ပျောက်နေသောတစုံတစ်ခု
Vol. 142 Ch. 1961
တူညီသောဂိတ်တံခါးနှင့် တူညီသောလက်တဖက်။ ဝမ်လင်းသည် ယင်းတို့ကို တကြိမ်ထက်မနည်း တွေ့မြင်ခဲ့ဖူး၏။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပြီးပြည့်စုံခြင်းသို့ တခါရောက်တိုင်း ထိုဂိတ်တံခါး ပေါ်လာလိမ့်မည်ပင်။ သို့သော် သူ အတွင်းသို့ ဝင်ရောက်သည့်အခါ ကျယ်ပြောသောဟင်းလင်းပြင်ကလွဲ၍ မည်သည့်အရာကိုမျှ မတွေ့ရပေ။
ထိုအစိမ်းရောင်လက်၌ ဝင်ရောက်မည့်လူတိုင်းကို ဟန့်တားသော စွမ်းအားတစ်ခု ပါဝင်နေသည်။
ဝမ်လင်းသည် ဂိတ်တံခါး၏အပြင်ဘက်တွင် ထပ်မံ ရပ်နေ၏။ ဂိတ်တံခါးနှင့် ထိုအစိမ်းရောင်လက်ကို ကြည့်ကာ သူသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
“ကင်းမြှီးကောက်စိတ်ဝိညာဉ် မသေခင်က သူဟာ အဖြူရောင်ပုတီးစေ့လို့ ပြောခဲ့တယ်။ ဒါက ဘာအဓိပ္ပယ်ဖြစ်မလဲ…” ဝမ်လင်းသည် အချိန်အတန်ကြာ စဉ်းစားနေ၏။ သူ၏မျက်လုံးက အရောင်တောက်လာသည်။ ထို့နောက် သူက ထိုဂိတ်တံခါးထံ ဖြည်းဖြည်းချင်း လျှောက်လာသည်။
သူ ဂိတ်တံခါးနှင့် နီးကပ်လာသည့်အခါ အစိမ်းရောင်လက်တဖက်သည် ရုတ်တရက် လှုပ်ရှားကာ ဝမ်လင်းထံ ဖိအားနှင့်အတူ တိုးဝင်လာသည်။
ဝမ်လင်း၏အမူအရာက ပြောင်းလဲမသွားပေ။ သူသည် တစက်လေးမျှ မရပ်တန့်ပေ။ သူ့ညာလက်ကို တိုးဝင်လာသော ဧရာမလက်ထံ ဝေ့ယမ်းလိုက်၏။
လောကသည် တုန်ဟိန်းသွားပြီး အစိမ်းရောင်လက်သည် နောက်ဘက် ပေရာချီထိ ပြန်ကန်လွင့်သွားသည်။
ဝမ်လင်းကို အရင်က ကြောက်ရွှံ့စေအောင် လုပ်ခဲ့သော ထိုလက်သည် သူ လေဟာနယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်ပြီးသည့်နောက် သူ့ကို မတားဆီးနိုင်တော့ပေ။ ဝမ်လင်းက ဂိတ်တံခါးထံ တည်ငြိမ်စွာ လျှောက်လှမ်းလာ၏။
သူက မနှေးမမြန် လျှောက်လာ၏။ သို့သော် သူ၏ခြေလှမ်းတိုင်းက တုန်ဟည်းသံကို ပဲ့တင်ထပ်စေသည်။ သူသည် ဂိတ်တံခါးနှင့် ခြေခုနစ်လှမ်းအကွာသို့ ရောက်သည့်အခါ ထိုဧရာမလက်က ဝမ်လင်းထံ ထပ်မံ၍ တရကြမ်း တိုးဝင်လာပြန်သည်။
သည်တကြိမ်၌ ထိုလက်ထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်နေ၏။ ၎င်းက ဝမ်လင်းကို မဟန့်မတားနိုင်ချင်း လက်မလျှော့သည့်အလား။
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ သူက ဒီလက်ကို မဖျက်စီးချင်ပေ။ သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုလက်ထံ လက်ညွှန်လိုက်လေ၏။
ရပ်တန့်ခြင်း…။
ထိုလက်ကြီးမှာ လေထဲတွင် မလှုပ်မယှက် ရပ်တန့်သွား၏။
ဝမ်လင်းသည် တည်ငြိမ်စွာ ရှေ့သို့ ဆက်လှမ်းပြီး ကောင်းကင်ဘုံဂိတ်တံခါးရှေ့တွင် ရပ်သည်။ သူ့ဘယ်လက်ကို ပင့်မြှောက်ကာ ဂိတ်တံခါးကို တွန်းဖွင့်လိုက်၏။
ထိုအခါ ဂိတ်တံခါးသည် ခပ်အုတ်အုတ်အသံ ထွက်ပေါ်ပြီး အဟငယ်တစ်ခု ပွင့်သည်။ ထိုအဟငယ်က သေးသော်လည်း ပေဒါဇင်ချီကျယ်သည်။
ထိုအဟ ပွင့်သွားပြီးနောက် ဝမ်လင်းက ငြိမ်သက်စွာ ခဏစဉ်းစားပြီးမှ ဂိတ်တံခါးအတွင်းသို့ ခြေချလိုက်သည်။
သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းဂိတ်တံခါးထဲသို့ လုံးဝ ခြေလှမ်းဝင်လာ၏။
သည်တကြိမ်၌ ဝမ်လင်းရှေ့တွင် ပေါ်လာသည်မှာ သူ အရင်က လုံးဝ မမြင်ဖူးခဲ့သော လောကတစ်ခုပင်။ ထိုလောကတွင် ကောင်းကင်နှင့်မြေကြီး ရှိသော်ငြားလည်း မည်သည့်သက်ရှိ အရိပ်အယောင်မျှ မရှိလေပေ။ တောင်တန်းတစ်ခုနှင့် မိုးထိထိုးနေသော မျှော်စင်တစ်ခုသာ ရှိနေ၏။
ထိုမျှော်စင်သည် အထည်ဒြပ် ရှိနေခြင်း မဟုတ်၊ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား တလက်လက် ဖြစ်နေ၏။
သည်နေရာမှာ သူ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်ခဲ့စဉ်တုန်းက တွေ့မြင်ခဲ့သော နေရာနှင့် မတူပေ။ သည်လောကမှာ နောက်ဆုံးအချိန်ကနှင့် လုံးဝ ကွဲပြားသွားခဲ့ပေပြီ။
အရင်တုန်းက အရာအားလုံးသည် မြူလွှာတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး အခု ဒီမြူလွှာက ဖယ်ရှားခံရကာ ဝမ်လင်းကို ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အစစ်အမှန်လျှိုဝှက်ချက်နှင့် အလွန်နီးစပ်သွားစေသည်။
အဝေးမှ ဆန်းကြယ်လှသည့် မျှော်စင်ကို ကြည့်ကာ ဝမ်လင်းသည် ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်လာ၏။ ထိုတောင်တန်းက ပုံရိပ်ယောင်တစ်ခု တဖြည်းဖြည်း ဖြစ်သွားပြီး ဝမ်လင်းရှေ့တွင် ပြန့်ကြဲသွားလေ၏။
ဒီနေရာရှိ ထီးတည်းတည်ရှိသော မြင့်မားသည့် မျှော်စင်မှာ လေးထောင့်ခပ်မတ်မတ် အသွင် ရှိ၏။ ထိုထောင့်တစ်ခုစီတွင် အရိုးစုလေးခု ထိုင်နေကြသည်။
ထိုအရိုးစုများက မည်သည့်အချိန်တည်းက တည်ရှိခဲ့တာကို မသိနိုင်ပေ။ ယင်းတို့ထဲမှ နှစ်ယောက်၏ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ကာ တခြားနှစ်ယောက်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူတို့သည် နေရာတွင် မလှုပ်မယှက် ထိုင်နေကာ သေခြင်းတရားအော်ရာကို ပေးစွမ်းနေ၏။
ဝမ်လင်း၏အကြည့်က အရိုးစုများအပေါ် ဖြတ်သန်းသွားသည်။ သူသည် ထိုမျှော်စင်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ဘယ်လိုအရာလဲ။ ဒီပုတီးစေ့နဲ့ ပတ်သတ်တဲ့ ပြသနာဟာ ငါနဲ့အတူ နှစ်ပေါင်းနှစ်ထောင်ကျော်ပြီး ခုဆို နှစ်ပေါင်းသုံးထောင်နီးပါး ရှိလာခဲ့ပြီ…”
ဝမ်လင်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းဂိတ်တံခါးကို အကြိမ်အတော်အတန် ဝင်ရောက်ခဲ့ဖူး၏။ သို့သော် သည်တကြိမ်၌သာ သူသည် ၎င်းဂိတ်တံခါးအောက်၌ အရိုးစုလေးခု ရှိနေသည်ကို တွေ့မြင်ခြင်းပင်။ ဒီမျှော်စင်တွင် တံခါးလည်း ရှိမနေပေ။
ထိုမျှော်စင်အပြင်ဘက်တွင် ရပ်ကာ ဝမ်လင်း၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုအားကောင်းလာ၏။ အချိန်အတန်ကြာပြီးနောက် သူ၏နတ်ဘုရားအာရုံသည် မျှော်စင်ထံ ပျံ့လာ၏။ သူ၏နတ်ဘုရားအာရုံက ထိုမျှော်စင်ကို ထိမိသည့်အခါ သူ့စိတ်ထဲတွင် ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။
သူ့စိတ်ထဲ၌ မရေမတွက်နိုင်သော အသံများ ပေါ်လာသည်။ ယင်းအသံတို့က ဗရမ်းဗတာ ဖြစ်လှသဖြင့် သူ့အဖို့ မည်သည်ကိုမျှ ရှင်းရှင်းလင်းလင်း မကြားရပေ။
သူသည် ကလေးတစ်ယောက် မွေးဖွားလာခါစ ငိုသံလိုမျိုးကိုလည်း ဝိုးတဝါး ကြား၏။ သေခါနီးလူအိုတစ်ယောက်၏ သက်ပြင်းချသံ၊ တခြား ဗလုံးဗထွေးအသံမျိုးစုံကိုလည်း ကြားရသည်။ ထိုငိုသံများနှင့် တိုးတက်သော သက်ပြင်းချသံတို့သည် ဝမ်လင်းကို သူ သေမျိုးမြို့အတွင်း၌ ရှိခဲ့စဉ်က မြို့ထဲမှ အသံမျိုးစုံကို ကြားရစေသလိုမျိုး ခံစားမိရစေသည်။
အဆုံးသပ်၌ ထိုအသံမျိုးစုံသည် စူးရှသော အသံတစ်သံအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ စိတ်နှလုံးနှင့်နားအတွင်းသို့ ပဲ့တင်ထပ်လာသည်။ ဝမ်လင်း၏မျက်နှာက ချက်ခြင်း ဖြူရောသွားသည်။ သူ၏ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် ယင်းအသံကို တောင့်ခံနိုင်စွမ်း မရှိသည့် အရိပ်အယောင် ပြသလာ၏။
သူသာ ဆက်နေပါက သူ၏ခန္ဓာကိုယ်တခုလုံး ပျက်စီးသွားတော့မည့်အလား။
သူ ပျောက်ကွယ်တော့မည့် အခိုက်တွင် ကလေးငိုသံတစ်သံသည် ဝမ်လင်း၏စိတ်နှလုံးအတွင်းသို့ ဝင်ရောက်လာ၏။ ထိုသည်က သူ့ကို သတိပြန်ဝင်စေကာ နောက်သို့ ခြေဆယ်လှမ်းကျော် ဆုတ်သွားစေ၏။ သူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေသည်။
သူ့စိတ်မှာ တုန်ယင်သွား၏။ သူက မျှော်စင်ထံ ထပ်မံ ကြည့်ပြီးနောက် နောက်လှည့်ပြီး အကွာအဝေးတစ်ခုထံ ပျံသန်းသွားတော့၏။ တအောင့်အကြာတွင် သူနှင့် ပတ်သတ်မှုကို အခြေခံ၍ သူက ဝမ်ပိုင်နှင့်ဝမ်ပိုင်၏ဇနီးတို့၏ စိတ်ဝိညာဉ်ကို ရှာတွေ့သည်။
သူ၏ကိုယ်ပိုင် အသွေးအသားဖြစ်သော ဝမ်ပိုင်ကို ကြည့်နေရင်း ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။
စူးရှရှ ကလေးငိုသံကို သူ ရင်းနှီးသလို ရှိ၏။ ၎င်းမှာ ဝမ်ပိုင်၏ မကျေမချမ်းစိတ်ဝိညာဉ်အဖြစ် ရှိခဲ့စဉ်တုန်းက သူ ဝမ်ပိုင်ထံမှ ကြားခဲ့ရသော ပထမဆုံးအသံပင်။
“ဒီမျှော်စင်…ဒါက အတိအကျဆို ဘာဖြစ်မလဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် အချိန်အတန်ကြာသည့်အထိ စိတ်ရှုပ်ထွေးခြင်းတို့နှင့် ပြည့်နေသည်။ သူက သူ့ကိုယ်ပိုင်အသွေးအသားကို ကြည့်ကာ သူ၏မျက်လုံးထဲ၌ နူးညံ့မှုနှင့် ဝမ်းနည်းမှုတို့ ဖြစ်လာ၏။ သူက သက်ပြင်းချကာ ပြန်ထွက်လာသည်။
သူသည် ဒီဆန်းကြယ်သောနေရာ၊ လေးထောင့်မျှော်စင်ရှေ့သို့ ဒုတိယအကြိမ် ရောက်လာခဲ့သည်။
သူသည် အစစ်အမှန်နှင့်ပုံရိပ်ယောင် တလှည့်စီ ဖြစ်နေသော မျှော်စင်ထံသို့ မော့ကြည့်၏။ မျှော်စင်ထိပ်က ဝေဝါးနေသည်။
တအောင့်အကြာတွင် ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးပြီး သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ သည်တကြိမ်၌ သူ့ညာလက်ချောင်း၏ လက်သည်းမှာ စူးရှသောအပ်တစ်ခုအလား ချဲ့ကားပြီး သူ့လက်ဝါးအတွင်းသို့ ဦးတည်၏။ သို့သော် ခပ်ဖျော့ဖျော့အလင်းလွှာတစ်ခုက ၎င်းက သူ့အသွေးအသားကို ထွင်းဖောက်ခြင်းကနေ ကာဆီးပေးထားသည်။
သို့ပေမည့် ထိုဖျော့တော့သောအလင်းက မြန်ဆန်စွာ လွင့်ပြယ်သွားသည်။ ယင်းအလင်းမှာ အသက်ဆယ်ရှိုက်စာကြာ၌ လုံးဝ ပျောက်ကွယ်သွား၏။ ထို့နောက် ဝမ်လင်း၏ ထက်ရှသောလက်သည်းက သူ့အသွေးအသားကို ထွင်းဖောက်ကာ နာကျင်စေသည်။
အချိန်သည် ပဓာန ဖြစ်၏။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို မျှော်စင်ထံ ဖြန့်ကျက်သည်။ သူ့နတ်ဘုရားအာရုံက မျှော်စင်နှင့် ထိမိသည့်အခါ၌ ရောထွေးနေသော အသံပေါင်းစုံက ဝမ်လင်း၏စိတ်ထဲသို့ ထပ်မံ ဝင်ရောက်လာ၏။
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက စိတ်လွတ်သွားသလို ခံစားမိသည်။ ထိုအသံက သူ့အား ဝန်းရံခြုံလွှမ်းသည်။
ယင်းအသံသည် အဆုံးမဲ့သည့်အလား။ ထိုအသံတို့က ဝမ်လင်း၏စိတ်နှလုံးထဲတွင် ပဲ့တင်ထပ်ပြီး သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ မကြားရနိုင်ပေ။ အချိန် ဖြည်းဖြည်းချင်း ကုန်လာ၏။ ဝမ်လင်း၏မျက်နှာက ပို၍ ဖြူရောလာ၏။ သူ၏မျက်လုံးမှာ ဝိညာဉ်ကင်းမဲ့သွားသည်။ သူ၏ခန္ဓာကိုယ် တုန်ယင်နေရင်း သူ့ညာလက်ရှိ အဖြူရောင်အလင်းက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ အသက်ကိုးရှိုက်စာအချိန် ရောက်သည့်အခါ ထိုအဖြူရောင်အလင်းသည် လုံးဝ ကွယ်ပျောက်သွား၏။ ထက်ရှသော လက်သည်းက သူ့လက်ဝါးကို ထွင်းဖောက်ကာ သွေးများ တစက်စက် ကျစေ၏။ နာကျင်မှုက သူ၏ခန္ဓာကိုယ်တွင် ပျံ့နှံ့သည်။
ထိုရုတ်တရက် နာကျင်မှုအောက်၌ ဝမ်လင်းက ရုန်းကန်၏။ ရုတ်တရက် သူက အသိပြန်ဝင်လာ၏။ ထိုအခိုက်တွင် သူသည် ရောထွေးနေသော အသံပေါင်းစုံကြား၌ အသံတစ်ခုကို တဒင်္ဂရှင်းရှင်းလင်းလင်း ကြားလိုက်သည့်ပုံ ရ၏။
“ပျောက်နေတဲ့တစ်စုံတစ်ခု…”
ထိုသည်ကို ကြားသည့်အခါ ဝမ်လင်းက နောက်ဘက် ပေတစ်ထောင်သို့ ပြန်ဆုတ်၏။ သည်အတောအတွင်း အသက်ဆယ်ရှိုက်စာသာ ကြာသော်လည်း ဝမ်လင်းသည် သေခြင်းရှင်ခြင်းအန္တရာယ်ကို တွေ့ကြုံခဲ့ရပေ၏။ ပထမဆုံးအကြိမ်က ကလေးငိုသံနှင့် ဒုတိယအကြိမ် သူ့ကြိုတင်ပြင်ဆင်ထားခြင်းကြောင့်သာ မဟုတ်ပါက သူသည် ဒီအသံပေါင်းစုံအတွင်း သူ့ကိုယ်သူ ဆုံးရှုံးသွားနိုင်လောက်၏။
ထိုမျှော်စင်ကို စိုက်ကြည့်ကာ ဝမ်လင်းက ဖြစ်တောင့်ဖြစ်ခဲ ထိတ်လန့်မှု ပေါ်၏။ ခုချိန်ထိ သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌ ပေါ်လာသော ဒီမျှော်စင်က မည်သည့်အရာ ဖြစ်သည်ကို နားမလည်နိုင်တုန်းပင်။
“ပျောက်နေတဲ့တစုံတစ်ခု…။ ဒါက ဘာကို ဆိုလိုတာလဲ…” ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ တအောင့်အကြာတွင် သူက မျှော်စင်ကို ကြည့်ပြီးနောက် ပြန်ထွက်ခွာလာတော့သည်။
အစိမ်းရောင်မိစ္ဆာကုန်းမြေပေါ်၌ ကင်းမြှီးကောက်ဘုံကျောင်း ရှိနေသော နေရာတွင် မုန်တိုင်းတစ်ခု ဖုံးလွှမ်းထား၏။ ဆံဖြူလူငယ်တစ်ယောက်က ထိုနေရာတွင် ရပ်နေပြီး ရုတ်တရက် သူ့မျက်လုံး ဖွင့်လာသည်။
သူ မျက်လုံးဖွင့်လာခိုက်တွင် သူ့မျက်လုံးထဲ၌ ထိတ်လန့်မှုငြိတွယ်နေတုန်းပင်။
ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ သူ့လက်ဝါးနှင့် ပေါင်းစပ်သွားသော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ကြည့်၏။ သူ၏ အမူအရာက စိတ်ရှုပ်ထွေးနေသည်။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့…သင်က အတိအကျဆို ဘယ်လိုအရာမျိုးလဲ…”
ဝမ်လင်းသည် ထိုသို့ ခပ်တိုးတိုး ရေရွတ်နေရင်း ၎င်းပုတီးစေ့က သူ၏ခန္ဓာကိုယ်ထဲ ပျောက်ကွယ်သွားတော့သည်။ ၎င်းက သူ့စိတ်ဝိညာဉ်ထဲပ မမြင်ရဘဲ တည်ရှိလေတော့သည်။
“ငါ့နတ်ဘုရားအာရုံဟာ လုံလောက်အောင် မသန်မာသေးဘူး…။ လုံလောက်ဖို့ အတော့်ကို လိုသေးတယ်။ တနေ့ကျရင် အဲ့ဆူညံသံပေါင်းစုံကို ဖိနှိပ်နိုင်စွမ်း ရှိပြီး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်းမှာ ရှိတဲ့ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်ကို ငါ သိအောင် လုပ်ရမယ်။ ပုန်းကွယ်နေတဲ့ စကားလုံးတွေကို သိအောင် လုပ်ရမယ်…”
ဝမ်လင်း၏ မျက်လုံးက အရောင်တောက်လာ၏။ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နှင့် ပတ်သတ်သော စိတ်ရှုပ်ထွေးမှုကို ဖိနှိပ်လိုက်၏။
သူက ဒီမျှော်စင်ကို မြင်နိုင်ခဲ့ခြင်းကြောင့် သူ့အနေဖြင့် ဒီပုတီးစေ့၏ လျှို့ဝှက်ချက်နှင့် အတော်လေး နီးကပ်နေပြီဟုလည်း ရေးတေးတေး ခံစားမိသည်။
ထိုအခိုက်တွင် ဝမ်လင်း၏မျက်လုံးထံမှ အေးစက်စက်အကြည့် လှစ်ဟပေါ်ကာ သူက အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။ ယင်းမှာ မိစ္ဆာတာအိုကလန် ရှိရာနေရာပင်။
“မိစ္ဆာတာအိုကလန်…အတိတ်တုန်းက ငါဟာ ဒီကလန်တစ်ခုလုံးကို ဖျက်စီးပစ်မယ်လို့ ကတိကဝတ် ပြုခဲ့တယ်။ အခု အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ မိစ္ဆာတာအိုကလန်ဆိုတာ ဆက် မရှိစေရတော့ဘူး..” ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူ၏ပတ်လည်ရှိ မုန်တိုင်းက ပိုမြန်ဆန်လာကာ အနက်ရောင်တိုနာဒိုမုန်တိုင်းအဖြစ်သို့ ပြောင်းပြီး ဝမ်လင်းကို အကွာအဝေးတစ်ခုသို့ သယ်ဆောင်သွားသည်။
မိစ္ဆာတာအိုကလန်အတွက် ကပ်ဘေးသည် ရောက်ရှိလာပေတော့မည်။