← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅) သန္ဓေပြောင်း လူသား

စူပါမားကတ်အတွင်းရှိ လူအများမှာ ချူဟန်တစ်ယောက် ဝိုင်းရံပိတ်ဆို့ခံထားရမှုမှ ဖောက်ထွက်သွားသည်ကိုမျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ အကြိမ်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ပြီးနောက်တွင် အလွန်အံ့သြဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ထိုဇွန်ဘီအုပ်ကြီးကို လမ်းစပျောက်သွားသည်အထိ ခုတ်ပိုင်းပစ်လိုက်သည်။ ထောင်ချီသော အဆင့်(၁) ဇွန်ဘီများနှင့် ရာချီသော အဆင့်(၂) ဇွန်ဘီများသည် ချူဟန်၏ တစ်ဆင့်ချင်းစီ တန်ပြန်ချေမှုန်းမှုမှသည် နောက်ဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအောက်တွင် အားလုံးအသက်မဲ့သွားကြပြီး မြေပြင်တစ်ခွင်လုံး အလောင်းကောင်များအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။

လုံးဝကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခြင်းပင် ဖြစ်သည်။ သူတို့ ရင်မဆိုင်ရဲခဲ့သည့် ဇွန်ဘီအုပ်ကြီး၊ မျှော်လင့်ချက်လေးများ လင်းလက်လာချိန်တွင် တစ်ကြိမ်ပြီးတစ်ကြိမ် လက်လျှော့ခဲ့ရသည့် ဇွန်ဘီအုပ်ကြီးမှာ ယခုအချိန်တွင် ချူဟန်၏ အရှေ့၌ ဘာမှမဟုတ်တော့ပေ။

သူတို့၏ အသိအမြင်များကို ပြောင်းပြန်လှန်ပစ်နိုင်လောက်သည်အထိ စွမ်းအားကြီးမားလွန်းလှသည်။

ချူဟန်၏ ရုတ်တရက် ခြေလှမ်းရပ်တန့်သွားမှုကြောင့် အဝေးမှ ပြေးလာကာ ဝမ်းသာအားရ အော်ဟစ်အောင်ပွဲခံချင်နေသော လီလန်ရှန်သည် တစ်ခုခု မှားယွင်းနေကြောင်းကို သတိထားမိသွားသည်။ ချက်ချင်းပင် ပါးစပ်ကိုပိတ်ကာ လက်နက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး လီလန်ရှန်သည် ချူဟန်၏ အကြည့်နောက်သို့ စိုးရိမ်တကြီး လိုက်ကြည့်လိုက်သည်။ ထိုခေါင်မိုးပေါ်ရှိ လူဆယ်ဂဏန်းလောက်ကို မြင်လိုက်ရသောအခါ သူသည်လည်း ချူဟန်ကဲ့သို့ပင် ချက်ချင်း ထိတ်လန့်သွားခဲ့သည်။ သို့သော် သူနှင့် ချူဟန်တို့၏ ထိတ်လန့်ရသည့် အကြောင်းရင်းမှာ လုံးဝ မတူညီပေ။ သူသည် ဤလူများက မည်သူနည်း၊ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသနည်းဆိုသည်ကိုသာ အံ့သြနေခြင်း ဖြစ်သည်။

ချူဟန်ကတော့ သူ၏ ရင်ထဲတွင် တကယ့်ကို လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ အလွန်အမင်း တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။

ဒီလိုကိုး၊ ဒီလိုဖြစ်နေတာကိုး။

အရေပြားတစ်လက်မမျှပင် မပေါ်အောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသူများမှာ သူတို့ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

ဒီဇွန်ဘီတွေက ဒီလောက်အထိ အစီအစဉ်တကျနဲ့ စည်းစည်းလုံးလုံး ဖြစ်နေတာ အံ့သြစရာတော့ မဟုတ်တော့ဘူးပဲ။ သာမန် အဆင့်(၃) ဇွန်ဘီတွေက ဉာဏ်ရည်မြင့်မားနေတာကို အံ့သြနေခဲ့တာ မဆန်းတော့ပေ။ ပဟေဠိများအားလုံးက ချက်ချင်း ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ ပျောက်ဆုံးသွားသော လူသားအဖွဲ့များ၊ လူများကို ထောင်ချောက်ထဲသို့ ဆွဲသွင်းသည့် အစီအစဉ်များ၊ ဇွန်ဘီအုပ်ကြီးကို လှုပ်ရှားစေမှုများ။

တကယ်တော့ ဒါတွေအားလုံးက အဆင့်(၃) ဇွန်ဘီ မဟုတ်ဘဲ မျက်စိရှေ့ကကောင်တွေ လုပ်နေတဲ့ လုပ်ရပ်တွေပဲ ဖြစ်သည်။

ချူဟန်သည် လက်ထဲရှိ ရှူရာပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ အားသုံးလွန်းမှုကြောင့် လက်သည်းများပင် ဖြူရော်လာပြီ သူ၏ မျက်နှာအမူအရာမှာလည်း အလွန်အမင်း တည်ကြည်နေသည်။

ပြဿနာကြီးနဲ့ ရင်ဆိုင်ရပြီပဲ။

စူပါမားကတ်ထဲရှိ လူများအားလုံးသည်လည်း ချက်ချင်း မှင်သက်သွားကြပြီး မကြာသေးမီကမှ အားရပါးရ သတ်ဖြတ်နေခဲ့သော်လည်း ယခုအချိန်တွင် ရုတ်တရက် ရပ်တန့်ကာ မလှုပ်မရှားဖြစ်နေသော ချူဟန်ကို နားမလည်နိုင်စွာ ကြည့်နေကြသည်။

"ဘာဖြစ်တာလဲ"

"ဘာလို့ ဆက်မသတ်တော့တာလဲ… ဇွန်ဘီ ဆယ်ကောင်ကျော်လောက် ကျန်သေးတယ်လေ"

"မသိဘူး… သွားကြည့်ရအောင်"

အသေပိတ်ထားသော စူပါမားကတ်၏ တံခါးကြီးကို ထပ်မံဖွင့်လိုက်ကြပြီး လူတစ်စုသည် သတိကြီးစွာဖြင့် စူပါမားကတ် အပြင်ဘက်သို့ ထွက်လာကြသည်။ ချူဟန်၏ မျက်နှာချင်းဆိုင် မလှမ်းမကမ်းရှိ ခေါင်မိုးပေါ်တွင် ရပ်နေသော အနက်ရောင် ဝတ်ရုံရှည်များနှင့် လူဆယ်ဂဏန်းလောက်ကို မြင်လိုက်ရသောအခါ အံ့သြမှုနှင့်အတူ ထူးဆန်းကျောချမ်းဖွယ် ခံစားချက်များ ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။

ဒီလူတွေက ဘယ်သူတွေလဲ။ ဘာလို့ ဒီလောက်တောင် ထူးထူးဆန်းဆန်းတွေ ဝတ်ဆင်ထားရတာလဲ။

မိနစ်ပေါင်းများစွာကြာအောင် စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေမှုက ချူဟန်နှင့် ထိုအနက်ရောင်ဝတ်ရုံရှင်များ ကြားတွင် ဖြစ်ပေါ်နေသည်။ နှစ်ဖက်စလုံး မည်သူကမျှ အရင်စတင်၍ စကားမပြောကြပေ။ ဤထူးဆန်းသော မြင်ကွင်းကြောင့် ပြေးထွက်လာကြသော လူများနှင့် စိုးရိမ်တကြီးဖြင့် ဘေးတွင် ရပ်နေသော လီလန်ရှန်တို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

လက်ကောက်ဝတ်ကို အနည်းငယ် လှည့်လိုက်ပြီး ချူဟန်သည် လက်ထဲရှိ ရှူရာပုဆိန်ကို အသင့်ပြင်ထားလိုက်သည်။ အကယ်၍ ဤတိုက်ပွဲက ရှောင်လွှဲ၍မရဘူးဆိုလျှင် သူ အမှန်တကယ်ပဲ ဒီနေရာမှာ သေဆုံးရတော့မည်ဟု ခန့်မှန်းမိသည်။

ချူဟန်၏ လှုပ်ရှားမှုကို ဤအနက်ရောင်ဝတ်ရုံရှင်များ မြင်တွေ့သွားကြသည်။ အတော်ကြာပြီးနောက် သူတို့ထဲမှ မည်သူမှန်းမသိသူ တစ်ယောက်က ခပ်ဖွဖွ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"စွမ်းအားကြီးမားတဲ့ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူပဲ"

"ဒီကောင့်အသားက သေချာပေါက် အရသာရှိမှာပဲ"

"လူသားတွေက အကုန်လုံး အရသာအတူတူပါပဲ… ဒါပေမဲ့ သူ့ရဲ့ နှလုံးက စွမ်းအင် ဘယ်လောက်တောင် ရှိမလဲဆိုတာကိုတော့ မသိဘူး"

စကားသုံးခွန်းလုံးက တစ်ခွန်းထက်တစ်ခွန်း ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ အနောက်ဘက်တွင် မှင်သက်နေကြသော လူအားလုံးက သူတို့ နားကြားမှားသွားသည်ဟုသာ ထင်မှတ်နေကြသည်။ ဒီလူတွေက ချူဟန်ကို အစားအစာတစ်ခုအနေနဲ့ သတ်မှတ်နေကြတာလား။

ချူဟန်၏ မျက်လုံးများထဲရှိ လေးနက်တည်ကြည်မှုမှာ ပို၍ နက်ရှိုင်းလာသည်။ သူ၏ မျက်စိရှေ့ရှိ ဤအနက်ရောင်ဝတ်ရုံရှင်များကို အရင်ဘဝတွင် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ဤလူများတွင် ဇွန်ဘီများနှင့် လူသားများ၏ အပြင်ဘက် သီးခြားတည်ရှိနေသော အခေါ်အဝေါ်တစ်ခု ရှိသည်။

သန္ဓေပြောင်း လူသား။

သူတို့က မျိုးဗီဇပြောင်းလဲသွားသော လူသားသစ်များ ဖြစ်ကြပြီး ကမ္ဘာမြေ၏ စွန့်ပစ်ခြင်းခံရသော်လည်း အလွန်အမင်း စွမ်းအားကြီးမားသော လူတစ်မျိုး ဖြစ်ကြသည်။ သို့မဟုတ် နတ်ဆိုးများဟု ခေါ်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ သန္ဓေပြောင်း လူသားများသည် လူသားများမှ ပြောင်းလဲလာခြင်း ဖြစ်သော်လည်း သူတို့အထဲတွင် ဆင့်ကဲပြောင်းလဲသူ သို့မဟုတ် စွမ်းရည်မြှင့်တင်သူဟူ၍ မရှိပေ။ အဆင့်(၁) သန္ဓေပြောင်း လူသား သို့မဟုတ် အဆင့်(၂) သန္ဓေပြောင်း လူသားဟူသော တိုက်ခိုက်ရေးစွမ်းအား ခွဲခြားသတ်မှတ်မှု ရှိသော်လည်း သူတို့၏ စွမ်းရည်များကတော့ ထူးခြားကွဲပြားကြသည်။

သန္ဓေပြောင်း လူသားများ၏ စွမ်းရည်မှာ ဇွန်ဘီများကို ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သည်။

သူတို့၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်၍ သူတို့၏ အရေပြားကို မြင်ဖူးသူတိုင်း သေဆုံးသွားကြပြီဟု ကောလာဟလများ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သန္ဓေပြောင်း လူသားများသည် လူသားများ၏ အသွင်အပြင်၊ ဉာဏ်ရည်နှင့် မှတ်ဉာဏ်များ ပိုင်ဆိုင်ထားခြင်းမှလွဲ၍ ကျန်အခြားသောအရာများတွင် ဇွန်ဘီများနှင့် အလွန်အမင်း တူညီနေသောကြောင့် ဖြစ်သည်။

သူတို့၏ အရေပြားများမှာ ဇွန်ဘီများကဲ့သို့ပင် လူသားတို့၏ အရေပြားများ မဟုတ်တော့ပေ။ သူတို့၏ သွားများမှာလည်း ဇွန်ဘီများကဲ့သို့ ချွန်ထက်ကာ အစီအစဉ်မကျတော့ပေ။ သူတို့၏ လက်သည်းများသည် ပို၍ ရှည်လျားလာပြီး ဇွန်ဘီများနှင့် တူလာကြသည်။

ဘာကြောင့်လဲဆိုတော့…

သူတို့က လူသားစားကြလို့ပဲ။

လူတစ်ယောက်က လူသားအသားကို စားလိုက်သည်နှင့် တစ်ပြိုင်နက် တဖြည်းဖြည်း သန္ဓေပြောင်း လူသားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သန္ဓေပြောင်း လူသားတစ်ယောက် ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ဆင့်ကဲပြောင်းလဲမှု သို့မဟုတ် စွမ်းရည်မြှင့်တင်မှု စွမ်းအားများကို နောက်ထပ် ရရှိနိုင်တော့မည် မဟုတ်ပေ။ စမ်းသပ်မှု ကျောက်နံရံထဲသို့လည်း ဝင်ရောက်၍မရတော့ဘဲ စွမ်းအား အဆင့်သတ်မှတ်ချက်ကိုလည်း ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။ သူတို့ကို လူသားဟု ခေါ်ဆို၍ မရနိုင်တော့ဘဲ လူသားများနှင့် ဇွန်ဘီများကြားရှိ သက်ရှိသတ္တဝါများအဖြစ်သာ သတ်မှတ်ရမည် ဖြစ်သည်။

လူသား၊ ဇွန်ဘီ၊ သန္ဓေပြောင်း လူသား။

၎င်းတို့က အနာဂတ်ကာလ၏ ကြီးမားသော အင်အားစုကြီး သုံးခု ဖြစ်သည်။

ဤဘဝတွင် ပထမဆုံးအကြိမ် တွေ့ခဲ့ရသည့် လူစားသော အသက်ရှင်ကျန်ရစ်သူ၊ အဲဒီတုန်းက ချူဟန် ကိုယ်တိုင် သတ်ဖြတ်ခဲ့တဲ့ ရှောင်ယွန်းဖေး၊ နောက်ပိုင်းမှာလည်း ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရတဲ့ လူများကို ပြန်တွေးကြည့်မိလိုက်သည်။ ချူဟန်သည် အသက်ရှင်ကျန်ရစ်သူများနှင့် တွေ့ဆုံတိုင်း လူသားကို လုံးဝ မစားဖို့ အမြဲတမ်း အလေးအနက်ထား ပြောဆိုခဲ့သည်။

လူသားကို စားခြင်းက မျှော်လင့်မထားသော စွမ်းရည်များကို ရရှိနိုင်သော်လည်း ဤကမ္ဘာမြေ၏ စွန့်ပစ်ခြင်းကို ခံရကာ လူလိုလို သရဲလိုလို ဖြစ်သွားစေသည်။ ထို့ကြောင့် သူတို့သည် အနက်ရောင် ဝတ်ရုံရှည်များကို ဝတ်ဆင်ကာ လူသားများကြားထဲတွင် သွားလာရင်း မိမိကိုယ်ကို ဖုံးကွယ်ထားကြသည်။ သန္ဓေပြောင်း လူသားများသည် အဆင့်တက်ချင်ပါက လူသားအသားများကို အဆက်မပြတ် စားသောက်ရမည် ဖြစ်သည်။

ဤစူပါမားကတ်၏ ထူးဆန်းမှုများအားလုံးက ချက်ချင်း ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ ပျောက်ဆုံးသွားသော အသက်ရှင်ကျန်ရစ်သူများအားလုံးမှာ ဤသန္ဓေပြောင်း လူသားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အစားအစာအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဇွန်ဘီအုပ်ကြီး ထိန်းချုပ်ခံထားရခြင်းမှာလည်း အဖြေထွက်သွားပြီ ဖြစ်သည်။ မျက်စိရှေ့ရှိ ဤလူများထဲတွင် အဆင့်(၂) သန္ဓေပြောင်း လူသားများ ရှိနေပြီး သူတို့သည် ရာချီသော အဆင့်(၂) ဇွန်ဘီများကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။ ဤအဆင့်(၂) သန္ဓေပြောင်း လူသား၏ စွမ်းအားကြီးမားမှုက စိတ်ကူးကြည့်၍ မရနိုင်ပေ။ ဖြစ်နိုင်သည်မှာ အဆင့်(၂) သန္ဓေပြောင်း လူသား တစ်ယောက်တည်း ရှိနေသည် မဟုတ်တာလည်း ဖြစ်နိုင်သေးသည်။

ချူဟန်၏ စိတ်ထဲရှိ ခံစားချက်များက ပို၍ အေးစက်လာကာ အသေအကြေ တိုက်ခိုက်ရန် အသင့်ပြင်ထားချိန်တွင် မျက်နှာချင်းဆိုင် ခေါင်မိုးပေါ်ရှိ အလယ်တည့်တည့်တွင် ရပ်နေသော သန္ဓေပြောင်း လူသားတစ်ယောက်က ရုတ်တရက် စကားပြောလာသည်။

"မင်းက ချူဟန်လား"

သူ၏ အသံမှာ အလွန်နုပျိုနေပြီး အထက်တန်းစားတစ်ယောက်၏ ဩဇာအာဏာနှင့် အေးစက်မောက်မာမှုများ ပါဝင်နေသည်။

"လမ်းတွေကွေ့ကောက်နေပေမဲ့ မင်းနဲ့ ငါ ဆုံတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

ချူဟန်၏ မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ဒီအသံက...

"ချူဟန်… ဒီနာမည်ကို ငါ မှတ်မိတယ်"

ထိုအချိန်တွင် ဘေးနားရှိ သန္ဓေပြောင်း လူသားတစ်ယောက်က ဖြည်းညင်းစွာ အသံထွက်လာသည်။

"အဆင့်(၁)ဝင်ပေါက် ဇယားမှာ ပထမနေရာ၊ အကဲဖြတ်စမ်းသပ်မှု ရလဒ်က S+… အခုကြည့်ရတာတော့ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီပဲ… အဆင့်တက်တာ မမြန်ပေမဲ့ စွမ်းအားကတော့ ကြောက်စရာပဲ"

ထိုလူ၏ စကားကို ကြားပြီးနောက် ချူဟန်၏ မျက်လုံးထဲရှိ အေးစက်သော အလင်းတန်းများက စူးရှသွားသည်။ စူပါမားကတ်ထဲမှ ထွက်လာကြသော ကျန်ရှိသည့် အသက်ရှင်ကျန်ရစ်သူများကတော့ အဆက်မပြတ် ခေါင်းညိတ်နေကြသည်။ ယင်းက အမှန်တကယ်ပင် ချူဟန်၏ အချက်အလက်များ ဖြစ်သည်။ ကြည့်ရသည်မှာ ချူဟန်သည် လုံးဝ နာမည်ကြီး တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အခြားသူများကို တုံ့ပြန်ရန် အချိန်မပေးဘဲ ထိုသန္ဓေပြောင်း လူသားက ဆက်ပြောသည်။

"ချူဟန်က ထုံမြို့ သေမင်းမြို့တော် တိုက်ပွဲထဲက ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခုကို ကွပ်ကဲခဲ့ဖူးတယ်။ လူခုနစ်ရာတောင် မပြည့်တဲ့ အရေအတွက်နဲ့ တစ်သောင်းရှစ်ထောင်ရှိတဲ့ ဇွန်ဘီအုပ်ကြီးကို ချေမှုန်းပစ်ခဲ့တာပဲ။ အံ့သြစရာကောင်းတာက ဒီတိုက်ပွဲမှာ စစ်သားတစ်ယောက်မှ အသေအပျောက် မရှိခဲ့ဘူး။ ဒီလူရဲ့ ကွပ်ကဲမှုစွမ်းရည်က အလွန်ထူးချွန်ပြီး အင်မတန် အားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတယ်။ သူက သာမန် အသက်ရှင်ကျန်ရစ်သူ အများအပြားကိုလည်း သူ့လက်အောက်ကို သိမ်းသွင်းထားပြီး အလွန်မြင့်မားတဲ့ စည်းလုံးညီညွတ်မှုနဲ့ အုပ်ချုပ်ကွပ်ကဲမှုစွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်"

ထိုစကားများ တစ်ခွန်းပြီးတစ်ခွန်း ထွက်ပေါ်လာသည်နှင့်အမျှ စူပါမားကတ်၏ အပြင်ရောအထဲပါ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။ လီလန်ရှန်၏ ပါးစပ်မှာ ဘဲဥတစ်လုံး ဆံ့လောက်သည်အထိ ဟသွားပြီး ကျန်ရှိသော အသက်ရှင်ကျန်ရစ်သူများအားလုံးမှာ မှင်သက်သွားကြသည်။

လူခုနစ်ရာနဲ့ တစ်သောင်းရှစ်ထောင်ရှိတဲ့ ဇွန်ဘီအုပ်ကြီးကို ရင်ဆိုင်ခဲ့တယ်ပေါ့။ စစ်သားတစ်ယောက်မှ အသေအပျောက် မရှိဘဲ ချေမှုန်းပစ်ခဲ့တယ်ပေါ့။ ချေမှုန်းပစ်တယ်ဆိုတာက ဘာသဘောလဲ။ အကုန်လုံး သတ်ပစ်လိုက်တာလား။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

မယုံကြည်နိုင်လောက်သော ကိန်းဂဏန်း ကွာဟချက်များက သူတို့၏ မျက်စိရှေ့တွင် ပေါ်လာသောအခါ လူအားလုံး မှင်သက်သွားကြပြီး ချူဟန် အမှန်တကယ် မည်သို့ လုပ်ဆောင်ခဲ့သည်ကို လုံးဝ စိတ်ကူးမယဉ်နိုင်အောင် ဖြစ်နေကြသည်။

အခန်း (၂၀၆) မင်းက တကယ်တော့ ဘယ်ကရောက်လာတာလဲ

ချူဟန်၏ အချက်အလက်များကို ရင်းနှီးကျွမ်းဝင်သော ထိုသန္ဓေပြောင်း လူသား၏ အသံတွင် အံ့သြချီးကျူးမှု တစ်စိတ်တစ်ပိုင်း ပါဝင်လာသည်။

"ချူဟန်ရဲ့ လက်အောက်မှာ စွမ်းရည်မြင့်မားတဲ့ လက်ထောက်တစ်ယောက် ရှိသေးတယ်...သူ့နာမည်က ချန်ရှောက်ရယ်တဲ့၊ စွမ်းရည်မြှင့်တင်သူ တစ်ယောက်ပဲ.... ဒီလူကလည်း အလွန် စွမ်းအားကြီးမားတယ်... စွမ်းရည်က ဘာလဲဆိုတာ မသိရသေးပေမဲ့ သူက ပစ်မှတ်ကို ၁၀၀ ရာခိုင်နှုန်း မှန်ကန်အောင် ပစ်ခတ်နိုင်တဲ့ သေနတ်သမားကောင်း တစ်ယောက်လို့ ဆိုကြတယ်...လွန်ခဲ့တဲ့ အချိန်ကာလတုန်းက ချန်ရှောက်ရယ်ကို ဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ အများအပြားက အလုအယက် လိုချင်နေခဲ့ကြတယ်လို့ ကြားတယ်... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှောက်ရယ်လို့ ခေါ်တဲ့ ဒီလို ကောင်းကင်ဘုံကိုတောင် အန်တုနိုင်တဲ့ စွမ်းရည်မြှင့်တင်သူက ချူဟန်အပေါ်ကို သစ္စာရှိတယ်... ပြီးတော့ လူအများအပြားရဲ့ ရှေ့မှောက်မှာ ဒီဘဝမှာ ချူဟန် တစ်ယောက်တည်းကိုပဲ သစ္စာခံမယ်လို့ ကျိန်ဆိုခဲ့သေးတယ်.... ဒီအတွက်ကြောင့် ဒုဗိုလ်ချုပ်ကြီး ရာထူးကိုတောင် စွန့်လွှတ်ခဲ့သေးတယ်တဲ့"

ဤစကားများ ဆုံးသွားပြီးနောက် မိနစ်ပေါင်းများစွာ ကြာသည်အထိ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားပြီး အတန်ကြာပြီးနောက်မှာမှ ကျယ်လောက်တဲ့ အံ့သြသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

"ချန်ရှောက်ရယ်လား"

"အဆင့်(၂)ဝင်ပေါက် ဇယားပေါ်က တစ်ယောက်လား"

"ဟုတ်တယ်... သူက လက်ရှိအချိန်အထိ သိရသလောက်တော့ တစ်ဦးတည်းသော စွမ်းရည်မြှင့်တင်သူပဲ.... ဒါတောင်မှ ချန်ရှောက်ရယ်က အဆင့်(၁)ဝင်ပေါက် ဇယားရဲ့ နံပါတ်(၂)နေရာမှာ ရပ်တည်ခဲ့ဖူးလို့ လူတွေက သတိထားမိသွားကြတာပဲ"

"တရုတ်တစ်ပြည်လုံးမှာ သူတစ်ယောက်တည်းကပဲ စွမ်းရည်မြှင့်တင်သူ ဖြစ်နိုင်တယ်"

"စွမ်းရည်မြှင့်တင်သူတွေက ဆင့်ကဲပြောင်းလဲသူတွေထက် အဆပေါင်းများစွာ ပိုပြီး စွမ်းအားကြီးမားတယ်လို့ ကြားဖူးတယ်....ဆင့်ကဲပြောင်းလဲသူနဲ့ လုံးဝကို မတူဘဲ အထူးစွမ်းရည်တွေ ရှိတယ်တဲ့"

"ဒါပေါ့....အဲ့ကောင်က အဆင့်(၂)ကို ဝင်ရောက်ပြီးတာနဲ့ ဇယားရဲ့ နံပါတ်(၁) နေရာကို တက်သွားခဲ့တာပဲ"

"ပြီးတော့ သူက တစ်ဦးတည်းသော S အဆင့် အကဲဖြတ်ချက် ရလဒ်ကို ရရှိထားတာလေ... နံပါတ်(၂) နေရာက လူဆိုရင် B အဆင့်ပဲ ရှိပြီး A အဆင့်တောင် မဟုတ်ဘူး"

"ကွာဟချက်က အရမ်းများလွန်းပါတယ်ကွာ"

လူအားလုံးသည် တစ်ယောက်တစ်ပေါက်နှင့် ပြင်းထန်စွာ ဆွေးနွေးပြောဆိုနေကြသည်။ ချန်ရှောက်ရယ်သည် ယခုအခါ တရုတ်တစ်ပြည်လုံး၏ နာမည်ကြီးပုဂ္ဂိုလ် ဖြစ်နေပြီး အမှန်တကယ်ပင် သူ့ကို မသိသူ မရှိသလောက်ပင် ဖြစ်သည်။ သူသည် အဆင့်(၂)နှင့် ၎င်းအောက်ရှိ ဆင့်ကဲပြောင်းလဲသူအားလုံး၏ စံပြပုဂ္ဂိုလ် ဖြစ်သည်။ ချန်ရှောက်ရယ်ဟူသော စကားလုံး သုံးလုံးနှင့် ပတ်သက်၍ ပြောစရာအကြောင်းအရာများ အလွန်များပြားလှသည်။

လူအားလုံး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် မည်သူက ပြောလိုက်မှန်းမသိသော အသံတစ်သံက တိုးတိတ်စွာ ထွက်ပေါ်လာသည်။

"ဒါပေမဲ့ ချန်ရှောက်ရယ်က ချူဟန် တစ်ယောက်တည်းကိုပဲ သစ္စာခံထားတာ"

ဆွေးနွေးပြောဆိုနေမှုများမှာ ရုတ်တရက် ရပ်တန့်သွားပြီး တစ်ခဏအတွင်း တိတ်ဆိတ်သွားသည်။ ထို့နောက် လူအားလုံး၏ အကြည့်များသည် ချူဟန်အပေါ်သို့ ချက်ချင်း ကျရောက်သွားကြပြီး သူတို့၏ အကြည့်များထဲရှိ ရှုပ်ထွေးသော ခံစားချက်များကို ဖော်ပြရန် ခက်ခဲလှသည်။

ချူဟန်သည် စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်သော်လည်း၊ အဆင့် (၂)ဝင်ပေါက် ဇယားတွင် နံပါတ် (၁) နေရာ၌ ရပ်တည်နေသည့် ချန်ရှောက်ရယ်ထက် သာလွန်နိုင်လိမ့်မည်ဟု မထင်ရပေ။

သို့သော်လည်း လူအားလုံးကို လေးစားကြည်ညိုစိတ်များ ဖြစ်ပေါ်စေခဲ့သော ချန်ရှောက်ရယ်၊ ဤမျှလောက် စွမ်းအားကြီးမားသော လူတစ်ယောက်၊ စစ်တပ်တွင် ဒုဗိုလ်ချုပ်ကြီး အဆင့်နှင့် ညီမျှသော ရာထူးနေရာကို ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်တစ်ယောက်က ချူဟန် တစ်ယောက်တည်းကိုသာ သစ္စာခံထားသည်။

တကယ်ကို အံ့သြတုန်လှုပ်စရာ ကောင်းလွန်းလှသည်။

လီလန်ရှန်သည် တွေဝေသွားပြီး မိမိ၏ ဇာတိမြို့တူ မိတ်ဆွေကိုပင် မမှတ်မိတော့သလို ဖြစ်သွားသည်။ ချန်ရှောက်ရယ်၏ နာမည်ကြီးမှုသည် အဆင့်(၂) ဇယားသို့ တက်လှမ်းပြီးကတည်းက လူအများကြားတွင် အလွန် ရေပန်းစား နေခဲ့သည်။ ချူဟန်က ဘယ်လိုလုပ်ပြီး ချန်ရှောက်ရယ်လို စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်မျိုးကို သိနေရတာလဲ။ သူ့လက်အောက်ကိုတောင် သိမ်းသွင်းထားသေးတယ်တဲ့လား။

ချူဟန်နှင့်ပတ်သက်၍ အလွန်အမင်း နားလည်ထားပုံရသော ထိုသန္ဓေပြောင်း လူသားက ထပ်မံ၍ စကားပြောလာသည်။ ဤတစ်ကြိမ်တွင် သူ၏ လေသံထဲ၌ သံသယများ သိသိသာသာ ပါဝင်နေသည်။

"ချူဟန်က ရှန်ကျင်းအခြေစိုက်စခန်းက အရေးပါတဲ့လူတွေနဲ့ ပတ်သက်နေပြီး အဆက်အသွယ် အရမ်းကောင်းတာ ရှန်ကျင်းဒေသရဲ့ အသက်အငယ်ဆုံး ဗိုလ်မှူးချုပ် ရှန်ကျိုတီက သူ့ကို သဘောကျနေရုံတင်မကဘူး၊ ပိုင်ယွန့်အာကတောင် ချူဟန်ကို ကာကွယ်ပေးချင်တဲ့ပုံစံမျိုး တစ်ခါမက ပြဖူးသေးတယ်လေ"

ဤစကားထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးမှာ ချက်ချင်းဆိုသလို ပွက်လောညံသွားတော့သည်။

"ဘုရားရေ...ရှန်ကျိုတီလား...ပိုင်ယွန့်အာဟုတ်လား"

"သူတို့က ငါ့တို့ရဲ့ နတ်ဘုရားမလေးတွေလေ"

"ရှန်ကျိုတီက အဆင့်(၁)ဝင်ပေါက် ဇယားရဲ့ ထိပ်ဆုံး သုံးနေရာကို ရောက်ပြီးကတည်းက ဗိုလ်မှူးချုပ် ဖြစ်သွားပြီလေ... အသက်က နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်။ သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေက အလွန်အမင်း ဆွဲဆောင်မှုရှိပြီး မျက်နှာလေးကလည်း အရမ်းကို လှပပြီး ညှို့ဓာတ်ပြင်းတယ်လို့ ပြောကြတယ်"

" သူမက တရုတ်တစ်ပြည်လုံးမှာ အသက်အငယ်ဆုံး ဗိုလ်မှူးချုပ် ဖြစ်နေတာပဲ.... ပြီးတော့ ချူဟန်ကို သဘောကျနေတာလား"

"ငါတော့ အသည်းကွဲပါပြီ"

"ဟား...ကုန်ပါပြီကွာ"

ရှန်ကျိုတီကို ချစ်ခင်နှစ်သက်သူများ ရင်ဘတ်ထုပြီး ခြေဆောင့်ကာ ခေါင်းပြေးဆောင့်၍ သေချင်စိတ် ပေါက်နေကြချိန်တွင် အသံတစ်သံက တိုးတိတ်စွာ ထပ်မံထွက်ပေါ်လာသည်။

"ပိုင်ယွန့်အာလား... ဟို ပိုင်ယွန့်အာများ ဖြစ်နေမလား... သူမက ချူဟန်ကို ကာကွယ်ပေးတဲ့တစ်ယောက်လေ"

"အဆင့်(၃) ဝင်​ပေါက် ဇယားပေါ်က ပိုင်ယွန့်အာလား"

"၁၇ နှစ်အရွယ် ကောင်မလေးကို ပြောတာလား"

"၁၇ နှစ်အရွယ်နဲ့တင် အဆင့်(၃) ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီလား.... သွားပြီ...ဒီလူတွေ အစွမ်းထက်ချက်ကတော့ လက်လန်တယ်..."

"ကြားရတဲ့ သတင်းတေအရ ပိုင်ယွန့်အာနဲ့ ရှန်ကျိုတီရဲ့ အလှအပက သိပ်မကွာဘူးတဲ့...ဒါပေမဲ့ စတိုင်လ်ချင်းတော့ မတူဘူးလို့ ပြောကြတာပဲ"

"ပိုင်ယွန့်အာကကော ဘယ်လိုလုပ်ပြီး ချူဟန်နဲ့ ပတ်သက်နေရတာလဲ"

ထိုနောက်ဆုံးစကားတစ်ခွန်းကြောင့် ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီး၏ အကြည့်များမှာ ချူဟန်ထံသို့ တစ်ဖန် ပြန်လည်ကျရောက်သွားတော့သည်။ ဤတစ်ကြိမ်တွင် လူအားလုံးမှာ တုန်လှုပ်နေကြရုံသာမကဘဲ အမျိုးမျိုးသော အားကျမှု၊ မနာလိုမှုနှင့် မုန်းတီးမှုများကိုပါ ခံစားနေရသည်။ ချန်ရှောက်ရယ် ကို အညံ့ခံအောင် လုပ်နိုင်ခဲ့သည်မှာပင် သာမန်ထက် လွန်ကဲနေပြီ ဖြစ်သည်။ သို့ပါလျက်နှင့် နိုင်ငံ၏ နတ်ဘုရားမများဟု တင်စားရသော မိန်းမချော နှစ်ဦးကပါ သူ့ကို အဘယ်ကြောင့် မျက်နှာသာ ပေးနေရသနည်း။ ထို့အပြင် ထိုနတ်ဘုရားမ နှစ်ဦးစလုံးမှာ အလှပြသက်သက် မဟုတ်ကြပေ။ နှစ်ဦးစလုံးသည် ထူးကဲသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ နောက်ခံအဆင့်အတန်းများမှာလည်း အံ့မခန်း မြင့်မားလှသည်။

ချူဟန်... မင်းက ဘယ်လို လျှို့ဝှက်စွမ်းရည်တွေများ သုံးထားတာလဲ။

လီလန်ရှန် မှာ အသိစိတ်များ လွတ်ထွက်သွားသကဲ့သို့ ဘာမျှ မတွေးတောနိုင်တော့ပေ။ ပိုင်ယွန့်အာ နှင့် ရှန်ကျိုတီ။ ကျောက်နံရံကြီး၏ အဆင့်သတ်မှတ်ချက်ကို သိထားသော အသက်ရှင်ကျန်ရစ်သူတိုင်း သူတို့နှစ်ဦး၏ နာမည်ကို မကြားဖူးသူ မရှိပေ။ သတင်းအချက်အလက် ကျယ်ပြန့်သူများဆိုလျှင် သူတို့နှစ်ယောက်၏ ပုံတူပန်းချီကားများကိုပင် ရှာဖွေသိမ်းဆည်းထားကြသည်။ ချူဟန်က ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သိကျွမ်းနေရတာလဲ။ ထို့ထက်ပို၍ အံ့သြစရာကောင်းသည်မှာ ထိုအစွမ်းထက် အမျိုးသမီးနှစ်ဦးက ချူဟန်အပေါ် စိတ်ဝင်စားနေသည့် အရိပ်အယောင်များ ပြသနေခြင်းပင် ဖြစ်သည်။

တစ်မြို့တည်းသား သူငယ်ချင်းဖြစ်သူမှာ မယုံနိုင်လောက်အောင်ပင် အဆင့်အတန်း မြင့်မားသွားခဲ့ပြီ ဖြစ်သည်။

ဘေးနားရှိ ရှုဝမ်ယန် တစ်ယောက်လည်း မှင်သက်သွားလေသည်။ အစောပိုင်းက ချူဟန် ပြောခဲ့သော ငါ မျက်စိမကန်းဘူး ဟူသော စကားကို သူမ ရုတ်တရက် သတိရသွားပြီး မူးဝေသွားသလို ခံစားလိုက်ရသည်။ ရှုဝမ်ယန်မှာ ပြင်းထန်သော နောင်တတရားများဖြင့် ပူလောင်နေတော့သည်။ ရှန်ကျိုတီ ၊ ပိုင်ယွန့်အာ တို့နှင့် ယှဉ်လိုက်လျှင် သူမကိုယ်သူမ အလွန် သိမ်ငယ်သွားမိသည်။ အကယ်၍ ချူဟန်သာ သူမအပေါ် စိတ်ဝင်စားခဲ့ပါက ချူဟန် မျက်လုံးကန်းနေမှသာ ဖြစ်နိုင်လိမ့်မည်။

"ချူဟန် ဆိုတဲ့လူက ကိုယ့်လူဆို အရမ်း အလိုလိုက်တတ်တဲ့သူပဲ"

ရှေ့ပြေးအရိပ်အယောင် ဘာမှမရှိဘဲ သန္ဓေပြောင်း လူသားက ရုတ်တရက် စကားစလိုက်သည်။

"တစ်ခါတုန်းက သူ့အဖွဲ့ထဲက ကောင်မလေးတစ်ယောက်ကို ကယ်ဖို့အတွက်နဲ့ စစ်တပ်အထက်ပိုင်းက သားဖြစ်သူကို သတ်ပစ်ခဲ့ဖူးတယ်… ဒါတင်မကသေးဘူး... ဗိုလ်ချုပ် အဆင့်ရှိတဲ့ အဖေဖြစ်သူရဲ့ ခေါင်းကိုပါ ဖြတ်ပစ်ခဲ့သေးတယ်… သူကတော့ အကြောက်တရားကို ကိုယ်စားပြုနေတဲ့ အန္တရာယ်အများဆုံး လူတစ်ယောက်ပဲ"

ထိုသန္ဓေပြောင်း လူသားက မည်သည့် အရိပ်အယောင်မှ မရှိဘဲ စကားပြောလိုက်ပြီး ဤနေရာသို့ ရောက်သောအခါ သူကိုယ်တိုင်ပင် မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်သည်။

"ချူဟန် နဲ့ ပတ်သက်နေတဲ့ လူကြီးပိုင်းတွေက ဒီလောက်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူး…ဒါပေမဲ့ ငါတို့ရဲ့ သတင်းကွန်ရက်ကလည်း အကန့်အသတ် ရှိတယ်… လက်ရှိ အတည်ပြုလို့ရထားတာကတော့ ဒီလောက်ပဲ ရှိသေးတယ်"

ထိုစကားကို ကြားလိုက်ရသော အသက်ရှင်ကျန်ရစ်သူများမှာ လုံးဝ ဒူးထောက် အရှုံးပေးချင်စိတ် ပေါက်သွားကြသည်။ အခုချက်ချင်းပင် ချူဟန် ရှေ့၌ ဒူးထောက်ကာ သူတို့ကို ကာကွယ်ပေးရန် တောင်းဆိုချင်နေကြသည်။

အစ်ကိုကြီးရယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ လွန်လွန်းနေပြီ မဟုတ်ဘူးလား။

ချန်ရှောက်ရယ် ရဲ့ ဆရာ ဖြစ်လာတာရော၊ ရှန်ကျိုတီ နဲ့ ပိုင်ယွန့်အာ တို့ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တာကိုပါ ထားလိုက်ပါတော့။ အခြေအနေအရ လက်ခံပေးလို့ ရသေးတယ်။

ဒါပေမဲ့ စစ်တပ်ရှေ့မှာတင် ဗိုလ်ချုပ်ကို သတ်ပစ်ခဲ့တာလား။ ဒါတောင် အပြစ်ပေးမခံရဘူးဆိုတော့... နောက်မနေပါနဲ့ကွာ၊ သူ သေချာပေါက် တစ်ခုခုကို အသုံးချထားတာပဲ ဖြစ်ရမယ်။

တောက်… မင်း တကယ်ပဲ ဖြတ်လမ်းစွမ်းအားတွေ မသုံးထားဘူးဆိုတာ သေချာရဲ့လား။

လက်ရှိအချိန်တွင် အသက်ရှင်ကျန်ရစ်သော စစ်သားတစ်ယောက်မှာ မည်မျှ တန်ဖိုးကြီးမားကြောင်းကို လူတိုင်း သိထားကြသည်။ သို့သော်လည်း ချူဟန် သည် ဗိုလ်ချုပ် အဆင့်ရှိသော လူတစ်ယောက်ကို လွယ်လွယ်ကူကူပင် သတ်ပစ်ခဲ့သည်။

ဒီချူဟန်က တကယ်တော့ ဘယ်ကရောက်လာတဲ့သူလဲ။

"တောင်းပန်ပါတယ် ချူဟန်… ခင်ဗျား ဒါတွေကို ဘယ်လို လုပ်ခဲ့တာလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပေးပါ"

လူတစ်ယောက်သည် မနေနိုင်တော့ဘဲ ချူဟန်၏ အရှေ့သို့ တိုက်ရိုက် ပြေးဝင်သွားကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ထူးခြားတယ် ဆိုတာတောင်မှ အကန့်အသတ် ရှိသင့်တယ် မဟုတ်ဘူးလား။ ဘာတွေကို ဘယ်လိုများ လုပ်လိုက်လို့ အခုလောက်ထိ အစွမ်းထက်နေရတာလဲ"

လီလန်ရှန်လည်း နားမလည်နိုင်အောင်ဖြစ်သွားသည်။ သူက ချူဟန်၏ အခြေအနေကို အသိဆုံး ဖြစ်သည်။ စစ်သေနာပတိချုပ်၏ မွေးစာသားဆိုသည်မှာ ဘာသောက်ရေးမပါတဲ့ စကားတွေလဲ။

လူအုပ်ကြီးက ဆူညံပွက်လောရိုက်ကာ ရူးသွပ်မတတ် ဖြစ်နေချိန်တွင် သန္ဓေပြောင်း လူသားက ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ သူ၏ အသံထဲတွင် သိသာထင်ရှားသော သံသယများ ရောယှက်နေလေသည်။

“စုံစမ်းထားချက်တွေအရ ချူဟန် က ဒီနှစ်မှ အသက်နှစ်ဆယ် ပြည့်တာ အရင်က မင်ချိုးမြို့ မှာ နေတဲ့ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားလေး တစ်ယောက်ပဲ... ဒါက ငါတို့ လက်လှမ်းမီသလောက် ရထားတဲ့ သတင်းအချက်အလက်တွေ အားလုံးပဲ"

သာမန် တက္ကသိုလ် ကျောင်းသားတစ်ယောက်၊ အသက်က နှစ်ဆယ်တဲ့လား။

ဆက်တိုက် ပေါ်ထွက်လာသော သူ၏ ထူးခြားအံ့မခန်းသော လုပ်ရပ်များ။ ထို့နောက် နောက်ဆုံး၌ ထုတ်ဖော်လိုက်သည့် အလွန် ဆန့်ကျင်ဘက်ဖြစ်နေသော သူ၏ ကိုယ်ရေးရာဇဝင်။

ထိုနေရာတွင် ရှိနေသူအားလုံးမှာ အလွန်တရာ တုန်လှုပ်သွားကြသဖြင့် တစ်ခဏမျှ စကားပင် မပြောနိုင်တော့ပေ။

အောက်ခြေလူတန်းစားမှ အဆင့်အတန်း မြင့်မားလာသူများကို သူတို့ မြင်ဖူးခဲ့ကြသည်။

သို့သော် ယခုကဲ့သို့ အသိအမြင်များကို ရိုက်ချိုး

ဖျက်ဆီးပစ်နိုင်လောက်သော တဟုန်ထိုး တက်လမ်းမျိုးကို မည်သူတစ်ဦးတစ်ယောက်ကမျှ မမြင်ခဲ့ဖူးချေ။

All Chapters