← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇) ငါက မင်းထက် ပိုပြီး ဗိုလ်ကျတယ်

ဆက်တိုက် ထွက်ပေါ်လာသော အံ့မခန်း သတင်းများကြောင့် ထိုနေရာရှိ လူအားလုံးမှာ ဦးနှောက်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသကဲ့သို့ မူးဝေသွားကြသည်။ သူတို့၏ အသိအမြင်များ အလုံးစုံ ပြိုလဲသွားခဲ့လေပြီ။

ကမ္ဘာပျက်ကပ် ရောက်ရှိလာခဲ့သည်မှာ နှစ်လခွဲသာ ရှိသေးသည်။ အရာအားလုံးက လမ်းကြောင်းမှန်ပေါ် မရောက်သေးဘဲ စမ်းတဝါးဝါး ဖြစ်နေဆဲပင်။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက် စနစ် ပေါ်လာသည်မှာလည်း မကြာသေးပေ။ သို့ပါလျက်နှင့် ချူဟန် က မည်သို့မည်ပုံ ဤမျှ ကြောက်စရာကောင်းသော လူစွမ်းကောင်းများနှင့် သိကျွမ်းနေပြီး ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်သည့် ကိစ္စကြီးများကို အကြိမ်ကြိမ် လုပ်ဆောင်နိုင်ခဲ့သနည်း။

အံ့သြမှင်တက်နေသော အသက်ရှင်ကျန်ရစ်သူများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ချူဟန် သည် အစမှအဆုံးတိုင်အောင် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။ လက်ထဲတွင် ဆုပ်ကိုင်ထားသော ရှူရာပုဆိန် ၏ အနေအထားမှာ အနည်းငယ်မျှ ဟာကွက်မရှိပေ။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ အမြင့်ဆုံး အဆင့်ရှိသော သတိပေးချက်များ မြည်ဟည်းနေတော့သည်။

'သန္ဓေပြောင်း လူသား'

သူတို့သည် လူသားများနှင့် ဇွန်ဘီများကြားတွင် ရှင်သန်နေထိုင်သော မျိုးနွယ်တစ်စု ဖြစ်သည်။ ဇွန်ဘီများ ပြည့်နှက်နေသော မြို့ပြများဆီသို့ ဝင်ရောက်သွားလျှင် အတိုက်ခိုက်မခံရဘဲ အေးဆေးစွာ သွားလာနိုင်ကြသည်။ အဝတ်အစား ဝတ်ဆင်ထားသရွေ့ ဇာတိရုပ် မပေါ်မချင်း သာမန် လူသားများနှင့် လုံးဝ ခွဲခြား၍ မရနိုင်ပေ။

အနည်းဆုံးတော့ ဤအစောပိုင်းကာလတွင် သန္ဓေပြောင်း လူသားများ၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို သိရှိသူမှာ မရှိသလောက် ရှားပါးလှသည်။ သို့သော် နောင်တစ်ချိန်တွင် အသက်ကို ပဓာနမထားသော လူဆိုးလူမိုက် အများအပြားသည် သန္ဓေပြောင်း လူသားများထံသို့ သူတို့၏ အသက်ကို ဝမ်းမြောက်ဝမ်းသာ ရောင်းချကြလိမ့်မည်။ ထို့နောက် သူတို့၏ အစေခံအဖြစ် ခံယူကာ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် လူသားများကို အမဲလိုက်ခြင်းများ လုပ်ဆောင်လာကြမည် ဖြစ်သည်။

ထိုထူးခြားချက်များကြောင့် သူတို့သည် လျှို့ဝှက်စွမ်းရည်များ အသုံးပြုထားသကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်နေသော မျိုးနွယ်စုကြီး နှစ်ခုကြားတွင် လွတ်လပ်စွာ သွားလာနိုင်ကြသည်။ လူသားများကို အဆက်မပြတ် ဖမ်းဆီးစားသောက်နေသည့် တစ်ချိန်တည်းမှာပင် သတင်းအချက်အလက် အကြွယ်ဝဆုံးသော အင်အားစုတစ်ရပ်လည်း ဖြစ်နေပြန်သည်။ လူသားများ၏ ဆက်သွယ်ရေးနည်းလမ်းများကို နားလည်သလို သူတို့နှင့် အဆင့်တူ သို့မဟုတ် အဆင့်နိမ့် ဇွန်ဘီများကိုလည်း ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။ ဇွန်ဘီ အင်အားစုထဲတွင်ဖြစ်စေ၊ လူ့အဖွဲ့အစည်းထဲတွင်ဖြစ်စေ သူတို့သည် အခက်အခဲမရှိ ဝင်ဆံ့နိုင်ကြသည်။

သို့သော် ချူဟန် အတွက် လုံးဝ မျှော်လင့်မထားသည်မှာ ဤသန္ဓေပြောင်း လူသားများက စောစီးစွာ ဖြန့်ကျက်လာလိမ့်မည် ဟူသောအချက်ပင် ဖြစ်သည်။ ဤမျှ အချိန်တိုအတွင်း မိမိ၏ အချက်အလက်များကို အသေးစိတ် သိရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့၏ သတင်းစုဆောင်းနိုင်မှု အမြန်နှုန်းမှာ အံ့မခန်းဟုသာ ဆိုရမည် ဖြစ်သည်။

'အသက်ရှင်ကျန်ရစ်သူ စခန်းတွေထဲမှာ သူတို့ရဲ့ သူလျှိုတွေ ဝင်ရောက်နေပြီလား'

အကယ်၍ ဟုတ်ခဲ့ပါက အလွန် ဆိုးရွားသော သတင်းဆိုးကြီးပင် ဖြစ်သည်။ သန္ဓေပြောင်း လူသားများသည် ဇွန်ဘီများနည်းတူ လူသားများနှင့် လုံးဝ အတူယှဉ်တွဲ နေထိုင်၍ မရနိုင်သော၊ သေသည်အထိ သတ်ဖြတ်ရမည့် မျိုးနွယ်များ ဖြစ်သည်။ သူတို့က လူသားတို့၏ အသားကို စားကြသည်။ လူသားတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော သတ္တဝါမျိုးကို မည်သို့ လွှတ်ထားပေးနိုင်မည်နည်း။ တွေ့သည်နှင့် တစ်ကောင်မကျန် သတ်ပစ်ရန်သာ ရှိတော့သည်။

ချူဟန် ၏ မျက်ဝန်းများတွင် ကိန်းအောင်းနေသော ရန်လိုမှုနှင့် အေးစက်သော အလင်းရောင်များမှာ အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။ မျက်နှာချင်းဆိုင် ခေါင်မိုးပေါ်တွင် ရပ်နေသော အနက်ရောင် ဝတ်ရုံရှင်များမှာ စူပါမားကတ် အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများကို မျိုးနွယ်တူများဟု တစ်စက်ကလေးမျှ သဘောမထားကြပေ။ သူတို့အတွက် လူသားများဆိုသည်မှာ ဆင့်ကဲပြောင်းလဲရန်အတွက် စွမ်းအင် မျှသာ ဖြစ်သည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံရှင် အုပ်စု၏ အလယ်ဗဟို၌ ရပ်နေသော သန္ဓေပြောင်း လူသားက တစ်ဖန် စကားစလိုက်သည်။

"မင်းနဲ့ ဒီလောက် ရေစက်ပါလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ချူဟန်... မင်းရဲ့ သတင်းတွေကို ကြားနေရတာ ကြာပြီ"

စကားပြောဆိုပုံက ယဉ်ကျေးသယောင် ရှိသော်လည်း သူ၏ လေသံမှာ အလွန်တရာ မောက်မာလှသည်။ ဤလောကရှိ အရာအားလုံးကို မိမိ၏ ခြေအောက်တွင် တွားသွားနေသော ပုရွက်ဆိတ်များပမာ အထင်သေးစွာ ကြည့်နေခြင်း ဖြစ်သည်။ ထိုအသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ချူဟန် မှာ ကြက်သီးမွေးညင်းများ ထသွားတော့သည်။ လူတစ်ယောက်၏ နာမည်က သူ၏ ခေါင်းထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်လာခဲ့သည်။

"ငါ့နာမည်က မုယဲ့… မင်း သိချင်မှ သိလိမ့်မယ်"

ချူဟန် အစိုးရိမ်ဆုံးဖြစ်နေသော ထိုသန္ဓေပြောင်း လူသားက ထပ်မံ အသံထွက်လာခြင်း ဖြစ်သည်။ ချူဟန် ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားသည်။

'ထင်တဲ့အတိုင်း မုယဲ့ ပဲ'

"ချူဟန်"

စောစောက ချူဟန် ၏ ကမ္ဘာပျက်ကပ်အတွင်းမှ စွမ်းဆောင်ရည်များကို ပြောပြနေခဲ့သော အမျိုးသားက ရယ်မောကာ လှမ်းပြောလိုက်သည်။

"ငါတို့အဖွဲ့ထဲ ဝင်ဖို့ စိတ်ဝင်စားလား… မင်း မျှော်လင့်မထားတဲ့ အကျိုးအမြတ်တွေ ရလိမ့်မယ်"

ဖိတ်ခေါ်တာလား။

ချူဟန် တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

လက်ရှိအချိန်တွင် သန္ဓေပြောင်းလူသားများမှာ သူတို့၏ လျှို့ဝှက်ချက်များကို ချူဟန် သိထားပြီးဖြစ်ကြောင်းကို လုံးဝ မရိပ်မိကြသေးချေ။ မိမိကို စွမ်းအင်တစ်ခုအဖြစ် စားသောက်ကာ ဆင့်ကဲပြောင်းလဲရန်အတွက် အသုံးချရန် အကြံအစည်လည်း ရှိကောင်းရှိနိုင်သော်လည်း ပို၍ ကောင်းမွန်သော နည်းလမ်းမှာ ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်သည်။ သူတို့၏ အစေခံအဖြစ် အသုံးချရန် ဖြစ်သည်။

ဆင့်ကဲပြောင်းလဲသူများကို လက်အောက်ခံအဖြစ် ထားရှိနိုင်ပါက အနာဂတ်တွင် ပိုမိုများပြားသော အရင်းအမြစ်များကို ရယူရာ၌ အလွန်ကြီးမားသော အသာစီးမှုကို ရရှိမည် ဖြစ်သည်။

အရာအားလုံးက အကျိုးအကြောင်း ဆီလျော်နေသည်။ ဤလူများက လူသားအသားကို အသေအလဲ စားသောက်ကာ အဆင့်တက်ရန်သာ သိသော အခြားသန္ဓေပြောင်း လူသားများနှင့် မတူညီကြပေ။ အကြောင်းမှာ သူတို့၏ ခေါင်းဆောင်မှာ မုယဲ့ ဖြစ်နေသောကြောင့် ဖြစ်သည်။

ငါးကြီးကြီးရဖို့ ငါးစာရှည်ရှည်ချထားခြင်းပင် ဖြစ်သည်။ သန္ဓေပြောင်း လူသား ဖြစ်သည် ဟူသော လူသားတို့ လက်မခံနိုင်သည့် အချက်တစ်ချက်ကို ဖယ်လိုက်ပါက မုယဲ့ သည် ဉာဏ်ပညာပိုင်းတွင်ရော၊ နည်းဗျူဟာပိုင်းတွင်ပါ ယုံမှားသံသယဖြစ်ဖွယ်မရှိ အလွန် ထူးချွန်သော တည်ရှိမှုတစ်ခုပင် ဖြစ်သည်။ သို့သော် မည်မျှပင် ထူးချွန်နေပါစေ သူသည် သန္ဓေပြောင်း လူသား တစ်ယောက်၏ ရက်စက်မှုကို ပိုင်ဆိုင်ထားပြီး အတိတ်ဘဝက လူသားများအပေါ် ကြီးမားသော ဘေးအန္တရာယ်ကြီး ကျရောက်စေခဲ့သည့် တရားခံ ဖြစ်သည်ဟူသော အမှန်တရားမှာတော့ လုံးဝ ပြောင်းလဲသွားမည် မဟုတ်ပေ။

"ဆောရီးပဲ"

ချူဟန် က မျက်ဝန်းနက်နက်ထဲမှ ခံစားချက်များကို ဖုံးကွယ်ထားကာ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"မင်းတို့အကြောင်းကို ငါ ဘာမှ မသိဘူး"

ရှောင်လွှဲနိုင်သော တိုက်ပွဲဆိုလျှင် ရှောင်လွှဲသင့်ပေသည်။ ချူဟန် ကိုယ်တိုင်လည်း တိုက်ခိုက်ရေးစွမ်းရည် မသိရသေးသော သန္ဓေပြောင်း လူသား အုပ်စုကို တစ်ယောက်တည်း ရင်ဆိုင်နိုင်လောက်အောင် အထင်မကြီးလှပေ။ ဤအထဲတွင် အဆင့်(၂) ရောက်နေသော သန္ဓေပြောင်း လူသား မည်မျှ ပါဝင်သည်ကို မသိနိုင်သလို ကီလိုမီတာ အနည်းငယ်အကွာ၌ ဇွန်ဘီအုပ်ကြီးများ ပုန်းကွယ်နေခြင်း မရှိဟုလည်း တပ်အပ် မပြောနိုင်ပေ။

"မင်း ငါ့ကို မသိတာ ကိစ္စမရှိဘူး …ငါ မင်းကို သိနေရင် ရပြီ"

ချူဟန် ၏ စိတ်ထဲမှ တွေးတောနေမှုများကို မသိနိုင်သော မုယဲ့ က တိုက်ရိုက်ပင် ပြောချလိုက်သည်။

"ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်… အခု မင်းက ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး… အခု

ချက်ချင်းပဲ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်… သေမလား... ဒါမှမဟုတ် ငါ့အတွက် အလုပ်လုပ်ပေးမလား"

ဤမျှ တဲ့တိုးဆန်ပြီး အထက်စီးဆန်လွန်းသော အပြုအမူသည် မုယဲ့ ဆိုသော လူ၏ စရိုက်လက္ခဏာ အစစ်အမှန်ပင် ဖြစ်သည်။ သေချာပေါက် သူ့တွင် ထိုသို့ လုပ်နိုင်လောက်သော အခြေအနေ ရှိနေသည်။ ချူဟန် ကဲ့သို့ အဆင့်(၂) သာ ရောက်ရှိသေးသော ဆင့်ကဲပြောင်းလဲသူ တစ်ဦးကို ရင်ဆိုင်ရာတွင် မုယဲ့ ကဲ့သို့သော အဆင့်အတန်းရှိသူ တစ်ဦးအနေဖြင့် တကူးတက ညှိနှိုင်းဆွေးနွေးနေရန် မလိုအပ်ပေ။

တစ်ခုက သေဖို့၊ နောက်တစ်ခုက သူ့အတွက် အသက်စွန့် အလုပ်လုပ်ပေးဖို့။

ချူဟန် ၏ လက်များက ရှူရာပုဆိန် ၏ အရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ အတိတ်ဘဝက အလွန်တရာ ဆင်တူနေသော မှတ်ဉာဏ်တစ်ခုက ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ ထိုအရာသည် ချူဟန် တစ်ယောက် အသက်ရှင်ကျန်ရစ်သူ စခန်းကြီးများမှ နှင်ထုတ်ခံရကာ လူသားအားလုံး၏ စွန့်ပယ်ရှုတ်ချခြင်းကို ခံရမည့် အစပျိုး မှတ်ဉာဏ်တစ်ခုလည်း ဖြစ်သည်။

နောင်တစ်ချိန်တွင်တော့ မုယဲ့ကို ထူးခြားထင်ရှားလှသော ဂုဏ်ပုဒ်တစ်ခုဖြင့် ခေါ်ဝေါ်ကြလိမ့်မည်။ နောင်လာမည့်ခေတ်များ၌ သူသည် သန္ဓေပြောင်းလူသား ဧကရာဇ် ဟူသော အမည်ကို ပိုင်ဆိုင်လာမည့်သူဖြစ်ပြီး... သန္ဓေပြောင်းလူသားများအားလုံး၏ အရှင်သခင် ဘုရင်တစ်ပါးပင် ဖြစ်ပေသည်။

ကြီးမားသော ဖိအားများက ချူဟန် ၏ စိတ်ထဲတွင် ပြင်းထန်စွာ ထွက်ပေါ်လာသည်။ အတိတ်ဘဝ၏ ဆယ်နှစ်တာ ကမ္ဘာပျက်ကပ် ကာလအတွင်း ပိုင်ယွန့်အာ သည် လူသားဘက်ခြမ်းမှ လူသား လက်နက် တစ်ခု ဖြစ်ခဲ့မည်ဆိုလျှင် မုယဲ့ သည် သန္ဓေပြောင်း လူသားများဘက်ခြမ်းမှ သန္ဓေပြောင်းလူသား ဧကရာဇ် ဖြစ်ခဲ့သည်။ ထိုစဉ်က သူတို့နှစ်ဦးနှင့် ရင်ပေါင်တန်းကာ ချီးကျူးခံရသူ အနည်းငယ် ရှိခဲ့သော်လည်း အားလုံးမှာ ဒေသတစ်ခုကို လွှမ်းမိုးအုပ်ချုပ်နိုင်သော ဘုရင်များသာ ဖြစ်ကြပြီး လက်တစ်ဖက်တည်းဖြင့် အရာအားလုံးကို လွှမ်းမိုးခြယ်လှယ်နိုင်လောက်သော ခွန်အားကြီးမားသူများ ဖြစ်ကြသည်။

"ဟိဟိဟိ"

ထိုအချိန်တွင် သန္ဓေပြောင်း လူသား အုပ်စု၏ အစွန်ဆုံး၌ ရပ်နေသူ တစ်ဦးက ကျောချမ်းဖွယ်ကောင်းသော အသံဖြင့် ရယ်မောလိုက်သည်။

" ငါကတော့ အာပေါက်ခံပြီး ပြောမနေဘဲ ဖမ်းလိုက်တာ အကောင်းဆုံးလို့ မြင်တယ်"

မိန်းမလျာ တစ်ယောက်ကဲ့သို့ ထူးခြားလှသော ထိုအသံကို ကြားလိုက်ရချိန်တွင် ချူဟန် မှာ စိတ်ထဲ၌ ထပ်မံ အံ့အားသင့်သွားရပြန်သည်။

'ဟင်... အဲဒီကောင်ပါ ပါနေတာလား'

"စကားများလိုက်တာ"

မုယဲ့ ၏ လေသံမှာ ယခင်ကအတိုင်း အေးတိအေးစက် နိုင်လှသော်လည်း ထိုအသံထဲတွင် ကျောချမ်းသွားစေမည့် အေးစက်မှုများ ကိန်းအောင်းနေသည်။ စောစောက ကျောချမ်းဖွယ် အသံပိုင်ရှင်မှာ ချက်ချင်းပင် နှုတ်ဆိတ်သွားပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ပေ။

ချူဟန် စိတ်ထဲမှ ခါးသက်စွာ တွေးလိုက်မိသည်။

‘တောက်... အတိတ်ဘဝတုန်းက မုယဲ့ရဲ့ အင်အားစုတွေ ကြောက်ခမန်းလိလိ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး… ဒီလို အစောပိုင်းကာလမှာတင် အဲဒီကောင်ကို သူ့လက်အောက် သိမ်းသွင်းနိုင်ခဲ့တာကိုး’

နာမည်ရင်းက ဝမ်ယွီတု ။ သို့သော် လူသားများက သူ့ကို မိန်းမလျာ ဟုသာ ခေါ်ဝေါ်ကြသည်။ အကြောင်းမှာ သူ၏ ဇာတိရုပ်သည် ယောက်ျားလား၊ မိန်းမလား ဆိုသည်ကို မည်သူကမျှ မသိကြသောကြောင့် ဖြစ်သည်။ ရက်စက်မှု အပိုင်းတွင် မုယဲ့ ထက်ပင် သာလွန်သေးပြီး ကလေးသူငယ်များ၏ အသားကို၊ အထူးသဖြင့် မိန်းကလေးငယ်များ၏ အသားကို စားရသည်ကို နှစ်သက်သည်။ သူ၏ စွမ်းရည်မှာလည်း လုံးဝ လျစ်လျူရှု၍ မရနိုင်လောက်အောင် ကြောက်စရာကောင်းသော အဆင့်တွင် ရှိနေသည်။

"အဖြေပေးဖို့ အဲဒီလောက် စဉ်းစားနေဖို့ လိုလို့လား"

အထင်သေးစွာ ငုံ့ကြည့်ရင်း မုယဲ့ က အလျင်လိုခြင်း မရှိဘဲ စကားစလိုက်သည်။ သို့သော် သူ၏ စကားလုံးများထဲတွင် လုံးဝ ဥပေက္ခာပြု၍ မရနိုင်လောက်အောင် ဖိအားများ ပြည့်နှက်နေသည်။

"မင်းရဲ့ ထက်မြက်တဲ့ အာရုံခံနိုင်စွမ်းနဲ့ဆို ငါတို့ ဘယ်လောက် အစွမ်းထက်လဲဆိုတာ စောစောကတည်းက ရိပ်မိနေလောက်ပြီ မဟုတ်လား"

ချူဟန်နှင့် ဤလူစု၏ စကားပြောဆိုမှုများကို ကြားနေရသော ဘေးနားရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ ထူးဆန်းကျောချမ်းဖွယ် ခံစားချက် တစ်ချို့ကို ခံစားလိုက်ကြရပြီး အန္တရာယ်ရှိသည့် ခံစားချက်များကလည်း မပျောက်ကွယ်သွားဘဲ သူတို့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရစ်ဝဲနေတော့သည်။

လီလန်ရှန်မှာ မည်သို့လုပ်ရမည်ကို မသိအောင် စိုးရိမ်ပူပန်နေပြီး သူ၏ အလိုအလျောက် သိစိတ်က သူ့ရှေ့မှ ဤအနက်ရောင်ဝတ်ရုံရှင်များမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှကြောင်း ပြောနေသည်။

ချူဟန် ၏ ကျောပြင်ကို ကြည့်ရင်း လူအများအပြားမှာ စိုးရိမ်ပူပန်မှုများ လွှမ်းမိုးလာကြသည်။ ချူဟန် ၏ တင်းမာနေသော အမူအရာကို ကြည့်ပါက အခြေအနေ မည်မျှ ဆိုးရွားနေသည်မှာ ရှင်းလင်းလှသည်။ သေမလား၊ အညံ့ခံမလား ရိုးရှင်းပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုးနည်း။

အသက်ရှင်ကျန်ရစ်သူများ အလွန်အမင်း တင်းမာမှုကြောင့် ထိတ်လန့်တုန်လှုပ်လုနီးပါး ဖြစ်သွားချိန်တွင် ချူဟန် က ခါးကို မတ်လိုက်သည်။ လုံးဝ အသံကျယ်ကြီး မဟုတ်သော်လည်း တိတ်ဆိတ်နေသော ထိုနေရာ၌ သူ၏ အသံက ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။

"ငါ မသေချင်သေးဘူး"

ချူဟန် က ထိုသို့ ပြောလိုက်သည်။

"အရမ်းကောင်းတယ်"

မျက်နှာကို ဖုံးကွယ်ထားသော မုယဲ့ က ကျေနပ်သွားဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။

"ဒါဆိုရင်တော့..."

"ဒါပေမဲ့ ငါက ဘယ်သူ့ကိုမှ အညံ့မခံဘူး"

ချူဟန် က မောက်မာဝင့်ကြွားသော အမူအရာဖြင့် မုယဲ့ ၏ စကားကို ဖြတ်ပြောလိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။

"ပိုဆိုးတာက မင်းတို့လို မျိုးမစစ်ကောင် တွေဆီမှာပေါ့ကွာ"

ချူဟန်၏ နောက်ဆုံး စကားလုံးများ ထွက်ပေါ်လာမှုနှင့်အတူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အလွန်တရာ အားကောင်းလှသော အရှိန်အဝါကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုအရာက ကမ္ဘာပျက်ကပ် ဆယ်နှစ်တာ ကာလအတွင်း ရုန်းကန်လှုပ်ရှားခဲ့ရပြီး နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာပြီးနောက်ရှိ အဆုံးမဲ့ မာနတရားပင် ဖြစ်သည်။

မုယဲ့ ... မင်းက မောက်မာတယ်ဆိုရင်...

ငါက မင်းထက် ပိုပြီး မောက်မာပြမယ်။

အခန်း (၂၀၈) သူက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ

ချူဟန်၏ စကားကြောင့် လူအားလုံး မှင်သက်သွားကြပြီး ထိုသန္ဓေပြောင်းလူသားထဲမှ အချို့မှာ သူတို့ နားကြားမှားသွားသည်လားဟုပင် သံသယဝင်ကာ နားကို ကလော်ထုတ်ချင်စိတ်များပင် ဖြစ်ပေါ်လာကြသည်။

စောစောက ချူဟန် ဘာပြောလိုက်တာလဲ။

သူက မုယဲ့ကို မျိုးမစစ်ကောင် လို့ ဆဲလိုက်တာလား။

ဘုရားရေ။

ထိုနေရာရှိ သန္ဓေပြောင်းလူသားအားလုံးသည် ချူဟန်ကို သေဒဏ်ပေးရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။ ဤလူက တကယ်ကို ရဲတင်းလွန်းသည်။

ဘေးပတ်လည်တွင် ကြောက်လန့်တကြားဖြစ်ကာ ပုန်းကွယ်နေကြသည့် အသက်ရှင်ကျန်ရစ်သူများမှာလည်း မှင်သက်သွားကြသည်။ အနက်ရောင်ဝတ်ရုံရှင်များ၏ အတင်းအဓမ္မ ဖိအားပေးမှုက လူများကို အထင်အမြင်သေးရာ ရောက်သော်လည်း ချူဟန်က မျိုးမစစ်ကောင် ဟု ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်လိမ့်မည်ဟု သူတို့ အမှန်တကယ် မျှော်လင့်မထားခဲ့ကြပေ။ ဤကဲ့သို့သော ပြန်လည်တုံ့ပြန်မှုက တကယ်ကို အာဏာပြရာ ကျလွန်းသည်။

" ခုနက မင်း ဘာပြောလိုက်တာလဲ"

မုယဲ့၏ အမူအရာတစ်ခုလုံးက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ အလွန်အားကောင်းလှသော စွမ်းအင် လှိုင်းဂယက်ကြီးတစ်ခုက တစ်ခဏအတွင်းမှာပင် ရိုက်ခတ်ပျံ့နှံ့လာတော့သည်။

ဝုန်း…

ပေါက်ကွဲထွက်လာသည့် တစ်ခဏအတွင်း မုယဲ့၏ အရှိန်အဝါမှာ ကြီးမားလှသော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်အထိ အစွမ်းထက်လွန်းလှသဖြင့် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များပင် တစ်ခဏအတွင်း လွင့်ပျံသွားတော့သည်။

ရှုပ်ထွေးနေသော ခြေသံများ ချက်ချင်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများမှာ ထိတ်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။ စွမ်းအင်လှိုင်းကြောင့် လွင့်ထွက်သွားခြင်း မဟုတ်ဘဲ မုယဲ့၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားကြခြင်း ဖြစ်သည်။

ဤအချိန်တွင်မှ ဤအနက်ရောင်ဝတ်ရုံရှင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ အမှန်တကယ် ခံစားသိရှိသွားကြပြီး ၎င်းတို့ထဲမှ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ အနည်းငယ်မှာ အခံစားရဆုံး ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူများသည် သာမန်လူများ မခံစားနိုင်သော စွမ်းအင် လှိုင်းများကို ခံစားသိရှိနိုင်သည်။ မုယဲ့၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည့် တစ်ခဏအတွင်းမှာပင် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများ အားလုံး၏ စိတ်ထဲတွင် လှည့်ပြေးချင်စိတ်များ ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။

အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ အဲဒါက လုံးဝကို အနိုင်မယူနိုင်တဲ့ တည်ရှိမှုတစ်ခုပဲ။

လီလန်ရှန် တစ်ကိုယ်လုံး တုန်လှုပ်ချောက်ချားသွားသည်။ မကြာမီကမှ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်လာခဲ့သည့်တိုင် ဤစွမ်းအင်လှိုင်းများ၏ ကြောက်မက်ဖွယ်ကောင်းလောက်သည့် အတိုင်းအတာကိုမူ သူ လုံးဝ မှန်းဆ၍ မရနိုင်ခဲ့ပေ။ မခံမရပ်နိုင်လွန်းသဖြင့် ခေါင်းကိုပိုက်ကာ ဆောင့်ကြောင့်ပင် ထိုင်ချလိုက်ချင်စိတ် ပေါက်လာခဲ့သည်။

ကြောက်ရွံ့ထိတ်လန့်မှုဟူသော အရာသည် လူတိုင်း၏ ရင်ဘတ်အနက်ရှိုင်းဆုံးနေရာတွင် အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။

အနက်ရောင်ဝတ်ရုံများအောက်တွင် ဖုံးကွယ်ထားသော သန္ဓေပြောင်း လူသားများ၏ မျက်နှာများပေါ်၌ မျိုးစုံသော အမူအရာများ ဖြတ်ပြေးသွားသော်လည်း၊ အားလုံး၏ မျက်လုံးထဲတွင်တော့ လှောင်ပြောင်မှုနှင့် အထင်သေးမှုများက အထင်းသား ပေါ်လွင်နေသည်။ ထိုအထင်သေးမှုများ၏ ပစ်မှတ်မှာ အခြားသူမဟုတ်၊ ချူဟန် ပင်ဖြစ်သည်။

"ဒီကောင်တော့ သေချာပေါက် သေပြီပဲ။"

"မုယဲ့က ဒီလောက်အထိ ထွက်တာကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

သန္ဓေပြောင်း လူသားများ၏ တီးတိုးလှောင်ပြောင်သံများ မဆုံးမီမှာပင် ချူဟန်၏ ပြတ်သားသော အသံက ထပ်မံထွက်ပေါ်လာသည်။

"မျိုးမစစ်ကောင်လို့ ပြောတာ"

ဝုန်း။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် ချူဟန်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ မျက်နှာချင်းဆိုင်ရှိ မုယဲ့ထံသို့ အသေအကြေ တိုက်ခိုက်မည့်အဟုန်ဖြင့် ပြေးဝင်သွားသည်။ ထိုအချိန်မှာပင် ချူဟန်၏ လက်ထဲရှိ ရှူရာပုဆိန်သည် ပြင်းထန်စွာ တုန်ခါသွားပြီး အနက်ရောင် အလင်းတန်းများ တဖျပ်ဖျပ် လင်းလက်သွားသည်။

နောက်တစ်စက္ကန့်တွင် အရှိန်အဝါများက ပို၍ပို၍ အားကောင်းလာသည်။

ရွှပ်…

မြေပြင်ပေါ်တွင် သေဆုံးနေသော ဇွန်ဘီအလောင်းများမှ စီးဆင်းနေသည့် အမည်းရောင် သွေးအိုင်သည် ချက်ချင်း တုန်ခါသွားပြီးနောက် မြေဆွဲအားကို ဆန့်ကျင်ကာ အပေါ်သို့ ပြောင်းပြန် လွင့်တက်သွားပြီး မုယဲ့၏ ဖိအားကို အံတုရင်ဆိုင်လိုက်သည်။ သန္ဓေပြောင်း လူသားများကြားတွင် အံ့အားသင့်မှုများ ချက်ချင်း ပေါ်ပေါက်လာပြီး သူတို့၏ အကြည့်များမှာ တစ်ခဏအတွင်း လေးနက်လာကြသည်။

သန္ဓေပြောင်း လူသားများအားလုံးက ချူဟန်ကို အာရုံစိုက်လိုက်ကြသည်။ ယခုအချိန်မှသာ ချူဟန်သည် ကြောက်လန့်တကြား နောက်ဆုတ်သွားသော အခြားအသက်ရှင်ကျန်ရစ်သူများ၊ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများနှင့် လုံးဝမတူညီကြောင်း သူတို့ သတိထားမိလိုက်သည်။ ချူဟန်သည် အနက်ရောင်ပုဆိန်ကြီးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားပြီး မြေပြင်ပေါ်တွင် ကျောက်ဆောင်တစ်ခုသဖွယ် မားမားမတ်မတ် ရပ်နေသည်။ သူ၏ ပေါက်ကွဲထွက်လာသော အရှိန်အဝါများက မုယဲ့၏ စွမ်းအင်များကို ရင်ပေါင်တန်းနိုင်နေသည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ချူဟန်သည် မျိုးမစစ်ကောင် ဟူသော စကားလုံး နှစ်လုံးကို ဒုတိယအကြိမ် ထပ်မံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် သန္ဓေပြောင်း လူသားများအပေါ် အကြီးမားဆုံး စော်ကားမှုဖြစ်ကြောင်း သေချာလှသည်။

သန္ဓေပြောင်း လူသားဟု ခေါ်ဆိုခြင်းက နားထောင်ကောင်းသော်လည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းတို့သည် မျိုးမစစ်များသာ ဖြစ်သည်။ လူမမည် သရဲမမည် မျိုးမစစ်များသာ ဖြစ်သည်။

ကြောက်ရွံ့ထိတ်လန့်ကာ ထွက်ပြေးနေကြသော ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများ အားလုံးမှာ မှင်သက်သွားကြပြီး ဘာကိုမှ ဂရုမစိုက်သကဲ့သို့ နေရာတွင် ရပ်နေသော ချူဟန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ မုယဲ့ကဲ့သို့သော စွမ်းအားကြီးမားသည့် အရှိန်အဝါများကို ရင်ဆိုင်ရချိန်တွင် သူတို့မှာ မနေနိုင်ဘဲ ထွက်ပြေးချင်စိတ်များ ဖြစ်ပေါ်လာကြသော်လည်း ချူဟန်က နောက်ဆုတ်ခြင်း မရှိရုံသာမက တိုက်ခိုက်ရန်ပင် ရည်ရွယ်နေသည်။ ထို့အပြင် ဤကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ဝတ်ရုံရှင်များကို မျိုးမစစ်ကောင် ဟု ဆဲဆိုရန်ပင် ရဲတင်းနေသေးသည်။ ယင်းက ဒုတိယအကြိမ် ဖြစ်နေပြီဖြစ်သည်။

ယခုအချိန်တွင် မုယဲ့၏ စွမ်းအင် လှိုင်းများက ပို၍ စွမ်းအားကြီးမားသလား သို့မဟုတ် ချူဟန်၏ စွမ်းအင် လှိုင်းများက ပို၍ စွမ်းအားကြီးမားသလားဆိုတာကို သူတို့ မခွဲခြားနိုင်တော့ပေ။ သူတို့၏ အဆင့်အတန်းအရ ဤစွမ်းအင်လှိုင်းများ မည်မျှအထိ စွမ်းအားကြီးမားသည်ကို လုံးဝ မခံစားနိုင်အောင် ဖြစ်နေသည်။

မုယဲ့သည် အခြားစကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ သူ၏ တစ်ကိုယ်လုံးတွင် ရစ်ဝဲနေသော အလွန်အမင်း စွမ်းအားကြီးမားသည့် စွမ်းအင် လှိုင်းများမှာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ သူ၏ အရှိန်အဝါများမှာ အလွန်အမင်း အားကောင်းနေပြီး သတ်ဖြတ်လိုစိတ်များလည်း တစ်ခဏအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

ချူဟန်လည်း စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ လက်ထဲရှိ ရှူရာပုဆိန်ကို လေထဲတွင် ရွှပ် ခနဲ လှပသော လခြမ်းကွေးပုံစံ ရမ်းခါလိုက်သည်။ ပုဆိန်သွားမှ အေးစက်သောအလင်းတန်းများ တဖျပ်ဖျပ်လက်နေပြီး ပုဆိန်ကြီးက နဂါးနှင့် ကျားကဲ့သို့ အစွမ်းထက်နေသည်။

‘မင်း မုယဲ့က အရင်ဘဝတုန်းက သန္ဓေပြောင်း လူသားတွေရဲ့ ဘုရင် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အခုလက်ရှိ မင်းက ဘာကောင်မှ မဟုတ်သေးပါဘူး။ နည်းနည်းလောက် စွမ်းအားကြီးတဲ့ သန္ဓေပြောင်း လူသားတစ်ယောက်ပဲ မဟုတ်လား။ မင်းရဲ့ ဒီစွမ်းအင် လှိုင်းလောက်ကိုတော့ အရင်ဘဝတုန်းက ငါ အလုံအလောက် ခံစားဖူးလို့ ရိုးနေပြီ။ အခြားသူတွေက အံ့သြပြီး ကြောက်ရွံ့ကြလိမ့်မယ်။ ဒါပေမဲ့ ငါ ချူဟန်ကတော့ ကြောက်မှာ မဟုတ်ဘူး’

မုယဲ့၏ ဘေးပတ်လည်တွင် ရပ်နေသော သန္ဓေပြောင်း လူသားဆယ်ယောက်လောက်သည် ချက်ချင်း အဝေးသို့ ဆုတ်ခွာသွားကြသည်။ မုယဲ့၏ သတ်ဖြတ်လိုစိတ်က ဤမျှလောက် ထင်ရှားနေသည်ကို အရူးပင် သိနိုင်သည်။ မျက်နှာချင်းဆိုင်ရှိ ချူဟန်ဆိုသော လူငယ်လေးကလည်း သတ္တိရှိသူ တစ်ယောက် ဖြစ်သည်။ ဤမျှများပြားသော စွမ်းအားကြီးမားသည့် သန္ဓေပြောင်း လူသားများကို ရင်ဆိုင်ရချိန်တွင် နောက်ဆုတ်ခြင်း မရှိဘဲ အသေအကြေ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

တကယ်ကို နှမြောစရာပဲ။

"သွားမယ်… ငါတို့ ပြေးရအောင်"

အသက်ရှင်ကျန်ရစ်သူများသည် ချက်ချင်းဆိုသလို အဝေးဆုံးသို့ ထွက်ပြေးရန် ရွေးချယ်လိုက်ကြသည်။

မုယဲ့၏ မျက်လုံးများ ချက်ချင်း စူးရှသွားပြီး သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ နောက်တစ်ကြိမ် အမြင့်ဆုံးသို့ ရောက်ရှိသွားကာ ပြင်းထန်လှသော စွမ်းအင်လှိုင်းများသည် လေစီးကြောင်းတစ်ခုအသွင် ပြောင်းလဲသွားကာ ချူဟန်ရှိရာသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

ဝုန်း….

ထိုစွမ်းအင်လှိုင်းကြီးမှာ အလွန်ပြင်းထန်လွန်းသဖြင့် မျက်စိဖြင့်မြင်နိုင်သော ပုံသဏ္ဌာန်တစ်ခုသဖွယ် ဖြစ်ပေါ်သွားပြီး၊ ရိုက်ခတ်သွားသော လေပြင်းများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့်များ လွင့်စင်သွားလေသည်။

ကြီးမားလှသော ဖိအားတစ်ခုသည် ချူဟန်၏ ကိုယ်ပတ်လည်တွင် ချက်ချင်း ပေါ်ပေါက်လာပြီး ရေနက်ပိုင်းသို့ ရောက်နေသကဲ့သို့ လက်ခြေများကို မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ တစ်ခဏအတွင်း ချုပ်နှောင်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားကာ နဖူးမှလည်း ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။

ချူဟန်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ မုယဲ့က ဒီလောက်အထိ စွမ်းအားကြီးမားနေပြီလား။

လက်ရှိအချိန်တွင် ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားခဲ့သည်မှာ သုံးလပင် မပြည့်သေးဘဲ စွမ်းရည်မြှင့်တင်သူများက ယခုမှ လူအများ၏ အမြင်ထဲသို့ ရောက်ရှိလာကာ မုဆိုးဟူသော အထူးအလုပ်အကိုင်မှာလည်း လမ်းကြောင်းမှန်ပေါ် မရောက်သေးပေ။ အသက်ရှင်ကျန်ရစ်သူ အခြေစိုက်စခန်း အသီးသီးသည်လည်း စမ်းတဝါးဝါး အဆင့်တွင်သာ ရှိနေသေးပြီး စစ်တပ်မှာလည်း ဇွန်ဘီအုပ်ကြီးကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်ကို ခေါင်းခဲနေရဆဲ ဖြစ်သည်။

သို့သော်လည်း သန္ဓေပြောင်း လူသားများကတော့ မသိမသာဖြင့် ဤမျှလောက် မြန်ဆန်စွာ တိုးတက်နေခဲ့ပြီလား။

မုယဲ့၏ လက်ရှိ စွမ်းအင် လှိုင်းများမှာ ချူဟန် ခန့်မှန်းနိုင်သော အတိုင်းအတာထက်ပင် ပို၍ စွမ်းအားကြီးမားနေပြီ ဖြစ်သည်။ သေချာတာတစ်ခုမှာ သူသည် အဆင့်(၂)ထက် ပိုမိုမြင့်မားနေခြင်း ဖြစ်သည်။ အဆင့်(၃)လား သို့မဟုတ် အဆင့်(၄)လားဆိုသည်ကို ချူဟန် ခံစား၍မရနိုင်ပေ။ ယင်းက ကြီးမားလှသော ကွာဟချက်ကြောင့် ဖြစ်ပေါ်လာသော အာရုံခံစားမှု ရှုပ်ထွေးခြင်း ဖြစ်သည်။

ချူဟန်သည် ကြီးမားလှသော ဖိအားများကို ရင်ဆိုင်ရင်း သူ၏ ခန္ဓာကိုယ်မှာ နေရာတွင် နောက်ဆုတ်လုမတတ် ဖြစ်နေသည်။ သူ တကယ်ပဲ ဒီနေ့ ဒီနေရာမှာ အဆုံးသတ်ရတော့မည်လား။ နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာခွင့် ရခဲ့သော်ငြားလည်း မူလကံကြမ္မာလမ်းကြောင်းဆီမှ သူ မလွတ်မြောက်နိုင်တော့ဘူးလား။ အသက်ရှင်သန်ချင်စိတ်များ ပြင်းပြနေသည့်တိုင်အောင်၊ သန္ဓေပြောင်းလူသားများ၏ ဖိနှိပ်မှုအောက်တွင် ဤသို့သောအခြေအနေမျိုးဆီသို့ သူ ထပ်မံ ကျရောက်သွားရပြန်ပြီလား။

ရင်ထဲရှိ မကျေနပ်မှုများနှင့် ရည်မှန်းချက်ကြီးမားမှုများက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ချူဟန်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

သူ အရှုံးမပေးနိုင်ဘူး။

ချူဟန်သည် ကြီးမားလှသော ဖိအားများကို ရင်ဆိုင်ရင်း ခြေလှမ်းများကို ရှေ့သို့ ရုတ်တရက် လှမ်းလိုက်ရာ သူ၏ ရင်ထဲရှိ ရက်စက်မှုများက အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

သူ့ထက် ပိုပြီး စွမ်းအားကြီးမားရင်ကော ဘာဖြစ်လဲ။ သေချာပေါက် သေရမယ်ဆိုရင်ကော ဘာဖြစ်လဲ။

သန္ဓေပြောင်း လူသားများနှင့် ဇွန်ဘီများသည် အတူတူဖြစ်ပြီး သူနှင့် အသေအကြေ ရန်ဘက်ဖြစ်သော ရန်သူများ ဖြစ်ကြသည်။ သေရမည်ဆိုလျှင်တောင်မှ မျိုးမစစ်ကောင်တွေရဲ့ အစေခံ အဖြစ်မခံနိုင်ဘူး။

နှစ်ဖက်စလုံး၏ အရှိန်အဝါများ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး တိုက်ပွဲက ချက်ချင်း စတင်တော့မည့် အချိန်တွင် ရုတ်တရက် ကလေးဆန်သော အသံတစ်ခု ဝင်ရောက်လာသည်။

"အစ်ကို… အစ်ကိုချူဟန်…"

ကလေးဆန်သော လူငယ်လေး၏ အသံတွင် ထင်ရှားသော စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။

တစ်ခဏအတွင်း ဖြစ်ပေါ်နေသော တိုက်ခိုက်မှုမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် မုယဲ့၏ အရှိန်အဝါမှာ ရပ်တန့်သွားကာ ထိုစွမ်းအားကြီးမားသော စွမ်းအင် လှိုင်းများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ချူဟန် ကြောင်သွားသည်။ ဘာအခြေအနေလဲ။

အလျင်စလို ခြေသံများသည် အဝေးမှနေ၍ နီးကပ်လာပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက် အလျင်အမြန် ပြေးလာသည်။ အလွန်မြန်ဆန်စွာ ပြေးလာမှုကြောင့် ဝတ်ရုံမှာ လေတိုက်ခံရပြီး လွင့်စင်သွားကာ သူ၏ မျက်နှာကို လုံးဝ ပေါ်လွင်သွားစေသည်။

ချူဟန် အံ့အားသင့်သွားသည်။ သူက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။

All Chapters