စိတ်ဝိညာဉ်ဒုက္ခကပ်ဘေးသုံးခု
Vol. 142 Ch. 1958
ဝမ်လင်းက ကင်းမြှီးကောက်ဘုံကျောင်းထံမှ ခုန်ဆင်းကာ ကောင်းကင်ထက်ရှိ ဗုံထံသို့ ဦးတည်၏။ သူ၏လက်ထဲရှိ ယင်ဓားက အေးစက်စက်အော်ရာကို ပေးစွမ်း၏။ ထိုအော်ရာက အရာအားလုံးကို အေးခဲပစ်နိုင်သည့်အလား ထင်ရသည်။
ထိုဗုံသံ ပဲ့တင်ထပ်သည့်အခါ ဝမ်လင်း၏ အရိုးများထဲ၌ ၎င်းအသံ ပဲ့တင်ထပ်ကာ ဗုံက ဖန်တီးလိုက်သော မရေမတွက်နိုင်သော အရိပ်များသည် လှိုင်းဂယက်များထံမှ ထွက်ပေါ်လာ၏။
ထိုအရိပ်တိုင်းက သွေးကောင်းကင်ဘုံတပ်သားများကဲ့သို့ အနီရောင်ချပ်ဝတ်များကို ဝတ်ဆင်ထား၏။ ထိုအရိပ်ထောင်ချီသည် ပေါ်လာသည်နှင့် ဝမ်လင်းထံ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တိုးဝင်လာကြသည်။
ဤသည်မှာ အတွင်းဆန်းကြယ်ဒုက္ခသုံးခုထဲမှ ဒုတိယမြောက်ဖြစ်သော သွေးအရိပ်ဒုက္ခကပ်ဘေးပင်။
ထိုဒုက္ခကပ်ဘေးကြောင့် ဖြစ်ပေါ်လာသော သွေးအရိပ်များသည် ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများထက် အားမနည်းကြပေ။ ၎င်းတို့သည် ဖျက်စီးခံရလျှင်ပင် လှိုင်းဂယက်များထံမှ ပြန်မွေးဖွားနိုင်ကြ၏။ ယင်းသို့ အဆုံးမဲ့စက်ဝန်းတစ်ခုက သည်ကပ်ဘေးကို ဖြတ်ကျော်မည့် လူတိုင်းအတွက် အိပ်မက်ဆိုးတစ်ခုပင်။
ပို၍ အရေးကြီးသည်မှာ ထိုအရိပ်များထဲမှ တစ်ရိပ် သေဆုံးသွားတိုင်း သူတို့၏ခွန်အားက အနည်းငယ် တိုးလာခြင်းတည်း။ အချိန်ပိုကြာ၊ ပိုနှေးဖင့်ပါက ယင်းတို့သည် ဒီဒုက္ခကပ်ဘေးကို ဖြတ်ကျော်နေသော ကျင့်ကြံသူအား အမြစ်ဖျက်ပစ်နိုင်စွမ်း ရှိလာလိမ့်မည်။
သာမန်ကျင့်ကြံသူများသည် အတွင်းဆန်းကြယ်ဒုက္ခသုံးခုကို တဆက်တည်း ရင်ဆိုင်ခဲ၏။ အများစုသည် ပထမဆုံးအတွင်းကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသည်နှင့် အတင်းအကြပ် နောက်ပြန်ဆုတ်ကာ လုံလောက်အောင်ပြင်ဆင်ပြီးမှ သူတို့သည် သွေးအရိပ်ဒုက္ခကို ရင်ဆိုင်ဖို့ ကြိုးစားတတ်ကြသည်။
သည်ဒုက္ခ၏ ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းသည် ဖျက်စီး၍ မရသောကြောင့်ပင်။ ထို့ကြောင့် လူအများသည် ၎င်းကို မဖြတ်ကျော်နိုင်ကြချေ။
ဝမ်လင်းသည် တခြားသူများ ဒီသွေးအရိပ်ဒုက္ခကပ်ဘေးကို မည်သို့မည်ပုံ ဖြတ်ကျော်တာအား မသိပေ။ သို့သော် သူ့ထံ၌ ကိုယ်ပိုင်နည်းလမ်း ရှိ၏။ သွေးအရိပ်ထောင်ချီ နီးကပ်လာစဉ် ဝမ်လင်းက လေထဲ၌ လွင့်ဝဲ၏။ သူ၏မျက်လုံးထံမှ ကြောက်မက်ဖွယ်ရွှေရောင်အလင်း တောက်ပလာချေသည်။
ထိုရွှေရောင်အလင်းအောက်တွင် ဝမ်လင်း၏အကြည့်ထံမှ ပြင်းထန်သောဖိအားကို ထုတ်လွှတ်ပေးစွမ်း၏။ ယင်းသည် အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအို သူ့မျက်လုံးထဲ၌ ပေါင်းစပ်ပေးခဲ့သော ဓားအစိတ်အပိုင်းထံမှ လာခြင်းပင်။ သည်အကြည့်အောက်၌ ကင်းမြှီးကောက်စိတ်ဝိညာဉ်သည်ပင် ဖိနှိပ်ခြင်း ခံခဲ့ရသည်ဖြစ်၍ ဒီသွေးအရိပ်များနှင့်ပတ်သတ်၍မူ ပြောနေစရာပင် မလိုတော့ပါ။
ဝမ်လင်း၏အကြည့်က ကောင်းကင်ကို ဖြတ်သန်းဝေ့ခတ်သွား၏။ သူ၏အကြည့်ဖြင့် ကြည့်ရှုခြင်း ခံရသော သွေးအရိပ်အားလုံးသည် တုန်ယင်ကုန်ကာ မလှုပ်ရှားဝံ့တော့ပေ။ ယင်းတို့သည် ကြောက်ရွှံ့ဟန် လှစ်ဟပေါ်၏။ မမြင်ရသော ဖိအားက ယင်းတို့ ခြေလှမ်းတဝက် ဆက်တိုးသည်နှင့် ဖျက်စီးပစ်ခံရမည့်အလား ခံစားမိစေသည်။
ထို့နောက် ဝမ်လင်း၏ အေးစက်စက်အသံ ပဲ့တင်ထပ်၏။ “ထွက်သွားစမ်း…”
သူ့အသံက မကျယ်လောင်ပေ။ သို့သော် သွေးအရိပ်ထောင်ချီ၏ ခန္ဓာကိုယ်များပေါ်သို့ သူ့အသံ ကျရောက်လာသည့်အခါ ၎င်းမှာ မိုးကောင်းကင်၏ခွန်အားအလား။ သူတို့၏ခန္ဓာကိုယ်များသည် တုန်ယင်ကာ နောက်သို့ အလိုလို ဆုတ်သွားကြ၏။
ယင်းတို့မှာ အတွင်းပိုင်းဆန်းကြယ်ဒုက္ခသုံးခုမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်များပင်။ ထို့ကြောင့် ယင်းတို့ထံ၌ ဉာဏ်ရည်များများစားစား မပိုင်ဆိုင်ထားပေ။ သို့သော် ဝမ်လင်း၏အကြည့်၌ ကြောက်မက်ဖွယ်ကောင်းမှုကိုမူ ခံစားမိကြသည်။ ထိုအရိပ်များသည် ပေထောင်ချီသို့ ဆုတ်သွားကာ လှိုင်းဂယက်များကြား ပြန်ပျောက်ကွယ်သွားသည်။
လူများသည် ထိုဒုက္ခကို ဖြတ်ကျော်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုကြ၏။ သို့သော် မည်သူကမျှ ထိုသွေးအရိပ်များ ရှေ့ဆက်မတိုးဝံ့ဘဲ ထွက်ပေါ်လာသော နေရာသို့ ပြန်ဝင်ရောက်သွားသည့် မြင်ကွင်းမျိုးကိုမူ လုံးဝ မမြင်ဖူးခဲ့ကြပေ။
ထိုသွေးအရိပ်များ ပျောက်ကွယ်သွားသည့်အခါ ဝမ်လင်းသည် ကောင်းကင်ထက်သို့ ထိုးတက်၍ ဧရာမဗုံထံ ဦးတည်လေ၏။ ထိုဗုံထံမှ တတိယမြောက်ဗုံသံ ထွက်ပေါ်လာပေတော့မည်။
သို့သော် ၎င်းအသံ ထွက်ပေါ်မလာခင်မှာပင် ဝမ်လင်းက နီးကပ်လာကာ ယင်ဓားကို ပင့်မြှောက်၏။ သူက ဧရာမဗုံပေါ်သို့ ခုတ်ပိုင်းချလိုက်သည်။
ထိုခုတ်ပိုင်းချက်နှင့်အတူ ဝမ်လင်း၏ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်နှင့် ထပ်နေသောအရိပ်များ ပေါ်လာ၏။ သူတို့ကလည်း လက်ပင့်မြှောက်ရာ ယင်ဓားပေါ်လာ၏။ ဓားချက်သုံးချက်သည် ဝမ်လင်း၏တိုက်ခိုက်မှုနောက် ကပ်ပါလာချေသည်။
ဝမ်လင်း၏ယင်ဓားက ဗုံကို ထိမှန်သည့်အခါ၌ တတိယမြောက်ဗုံသံ မြည်ဟိန်းလာ၏။ သို့ပေမည့် ၎င်းကို ယင်းဓား၏ တဝီဝီဓားတေးသံက ဖုံးလွှမ်းပစ်သည်။ ထို့ကြောင့် ၎င်းဗုံသံကို ကြားရနိုင်ခြင်း မရှိတော့ပေ။
ဝမ်လင်း၏ဒြပ်စင်ငါးခုခန္ဓာကိုယ်ထံမှ ဓားသွားသုံးချက်ကလည်း ဗုံပေါ်သို့ ကျရောက်သွားသည်။
အဝေးမှ ကြည့်ပါက ၎င်းသည် ဧရာမဗုံအပေါ် ခုတ်ပိုင်းကျလာသော ကောင်းကင်ကိုပါ ဖြိုခွဲဖျက်ပိုင်းမည့် ဓားသွားလေးခုအလား ထင်မှတ်ရစေသည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ဝုန်းဒိုင်းကြဲ မြည်၏။ အက်ကြောင်းများစွာ ဗုံပေါ်တွင်ပေါ်လာပြီး ၎င်းက ပျက်စီးသွားတော့သည်။
ထိုဗုံသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပြန့်ကြဲကာ ပြင်းထန်သောမုန်တိုင်းတစ်ခုကို ဖန်တီးသည်။
တတိယမြောက်အတွင်းဆန်းကြယ်ဒုက္ခသည် ဝမ်လင်းက ဒီဆန်းကြယ်ဒုက္ခသုံးခု၏ ရင်းမြစ်ဖြစ်သော ဗုံကို ဖျက်စီးပစ်သည့်အခါ၌ မထွက်ပေါ်လာနိုင်တော့ချေ။
ဆန်းကြယ်ဒုက္ခခြောက်ခုကို ဖြတ်သန်းပြီးနောက် ဝမ်လင်း၏အမူအရာက အလေးအနက် ဖြစ်လာ၏။ သူသည် အစောပိုင်းတုန်းကကဲ့သို့ အေးအေးလူလူ မဖြစ်တော့ပေ။ ဒီအတွင်းပိုင်းဆန်းကြယ်သုံးခုက အရင်အပြင်ပိုင်းသုံးခုထက် များစွာ ပိုအစွမ်းထက်၏။ သူသည် ယင်းတို့ကို ဖြတ်ကျော်ဖို့ ဖိနှိပ်ခြင်းမျက်လုံးနှင့် ယင်ဓားကို အသုံးပြုခဲ့ရပေသည်။
သူ့အမြင်အရ နောက်ဆုံးဆန်းကြယ်ဒုက္ခသုံးခုမှာ အတွင်းဆန်းကြယ်ဒုက္ခသုံးခုထက် များစွာ ပိုအစွမ်းထက်ပေလိမ့်မည်။ ယင်းဒုက္ခသုံးခုသည် ကျင့်ကြံသူများကို လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ မရောက်အောင် တားဆီးထားသော အဟတစ်ခုလည်း ဟုတ်သည်။
ဝမ်လင်းသည် ကင်းမြှီးကောက်အမြှီးပေါ်တွင် ခြေချ၏။ သူ၏လက်ထဲသို့ ယင်ဓားကို ဖြည်းဖြည်းချင်း ပြန်သိမ်းဆည်းသည်။ သူသည် ကောင်းကင်ထက်သို့ ကြည့်ကာ ရောက်ရှိလာမည့် နောက်ဆုံးဆန်းကြယ်ဒုက္ခသုံးခုကို စောင့်နေသည်။
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက ဝမ်လင်းကို ဖိနှိပ်ခြင်းမျက်လုံးနှင့် ယင်ဓားကို ပေးခဲ့ရုံသာမက ကောင်းကင်ဘုံဘိုးဘေး၏ ဆံချည်မျှကနေ ဖြစ်ပေါ်သော ကောင်းကင်ဘုံသွေးကြောကိုပါ ဖန်တီးပေးခဲ့သေး၏။
ထိုသွေးကြောက ဝမ်လင်းကို ကောင်းကင်ဘုံစွမ်းအင်နှင့် ရှေးစွမ်းအင်တို့အား အဆင့်တစ်ခုထိ ပေါင်းစည်းစေနိုင်၏။ ထိုအမျှင်တန်း၌ သိပ်သည်းသော ကောင်းကင်ဘုံစွမ်းအင် ပါဝင်သလို ၎င်းသည် ဝမ်လင်း၏ ကောင်းကင်ဘုံသွေးမျိုးဆက်လည်း ဖြစ်လာနိုင်သည်။
ထိုဆံချည်မျှင်က ဝမ်လင်း၏ ကောင်းကင်ဘုံစွမ်းအင်နှင့် ရှေးစွမ်းအင်ကို ပြီးပြည့်စုံစွာ ပေါင်းစည်းအောင် မလုပ်ပေးနိုင်သော်လည်း အကျိုးသက်ရောက်မှု တခုတော့ ရှိပေ၏။ အနည်းဆုံးတော့ ထိုဆံချည်မျှင်ကြောင့် ဖြစ်ပေါ်လာသော သွေးကြော၌ အလွန်အမင်းသန့်စင်သော ကောင်းကင်ဘုံစွမ်းအင် စီးဆင်းနိုင်ပေသည်။
ထိုကောင်းကင်ဘုံစွမ်းအင်ကို ဝမ်လင်းက ရတနာတစ်ခုအဖြစ် အသုံးပြုစေနိုင်လိမ့်မည် ဖြစ်၏။
ထိုရတနာသည် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ချိန်းခြောက်နိုင်၏။
ထိုအခိုက်တွင် ဝမ်လင်းက စဉ်းစားနေလျက် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။ သူက မလှုပ်မယှက် ရပ်နေ၏။
ကောင်းကင်က နက်မှောင်လာ၏။ တိမ်စိုင်များ ပြန့်ကြဲလာသည်။ သို့သော် တအောင့်အကြာတွင် ကောင်းကင်ထက်မှ တစ္ဆေအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုတစ္ဆေအလင်းတန်း၌ ထူးခြားသောခံစားချက်တစ်ခု ပါဝင်နေ၏။ မကြာမီတွင် ၎င်းသည် စုဝေးကာ ဧရာမချိပ်ဟန်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုချိပ်တံဆိပ်က တစ္ဆေမျက်နှာနှင့် ဆင်တူ၏။ သို့သော် ၎င်းထံမှ လောက၏ဥပဒေအော်ရာကို ပေးစွမ်းသည်။
ဝမ်လင်းသည် ထိုချိပ်တံဆိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ ထိုချိပ်တံဆိပ် ပေါ်လာသည့်အခါ၌ သူ့ထံ၌ အန္တရာယ်အာရုံ ရလာ၏။ သို့သော် သူက ထိုအန္တရာယ်အာရုံသည် မည်သို့မည်ပုံ ပေါ်လာမည်ကိုမူ မသိပေ။
“ဒါက ခုနစ်ခုမြောက်ဆန်းကြယ်ဒုက္ခပဲ…” ဝမ်လင်းက မျက်မှောင်ကြုတ်ကာ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူက ထိုကပ်ဘေးဒုက္ခကို ပြန့်ကြဲသွားစေဖို့ လက်ဝေ့ယမ်းရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူသည် သူ့မူလစိတ်ဝိညာဉ်နှင့် ပတ်သတ်၍ တခုခုမှားနေသလို ခံစားမိလိုက်သည်။
သူ၏မူလစိတ်ဝိညာဉ်သည် မူလတုန်းက အလွန်အစွမ်းထက်လှပြီး သူ၏ခန္ဓာကိုယ်တွင်း၌ ထိုင်လျက် ရှိသည်။ သို့သော် ဒီအခိုက်တွင် ၎င်းသည် ခြောက်သွေ့သည့် အရိပ်အယောင် ပြသလာသည်။
အသက်တရှိုက်ရှုစာအချိန်အတွင်း သူ၏မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ သွေ့ခြောက်လာ၏။ ထိုအမြန်နှုန်းဖြင့်ဆို ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ပျောက်ကွယ်သွားဖို့ အသက်ရှုချိန်အတော်များများသာ လိုအပ်၏။ ထိုအခါကလျှင် သူ သေဆုံးသွားလိမ့်မည် ဖြစ်သည်။
ထိုရုတ်တရက် ပြောင်းလဲမှုက ဝမ်လင်း၏စိတ်နှလုံးကို လှုပ်ခါစေ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် ဆန်းကြယ်ဒုက္ခများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို နားလည်သွားသည်။
သူသာ သူ့မူလစိတ်ဝိညာဉ်သွေ့ခြောက်ခြင်းကို နှေးဖင့်စေလိုပါက သူ့အနေဖြင့် လောက၏စွမ်းအားကို များစွာ ဝါးမြိုရလိမ့်မည် ဖြစ်၏။ အချိန်သည် ပဓာန ဖြစ်နေသည်။ ဝမ်လင်း၏ မျက်လုံးက အရောင်တောက်လာ၏။ သူက ပါးစပ်ဟကာ ရှိုက်သွင်းလိုက်သည်။ သူ့ပတ်လည်ရှိ လောက၏စွမ်းအားသည် လှုပ်ရှားလာသည်။ သို့သော် သူက ၎င်းကို မဝါးမြိုနိုင်ချေ။
ဆန်းကြယ်ဒုက္ခများထံမှ ဆန်းပြားသောအားတစ်ခုဖြင့် ပတ်ဝန်းကျင်ဧရိယာမှာ ခြုံလွှမ်းထား၏။ တခြားသူများက မဝင်ရောက်နိုင်သလို လောက၏စွမ်းအားသည်ပင် မဝင်ရောက်နိုင်ချေ။
ဒုတိယမြောက်အသက်ရှိုက်စာအချိန် ရောက်လာ၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ် သွေ့ခြောက်မှုက ပိုမြန်လာသည်။
“သိပ်ကောင်းတဲ့ ခုနစ်ခုမြောက် ဆန်းကြယ်ဒုက္ခပါလား…” ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့ကာ ကောင်းကင်ထက်ရှိ ချိပ်တံဆိပ်ထံ ဦးတည်လာ၏။ သူ့ညာလက်ကို ဝေ့ယမ်းကာ ၎င်းထံ လက်သီးတချက် ပစ်သွင်းသည်။
ထိုလက်သီးချက်နှင့်အတူ သူ၏နောက်တွင် ရှေးတောက်အရိပ်ပေါ်လာကာ ၎င်းအရိပ်ကလည်း လက်သီးတလုံး ပစ်သွင်းသည်။ သို့ပေမည့် ထိုလက်သီးချက်သည် ချိပ်တံဆိပ်ကို ဖြတ်သန်းသွားသော်လည်း ၎င်းအား တစက်လေးမျှ မထိခိုက်စေပေ။ ထိုချိပ်တံဆိပ်က ပုံရိပ်ယောင်တစ်ခု ဖြစ်လေသည့်အလား။ ၎င်းကို မြင်ရသော်လည်း မထိတွေ့နိုင်သည့်အလား ထင်ရသည်။
ထိုလက်သီးချက်နှင့်အတူ တတိယမြောက်အသက်ရှိုက်စာအချိန် ရောက်လာ၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ထပ်မံ သွေ့ခြောက်သည်။ ၎င်း၏မူလအရွယ်အစားကနေ တဝက်လောက်ထိ ကြုံ့သွားခဲ့လေပြီ။ ဝမ်လင်း၏အမူအရာက ချက်ခြင်း သုန်မှုန်လာ၏။
ခုနစ်ခုမြောက်ဒုက္ခကပ်ဘေးသည် စိတ်ဝိညာဉ်ဒုက္ခကပ်ဘေးသုံးခု၏ ပထမဆုံးတစ်ခုပင်။ ထိုကပ်ဘေးကို အသက်ဆယ်ရှိုက်စာစိတ်ဝိညာဉ်သွေ့ခြောက်စေခြင်း ကပ်ဘေးဒုက္ခဟု ခေါ်ဆို၏။ ကျင့်ကြံသူများစွာသည် ထိုကပ်ဘေးကြောင့် သေဆုံးခဲ့ရ၏။ သူတို့၏မူလစိတ်ဝိညာဉ်များသည် အသက်ခုနစ်ရှိုက်စာကြာမြင့်ပြီးသည့်နောက် သွေ့ခြောက်ကာ သေဆုံးခြင်း ဆိုက်ရောက်ခဲ့ရသည်။
ထိုဒုက္ခက အလွန်ထူးခြားကာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ကောင်းကင်ထက်ရှိ ချိပ်တံဆိပ်က သော့ချက်ပင်။ သို့သော် ၎င်းကိုလည်း ဖျက်စီး၍ မရနိုင်ပြန်ပါ။ ၎င်းသည် ထိုကျင့်ကြံသူ သေဆုံးသည့်အထိ ရှိနေမည် ဖြစ်ပြီး နောက်ကျမှ ပြန်လွင့်ပြယ်ပျောက်ကွယ်မှာ ဖြစ်၏။
ဝမ်လင်းသည် ကောင်းကင်ထက်ရှိ ချိပ်တံဆိပ်ကို စိုက်ကြည့်နေ၏။ သူ၏စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်ပြေးနေသည်။
“ငါ ဒီဆန်းကြယ်ဒုက္ခကို လျှော့တွက်ခဲ့တာပဲ။ ဒီကပ်ဘေးက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါက ငါ့မူလစိတ်ဝိညာဉ်ကို သွေ့ခြောက်နေစေတယ်။ လောကရဲ့ စွမ်းအားအားလုံးကိုပါ ချိပ်ပိတ်ထားသေးတယ်။ ဒီတော့ တနည်းပဲ ရှိတော့တယ်…”
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူသည် ဒီဧရိယာအတွင်းရှိ လောက၏စွမ်းအားကို မစုပ်ယူပေ။ သို့သော် ဒီနေရာ၌ နောက်ထပ် အလွန်သန့်စင်သော လောက၏စွမ်းအား ရှိနေသေးပေ၏။ ၎င်းမှာ ကင်းမြှီးကောက်စိတ်ဝိညာဉ်ပင်။
တုံ့ဆိုင်းမနေဘဲ ဝမ်လင်းက လေးခုမြောက်အသက်ရှိုက်စာအချိန်သို့ ရောက်လာသည့်အခါ၌ လှုပ်ရှား၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ကင်းမြှီးကောက်ဘုံကျောင်းပေါ်သို့ ဖိချလိုက်၏။
ထိုဘုံကျောင်းသည် တုန်ခါသွားသည်။ ဝမ်လင်း၏လက်နှစ်ဖက်၌ အစွမ်းထက်စုပ်အားတစ်ခု ပါဝင်နေသလို ထင်ရကာ ဘုံကျောင်းထံမှ နာကျင်စူးရှစွာအော်သံ တစ်သံ ထွက်ပေါ်လာချေ၏။
ငါးခုမြောက်အသက်ရှိုက်စာအချိန်သို့ ရောက်လာသည့်အခါ ဘုံကျောင်းအတွင်းမှ စိတ်ဝိညာဉ်မြူတစ်ခု ပြန့်ကြဲကာ ဝမ်လင်း၏လက်နှစ်ဖက်ထံ တရကြမ်း တိုးဝင်လာ၏။ ၎င်းက လောက၏စွမ်းအားအဖြစ်သို့ ပြောင်းကာ သူ၏ခန္ဓာကိုယ်တွင်းသို့ စုပ်ယူခြင်း ခံရသည်။
ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်သည် ဝမ်လင်းကြောင့် ခြောက်ပိုင်း ပိုင်းဖြတ်ခြင်း ခံထားရပြီး ဖြစ်၏။ သူသည် ဆန်းကြယ်လေဟာနယ်အဆင့်သို့ ရောက်ဖို့ ယင်းခြောက်ပိုင်းထဲမှ လေးပိုင်းကို စုပ်ယူခဲ့ပြီး ဖြစ်ကာ ကျန်သည့်နှစ်ပိုင်းကမူ ဒီကင်းမြှီးကောက်ဘုံကျောင်းအတွင်း၌ ပုန်းကွယ်နေသည်။
ပုံမှန်ဆို ဝမ်လင်းအနေဖြင့် ၎င်းလက်ကျန်စိတ်ဝိညာဉ်အစိတ်အပိုင်းနှစ်ခုကို ရှာဖို့ ခက်ခဲလိမ့်မည်။ သို့သော် သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာခြင်းနှင့် အရင်က စိတ်ဝိညာဉ်အစိတ်အပိုင်းလေးခုကို စုပ်ယူခဲ့ခြင်းတို့ကြောင့် ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်နှင့် သူ့ကြားတွင် ချိတ်ဆက်မှုတစ်ခု ဖြစ်လာခဲ့၏။ ထိုချိတ်ဆက်မှုကနေ သူသည် ကျန်သည့်ကင်းမြှီးကောက်စိတ်ဝိညာဉ်နှစ်ခုကို လွယ်လင့်တကူ ရှာဖွေကာ ဆွဲထုတ်ယူနိုင်သည်။