မိစ္ဆာတာအိုကလန်၏ ကပ်ဘေး
Vol. 142 Ch. 1963
သူ မြူစုမြူဝေးထံ တည်ငြိမ်စွာ လျှောက်လှမ်းလာကာ အစီအရင်တွင်းသို့ လှမ်းလျှောက်၏။
သူ အစီအရင်အတွင်းသို့ ဝင်ရောက်သွားခိုက်တွင် ကျယ်လောင်စွာ တုန်ဟည်းသံသည် လောကတခွင်၌ ပဲ့တင်ထပ်ကာ မိစ္ဆာတာအိုကလန်ထံ ဝင်ရောက်သည်။
ကျင့်ကြံသူသုံးသောင်းကျော်က ကျင့်ကြံနေကြ၏။ တုန်ဟည်းသံများ ပဲ့တင်ထပ်လာသည့်အခါ သူတို့၏အမူအရာများ ပြောင်းလဲကုန်သည်။ သူတို့သည် အလျင်အမြန် ပျံသန်းထွက်လာကာ ကောင်းကင်ထက်သို့ ကြည့်သည်။
ကောင်းကင်ထက်ရှိ မြူများသည် အပြင်းအထန် ရုန်းကြွနေကာ ထိုနေရာတွင် အရိပ်ဆယ့်ရှစ်ခုက လူတစ်ယောက်ကို ဝန်းရံထားပုံ ရသည်။ သူတို့ တုန်ခိုက်နေကြကာ ကျယ်လောင်စွာ အသံများ ထွက်ပေါ်နေသည်။
“ရန်သူ…တိုက်ခိုက်ကြ။ တတိယအဆင့် ကျင့်ကြံသူအားလုံး…အစီအရင်ကို ချခင်းကြ…”
ကလန်၏ မြောက်ဘက်ပိုင်းရှိ တောင်တလုံးထံမှ ပူပန်တကြီးအသံ တသံ ထွက်ပေါ်လာသည်။ မကြာမီတွင် အနီရောင်တိမ်တိုက်တစ်ခု နီးကပ်လာကာ အတွင်း၌ အနီရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူ ရှိနေသည်။
သူ ပေါ်လာသည်နှင့် သူ့အင်္ကျီလက်အိုးကို ချက်ခြင်း ဝေ့ယမ်းသည်။ သူ့ ပတ်လည်ရှိ အနီရောင်တိမ်တိုက်များသည် ကောင်းကင်ထက်ရှိ မြူစုဝေးထံ ပျံသန်းသည်။
တချိန်တည်းမှာ မိစ္ဆာတာအိုကလန်ထံမှ အလင်းတန်းဒါဇင်ချီ ပျံသန်းထွက်လာသည်။ ထိုအလင်းတန်းတစ်ခုစီသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူတို့ကြား၌ ယောက်ျား၊မိန်းမ ပါဝင်ကြ၏။ သူတို့၏အမူအရာများက အလေးအနက် ဖြစ်နေသည်။ သူတို့ ပေါ်လာသည့်နောက် မြူအတွင်းသို့ ဝင်ရောက်ကာ အစီအရင်ကို အားဖြည့်၍ ပြင်ပမှ ကျူးကျော်လာသူများ မဝင်ရောက်နိုင်အောင် ဟန့်တားသည်။
တအောင့်အကြာတွင် ကလန်၏ တောင်ပိုင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်းတန်းက အဘိုးအိုတစ်ယောက်အဖြစ် အနီရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူ ဘေးနားတွင် ပေါ်လာသည်။ သူက ကောင်းကင်ထက်သို့ သုန်မှုန်အေးစက်စွာ လှမ်းကြည့်သည်။
“မင်းက ငါတို့ မိစ္ဆာတာအိုကလန်ရဲ့ အကာအကွယ်အစီအရင်ကို ချိုးဖျက်ရဲတယ်လား။ ဒီအဘိုးအိုက ဒီလောက်ရဲတင်းနေတဲ့မင်းက ဘယ်သူလဲဆိုတာ မြင်ချင်သေးတယ်…”
ထိုသို့ ပြောကာ သူသည် ကောင်းကင်ထက်ရှိ မြူထံ တိုးဝင်လာသည်။
မြူထဲ၌ အဖြူရောင်ဝတ်ရုံ ခြုံလွှမ်းထားသော ဝမ်လင်းက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာနေ၏။ သူ၏ရှေ့တွင် ပုံရိပ်ဆယ့်ရှစ်ခုက မာန်သွင်းဟစ်အော်ကာ သူ့ထံ တရကြမ်း ဝင်ရောက်လာသည်။ ယင်းတို့ထံမှ ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသည်။
ထိုအရိပ်ဆယ့်ရှစ်ခု နီးကပ်လာသည့်အခါ ဝမ်လင်းက အေးစက်စက် အကြည့်ကို ထုတ်ဖော်ပြီး သူ့ညာလက်ကို ပင့်မြှောက် ဝေ့ယမ်းသည်။
သူက တည်ငြိမ်စွာ ဆို၏။ “ကောင်းကင်ဘုံဆုတ်ဖြဲခြင်း..”
သူ၏စကားသံ ထွက်ပေါ်လာသည့်အခါ မိစ္ဆာတာအိုကလန်အထက်ရှိ ကောင်းကင်ယံမှ ကျယ်လောင်သော မြည်ဟိန်းသံကို ထုတ်လွှတ်သည်။
ယင်းနောက် ကောင်းကင်ထက်တွင် အက်ကြောင်းကြီးတစ်ခု ပေါ်လာ၏။ ဧရာမလက်နှစ်ဖက်က ထိုအက်ကြောင်းကို ဆုတ်ဖြဲကာ ဆန့်ထွက်လာသည်။ ယင်းလက်နှစ်ဖက်သည် ကြီးမားလွန်း၏။ ထိုလက်တို့ အက်ကြောင်းထံမှ ထိုးထွက်လာသည့်အခါ ယင်းတို့သည် မိစ္ဆာတာအိုကလန် ပတ်လည်ရှိ မြူစုဝေးထံ ဆန့်ထွက်သည်။
မူလတုန်းက ထိုမြူသည် အထည်ဒြပ် ရှိမနေပေ။ သို့သော် ထိုလက်နှစ်ဖက်၏ ဖမ်းယူခြင်း ခံရသည့်နောက် မြူသည် အထည်ဒြပ် အသွင် ဖြစ်လာသည်ဟု ထင်ရ၏။ ထိုလက်ကြီးနှစ်ဖက်က မြူစုမြူဝေးကို ကြမ်းတမ်းစွာ ဆုတ်ဖြဲပစ်လိုက်သည်။
လောကတခွင် ကျယ်လောင်ဟိန်းထွက်သောအသံ ပဲ့တင်ထပ်သွားစေသည်။ ထိုမြူသည် လက်နှစ်ဖက်၏ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီ။
ထိုအခါ မိစ္ဆာတာအိုကလန်၏ အကာအကွယ်အစီအရင်သည် ပျက်စီးသွားတော့သည်။
ထိုမြင်ကွင်းကို မိစ္ဆာတာအိုကလန်၏ ကျင့်ကြံသူသုံးသောင်းကျော်က မျက်မြင်တွေ့ကြ၏။ သူတို့သည် မင်သက်ကြောင်ရီကုန်သည်။ သူတို့၏စိတ်နှလုံးများ လှုပ်ခါယမ်းကာ အသိစိတ်လွတ်မတတ် ထိတ်လန့်ကုန်သည်။
ဒီအစီအရင်မှာ စတင် ဖန်တီးခဲ့သည့် နေ့မှစ၍ မည်သူကမျှ ၎င်းကို မတိုက်ခိုက်ခဲ့ကြတာ မဟုတ်ပေ။ ၎င်းသည် အရင်တုန်းက အကြိမ်ကြိမ် ဖျက်စီးခံခဲ့ရဖူးသည်။ သို့သော် အခုလို တုန်လှုပ်ဖွယ်နည်းလမ်းဖြင့် ဖျက်စီးခံရခြင်းကမူ သည်ကလန်ရှိ လူတိုင်း၏ ဦးရေပြားကို ထုံထိုင်းသွားစေသည်။
ထိုမြူအစီအရင်သည် လက်နှစ်ဖက်ဖြင့် ဆုတ်ဖြဲခံရသည့်အခါ မြူအစုအဝေးနှစ်စုထံမှ နာကျင်ထိတ်လန့်သောအသံများ ထွက်ပေါ်လာ၏။
မြူအတွင်း ဝင်ရောက်ခဲ့သော တတိယအဆင့်ကျင့်ကြံသူ ဒါဇင်ကျော်သည် အတင်းအကြပ် ထိုးထွက်ကာ သွေးအန်ရသည်။ တချို့သူများ၏ ခန္ဓာကိုယ်များဆို အသွေးအသားအဖြစ် တိုက်ရိုက်ပေါက်ကွဲထွက်ကုန်၏။ သူတို့သည် ထိုလက်နှစ်ဖက်၏ ဆုတ်ဖြဲအားကို တောင့်မခံနိုင်တာ သိသာသည်။
မြူအတွင်းသို့ ဝင်ရောက်သွားခဲ့သော ရွှေရောင်ဝတ်ရုံဖြင့် အဘိုးအိုမှာလည်း သနားစရာအခြေအနေဖြင့် မြူထံမှ အတင်း ထွက်ပြေးလာခဲ့ရ၏။ သူက ကောင်းကင်ထက်သို့ အလန့်တကြား ကြည့်မိပေသည်။
သူက ဒီအစီအရင်သည် မည်မျှအစွမ်းထက်သည်ကို သိပေသည်။ ဒီအစီအရင်မှာ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်များ၏ အင်အားအပြည့်အဝကိုပင် တားဆီးနိုင်သည်။ သို့သော် အခုအခါတွင်မူ ၎င်းမှာ လွယ်လင့်တကူ နှစ်ပိုင်းခြမ်းခံရ၏။ သည်မြင်ကွင်းကား ရွှေရောင်ဝတ်ရုံဖြင့် အဘိုးအိုကို တုန်ယင်သွားစေသည်။
“သူ…သူ့ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်လဲ…”
အစီအရင်ပပျောက်သွား၍ နေရောင်ကျဆင်းလာခြင်းနှင့်အတူ အဖြူရောင်ဝတ်ရုံဖြင့် ပုံရိပ်တစ်ခုက နေရာတွင် ရပ်နေ၏။ သူ၏ ဝတ်ရုံအောက်မှ အေးစက်စက်အကြည့်ဖြင့် မိစ္ဆာတာအိုကလန်၏ တုန်လှုပ်နေသော ကျင့်ကြံသူသုံးသောင်းကျော်ထံ စိုက်ကြည့်နေသည်။
ထိုအဘိုးအိုက သူ၏တုန်ယင်နေသော ခန္ဓာကိုယ်ကို ဖိနှိပ်ကာ လှမ်းအော်၏။ “မိတ်ဆွေ…သင်က ဘယ်သူများလဲ။ အသင် ဘာကြောင့် ငါတို့ မိစ္ဆာတာအိုကလန်ကို အတင်းအကြပ် ဝင်ရောက်လာပြီး ငါတို့ရဲ့ ကလန်အစီအရင်ကို ဖျက်စီးပစ်ရတာလဲ…”
“ငါတို့ မိစ္ဆာတာအိုကလန်ဟာ အရှေ့ပိုင်းကုန်းမြေရဲ့ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုထဲက တစ်ခု၊ အင်ပါယာအတုဘိုးဘေးတစ်ယောက်လည်း ပိုင်ဆိုင်ထားတဲ့ ကလန်ပဲ။ ဆရာ…သင့်မျက်နှာကိုဖုံးကွယ်ပြီး ဒီနေရာကို အတင်းအကြပ် ဝင်ရောက်လာခဲ့တာဆိုတော့တ သင့်အနေနဲ့ ဘယ်သူနဲ့များ ရန်ငြှိုး ရှိလို့ပါလဲ…”
ထိုရွှေရောင်ဝတ်ရုံဖြင့် အဘိုးအိုအပြင် အနီရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူမှာလည်း တုန်လှုပ်မိနေ၏။ သူသည် လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ဒီကလန်အစီအရင်ကို မဖျက်စီးနိုင်ပေ။
သူတို့နှစ်ယောက်သည်ပင် ထိုသို့ ဖြစ်နေ၍ ကျန်သည့် မသေရုံလွတ်မြောက်လာသော တတိယအဆင့်ကျင့်ကြံသူဒါဇင်ချီဆို ပြောနေဖို့ပင် မလိုတော့ပေ။ သူတို့သည် ဝမ်လင်းကို ထိတ်လန့်စွာ ကြည့်နေမိ၏။
မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူသုံးသောင်းကျော်သည် အသက်ရှုဖို့ပင် မေ့နေကြ၏။ သူတို့အားလုံးက ကောင်းကင်ထက်သို့ စိုက်ကြည့်ကာ သူတို့၏ခန္ဓာကိုယ်များသည် ကြောက်ရွှံ့မှုကြောင့် တုန်လှုပ်နေသည်။
“မင်းတို့ ငါ့ကို မမှတ်မိတော့ဘူးလား။ ဒါပေမဲ့ ငါကတော့ မင်းတို့ကို မှတ်မိနေတုန်းပဲ…”
ဝမ်လင်းသည် ကောင်းကင်ထက်တွင် ရပ်ကာ သူ့အောက်ရှိ လူအုပ်ထံ ဝေ့ခတ်ကြည့်ရှုပြီးနောက် အကွာအဝေးတစ်ခုရှိ ရေကန်အတွင်းရှိ ကျွန်းပေါ်သို့ သူ့အကြည့် ကျရောက်သည်။ ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် သူ့ညာလက်ကို ဝေ့ယမ်းပြီး သူ၏မျက်နှာထက်တွင် ဖုံးကွယ်နေသော ဝတ်ရုံကို ပင့်မသည်။ ထိုအခါ သူ၏ဆံပင်ဖြူနှင့် အေးတိအေးစက်မျက်နှာသည် လှစ်၏ပေါ်၏။ သူက အောက်သို့ ကြည့်သည်။
“နှစ်ပေါင်းတစ်ရာလောက်ပဲ ရှိသေးတယ်။ မင်းတို့ မုန့်မြေကမ္ဘာကုန်းမြေ နယ်စပ်မှာ ငါ့ကို လိုက်လံ သတ်ဖြတ်ခဲ့တာ မှတ်မိနေသင့်တယ်။ မင်းတို့ အခုကော ငါ့ကို ဘယ်သူဘယ်ဝါမှန်း သိပြီလား….”
ဝမ်လင်းက ဝတ်ရုံကို ပင့်မလိုက်သည့်အခိုက်တွင် ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုသည် မယုံကြည်နိုင် ဖြစ်သွားတော့သည်။
“ဝမ်လင်း…” သူသည် ဝမ်လင်းကို သိသွား၏။ သူသည် မုန့်မြေကမ္ဘာနယ်စပ်၌ တုန်လှုပ်ဖွယ် သတ်ဖြတ်ပွဲကို မည်သို့ မေ့နိုင်ပါ့မည်နည်း။ မိစ္ဆာတာအိုကလန်သည် ကျင့်ကြံသူများစွာကို စေလွှတ်ခဲ့ပြီး အများစုသည် သူ့ကြောင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ကလန်ခေါင်းဆောင်က အဆုံးသပ်၌ ကိုယ်တိုင် လှုပ်ရှားလုပ်ဆောင်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ထိုသူ့ကို ခက်ဖို့ အလွန်ခက်ခဲပေလိမ့်မည်။
“သူပဲကိုး…” အနီရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူမှာလည်း ပင့်သက်ရှိုက်မိသွားကာ ဝမ်လင်းကို သိရှိသွား၏။ သူသည် အတိတ်တုန်းက ထိုတိုက်ပွဲတွင် ပါဝင်ပတ်သတ်ခဲ့ဖူးသည်။ သူက ဝမ်လင်း ရူးသွပ်လာချိန်၌ မည်မျှအစွမ်းထက်သည်ကို မြင်ခဲ့ဖူး၏။ သူသည် ဝမ်လင်းက သူ့ကလန်သားများစွာကို သတ်ဖြတ်ခဲ့တာကို မြင်ခဲ့ရ၏။ထိုစဉ်က ဝမ်လင်း၏မျက်လုံးထဲရှိ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကို မြင်ခဲ့ဖူးသည်။
“ဝမ်လင်း…သူပဲကို…”
“သူ့ကို ကလန်ခေါင်းဆောင်က လွန်ခဲ့တဲ့နှစ်တစ်ရာက ဖမ်းခဲ့ပြီး ကင်းမြှီးကောက်ဘုံကျောင်းထံ စေလွှတ်ခဲ့တာ မဟုတ်ဘူးလား။ သူ မသေသွားဘူးလား…”
“သူပဲကိုး...။ အတိတ်တုန်းက မုန့်မြေကမ္ဘာကုန်းမြေမျာ သူဟာ သွေးမြစ်စီးဆင်းတဲ့အထိ သတ်ဖြတ်ခဲ့တယ်။ ကလန်ခေါင်းဆောင် ကိုယ်တိုင်တောင် သူ့ကို ဖမ်းခဲ့ရတယ်…”
လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်သာ ဝမ်လင်းမှန်း သိသွားကြတာ မဟုတ်ပေ။ တတိယအဆင့် ကျင့်ကြံသူဒါဇင်ချီကလည်း သူ့ကို မည်သူမှန်း သိလိုက်ကြသည်။
“အတိတ်တုန်းက…. မင်းတို့ မိစ္ဆာတာအိုကလန်ကကို အမြစ်ဖြုတ်ပစ်မယ်လို့ ငါ ပြောခဲ့တယ်မလား…”
ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ့ညာလက်မှ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူ့ညာလက်ထံမှ အားကောင်းသောယင်းဓားအော်ရာကို ပေးစွမ်းလာတော့သည်။
“ငါသာ လွတ်မြောက်လာခဲ့ရင် မိစ္ဆာတာအိုကလန်ကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်…”
ဝမ်လင်းသည် ထိုသို့ ခပ်တိုးတိုး ရေရွတ်ကာ ယင်းဓားထိပ်က သူ့လက်ဝါးထံမှ ဆန့်ထွက်လာ၏။
ထိုယင်ဓားသည် ပေသုံးဆယ်နီးပါး ရှည်လျားကာ ဝမ်လင်း၏အရပ်ထက်ပင် ရှည်နေသေး၏။ သူသည် ညာလက်ကို ပင့်မြှောက်ကာ နေအလင်းက ဓားပေါ်သို့ လင်းဖြာသည်။ ကြောက်မက်ဖွယ်ယင်စွမ်းအင်က ဝမ်လင်းကို ခြုံလွှမ်း၏။
ထိုယင်ဓား ပေါ်လာသည့်အခါ ဝမ်လင်းက အောက်ဘက်ရှိ ကျင့်ကြံသူများထံ ခုတ်ပိုင်းချလိုက်သည်။ သူက လျှပ်စီးထက်ပင် မြန်သေးသည်။ သူသည် မည်သည့်မန္တာန်ကိုမျှ ကြီးကြီးကျယ်ကျယ် အသုံးမပြုလိုက်ပေ။ သူက ယင်ဓားကို သုံး၍သာ ဒီကလန်တစ်ခုလုံးကို သတ်ဖြတ်ပစ်မည်ပင်။
ထိုနည်းဖြင့် သူသည် ဦးခေါင်းမျှော်စင်ကို တည်ဆောက်နိုင်လိမ့်မည်။
ရွှေရောင်ဝတ်ရုံဖြင့်အဘိုးအို၏ အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူသည် ဝမ်လင်းထံမှ သူ့စိတ်နှလုံးကိုပါ တုန်ယင်စေသော ကြောက်မက်ဖွယ်အော်ရာ ထွက်ပေါ်နေသည်ကို ခံစားမိသည်။ သို့သော် သူသည် နောက်ဆုတ်၍ မရနိုင်ပေ။ မိစ္ဆာတာအိုကလန်၏ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် အကြီးအကဲတစ်ယောက်အနေဖြင့် သူသည် ဒီတိုက်ပွဲကနေ ထွက်ပြေး၍ မရချေ။
သည်အခိုက်၌ သူက မာန်သွင်းကာ ဝမ်လင်းထံ အနီရောင်ဝတ်ရုံ သက်လတ်ပိုင်းလူနှင့်အတူ တိုးဝင်လာ၏။ သူတို့နှစ်ယောက်က ပူးပေါင်းကာ ဝမ်လင်းကို ခုခံရန် ဟန်ပြင်၏။
ဝမ်လင်း၏ ခုလက်ရှိ ခွန်အားဖြင့် ဒီလေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်ကျင့်ကြံသူများကို ချိန်းခြောက်ဖို့ စိတ်ဝိညာဉ်ချပ်ဝတ် မလိုပေ။ သည်အဆင့်ကျင့်ကြံသူနှစ်ယောက်က နီးကပ်လာစဉ် ဝမ်လင်းက ယင်ဓားသွားကို ခုတ်ပိုင်းချ၏။
“သတ်…” သူ၏ပါးစပ်မှ တုန်လှုပ်ဖွယ်အသံ ထွက်ပေါ်လာ၏။
“သတ်…” သူ့နောက်တွင် သူ၏ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ် ပေါ်လာကာ ၎င်း၏လက်တွင်လည်း ယင်ဓားကို ဆုပ်ကိုင်၏။ ပထမဆုံးအကြိမ်အဖြစ် ၎င်းသည်လည်း ဝမ်လင်းကဲ့သို့ပင် သတ်ဟူသော အသံကို မာန်သွင်းအော်ဟစ်သည်။
“သတ်…” ထိုဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်နောက်တွင် မိုးကြိုးအနှစ်သာရခန္ဓာကိုယ်က ရပ်နေ၏။ ယင်းဓားသွားက လေထဲသို့ မြောက်တက်ကာ တတိယမြောက် ဟစ်အော်သံ ထွက်ပေါ်သည်။
သတ် ဟူသော ဟိန်းအော်သံသုံးသံက တုန်လှုပ်ဖွယ်အသံလှိုင်းတစ်ခုကို ဖန်တီး၏။ ထိုအသံသည် လောကရှိ တခြားအသံအားလုံးကို ဖုံးသွားကာ မိစ္ဆာတာအိုကလန်၏ ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးကို ခါယမ်းစေသည်။ သူတို့၏အာရုံက နေမင်းအောက်၌ ချဉ်းကပ်လာသော ပုံရိပ်သုံးခုထံသို့သာ ကျရောက်နေ၏။