← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃) ခုခံခြင်းမဟုတ်ဘဲ ပြန်လည်သတ်ဖြတ်ခြင်း

လာပြီ။

ချူဟန်၏ တစ်ကိုယ်လုံး တင်းမာသွားပြီး လက်ထဲရှိ ရှူရာပုဆိန်ကို ခုတ်ပိုင်းရင်း အခြေအနေကို အချိန်မီ တုံ့ပြန်ရန် ထောင့်ချိုးများကို ချိန်ဆနေသည်။

ရွှမ်း… ရွှမ်း… ရွှမ်း…

အဆင့်(၂) ဇွန်ဘီ သုံးကောင်က မတူညီသော ထောင့်ချိုး သုံးခုမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည်။ ၎င်းတို့၏ နေရာယူမှုများမှာ အလွန် လိမ္မာပါးနပ်လှပြီး ရင်ဆိုင်ရန် အလွန် ခက်ခဲလှသည်။ ချူဟန်၏ တစ်ကိုယ်လုံး နောက်သို့ ချက်ချင်း ဆုတ်လိုက်ပြီး သူ၏ အမြန်နှုန်းမှာ အမြင့်ဆုံးအထိ မြင့်တက်သွားကာ ကျောဘက်က နံရံကို ဖိကပ်ထားလိုက်သည်။ အဆင့်(၂) ဇွန်ဘီ သုံးကောင်ကို တစ်ပြိုင်နက် ရင်ဆိုင်ရချိန်တွင် သူက အားလုံးကို ခုခံနိုင်မည်ဟု အာမမခံနိုင်ပေ။ ထို့ကြောင့် တိုက်ခိုက်ခံရမည့် နယ်ပယ်ကို အမြန်ဆုံး ကျဉ်းမြောင်းသွားစေရန်မှာ အရေးအကြီးဆုံး ဖြစ်သည်။ ဤအချက်မှာ နေရာယူခြင်းကဲ့သို့ပင် တိုက်ပွဲများအတွင်း အခြေခံကျသော အချက်တစ်ချက် ဖြစ်သည်။

ချွင်း…

အဆင့်(၂) ဇွန်ဘီတစ်ကောင်က ချူဟန်၏ လက်ထဲရှိ ရှူရာပုဆိန်နှင့် တိုက်မိသွားပြီး ကြီးမားသော ပွတ်တိုက်သံကြီး ထွက်ပေါ်လာသည်။ ကျန်ရှိနေသော အဆင့်(၂) ဇွန်ဘီ နှစ်ကောင်ကလည်း အခွင့်အရေးကို စောင့်ဆိုင်းနေပြီး တစ်ကောင်က ချူဟန်၏ ခန္ဓာကိုယ်အထက်ပိုင်းကို တိုက်ခိုက်ကာ၊ အခြားတစ်ကောင်က အောက်ပိုင်းသို့ တိုက်ရိုက် ပြေးဝင်လာသည်။ အဝေးတွင်လည်း အဆင့်(၁) ဇွန်ဘီအုပ်ကြီးက ဟိန်းဟောက်ကာ ပြေးဝင်လာနေကြသည်။

"ချီးပဲ"

ဒေါသတကြီး ဆဲဆိုလိုက်သည်။

ချူဟန်သည် လက်နှစ်ဖက်ကို အားကုန်သုံးလိုက်ပြီး ရှူရာပုဆိန်ကို ရုတ်တရက် လွှဲယမ်းလိုက်ရာ အနီးဆုံးရှိ ဇွန်ဘီကို အဝေးသို့ လွှင့်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်ခြေထောက်ကို ရုတ်တရက် ကန်ထည့်လိုက်သည်။

ဘုန်း…

သူ၏ အောက်ပိုင်းကို တိုက်ခိုက်ရန် ကြိုးစားနေသော အဆင့်(၂) ဇွန်ဘီ၏ ဗိုက်ကို ကန်မိသွားပြီး ထိုဇွန်ဘီမှာ အဝေးသို့ လွှင့်ထွက်သွားကာ ၎င်း၏ မျက်နှာမှာလည်း တစ်ခဏအတွင်း ရှုံ့မဲ့သွားသည်။ သို့သော်လည်း ဇွန်ဘီ နှစ်ကောင်စလုံးကို ချူဟန်က ချက်ချင်း ဖယ်ရှားလိုက်သည့် အချိန်လေးအတွင်းမှာပင် ချူဟန်က မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် ရှူရာပုဆိန်၏ ဦးတည်ရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး တတိယမြောက် ဇွန်ဘီဆီသို့ ဒေါသတကြီး ခုတ်ချလိုက်သည်။

တိကျမှုစွမ်းရည်ကို အမြင့်ဆုံးအထိ အသုံးပြုထားပြီး၊ ခွန်အားစွမ်းရည်က ထောက်ပံ့ပေးထားကာ အမြန်နှုန်းမှာ အဆမတန် မြင့်တက်သွားသည်။

ဗြစ်….

ခေါင်းကို ခွဲထုတ်လိုက်သော အသံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ထိုဇွန်ဘီ၏ ချွန်ထက်သော လက်သည်းများသည် ချူဟန်၏ ရင်ဘတ်နှင့် နှစ်စင်တီမီတာ အကွာတွင် ရပ်တန့်သွားသည်။ ၎င်း၏ ဦးခေါင်းတစ်ခုလုံး နှစ်ခြမ်းကွဲသွားပြီး အမည်းရောင် သွေးများ ပန်းထွက်ကာ မြေပြင်တစ်ခုလုံး ပြန့်ကျဲသွားတော့သည်။

ရွှမ်း…

ချူဟန်သည် မကြည့်ဘဲ သတ်ဖြတ်လိုက်သော ထိုဇွန်ဘီကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး လက်ထဲရှိ ရှူရာပုဆိန်၏ ဦးတည်ရာကို ပြောင်းလဲလိုက်ကာ ထပ်မံ တိုက်ခိုက်လာသော အဆင့်(၂) ဇွန်ဘီ နှစ်ကောင်နှင့် တဖြည်းဖြည်း နီးကပ်လာနေသော အဆင့်(၁) ဇွန်ဘီအုပ်ကြီးဆီသို့ ချိန်ရွယ်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း ဟူသော တိုက်ခိုက်သံများက နားထဲတွင် မပြတ်တမ်း ထွက်ပေါ်နေပြီး ဇွန်ဘီများ၏ ဟိန်းဟောက်သံများသာ ရှိနေသော ဤနေရာတွင် အလွန် ရှင်းလင်းစွာ ကြားနေရသည်။ စူပါမားကတ်အတွင်းရှိ လူအများအပြားမှာ မနေနိုင်ဘဲ လှမ်းကြည့်လိုက်ကြရာ၊ ချူဟန် တစ်ယောက်တည်းက ဤမျှများပြားသော ဇွန်ဘီအုပ်ကြီးကို ရင်ဆိုင်နေပြီး အဆင့်(၂) ဇွန်ဘီ အကောင်ရေ အတော်များများ၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် အန္တရာယ်ကြုံတွေ့နေရသော်လည်း မတုန်လှုပ်ဘဲ အလွယ်တကူ သတ်ဖြတ်နေသည့် မြင်ကွင်းကိုပါ မြင်တွေ့လိုက်ရသည်။

တကယ်ကို အလွယ်တကူ သတ်ဖြတ်နေခြင်း ဖြစ်သည်။

ထိုအဆင့်(၂) ဇွန်ဘီများမှာ တစ်ကောင်ပြီးတစ်ကောင် ရှင်းလင်းခံနေရပြီး တစ်ချိန်တည်းမှာပင် အဆင့်(၁) ဇွန်ဘီများမှာလည်း မြေပြင်ပေါ်တွင် အစုလိုက်အပြုံလိုက် လဲကျနေကာ လမ်းတစ်လျှောက်လုံး ပြန့်ကျဲနေသည်။ ချူဟန်၏ အရှေ့တွင်ပင် ဇွန်ဘီအလောင်းများဖြင့် စုပုံထားသော နံရံမြင့်ကြီးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။

ဒီလောက်တောင် စွမ်းအားကြီးနေတာလား။

လူတိုင်း၏ နှလုံးခုန်နှုန်းများ ချက်ချင်းပင် အရှိန်မြန်လာပြီး ချူဟန်၏ စွမ်းအားကြီးမားမှုက သူတို့၏ အသိအမြင်များကို ထပ်မံ အသစ်ဖြစ်သွားစေသည်။

သေဆုံးသွားသော ချန်ယွီဖေးသည် အဆင့်(၂) ဇွန်ဘီ တစ်ကောင်တည်းကိုသာ ရင်ဆိုင်နိုင်ခဲ့ပြီး၊ ၎င်းမှာ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ အများစုကို အထင်အမြင်သေးရန် လုံလောက်နေပြီ ဖြစ်ကာ၊ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများကြားတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေခဲ့သည်။ အဆင့်(၂) ဇွန်ဘီများ မည်မျှ စွမ်းအားကြီးကြောင်းကို သူတို့ ကြုံတွေ့ဖူးကြသည်။ စွမ်းအားကြီးမားသော တိုက်ခိုက်ရေးစွမ်းရည် ရှိသည့် အဆင့်(၂)အထက် ဆင့်ကဲပြောင်းလဲသူများမှလွဲ၍ ၎င်းတို့ကို အနည်းငယ်မျှပင် ဒဏ်ရာရအောင် မလုပ်နိုင်ကြပေ။

အဆင့်(၂) ဇွန်ဘီများသည် အဆင့်(၁) ဇွန်ဘီများထက် အဆပေါင်းများစွာ ပိုမို စွမ်းအားကြီးမားပြီး လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော်လည်း ချူဟန်သည် များပြားလှသော အဆင့်(၁) ဇွန်ဘီအုပ်ကြီးထဲတွင် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသကဲ့သို့ ဇွန်ဘီများကို သတ်ဖြတ်နေရုံသာမက၊ အဆင့်(၂) ဇွန်ဘီ အကောင်ရေ အတော်များများ၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် ပြန်လည် သတ်ဖြတ်နိုင်နေသေးသည်။

ရင်ဆိုင်ဖြေရှင်းပြီး ခုခံနေခြင်း မဟုတ်ဘဲ ချူဟန် လုပ်နေသည်မှာ ပြန်လည်သတ်ဖြတ်ခြင်းပင် ဖြစ်သည်။

အလွန် တုန်လှုပ်စရာကောင်းပြီး အလွန် ယုံကြည်နိုင်စရာ မရှိလှပေ။ ဤအချိန်တွင် မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့လိုက်ရမှသာ ဤလူများက ချူဟန်၏ စွမ်းအားကြီးမားမှုကို အမှန်တကယ် ခံစားလိုက်ရသည်။ အဆင့်(၁)ဝင်ပေါက် ဇယား၏ နံပါတ်(၁)နေရာကို ရရှိခဲ့သော ဤပုဂ္ဂိုလ်မျိုးသည် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူအဖြစ်သို့ တက်လှမ်းသွားခြင်း၏ ရိုက်ခတ်မှုက တကယ်ကို အံ့မခန်း ကြီးမားလွန်းလှပေသည်။

လူဆယ်ဂဏန်းခန့်က စူပါမားကတ်၏ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ပုန်းနေကြပြီး အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများပင်လျှင် ထွက်မတိုက်ရဲဘဲ ထွက်ပြေးပုန်းရှောင်နေကြသည်။

" ကျက်သရေတုန်းလိုက်တာ… ဒီမှာ ဒီအတိုင်းနေပြီး အသေခံမှာလား"

လူအချို့က ချူဟန်၏ လွှမ်းမိုးမှုကို စတင်ခံစားလာရပြီး မိမိတို့၏ အသုံးမကျမှုနှင့် အစွမ်းအစမရှိမှုကို ခံစားလာရသည်။

"အဆင့်(၁) ဆင့်ကဲပြောင်းလဲသူတွေကော.. ငါနဲ့ အပြင်ထွက်ပြီး သတ်ရဲလား"

အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ တစ်ယောက်က စတင် တွေဝေလာသည်။ စောင့်နေလျှင်လည်း သေရမည်ဖြစ်ရာ ချူဟန်ကဲ့သို့ အဘယ်ကြောင့် အစွမ်းကုန် မကြိုးစားကြည့်ရမည်နည်း။

"ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ တစ်ခါလောက်တော့ စွန့်စားကြည့်တာ ပိုကောင်းတယ်" အခြား ဆင့်ကဲပြောင်းလဲသူများကလည်း စတင် တုံ့ပြန်လာကြသည်။

"သွားမယ်"

အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ တစ်စုက လက်နက်များကို ကိုင်ဆောင်ကာ စူပါမားကတ်ထဲမှ ပြေးထွက်လာပြီး ဇွန်ဘီများ၏ ခေါင်းများကို ချိန်ရွယ်ကာ အကြိတ်အနယ် ခုတ်ပိုင်းကြတော့သည်။ အဆင့်(၂) ဇွန်ဘီများကို သူတို့ မရင်ဆိုင်နိုင်လျှင်တောင် အနည်းဆုံး အဆင့်(၁) ဇွန်ဘီ အကောင်ရေ ဆယ်ဂဏန်းလောက်ကိုတော့ သတ်နိုင်သေးသည်။

"ငါတို့ကော အပြင်ထွက်ကြမလား"

သာမန်လူအချို့လည်း စတင် တွေဝေလာကြသည်။

"သွားကြမယ် သတိထားရင် ရပြီ"

"ဟုတ်တယ်… အပြင်ကို ဖောက်ထွက်နိုင်ရင်လည်း ဖောက်ထွက်နိုင်မှာပေါ့"

"ကောင်းပြီ"

လူတစ်စုက သတိကြီးစွာဖြင့် အတူတကွ ထွက်လာကြသည်။ များပြားလှသော ဇွန်ဘီများကို ရင်ဆိုင်ရချိန်တွင် သူတို့ ကြောက်ရွံ့ထိတ်လန့်မိကြသော်လည်း ချူဟန်၏ ရက်စက်ပြင်းထန်သော သတ်ဖြတ်မှုများကို မြင်တွေ့ရပြီးနောက် လူများ၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု တောက်လောင်လာခဲ့သည်။

ချူဟန် သူတို့ကို ပေးစွမ်းသော ရိုက်ခတ်မှုနှင့် အံ့သြမှုများက တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ပြင်းထန်လာပြီး ချူဟန် မနိုင်နိုင်တဲ့ အရာဆိုတာ မရှိဘူးဆိုတဲ့ အထင်အမြင်မှားမှုမျိုးကိုပင် သူတို့ ရရှိလာစေသည်။

လီလန်ရှန်သည် မီးသတ်ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ တစ်ကိုယ်လုံးမှာ အဆက်မပြတ် တုန်ယင်နေသည်။ ကြောက်လို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အသုံးမကျမှုကို မုန်းတီးမိလို့ ဖြစ်ပေါ်လာသော ဒေါသကြောင့် ဖြစ်သည်။ အဘယ်ကြောင့် သူက ဆင့်ကဲပြောင်းလဲသူ တစ်ယောက် မဖြစ်ခဲ့ရသနည်း။

ခေါင်းမော့ကြည့်လိုက်ရာ အပြင်ဘက်ရှိ မြင်ကွင်းကို လီလန်ရှန် စိုက်ကြည့်နေရင်း ရုတ်တရက် သူ ကြောင်အသွားသည်။

ဤအချိန်တွင် ချူဟန်၏ အပြင်ဘက်စက်ဝိုင်းတွင် ဝိုင်းရံနေသော အဆင့်(၁) ဇွန်ဘီများ၏ အပြုအမူက အလွန် ထူးဆန်းနေသည်။ ၎င်းတို့က ပတ်ဝန်းကျင်မှ ပြေးထွက်လာသော လူအုပ်ကြီးကို လျစ်လျူရှုထားပြီး ချူဟန် ရှိရာဘက်သို့သာ အသေအလဲ တိုးဝှေ့နေကြဆဲ ဖြစ်သည်။ ၎င်းတို့အထဲမှ ဇွန်ဘီ အများအပြားမှာ ပြေးထွက်လာသော အသက်ရှင်ကျန်ရစ်သူများ၏ ကြွက်ပေါက်များသဖွယ် ခုတ်ပိုင်းခြင်းကို ခံနေရသော်လည်း ၎င်းတို့က လုံးဝ ဂရုမစိုက်ကြဘဲ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိပုံရသည်။

ချူဟန်။

လီလန်ရှန်၏ နှလုံးခုန်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး အချက်အလက်နှစ်ခုက သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

ချူဟန် အန္တရာယ်ရှိနေပြီ။

ဒါက အခွင့်အရေး တစ်ခုပဲ။

"ချီးပဲ"

အော်ဟစ်သံကြီး တစ်ခုနှင့်အတူ လီလန်ရှန်သည် မီးသတ်ပုဆိန်ကို ဆွဲကိုင်ကာ အထဲသို့ ပြေးဝင်သွားပြီး ချူဟန်ကို နစ်မြုပ်သွားစေမည့်ပုံ ပေါက်နေသော ဇွန်ဘီအုပ်ကြီးဆီသို့ အပေါ်အောက် အကြိတ်အနယ် ရိုက်နှက်တော့သည်။

ဗြစ်… ဗြစ်…

ဇွန်ဘီခေါင်းများ ပေါက်ကွဲသွားသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဇွန်ဘီများနှင့် လူသားများသာ ကျန်ရစ်တော့သည့် ဤလမ်းမထက်တွင် ပဲ့တင်ထပ်သွားသည်။ လူသားများနှင့် ဇွန်ဘီများဟူသော ဤမျိုးနွယ်စုကြီးနှစ်ခုသည် ရင်သပ်ရှုမောဖွယ် တိုက်ပွဲကြီးတစ်ခုကို စတင်လိုက်ကြတော့သည်။

ယခုအချိန်တွင် ချူဟန်သည် ဇွန်ဘီ မည်မျှ သတ်ပြီးသွားပြီလဲဆိုတာ မသိတော့ပေ။ အဆင့်(၂) ဇွန်ဘီများက သုံးကောင် ငါးကောင် စု၍ ပြေးဝင်လာတိုင်း သူက မတူညီသော နည်းလမ်းများဖြင့် သီသီလေး ဖြေရှင်းနိုင်ခဲ့သည်။ သတိမထားမိလိုက်ခင်မှာပင် သေဆုံးသွားသော အဆင့်(၂) ဇွန်ဘီ အရေအတွက်မှာ အကောင် သုံးဆယ်ကျော်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ လုပ်ငန်းစဉ် တစ်လျှောက်လုံး သူသည် ပတ်ဝန်းကျင် အခြေအနေများကို အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ ထိုအဆင့်(၁) ဇွန်ဘီများမှာ တစ်ချက်ခုတ်လျှင် တစ်ကောင် သေချာပေါက် သေဆုံးသော်လည်း၊ ဤအချိန်တွင် ထိုအဆင့်(၂) ဇွန်ဘီများက သူ့အပေါ်သို့ ရုတ်တရက် အလုံးအရင်းဖြင့် တိုက်ခိုက်လာကြသည်။

အမိန့်တစ်ခုခုကို လက်ခံရရှိလိုက်သည့်အလား ထိုအဆင့်(၂) ဇွန်ဘီများသည် တစ်ကောင်ပြီးတစ်ကောင် မလာကြတော့ဘဲ အဝေးရှိ မြေပြင်မှနေ၍ တစ်ပြိုင်နက်တည်း အားလုံး ပြေးထွက်လာကြသည်။ ၎င်းတို့က အဆင့်(၁) ဇွန်ဘီများ၏ ခန္ဓာကိုယ်ကို ခုန်ပျံစင်အဖြစ် အသုံးပြုကာ အဆင့်(၂) ဇွန်ဘီ အကောင်ရေ ဆယ်ဂဏန်းလောက်သည် တစ်ဟုန်ထိုး ခုန်ပျံလာကြသည်။

ချူဟန်၏ နဖူးမှ အေးစက်သော ချွေးများ စီးကျလာသည်။ အဆင့်(၂) ဇွန်ဘီ သုံးကောင် ငါးကောင် ဆိုလျှင်တော့ ပြောလို့ ရသေးသည်။ သို့သော် ယခုလို အကောင်ရေ ဆယ်ဂဏန်းလောက် တစ်ပြိုင်နက်တည်း ရောက်လာလျှင် သူက အပိုင်းပိုင်း ဆွဲဖြဲခံရဖို့သာ ရှိတော့သည်။

" ချူဟန်ရေ… အမြူတေတွေ အကုန် အမှတ်ပြောင်းပြီးပြီ… အခု မင်းရဲ့ စုစုပေါင်းအမှတ်က ၂၀၃၉ ပဲ"

ဝမ်ချိုက်၏ အသံက အချိန်မီ ထွက်ပေါ်လာသည်။

"အဆင့်မြှင့်မယ်"

ချူဟန်၏ မျက်လုံးနှစ်လုံးမှာ ရုတ်တရက် အရောင်လက်သွားသည်။

"အမြန်နှုန်းကို အဆင့်မြှင့်မယ်"

အခန်း (၂၀၄) သူတို့က ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ

အဆင့်(၂) ဇွန်ဘီ အကောင်ဆယ်ဂဏန်းလောက်သည် ပထမအဆင့် ဇွန်ဘီများ၏ ဦးခေါင်းများကို နင်းကာ ချူဟန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်တွင် ဇွန်ဘီများကို ခုတ်ပိုင်းသတ်ဖြတ်နေကြသော လူများအားလုံးသည် ချက်ချင်းဆိုသလို ကြောက်လန့်တကြားဖြစ်ကာ လက်ဖျားခြေဖျားများ အေးစက်သွားကြသည်။ ဤဇွန်ဘီများအားလုံးသည် အဘယ်ကြောင့် ချူဟန်တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားနေကြသည်ကို သူတို့ မသိသော်လည်း ဤအချိန်တွင်သာ ချူဟန် သေဆုံးသွားပါက သူတို့အုပ်စုထဲမှ တစ်ယောက်မျှ အသက်ရှင်နိုင်မည် မဟုတ်ကြောင်းကိုတော့ သူတို့ သိကြသည်။

သူတို့လူတွေ ဒီလောက်များတာတောင် ဇွန်ဘီဘယ်လောက်များများ သတ်နိုင်ခဲ့လို့လဲ။ ချူဟန် တစ်ယောက်တည်း သတ်ခဲ့သည့် ဇွန်ဘီအရေအတွက်က သူတို့သတ်ခဲ့သည့် အရေအတွက်ထက် အဆပေါင်းများစွာ ပိုများသည်။

လီလန်ရှန်သည် ချက်ချင်းဆိုသလို လန့်ဖျပ်သွားပြီး လက်ထဲမှ ပုဆိန်ပင် လွတ်ကျလုမတတ် ဖြစ်သွားကာ စကားလုံးတစ်ခွန်းက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

ပြီးပြီ

"နောက်ဆုတ်ကြ"

"မြန်မြန်ပြေး"

"ချူဟန် သေတော့မယ်...ငါတို့ စူပါမားကတ်ထဲ ပြန်ဆုတ်ကြမယ်"

"သွားပြီ... သွားပြီ...မြန်မြန်ပြေး"

လူအုပ်ကြီးသည် ချက်ချင်းဆိုသလို စူပါမားကတ်ထဲသို့ ပြေးဝင်သွားကြသည်။ သူတို့သည် အရူးများ မဟုတ်သလို ဇွန်ဘီအုပ်ကြီး၏ ကိုက်ဖြဲစားသောက်မှုကိုလည်း မခံချင်ကြပေ။ မူလကတည်းက အပြင်ထွက်မတိုက်ဘဲ စူပါမားကတ်ထဲတွင် ကျန်နေခဲ့သော လူအနည်းငယ်မှာ စိတ်ထဲတွင် ဝမ်းသာသွားကြပြီး လူတော်တော်များများက လှောင်ပြောင်ပြောဆိုလာကြသည်။

"တကယ် တုံးအတာပဲ ဒီလိုအခြေအနေမျိုးမှာ စူပါမားကတ် တံခါးကို အသေပိတ်ထားရမှာပေါ့...ဇွန်ဘီတွေကို အပြင်ထွက် သတ်နေသေးတယ်"

"အသက်အရမ်းရှည်နေလို့လား... ခွန်အားတွေ ပိုလျှံပြီး သုံးစရာ နေရာမရှိဖြစ်နေလို့လား"

"ချူဟန်လို ငတုံးက သူ့ဘာသာ သေချင်လို့ သွားတာကို မင်းတို့ကပါ လိုက်ပြီး အသေခံကြမလို့လား"

"ဦးနှောက်မရှိဘူးလား"

လှောင်ပြောင်သရော်သည့် စကားလုံးများမှာ တစ်ခွန်းပြီးတစ်ခွန်း ဆက်တိုက် ထွက်ပေါ်လာသည်။ ဤလူများ၏ အမြင်တွင် ချူဟန်သည် အဆင့်(၂) ဇွန်ဘီ သုံးငါးကောင်ကို ရင်ဆိုင်နိုင်ခြင်းကပင် အမြင့်ဆုံးကန့်သတ်ချက် ဖြစ်နေပြီဖြစ်သည်။ ယခုကဲ့သို့ အဆင့်(၂) ဇွန်ဘီအများအပြား၏ တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရချိန်တွင် ချူဟန်သည် သေချာပေါက် သေရမည်ဖြစ်ပြီး သူကိုယ်တိုင် ပြဿနာရှာခြင်းသာ ဖြစ်သည်။

"ဟားဟား"

အစောပိုင်းကတည်းက စကားတစ်ခွန်းမှ မပြောဘဲနေသော ရှုဝမ်ယန်သည် အေးစက်စက် ရယ်မောလိုက်သည်။

"ဒီမှာ ဂိုဒေါင် မရှိဘူးလား... ငါ ခဏလောက် ဝင်ပုန်းနေမလို့...ဘယ်လိုပဲဖြစ်ဖြစ် ဒီဇွန်ဘီတွေ လူစုကွဲသွားတဲ့အထိ စောင့်လိုက်ရင် ရပြီ... သူတို့က ဒီစူပါမားကတ်ကို ဖျက်ဆီးပစ်နိုင်မှာ မို့လို့လား"

"ခဏနေဦး"

စူပါမားကတ်၏ အဓိကတံခါးကြီးကို အသေပိတ်နေသော လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

"လီလန်ရှန် ဝင်မလာသေးဘူး"

ထိုစကားတစ်ခွန်းကြောင့် လူအားလုံး လန့်ဖျပ်သွားကြပြီး စူပါမားကတ် အပြင်ဘက်သို့ ကြည့်လိုက်ရာ လီလန်ရှန်သည် အပြင်တွင် ဇွန်ဘီများကို အသေအလဲ ခုတ်ပိုင်းနေဆဲဖြစ်ပြီး ပါးစပ်မှလည်း တစ်ခုခုကို ကျယ်လောင်စွာ အော်ဟစ်နေသည်ကို မြင်လိုက်ရသည်။

"ချူဟန်"

လီလန်ရှန်၏ လက်ထဲရှိ မီးသတ်ပုဆိန်သည် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများ၏ ဦးခေါင်းများကို အသေအလဲ ခုတ်ပိုင်းနေသည်။ ဤအချိန်တွင် သူ၏ ခွန်အားများသည် အရင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေပြီ ဖြစ်ကြောင်းကို သူ လုံးဝ သတိမထားမိသလို သာမန်လူတစ်ယောက်၏ အတိုင်းအတာမှ ကျော်လွန်ကာ အဆင့်(၁)ဆင့်ကဲပြောင်းလဲသူ တစ်ယောက် ဖြစ်လာခဲ့ပြီဆိုသည်ကိုလည်း သူ လုံးဝ သတိမထားမိပေ။

"တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ခင်မင်မှုပဲ"

ရှုဝမ်ယန်က လှောင်ပြောင်လိုက်သည်။

"ဟို ချူဟန်ဆိုတဲ့ကောင်နဲ့အတူ ဇွန်ဘီတွေ စားတာခံလိုက်တော့ "

ရှုဝမ်ယန်၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်....

ရွှပ်

အနက်ရောင် အရိပ်တစ်ခုသည် ဇွန်ဘီအုပ်ကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏လက်ထဲရှိ ကြမ်းတမ်းခက်ထန်သော အလှတရားများ ပြည့်နှက်နေသည့် ဧရာမ အနက်ရောင် ပုဆိန်ကြီးသည် တစ်ဖက်တစ်ချက်စီသို့ အဆက်မပြတ် လွှဲယမ်းတိုက်ခိုက်နေသည်။ ဘေးနှစ်ဖက်မှ ဝိုင်းရံနေသော ဇွန်ဘီအုပ်ကြီးသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားသော ဖရဲသီးများကဲ့သို့ ခုတ်ပိုင်းခံလိုက်ရသည်။

"ချူ... ချူဟန်လား"

စူပါမားကတ်အတွင်းရှိ လူများအားလုံး ရုတ်တရက် မှင်သက်သွားကြသည်။

ချူဟန်၏ အမြန်နှုန်းမှာ လူများ ရှင်းလင်းစွာ မမြင်နိုင်လောက်အောင် လျင်မြန်လှသည်။ လက်ထဲရှိ ရှူရာပုဆိန် လွှဲယမ်းလိုက်သည့် အကွေ့အကောက်များမှာ မျက်စိလည်သွားစေပြီး မည်သည့် တိုက်ခိုက်မှု လမ်းကြောင်းကိုမှ လုံးဝ မမြင်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဇွန်ဘီများ ပြည့်နှက်နေသော လမ်းမပေါ်တွင် အနက်ရောင် လမ်းကြောင်းတစ်ခုကို အတင်းအဓမ္မ ခုတ်ထွင် ဖောက်လုပ်လိုက်ပြီး ဇွန်ဘီသွေးများ၊ ပြတ်တောက်နေသော ခြေလက်အင်္ဂါအစိတ်အပိုင်းများဖြင့် ပြည့်နှက်သွားသည်။

အံ့သြတုန်လှုပ်စရာ အကောင်းဆုံးအချက်မှာ မြေပြင်ပေါ်တွင် လဲကျနေသော ဇွန်ဘီအလောင်းများကြားတွင် အဆင့်(၂) ဇွန်ဘီ အများအပြား ပါဝင်နေခြင်းပင် ဖြစ်သည်။

ချူဟန်သည် လမ်းကြောင်းဖောက်နေသည့် တစ်ချိန်တည်းမှာပင် သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေသော ထိုအဆင့်(၂) ဇွန်ဘီများကို အဆင့်(၁) ဇွန်ဘီများကဲ့သို့ သတ်ဖြတ်လိုက်သည်။

ရွှပ်…

အနက်ရောင် လမ်းကြောင်းတစ်ခုသည် ချက်ချင်းဆိုသလို ပုံပေါ်လာပြီး ချူဟန်၏ ပုံရိပ်သည် နောက်ချန်ရိပ်တစ်ခု ကျန်ရစ်စေကာ မီတာဆယ်ဂဏန်းခန့် အကွာတွင် ပေါ်လာသည်။ သူဖြတ်သန်းသွားသော နေရာရှိ ဇွန်ဘီအုပ်ကြီးသည် ယခုမှသာ ဦးခေါင်းများ ရုတ်တရက် ကွဲထွက်သွားပြီး ဖြောင်းခနဲ ဖြောင်းခနဲ မြေပြင်ပေါ်သို့ လဲကျကာ လုံးဝ သေဆုံးသွားကြတော့သည်။

လမ်းတစ်လျှောက် သွေးများ စီးဆင်းနေပြီး မြေပြင်တစ်ပြင်လုံးတွင် ဇွန်ဘီအလောင်းများ ပြည့်နှက်နေသည်။

ချူဟန်သည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ဇွန်ဘီများ ပြည့်နှက်နေသော အခြားလမ်းကြောင်းတစ်ခုကို ချိန်ရွယ်လိုက်သည်။ ထို့နောက် လက်ထဲမှ ပုဆိန်ကို မြှောက်ကာ ခုတ်ပိုင်းချလိုက်သည်။

ဗြစ်... ဗြစ်... ဗြစ်...

ဇွန်ဘီများသည် တစ်ကောင်ပြီးတစ်ကောင် အသံနှင့်အတူ ထပ်မံလဲကျသွားပြန်သည်။ မြင်ကွင်းတစ်ခုလုံးသည် ရုတ်တရက် ပြောင်းပြန်လှန်သွားပြီး ဇွန်ဘီများက ချူဟန်ကို ဝိုင်းဝန်းတိုက်ခိုက်နေခြင်း မဟုတ်တော့ဘဲ ချူဟန်၏ သားသတ်ရုံကြီး ဖြစ်လာတော့သည်။

ကိုယ်ကာယ အဆင့်(၂)၊ တိကျမှု ဒုတိယအဆင့်(၂)၊ အမြန်နှုန်း အဆင့်(၃)၊ ခွန်အား အဆင့်(၁)၊ အမှတ် ၆၇၈။ စောစောက စက္ကန့်အနည်းငယ်အတွင်း အပြင်းအထန် သတ်ဖြတ်မှုကြောင့် ချူဟန်သည် အဆင့်(၂) ဇွန်ဘီ အကောင်သုံးဆယ်ကျော်နှင့် အဆင့်(၁) ဇွန်ဘီ အကောင်တစ်ရာကျော်ကို ဖြေရှင်းနိုင်ခဲ့သည်။ ယခုအချိန်တွင် အဆင့်(၁) ဇွန်ဘီ အကောင်ရေ ရာဂဏန်းခန့် ကျန်ရှိနေသေးပြီး အဆင့်(၂) ဇွန်ဘီ အကောင်လေးဆယ်ခန့် သတ်ရန် ကျန်နေသေးသည်။

"အားတင်းထား"

ဝမ်ချိုက်သည် လှုပ်ခါမှု ဒဏ်ကို အနည်းငယ် သက်သာစေရန်အတွက် ချူဟန်၏ အိတ်ကပ် အစွန်းကို အသေအလဲ ဆွဲကိုင်ထားသည်။

"ဒီဇွန်ဘီတွေကို အကုန်သတ်လိုက်ရင် မင်းရဲ့ အမှတ်က ၁၅၀၀ လောက် ရပြီ... နောက်ထပ် ဇွန်ဘီ နည်းနည်းလောက်ကို ထပ်ရှာလိုက်ရင် ခွန်အားစွမ်းရည်ကိုပါ အဆင့်(၂)အထိ အဆင့်မြှင့်လို့ ရပြီ"

ချူဟန်၏ မျက်လုံးများ စူးရှသွားပြီး ခြေနှစ်ဖက်ကို အားကုန်သုံးကာ ချက်ချင်းဆိုသလို ခုန်အုပ်လိုက်သည်။

သတ်...

စူပါမားကတ်ထဲတွင် ရှိနေသော လူအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး အပြင်ဘက်တွင် အနက်ရောင်ပုဆိန်ကို လွှဲယမ်းကာ ဇွန်ဘီများကို ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေသကဲ့သို့ သတ်ဖြတ်နေသော ချူဟန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ အဆင့်(၁) ဇွန်ဘီများ မည်မျှပင် များပြားနေပါစေ သူ၏ အန္တရာယ်ကို မပေးနိုင်တော့ပေ။ ဇွန်ဘီ ဆယ်ဂဏန်းလောက်၏ အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်မှုကို သူက ချက်ချင်းဆိုသလို တစ်ဝက်နီးပါး ဖြေရှင်းပစ်နိုင်ခဲ့သည်။

ဒါ လူပဲလား။ သူက တကယ့်ကို ဘီလူးတစ်ကောင် မဟုတ်ဘူးလား။

တုန်လှုပ်ခြင်းသည် လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုဖြစ်ပြီး မယုံကြည်နိုင်ခြင်းက သူတို့၏ မသိစိတ်မှ ခံစားချက် ဖြစ်သည်။ ချူဟန် မည်သို့ လုပ်ဆောင်ခဲ့သည်ကို မည်သူမျှ မသိကြဘဲ ကြောင်တောင်တောင်သာ ကြည့်နေနိုင်ကြသည်။

မကြာသေးမီကမှ ချူဟန်ကို ငတုံးတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသော လူတစ်စုမှာလည်း မှင်သက်သွားကြသည်။ သူတို့၏ အမြင်အာရုံသည် အတိုင်းအတာတစ်ခုအထိ နိမ့်ကျနေပြီဖြစ်ကြောင်းကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤမျှလောက် စွမ်းအားကြီးမားသော သူတစ်ယောက်ကို ငတုံးဟု သတ်မှတ်ခဲ့ကြသည်လား။ သူတို့သာလျှင် အစစ်အမှန် ငတုံးများ ဖြစ်ကြပေမည်။

စူပါမားကတ်ထဲသို့ ဝင်မပုန်းဘဲ ကျန်ရစ်နေသော တစ်ဦးတည်းသောသူ ဖြစ်သည့် လီလန်ရှန်လည်း မှင်သက်သွားသည်။ ဝိုင်းရံပိတ်ဆို့မှုများကို ဖောက်ထွက်ပြီးနောက် အခြေအနေကို ပြောင်းပြန်လှန်ကာ ပြန်လည်သတ်ဖြတ်နေသော ချူဟန်ကို စိုက်ကြည့်နေမိပြီး ကြီးမားလှသော တိုက်ခိုက်ရေးစွမ်းအားက သူ့ကို အမြင်ကျယ်သွားစေသည်။

အရင်က ချန်ယွီဖေး၏ ဖိနှိပ်မှုကို အမြဲခံခဲ့ရပြီး အဆင့်(၂) ဆင့်ကဲပြောင်းလဲသူများမှာ မည်မျှအထိ စွမ်းအားကြီးမားကာ ကျော်လွန်၍မရကြောင်း သူ တွေးထင်ခဲ့မိသည်မှာ အလကားပင် ဖြစ်သည်။ ယခု ချူဟန်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ ထိုကွာဟချက်မှာ မိုးနှင့်မြေလို ဖြစ်နေသည်။ အလွန်အမင်း စွမ်းအားကြီးမားသည်ဟု ဆိုကြသော အဆင့်(၂) ဆင့်ကဲပြောင်းလဲသူများသည် ချူဟန်၏ အရှေ့တွင် လုံးဝ အမှိုက်များသာ ဖြစ်သည်။

ချူဟန်၏ ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည်နှင့် လုံးဝ တူညီလှသည်။

မျက်စိရှေ့ရှိ ဇွန်ဘီအုပ်ကြီး၏ အရေအတွက်မှာ ပို၍ပို၍ နည်းပါးလာပြီး အန္တရာယ် မပေးနိုင်သလောက် ဖြစ်နေပြီဖြစ်သည်။ အမြန်နှုန်း အစွမ်းကို အဆင့်(၂)သို့ အဆင့်မြှင့်တင်ပြီးနောက်တွင် သူ၏ မူလ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ကိုယ်ကာယစွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ အဆင့်(၂) ဇွန်ဘီများ၏ အမြန်နှုန်းမှာ အောက်ခြေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤတိရစ္ဆာန်ကောင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင်

ချူဟန်သည် အဆင့်(၁) ဇွန်ဘီများကို သတ်ဖြတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်ခြင်း မရှိလျှင်တောင်မှ ရှောင်တိမ်းပြီးနောက် ပြန်လည် တိုက်ခိုက်ရန်မှာ အလွန်အမင်း လုံလောက်နေပြီ ဖြစ်သည်။

အန္တရာယ်များ တဖြည်းဖြည်း ကင်းစင်သွားပြီ ဖြစ်သော်လည်း ဇွန်ဘီများကို အဆက်မပြတ် သတ်ဖြတ်နေသော ချူဟန်သည် ပေါ့ဆခြင်း မရှိပေ။ ဤဇွန်ဘီအုပ်ကြီး၏ နောက်ကွယ်တွင် ဘီလူးကြီးတစ်ကောင် ရှိနေသေးကြောင်းကို သူ မမေ့သေးပေ။ ဤမျှကြာအောင် တိုက်ခိုက်ပြီးနောက်တွင် ချူဟန်သည် တဖြည်းဖြည်း ပင်ပန်းနွမ်းနယ်လာသော်လည်း အဆင့်(၃) ဇွန်ဘီသည် ယခုတိုင် ပေါ်မလာသေးပေ။

ဗြစ်... ဗြစ်... ဗြစ်...

ဇွန်ဘီများသည် တစ်ကောင်ပြီးတစ်ကောင် အသတ်ခံရကာ ခုခံနိုင်စွမ်း မရှိတော့ပေ။ အချိန်များ တစ်မိနစ်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားပြီးနောက် ချူဟန်၏ မီးဖိုပြန်လည်မွမ်းမံခြင်းစနစ်ရှိ အမှတ်များမှာ တစ်ထောင့်လေးရာကျော်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဖြေရှင်းရန် ဇွန်ဘီအနည်းငယ်သာ ကျန်ရှိပြီး စူပါမားကတ် အပြင်ဘက်ရှိ ကွင်းပြင်တစ်ခုလုံးမှာ အလောင်းများ ပြည့်နှက်နေသော မြေပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

မြေပြင်တစ်ပြင်လုံးတွင် ဇွန်ဘီများ၊ မြေပြင်တစ်ပြင်လုံးတွင် အနက်ရောင်သွေးများ။

ချူဟန်သည် ကျန်ရှိနေသော နောက်ဆုံး ဇွန်ဘီအနည်းငယ်ကို ဆက်လက် ဖြေရှင်းရန် ရှေ့သို့ ပြေးထွက်သွားရန် ရည်ရွယ်လိုက်ချိန်မှာပင် သူ၏ ရှေ့သို့ပြေးနေသော လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ မျက်လုံးအစုံမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားသည်။

"ဒီကောင်တွေ ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"

အလွန်အမင်း အံ့သြသွားမှုကြောင့် ချူဟန်သည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်စိရှေ့ရှိ မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

ယခုအချိန်တွင် သူ၏ မျက်နှာချင်းဆိုင်ရှိ တစ်ထပ်အိမ်လေးတစ်ခု၏ ခေါင်မိုးပေါ်တွင် လူဆယ်ဂဏန်းလောက် ရပ်နေကြသည်။

မှန်သည်။ လူတွေဖြစ်သည်။ ဇွန်ဘီများ မဟုတ်ပေ။

ဤလူများအားလုံးသည် အနက်ရောင် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြပြီး သူတို့၏ ခန္ဓာကိုယ်များကို လုံခြုံစွာ ဖုံးကွယ်ထားကြသည်။ မျက်နှာကိုပင် မပေါ်စေဘဲ လက်တွင်လည်း အရေပြား တစ်စက်လေးမျှ မပေါ်စေရန် လက်အိတ်များကို ဝတ်ဆင်ထားကြသည်။

All Chapters