← Chapters

အခန်း ၄၄၈

Vol. 35 Ch. 448

အခန်း ၄၄၈

Vol. 35 Ch. 448

အပိုင်း (၄၄၈) ဆိုင်ရှင် စုန်

"အား"

စူးရှလှသော အော်ဟစ်သံကြီးတစ်ခုက မင်းသမီးစံအိမ်တော်၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဆွဲဖြဲပစ်လိုက်လေသည်။

လီလီသည် မသိစိတ်အရ သူမ၏မျက်နှာကို စမ်းကြည့်ရန် လက်ကိုမြှောက်လိုက်မိသော်လည်း၊ သူမ၏လက်ချောင်းထိပ်များက နူးညံ့သောအသားအရေကို မထိတွေ့မိဘဲ၊ ပုပ်စော်နံလှသော အနံ့အသက်နှင့်အတူ စေးကပ်ကပ်၊ အေးစက်စက်နှင့် ချောကျိကျိဖြစ်နေသော အရာတစ်ခုကိုသာ ထိမိလေသည်။

သူမသည် သူမ၏လက်ကို ငုံ့ကြည့်လိုက်သည့်အခါ၊ လက်ချောင်းထိပ်များတွင် ဆွေးမြည့်နေသော မြက်မြစ်ခြောက်များနှင့် လူးလွန့်နေသော ပိုးကောင်များ ရောနှောနေသည့်၊ အနံ့ဆိုးလှသော အမည်းရောင်ရွှံ့နွံများ ပေကျံနေသည်ကို မြင်တွေ့လိုက်ရတော့သည်။

“အား ဒါက ဘာကြီးလဲ...”

လီလီ၏ အော်ဟစ်သံမှာ မျှော်လင့်ချက်မဲ့သော ဟိန်းဟောက်သံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ သူမသည် နောက်သို့ ယိမ်းထိုးဆုတ်ခွာသွားရင်း၊ သူမ၏အနောက်ရှိ ကုလားထိုင်ကို ပြင်းထန်စွာ တိုက်မိသွားစေတော့သည်။

ထိုအခိုက်အတန့်မှာပင်၊ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ကွက်ကွက်ကွင်းကွင်း ပေါ်ထွက်လာခဲ့သည်။

သူမ၏ ပုံပျက်ပန်းပျက်ဖြစ်နေသော မျက်နှာပေါ်ရှိ ရွှံ့နွံများမှာ ရူးသွပ်စွာ ကွာကျလာတော့သည်။ သူမ၏လည်ပင်းပေါ်ရှိ အရေပြားများမှာ ရေစိုနေသော နံရံကပ်စက္ကူများအလား အချပ်လိုက် အလွှာလိုက် ကွာကျကာ ပြိုလဲသွားတော့သည်။

အရေပြားအောက်ရှိ တည်ဆောက်ပုံ ထွက်ပေါ်လာချိန်တွင်မူ ၎င်းမှာ အသားနှင့်သွေးများ မဟုတ်ဘဲ၊ မရေမတွက်နိုင်သော သေးငယ်သည့် တီကောင်များနှင့် အဖြူရောင်လောက်ကောင်များ လူးလွန့်နေကြသော အမည်းရောင်ရွှံ့ပုပ်ပုံကြီး ဖြစ်နေတော့သည်။

ထိုရွှံ့နွံများမှာ ကိုယ်ပိုင်အသက်ရှိနေသည့်အလား၊ သူမ၏တုန်ယင်နေသော ခန္ဓာကိုယ်နှင့်အတူ ပြင်းထန်စွာ လူးလွန့်စီးဆင်းနေတော့သည်။

"ဖူး... ဖူး..."

ပျို့အန်ချင်စရာကောင်းသော အသံအစဉ်လိုက် ထွက်ပေါ်လာတော့သည်။

သူမ၏လည်ပင်း၊ ပုခုံး၊ လက်မောင်း၊ ခန္ဓာကိုယ်... အပေါက်ဖောက်ခံလိုက်ရသော ရွှံ့ရုပ်လေးတစ်ရုပ်အလား၊ သူမ၏ခမ်းနားထည်ဝါလှသော နန်းတွင်းဂါဝန်ကြီးမှာ လျင်မြန်စွာ စိုစွတ်တိုက်စားခံလိုက်ရပြီး၊ လောက်ကောင်များ၊ တီကောင်များနှင့် ရောနှောနေသည့် ဧရာမ "အသားတုံး" ရွှံ့ပုပ်ကြီးများ မြေပြင်ပေါ်သို့ လျှောကျလာတော့သည်။ သူမ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ "အရည်ပျော်" နေခြင်း ပင် ဖြစ်လေသည်။

“ကယ်... ကယ်ပါဦး... ချူတုန်း... ကူမော့...”

လီလီ၏အသံမှာ ရွှံ့ပုပ်သံများနှင့် ရောနှောကာ မပီမသဖြစ်လာပြီး၊ အဆုံးမရှိသော အကြောက်တရားများနှင့် တောင်းပန်တိုးလျှိုးမှုများဖြင့် ပြည့်နှက်နေတော့သည်။

သူမ၏မျက်ဝန်းများသည် နောက်ဆုံးမှ ပျောက်ကွယ်သွားသော လူသားဆန်သည့် အစိတ်အပိုင်း ဖြစ်လေသည်။ ၎င်းမှာ မယုံနိုင်လောက်အောင် ကြီးမားသော မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေကာ ကူချူတုန်း ကို တင်းကျပ်စွာ စိုက်ကြည့်နေပြီးနောက်၊ တိုးထွက်လာသော အမည်းရောင်ရွှံ့နွံများအောက်တွင် လုံးဝ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။

ခြေလှမ်းအနည်းငယ်မျှအတွင်းမှာပင်၊ တက်ကြွလန်းဆန်းလှသော ချန်ယန် မင်းသမီးလေးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

ညစ်ပတ်ပေရေနေမှုများကြားတွင် လူးလွန့်နေသော၊ အနံ့ဆိုးလှသော အမည်းရောင်ရွှံ့နွံအိုင်ကြီး တစ်ခုသာ ကျန်ရစ်တော့ပြီး၊ ၎င်းနှင့်အတူ ဖြူဖွေးကာ သေးသွယ်လွန်းလှသော လက်ချောင်းအရိုးစုလေး တစ်ခုတည်းသာ ထိုအညစ်အကြေးများကြားတွင် အထီးကျန်စွာ လဲလျောင်းကျန်ရစ်ခဲ့သည်။

ဧည့်ခန်းမဆောင်အတွင်း၌ သေလူအလား တိတ်ဆိတ်ငြိမ်သက်ခြင်းများ လွှမ်းမိုးသွားခဲ့ပြီး၊ ရွှံ့နွံများကြားတွင် လောက်ကောင်များ လူးလွန့်နေသည့် သဲ့သဲ့မျှသောအသံနှင့် ရွှံ့ပုပ်သံများသာ ကျန်ရစ်တော့သည်။ ကူချူတုန်းသည် သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ထားမိပြီး၊ ပြင်းထန်လှသော အကြောက်တရားနှင့် ပျို့အန်ချင်စိတ်တို့ကြောင့် မျက်နှာလေးမှာ ဖြူလျော်နေတော့သည်။

လေထုထဲတွင်မူ ဆွေးမြည့်နေသော မိလ္လာအပုပ်နံ့များဖြင့် အသက်ရှူရကျပ်လောက်အောင် ပြည့်နှက်နေတော့သည်။

“အစ်ကို... ဒါက ဘာတွေဖြစ်နေတာလဲ...”

ကူချူတုန်းက ထိတ်လန့်တကြား အော်ဟစ်မေးမြန်းလိုက်သည်။

ကူမော့၏ အမူအရာကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး သူက ဆိုသည်။

“ဒါက ငါတို့ စုံစမ်းနေတဲ့ အမှုပဲလေ... တကယ့်လူသားရဲ့နေရာမှာ အစားထိုးဖို့ ရွှံ့ရုပ် တစ်ခုကို ဖန်တီးထားတာ... ဒီ လီလီ က အတုပဲ...”

ထိုအခိုက်အတန့်တွင်၊ ယဲ့ချန်၏ မျက်နှာမှာ ပြာနှမ်းနေပြီး ဗိုက်ထဲတွင်လည်း မအီမသာ ဖြစ်နေတော့သည်။ အခင်းဖြစ်ပွားရာနေရာ၏ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းက ပြည့်တန်ဆာအိမ်တွင် သူကြုံတွေ့ခဲ့ရသော မနှစ်မြို့ဖွယ် အတွေ့အကြုံကို ပြန်လည်သတိရစေသည်။

သူသည် ထိုနေရာတွင်ပင် ချက်ချင်း ပျို့အန်မသွားစေရန် အံကိုတင်းတင်းကြိတ်ထားရလေသည်။ သူသည် ရွှံ့နွံအိုင်ကြီးကို လက်ညှိုးထိုးပြရင်း၊ သူ၏အသံမှာ တုန်ယင်နေတော့သည်။

“အစ်ကိုကြီး... ပြီးတော့... ပြီးတော့ ဒါက ပြည့်တန်ဆာအိမ် က ကိစ္စနဲ့ တစ်ပုံစံတည်းပဲ မဟုတ်လား အခြေအနေချင်း အတူတူပဲ...”

ကူမော့၏ မျက်ဝန်းများသည် အေးစက်စက် ဖြစ်နေပြီး၊ ကြက်သီးထဖွယ် အေးစက်သော အရှိန်အဝါတစ်ခုကို ဖြာထွက်နေတော့သည်။

သူသည် ခန္ဓာကိုယ်ကို ညွှတ်လိုက်ပြီး၊ သေးသွယ်သော လက်ချောင်းအရိုးစုလေးကို စစ်မှန်သော ချီစွမ်းအား စီးကြောင်းတစ်ခုဖြင့် ဂရုတစိုက် လွှမ်းခြုံကာ၊ ရွှံ့နွံများထဲမှ ဆွဲထုတ်လိုက်လေသည်။ ထိုလက်ချောင်းအရိုးစုလေးမှာ ထိတွေ့လိုက်ချိန်တွင် အေးစက်နေသော်လည်း၊ ၎င်းအပေါ်တွင် သဲ့သဲ့မျှသော်လည်း အလွန်ထူးဆန်းသည့် "သက်စောင့်စွမ်းအား" ကျန်ရှိနေဆဲ ဖြစ်သည်။

ဤ "သက်စောင့်စွမ်းအား" မှာ ယု သခင်မလေး ၏ အရိုးစုပေါ်ရှိ "သက်စောင့်စွမ်းအား" နှင့် တစ်ပုံစံတည်း ပင် ဖြစ်လေသည်။

“ဒါက တကယ်ပဲ အဆက်မပြတ် ဆင့်ကဲပြောင်းလဲပြီး ပေါက်ရောက်နေတာပဲ... ရွှံ့ရုပ် ကနေ တကယ့်လူသားတစ်ယောက်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲနေတာ... ကြည့်ရတာ လီလီ က မကြာသေးခင်ကမှ အစားထိုးခံလိုက်ရပုံပဲ၊ ဒါကြောင့်လည်း လူသားအရိုးစု တစ်ခုပဲ ပေါက်ရောက်လာသေးတာ ဖြစ်ရမယ်...”

ကူမော့က လေးနက်သော လေသံဖြင့် ဆိုသည်။

“အစ်ကို...”

ကူချူတုန်းက အလျင်အမြန် မေးမြန်းလိုက်သည်။

“ဒါဆို... ဒါဆို ချန်ယန် က... အသက်ရှင်နေဦးမလားဟင်...”

ကူမော့က တည်ငြိမ်သော လေသံဖြင့် ဆိုသည်။

“ငါတို့ ကံကြမ္မာအပေါ်ပဲ လွှဲထားပြီး အစွမ်းကုန် ကြိုးစားရုံပဲ ရှိတာပေါ့...”

ထိုအခိုက်အတန့်မှာပင်၊

မင်းသမီးစံအိမ်တော်မှ အစောင့်များသည် ရောက်ရှိလာကြပြီး၊ သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ ကြောင်အအ ဖြစ်နေကြတော့သည်။

ကူမော့သည် ထပ်မံရှင်းပြနေရန် စိတ်မဝင်စားပါသဖြင့် ရိုးရိုးလေးပဲ ဆိုသည်။

“ချန်ယန် မင်းသမီးလေး ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်...”

မင်းသမီးစံအိမ်တော်ရှိ လူတိုင်းသည် ကူမော့၏ အထောက်အထားကို သိရှိကြသဖြင့်၊ မည်သူမျှ သံသယဝင်ရဲခြင်း မရှိကြပါချေ။ ထို့ပြင် ကူမော့နှင့် သူ၏အပေါင်းအပါများက ချန်ယန် မင်းသမီးလေးအား သတ်ဖြတ်ခဲ့သည်ဟုလည်း မည်သူမျှ မသင်္ကာ မဖြစ်ကြပါချေ။

ထို့နောက် ကူမော့သည် ရွှံ့ရုပ်ဆိုင်ကို သိရှိသော အစောင့်တစ်ဦးအား လမ်းပြရန် ရှာဖွေလိုက်လေသည်။

သူသည် ထိုအစောင့်အား ဖမ်းဆွဲကာ၊ ပုံရိပ်ဝါးတားတား တစ်ခုနှင့်အတူ တံခါးအပြင်ဘက်သို့ ချက်ချင်း တိုးထွက်သွားတော့သည်။

ယဲ့ချန်သည် သူ၏ ပျို့အန်ချင်စိတ်နှင့် အားနည်းနေသော ခြေထောက်များကို ဖိနှိပ်ထားရပြီး၊ အနည်းငယ် လူးလွန့်နေဆဲဖြစ်သော ရွှံ့နွံများကို ကြည့်ကာ ကြက်သီးထလျက် အော်ဟစ်လိုက်သည်။

“ကျွန်တော့်ကို စောင့်ပါဦး အစ်ကိုကြီး...”

ထို့နောက် သူသည် အနောက်မှ အလျင်အမြန် လိုက်တော့သည်။

ကူချူတုန်း နှင့် အနီရောင် တို့ကတော့ မင်းသမီးစံအိမ်တော်တွင် ကျန်ရစ်ခဲ့ကြလေသည်။

...

ချန်အန်းမြို့တွင် ညမထွက်ရအမိန့် မရှိသော်လည်း၊ ညဉ့်နက်သန်းခေါင်အချိန်၌ လမ်းမများပေါ်တွင် လူသူ ဆိတ်ငြိမ်နေဆဲ ဖြစ်လေသည်။

ကူမော့သည် အစောင့်အား သယ်ဆောင်လျက် လေပြင်းအလား လျင်မြန်စွာ လှုပ်ရှားနေသော်လည်း၊ ယဲ့ချန်ကို ငဲ့ညှာသောအားဖြင့် သူ၏အရှိန်ကို လျှော့ချကာ အမှီလိုက်ခွင့် ပြုထားလေသည်။

အချိန်အတော်ကြာပြီးနောက်၊ သူတို့သည် ချန်အန်းမြို့၏ တစ်ဝက်ခန့်ကို ဖြတ်ကျော်ခဲ့ကြပြီး ထင်ယူ မြို့ သို့ ရောက်ရှိလာခဲ့ကြလေသည်။

ညဉ့်အမှောင်ထုမှာ မှင်ရည်အလား နက်မှောင်နေပြီး ထင်ယူ မြို့ မှာ တိတ်ဆိတ်စွာ အိပ်စက်နေလေသည်။ မြို့ငယ်လေးမှာ သေးငယ်လှပြီး၊ ရွှံ့အုတ် လမ်းကြားများမှာလည်း အထူးသဖြင့် ဝေးလံကာ ကျဉ်းမြောင်းလှပေသည်။ ကူမော့ နှင့် ယဲ့ချန် တို့သည် တစ္ဆေနှစ်ကောင်အလား လမ်းကြားအဝင်ဝသို့ တိတ်ဆိတ်စွာ ဆင်းသက်လိုက်ကြလေသည်။

လေးခုမြောက် အိမ်တွင်မူ မည်သည့်ဆိုင်းဘုတ်မျှ မရှိပါချေ၊ ဟောင်းနွမ်းသည့် သစ်သားတံခါးကြီး နှစ်ချပ်ကို တင်းကျပ်စွာ ပိတ်ထားသည်ကိုသာ မြင်တွေ့ရလေသည်။ အက်ကြောင်းများကြားမှ မည်သည့်အလင်းရောင်မျှ စိမ့်ထွက်မနေဘဲ မှောင်မည်းခြင်းများသာ ရှိနေတော့သည်။

ကူမော့သည် လမ်းပြပေးခဲ့သော အစောင့်အား မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး သူ့အား ထွက်ခွာခွင့် ပြုလိုက်လေသည်။ ထို့နောက် သူသည် တွန့်ဆုတ်နေခြင်းမရှိဘဲ တံခါးဝသို့ လျှောက်သွားကာ တံခါးချပ်ပေါ်သို့ သူ၏လက်ဖဝါးကို တင်လိုက်ပြီး၊ သူ၏အတွင်းအားကို သဲ့သဲ့မျှ ပေါက်ကွဲထွက်စေလိုက်လေသည်။

တိုးညင်းသော "ကလစ်" ဟူသည့် အသံတစ်ခုနှင့်အတူ တံခါးမင်းတုံးမှာ ကျိုးပျက်သွားခဲ့ပြီး၊ သစ်သားတံခါးကြီးမှာ အသံတစ်ချက်မျှ မရှိဘဲ အတွင်းဘက်သို့ ဖြည်းည်းစွာ ပွင့်ဟသွားတော့သည်။

ခြံဝင်းမှာ မကျယ်ဝန်းသော်လည်း၊ အေးစက်ကာ ဖြူလျော်နေသော လရောင်အောက်တွင် သူတို့မျက်စိရှေ့၌ ပေါ်ထွက်လာသည့် မြင်ကွင်းကြောင့် ဝါရင့် ကူမော့၏ သူငယ်အိမ်များပင် ကျုံ့ဝင်သွားခဲ့ရပြီး၊ ယဲ့ချန်မှာမူ လန့်ဖြတ်သွားကာ ကြက်သီးများပင် ထသွားစေတော့သည်။

ခြံဝင်း၏ အလယ်ဗဟို၊ ထောင့်စွန်းများ၊ ခေါင်မိုးစွန်းများ၏ အရိပ်များအောက်တွင်... "လူသား" များမှာ သိပ်သည်းစွာဖြင့် အပုံလိုက်ကြီး ရှိနေကြသောကြောင့် ပင် ဖြစ်လေသည်။

အားလုံးက ရွှံ့ရုပ်များ ဖြစ်ကြလေသည်။

ခြံဝင်းအတွင်း ရပ်တန့်နေသည့် ရွှံ့ရုပ်များမှာ အသက်ဝင်နေသယောင် ထင်မှတ်ရသည်။

အချို့ကအချို့က မတ်တပ်ရပ်၊ အချို့က ထိုင်လျက်၊ တချို့မှာ မှီတွယ်လဲလျောင်းလျက် အမျိုးမျိုးသော ပုံစံဖြင့် ရှိနေကြသည်။ လယ်သမားတို့၏ ရိုးရှင်းသော ဝတ်စုံ၊ အမျိုးသမီးတို့၏ သပ်ရပ်လှပသော ဆံထုံး၊ ကလေးငယ်များ၏ ဆော့ကစားနေသည့်ဟန်၊ တုတ်ကောက်ကိုမှီထားသော အဘိုးအိုနှင့် ပိုးဖဲကတ္တီပါ ဝတ်ဆင်ထားသည့် သူဌေးကြီးတို့အထိ လူ့လောက၏ ပုံရိပ်စုံကို ပုံဖော်ထားသည်။

ရုပ်တုတစ်ခုစီတိုင်းမှာ လက်ရာမြောက်လွန်းသဖြင့် အသက်ဝင်နေသည်ဟု ထင်ရသည်။ မျက်နှာပေါ်ရှိ အပြုံး၊ ဝမ်းနည်းမှု၊ အံ့ဩမှုနှင့် တွေးတောမှုတို့မှာ အလွန်ပင် လက်တွေ့ဆန်နေသဖြင့် ကြည့်ရသူတို့အား စိတ်မသက်မသာ ဖြစ်စေသည်။ ဖြူလျော်သော လရောင်အောက်တွင် ဤရုပ်တုများမှာ အသက်မဲ့နေခြင်းမဟုတ်ဘဲ၊ စိမ့်ဝင်လာသော အအေးဓာတ်နှင့်အတူ သေလူတို့၏ ငြိမ်သက်မှုကို သယ်ဆောင်လာသကဲ့သို့ ရှိသည်။

အချို့သော ရုပ်တုတို့၏ မျက်လုံးနေရာတွင် တောက်ပနေသော နဂါးသွေးကျောက် သို့မဟုတ် ဖန်သားစေ့များကို သူငယ်အိမ်အဖြစ် တပ်ဆင်ထားသည်။ ထိုမျက်ဝန်းများက လရောင်ကို ရောင်ပြန်ဟပ်ကာ ကူမော့နှင့် ယဲ့ချန်တို့ လှုပ်ရှားရာနောက်သို့ လိုက်ပါ စောင့်ကြည့်နေသယောင် ရှိသည်။

ခြံဝင်းတစ်ခုလုံးမှာ အချိန်ခဏတာ ရပ်တန့်သွားသော ဈေးတန်းတစ်ခုနှင့် တူနေသည်။ ညဉ့်လေညင်း တိုက်ခတ်လာတိုင်း ဖုန်မှုန့်များနှင့်အတူ ထူးဆန်းသော အနံ့အသက်များ ပါလာပြီး၊ အလင်းနှင့် အရိပ်ယှက်နွှယ်မှုအကြား ရုပ်တုတို့၏ မျက်နှာများမှာ ရွေ့လျားသွားသကဲ့သို့ ထင်ရသည်။

ကူမော့၏ အကြည့်မှာ သိမ်းငှက်တစ်ကောင်အလား ထက်မြက်စွာဖြင့် ထိုရွှံ့ရုပ်စစ်တပ်ကို ဖြတ်ကျော်ကြည့်ရှုလိုက်သည်။ သူ၏ အကြည့်တို့သည် တံခါးတစ်ဝက်ပွင့်နေသော အနက်ရှိုင်းဆုံးနေရာမှ အလုပ်ရုံတစ်ခုတွင် ရပ်တန့်သွားသည်။

အလုပ်ရုံအတွင်း မီးရောင်ကင်းမဲ့နေသော်လည်း လရောင်အောက်တွင် ရွှံ့ရုပ်များ ပြည့်နှက်နေသည်ကို မြင်နေရသည်။ ထိုအခန်း၏ အလုပ်စားပွဲပေါ်တွင် လူတစ်ဦးမှာ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် ယဲ့ချန်၏ လည်ချောင်းမှာ ခြောက်ကပ်သွားပြီး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်ကာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်မိသည်။

“အစ်... အစ်ကိုကြီး... ဒါ... ဒါက သူက ချန်အန်းမြို့ တစ်ခုလုံးကို ရွှံ့ရုပ်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ကြံစည်နေတာလား..”

သူသည် မသိစိတ်အရ သူ၏ဓားလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသဖြင့် လက်ဆစ်များပင် ဖြူလျော်နေတော့သည်။ ဤသေလူအလား ငြိမ်သက်နေသော ခြံဝင်းနှင့် တကယ့်လူသားအလား အသက်ဝင်နေသော ရွှံ့ရုပ်များသည် စစ်သည်တစ်ထောင်ကို ရင်ဆိုင်ရတာထက် သူ့အား ပိုမိုထိတ်လန့်စေသည်။

ကူမော့က ပြန်လည်ဖြေကြားခြင်း မရှိပါချေ။ သူ၏ အာရုံစူးစိုက်မှု အားလုံးမှာ မှောင်မည်းနေသော အလုပ်ရုံအဝင်ဝနှင့် အတွင်း၌ ရွှံ့များကို ဂရုတစိုက် နယ်နေသော လူသားအပေါ်၌သာ ရှိနေတော့သည်။

သူသည် ရွှံ့များဖြင့် ဖွဲ့စည်းထားသော ဤထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေသည့် နေရာအတွင်းသို့ ဖြည်းညင်းစွာ လှမ်းဝင်ခဲ့လေသည်။

လရောင်သည် သူ၏ ရှည်လျားသော အရိပ်ကို ကျစေပြီး၊ ရွှံ့ရုပ်များ၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးပေါက်များနှင့် အေးခဲနေသော အပြုံးများကို ထွန်းလင်းပေးနေသဖြင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထပ်လောင်းပေးနေတော့သည်။

အတွင်း၌ ရွှံ့နယ်နေသောသူက ခေါင်းပင်မမော့ဘဲ၊ သူ၏အသံမှာ နက်ရှိုင်းပြီး အက်ကွဲကွဲ လေသံဖြင့် ဆိုသည်။

“သခင်... မိုးချုပ်နေပြီမို့ ဆိုင်ပိတ်ပါပြီ... တစ်ခုခု လိုအပ်တယ်ဆိုရင်တော့ မိုးလင်းမှပဲ ပြန်လာခဲ့ပါဦး...”

ယဲ့ချန်သည် မီးခတ်သေတ္တာကို ထုတ်ယူကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး အခန်းတွင်းရှိ ဆီမီးခွက်ကို ထွန်းညှိလိုက်လေသည်။ သူက အော်ဟစ်ဆဲဆိုလိုက်သည်။

“ဆိုင်ရှင် စုန်... က မင်းမလား... လာပြီး လှည့်စားမနေနဲ့တော့... မင်း အဖမ်းခံရပြီ”

All Chapters