အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆) ကုန်စုံဆိုင်တွင် အစီအရင် ခင်းကျင်း ခြင်း
ချန်ကျီက ထူးထူးခြားခြား စိတ်ထဲမထားသော်လည်း ကျောက်လင်းအာကမူ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။
"ဘာမှမဖြစ်ပါဘူး၊ စိတ်ပူနေဖို့ မလိုပါဘူး၊ ယဲ့မိသားစုက ငါတို့ နေတဲ့နေရာကို စုံစမ်းမိသွားရင်တောင် သူတို့ ဒီထဲကို ဝင်လာနိုင်မှာ မဟုတ်ဘူးလေ။ ဒါ့အပြင် အစတုန်းက ချန်ဖန်ကို ဒီအိမ်တော် ကြီး သွားဝယ်ခိုင်းတုန်းကလည်း သူက သရုပ်မှန် ထုတ်မပြောခဲ့ဘူး၊ ပြီးတော့ အဲဒီအချိန်တုန်းက မင်းလည်း မရှိသေးဘူးမလား"
"ဒါပေမဲ့ သခင်... ယဲ့မိသားစုက ရှန်းဝမ်စန်းတို့ဘက်ကို ရည်ရွယ်ပြီး တစ်ခုခု လုပ်လာနိုင်မလား"
"ဟားဟား... ယဲ့မိသားစုက လူတွေက မိုက်မဲမနေဘူးဆိုရင်တော့ သူတို့ အဆင်ခြင်မဲ့ လှုပ်ရှားရဲမှာ မဟုတ်ပါဘူး၊ မင်း အဲဒီတုန်းက ပြသခဲ့တဲ့ ခွန်အားရယ် ပြီးတော့ အနန္တကုန်စုံဆိုင်ရဲ့ လက်ရှိ ဂုဏ်သတင်း အခြေအနေတွေရယ်က ယဲ့မိသားစုကို ခြောက်လှန့် ထားဖို့ လုံလောက်ပါတယ်"
ချန်ကျီက ပြောပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ မင်းရဲ့ စိုးရိမ်ပူပန်မှုကလည်း လုံးဝ ဖြစ်မလာနိုင်တာတော့ မဟုတ်ဘူးပေါ့၊ ဘာပဲဖြစ်ဖြစ် စည်းစိမ်ဥစ္စာက လူတွေရဲ့ စိတ်ကို လှုပ်ခတ်စေနိုင်တာပဲ၊ အနန္တကုန်စုံဆိုင် ဘက်မှာလည်း တကယ့်ကို အစီအရင် တစ်ခု ခင်းကျင်း ထားဖို့ လိုအပ်တာပဲ။ ဟားဟား... အဲဒီအချိန်ကျရင် ယဲ့မိသားစုရဲ့ ရွှေအူတိုင်အဆင့် ကျင့်ကြံသူကတောင် ရဲရဲတင်းတင်း ကျူးကျော်ဝင်ရောက်ရဲတယ်ဆိုရင် အသက်ပျောက်ဖို့ပဲ ရှိတော့မယ်။ ညကျလို့ ရှန်းဝမ်စန်း ဆိုင်ပိတ်ပြီဆိုတာနဲ့ သူ့ဆီ သွားပြီး အစီအရင် တွေ အားလုံးကို သွားခင်းကျင်း ပေးလိုက်မယ်"
ချန်ကျီက စိတ်ကူးထဲတွင် ယဲ့ကိုင်တစ်ယောက် စတုတ္ထအဆင့် အစီအရင် အတွင်း ပိတ်မိနေမည့် မြင်ကွင်းကို ပုံဖော်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုအချိန်တွင် သူ၏ မျက်နှာအမူအရာက ရုတ်တရက် တွန့်ဆုတ်သွားပြီး တစ်စုံတစ်ခုကို ထပ်မံ သတိရသွားဟန် ရှိသည်။
"ဟာ... သွားပါပြီ၊ ငါ ဘယ်လိုဖြစ်ပြီး အစီအရင် ခင်းကျင်း တဲ့ ကိစ္စကို မေ့သွားရတာလဲ၊ စတုတ္ထအဆင့် အစီအရင် သာ သုံးလိုက်ရင် အဆင့်သုံး မိစ္ဆာသားရဲတစ်ကောင်ကို အလွယ်တကူ သတ်ပစ်ဖို့က အပန်းမှ မကြီးတာ။ အိုး... တတ်ထားတာ တွေက များလွန်းတော့လည်း မကောင်းဘူးပဲ၊ ခဏခဏ မေ့မေ့သွားတယ်၊ ကြည့်ရတာ တိုက်ပွဲ အတွေ့အကြုံက တကယ်ကို နည်းလွန်းသေးတာပဲ" ချန်ကျီက ရင်ထဲ၌ နှမြောတသစွာ အော်ဟစ်လိုက်မိသည်။
ကျောက်လင်းအာကမူ ဘေးနားမှနေ၍ ချန်ကျီကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး "သခင်... သခင် ဘာဖြစ်လို့လဲ"
ကျောက်လင်းအာက သူ့ကို လှမ်းခေါ်လိုက်သည်ကို ကြားမှ ချန်ကျီက ချက်ချင်းပင် အနေခက်သွားသဖြင့် အဆင်ပြေပါတယ်ဟု အလျင်အမြန်ပင် ဟန်ဆောင်ရယ်မောကာ ပြောလိုက်ရသည်။
ဤကိစ္စကို ကျောက်လင်းအာအား ပြောပြ၍ မဖြစ်ပေ ၊ သို့မဟုတ်ပါက ကိုယ်ပွားများက သူ၏ မူလခန္ဓာကိုယ်ထက် ပိုမို ဉာဏ်ကောင်းသည်ဟု အထင်ခံရလိမ့်မည်။
ချန်ကျီတွင်လည်း သံသယတစ်ခု ရှိခဲ့ဖူးသည်၊ ၎င်းတို့က တကယ့် ကိုယ်ပွားများ ဟုတ်မဟုတ် ဆိုသည်ကို ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အချို့သော အချိန်များတွင် ကိုယ်ပွားများက သူ့ထက်ပင် ပိုမို ဉာဏ်ကောင်းကာ ဦးနှောက်က ပိုမို အလုပ်လုပ်သည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။
အမှန်တကယ်တော့ ဤအရာအားလုံးက ချန်ကျီ၏ ထင်ယောင်ထင်မှား ဖြစ်မှုသာ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ကိုယ်ပွားများ၏ စိတ်ထဲတွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ချန်ကျီအပေါ် သစ္စာစောင့်သိရန် ဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့တွင် ချန်ကျီကဲ့သို့ ရှုပ်ထွေးလှသော အတွေးများစွာ မရှိကြပေ ၊ ၎င်းတို့ အခြေအနေတစ်ခုနှင့် ကြုံတွေ့ရပါက ပထမဆုံး အတွေးမှာ ချန်ကျီအတွက် မည်သို့ အကျိုးအမြတ် ရရှိအောင် လုပ်ဆောင်ပေးရမည်နည်း ဆိုသည် ဖြစ်ပြီး အရာအားလုံးကို ချန်ကျီကို ဗဟိုပြု၍သာ စဉ်းစားကြခြင်း ဖြစ်သည်။
အချိန်က အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မှောင်လုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ချန်ကျီက မွန်းလွဲပိုင်းတစ်လျှောက်လုံး အေးအေးလူလူ နေခဲ့ပြီးနောက် ကျောက်လင်းအာ ချက်ပြုတ်ထားသော ထမင်းဟင်းများကို စားသောက်ပြီးသည်နှင့် ချက်ချင်းပင် သူ၏ အသိစိတ် ကို ရှန်းဝမ်စန်း ဆီသို့ သက်ဆင်း စေလိုက်သည်။
ချန်ကျီ ရောက်ရှိလာခြင်းကို ရှန်းဝမ်စန်းက အာရုံခံမိသွားပြီး "သခင်..."
"အင်း..." ချန်ကျီက ရှန်းဝမ်စန်း၏ မြင်ကွင်းမှတစ်ဆင့် ကြည့်လိုက်ရာ အနန္တကုန်စုံဆိုင်က ဆိုင်ပိတ်ထားပြီး ဖြစ်ကာ ရှန်းဝမ်စန်းက စာရင်းစာအုပ်ကို မှတ်တမ်းတင်နေသည်၊ ၎င်းက ဒီနေ့ ရရှိသည့် အမြတ်များကို စစ်ဆေးနေခြင်း ဖြစ်ပုံရသည်။
"မင်းရဲ့ ခန္ဓာကိုယ်ကို ခဏ သုံးမယ်၊ ငါ အနန္တကုန်စုံဆိုင်အတွက် အစီအရင် တစ်ခု ခင်းကျင်း ပေးမလို့"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိန်းချုပ်လိုက်ပြီးနောက် အနောက်ခြံဝင်းသို့ လျှောက်လှမ်းသွားခဲ့ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အစီအရင် အလံ အခုရေ တစ်ဒါဇင်ခန့် နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းတို့က လေထုထဲ၌ လွင့်ပျံလာခဲ့သည်။
ချန်ကျီက တွေး လိုက်ရာ အစီအရင် အလံ တစ်ဒါဇင် ကျော်က အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားခဲ့ပြီး ဝိညာဉ်ကျောက်တုံးများကလည်း အစီအရင် မျက်စိ ဆီသို့ ပျံသန်းသွားခဲ့ကြသည်၊ ဖုံးကွယ်ခြင်းအစီအရင် နှင့် အရိပ်မဲ့အစီအရင် တို့က ချက်ချင်းပင် ဖြစ်တည်သွားခဲ့တော့သည်။
ထို့နောက် သူက အရိပ်မဲ့အစီအရင် ကို တိုက်ရိုက် စတင် လည်ပတ်စေလိုက်ရာ ဟင်းလင်းပြင် အတွင်း၌ မမြင်နိုင်သော အလွှာ ပါး တစ်ခုက အနန္တကုန်စုံဆိုင်၏ အရှေ့ခြံဝင်းနှင့် အနောက်ခြံဝင်း တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည့်အလား ရှိနေတော့သည်။
"နောက်ထပ်ကတော့ အကာအကွယ် အစီအရင် နဲ့ တိုက်ခိုက်ရေး အစီအရင် ပဲ"
ချန်ကျီက အရိပ်မဲ့အစီအရင် ၏ စွမ်းရည် ကို ခံစားကြည့်လိုက်ရာ အိမ်တော် အတွင်း၌ ရှိသောအရာနှင့် မည်သည့် ကွာခြားချက်မျှ မရှိပေ ။
အစီအရင် အလံများနှင့် ဝိညာဉ်ကျောက်တုံးများက နှစ်ကြိမ်တိုင်တိုင် ဆက်တိုက် ပျံသန်းသွားခဲ့ပြီးနောက် လိပ်နက်အစီအရင် နှင့် ထျန်ကန်း ဓားအစီအရင် တို့လည်း အားလုံး ခင်းကျင်း ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
"အစီအရင် ရဲ့ လည်ပတ်ခြင်း မန္တန်ကွက် ကို သေသေချာချာ မှတ်ထားလိုက်၊ ယဲ့မိသားစုရဲ့ ရွှေအူတိုင်အဆင့် ကျင့်ကြံသူက လာပြီး ပြဿနာရှာရဲတယ်ဆိုရင် တိုက်ရိုက် သတ်ပစ်လိုက်၊ တကယ်လို့ စိတ်ရင်းမှန်နဲ့ စီးပွားရေး လာလုပ်တာဆိုရင်တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်"
"ဟုတ်ကဲ့ပါ သခင်"
"ဟို အဖွဲ့ ၂၀ ရဲ့ ကုန်စုံဆိုင်တွေ ဖွင့်လှစ်ပြီးသွားတဲ့ အခါကျရင်လည်း မင်းက သူတို့ကို လမ်းညွှန်ပြသပေးဦး၊ ဘာပဲဖြစ်ဖြစ် မင်းက စီးပွားရေးလုပ်ခဲ့တဲ့ အချိန်က ပိုကြာတော့ ထိတွေ့ခဲ့ရတဲ့ ကျင့်ကြံသူတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေက ပိုများတယ်၊ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြုံ အတော်အတန် ရှိမှာပဲ"
"ဟုတ်ကဲ့ပါ သခင်"
"မင်းဘက်မှာ မင်းကို ကူညီဖို့ နောက်ထပ် လူတစ်ယောက်လောက် ထပ်လွှတ်ပေးဖို့ လိုအပ်သေးလား"
"မလိုပါဘူး သခင်၊ ကျွန်တော် ဝမ်နန်မြို့မှာ နေရတာက အပြင်က ညီအစ်ကိုတွေနဲ့ မတူဘူးလေ၊ သူတို့ရဲ့ အန္တရာယ်က ပိုများပါတယ်၊ ကျွန်တော့်ဆီမှာ တစ်ခုခု အမှားအယွင်း ရှိခဲ့ရင်တောင် သခင် ရှိနေတာမို့လို့ ကျွန်တော် ဒီနေရာကို အမြန်ဆုံး ပြန်လာနိုင်မှာပါ"
"ကောင်းပြီ၊ နောင်ကျလို့ လိုအပ်တဲ့ အခါမှပဲ ထပ်ပြောကြတာပေါ့၊ မင်း အလုပ် မင်း ဆက်လုပ်တော့"
"ဟုတ်ကဲ့ပါ သခင်"
အနန္တနေရာလွတ် အတွင်း၌
"သခင်... သခင် ရောက်လာပြီ"
ချန်ကျီ ရောက်ရှိလာသည်နှင့် ရှောင်ဖျင်၊ ရှောင်အန်း နှင့် အမှတ် ၆၆ ကိုယ်ပွားတို့က ချန်ကျီထံသို့ လာရောက်ကာ နှုတ်ဆက်ကြသည်။
ထို ဖျက်ဆီးခြင်း ခံလိုက်ရသော ကိုယ်ပွား ညီအစ်ကိုများ အားလုံးသည်လည်း ပြန်လည်မွေးဖွားပြီး ဖြစ်ကြသည်။
"ပြန်လည်မွေးဖွားပြီးတဲ့နောက် မင်းတို့ တစ်စုံတစ်ခု ထူးခြားတာမျိုး ခံစားရလား" ချန်ကျီက သံသယဖြင့် ရှောင်အန်းနှင့် အမှတ် ၆၆ ကိုယ်ပွားတို့ကို ကြည့်ကာ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသည့် နေရာမျိုး ရှိမရှိ စစ်ဆေးကြည့်လိုက်သည်။
"သခင်... ကျွန်တော်တို့ ဘာမှ မခံစားရပါဘူး၊ အရင်ကအတိုင်းပါပဲ "
"ဒါဆိုရင် ကောင်းပြီ၊ အမှတ် ၆၆... မင်း သွားပြီး အမှတ် ၆၀ နဲ့ နေရာ သွားလဲလိုက်တော့"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက ရှောင်ဖျင်ကို ထပ် မေးလိုက်သည်။ "အဖွဲ့ ၂၀ ရဲ့ အခြေအနေ ဘယ်လိုရှိလဲ"
ချန်ကျီ လက်ရှိတွင် အလေးအနက်ဆုံး ထားသောအရာမှာ ဤအဖွဲ့ ၂၀ ဖြစ်သည်၊ ဤအဖွဲ့ ၂၀ ၏ အခြေအနေက သူ လက်နက် အသစ်တစ်စုံကို စောစောစီးစီး လဲလှယ်နိုင်ခြင်း ရှိမရှိ ဆိုသည်နှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။
"သခင်... နောက်ထပ် ငါးဖွဲ့ ကျင့်ကြံခြင်း မြို့တွေကို ရောက်ရှိသွားပါပြီ၊ အခု ကျင့်ကြံခြင်း မြို့တွေကို မရောက်သေးတာ ငါးဖွဲ့ပဲ ကျန်ပါတော့တယ်။ လက်ရှိ ကျင့်ကြံခြင်း မြို့တွေကို ရောက်နေတဲ့ အဖွဲ့တွေထဲက ငါးဖွဲ့ကတော့ သူတို့ ရှိနေတဲ့ မြို့ရဲ့ အခြေအနေကို စုံစမ်းစစ်ဆေးလို့ ပြီးသွားပါပြီ၊ ဆိုင်ဖွင့်လို့ရတယ်ဆိုတာကို အတည်ပြုပြီးပါပြီ၊ ကျန်တဲ့ အဖွဲ့တွေကလည်း စုံစမ်းစစ်ဆေးမှု အမြန်နှုန်း ကို မြှင့်တင်နေကြပါတယ်"
"မင်း သူတို့ကို လှမ်းပြောလိုက်၊ သူတို့ ရှိနေတဲ့ မြို့ထဲမှာ အခြေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူတွေ ရှိနေရင်တောင် ကိစ္စမရှိဘူး၊ အခြေတည်ဝိညာဉ် အဆင့် ထက် မြင့်တဲ့ ကျင့်ကြံသူတွေ မရှိတဲ့ မြို့ဆိုရင်ပဲ ရပြီ။ သူတို့ကို အစပိုင်းမှာ ခပ်အေးအေးပဲ နေခိုင်းလိုက်၊ သူတို့ ကုန်စုံဆိုင်ကို ဖွင့်ပြီးသွားတာနဲ့ ငါ ကိုယ်တိုင် သွားပြီး သူတို့အတွက် စတုတ္ထအဆင့် အစီအရင် တစ်ခု ခင်းကျင်း ပေးမယ်"
"ဟုတ်ကဲ့ပါ သခင်"
"ဒီနေ့ အမြတ် ဘယ်လောက်ရလဲ"
"သခင်... ဒီနေ့ရဲ့ အမြတ်က မနေ့ကထက် အများကြီး ပိုများပါတယ်၊ စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ နဲ့ အမှတ် ၁၅၀၀၀ ရှိပါတယ် ။ ရှန်းဝမ်စန်း ဘက်မှာတော့ ဒီနေ့ လူဝင်လူထွက် ပိုများလာပါတယ်၊ ဒါ့အပြင် သူက မိစ္ဆာသားရဲ ကုန်ကြမ်းတွေနဲ့ ဝိညာဉ် ဆေးပင် အမြောက်အမြားကိုလည်း ပြန်လည် ဝယ်ထားနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီ ပစ္စည်းတွေရဲ့ အဆင့်ကတော့ အဲဒီလောက် မမြင့်မားလှပါဘူး။ ကျောက်ယွမ် ကလည်း ဒီနေ့ မိစ္ဆာသားရဲ ကုန်ကြမ်းတွေနဲ့ ဝိညာဉ်ဆေးပင် အမြောက်အမြားကို သယ်ဆောင်လာခဲ့ပါတယ်၊ အဲဒီနောက် သူက ဆေးလုံး တစ်သုတ်ကို ထပ်မံ လဲလှယ်သွားခဲ့ပါတယ်။ ကျောက်ယွမ် ပြောတာတော့ သူ အခု အရာအားလုံးကို အဆင်ပြေပြေ လုပ်ဆောင်နေတယ် တဲ့၊ သူ လက်ရှိမှာ ယာယီအနေနဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားပါတယ်၊ အဖွဲ့အစည်းရဲ့ ဉီးတည်ရာ ကိုတော့ သူ အခုထိ ရာနှုန်းပြည့် ရှာမတွေ့သေးပါဘူး၊ နောင်ကျရင် ဘယ်ဘက်ကို အဓိက ဦးတည်ပြီး ဖွံ့ဖြိုးတိုးတက်မလဲ ဆိုတာကိုတော့ ရေရေရာရာ မသိသေးပါဘူး ။ သူ့ရဲ့ လက်ရှိ အဓိက ရည်မှန်းချက်က လူအားလုံးရဲ့ ခွန်အားကို အရင်ဆုံး မြှင့်တင်ဖို့ ပဲ။ သူ နောက်ဆုံး ပြောသွားတာကတော့ သူ တည်ထောင်လိုက်တဲ့ အဖွဲ့အစည်းရဲ့ အမည်ကို ဝမ်ကျီဂိုဏ်း လို့ ခေါ်ပါတယ်"
"ဝမ်ကျီဂိုဏ်း လား နာမည်ကတော့ မဆိုးပါဘူး" ချန်ကျီက ခေတ္တမျှ စဉ်းစားပြီးနောက် ထပ် မေးလိုက်သည်။ "တခြား ဘာသတင်း ထူးသေးလဲ"
"မရှိတော့ပါဘူး သခင်"
"ကောင်းပြီ၊ ဒါဆိုရင် မင်းတို့ အလုပ် မင်းတို့ ဆက်သွားလုပ်ကြတော့"
"သခင်... အဲဒီ မိစ္ဆာသားရဲ ကုန်ကြမ်းတွေနဲ့ ဝိညာဉ်ဆေးပင် တွေကို အခု ပြန်ရောင်း ဖို့ လိုအပ်ပါသလား"
"ယာယီတော့ မလိုသေးဘူး၊ အခု သံနက်ရိုင်းတွေကို စုပုံထားဖို့ မလိုတော့ဘူးဆိုတော့ အနန္တနေရာလွတ် ရဲ့ ဧရိယာက အသုံးပြုဖို့ လုံလောက်ပါတယ်၊ ဒါကြောင့် နေ့တိုင်း တစ်ခေါက်စီ လာရောင်း နေဖို့ မလိုတော့ဘူး။ မင်းတို့ အရင်ဆုံး အဲဒီ ကုန်ကြမ်းတွေကို အမျိုးအစားအလိုက် သေသေချာချာ ခွဲခြားထားလိုက်၊ အချို့သော ရှားပါးပြီး အဆင့်မြင့်တဲ့ ပစ္စည်းတွေကိုတော့ သီးသန့် ခွဲထားလိုက်၊ ငါ အသုံးချစရာ ရှိလို့။ အဲဒီ မိစ္ဆာသားရဲ ကုန်ကြမ်းတွေနဲ့ ဝိညာဉ်ဆေးပင် တွေ အားလုံး စုစုပေါင်း အမှတ် ၁၀၀၀၀၀ အထိ ပြည့်သွားတဲ့ အခါကျမှ ငါ့ကို လာသတိပေး၊ ငါ လာရောင်း မယ်"
"ဟုတ်ကဲ့ပါ သခင်" ရှောင်ဖျင်နှင့် ရှောင်အန်းတို့က နှုတ်ဆက်ကာ ထိုပစ္စည်းများကို ဆက်လက် စီစဉ်ရန် ထွက်ခွာသွားခဲ့ကြသည်၊ ၎င်းတို့၏ နေ့စဉ် အလုပ်ပမာဏက အလွန်ပင် ကြီးမားလှသဖြင့် နားရမည့် အချိန်ဟူ၍ အလွန် ရှားပါးလှသည်။
လက်ရှိတွင် အနန္တနေရာလွတ် အတွင်း၌ ၎င်းတို့ကို ကူညီရန် ကိုယ်ပွား အယောက် ၂၀ ရှိနေသော်လည်း နေ့စဉ် အနန္တနေရာလွတ် အတွင်းသို့ သိမ်းဆည်းရမိသော ပစ္စည်းများက တကယ်ကို များပြားလွန်းလှပြီး ရှုပ်ထွေးလွန်းလှသဖြင့် ဤပစ္စည်းများအားလုံးကို အမျိုးအစား ခွဲခြားရန်မှာ ခဏချင်းနှင့် ပြီးနိုင်မည့်အရာ မဟုတ်ပေ ။