← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉) ဘယ်သူသေမလဲဆိုတာ မသေချာသေးဘူး

ဒီလူငယ်လေးကို ချူဟန် သိသည်။ သူက အရင်တုန်းက ထုံမြို့ ခေါ် သေမင်းမြို့တော် တိုက်ပွဲတွင် သူနှင့် ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ပြီး သူ့အပေါ် သစ္စာရှိမှု အတော်အသင့်ရှိသော မုထျန် ဖြစ်သည်။ စမ်းသပ်မှု ကျောက်နံရံ ပေါ်ထွက်လာသည့်နေ့တွင် အဆင့်(၁)ဝင်ပေါက် ဇယား၌ မုထျန်၏ နာမည်ကို ချူဟန် မှတ်မိနေသေးသည်။ အဆင့်က မကောင်းသော်လည်း စောစောစီးစီးဖြင့် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဖြစ်လာနိုင်ခြင်းမှာလည်း လျစ်လျူရှု၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလူငယ်လေးသည် အသက် ဆယ်နှစ်ကျော်သာ ရှိသေးသောကြောင့် ဖြစ်သည်။

မုထျန် ပြေးလာပြီးနောက် ချူဟန်နှင့် မုယဲ့ကြားတွင် ဝင်ရပ်လိုက်သည်။ ယခုအချိန်တွင် သူသည် သိသိသာသာပင် စိုးရိမ်ပြီး ဒေါသထွက်နေကာ မုယဲ့ကို တိုက်ရိုက် ပြောလိုက်သည်။

"အစ်ကို… အစ်ကိုချူဟန်ကို ဒုက္ခမပေးဘူးလို့ ကျွန်တော့်ကို ကတိပေးထားတယ်လေ"

သိသာထင်ရှားသော မေးခွန်းထုတ်မှုနှင့်အတူ အစ်ကို ဟူသော ခေါ်ဝေါ်မှုကြောင့် ချူဟန် ချက်ချင်း မှင်သက်သွားသည်။ မုထျန်နှင့် မုယဲ့က ညီအစ်ကိုတွေလား။

ထို့နောက် ချူဟန် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ ဒါက မဖြစ်နိုင်ဘူး၊ အရင်ဘဝတုန်းက မုယဲ့မှာ ဆွေမျိုးသားချင်း တစ်ယောက်မှ မရှိခဲ့ဘူးလေ။

သို့သော် မကြာမီမှာပင် ချူဟန် အံ့အားသင့်သွားပြန်သည်။ သူ ပြန်လည်မွေးဖွားလာမှုက အရာများစွာ၏ လမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့သည်။ မူလက စောစောစီးစီး သေဆုံးသွားရမည့် ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့မှာ ယခုလက်ရှိတွင် အသက်ရှင်နေကြဆဲ ဖြစ်သည်။ ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားပြီး သုံးလအကြာမှ ပေါ်ထွက်လာမည့် စွမ်းရည်မြှင့်တင်သူများမှာလည်း ရက်ပေါင်းဆယ်ဂဏန်းခန့် စော၍ ပေါ်ထွက်လာခဲ့သည်။ ချန်ရှောက်ရယ်၏ နာမည်ကြီးမှုသည်လည်း နှစ်အတော်ကြာ စော၍ ပေါ်ထွက်လာခဲ့သည်။ သူကိုယ်တိုင်သည်လည်း အရင်ဘဝကနှင့် လုံးဝမတူညီဘဲ အစောဆုံး ဆင့်ကဲပြောင်းလဲသူ တစ်ယောက် ဖြစ်လာခဲ့သည်။

ဒီအရာအားလုံးက အရင်ဘဝတုန်းက သူ ဖြတ်သန်းခဲ့ဖူးတဲ့ ကမ္ဘာပျက်ကပ်နဲ့ လုံးဝကို ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ ဒါဆိုရင် အခု မုယဲ့မှာ ညီတစ်ယောက် ရှိနေတာကလည်း သူ ပြန်လည်မွေးဖွားလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှု တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဒါပေမဲ့….

ချီးပဲ၊ ဒါက တကယ်ကို ယုတ္တိမတန်လွန်းတယ်။ မုထျန်က သူ့အပေါ် အတော်လေး သစ္စာရှိပြီး ချန်ရှောက်ရယ်တို့လိုပဲ သူ့ရဲ့ ယုံကြည်ရတဲ့ အဖော်တစ်ယောက် ဖြစ်နေတယ်။ ဒါပေမဲ့ မုထျန်ရဲ့ အစ်ကိုကကျတော့ သန္ဓေပြောင်းလူသား ဖြစ်နေတဲ့အပြင်၊ အနာဂတ်မှာ အရက်စက်ဆုံးနဲ့ လူမဆန်ဆုံး သန္ဓေပြောင်းလူသားတွေရဲ့ ဘုရင် ဖြစ်လာမယ့်သူလေ။ ဒီအနေအထားအရဆိုရင် သူတို့က ချူဟန်ရော လူသားမျိုးနွယ် တစ်ခုလုံးနဲ့ပါ အသေအကြေ ရန်သူတွေ ဖြစ်လာတော့မယ့် အဓိပ္ပာယ်ပဲ။

ဒီလူနှစ်ယောက်က ဘယ်လိုလုပ်ပြီး ညီအစ်ကို ဖြစ်နေရတာလဲ။

ချူဟန်၏ မျက်လုံးထဲရှိ အံ့သြမှုများကို ဖုံးကွယ်ထား၍မရသလို ထိုသန္ဓေပြောင်း လူသား ဆယ်ယောက်ကျော်မှာလည်း ချက်ချင်း တိတ်ဆိတ်သွားကြပြီး အထူးသဖြင့် မုယဲ့က ပို၍ တိတ်ဆိတ်နေသည်။ လူအားလုံးကြားတွင် ထူးဆန်းသော လေထုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။

အခွင့်ကောင်းယူကာ ထွက်ပြေးရန် ကြိုးစားနေကြသော အသက်ရှင်ကျန်ရစ်သူ ဆယ်ယောက်လောက်မှာလည်း ခြေလှမ်းများ ရပ်တန့်သွားကြပြီး ရုတ်တရက် ထွက်ပေါ်လာသော လူငယ်လေးကို အံ့သြစွာ ကြည့်နေကြသည်။

"အစ်ကို… အစ်ကိုတို့ ကျွန်တော့်ကို ဖုံးကွယ်ထားတာလား"

မုထျန်သည် အလွန်အမင်း ဒေါသထွက်နေသည်။ လူသားတစ်ယောက်ဖြစ်သော သူသည် သန္ဓေပြောင်း လူသားများနှင့် အတူတကွ ရောနှောနေထိုင်ရခြင်းမှာလည်း မတတ်သာ၍ ဖြစ်ပြီး လူသားများနှင့် အတူနေထိုင်ရမည့် အခွင့်အရေးကို စွန့်လွှတ်ကာ မုယဲ့အတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်။ သို့သော် သူ၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ မုယဲ့အား ချူဟန်ကို ဒုက္ခမပေးရန် ဖြစ်သည်။

ချူဟန်သည် နေရာတွင် ရပ်နေကာ ဤညီအစ်ကို နှစ်ယောက်၏ ထိပ်တိုက်တွေ့ဆုံမှုကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အခြေအနေက သူ၏ မျှော်လင့်ချက်များထက် လုံးဝ သွေဖည်သွားခဲ့ပြီး မုထျန်က ဤအချိန်တွင် ရုတ်တရက် ထွက်ပေါ်လာကာ ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

"ရှောင်ထျန်… ဒီကိစ္စမှာ မင်း ဝင်မပါနဲ့"

အတန်ကြာပြီးနောက် မုယဲ့ အသံထွက်လာသည်။

မုယဲ့သည် အမြဲတမ်း ရက်စက်ကြမ်းကြုတ်ပြီး အာဏာရှင်ဆန်သော စရိုက်ရှိသည်။ မျက်စိကျသောအရာများကို မရရှိနိုင်လျှင် ဖျက်ဆီးပစ်တတ်သည်။ ယခုလက်ရှိ ချူဟန်မှာ ထိုအခြေအနေတွင် ရှိနေပြီး ချူဟန်က သူ့အတွက် အလုပ်မလုပ်ပေးနိုင်လျှင် သူ သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။

"အစ်ကိုက ဒီလိုလုပ်ဖို့ သေချာနေတာလား"

မုထျန်၏ လေသံတွင် သိသာထင်ရှားသော စိတ်ပျက်မှုများ ပါဝင်နေပြီး မသိမသာ ပြတ်သားမှုတစ်ခုလည်း ပါဝင်နေသည်။

ချူဟန်သည် ရှေ့သို့ လှမ်းထားသော ညာခြေကို နောက်ဆုတ်လိုက်ပြီး သူ၏ ဦးနှောက်များ ရှုပ်ထွေးသွားသည်။ မုထျန်ကိုတော့ သူ ဘယ်လိုမှ ဒုက္ခမပေးချင်ပေ။ သို့သော် မုယဲ့ဆိုတာကတော့ လူသားအားလုံးရဲ့ ရန်သူ ဖြစ်နေသည်။

မုယဲ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး အတည်ပြု၍မရသော လေသံဖြင့် ပြောလိုက်သည်။

"ရှောင်ထျန်… ဒါက မင်းကို နောက်ဆုံးအကြိမ် သတိပေးတာပဲ… ဒီကိစ္စမှာ မင်း ဝင်မပါနဲ့"

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ မုယဲ့သည် မျက်နှာကို မဖော်ပြထားသော်လည်း ထိုအနက်ရောင် မျက်နှာဖုံးအောက်ရှိ သူ၏ မျက်လုံးများနှင့် အမူအရာများမှာ လုံးဝ သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်ကြောင်းကို ချူဟန် ခန့်မှန်းနိုင်ပေသည်။

"အစ်ကို….ချူဟန်သာ မရှိရင် ကျွန်တော် သေနေတာ ကြာပြီ"

မုထျန်သည် ဒေါသများဖြင့် အော်ဟစ်လိုက်သည်။

"သူက ထုံမြို့မှာ ကျွန်တော့်အသက်ကို ကယ်ခဲ့တာဗျ"

မုယဲ့၏ အသက်ရှူသံ ရပ်တန့်သွားပြီး သန္ဓေပြောင်း လူသားများမှာလည်း ချက်ချင်း တိတ်ဆိတ်သွားကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

" အစ်ကိုက အစ်ကိုချူဟန်ကို သေချာပေါက် ရင်ဆိုင်ရမယ်ဆိုရင်"

မုထျန်၏ မျက်လုံးများက တဖြည်းဖြည်း အေးစက်လာပြီး ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ကိုပါ တစ်ခါတည်း သတ်လိုက်တော့"

ချူဟန် မှင်သက်သွားသည်။ မုထျန်က ဤကဲ့သို့သော စကားကို ပြောထွက်လာလိမ့်မည်ဟု သူ တကယ်ကို မျှော်လင့်မထားခဲ့သလို အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော သန္ဓေပြောင်း လူသားများ၏ ဘုရင် မုယဲ့၏ ညီမှာ ဤမျှလောက် သံယောဇဉ်ကြီးပြီး တရားမျှတမှု ရှိလိမ့်မည်ဟုလည်း သူ မျှော်လင့်မထားခဲ့ပေ။ ဤညီအစ်ကို နှစ်ယောက်၏ စရိုက်လက္ခဏာများမှာ တကယ်ကို အရမ်းကွာခြားလွန်းလှသည်။

" ငါက မင်းရဲ့ အစ်ကိုအရင်းကွ...မင်းရဲ့ တစ်ဦးတည်းသော ဆွေမျိုးပါကွာ..."

မုယဲ့က အလွန်အမင်း ဒေါသထွက်နေသည်။

" ဟုတ်တယ်... မမှားဘူး"

မုထျန်က လုံးဝ အလျော့မပေးပေ။

"ဒါပေမဲ့ အစ်ကို အခု ဘာတွေလုပ်နေလဲဆိုတာ အစ်ကို့ကိုယ်အစ်ကို ပြန်ကြည့်ဦး လူသား စားပြီး ကိုယ့်ကိုယ်ကိုယ် လူနဲ့တောင် မတူတော့အောင် လုပ်နေတယ်… အစ်ကိုက လူသားအားလုံးနဲ့ ရန်သူဖြစ်နေပြီဗျ"

အပြစ်တင်မှုကြောင့် မုယဲ့ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ ချက်ချင်း ကြမ်းတမ်းလာခဲ့သည်။

"မင်း ငါ့ကို ဆရာလာလုပ်နေတာလား"

"မောင်လေး ရှောင်ထျန်"

ဝမ်ယွီတု ဟူသော မိန်းမလျာ၏ အသံက ထူးဆန်းစွာ ထပ်မံ ထွက်ပေါ်လာသည်။

"မင်းကလည်း အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဟုတ်တယ် မဟုတ်လား… အစ်မက မင်းကို ပြောပြမယ်နော်… အစ်မက ဆင့်ကဲပြောင်းလဲသူတွေရဲ့ အသားကို စားရတာ အကြိုက်ဆုံးပဲ"

ဘုန်း…

ရုတ်တရက် ထွက်ပေါ်လာသော လက်သီးတစ်ချက်က တုံ့ဆိုင်းမှုမရှိဘဲ ဝမ်ယွီတု၏ ရင်ဘတ်ကို ထိုးချလိုက်သည်။

ဝမ်ယွီတု တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ ချက်ချင်း ပန်းထွက်လာကာ ဝတ်ရုံကြီးတစ်ခုလုံး သွေးများ စွန်းထင်းသွားသည်။

မုယဲ့သည် ညာလက်ကို ပေါ့ပေါ့ပါးပါး ပြန်ရုတ်လိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"မင်းက အသက်မရှင်ချင်တော့ဘူးလား"

"အဟွတ် အဟွတ် အဟွတ်"

ဝမ်ယွီတု တစ်ကိုယ်လုံး အဝေးမှ မြေပြင်ပေါ်တွင် မှောက်လျက် ကျသွားပြီး သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီးနောက် အလျင်အမြန် ပြောလိုက်သည်

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

မုယဲ့ ထိုလက်သီးကို ပစ်သွင်းလိုက်ချိန်တွင် ချူဟန် တစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။ ပေါ့ပေါ့ပါးပါး လက်တစ်ချက် လှုပ်ရှားလိုက်သကဲ့သို့ ထင်ရပြီး မုယဲ့က အားကုန်မသုံးထားသော်လည်း ချူဟန်သည် ထိုလက်သီး၏ လမ်းကြောင်းကို လုံးဝ မဖမ်းဆုပ်နိုင်ခဲ့ပေ။

အမြန်နှုန်းနှင့် ခွန်အား နှစ်ခုစလုံးသည် ယခုလက်ရှိ ချူဟန် ယှဉ်ပြိုင်နိုင်စွမ်း မရှိသော အနေအထားတွင် ရှိနေသည်။

"မုထျန်… မင်း ဒီလိုလုပ်စရာ မလိုပါဘူး"

ချူဟန်သည် ရှေ့သို့ တက်သွားပြီး မုထျန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

မုထျန်၏ ဝင်ရောက်တားဆီးပေးမှုအတွက် သူ ကျေးဇူးတင်သော်လည်း သူ့ကို နောက်ဆုတ်ရန် ပြောလျှင်တော့ သူ မလုပ်နိုင်ပေ။

"အစ်ကိုချူဟန်"

မုထျန်၏ ကလေးဆန်သော မျက်နှာလေးမှာ အလွန် ပြတ်သားနေသည်

"ကျွန်တော်…"

ချူဟန်သည် လက်ကာပြကာ သူ၏စကားကို ဖြတ်ပြောလိုက်သည်။

"မင်းရဲ့ စေတနာကို ငါ နားလည်ပါတယ်… ဒါပေမဲ့ ဒီကိစ္စက ငါနဲ့ မုယဲ့ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စပါ"

ကိုယ်ရေးကိုယ်တာအနေဖြင့် ချူဟန်သည် မုထျန်၏ အစ်ကိုအရင်းနှင့် ရန်မဖြစ်ချင်ပေ။ အများအကျိုးအနေဖြင့်ဆိုလျှင်တော့ မုယဲ့နှင့် လူသားများသည် အသေအကြေ ရန်သူများ ဖြစ်ကြသည်။

ထို့အပြင် သူသည် သန္ဓေပြောင်း လူသားများ၏ ရှေ့မှောက်တွင် နောက်တစ်ကြိမ် ထပ်မံ နောက်ဆုတ်မသွားချင်တော့ပေ။ မဟုတ်လျှင် သူ ပြန်လည်မွေးဖွားလာရခြင်းက အလကား ဖြစ်သွားမည်။

"ဒီနေ့တော့ တိုက်စရာ မလိုတော့ပါဘူး"

မျှော်လင့်မထားစွာပင် မုယဲ့က ရုတ်တရက် လက်လျှော့လိုက်သည်။

ဤစကားကို ကြားပြီးနောက် သန္ဓေပြောင်း လူသားဆယ်ယောက်ကျော်သည် မုယဲ့ထံသို့ ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဒီအတိုင်း လက်လွှတ်လိုက်တာလား။

မုထျန်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ နောက်တစ်စက္ကန့်တွင်…

မုယဲ့က ထပ်မံ၍ ပြောလာသည်။ သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ မင်း ငါနဲ့ ထပ်မတွေ့တာ အကောင်းဆုံးပဲ… နောက်တစ်ခါ ထပ်တွေ့ရင်တော့ မင်းရဲ့ နောက်ဆုံးနေ့ပဲ"

နောက်ဆုံးနေ့လား။ သူ့ကို ထပ်မတွေ့တာ အကောင်းဆုံးပဲလား။

ချူဟန်သည် လက်ထဲရှိ ရှူရာပုဆိန်ကို လျော့မချဘဲ လုံးဝ အလျော့မပေးဘဲ ပြန်ပြောလိုက်သည်။

"ဒါဆိုလည်း ငါ စောင့်ကြည့်နေပါ့မယ်”

မုယဲ့ တစ်ယောက် အခုချက်ချင်း စကားပြန်ရုပ်သွားမည်ကိုလည်း သူ မကြောက်ပါချေ။ နောက်တစ်ခါ ထပ်တွေ့ကြသည့်အခါ ဘယ်သူက အရင်သေရမည်ဆိုတာ သေချာပေါက် ပြောနိုင်ဦးမည် မဟုတ်ပေ။

အခန်း (၂၁၀) သွား၊ သူ့ကို သတ်လိုက်

သန္ဓေပြောင်း လူသားများကြားမှ ရယ်မောသံများ ထွက်ပေါ်လာပြီး အလွန်ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ဖြစ်နေကာ မုယဲ့၏ မျက်လုံးများကလည်း အနည်းငယ် မှေးစင်းသွားပြီး သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

စောင့်ကြည့်နေမယ် ဟုတ်လား။

ချူဟန်ဆိုသည့် ဒီကောင်လေးမှာ အတော်လေး အာကျယ်လှသည်။

"သွားမယ်"

အမိန့်တစ်ခွန်းပေးလိုက်ပြီး မုယဲ့သည် လက်အောက်ငယ်သားများကို ခေါ်ကာ ထွက်ခွာသွားသည်။

မုထျန်သည် လှည့်၍ ချူဟန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် နာကျင်မှုများ တစ်ခဏမျှ ဖြတ်ပြေးသွားပြီးနောက် လှည့်ထွက်ကာ မုယဲ့၏ နောက်သို့ ပြေးလိုက်သွားသည်။

ဝေးကွာသွားသော ကျောပြင်များကို ကြည့်ရင်း ချူဟန်သည် လက်ထဲရှိ ရှူရာပုဆိန်ကို ဖြည်းညင်းစွာ ချထားလိုက်သည်။ ဤမျှ ခေါင်းကိုက်စရာကောင်းသော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။ မုယဲ့နှင့် မုထျန်က ဘယ်လိုလုပ်ပြီး ညီအစ်ကို ဖြစ်နေရသနည်း။ သို့သော် မုထျန်၏ ရွေးချယ်မှုကို ကြည့်ရသည်မှာ သူ၏ အရင်ဘဝက လမ်းဟောင်းကို လျှောက်သွားပုံရသည်။ ဤမျှ ရှားပါးလှသော သံယောဇဉ်ကြီးပြီး တရားမျှတမှုရှိသည့် ဆင့်ကဲပြောင်းလဲသူ တစ်ယောက်အတွက် တကယ်ကို နှမြောစရာကောင်းလှသည်။

တိုက်ခတ်နေသော သဲမုန်တိုင်းများလည်း အစအနပင် မကျန်တော့ဘဲ ခုနက မုယဲ့နှင့် ထိပ်တိုက်ရင်ဆိုင်စဉ်က ရှိနေခဲ့သော သတ်ဖြတ်ချင်စိတ်များ လွှမ်းမိုးနေသည့် လေထုမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

၎င်း၏နေရာတွင် တဖြည်းဖြည်း ကျယ်လောင်လာသော ဝမ်းသာအားရ အော်ဟစ်သံများက အစားထိုး ဝင်ရောက်လာသည်။

"မိုက်တယ်ကွာ ချူဟန်"

လီလန်ရှန်သည် ပထမဆုံး ပြေးလာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ကျန်လူများကလည်း ချက်ချင်း ပြေးလာကြပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။

"ဘုရားရေ… ခုနက ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးက ဘာကြီးလဲ"

"အဲဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားမျိုးကို ပထမဆုံးအကြိမ် ခံစားဖူးတာပဲ သူက ဘယ်အဆင့်မှာ ရှိနေတာလဲ"

သူသည် ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ဖြစ်ပြီး သာမန်လူများထက် ပို၍ ခံစားသိရှိနိုင်သည်။

"တိုက်ပွဲ မဖြစ်သွားတာကတော့ နှမြောစရာပဲ ဖြစ်သာဖြစ်ခဲ့ရင် မြေကြီးတွေပါ တုန်သွားလောက်တယ်"

ထိုသူ၏ စကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အခြားသူများ၏ အလှည့်ကျ ဆဲဆိုခြင်းကို ခံလိုက်ရသည်။

"အရူးကောင်... တကယ်လို့သာ တိုက်ပွဲဖြစ်ခဲ့ရင် ငါတို့တွေ အသက်ရှင်နိုင်ပါ့မလား"

"ဦးနှောက်လေး ဘာလေး သုံးစမ်းပါ"

"အစ်ကိုကြီးချူဟန်က ဒီလောက်များတဲ့ ဇွန်ဘီတွေကို သတ်ထားရတာ တော်တော် ပင်ပန်းနေလောက်ပြီကွ"

ထိုမြင်ကွင်းကို ကြည့်ရင်း ရွှီဝမ်ယန်မှာ မိမိပါးကိုပင် ပြန်လည်ရိုက်ချင်စိတ်ပေါက်လာလောက်အောင် နောင်တရနေတော့သည်။ မိမိမှာ အဘယ်ကြောင့် လူကဲခတ်ညံ့ဖျင်းခဲ့ရသနည်း။ အစကတည်းက ချူဟန်ဟူသော ကြီးမားလှသည့် ကျောထောက်နောက်ခံကြီးထံသို့ အဘယ်ကြောင့် မချဉ်းကပ်ခဲ့မိသနည်း။ ငယ်ရွယ်ပြီး သန့်ရှင်းသပ်ရပ်သည့်အပြင် အင်မတန် အစွမ်းထက်လှသည်။ ဒါက ချန်ယွီဖေး အယောက် တစ်သောင်းထက်တောင် ပိုပြီး တန်ဖိုးရှိသေးတယ်။

"ချူဟန် ကိုကိုချူဟန်"

ရှုဝမ်ယန်သည် အခွင့်အရေး တစ်ကြိမ် ထပ်မံ အဆုံးရှုံးမခံလိုတော့ဘဲ အလျင်အမြန် အသံထွက်လာသည်။

"ရှင်က အရမ်း အစွမ်းထက်တာပဲ ကျွန်မကိုပါ အတူတူ ခေါ်မသွားချင်ဘူးလား ကျွန်မက အရင်တုန်းက မင်းသမီးလေ ရေချိုးသန့်စင်လိုက်ရင် အရမ်း လှသေးတာနော်"

ရှုဝမ်ယန်၏ တိုက်ရိုက်ဆန်လွန်းပြီး အနည်းငယ် ပျို့အန်ချင်စရာကောင်းသော သရုပ်ဆောင်မှုကြောင့် ပတ်ဝန်းကျင်ရှိ လူများအားလုံး မှင်သက်သွားကြသည်။ သူမက ချူဟန်ဆိုတာ ရှန်ကျိုတီနဲ့ ပိုင်ယွန့်အာ နတ်ဘုရားမ နှစ်ပါးလုံးနဲ့ ပတ်သက်မှုရှိနေတဲ့သူဆိုတာကို မေ့သွားပြီလား။ သူမက ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိူးကို ပြောထွက်ရတာလဲ။

ချူဟန် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားပြီးနောက် မျှော်လင့်တကြီး ကြည့်နေသော ရှုဝမ်ယန်၏ အကြည့်အောက်တွင် အေးစက်မာကျောသော စကားတစ်ခွန်းတည်းသာ ပြန်ပြောလိုက်သည်။

"ငါ မျက်စိမကန်းသေးဘူး"

လီလန်ရှန်သည် မအောင့်ထားနိုင်တော့ဘဲ ရယ်ချလိုက်သည်။

ချူဟန်မှာ စိတ်ပိုင်းဆိုင်ရာ အလွန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ သူတို့နှင့် ဆက်လက် စကားပြောရန် စိတ်မပါတော့ပေ။ ဝိုင်းအုံနေသော လူအုပ်ကြီးကို တိုးထွက်ကာ လီလန်ရှန်၏ လက်မောင်းကို ဆွဲ၍ ခပ်လှမ်းလှမ်းရှိ နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားလိုက်သည်။

"အန်းလော်မြို့က ဘာတွေဖြစ်ကုန်ပြီလဲ"

ချူဟန်က ဖုံးကွယ်မထားနိုင်သော စိုးရိမ်ပူပန်မှုများဖြင့် မေးမြန်းလိုက်သည်။

ခုနက သူတို့၏ စကားဝိုင်းမှာ ဇွန်ဘီအုပ်ကြီးကြောင့် ပြတ်တောက်သွားခဲ့ပြီး ထို့နောက်တွင်လည်း မမျှော်လင့်ထားသော ကိစ္စရပ်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ ချူဟန်၏ အသံတွင် သိသာထင်ရှားသော ပင်ပန်းနွမ်းနယ်မှုများ ရောနှောနေသည်။ ဤပင်ပန်းနွမ်းနယ်မှုသည် ဇွန်ဘီ ထောင်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပင်ပန်းမှုမျိုး မဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး အလွန်အမင်း စွမ်းအားကြီးမားသော မုယဲ့နှင့် သူ မျှော်လင့်မထားခဲ့သော ထိုသန္ဓေပြောင်း လူသားများစီမှ လာခြင်းဖြစ်သည်။ ယနေ့တွင် တကယ်ကို သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ မုထျန်းအပေါ်တွင် ကြီးမားသော အကြွေးတစ်ခု တင်သွားခဲ့လေပြီ။

လီလန်ရှန်သည် အစောပိုင်းက စကားပြောဆိုခဲ့သည်များကို ချက်ချင်း ပြန်လည်သတိရသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"အန်လော်မြို့ တစ်မြို့လုံး ကျဆုံးသွားပြီ ငါက ထွက်ပြေးလာခဲ့တာ မင်းရဲ့ မိဘတွေ ဘယ်မှာလဲဆိုတာတော့ ငါ မသိဘူး… ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားချိန်တုန်းက ငါက ရဲစခန်းဘေးက တည်းခိုခန်းလေးထဲမှာ ရောက်နေတာလေ… မင်း သိတဲ့အတိုင်းပဲ ကောင်မလေးနဲ့အတူတူပေါ့ကွာ… အဲဒီအချိန်က အန်းလော်မြို့ကနေ လွတ်လာတာ တကယ်ကို ကံကောင်းလို့ပဲ….ဒါပေမဲ့ သုံးလနီးပါးလောက် ကြာမှ ငါ သတိထားမိတော့တယ်… ဘယ်မြို့ဖြစ်ဖြစ် အတူတူပဲ… နေရာတိုင်းမှာ ဇွန်ဘီတွေချည်းပဲ"

အန်လော်မြို့ ကျဆုံးသွားမည်ကို ချူဟန် ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ သို့သော် မိဘများ မည်သို့ဖြစ်သွားသည်ကို သူ သတင်းအစအနမျှ မရသေးပေ။ ချူဟန်၏ မျက်လုံးထဲတွင် စိတ်ပျက်မှု အနည်းငယ် ပေါ်လာသော်လည်း နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

"မင်းအိမ်နဲ့ ငါ့အိမ်က နီးနီးလေးပဲလေ… ကမ္ဘာပျက်ကပ် မဖြစ်ခင်တုန်းက ငါ့မိဘတွေ အိမ်မှာ ရှိနေခဲ့လား"

"ရှိလောက်မယ်"

လီလန်ရှန်သည် ပြန်လည်စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။

"ဦးလေးရော အန်တီရောက အချိန်မှန် နေတတ်တဲ့သူတွေပဲဟာ… အဲဒီနေ့ညကဆိုရင် သေချာပေါက် အိမ်မှာ ရှိနေမှာပေါ့"

"အင်း နားလည်ပြီ"

ချူဟန်က လေးလံသော အသံဖြင့် ပြန်ပြောလိုက်သည်။

"ကျေးဇူးပဲ"

"ချူဟန်"

လီလန်ရှန်မှာ တစ်စုံတစ်ခုကို ပြောရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် စကားစလိုက်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင်လေ... မိဘတွေကိစ္စကို လက်လွှတ်လိုက်ပြီး ရှေ့ဆက် ဘာလုပ်မလဲဆိုတာပဲ စဉ်းစားသင့်တယ်… အန်းလော်မြို့က လုံးဝ ပြီးဆုံးသွားပြီ… ဇွန်ဘီတွေပဲ ရှိတဲ့ ငရဲဘုံကြီး ဖြစ်နေပြီ… မင်း မိဘတွေကလည်း အသက်မငယ်တော့ဘူး… ပထမဆုံး ဘေးအန္တရာယ်ကြီးကနေ အသက်ရှင်နိုင်ခဲ့လားဆိုတာ မသိနိုင်ပေမဲ့...အခုလက်ရှိ အန်လော်မြို့ရဲ့ အခြေအနေမျိုးနဲ့ သူတို့ ဒီအချိန်အထိ တောင့်ခံထားနိုင်မယ်လို့ မင်း ထင်နေတုန်းပဲလား"

လီလန်ရှန်၏ စကားမှာ တဲ့တိုးဆန်လွန်းသော်လည်း ငြင်းဆန်၍မရနိုင်သော အမှန်တရားတစ်ခု ပါဝင်နေသည်။

"ငါ သွားတော့မယ်"

ချူဟန်သည် သူ၏ စကားကို တိုက်ရိုက် မတုံ့ပြန်ခဲ့ပေ။ သို့သော် ထိုစကားတစ်ခွန်းကပင် သူ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို ဖော်ပြနေသည်။

မည်မျှပင် မျှော်လင့်ချက်မဲ့နေသော အခြေအနေမျိုး ဖြစ်ပါစေ... အိမ်ကို ပြန်ရမည်သာ ဖြစ်သည်။ အနည်းငယ်သော မျှော်လင့်ချက်လေး ရှိနေပါစေ စွန့်စားကြည့်ရန် တန်ဖိုးရှိပေသည်။

"အင်းပါ"

ထပ်ပြောနေလည်း အပိုသာဖြစ်မည်ကို လီလန်ရှန် နားလည်လိုက်သည်။ အရေးအကြီးဆုံးအချက်က ချူဟန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားနှင့်ဆိုလျှင် အရမ်းကြီး အန္တရာယ်များမည် မဟုတ်ကြောင်းကို သူ ယုံကြည်ထားသောကြောင့် ဖြစ်သည်။

"မင်းကရော ရှေ့ဆက် ဘာလုပ်ဖို့ စဉ်းစားထားလဲ"

ချူဟန်သည် ထောင့်တစ်နေရာမှ အဝတ်စတစ်စကို ဆွဲယူကာ ရှူရာပုဆိန်ပေါ်တွင်

ကပ်နေသော သွေးများကို သုတ်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"မသိသေးပါဘူးကွာ… ငါတို့ တွေ့တာမှ မကြာသေးဘူးလေ ဒီလောက်မြန်မြန် ပြန်ခွဲရလိမ့်မယ်လို့ မတွေးထားမိဘူး"

လီလန်ရှန် ခါးသီးစွာ ပြုံးလိုက်သည်။

နောက်တစ်ခါ ချူဟန်နှင့် ပြန်တွေ့ရန်မှာ အချိန်မည်မျှ ကြာမည်ကို မသိနိုင်ပေ။ ယခုလက်ရှိ ကမ္ဘာပျက်ကပ်ကာလသည် ကမ္ဘာမပျက်မီက ခေတ်ကာလနှင့် လုံးဝ ကွာခြားနေပြီ ဖြစ်သည်။ ကျယ်ပြောလှသော ဤနိုင်ငံကြီးအတွင်း ရင်းနှီးသူများနှင့် တိုက်ဆိုင်စွာ ပြန်လည်ဆုံတွေ့ရခြင်းမှာ အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ဆက်သွယ်ရေး စနစ်တစ်ခုလုံး ပျက်စီးသွားသည်ကို အသာထား၊ အရှေးအကျဆုံးဖြစ်သော စာပို့စနစ်ပင် မရှိတော့ပေ။

"နန်တူးမြို့ဘက်ကို သွားဖို့ စဉ်းစားကြည့်ပါလား"

ချူဟန်သည် တစ်မြို့တည်းသား သူငယ်ချင်းကို အကြံပေးလိုက်သည်။ ငယ်သူငယ်ချင်းဖြစ်နေ၍သာ မဟုတ်ဘဲ အရေးကြီးသော အန္တရာယ်အချိန်တွင် သူသည် အခြားသူများကဲ့သို့ ထွက်ပြေးရန် မရွေးချယ်ဘဲ မိမိကို ကူညီရန် ရွေးချယ်ခဲ့သည့်အချက်က ချူဟန်ကို အလွန် ကျေးဇူးတင် ကြည်နူးစေခဲ့သောကြောင့် ဖြစ်သည်။

"နန်တူးမြို့ ဟုတ်လား"

လီလန်ရှန် မှင်သက်သွားသည်။

"အဲဒီနေရာက ဒီကနေဆို အတော်လေး ဝေးတယ်လေ"

“မနီးပါဘူး… ဒါပေမဲ့ အရမ်းကြီး ဝေးနေတာလည်း မဟုတ်ဘူး… မြို့တော်ကြီးတွေ ဒါမှမဟုတ် တခြား အခြေစိုက် စခန်းကြီးတွေနဲ့ ယှဉ်ရင် အများကြီး ပိုနီးပါတယ်"

ချူဟန်သည် အခြေအနေကို ဖြည်းညင်းစွာ သုံးသပ်လိုက်ပြီး မိမိသိရှိထားသော အနာဂတ်အကြောင်းအရာများထဲမှ လိုအပ်သည့် အချက်အလက်များကိုသာ ရွေးချယ်၍ ပြောပြလိုက်သည်။

"အခု တစ်နိုင်ငံလုံး ကမောက်ကမတွေ ဖြစ်နေပြီ… မြို့တော်တော်များများကို စစ်တပ်က စွန့်လွှတ်လိုက်ပြီ… ထုံမြို့ကလည်း အဲဒီထဲက တစ်ခုပဲ… ဒါပေမဲ့ နန်တူးမြို့မှာတော့ စစ်တပ်က ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူ စခန်းတစ်ခု ရှိတယ်… အဲဒီမှာ ထိပ်တန်းတပ်ဖွဲ့တွေ တပ်စွဲထားတယ်… စခန်းရဲ့ အကြီးအကဲ ရှန်ကွမ်းရုံ ဆိုတာကလည်း အတော်လေး တော်တဲ့သူပဲ… အနည်းဆုံးတော့ နောက်တစ်နှစ်လောက်အထိ အဲဒီနေရာက လုံခြုံလိမ့်မယ်"

"မင်းက ဘယ်လိုလုပ် အဲဒီလောက် အသေးစိတ် သိနေရတာလဲ"

လီလန်ရှန်က အံ့အားသင့်စွာ ရေရွတ်လိုက်သော်လည်း ချက်ချင်းပင် သူ့ဘာသာ နားလည်သွားသည့်အလား ပြန်ပြောလိုက်သည်။

"ဪ... ဟုတ်သားပဲ ငါ မေ့နေတာ… မင်းက အထက်လူကြီးတွေနဲ့ သိနေတာကိုး တကယ် မိုက်တယ်ကွာ ချူဟန်... မင်းကတော့ အမြင့်ကြီးကို ရောက်သွားပြီပဲ"

"အာ... သာမန်ပါပဲကွာ"

ချူဟန်သည် အလိုက်သင့် ပြန်ဖြေလိုက်ပြီး လီလန်ရှန်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။

"ဒါဆိုလည်း သွားတော့မယ် သူငယ်ချင်း... ဂရုစိုက်ပါ"

"ကောင်းပြီ"

လီလန်ရှန်က ပြုံးကာ ခေါင်းကို ခပ်ပြင်းပြင်း ညိတ်ပြလိုက်သည်။

ချူဟန်သည် ကျောခိုင်းလိုက်ပြီးနောက် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။ အလျင်အစွမ်းကို ထုတ်သုံးလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။

ကီလိုမီတာ အနည်းငယ်ခန့် ပြေးလွှားပြီးနောက် ပတ်ဝန်းကျင်၌ မည်သူမျှ မရှိတော့ကြောင်း သေချာမှသာ သိုလှောင်ခန်းထဲမှ ဂျစ်ရန်ဂလာကားကို ထုတ်ယူလိုက်ပြီး ကားပေါ်တက်ကာ ယင်မြို့၏ အထွက်ဘက်ဆီသို့ တစ်ဟုန်ထိုး မောင်းနှင်သွားတော့သည်။

ထွက်ခွာသွားသည်မှာ အတော်ကြာပြီဖြစ်သော မုယဲ့တို့အဖွဲ့သည် အမှောင်ကျနေသော လမ်းမပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေကြသည်။ ပတ်ဝန်းကျင်ရှိ ဇွန်ဘီများမှာ သူတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း မုထျန်းသည် ထိုလူအုပ်ကြီး၏ အလယ်ဗဟိုတွင် အကာအကွယ်ရယူလျက် လိုက်ပါလာသည်။ သူသည် သန္ဓေပြောင်း လူသားမဟုတ်သဖြင့် ဇွန်ဘီများ ပြည့်နှက်နေသော နေရာတွင် အန္တရာယ် ရှိနေဆဲဖြစ်သည်။

သို့သော်….

မုထျန်း လုံးဝ မမြင်နိုင်သော မျက်ကွယ်ရာတွင် မုယဲ့သည် သူ၏ ဘေးတွင် လျှောက်နေသော ဝမ်ယွီတု ဘက်သို့ လှည့်ကာ သရဲတစ္ဆေတစ်ကောင်ပမာ တိုးတိတ်အေးစက်သော အသံဖြင့် တီးတိုးပြောလိုက်သည်။

"သွား… သူ့ကို သတ်လိုက်"

All Chapters