အမိန့်ပြန်တမ်းကို ငြင်းဆန်တာလား…
Vol. 142 Ch. 1967
ပင်လယ်နဂါးသည် ကောင်းကင်ထက်ရှိ ဝမ်လင်းထံ တိုးဝင်လာစဉ် ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ရွှေရောင်အလင်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေထံသို့ လေဟာနယ်အတိဒုက္ခထိပ်သီးအဆင့်ကျင့်ကြံသူများထက် ပိုမြန်သော အမြန်နှုန်းဖြင့် ဦးတည်လာနေသည်။ ၎င်း၏အမြန်နှုန်းအရ မိစ္ဆာတာအိုကလန်သို့ ရောက်လာဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။
ပင်လယ်နဂါးက မာန်ဟိန်းကာ ဝမ်လင်းထံ မြန်ဆန်စွာ နီးကပ်လာသည်။ မြေဝါရောင်အလင်း ဝန်းရံထားသော ကျွန်းအတွင်း၌ မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် အပေါ်သို့ စိုက်ကြည့်နေ၏။ သူ၏မျက်လုံးက ဒီနေရာကနေ ထွင်းဖောက်ကာ အပြင်ဘက်ရှိ အရာအားလုံးကို တွေ့မြင်နေရသည်။
“ဒီပင်လယ်နဂါးဟာ ဘိုးဘေးချန်ထားခဲ့တာ။ ငါ ဒီနဂါးကို သတ်ချင်ရင် အတော့်ကို အားထုတ်ရမှာ ဖြစ်ပြီး သတ်ချင်မှတောင် သတ်နိုင်လိမ့်မယ်။ ဒီဝမ်လင်းဟာ အချိန်တိုအတွင်း ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်အဖြစ် ရောက်အောင် သူ့သက်တမ်းကို စတေးခဲ့တဲ့ အကြီးအကဲဖန်ကို သတ်နိုင်ခဲ့ပေမယ့်လည်း အကြီးအကဲဖန်နဲ့ အစစ်အမှန်ရွှေအဆင့်ကြားမှာ ကွာဟချက်ကြီးတစ်ခု ရှိနေဆဲပဲ…”
သူက အကြီးအကဲဖန်ကို သတ်နိုင်ပေမယ့် ဘိုးဘေးချန်ထားခဲ့တဲ့ ပင်လယ်နဂါးကိုတော့ မြန်မြန်ဆန်ဆန် ချိပ်ပိတ်နိုင်မှာ မဟုတ်ဘူး။ ပင်လယ်နဂါးကသာ အချိန်ဆွဲထားပေးနိုင်င် ဘိုးဘေးလည်း ဒီသတင်းကို ကျိန်းသေပေါက် ရမှာပဲ…”
မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် မထွက်လာဝံ့ပေ။ သို့သော် သူက ဝမ်လင်းကို သေလောက်အောင် မုန်းတီးနေ၏။ သူသည် ဝမ်လင်း၏အသွေးအသားတို့ကိုပါ ဝါးမြိုပစ်ချင်စိတ် ပေါက်နေသည်။
သူ အံတင်းတင်းကြိတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူ့ညာလက်မှာ တုန်ယင်လာ၏။ ကလန်ခေါင်းဆောင်က သူ့ညာလက်ထံ ငုံ့ကြည့်လိုက်ပြီး အစိမ်းရောင်အခိုးငွေ့များ ပေါ်လာ၏။ ထိုအစိမ်းရောင်အခိုးငွေ့တို့က အမျှင်တန်းခုနစ်ခုအဖြစ်သို့ ပြောင်းကာ သူ၏ဒွာရပေါက်များထံ ဝင်ရောက်သည်။
မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် တုန်ယင်သွား၏။ သူက မျက်လုံးမှိတ်လိုက်သည်။ သို့သော် တအောင့်အကြာ၌ ပြန်ဖွင့်လာ၏။ သူ၏မျက်လုံးထဲ၌ ကျေနပ်ပီတီဖြစ်မှုတို့ ရှိလာသည်။ သူက ကျယ်လောင်စွာ စတင် ရယ်မောလိုက်လေ၏။
“ပြီးသွားပြီ။ ကောင်းကင်ဘုံအင်ပါယာက အင်ပါယာအမိန့်ပြန်တမ်းတွေကို ပို့လွှတ်လိုက်ပြီ။ စုစုပေါင်း အင်ပါယာအမိန့်ပြန်တမ်းသုံးခု ရှိတယ်။ အဲ့ထဲကတစ်ခုက ငါ့ မိစ္ဆာတာအိုကလန်ဆီ ဦးတည်လာနေပြီ။ ဒီအမိန့်ပြန်တမ်းက ငါ့ကို ချီးမြှောက်ဖို့ပဲ ဖြစ်လိမ့်မယ်…”
မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် တက်ကြွလာလေ၏။
“ဝမ်လင်း…မင်းက ငါ့ကို သတ်ချင်တာလား။ မင်းက ငါ့ကလန်ကို ဖျက်စီးပစ်ချင်တာလား။ ဘိုးဘေး မကြာခင် ရောက်လာတော့မယ်။ သူ စတင်လှုပ်ရှားတာနဲ့ မင်း သံသယမရှိ သေရလိမ့်မယ။ အင်ပါယာအမိန့်ပြန်တမ်းကလည်း မကြာခင် ရောက်ရှိလာတော့မယ်။ အင်ပါယာကိုယ်စားလှယ်တမန်တော် ဒီကို ရောက်လာတာနဲ့ မင်း ငါ့ကို ဘယ်လိုများ သတ်နိုင်အုံးမလဲ…”
“မင်း ငါ့ကို သတ်ခဲ့ရင် မင်းဟာ အမိန့်လက်ခံမယ့်သူ့ကို သတ်တာနဲ့ တူတူ ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် မင်းဟာ ပြစ်မှုကြီးတစ်ခု ကျူးလွန်မိသွားလိမ့်မယ်…”
မိစ္ဆာတာအိုကလန်ခေါင်းဆောင်က အတော်လေး ကျေနပ်ပျော်ရွှင်လာ၏။
မြေဝါရောင်အလင်း၏ အပြင်ဘက်တွင်မူ ပင်လယ်နဂါးက ဝမ်လင်းထံ တိုးဝင်လာနေ၏။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ထံမှ ဖိအားကို ပေးစွမ်းနေသည်။ ထိုဖိအားက လောကကို လှုပ်ခါစေဖို့ရာ လုံလောက်သည်။ ရွှေအဆင့်ထိပ်သီးပုဂ္ဂိုလ်အောက်ရှိ မည်သူမဆိုသည် တုန်ယင်ကာ ၎င်းအား တိုက်ခိုက်ဝံ့လိမ့်မည် မဟုတ်ပေ။
နဂါးဟိန်းသံ ပိုပြင်းထန်လာစဉ် ဝမ်လင်းက လူတစ်ယောက်၏စိတ်ဝိညာဉ်ကို လှုပ်ခါစေနိုင်သော အသံတစ်သံကို ကြားလိုက်ရ၏။
ဝမ်လင်းသည် သူ့ထံ နီးကပ်လာသော ပင်လယ်နဂါးကို အေးတိအေးစက် စိုက်ကြည့်နေ၏။ သူသည် အရင်တုန်းက ဒီလိုသားရဲမျိုးကို လုံးဝ မမြင်ဖူးခဲ့ပေ။ သူက ၎င်းသားရဲထံမှ ကြောက်မက်ဖွယ်အော်ရာကို ခံစားမိသည်။
ယင်းကား ရွှေအဆင့်ထိပ်သီးစွမ်းအားပင်။ ထိုအဆင့်ရှိသော နဂါးက နီးကပ်လာနေ၏။ ကြည်လင်သောကောင်းကင်သည် အရောင်မှိန်ကာ သုန်မှုန်မှုတို့ ပြည့်ကုန်သည်။
“ရွှေအဆင့်ထိပ်သီးသားရဲ…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာကာ ကြောက်မက်ဖွယ်ရွှေရောင်အလင်းကို လှစ်ဟပေါ်စေ၏။ သူ၏မျက်လုံးထဲ၌ တိုက်ပွဲဝင်လိုစိတ်တို့ ပြည့်လျှံလာသည်။
သူ၏ကျင့်ကြံမှုအဆင့်က ပေါက်ကွဲထွက်လာ၏။ အစိမ်းရောင်ကင်းမြှီးကောက်ဘုံကျောင်းတွင် ကံကောင်းမှု ရခဲ့ပြီးခဲ့ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် သူ့ကျင့်ကြံမှုအပြည့်အဝကို ထုတ်ဖော်လာခြင်းပင်။
သူသည် သူ့ရှေးတောက်ခန္ဓာကိုယ်နှင့် သူ့လေဟာနယ်အတိဒုက္ခကျင့်ကြံခြင်းတို့ကို အပြည့်အဝ အသက်သွင်းလိုက်၏။ စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ထားခြင်း မရှိသေးသည့်အချက်အပြင် ဤသည်မှာ နှစ်ပေါင်းသုံးထောင်နီးပါး ကျင့်ကြံခြင်းသက်တမ်းတလျှောက်၌ ဝမ်လင်း၏ အမြင့်မားဆုံးအထွတ်အထိပ် ဖြစ်ချေတော့သည်။
သူ့ဆံပင်ဖြူတို့က ရုတ်တရက် ချဲ့ကား ရှည်ထွက်လာကာ သူ့ခန္ဓာကိုယ်ထက်ပင် ပိုရှည်လာ၏။ ဆံပင်တို့က လေထဲတွင် တဲခိုကာ သူ့ဝတ်ရုံဖြူနှင့် တွဲစပ်သည်။ ဝမ်လင်းကို အေးစက်စက် အဖြူရောင်အလင်းတစ်ခု ဝန်းရံထားသလိုမျိုး ထင်ရသည်။
ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ပင်လယ်နဂါးထံ လက်ညွှန်လိုက်၏။
“နေသာသောည…”
လောကမှာ တုန်ဟည်းသွား၏။ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ကြောက်မက်ဖွယ်ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။ ပင်လယ် အော်မြည်သံ ပဲ့တင်ထပ်ကာ ကောင်းကင်သည် နက်မှောင်လာသည်။
နက်မှောင်သော ကောင်းကင်တွင်း၌ မြင့်တက်လာသော နေမင်းက တလျှံလျှံအလင်းကို ထုတ်လွှတ်၏။ ပင်လယ်နဂါး၏ကြီးမားသော ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ၎င်း၏မျက်လုံးထံမှ ကြောက်ရွှံ့မှုကို လှစ်ဟဖော်ပြသည်။
၎င်းသည် ထိုကျင့်ကြံသူ အသုံးပြုနေသော မန္တာန်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ခံစားမိနေ၏။
မြင့်တက်လာသော နေမင်းက ဝမ်လင်း၏ပုံရိပ်ကို ဖော်ကျူးသည်။ သူက ထွက်ပြူလာသော နေမင်းပင်။ သူက တောက်ပသောအလင်းမှ လှမ်းလျှောက်လာ၏။ သူ၏ခန္ဓာကိုယ်မှ အားကောင်းလှသော ယုံကြည်မှုစွမ်းအား ပျံ့နှံ့လာသည်။
ထိုယုံကြည်မှုစွမ်းအားက ဒီဧရိယာကို ခြုံလွှမ်းကာ ပင်လယ်နဂါး၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါတော့၏။ ပင်လယ်နဂါးသည် ချဉ်းကပ်မလာဝံ့တော့ဘဲ နောက်သို့ အသည်းအသန် ပြန်ဆုတ်တော့သည်။
၎င်းထံ၌ ရွှေအဆင့်ထိပ်သီးကျင့်ကြံခြင်း (ဝါ) လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် ဒီနက်မှောင်သော ကောင်းကင်အတွင်း၌ သေခြင်းတရားက ၎င်းထံ နီးကပ်လာပြီဟု ခံစားမိပေသည်။ သို့သော် ၎င်းက မည်မှှျ မြန်မြန် ဆုတ်ပါစေ နက်မှောင်သောကောင်းကင်နှင့် ဒီအမှောင်ထုကို ဆုတ်ဖြဲနေသောအားထံမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
မြင့်တက်လာသော နေမင်းထံမှ အလင်းသည် အမှောင်ထုကို တလွှာချင်း ပျက်စီးနေပြီး ပင်လယ်နဂါးထံ ဦးတည်လာနေသည်။ ထိုအမှောင်ထုနှင့်အတူ ပင်လယ်နဂါးသည် ဆုတ်ဖြဲခံရတော့မည့်အလား ထင်ရ၏။
သေခြင်းတရား ခံစားချက်က ပင်လယ်နဂါးကို ခြုံလွှမ်းထာသည်။ ၎င်းသည် ဟိန်းသံပေးရင်း တုန်ယင်နေ၏။ ၎င်း၏ခန္ဓာကိုယ်တလျှောက် ပြင်းထန်စွာ နာကျင်မှုကို ခံစားနေရသည်။ အမှောင်ထုကို ဆုတ်ဖြဲနေသော စွမ်းအားက ၎င်းကိုလည်း ဖျက်စီးနေသည်။
ပြင်းထန်သော နာကျင်မှုမှာ ၎င်း၏အစွမ်းထက်ခန္ဓာကိုယ်နှင့် ရွှေအဆင့်ထိပ်သီးကျင့်ကြံခြင်းကပင် ခုခံနိုင်သော အရာ မဟုတ်ပေ။ ၎င်းသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး ၎င်းထံ၌ ကြောက်ရွှံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်လာသည်။
“အညံ့ခံမလား၊ အသတ်ခံမလား…” ၎င်း၏ခန္ဓာကိုယ် ပျက်စီးကာ သေဆုံးတော့မည့်အခါတွင် ယုံကြည်မှုနှင့် ပြည့်နေသော အားကောင်းသော အသံတစ်သံသည် ဒီလောကတွင် ပဲ့တင်ထပ်လာ၏။
ထိုအသံ ထွက်ပေါ်လာသည့်အခါ ပင်လယ်နဂါးသည် ၎င်း၏မျက်လုံးကို ရုန်းကန်ဖွင့်၏။ ၎င်းသည် မြင့်တက်လာသော နေမင်းထံမှ လှမ်းလျှောက်လာသော ဝမ်လင်းကို တွေ့မြင်ကာ ရုတ်တရက် မိန်းမောမိသွားသည်။
“မဟာအင်ပါယာ…” ပင်လယ်နဂါး၏မျက်လုံးထဲတွင် ဝမ်လင်းသည် နေမင်းကဲ့သို့ ဖြစ်နေ၏။ အင်မောတယ်ကောင်းကင်၏ ဆယ်စင်းမြောက်နေမင်းကဲ့သို့ ဖြစ်နေချေသည်။
ထိုနေမင်း၏ အောက်ရှိ ပုံရိပ်တွင် ယုံကြည်မှုစွမ်းအား ရှိနေသည်။ ၎င်းစွမ်းအားမှာ မဟာအင်ပါယာပင်။
၎င်း၏ပိုင်ရှင်ဖြစ်သူ မိစ္ဆာတာအိုကလန်၏ ဘိုးဘေးမှာ အင်ပါယာအတုအဆင့်၌သာ ရှိသူပင်။ သည်အခိုက်၌ ထိုနဂါးအတွက် ဝမ်လင်းသည် မဟာအင်ပါယာတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် မိန်းမောသွားပေသည်။ ၎င်းသည် သေရမည်ဆိုလျှင်ပင် တခြားသူများကို သေသည့်အထိ အညံ့ခံမည် မဟုတ်ပေ။ အကြောင်းမှာ ၎င်း၏ကိုယ်ပိုင်ဂုဏ်မာန ရှိနေသောကြောင့်တည်း။ သို့သော် ဒီအခိုက်၌ ၎င်းသည် တုန်ယင်ကာ တွေဝေခြင်းမရှိ အညံ့ခံတော့သည်။
“အညံ့ခံပါတယ်…” ၎င်း၏စိတ်တွင်းမှ ထိုသတင်းစကား ထုတ်လွှတ်လာသည့်အခါ၌ ၎င်း၏မူလသခင်၏ ချိပ်ပိတ်မှုမှာ ချက်ခြင်း ပျက်စီးသွားသည်။ ရွှေအဆင့်ထိပ်သီးသားရဲ ဖြစ်သော ၎င်းကို သာမန်အားဖြင့် မထိန်းချုပ်နိုင်ပေ။ ၎င်းအညံ့ခံလာအောင် လုပ်ဖို့ ကြီးမြတ်သောအော်ရာ လိုအပ်ပေသည်။
မဟာအင်ပါယာများကလွဲ၍ သည်လိုသားရဲမျိုးကို သူတို့၏ ကျွန်အဖြစ် မပြုလုပ်နိုင်ကြပေ။ သူတို့က မျှတသော သဘောတူညီချက်ကိုသာ ထိန်းထားနိုင်ကြ၏။ ထိုနဂါးနှင့် သူ့အရင်သခင်တို့မှာလည်း ထိုသို့သော သဘောမျိုးသာ ရှိထားခဲ့တာ ဖြစ်သည်။
သို့သော် အခုအခါ၌ ၎င်းနဂါး အညံ့ခံလိုက်သည့်အခိုက်တွင် ထိုပင်လယ်နဂါး၏ဦးခေါင်းထံမှ အစိမ်းရောင်စိတ်ဝိညာဉ်အော်ရာ ထွက်ပေါ်လာ၏။ ဝမ်လင်းက ထိုစိတ်ဝိညာဉ်ကို သူ့လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
သည်နဂါး၏အရင်သခင်သည်ပင် ထိုစိတ်ဝိညာဉ်အော်ရာကို ရရှိနိုင်စွမ်း မရှိခဲ့ပေ။ သို့သော် ဝမ်လင်း၏ စွမ်းအားကြောင့် မိန်းမောသွားသော အခြေအနေအောက်၌ ယင်းပင်လယ်နဂါးသည် ၎င်း၏စိတ်ဝိညာဉ်အော်ရာကို ဝမ်လင်းထံ ကမ်းလှမ်းပေးလာသည်။
စိတ်ဝိညာဉ်အော်ရာကို ပေးလိုက်ခြင်းသည် ထိုနဂါးက ၎င်း၏အသက်ကို ထိန်းချုပ်ခွင့် ပေးလိုက်ခြင်းပင်။
ဝမ်လင်းသည် စိတ်ဝိညာဉ်အားကို ထိန်းချုပ်လိုက်သည့်အခိုက်တွင် အမှောင်ထုနှင့် ပတ်ဝန်းကျင်ရှိ ပင်လယ်မှာ ပျောက်ကွယ်ကာ နေမင်းလည်း လွင့်ပြယ်သွားသည်။ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ မြေပြင်သည် မိစ္ဆာတာအိုကလန်၏ အပျက်အစီးပုံ ဖြစ်နေဆဲ၊ ကောင်းကင်က ကြည်လင်နေဆဲပင်။
သို့ပေမည့် မြေဝါရောင်အလင်းတွင်း၌ ရှိနေသော မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ မယုံကြည်နိုင်ဖွယ် ဖြစ်ပေါ်၏။ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားသည်။
“မ….မဖြစ်နိုင်ဘူး…။ ဒီပင်လယ်နဂါးဟာ ဘိုးဘေးရဲ့ အပိုင်ပဲ။ ၎င်းက…၎င်းက တကယ်ပဲ ဝမ်လင်းကို အညံ့ခံလိုက်တာလား…”
မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် ကြောက်ရွှံ့မှုတို့ ပြည့်၏။ သူသည် ပင်လယ်နဂါး အညံ့သည့်အပေါ် တုန်လှုပ်မိရုံသာမက ဝမ်လင်း အသုံးပြုခဲ့သော နေသာသောညမန္တာန်ကြောင့်ပင် တုန်လှုပ်မိနေသည်။
“ယုံကြည်မှုမန္တာန်…ဒါက ယုံကြည်မှု မန္တာန်ပဲ…” သူက ထိုပင်လယ်နဂါးသည် အချိန်တချို့ ဆွဲပေးထားနိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် အလှည့်အပြောင်းက ခုလောက် မြန်ဆန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ တိုတောင်းသောအချိန်အတွင်း ဝမ်လင်းက ယုံကြည်မှုမန္တာန်တစ်ခုကို အသုံးပြုခဲ့သည့်အပြင် ပင်လယ်နဂါးကလည်း အညံ့ခံဖို့ ရွေးချယ်ခဲ့ပေသည်။
မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ စိတ်ထဲတွင် အဆုံးမဲ့အကြောက်တရားတို့ ခြုံလွှမ်းလာသည်။ တုံ့နှေးမနေဘဲ သူက လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်လိုက်သည်။ ထိုသွေးက သွေးမြူအဖြစ်သို့ ပြောင်းကာ မြေဝါရောင်အလင်း၏ အရံအတားစွမ်းအားကို အားအင်ဖြည့်တင်းပေးသည်။
“ငါ သူ့ကို အထဲ ဝင်ခွင့်ပြုလို့ မရဘူး။ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး။ ငါ သူ့ကို ဝင်ခွင့် မပြုနိုင်ဘူး။ ငါ အချိန်လိုအပ်တယ်။ ဘိုးဘေး မကြာခင် ရောက်လာသင့်တယ်။ အင်ပါယာအမိန့်ပြန်တမ်းလည်း သိပ်မကြာခင် ရောက်လာတော့မှာ။ အချိန်…ငါ အချိန်လိုအပ်တယ်…”
မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် ရူးသွပ်သွားပုံ ရသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ ယင်တို့သည် ကျွန်းပတ်လည်ရှိ အလင်းအရံအတားထံ ပျံသန်းသွားသည်။
ထိုအလင်းအရံအတားက တလက်လက် ဖြစ်ကာ ပိုအားကောင်းလာစဉ် ဝမ်လင်းက ရှေ့သို့ ခြေလှမ်းသည်။ ပင်လယ်နဂါးက နောက်မှ လိုက်ပါလာကာ ဝမ်လင်းကို လေးစားထိတ်လန့်စွာ ကြည့်၏။
ဝမ်လင်းသည် အလင်းအရံအတားနှင့် နီးကပ်လာသည့်အခါ သူ့ညာလက်ကို ပင့်မြှောက်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားပြီး သူက လက်သီးတလုံး ပစ်သွင်းလိုက်သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
မိစ္ဆာတာအိုကလန်ခေါင်းဆောင် အားအင်ဖြည့်တင်းထားသော အလင်းအရံအတားသည် တခဏသာ တောင့်ခံနိုင်ပြီးနောက် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။ ကျွန်းပေါ်ရှိ ပတ်ဝန်းကျင်အဆောက်အဦများသည်လည်း ဖျက်စီးခြင်း ခံရကာ စိတ်ပျက်အားလျော့နေသော မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ အသွင်မှာ လှစ်ဟပေါ်လာသည်။
ဝမ်လင်းသည် မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကို အေးစက်စက် လှမ်းကြည့်သည်။ သူသည် ရှေ့သို့ လှမ်းကာ လက်သီးတလုံး ချက်ခြင်း ပစ်သွင်း၏။ ကလန်ခေါင်းဆောင်သည် ရူးသွပ်သွားဟန်ရကာ နောက်သို့ အသည်းအသန် ဆုတ်လျက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ သို့ပေမည့် သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူက သွေးအန်လိုက်ရသည်။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားကာ နောက်သို့ လွင့်ထွက်သွားသည်။
“ဝမ်လင်း…မင်း ငါ့ကို သတ်ရဲလား…။ ငါ့ မိစ္ဆာတာအိုကလန်ဘိုးဘေးဟာ အင်ပါယာအတုအဆင့် ကျင်ကြံသူတစ်ယောက်ပဲ။ မင်း ငါ့ကို သတ်ရင် မင်းလည်း ဆိုးဆိုးရွားရွား သေရလိမ့်မယ်…”
ဝမ်လင်းက စကားမဆိုပေ။ သူက ရှေ့သို့ ခြေလှမ်းကာ နောက်ထပ်လက်သီးတလုံး ပစ်သွင်းရန် ဟန်ပြင်သည်။
ထိုအခိုက်တွင် ရွှေရောင်အလင်းတန်းတစ်ခုသည် အံ့မခန်းအမြန်နှုန်းဖြင့် ရောက်ရှိလာပြီး လောကကို ခြုံလွှမ်းသည်။ ရွှေရောင်အလင်းတန်းအတွင်း၌ ရွှေရောင်ပုံရိပ်တစ်ခု မားမားရပ်နေသည်။
“ကောင်းကင်ဘုံအင်ပါယာရဲ့ တမန်တော်၊ ကောင်းကင်ဘုံအင်ပါယာရဲ့ တမန်တော်၊ အင်ပါယာအမိန့်ပြန်တမ်း ဒီနေရာကို ရောက်လာခဲ့ပြီ။ ဝမ်လင်း…မင်း ငါ့ကို သတ်ဝံ့လား ငါ မြင်ချင်သေးတယ်…”
မျှော်လင့်ချက်မဲ့မှုနှင့် ပြည့်နေသော မိစ္ဆာတာအိုကလန်ခေါင်းဆောင်သည် ရုတ်တရက် စိတ်လှုပ်တရှား ဖြစ်လာတော့သည်။