ဘိုးဘေးရဲ့ ပင်လယ်နဂါး
Vol. 142 Ch. 1966
ကောင်းကင်ထက်ရှိ ရွှေရောင်ပုံရိပ်ထံမှ အားကောင်းသော စကားလုံးများ ထွက်ပေါ်လာသည့်အခါ ကောက်ရီကလန်အတွင်းအပြင်ရှိ ကျင့်ကြံသူအားလုံးသည် ငြိမ်သက်ကုန်သည်။ သူတို့အားလုံးက အပေါ်သို့ မော့ကြည့်ပြီး တုန်လှုပ်ကုန်သည်။
အင်ပါယာမိသားစု။
ကောင်းကင်ဘုံအင်ပါယာ။
အင်ပါယာအမိန့်။
ကောင်းကင်ဘုံအင်ပါယာ၏ အမိန့်ပြန်တမ်းသည် ဖြစ်ခဲလှ၏။ ပေါ်လာခဲလှ၏။ နှစ်ပေါင်းတစ်သောင်းလောက်ကြာမှ တစ်ကြိမ်လောက်သာ ပေါ်လာတတ်သည်။ ထိုအမိန့်ပြန်တမ်းက ဗဟိုကုန်းမြေရှိ ကောင်းကင်ဘုံအင်ပါယာ၏ ခမ်းနည်းထည်ဝါကြီးမြတ်မှုကို ကိုယ်စားပြုပေသည်။ ၎င်းကို ကောင်းကင်ဘုံ၏ခွန်အားဟု ခေါ်ဆိုရင်လည်း မှားမိမဟုတ်ပါ။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ကောင်းကင်ဘုံအင်ပါယာသည် ကောင်းကင်ဘုံဘိုးဘေး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ကာ ကောင်းကင်ဘုံသားများကြား အနှိုင်းမဲ့တည်ရှိမှုတစ်ခု ဖြစ်၏။ သူတို့သည် အမည်အရ ကောင်းကင်ဘုံသားများ၏ အုပ်ချုပ်သူ ဖြစ်သော်လည်း ကလန်တစ်ခု၊အင်အားစုတစ်ခု၊ ကုန်းမြေတစ်ခုက ခုခံနိုင်သည့် အရာ မဟုတ်လေပေ။
သူတို့၏သွေးမျိုးဆက်ကြောင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် အချိန်အတွင်း သူတို့သည် လွှမ်းမိုးနိုင်သော အင်ပါယာ ဖြစ်ခဲ့ရုံသာမက ကောင်းကင်ဘုံကလန်တစ်ခုလုံး၏ အမှတ်သင်္ကေတလည်း ဟုတ်ပေသည်။ လူတစ်ယောက်သည် ကောင်းကင်ဘုံသားများကို သစ္စာဖောက်ဖို့ ကြံရွယ်ထားခြင်း မဟုတ်ပါက သူတို့သည် အင်ပါယာအမိန့်ကို နာခံဖို့လိုသည်။
ပို၍ အရေးကြီးသည်မှာ ထိုအင်ပါယာက နေကိုးစင်းထဲမှ တစ်စင်းဖြစ်သော မဟာအင်ပါယာတစ်ယောက် ဖြစ်၏။ သူ၏ပုံရိပ်အဆင့်အတန်းဖြင့် ခွန်အားကြောင့် သည်အင်ပါယာမျိုးဆက်၏ စွမ်းအားသည် အလွန်မြင့်မားသောအဆင့်ထိ ရောက်ရှိခဲ့ပေသည်။
“ကောင်းကင်ဘုံအင်ပါယာကို နှုတ်ဆက်ပါတယ်…” ကျင့်ကြံသူအားလုံးက လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်ကြ၏။ သူတို့သည် မည်သည့်ကျင့်ကြံမှုအဆင့် ရှိရှိ၊ မည်သည့်ဘက်က ဖြစ်ပါစေ သူတို့၏စိတ်နှလုံးအတွင်းမှ လာသော လေးစားသမှုဖြင့် ဦးညွှတ်ကြလေ၏။
ကောင်းကင်ထက်ရှိ ရွှေရောင်ပုံရိပ်မှာ ကောင်းကင်ဘုံအင်ပါယာ မဟုတ်ပေ။ သို့သော် သူက အမိန့်ပြန်တမ်းကို ကိုင်ဆောင်ထားသူ ဖြစ်၍ ကောင်းကင်ဘုံအင်ပါယာ၏ ကိုယ်စား လာရောက်သူ ဖြစ်နေချေသည်။
ကောင်းကင်ဘုံကလန်၌ အင်ပါယာရှေ့တွင် ဒူးထောက်ရန် မလိုပေ။ သူတို့က ဦးညွှတ်၍ လေးစားမှု ပြရုံသာ လို၏။ သည်စည်းမျဉ်းမှာ ကောင်းကင်ဘုံဘိုးဘေး ချမှတ်ထားခဲ့တာ ဖြစ်၏။ အကြောင်းကား သူသည် ကောင်းကင်ဘုံသားများမှာ မိုးကောင်းကင်ကို ဖိဆန်ဝံ့ကြသူများ ဖြစ်၍ တခြားအပေါ် လက်လွတ်စပယ် ဦးမညွှတ်ဟု ယုံကြည်သောကြောင့်ပင်။
အင်ပါယာကလန်မှာလည်း အကြောင်းပြချက်မရှိဘဲ ကောင်းကင်ဘုံသားတို့၏ နယ်မြေရှိ ကိစ္စရပ်များတွင် ကြားမဝင်ပေ။ ဝင်မပါတတ်ပေ။ ဤသည်မှာလည်း ကောင်းကင်ဘုံဘိုးဘေး၏ ဆန္ဒပင်။ ကောင်းကင်ဘုံသားများမှာ ထိန်းချုပ်မခံပေ။ သူတို့သာ ထိန်းချုပ်ခံပါက ကောင်းကင်ဘုံသားများဟု မည်သည့်အတွက်ကြောင့် ခေါ်ဆိုဖို့ ထိုက်တန်ပါတော့မည်နည်း။
ထို့အတွက်ကြောင့် တခြားမဟာအင်ပါယာလေးယောက်ကလည်း အင်ပါယာမိသားစုအပေါ် အတိုင်းအတာတခုထိ လေးစားသမှု ထားကြပေ၏။
ကောက်ရီကလန်အတွင်းအပြင်မှ ကျင့်ကြံသူအားလုံးသည် ဦးညွှတ်လိုက်ကြစဉ် ကောင်းကင်ထက်ရှိ ရွှေရောင်ပုံရိပ်က မြေပြင်ထက်သို့ ငုံ့ကြည့်ကာ စကားဆိုလာ၏။
“အင်ပါယာအမိန့်သုံးခု ရှိတယ်။ တစ်ခုက ဒီနေရာမှာ။ တစ်ခုက မဟာစိတ်ဝိညာဉ်ကလန်မှာ၊ နောက်ဆုံးတစ်ခုကတော့ အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ မိစ္ဆာတာအိုကလန်ပေါ်မှာ…”
သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းက ပိုတောက်ပလာ၏။ မည်သည့်သတ္တုဖြင့် ပြုလုပ်ထားမှန်း မသိရသော အင်ပါယာအမိန့်ပြန်တမ်းကို ထိုရွှေရောင်ပုံရိပ်က ဖွင့်လှစ်လိုက်၏။
“ကောင်းကင်ဘုံသွေးမျိုးဆက်ဟာ ရှေးဟောင်းအချိန်တည်းကနေ ယနေ့ထိတိုင် ရှိခဲ့တယ်။ ကောင်းကင်ဘုံနွားထီးကုန်းမြေနဲ့ အစိမ်းရောင်မိစ္ဆာကုန်းမြေက ကျင့်ကြံသူအားလုံး ဒီစစ်ပွဲကို ခုချက်ခြင်း ရပ်တန့်ရမယ်။ ယွမ်ရီဖန်၊ ထျန်ကျား၊ တိမ်စွန်း၊ ကျိုးဟိုင်၊ ကျောက်တန်ချင်းတို့ အပါအဝင် ဒီလူရှစ်ယောက်ဟာ နန်းတော်ကို လာရောက်ပြီး ရှေးဘုံကျောင်းထဲ ဝင်ရောက်ပြီး စမ်းသပ်မှုကို ဝင်ရောက်ခွင့် ရှိမယ်…”
ရွှေရောင်ပုံရိပ်၏ စကားလုံးတို့က ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့တာပင်။ သို့သော် သူ့စကားတခွန်းစီက မိုးကြိုးသံအလား။ အမည်ခေါ်ခံရသော ကျင့်ကြံသူရှစ်ယောက်သည် စိတ်လှုပ်ရှားမှုတို့ ပြည့်ကုန်၏။
ထိုအမည်ရှစ်ခုသည် ကောက်ရီကလန်၌ ရှိနေသော စစ်ပွဲတွင် အာရုံစိုက်ခံရသည့် ပါရမီရှင်ဆယ့်ခြောက်ယောက်ထဲမှ သူများ ဖြစ်နေပေ၏။
သည်စကားလုံးများ ပဲ့တင်ထပ်လာသည့်အခါ ကောက်ရီကလန်ခေါင်းဆောင်က ပြုံး၏။ ဒီစစ်ပွဲမှာ ရှုပ်ထွေးသည်ဟု ထင်ရသော်ငြားလည်း အမှန်တော့ ရိုးရှင်းသည်။ ကုန်းမြေနှစ်ခုကြား စစ်ပွဲက မျိုးဆက်သစ်များ ကောင်းကင်ဘုံအင်ပါယာ၏ အာရုံစိုက်မှု ရရန်နှင့် ရှေးဘုံကျောင်းသို့ ဝင်ရောက်နိုင်ဖို့သာ ဖြစ်သည်။
ကောက်ရီကလန်တစ်ယောက်တည်းသာ ပြုံးလိုက်သည် မဟုတ်ပေ။ အစိမ်းရောင်ကုန်းမြေဘက်မှ လေဟာနယ်အတိဒုက္ခအဆင့် ထိပ်သီးပုဂ္ဂိုလ်တို့ကလည်း ပြုံးကြ၏။ သူတို့သည် လက်နှစ်ဖက်ဆုပ်ကာ အမိန့်ပြန်တမ်း ပြီးသည့်နောက် ထပ်မံ ဦးညွှတ်လိုက်သည်။
“ကျုပ်တို့အားလုံး အင်ပါယာရဲ့ ဆန္ဒကို လိုက်နာပါ့မယ်…”
ရွှေရောင်ပုံရိပ်က လက်ဝေ့ယမ်းလိုက်ရာ ရွှေရောင်အမိန့်ပြန်တမ်း ပျံသန်းထွက်လာသည်။ ၎င်းက ကောက်ရီကလန်ရှေ့တွင် လွင့်မြောကာ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခုကို ပေးစွမ်းလေသည်။
ထိုသို့ ပြုလုပ်ပြီးနောက် ၎င်းရွှေရောင်ပုံရိပ်သည် စကားဆက်မဆိုတော့ဘဲ ကောင်းကင်ထက်မှ ပျောက်ကွယ်သွားသည်။ ကောင်းကင်ထက်ရှိ ရွှေရောင်အလင်းလည်း ပျောက်ကွယ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
တချိန်တည်းနီးပါးမှပင် မဟာစိတ်ဝိညာဉ်ကလန်၏ အပြင်ဘက်ရှိ နှစ်ဖက်တိုက်ပွဲက သည်အခိုက်တွင် အပြင်းထန်ဆုံး ဖြစ်နေ၏။ လေဟာနယ်တိမ်နှင့် မဟာစိတ်ဝိညာဉ်ကလန်မှ ပါရမီရှင်များသည် ဒုတိယမြောက်ရွှေရောင်ပုံရိပ်ပေါ်လာသည့်အခါ၌ တိုက်ပွဲဆင်နွှဲနေသည်။
မဟာစိတ်ဝိညာဉ်ကလန်၏အထက်၌လည်း အလားတူမြင်ကွင်းမျိုး ဖြစ်ပွားခဲ့လေ၏။
ကျင့်ကြံသူအားလုံးက ဦးညွှတ်ကာ အင်ပါယာအမိန့်သည် တူညီသောအဓိပ္ပာယ်ကို ဆောင်ကာ လေဟာနယ်တိမ်နှင့် တခြားသူတို့၏ အမည်ရှစ်ခုကို ထုတ်ဖော်သည်။
ထို့နောက် မဟာစိတ်ဝိညာဉ်ကလန်အထက်ရှိ ရွှေရောင်ပုံရိပ် ပျောက်ကွယ်သွားပြီး မဟာစိတ်ဝိညာဉ်ကလန်၏ အတွင်းအပြင်သည် ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။
ရွှေရောင်အလင်း ပြန့်ကြဲပျောက်ကွယ်သွားသည့်နောက် မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေးအရှင်ကုန်းနျန်သည် စိတ်ရှုပ်ထွေးဟန် အမူအရာကို လှစ်ဟပြသည်။ သူက သက်ပြင်းချလိုက်သည်။ သည်ကုန်းမြေနှစ်ခုကြား စစ်ပွဲ၌ ကျင့်ကြံသူများ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရပေ၏။ သို့သော် သည်အခွင့်အရေးအတွက် သူတို့က ထိုသို့ လုပ်ရမည်သာ။
၎င်းမှာ ရှေးဘုံကျောင်းသို့ ဝင်ရောက်နိုင်ဖို့ အခွင့်အရေးပင်။
“ဘိုးဘေးရဲ့ ရှေ့ဖြစ်ဟောခဲ့တာက အနည်းငယ် အပြောင်းအလဲ ရှိခဲ့ပေမယ့်လည်း အများစုကတော့ တူညီတဲ့ပုံစံနဲ့ အဆုံးသပ်ခဲ့တယ်။ ဒါပေမဲ့ ငါဟာ ဝမ်လင်းကို အကြောင်းရင်း လုံးဝ မပြောခဲ့ဘူး…”
ထိုအဘိုးအိုသည် ခေါင်းခါကာ သက်ပြင်းချ၍ သူ တံခါးပိတ်ကျင့်ကြံနေကျ နေရာထံ လျှောက်လှမ်းသွားတော့သည်။
နှစ်ပေါင်းတစ်ရာကျော်လောက် ကြာမြင့်ခဲ့သော ဒီစစ်ပွဲမှာ အင်ပါယာအမိန့်ပြန်တမ်းကြောင့် အဆုံးသပ်သွားခဲ့လေပြီ။ အစိမ်းရောင်မိစ္ဆာကုန်းမြေဘက်မှ ကျင့်ကြံသူများသည် တဖြည်းဖြည်း သူတို့၏ကုန်းမြေထံ ပြန်ဆုတ်ခွာကြသည်။
ကောင်းကင်ဘုံနွားထီးကုန်းမြေက အတော်လေး ဆိုးဆိုးရွားရွား အပျက်အစီးများ ခံစားခဲ့ရ၏။ သို့သော် အစိမ်းရောင်မိစ္ဆာကုန်းမြေက သာ၍ ဆိုးသည်။
အစိမ်းရောင်မိစ္ဆာကုန်းမြေပေါ်ရှိ မိစ္ဆာတာအိုကလန်တွင် ချိပ်ပိတ်ခြင်းက မြန်ဆန်စွာ ကြုံ့နေပြီး ၎င်းနှင့် ထိမိသူတိုင်း ဆိုးဝါးစွာ သေဆုံးရသည်။ ထိုချိပ်ပိတ်ခြင်းကြောင့် အဆောက်အဦများသည်ပင် ပျက်စီးကုန်သည်။
အသက်ရှုချိန်အကြိမ်သုံးဆယ် မပြည့်ခင်မှာပင် ထိုချိပ်ပိတ်ခြင်းက အရာအားလုံးကို ဖျက်စီးကာ ကျင့်ကြံသူအားလုံးကို သတ်ပစ်ခဲ့လေပြီ။ ၎င်းက ဝမ်လင်း၏ခြေထောက်အောက်ရှိ ရေကန်ပတ်လည်၌ စုဝေးလာ၏။
တချိန်တည်းမှာ ကျင့်ကြံသူသုံးသောင်း၏ မူလစိတ်ဝိညာဉ်အများစုက ပျက်စီး၏။ တတိယအဆင့် ကျင့်ကြံသူဒါဇင်ချီ၏ ကျင့်ကြံသူများကသာ ချိပ်ပိတ်ခြင်းအတွင်း ပိတ်လှောင်၏။ ယင်းတို့က ဝမ်လင်းထံ ပျံသန်းလာကာ သူ၏ ဖမ်းစီးသိမ်းယူခြင်းကို ခံရသည်။
ထိုမူလစိတ်ဝိညာဉ်များသည် ဝမ်လင်း၏ မန္တာန်အမြန်နှုန်း ပညာရပ်အတွက် အတော့်ကို အရေးကြီးသည်။ သူ့ထံ အမြန်နှုန်းပညာရပ်အတွက် မန္တာန်သွေးကြောတစ်ခုသာ ပိုင်ဆိုင်ထားသေးသည်။ သူက မူလစိတ်ဝိညာဉ်များကို ပို၍ စုပ်ယူလေလေ မန္တာန်များကို ထုတ်ဖော်နိုင်မည့် သူ့အမြန်နှုန်းက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာလိမ့်မည် ဖြစ်သည်။
လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်၏ မူလစိတ်ဝိညာဉ်ကမူ ပျက်စီးသွားခဲ့ပြီ ဖြစ်သလို တစ်ယောက်ကလည်း သေသည့်အထိ သူ့ကိုယ်သူ လောင်ကျွမ်းပစ်ခဲ့သည်။ ထို့ကြောင့် ဝမ်လင်းက ၎င်းတို့ကို မစုဆောင်းနိုင်ခဲ့ပေ။ ထိုသို့ ဖြစ်ရသည့် အဓိကအကြောင်းရင်းက ဝမ်လင်းသည် အခုအခါ၌ သူ မည်မျှအစွမ်းထက်နေသည်ကို သိဖို့ လိုအပ်နေခြင်းကြောင့်ပင်။
သည်လိုအခြေအနေ၌ သူက မူလစိတ်ဝိညာဉ်ကို အကောင်းတိုင်း ထိန်းသိမ်းနိုင်ဖို့ ဂရုစိုက်နေပါက သူ မည်မျှအစွမ်းထက်လာသည်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တော့မည် မဟုတ်ပေ။
အနာဂတ်၌ သူ့အတွက် လေဟာနယ်အတိဒုက္ခအဆင့် မူလစိတ်ဝိညာဉ်များကို ရဖို့က ပြဿနာတစ်ခု မဟုတ်တော့ချေ။ သို့သော် တတိယအဆင့်ကျင့်ကြံသူဒါဇင်ချီ၏ မူလစိတ်ဝိညာဉ်များကိုမူ သူက တုံ့နှေးခြင်းမရှိ ယူဆောင်ကာ သူ့သိုလှောင်နေရာလွတ်ထဲ၌ သိမ်းဆည်းထားလိုက်ပြီ ဖြစ်သည်။
ဝမ်လင်းသည် ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ မည်သို့ဖြစ်ပျက်နေသည်ကို မသိပေ။ သူက သူ့အောက်မှ ရေကန်ထံသို့သာ စိုက်ကြည့်နေ၏။ သေအံ့မူးမူး အော်ဟစ်ခဲ့သော ကျင့်ကြံသူများ၏ အော်သံများကလည်း ပျောက်ကွယ်သွားကြပြီ ဖြစ်၍ အခုအခါ၌ ဒီနေရာတွင် သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။
“မိစ္ဆာတာအိုကလန်ဟာ ဖျက်စီးခံရပြီး လူတိုင်းသေဆုံးသွားခဲ့ပြီ။ အသက်ရှင်တဲ့သူဆိုလို့ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ရှိနေတဲ့သူတွေပဲ ကျန်လိမ့်မယ်။ ဒါတောင် မင်းက ခုထိ ထွက်မလာသေးဘူးလား…”
ဝမ်လင်း၏စကားတို့မှာ အေးစက်နေ၏။ သူက သူ့အောက်ဘက်ရှိ ရေကန်ထံ လက်ဝေ့ယမ်းလိုက်သည်။
သူ လက်ဝေ့ယမ်းလိုက်သည့်အခါ၌ ရေကန်ပတ်လည်ရှိ ချိပ်ပိတ်မှုက တောက်ပလာ၏။ ကျယ်လောင်စွာ မြည်ဟိန်းသံက ဒီပျက်စီးနေသော ကလန်တခွင် ပဲ့တင်ထပ်သည်။ ချိပ်ပိတ်မှုက ရေကန်ပတ်လည်တွင် မြန်ဆန်စွာ ကြုံ့လာသည်။
ရေကန်အတွင်းရှိ ရေများသည် လှိုင်းဂယက်များ ထကာ ရေငွေ့များ ပျံသည်။ ထိုရေကန်သည် မြန်ဆန်စွာ ပျက်စီးနေတာ သိသာသည်။
ထိုချိပ်တံဆိပ်တွင် အားကောင်းသော အဖျက်အစီးအား ပါဝင်၏။ ၎င်းသည် ရေကန်ရှိ ရေများကို အငွေ့ပျံစေကာ ရေကန်ကို ဖျက်စီးသည်။
သို့ပေမည့် ဝမ်လင်း၏ ချိပ်ပိတ်ခြင်းက ကျွန်းတဝက်ထိ ဖျက်စီးလာသည့်အခါတွင် ရေကန်ထံမှ ဟိန်းအော်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ရေကန်ထံမှ အပြာရင့်ရောင်ပင်လယ်နဂါးတစ်ကောင် တဟုန်ထိုး ထွက်လာသည်။
ဤသည်မှာ ပင်လယ်နဂါးဖြစ်၏။ ၎င်းသည် ပေထောင်ချီ ရှည်လျားသည်။ ထိုပင်လယ်နဂါးက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ ကောင်းကင်ဘုံသားရဲ ဖြစ်ပြီး ၎င်းက ကြမ်းကြုတ်ကာ သိပ်သည်းသော ကောင်းကင်ဘုံစွမ်းအင်ကို ပေးစွမ်းနေသည်။
ထိုပင်လယ်နဂါးက အချိန်ကြာမြင့်စွာ အသက်ရှင်ခဲ့ပြီး ဖြစ်၍ ၎င်းထံမှ ရှေးကျသောအော်ရာကို ပေးစွမ်းနေသည်။ ၎င်းက တခြားနဂါးဦးခေါင်းများနှင့် ကွာခြားသော ဦးခေါင်းကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ကျောဘက်ရှိ ဆူးတန်းများက ၎င်းကို တုန်လှုပ်ဖွယ်အသွင်ကို ဖြစ်ပေါ်စေသည်။
ထိုနဂါး၌ မည်သည်လက်သည်းမျှ မရှိပေ။ ၎င်းက ကြီးမားသောမြွေတစ်ကောင်နှင့် ပိုတူ၏။ သို့သော် ၎င်းက နဂါးတစ်ကောင်နှင့် ယှဉ်နိုင်သောစွမ်းအား ရှိပေ၏။ ၎င်း၏ဦးခေါင်းပေါ်တွင် ဖုံးလွှမ်းနေသော အနက်ရောင်ဆူးတောင်များအပြင် ကြီးမားသောဆူးတောင်နှစ်ခုက ယင်တောင်အသွင် ချိတ်ဆက်ထားသည်။
ထိုပင်လယ်နဂါး လေထဲသို့ ပျံတက်လာသည့်အခါ ၎င်း၏ကြေးခွံများထံမှ ရေများစွာ ဖြာထွက်လာ၏။ ထိုနဂါးသည် ပျံသန်းလာသည့်အခါ ရေကန်၏ ရေပမာဏသည် များစွာ လျှော့ကျသွားသည်။
“ဝေါင်း…”
ထိုနဂါးက ပေါ်လာသည်နှင့် ဝမ်လင်းကို စိုက်ကြည့်ကာ ဟိန်းသံ ပြုသည်။ ၎င်းသံ ပေးနေရင်း မျက်လုံးနှစ်လုံးထပ်မံ ပေါ်လာသည်။ ထိုနဂါးတွင် အမှန်တကယ်ပင် မျက်လုံးလေးလုံး ပိုင်ဆိုင်ထားသည်။
ဒီပင်လယ်နဂါးက ပင်လယ်တွင် ရှိသင့်ပေ၏။ သို့သော် ၎င်းက အခုတော့ ဒီရေကန်၌ နေထိုင်နေသည်။ ၎င်းပေါ်လာသည့်အခါ ဖိအားတစ်ခု ပျံ့လွင့်လာသည်။
ထိုပင်လယ်နဂါး ပေါ်လာသည်နှင့် ကျွန်းထံမှ မြေဝါရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ဒီကျွန်းကို ချိပ်ပိတ်ခြင်းကနေ ကာကွယ်ပေးသော အရံအတားတစ်ခုကို ဖြစ်ပေါ်စေသည်။
မကြာမီတွင် ပင်လယ်နဂါးက ရုတ်တရက် ရွှေ့လျားလာ၏။ ၎င်း၏ ပါးစပ်ကြီးကို ဟကာ ဝမ်လင်းထံ ဝါးမြိုရန် တာဆူလာတော့သည်။ ၎င်း၏ကျောပေါ်ရှိ ဆူးချွန်တို့က ထောင်မတ်လာကာ အေးစက်မှုကို ပေးစွမ်းသည်။
ထိုနဂါးသည် ရွှေရောင်ထိပ်သီးပုဂ္ဂိုလ်အထွတ်အဆင့် တစ်ယောက်ထက် အားမနည်းလေပေ။
၎င်းက အင်ပါယာအတုအဆင့်ပုဂ္ဂိုလ်နောက်သို့ အချိန်အတန်ကြာ လိုက်ပါခဲ့ပေသည်။ မိစ္ဆာတာအိုကလန်မှ အင်ပါယာအတုအဆင့်ထိပ်သီးပုဂ္ဂိုလ် ထွက်လာခဲ့သည့်အခါ၌ သူက ဒီနေရာတွင် ယင်းနဂါးကို ချန်ထားခဲ့တာ ဖြစ်သည်။ သူသည် ထိုနဂါးနှင့် မိစ္ဆာတာအိုကလန်၏ စွမ်းအားဖြင့်ဆို ကလန်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် လုံခြုံလိမ့်မည်ဟု ယုံကြည်ချက် ရှိခဲ့သည်။