အခန်း ၉၇၂
Vol. 93 Ch. 972
အခန်း (၉၇၂) - ခန္ဓာပေါင်းစည်းခြင်းအဆင့် ရုပ်ခန္ဓာသို့ တက်လှမ်းခြင်း၊ နဂါးဆင်ခန္ဓာကိုယ်နှင့် သတ္တမအဆင့် ဝိညာဉ်ဆေးပင် ဖီးနစ်သွေးပန်းကို ရရှိခြင်း (၂)
"ဟာဟား... ဖီးနစ်သွေးပန်း... ငါတို့ရဲ့ ကံကြမ္မာက တကယ်ကို ကောင်းလွန်းတာပဲ..."
"ဖီးနစ်အင်မော်တယ်စံအိမ်ထဲကို ဝင်ဝင်ချင်းမှာပဲ သတ္တမအဆင့် ဝိညာဉ်ဆေးပင်တွေ အများကြီး ရှာတွေ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"ကောင်းကင်ဘုံကိုယ်တိုင်က ငါတို့ ထျန်းဖန်မျိုးနွယ်စုကို ကူညီနေသလိုပဲ..."
ထိုအချိန်တွင် ကောင်းကင်ထက်၌ ခန္ဓာပေါင်းစည်းခြင်းအဆင့် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူ အယောက် (၂၀) ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းတို့အနက် တစ်ဦးမှာ ခန္ဓာပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်၊ နှစ်ဦးမှာ ခန္ဓာပေါင်းစည်းခြင်း အလယ်အလတ်အဆင့် ဖြစ်ပြီး ကျန်ရှိနေသော ဆယ့်ခုနစ်ဦးမှာမူ ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့်များ ဖြစ်ကြလေသည်။
၎င်းတို့က ဤနေရာသို့ အခုလေးတင် ရွှေ့ပြောင်းခံလိုက်ရပုံပေါ်ပြီး ချိုင့်ဝှမ်းအတွင်းရှိ ဖီးနစ်သွေးပန်းများစွာကို ပထမဆုံးအနေဖြင့် မြင်တွေ့လိုက်ကြခြင်း ဖြစ်၏။
တစ်ဦးချင်းစီတိုင်းသည် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလေသည်။
အမှန်စင်စစ်အားဖြင့် ၎င်းတို့အတွက် သတ္တမအဆင့် ဝိညာဉ်ဆေးပင်၏ တန်ဖိုးက အလွန်တရာ အံ့မခန်း ဖြစ်နေသောကြောင့်ပင်။
"နေဦး... ဒီနေရာမှာ တခြားမျိုးနွယ်စုက ကျင့်ကြံသူတွေလည်း ရှိနေပုံရတယ်..."
"မဖြစ်နိုင်တာ... ကျောက်စိမ်းယုန်မျိုးနွယ်စုပဲ... ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေ..."
"အဲဒါ ကျောက်စိမ်းယုန်မျိုးနွယ်စု ခေါင်းဆောင် ယွီရှန်းအာ မဟုတ်ဘူးလား... သူကပါ ဒီနေရာမှာ ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး..."
"ဒီ ယွီရှန်းအာကို ငါတို့ ထျန်းဖန်မျိုးနွယ်စုက အလိုရှိနေတယ်လို့ ကြားတယ်... အရင်က ငါတို့ ထျန်းဖန်မျိုးနွယ်စုရဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကိုတောင် သတ်ဖြတ်ခဲ့သေးတာ... ဖီးနစ်အင်မော်တယ်စံအိမ်ထဲမှာ သူ့ကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး..."
"တကယ်ကို ပျော်ရွှင်မှုနှစ်ထပ်ကွမ်းပဲ... အခု ငါတို့က သတ္တမအဆင့် ဝိညာဉ်ဆေးပင်တွေကို ရနိုင်ရုံသာမက ဒီယွီရှန်းအာကို ဖမ်းဆီးပြီး မျိုးနွယ်စုအတွင်းက ဖမ်းဝရမ်းကို အဆုံးသတ်ပေးနိုင်သလို မျိုးနွယ်စုဆုလာဘ်တွေကိုပါ ရရှိနိုင်ဦးမယ်..."
တစ်ခဏချင်းအတွင်းမှာပင် ထျန်းဖန်မျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများစွာမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြတော့သည်။
၎င်းတို့သည်လည်း ယခုလေးတင် ဖီးနစ်အမိန့်ပေးတံဆိပ်မှတစ်ဆင့် ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ တိုက်ရိုက် ရွှေ့ပြောင်းခံခဲ့ရခြင်း ဖြစ်၏။
အမိန့်ပေးတံဆိပ်တစ်ပြားက ကျင့်ကြံသူ အယောက် (၁၀၀) ကို ခေါ်ဆောင်၍ ဝင်ရောက်နိုင်ပေသည်။
သို့ရာတွင် ၎င်းတို့ထဲမှ အချို့မှာ မဟာယာနအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး အချို့မှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ထို့ကြောင့် ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်လာသည့် အခိုက်အတန့်၌ ရာနှင့်ချီသော ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများမှာ စံအိမ်၏ နေရာအနှံ့အပြားသို့ ရွှေ့ပြောင်းခံလိုက်ရလေသည်။
အခြေခံအားဖြင့် အားလုံး လုံးဝ ကွဲကွာသွားခဲ့ချေပြီ။
သို့သော်ငြား ၎င်းတို့အနေဖြင့် ထိုအရာကို ဂရုမစိုက်ကြပေ။ ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပါရမီရှင် အယောက် (၂၀) တိတိ ရှိနေသဖြင့် မိမိတို့၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်စွမ်း ရှိပေသည်။ အခြားမျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့်များနှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းတို့သည် အနည်းငယ်မျှ ကြောက်ရွံ့မည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများ ဖြစ်သောကြောင့်ပင်။ အခြားသော မျိုးနွယ်ခြားကျင့်ကြံသူများက မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
"ဒုက္ခပဲ..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်စိမ်းယုန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူများစွာမှာ မျက်နှာအရောင် အကြီးအကျယ် ပြောင်းလဲသွားကြလေသည်။ မိမိတို့အနေဖြင့် ဤမျှအထိ ကံဆိုးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ ယခုလေးတင် ဝင်ရောက်လာရုံမျှဖြင့် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများနှင့် ရင်ဆိုင်လိုက်ရမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
သို့ရာတွင် ယခုအခါ၌ သူတို့ ထွက်ပြေးချင်လျှင်ပင် အချိန်မမီတော့ပေ။
ဝုန်း... ဝုန်း... ဝုန်း...
တစ်ခဏချင်းအတွင်းမှာပင် ထျန်းဖန်မျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများက စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ ခန္ဓာကိုယ်ထံမှ ဓားပျံတစ်လက်စီကို ချက်ချင်း ဆွဲထုတ်လိုက်ကြလေသည်။
၎င်းတို့မှာ အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာ ဓားပျံများဖြစ်ပြီး အထက်တွင် ပြည့်နှက်နေသော ရုန်းစာလုံးများကို ထွင်းထုထားကာ ပြင်းထန်လှသော သတ္တုချီစွမ်းအင်များနှင့် ကြောက်မက်ဖွယ်ကောင်းသည့် ဓားဆန္ဒများ လွင့်ပျံ့နေသည်။ ဤဓားပျံများက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည်မှာ ထင်ရှားလှသည်။
၎င်းတို့အားလုံးမှာ ထျန်းဖန်မျိုးနွယ်စု၏ ဓားကျင့်ကြံသူများ ဖြစ်ကြပြီး ထျန်းဖန်မျိုးနွယ်စု၏ ပြိုင်ဘက်ကင်းဓားသိုင်းဖြစ်သော ထျန်းဖန်ဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်ကြပေသည်။
ထို့အပြင် ဓားအစီအရင်များကိုပါ ဖွဲ့စည်းနိုင်ကြပြီး သာမန်ထက်ကျော်လွန်သော တိုက်ခိုက်ရေးစွမ်းရည်များကို ထုတ်ဖော်ပြသနိုင်ကြလေသည်။
ထို့ကြောင့်သာ စံအိမ်အတွင်းရှိ ရတနာများကို ရယူရန်အတွက် ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ စေလွှတ်ခံခဲ့ရခြင်း ဖြစ်၏။
ရွှစ်... ရွှစ်... ရွှစ်...
ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်ဓားချီများက တစ်ခဏချင်းအတွင်း ပေါက်ကွဲထွက်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားကာ လေဟာနယ်လှိုင်းတံပိုးများကို အဆက်မပြတ် ဖြစ်ပေါ်စေလေသည်။ ဓားချီတစ်ခုစီတိုင်းက လေဟာနယ်ကို ဆွဲဖြဲနိုင်စွမ်းရှိနေပုံရသည်။
ဤသည်က ခန္ဓာပေါင်းစည်းခြင်းအဆင့် ဓားကျင့်ကြံသူများ၏ စွမ်းအားပင် ဖြစ်၏။ ဓားတစ်လက်ဖြင့် မန္တန်တစ်သောင်းကို ဖြိုခွင်းနိုင်ပေသည်။ သူတို့ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်များသည် အကန့်အသတ်မဲ့သော တန်ခိုးစွမ်းအားဖြင့် လေဟာနယ်ကိုပင် ထိုးဖောက်နိုင်စွမ်း ရှိလေသည်။
သာမန် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသာ ၎င်းတို့၏ ဓားချက်ကို ခံရပါက မသေဆုံးလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားမည်မှာ သေချာလှပေသည်။
ထို့အပြင် တိုက်ခိုက်လိုက်သည့် အမြန်နှုန်းကလည်း အလွန်တရာ လျင်မြန်လှပြီး တည်နေရာရွှေ့ပြောင်းလိုက်သည်နှင့်ပင် တူနေ၏။
"ထိုက်ယင်ကျောက်စိမ်းနံရံ..."
ထိုအချိန်၌ပင် ယွီရှန်းအာက စိတ်အာရုံကို စုစည်းလိုက်ပြီး ကျောက်စိမ်းယုန်မျိုးနွယ်စုမှ လက်ဆင့်ကမ်းလာခဲ့သော ပြိုင်ဘက်ကင်း ထိပ်တန်းပညာရပ်တစ်ခုကို ချက်ချင်း အသုံးပြုလိုက်လေသည်။
ဧရာမ ကျောက်စိမ်းနံရံကြီးတစ်ခုသည် မြို့ရိုးကြီးသဖွယ် ပြောင်းလဲသွားကာ ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများ၏ ရှေ့တွင် ကာဆီးပေးလိုက်၏။
၎င်းပေါ်တွင် မရေမတွက်နိုင်သော ထိုက်ယင်ရုန်းစာလုံးများ ပေါ်ထွက်လာပြီး အချင်းချင်း ပေါင်းစပ်သွားကာ လေဟာနယ်အကာအကွယ်အတားအဆီးတစ်ခုအဖြစ် ဖန်တီးလိုက်ပေသည်။ ဤကာကွယ်ရေးပညာရပ်သည် အလွန်တရာ စွမ်းအားကြီးမားလှပြီး ရှေးဟောင်းလိပ်မျိုးနွယ်စု၏ ကာကွယ်မှုအောက် လုံးဝနိမ့်ကျခြင်း မရှိချေ။
ဘန်း… ဘန်း… ဘန်း…
ချက်ချင်းပင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ဓားချီများ ဖိနှိပ်ကျဆင်းလာကာ ထိုက်ယင်ကျောက်စိမ်းနံရံပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။ အံ့ဩဖွယ်ကောင်းစွာပင် ဤဧရာမကျောက်စိမ်းနံရံကြီးသည် ချက်ချင်း အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားခဲ့ရ၏။
သို့သော်ငြား ဤသည်က ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ဓားကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုမူ အောင်မြင်စွာ တားဆီးပေးနိုင်ခဲ့သည်။
ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများသည် ကြောက်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး အားလုံးက မျိုးနွယ်စုခေါင်းဆောင် ယွီရှန်းအာကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ကြသည်။ အကယ်၍ ယွီရှန်းအာသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါက သူတို့အားလုံး အသက်မသေလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားကြမည်မှာ အသေအချာပင် ဖြစ်လေသည်။
"မင်းက ကျောက်စိမ်းယုန်မျိုးနွယ်စု ခေါင်းဆောင် ယွီရှန်းအာလား..."
"တစ်ချိန်က လောကတစ်ခွင် နာမည်ကျော်ကြားခဲ့တဲ့ ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ ကာကွယ်ရေးပညာရပ် ထိုက်ယင်ကျောက်စိမ်းနံရံကို တကယ်ပဲ ကျွမ်းကျင်ထားတာကိုး..."
"နှစ်ပေါင်းသန်းချီ ကြာပြီးနောက်မှာတော့ ကျောက်စိမ်းယုန်မျိုးနွယ်စုကနေ ပါရမီထူးချွန်တဲ့ ကျင့်ကြံသူတစ်ယောက် နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ပြီ ထင်ပါရဲ့..."
"ဒါပေမဲ့ နှမြောစရာကောင်းတာက ဒီနေ့ မင်းတို့အားလုံး ဒီနေရာမှာပဲ သေဆုံးကြရတော့မှာပဲ..."
စကားပြောဆိုလာသူမှာ ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖန်ယုံကန်း ဖြစ်လေသည်။ သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ တောက်ပနေပြီး သံမဏိကဲ့သို့ အေးစက်ကာ ရက်စက်ကြမ်းကြုတ်လှပေသည်။
ထိုကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများကို ကြည့်နေသည့် သူ၏အမူအရာက အလောင်းကောင်များကို ကြည့်နေသည်နှင့်ပင် တူနေ၏။
ဤကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူများသည် ယုယထွေးပွေ့ချင်စဖွယ် မိန်းမလှလေးများ ဖြစ်နေကြသော်ငြား ဓားကျင့်ကြံသူများအတွက်မူ အရာအားလုံးက အရိုးစုများမျှသာ ဖြစ်လေသည်။
ထျန်းဖန်မျိုးနွယ်စု၏ ရန်သူများ ဖြစ်နေကြပြီဆိုပါက သဘာဝကျကျပင် ကရုဏာထားစရာမလို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းပစ်ရမည် ဖြစ်၏။
ရန်သူ၏ ပါရမီက ပို၍ ကောင်းမွန်လေလေ၊ ပို၍ သေသင့်လေလေပင်။
"အစီအရင် ခင်းကျင်းကြ..."
ယွီရှန်းအာသည်လည်း တစ်ဖက်လူနှင့် စကားအပိုများ ပြောနေရန် လုံးဝ ရည်ရွယ်မထားဘဲ သူမ၏ ညီအစ်မများထံသို့ ချက်ချင်း အမိန့်ပေးလိုက်လေသည်။
သူမအနေဖြင့် ကျောက်စိမ်းယုန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူ ဆယ်ဂဏန်းကျော်ခန့်ကိုသာ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့၏ တစ်ဦးချင်း တိုက်ပွဲဝင်စွမ်းအားမှာ အားနည်းကာ အဆင့်တူကျင့်ကြံသူများနှင့် ယှဉ်လျှင် များစွာ ကွာဟနေသော်ငြား ၎င်းတို့သည် အစီအရင်ပညာရပ်များကိုမူ အထူး ကျွမ်းကျင်ကြပေသည်။ အစီအရင် ခင်းကျင်းမှုသာ အောင်မြင်သွားပါက အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်စွမ်း ရှိသည်မဟုတ်ပါလော။
ဝုန်း... ဝုန်း... ဝုန်း...
ချက်ချင်းပင် ကျောက်စိမ်းယုန်မျိုးနွယ်စုမှ အမျိုးသမီးကျင့်ကြံသူ အများအပြားသည် တုံ့ဆိုင်းမနေတော့ဘဲ နေရာအနှံ့သို့ လူစုခွဲလိုက်ကြပြီး ကျောက်စိမ်းယုန်မျိုးနွယ်စု၏ ကျင့်စဉ်များကို လည်ပတ်ကာ တိုက်ပွဲဝင်အစီအရင်ကို ချက်ချင်း ခင်းကျင်းလိုက်ကြ၏။ အစီအရင် မျဉ်းကြောင်းများသည် မြေပြင်ပေါ်မှနေ၍ ချက်ချင်း ထွက်ပေါ်လာကာ ၎င်းတို့အားလုံးကို အချင်းချင်း ချိတ်ဆက်ပေးလိုက်လေသည်။
မြေပြင်ပေါ်တွင် ပြိုင်ဘက်ကင်း မဟာအစီအရင်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ချေပြီ။
ဤသည်မှာ ကျောက်စိမ်းယုန် ရွှမ်ယင်အစီအရင်ပင် ဖြစ်၏။ ၎င်းက ကျောက်စိမ်းယုန်မျိုးနွယ်စု ကျင့်ကြံသူ တစ်ဦးစီတိုင်း၏ စွမ်းအားများကို စုစည်းပေးနိုင်ပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုတစ်ရပ်ကို ပေါက်ကွဲထွက်ပေါ်စေနိုင်သည်။ အစီအရင်ခင်းကျင်းသူ အရေအတွက် များပြားလေလေ၊ စွမ်းအားက ပိုမို ကြောက်မက်ဖွယ် ကောင်းလာလေလေပင်။