဤလူများသည်လည်း ၎င်းဆင့်ခေါ်ထားသော ကိုယ်ပွားများကဲ့သို့ ကိုယ်ပွားများ ဖြစ်နေကြမလား ဟူ၍ ဖြစ်သည်။
ချန်ကျီသည်လည်း ကြေးမုံလ မီးလျှံလက်သည်းနွားသိုး၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်၊ ထို့ပြင် ခုနက မှန်ချပ် ကွဲသွားပြီးနောက် ကြေးမုံလ မီးလျှံလက်သည်းနွားသိုး တစ်ကောင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
"ငါ့ကို ဂရုစိုက်ဖို့ မလိုဘူး၊ မင်းတို့ အရင်ဆုံး မှန်တွေကို အကုန်လုံး ရိုက်ခွဲဖို့ အားစိုက်လိုက်ကြ"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက တွက်ချက်ကြည့်လိုက်ရာ ပြိုင်ဘက်ကင်းရွှေခန္ဓာ ၏ အချိန်က ကျန်ရှိသေးသည့် သုံးမိနစ်မျှသာ ဖြစ်၍ တောင့်ခံထားနိုင်ရမည် ဖြစ်သည်။
ချန်ကျီက ကြေးမုံလ မီးလျှံလက်သည်းနွားသိုး ခုနစ်ကောင်ကြားထဲတွင် စတင် လှည့်ပတ်ပြေးလွှားကာ ရံဖန်ရံခါတွင် တစ်ဖက်လူကို လှံတစ်ချက် ထိုး လိုက်ပြီး ရံဖန်ရံခါတွင် ကြေးမုံလ မီးလျှံလက်သည်းနွားသိုး၏ ဝင်တိုက်ခြင်းကြောင့် အဝေးသို့ လွင့်စင်သွားရသည်။
အချိန်က တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့ပြီး မှန်ချပ်များကလည်း တစ်ချပ်ပြီးတစ်ချပ် ပျက်စီးနေခဲ့ကာ ကြေးမုံလ မီးလျှံလက်သည်းနွားသိုးများကလည်း တစ်ကောင်ပြီးတစ်ကောင် လျော့နည်းသွားခဲ့တော့သည်။