အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အခန်း (၂၀၁) ဝိုင်းရံခံရခြင်း
ချူဟန်မှာ မျက်စိတစ်မှိတ်အတွင်း အိပ်မောကျသွားလေရာ ပတ်ဝန်းကျင်ရှိ လူများမှာ မည်သို့ တုံ့ပြန်ရမည်မှန်း မသိအောင် ဖြစ်သွားကြသည်။ စူပါမားကတ်ထဲက အစားအသောက်တွေကို မယူတော့ဘူးလား။ လူတွေကိုကော အရေးယူရှင်းလင်းတော့မည် မဟုတ်ဘူးလား။
"ချန်ယွီဖေးတော့ သေသွားပြီဆိုတော့ အခုကစပြီး အစ်ကိုကြီးချူဟန် က ဒီနေရာရဲ့ ခေါင်းဆောင်ပဲ"
မြှောက်ပင့်တတ်သော လူတစ်ယောက်က ချက်ချင်း ရှေ့ထွက်လာပြီး မျက်နှာချိုသွေးတော့သည်။
"ဘယ်သူ မကျေနပ်တာ ရှိသေးလဲ"
အားလုံး တိတ်ဆိတ်သွားကြသည်။ အလွန် မြန်ဆန်လွန်းသော အပြောင်းအလဲဖြစ်သော်လည်း သူတို့တွင် အခြား ရွေးချယ်စရာ ရှိသေးလို့လား။ သူတို့ရှေ့ရှိ ခေါင်းဆောင်သစ်က သူတို့ကို မည်သို့ ဆက်ဆံမည်ကိုသာ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။
ချူဟန်၏ ရက်စက်ကြမ်းကြုတ်သော အစွမ်းအစကို လူတိုင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ဖြစ်သည်။ အဆင့်(၂)ဝင်ပေါက် အဆင့်သတ်မှတ်ချက် စာရင်းဝင် ချန်ယွီဖေးပင် သူ၏ ပြိုင်ဘက် မဖြစ်ခဲ့ပေ။ ထို့ပြင် ချူဟန်၏ လုပ်ဟန်မှာ ချန်ယွီဖေးထက် ပို၍ သွေးအေးရက်စက်သည်။ ထိုမြင်ကွင်းက လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
"အစ်ကိုကြီးချူ... ဘာလုပ်ရမလဲဆိုတာ အမိန့်ပေးပါ"
ထိုလူက အရှက်ကင်းမဲ့စွာ ပြုံးဖြီးဖြီးလုပ်ရင်း ချူဟန် အနီးသို့ ပြေးသွားလိုက်သည်။
"ကျွန်တော်တို့ အဖွဲ့ထဲမှာ ဒီကို မရောက်သေးတဲ့ မိန်းမချောလေးတွေ အများကြီး ရှိပါသေးတယ်… ခဏနေကျရင် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်"
ပြောပြီးသည်နှင့် သူက အခြားလူများကို လှည့်၍ အော်ဟစ်လိုက်သည်။
"မင်းတို့ကောင်တွေ အစ်ကိုကြီးချူ ကို အမြန် လာမနှုတ်ဆက်ကြဘူးလား"
"အစ်ကိုကြီးချူ"
"ဆရာချူ"
စူပါမားကတ်အတွင်း၌ ဟိုမှဒီမှ နှုတ်ဆက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အဖွဲ့အစည်းတစ်ခု၏ စည်းကမ်းဟူ၍ တစ်စက်ကလေးမျှ မရှိပေ။
တစ်ရေးအိပ်ပြီး ထွက်သွားရန်သာ ရည်ရွယ်ထားသော ချူဟန်က မျက်လုံးဖွင့်လိုက်ပြီး နားမလည်နိုင်သော အမူအရာဖြင့် ရှေ့ရှိ လူအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။ ခေါင်းဆောင် လုပ်ရမည် ဟုတ်လား။ သူ အလွန်အမင်း အားယားနေလျှင်တောင်မှ ဤမျှ အန္တရာယ်များသော မြို့ထဲတွင် ဆက်နေရန် အစီအစဉ် မရှိပေ။
"မင်းတို့ဘာသာ ကြိုက်တာလုပ်… ငါ အိပ်နေတာကို လာမနှောင့်ယှက်နဲ့"
ထိုမျှသာ ပြောပြီးနောက် ချူဟန်က ထပ်မံ စကားမဆိုတော့ပေ။
"အစ်ကိုကြီး မလုပ်ဘူးလား"
ထိုလူ၏ မျက်ဝန်းထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"အစ်ကိုကြီးချူ ကလည်း... နောက်နေပြန်ပါပြီ… ဒီမှာ လူတွေ ဒီလောက် အများကြီး ရှိတာကို တကယ်ပဲ ပစ်ထားခဲ့တော့မလို့လား… ပြီးတော့ ဒီစူပါမားကတ်ထဲက ရိက္ခာပြဿနာကလည်း ရှိသေးတယ်လေ..."
ချူဟန်၏ မျက်လုံးများထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု လက်သွားကာ ရှေ့မှ လူ၏ စိတ်ကူးကို ချက်ချင်း ရိပ်မိသွားသဖြင့် ပြုံးလိုက်သည်။
"ငါ အိပ်နေတာကို လာမနှောင့်ယှက်နဲ့… တတိယအကြိမ် ထပ်ပြောဖို့လိုသေးတာလား"
အလွန်အမင်း အေးစက်သော အငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ချူဟန်၏ ကိုယ်ရောင်ကိုယ်ဝါမှာ ချက်ချင်း ထို အန္တရာယ်ကင်းပြီး ခင်မင်ရင်းနှီးစရာကောင်းသော ခံစားချက်က ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ သွေးများကိုပင် အေးခဲသွားစေလုမတတ် အေးစက်မှုတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
ထိုလူမှာ ကြက်သီးမွေးညင်းများ ထသွားပြီး ချူဟန်ကို မျက်နှာချင်းဆိုင်ပင် မကြည့်ရဲတော့ဘဲ ခေါင်းငုံ့ထားလိုက်ရသည်။ အလျင်အမြန် မျက်နှာချိုသွေးကာ နောက်ဆုတ်သွားတော့သည်။
"မနှောင့်ယှက်တော့ပါဘူး… တကယ် မနှောင့်ယှက်တော့ပါဘူး"
ဤအချိန်လေးမှာပင် ထိုလူကို သွားမဆွသင့်ကြောင်း သူ ထပ်မံ သဘောပေါက်သွားပြန်သည်။ နောက်ဆုံးတွင်တော့ တိတ်ဆိတ်ငြိမ်သက်မှု ပြန်လည်စိုးမိုးသွားသည်။ ချူဟန်က အမိန့်ပေးရန်ပင် မလိုဘဲ အခြားလူများမှာ ကြမ်းပြင်ပေါ်ရှိ အလောင်းများကို ကပျာကယာ ရှင်းလင်းကြတော့သည်။ ချူဟန်က စားနပ်ရိက္ခာများကို ဂရုမစိုက်ကြောင်း သိလိုက်ရသောအခါ သူတို့မှာ ရူးသွပ်နေသည့်အလား အလုအယက် ယူကြတော့သည်။
လီလန်ရှန်သည် လုံးဝ စိမ်းသက်နေသော လူစိမ်းတစ်ယောက်ပမာ ဖြစ်နေသည့် ချူဟန်ကို တွေဝေစွာ စိုက်ကြည့်နေသည်။ ချူဟန်သည် တစ်စုံတစ်ခုကို သတိထားမိလိုက်သည့်အလား ရုတ်တရက် မျက်လုံးဖွင့်လာသည်။ မျက်စိရှေ့တွင် ကြောင်တောင်တောင် ရပ်နေသော လီလန်ရှန်ကို မြင်လိုက်ရသောအခါ သဘောကျစွာ ရယ်မောလိုက်လေသည်။
"လန်ရှန်"
"ငါ့ကို လန်ရှန်လို့ မခေါ်ပါနဲ့ဆို"
လီလန်ရှန်က ချက်ချင်းပင် ပြန်လည် အော်ဟစ်လိုက်သည်။
"ဟားဟားဟား"
ချူဟန်သည် အလွန် ရှားရှားပါးပါး အသံထွက်၍ ရယ်မောလိုက်သည်။ လီလန်ရှန် ဆိုသော ဤလူနှင့် ပတ်သက်၍ သူ၏ ရင်ထဲမှနေ၍ ခင်မင်ရင်းနှီးမှုကို ခံစားရသည်။ ငယ်စဉ်ကတည်းက ပေါင်းသင်းလာခဲ့သော ဆက်ဆံရေးအပြင် စောစောက ချန်ယွီဖေးနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် ချူဟန်၏ အစွမ်းအစ အစစ်အမှန်ကို မသိခဲ့သော်လည်း ကာကွယ်ပေးရန် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။ ဤကမ္ဘာပျက်ကပ်ကာလကြီးတွင် ထိုကဲ့သို့သော သံယောဇဉ်မျိုး တွေ့ရရန် အလွန် ခဲယဉ်းလှသည်။
"မင်းကွာ..."
လီလန်ရှန်မှာ စကားစလိုက်သော်လည်း ဘာဆက်ပြောရမည်မှန်း မသိတော့သဖြင့် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးကိုသာ ချလိုက်တော့သည်။
"မင်း တကယ်ကို လုံးဝ ပြောင်းလဲသွားတာပဲ"
ချူဟန်က အတိတ်မှ မှတ်ဉာဏ်များကို ပြန်လည် တွေးတောလိုက်သည်။ သူတို့ နှစ်ယောက်မှာ တိုက်ခန်းတစ်ခုတည်းတွင် နေထိုင်ကြပြီး မူလတန်းမှ အလယ်တန်းအထိ ကျောင်းတစ်ကျောင်းတည်း တက်ခဲ့ကြသူများ ဖြစ်သည်။ အတန်းလစ်ခြင်း၊ ရန်ဖြစ်ခြင်း စသည့် အကျိုးမရှိသော အလုပ်များကို အတူတကွ လုပ်ခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်ပေသည်။
"ငါက ငါပါပဲ… ဘာမှ မပြောင်းလဲသွားပါဘူး… ပြောင်းလဲသွားတာက ဒီကမ္ဘာကြီးပါ"
ထိုစကားမှာ မိမိကိုယ်ကို ပြန်ပြောနေခြင်းလား သို့မဟုတ် လီလန်ရှန်ကို ရည်ရွယ်ခြင်းလားဆိုသည်ကို ခွဲခြားမရနိုင်ပေ။
လီလန်ရှန်က အနည်းငယ် တွေဝေသွားပြီးနောက် ချူဟန်နည်းတူ နံရံကိုမှီကာ ထိုင်ချလိုက်သည်။ ငယ်သူငယ်ချင်း လူငယ်နှစ်ဦးကြားတွင် အပို စကားလုံးများ မလိုအပ်ခဲ့ပေ။ တိတ်ဆိတ်ငြိမ်သက်ခြင်းများကသာ လွှမ်းမိုးထားလေသည်။
"မင်ချူးမြို့ကနေ ဒီအထိ အဝေးကြီး လာခဲ့တာလား"
အချိန်အနည်းငယ်ကြာပြီးနောက် လီလန်ရှန်က စကားစလိုက်သည်။
"မင်းအဲ့မှာ တက္ကသိုလ်တက်နေတာ မဟုတ်ဘူးလား"
"အင်း..."
ထိုသို့ ဖြေလိုက်ပြီးနောက် ချူဟန်သည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည့်အလား မျက်လုံးများထဲတွင် အလောတကြီး ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာသည်။
"မင်း အန်းလော့မြို့ ဘက်က အခြေအနေကို သိလား"
လီလန်ရှန်မှာ အံ့အားသင့်သွားပြီးနောက် ချက်ချင်း ဖြေလိုက်သည်။
"ငါ အဲဒီကနေ လာခဲ့တာလေ"
လီလန်ရှန်က အန်းလော်မြို့ကနေ လာခဲ့တာလား။ ဒါဆိုရင်တော့...
ချူဟန်၏ ရင်ခုန်သံများ လျင်မြန်စွာ မြန်ဆန်လာတော့သည်။ ထိန်းချုပ်မရသော စိုးရိမ်ပူပန်မှုများက အသံထဲတွင် အထင်းသား ပေါ်လွင်နေသည်။
"ငါ့ မိဘတွေ ဘယ်လိုနေလဲ… သူတို့နဲ့ တွေ့ခဲ့သေးလား"
လီလန်ရှန် စကားပြန်ပြောရန် ပြင်လိုက်သည့် ထိုအချိန်မှာပင်...
ဂရား...
ရုတ်တရက် ဇွန်ဘီများ၏ ဟိန်းဟောက်သံကြီးက လူတိုင်း၏ နားထဲသို့ စူးဝင်သွားတော့သည်။ အလွန်တရာ နားငြီးဖွယ်ကောင်းပြီး အသံကြီး ဖြစ်ပေသည်။
"ဘာဖြစ်တာလဲ"
"ဘာတွေ ဖြစ်ကုန်တာလဲ"
"ဘယ်လိုလုပ်ပြီး ဇွန်ဘီတွေ အများကြီး ရုတ်တရက် ပေါ်လာရတာလဲ"
မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ စူပါမားကတ် အပြင်ဘက်ရှိ လမ်းမကြီးမှာ လုံးဝ ပိတ်ဆို့သွားခဲ့ပြီ ဖြစ်သည်။ ကြိုတင် သတိပေးခြင်းမရှိဘဲ ရုတ်တရက် ထွက်ပေါ်လာသည့်အလား ပြည့်နှက်နေသော အမည်းရောင် ရွှံ့ရည်ပုပ်ကြီးတစ်ခုပမာ လှုပ်ရှားနေကြသည်။
ဇွန်ဘီများ။ မရေမတွက်နိုင်သော ဇွန်ဘီအုပ်ကြီး။
လီလန်ရှန်၏ ပါးစပ်မှ ထွက်လုဆဲဆဲ စကားများက ဇွန်ဘီအသံများအောက်တွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်နှာတစ်ခုလုံး အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားသည်။
ဘာကြောင့် ရုတ်တရက်ကြီး ဒီလောက်များပြားတဲ့ ဇွန်ဘီတွေ ပေါ်လာရတာလဲ။
"သေပါပြီကွာ"
အဝင်ပေါက်သို့ အခြေအနေ သွားကြည့်သော လူတစ်ယောက်က ထိတ်လန့်တကြားဖြင့် ပြန်ပြေးလာသည်။
"အားလုံး ပြီးသွားပြီ… ဇွန်ဘီတွေ ဝင်လာနေပြီ… အနည်းဆုံး ခန့်မှန်းကြည့်ရင်တောင် ထောင်နဲ့ချီရှိတယ် "
အနည်းဆုံး ခန့်မှန်းကြည့်ရင်တောင် ထောင်ချီ ရှိတယ် ဟုတ်လား။
ထိုစကားကြောင့် လူတိုင်း၏ ရင်ထဲတွင် ချက်ချင်းပင် အေးစိမ့်သွားတော့သည်။
"ဟိုဟာက... ဘာကြီးလဲ"
ရုတ်တရက် အခြားသူတစ်ယောက်၏ အော်သံ ထွက်ပေါ်လာပြန်သည်။
အားလုံးက အပြင်ဘက်သို့ ထပ်မံ ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ယိမ်းယိုင်ကာ လမ်းလျှောက်နေသော သာမန် အဆင့်(၁) ဇွန်ဘီများသာမကဘဲ ပုံမှန်မဟုတ်သော အရှိန်ဖြင့် ပြေးလွှားနေသည့် ကောင်များလည်း ရောနှောပါဝင်နေသည်။ ၎င်းတို့သည် နိမ့်သော ခေါင်မိုးများပေါ်မှ ပေါ့ပါးစွာ ခုန်ပျံကျော်လွှားနေကြပြီး ခုန်ပေါက်လိုက်တိုင်း အဆောက်အအုံ နံရံများပေါ်တွင် နက်ရှိုင်းသော လက်သည်းရာများ ထင်ကျန်ရစ်ခဲ့သည်။
"အဆင့်(၂) ဇွန်ဘီတွေ"
မည်သူပြောလိုက်မှန်း မသိသော ထိုမျှော်လင့်ချက်မဲ့ဖွယ် စကားလုံး ထွက်ပေါ်လာသည်။
လူတိုင်း ရုတ်ရုတ်သဲသဲ ထရပ်လိုက်ကြပြီး ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်များလို ချက်ချင်း ပြာယာခတ်သွားကြသည်။
"ဘာလို့ အဆင့်(၂) ဇွန်ဘီတွေ ဒီလောက်များနေရတာလဲ"
"တစ်ခုခုတော့ မှားနေပြီ"
"အကောင်တစ်ရာမကဘူး"
"ပြီးပြီ... အားလုံး ပြီးသွားပြီ... ငါတို့က လူဆယ်ဂဏန်းလောက်ပဲ ရှိတာ… ဆင့်ကဲပြောင်းလဲသူ တွေဆိုလို့ လက်ချိုးရေလို့ရတယ်"
အားကိုးရာမဲ့ခြင်းနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများက စူပါမားကတ်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ထောင်ပေါင်းများစွာသော အဆင့်(၁) ဇွန်ဘီများ၏ ဝိုင်းရံမှုကို ခံထားရပြီး အဆင့်(၂) ဇွန်ဘီ အကောင်တစ်ရာကျော်ကလည်း သူတို့ဆီသို့ တိုက်ခိုက်ရန် ပြေးဝင်လာနေကြပြီ ဖြစ်သည်။ အသက်ရှင်ကျန်ရစ်ရန် လမ်းစ ရှိနိုင်ပါဦးမလား။
ထိုအချိန်တွင် ချူဟန်၏ မျက်လုံးများထဲ၌ စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ ကြောက်ရွံ့တုန်လှုပ်နေသော လီလန်ရှန်၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ မေးခွန်းထုတ်လိုက်သည်။
"ဒီစူပါမားကတ်ကို အရင်က မင်းတို့ ဘာလို့ မသိမ်းခဲ့တာလဲ"
လီလန်ရှန်မှာ တစ်ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားသည်။ ဤမျှ မျှော်လင့်ချက်မဲ့နေသော အခြေအနေမျိုးတွင် ထိုသို့သော မေးခွန်းမျိုး အမေးခံရမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ သို့သော် အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
"ချန်ယွီဖေး က အရင်က အဖွဲ့ငယ်လေးတွေ အကြိမ်ကြိမ် စေလွှတ်ဖူးတယ်… ဒါပေမဲ့ ဒီစူပါမားကတ်ကို စူးစမ်းဖို့ အမိန့်ပေးခံရတဲ့ လူတွေ တစ်ယောက်မှ ပြန်မလာခဲ့ကြဘူး… အဲဒါကြောင့် နောက်ဆုံးတော့ မရေမရာနဲ့ ဒီအတိုင်း ပစ်ထားခဲ့ကြတာပဲ"
"ချန်ယွီဖေး ကိုယ်တိုင်ရော မလာဘူးလား"
ချူဟန်မှာ သံသယတစ်ခုကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ ဤနေရာသို့ ရောက်ရှိလာချိန်တွင် စူပါမားကတ် အပြင်ဘက်ရှိ ဇွန်ဘီအရေအတွက်မှာ အလွန်နည်းပါးလွန်းပြီး လုံးဝ အန္တရာယ်ရှိပုံ မပေါ်သောကြောင့် ဖြစ်သည်။
"မလာဘူး... ဒီစူပါမားကတ်က မသိမ်းပိုက်ရသေးတဲ့ နေရာအနည်းငယ်ထဲက တစ်ခုပဲ"
လီလန်ရှန်က ပြန်စဉ်းစားကာ ပြောသည်။
"ချန်ယွီဖေးက အရင်ကတည်းက သူ့ရဲ့ ဆင့်ကဲပြောင်းလဲသူအဆင့် တက်ဖို့ကိုပဲ အာရုံစိုက်နေခဲ့တာလေ... ရှာဖွေရေးကိစ္စတွေကို သိပ်ခေါင်းထဲထည့်တာ မဟုတ်ဘူး…ဒါပေမဲ့ တကယ်ထူးဆန်းတာက... အဝေးကနေလှမ်းကြည့်ရင် ဒီစူပါမားကတ်အပြင်ဘက်မှာ ဇွန်ဘီသိပ်မရှိတာ သေချာနေရက်သားနဲ့ ဘာလို့ ရှာဖွေရေးအဖွဲ့တွေချည်းပဲ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပျောက်သွားရတာလဲ ဆိုတာပဲ"
လီလန်ရှန်၏ စကားကို ကြားပြီးနောက် ချူဟန်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။
အခန်း (၂၀၂) သွေးချောင်းစီး သတ်ဖြတ်မှု
" အခု ဘယ်လိုလုပ်ကြမလဲ"
လီလန်ရှန်မှာ ချွေးများ ရွှဲနစ်နေလျက် ပြာယာခတ်နေသည်။
"ဒီကောင်တွေ အခုချိန်ထိ ဘယ်မှာ ပုန်းနေခဲ့ကြတာလဲ… ငါတို့လည်း ဟိုအဖွဲ့တွေလိုပဲ ဇာတ်သိမ်းသွားရတော့မှာလား"
"ကျွတ် ကျွတ် ကျွတ်"
ချူဟန်၏ စိတ်ထဲတွင် ဝမ်ချိုက်၏ နောက်ပြောင်သော အသံ ထွက်ပေါ်လာသည်။
"ဇွန်ဘီတွေ ဒီလောက်အများကြီးဆိုတော့ အမြတ် ထွက်ဦးမှာပေါ့… သိုလှောင်ခန်းကို အဆင့်မြှင့်ဖို့ စဉ်းစားဦးမလား"
ချူဟန်သည် ဘေးရှိ ဝမ်ချိုက်၏ နားရွက်ကို ဆွဲကိုင်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲသို့ အတင်းအဓမ္မ ထိုးထည့်လိုက်တော့သည်။
"အား... လွှတ်... လွှတ်ပေးစမ်းပါ…ငါ့ဘာသာ သေးသွားအောင် လုပ်မယ်… လွှတ်စမ်းပါ… နာတယ်ကွ"
ဝမ်ချိုက်က ချူဟန်ကို စိတ်လှိုင်းဖြင့် အသည်းအသန် တရစပ် ပြောနေတော့သည်။
လီလန်ရှန်သည် မျက်စိရှေ့မှ ယုန်ကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ စက္ကန့်ပိုင်းအလိုက ဘောလုံးအရွယ်အစားလောက် ရှိနေခဲ့သော်လည်း ချူဟန်၏ ဆုပ်နယ်မှု တစ်ချက်ကြောင့် ပင်ပေါင်ဘောလုံး အရွယ်အစားသို့ ပြောင်းလဲသွားပြီး ဘောင်းဘီအိတ်ကပ်ထဲသို့ အထည့်ခံလိုက်ရသည်။ သဘာဝလွန် မြင်ကွင်းကြောင့် လီလန်ရှန်၏ ဦးနှောက်မှာ အလုပ်မလုပ်နိုင်တော့ပေ။ ဒီ... ဒီကောင်... ချူဟန်က တကယ်ပဲ မျက်လှည့်ဆရာများလား။
သို့သော် ချူဟန်က လီလန်ရှန်၏ ရှုပ်ထွေးနေမှုကို လုံးဝ ဂရုမစိုက်ပေ။ ဘေးတွင်ရှိသော ရှူရာပုဆိန်ကို ဆုပ်ကိုင်၍ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။ လီလန်ရှန်အတွက်တော့ စကားတစ်ခွန်းတည်းသာ ချန်ထားရစ်ခဲ့သည်။
"ပုန်းနေ… မသေစေနဲ့"
လီလန်ရှန် သတိဝင်လာသည်။ ချူဟန်၏ စကားထဲတွင် အလောတကြီးနှင့် စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။ ဤသည်ကပင် ယခုအကြပ်အတည်း မည်မျှ ပြင်းထန်ကြောင်းကို သိနားလည်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
အဆင့်(၂) တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်တွင် နာမည်ပါသော ချန်ယွီဖေးနှင့် ရင်ဆိုင်ရချိန်ကပင် ချူဟန်၏ မျက်နှာပေါ်၌ တည်ငြိမ်မှုများ ပျောက်ကွယ်မသွားခဲ့ပေ။ သို့သော် ယခုအခါ သူ၏ အသံထဲတွင် သိသာထင်ရှားသော တင်းမာမှုများ ရောနှောနေသည်။ ပြန်လည်ဆုံတွေ့ပြီးကတည်းက ချူဟန် ဤမျှ လေးနက်သော အမူအရာမျိုး ပြသသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
အမှောင်ထုထဲတွင် ချူဟန်၏ ကိုယ်ရောင်ကိုယ်ဝါက ဝိညာဉ်ပုံရိပ်တစ်ခုပမာ လှုပ်ရှားသွားသည်။ အမြင့်ဆုံးအထိ ဆွဲတင်ထားသော အရှိန်ဖြင့် စူပါမားကတ် အဝင်ပေါက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ ထိုအချိန်တွင် စူပါမားကတ်အတွင်းရှိ လူများမှာ ကြောက်လန့်တကြား ပုန်းအောင်းနေကြပြီ ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်ရန် တွေးတောရဲသူ တစ်ယောက်မျှ မရှိပေ။ လွှမ်းမိုးနေသော ကြောက်ရွံ့မှုများက သူတို့၏ ရင်ထဲမှ အသက်ရှင်ကျန်ရစ်လိုသော ရုန်းကန်မှုများကို ဖျောက်ဖျက်ပစ်လိုက်လေပြီ။
ချူဟန် တစ်ယောက်တည်းသာ စူပါမားကတ် အဝင်ပေါက်တွင် မတ်တတ်ရပ်လျက် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ဇွန်ဘီအုပ်ကြီးကို စိုက်ကြည့်နေသည်။ လမ်းသုံးသွယ်စလုံးမှာ ဇွန်ဘီများဖြင့် အပြည့်အကျပ် ပိတ်ဆို့နေပြီ ဖြစ်သည်။ အမှောင်ထုကြောင့် ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း လေထုထဲတွင် ပြည့်နှက်နေသော ပြင်းထန်သည့် ပုပ်သိုးသောအနံ့အသက်များက ၎င်းတို့၏ မရေမတွက်နိုင်သော အရေအတွက်ကို သက်သေပြနေသည်။
ထောင်ပေါင်းများစွာသော အဆင့်(၁) ဇွန်ဘီများက ပြဿနာ မဟုတ်ပေ။ အဆင့်(၂) ဇွန်ဘီ အကောင်တစ်ရာကလည်း ချူဟန်ကို စိုးရိမ်ပူပန်စေသည့် တိုက်ရိုက်အကြောင်းရင်း မဟုတ်ခဲ့ပေ။ လက်ရှိ သူ၏ တုံ့ပြန်နိုင်စွမ်းနှင့် ဆိုလျှင် ဤမျှလောက်သော အန္တရာယ်မှ လွတ်မြောက်ရန် ဖြစ်နိုင်ချေရှိသည်။ သူ သတိထားနေသည်မှာ ဤစူပါမားကတ်၏ ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်သည်။
အကြောင်းပြချက်မရှိဘဲ ပျောက်ဆုံးသွားခဲ့သော စူးစမ်းရေးအဖွဲ့များ။ ရောက်ရှိလာချိန်တွင် တွေ့ခဲ့ရသော ဇွန်ဘီအနည်းငယ်။ ရုတ်တရက် ထွက်ပေါ်လာသော များပြားလှသည့် ဇွန်ဘီများ။ ပုံမှန်မဟုတ်စွာ အုပ်စုဖွဲ့ လှုပ်ရှားနေသော အဆင့်(၂) ဇွန်ဘီများ။
မျက်မှောက်ရှိ အချက်အလက်များအားလုံးက ဖြစ်နိုင်ချေ တစ်ခုတည်းကိုသာ ညွှန်ပြနေသည်။
အဆင့်(၃) ဇွန်ဘီ။
‘ဒီနေရာမှာ အဆင့် (၃) ဇွန်ဘီ ရှိနေတာ သေချာသလောက်ပဲ မဟုတ်ရင်တော့ အဆင့် (၂) ဇွန်ဘီတွေ အများကြီးက ဒီလောက်အထိ အုပ်စုလိုက် စုစည်းပြီး စနစ်တကျ လှုပ်ရှားနိုင်စရာ အကြောင်းမရှိဘူး… အဆင့် (၃) ဇွန်ဘီရဲ့ စိမံခန့်ခွဲမှု ရှိနေလို့သာ ဒီလို ဖြစ်နိုင်တာဖြစ်ပြီး၊ ဒါကလွဲရင် တခြား ရှင်းပြစရာ အကြောင်းရင်း မရှိတော့ဘူး’
အဆင့်(၃) ဇွန်ဘီများမှာ ချူဟန် ယခုတိုင် တွေ့ကြုံဖူးသော ဇွန်ဘီများ၏ အတိုင်းအတာထက် လုံးဝ သာလွန်နေသည်။ အဆင့်(၁) ဇွန်ဘီများတွင် နာကျင်မှုနှင့် ဉာဏ်ရည် လုံးဝ မရှိပေ။ အဆင့်(၂) သို့ ရောက်ရှိချိန်တွင် နာကျင်မှုနှင့် တုံ့ပြန်နိုင်စွမ်းများ စတင်ဖြစ်ပေါ်လာသည်။ ထို့နောက် အဆင့်(၃) တွင်... ဉာဏ်ရည်ဉာဏ်သွေး စတင် ဖြစ်ပေါ်လာပြီဖြစ်သည်။
လူသားများနှင့် နှိုင်းယှဉ်လျှင် အလွန် နိမ့်ပါးလှသော်လည်း တောရိုင်းတိရစ္ဆာန်များထက်တော့ များစွာ ပို၍ ဉာဏ်ကောင်းပေသည်။ ထို့အပြင် ခွန်အားကြီးသူကို လေးစားခြင်း ဟူသော အုပ်ချုပ်မှု စိတ်ဓာတ်ကို ပိုင်ဆိုင်လာကြပြီ ဖြစ်သည်။
ပထမဆုံး ဇွန်ဘီလှိုင်းကြီးက ရှေ့သို့ ရောက်ရှိလာသည်။ ချူဟန် ဆုပ်ကိုင်ထားသော ရှူရာပုဆိန်မှ ညအမှောင်ထုထဲတွင် အနက်ရောင်အလင်းတန်းများ ဖြာထွက်လာတော့သည်။
ရွှင်း…
ဘေးတိုက် ခုတ်ပိုင်းလိုက်သော အလင်းတန်းတစ်ခု။
ဇွန်ဘီ ခေါင်းများ ပေါက်ကွဲထွက်သွားသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
တိုက်ခိုက်သံများက နားထဲတွင် မပြတ်တမ်း ထွက်ပေါ်နေသည်။
စူပါမားကတ်အတွင်းတွင် ငိုယိုအော်ဟစ်သံများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ လီလန်ရှန်က လက်သီးကို ဆုပ်လိုက် ဖြည်လိုက် လုပ်နေသည်။ မိမိ၏ စွမ်းဆောင်ရည်မဲ့မှုကို မည်သို့မျှ မတတ်နိုင်ဘဲ စိတ်ပျက်ဒေါသထွက်နေမိသည်။ ချန်ယွီဖေး၏ ဖိနှိပ်မှုကို ခံရချိန်ကလည်း ချူဟန် တစ်ယောက်တည်းကသာ အခြေအနေကို ပြောင်းပြန်လှန်ပေးခဲ့ပြီး မိမိမှာ အရှက်ရမှုကိုသာ သည်းခံနေခဲ့ရသည်။ ယခုလည်း ဇွန်ဘီလှိုင်းကြီး ပြေးဝင်လာချိန်တွင် ချူဟန်က တစ်စက်ကလေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ အပြင်သို့ ထွက်သွားခဲ့သော်လည်း မိမိမှာ ပုန်းအောင်းနေရုံသာ တတ်နိုင်တော့သည်။
သူသည် ဆင့်ကဲပြောင်းလဲသူ မဟုတ်ပေ။ သာမန်လူ တစ်ယောက်သာ ဖြစ်သည်။ အဆင့်(၁) ဇွန်ဘီ ဆိုလျှင် သုံးကောင်မှ ငါးကောင်အထိသာ ရင်ဆိုင်နိုင်စွမ်း ရှိသည်။ ပင်လယ်ပြင်ကြီးပမာ ဇွန်ဘီလှိုင်းကြီးနှင့် အကောင်တစ်ရာကျော်သော အဆင့်(၂) ဇွန်ဘီများကို ရင်ဆိုင်ရာတွင် ချူဟန် ပြောသည့်အတိုင်း အသက်ရှူသံကိုဖျောက်ကာ ပုန်းအောင်းနေခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ လမ်းမရှိတော့ပေ။
မသေစေနဲ့၊ အသက်ရှင်ရမယ်။
လီလန်ရှန်က သွားကို ကြိတ်လိုက်သည်။ ငိုယိုအော်ဟစ်ကာ ကြောက်လန့်နေသော ပတ်ဝန်းကျင်ရှိ လူများကို လျစ်လျူရှု၍ မီးသတ်ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ စူပါမားကတ်၏ အနက်ရှိုင်းဆုံး ထောင့်တစ်နေရာတွင် ပုန်းအောင်းနေလိုက်သည်။ အပြင်ထွက်လျှင် သေချာပေါက် သေမည်သာ ဖြစ်သည်။ ထို့ထက်ပို၍ ချူဟန်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ လက်ရှိ မိမိလုပ်နိုင်သည်မှာ ဇွန်ဘီများ ဝင်ရောက်လာချိန်တွင် မဖြစ်မနေ အသက်ရှင်ကျန်ရစ်ရန်နှင့် ချူဟန်ကို အကြွင်းမဲ့ ယုံကြည်ရန်သာ ဖြစ်တော့သည်။
စူပါမားကတ် အပြင်ဘက် လမ်းမပေါ်တွင် ခြေချစရာ နေရာပင် မကျန်တော့ပေ။ ဇွန်ဘီအုပ်ကြီးက နေရာတစ်ခုလုံးကို ပြည့်ကျပ်နေအောင် တိုးဝှေ့နေကြပြီး စူပါမားကတ် တံခါးရှေ့သို့ အုပ်စုလိုက် ပြေးဝင်လာနေကြသည်။ အဆင့်(၁) ဇွန်ဘီများက ရှေ့ဆုံးမှ ဦးဆောင်လာပြီး အဆင့်(၂) ဇွန်ဘီများက ဘေးဘက်မှ ဝိုက်ကာ လာနေကြသည်။ စနစ်တကျ၊ အစီအစဉ်တကျနှင့် တာဝန်ခွဲဝေမှုများပင် ရှိနေသေးသည်။
ချူဟန်၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းရောင်များ တောက်ပလာသည်။ လက်ထဲရှိ ရှူရာပုဆိန်က ကြမ်းကြုတ်သော ကျားရိုင်းတစ်ကောင်ပမာ အစွမ်းပြနေသည်။ တိကျမှု စွမ်းရည် ကို အမြင့်ဆုံးအထိ တွန်းတင်လိုက်ရာ ငါးမီတာ ပတ်လည်အတွင်းရှိ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပုံရသည်။ ဖြစ်သည်။ ဤသေးငယ်သော နယ်မြေလေးအတွင်း၌ သူသာလျှင် အရှင်သခင် ဖြစ်ပေသည်။
သတ်ဖြတ်မှုများက အတားအဆီးမရှိ ဖြစ်ပေါ်နေပြီး ဧရာမ အနက်ရောင် ပုဆိန်ကြီး လည်ပတ်သွားကာ ဇွန်ဘီများ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားပြီး ဇွန်ဘီအုပ်ကြီးမှာလည်း ထိုးဖောက်ရန် ခက်ခဲနေသည်။
"ချူဟန်... အဲဒီနေရာမှာပဲ ဆက်ခုတ်နေ… ရှေ့တိုးမဝင်နဲ့နော်"
ဝမ်ချိုက်၏ အသံ ဆုံးသည်နှင့်တစ်ပြိုင်နက်...
ဝှစ်…
ချူဟန်က တစ်ဟုန်ထိုး ခုန်ပျံလိုက်သည်။
"လေထဲသို့ ခုန်တက်ဝဲပျံကာ ခြေနှစ်ဖက်လုံး၌ ပေါက်ကွဲထွက်မတတ် အင်အားများစုစည်း၍ ဇွန်ဘီအုပ်ကြီးထဲသို့ ပြင်းပြင်းထန်ထန် ကန်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် လက်ထဲရှိ ရှူရာပုဆိန်ကို တရစပ် ဝှေ့ယမ်းလိုက်ရာ သူ၏ တစ်ကိုယ်လုံး ပတ်ပတ်လည်တွင် ပုံရိပ်ယောင် အကာအကွယ်နံရံတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် လည်ပတ်နေသည့် လေရဟတ်ကြီးတစ်ခုနှင့်တူပြီး ၃၆၀ ဒီဂရီ ပတ်ပတ်လည်တွင် ဟာကွက်မရှိအောင် အပြည့်အဝ ဖုံးလွှမ်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဘေးပတ်ဝန်းကျင်ရှိ ဇွန်ဘီများအားလုံး အတုံးအရုံး ပြတ်တောက်လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။
ခြေလက်များကို အလိုရှိသလို လှုပ်ရှားကာ စာသားအတိုင်းပင် ကြီးမားသော သွေးချောင်းစီး သတ်ဖြတ်မှုကြီးကို စတင်လိုက်တော့သည်။
"အွတ်..."
ဝမ်ချိုက်မှာ လှုပ်ခါမှုကြောင့် အန်ချင်လာတော့သည်။
ချူဟန် ဝမ်ချိုက်ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ ဤကောင်ကို မဖြစ်မနေ ခေါ်သွားရမည် ဖြစ်သည်။ အဆင့်(၂) ဇွန်ဘီကို ခုတ်သတ်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ ခန္ဓာကိုယ်ထဲမှ အမြူတေကို ချက်ချင်း သိမ်းဆည်းရန်အတွက် ဖြစ်သည်။
အဆင့်(၁) ဇွန်ဘီအုပ်ကြီးမှာ လုံးဝ မယှဉ်နိုင်ဘဲ ဖယ်ရှားခံနေရသည်။ အဝေးတွင် စောင့်ဆိုင်းနေသော အဆင့်(၂) ဇွန်ဘီများကြားတွင် သိမ်မွေ့သော လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်သွားသည်။ မြေပြင်ပေါ်တွင် ကုတ်ခြစ်ရာများ ဖြစ်ပေါ်လာကာ ဆာလောင်မွတ်သိပ်မှုကို မအောင့်အည်းနိုင်တော့ပုံ ရသည်။
အားလပ်ချိန်လေးတွင် အကဲခတ်နေသော ချူဟန်သည် ဤမြင်ကွင်းကို မြင်သောအခါ ရင်ထဲတွင် မအံ့သြဘဲ မနေနိုင်တော့ပေ။ အဆင့်(၂) ကောင်များက သိသိသာသာပင် အမိန့် ကို နာခံကာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထို အဆင့်(၃) ဇွန်ဘီမှာ ထိုမျှအထိ ဉာဏ်ရည်ဉာဏ်သွေးကို ရရှိနေပြီတဲ့လား။
ရွှမ်း…
ရှူရာပုဆိန်က ထပ်မံ လည်ပတ်သွားပြီး လေထဲတွင် အလွန်တိကျသော စက်ဝိုင်းခြမ်းပုံစံကို ရေးဆွဲလိုက်သည်။ ပုဆိန်သွား ဖြတ်သန်းသွားသော လမ်းကြောင်းပေါ်တွင် ဇွန်ဘီတစ်ကောင်မျှ အသက်မရှင်တော့ဘဲ လုံးဝကို သတ်ဖြတ်နေခြင်းပင် ဖြစ်သည်။ ပြည့်နှက်နေသော ဇွန်ဘီအုပ်ကြီးထဲတွင် ချူဟန်၏ နှစ်မီတာ အကွာအဝေးသို့ မည်သည့် ဇွန်ဘီတစ်ကောင်မျှ မကပ်နိုင်ဘဲ၊ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ထူးဆန်းသော စက်ဝိုင်းပုံစံ လဟာပြင်နယ်မြေတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာကာ မြေပြင်ပေါ်တွင် ဇွန်ဘီအလောင်းများ တဖြည်းဖြည်း စုပုံလာတော့သည်။
အချိန်တိုလေးအတွင်းမှာပင် ချူဟန်သည် အမှတ် ရာပေါင်းများစွာကို ရရှိခဲ့ပြီး ဖြစ်သည်။ ပြန်လည်စတင်ခြင်း စနစ် ၏ စုစုပေါင်း ရမှတ်မှာ ၁၀၀၀ ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
မလုံလောက်သေးဘူး။ ထပ်လိုသေးတယ်။
ရှူရာပုဆိန်ကို လွှဲခုတ်လိုက်ပြီးနောက် ချူဟန်သည် လက်ရှိ သူကိုယ်တိုင် အဆင့်(၃) ဇွန်ဘီကို မယှဉ်နိုင်သေးကြောင်း သူ့ကိုယ်သူ မေးခွန်းထုတ်မိသည်။ သို့သော် သူသည် အခြား ဆင့်ကဲပြောင်းလဲသူများနှင့် မတူပေ။ သူသည် ခန္ဓာကိုယ်စွမ်းရည်ကို အသေအလဲ မြှင့်တင်ရန် မလိုသလို အမြူတေများကို စုပ်ယူကာ စွမ်းအင်ရယူရန် မလိုအပ်ပေ။ သူ၏ လက်ထဲတွင် အကြီးမားဆုံးသော လျှို့ဝှက်ဖဲချပ် ဖြစ်သည့် ပြန်လည်စတင်ခြင်း စနစ် ရှိနေသည်။
သူ ဆင့်ကဲပြောင်းလဲရန် လိုအပ်သော အချိန်မှာ မျက်စိတစ်မှိတ်သာ ဖြစ်သည်။ ဤအရာကပင် မျှော်လင့်ချက်မဲ့နေသော အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ သတ်ဖြတ်လိုက်သော ဇွန်ဘီ အရေအတွက် များပြားပြီး အမှတ်များ လုံလောက်သည်နှင့်တစ်ပြိုင်နက်၊ သူသည် အမြန်ဆုံး အချိန်အတွင်း စွမ်းရည်တစ်ခုကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။ ထိုမှသာ အဆင့်(၃) ဇွန်ဘီအပေါ် အနိုင်ရနိုင်ချေက သေချာပေါက် မြင့်တက်လာပေလိမ့်မည်။
အမြန်နှုန်းနှင့် ခွန်အားကို အဆင့်(၂) သို့ အဆင့်မြှင့်တင်ရန်အတွက် တစ်ခုစီလျှင် ရမှတ် ၂၀၀၀ လိုအပ်သည်။ နောက်ထပ် ရမှတ် ၁၀၀၀ ရရှိပါက ထိုနှစ်ခုထဲမှ တစ်ခုကို အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်သည်။
အဝေးတွင် နေရာမှာတင် ရပ်ကာ လက်သည်းများကို အသေအလဲ ကုတ်ခြစ်နေသော အဆင့်(၂) ဇွန်ဘီ အကောင်အနည်းငယ်၏ မျက်လုံးများက ရုတ်တရက် လှုပ်ရှားသွားပြီး အမိန့် တစ်စုံတစ်ရာကို လက်ခံရရှိလိုက်သည့်အလား ချက်ချင်း ခုန်ထွက်လာကာ လက်သည်းများ ထုတ်၍ ဟိန်းဟောက်လျက် ချူဟန်ထံသို့ ပြေးဝင်လာကြတော့သည်။