← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁)

တာ့ထွမ်ကျဲ (ဆယ်ယွမ်တန်) အရွက်တစ်ရာပင် ဖြစ်သည်။တိတိကျကျဆိုရလျှင် ငွေတစ်ထောင်ပင် ဖြစ်သည်။

မိမိ၏လစာနှင့် တွက်ကြည့်မည်ဆိုပါက တစ်လလျှင် နှစ်ဆယ်ကျော်မျှသာရှိပြီး ၎င်းမှာ ငါးနှစ်စာနီးပါး ဝင်ငွေဖြစ်သည်။ယခုမူ စာရင်းသွင်း ဝင်ရုံဖြင့် ရရှိနိုင်မည်ဖြစ်သည်။

ကြက်ဥ၊ တောကြက်၊ တောဝက်နှင့် နို့သကြားလုံးများမှာလည်း နှစ်သစ်ကူးအတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများဖြစ်သည်။ အထူးသဖြင့် နို့သကြားလုံးပင် ဖြစ်သည်။

သာမန်မိသားစုများမှာ သကြားလုံးကိုပင် ဝယ်မစားနိုင်ကြရာ နို့သကြားလုံး ဝယ်ရန်ဆိုသည်မှာ ပြောစရာပင် မလိုတော့ချေ။ ဤသည်မှာ ကလေးများ အိပ်မက်မက်ပြီး သွားရည်ကျကာ စားချင်နေကြသော သကြားလုံးဖြစ်သည်။

စနစ်မှ ပေးသော ပစ္စည်းပမာဏမှာ မနည်းလှသော်လည်း ဤရက်ပိုင်းအတွင်း ပစ္စည်းများစွာ ရရှိခဲ့ပြီးဖြစ်ရာ တခြားသူများ အလွန်မက်မောနေကြသည့် ပစ္စည်းများမှာ သူ၏အမြင်တွင်တော့ ထူးဆန်းမှု မရှိတော့ချေ။

မည်သို့ပင်ဆိုစေ သူ၏စနစ်ထဲရှိ သိုလှောင်ခန်းအတွင်းတွင် ပစ္စည်းများ ထပ်မံပြီး မလိုအပ်တော့အောင် မြောက်များစွာရှိနေပြီဖြစ်သည်။ ထိုအချက်ကို နားလည်ရန် အလွန်လွယ်ကူသည်။ မရှားပါးသော အရာများလေလေ တန်ဖိုးရှိသည်ဟု မခံစားရတော့လေလေဖြစ်ပြီး ပုံမှန်အားဖြင့် ရှားပါးသောအရာများကိုသာ တန်ဖိုးထားတတ်ကြသည်။

ဥပမာအားဖြင့် စနစ်မှ နောက်ဆုံးပေးခဲ့သော ပစ္စည်းနှစ်ခုပင် ဖြစ်ကာ လက်ပတ်နာရီ လက်မှတ်နှင့် ရွှေစင်လက်ကောက်ဖြစ်သည်။

လက်ကောက်အကြောင်းကို အရင်ပြောရလျှင် ရွှေစင်ဖြင့် ပြုလုပ်ထားပြီး ၎င်း၏အဓိပ္ပာယ်မှာ ရွှေထက်ပင် ခိုင်မာသော မေတ္တာဖြစ်သည်။ ၎င်းကို ဇနီးသည်အား လက်ဆောင်ပေးရန်အတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။

ထို့နောက်တွင်တော့ လက်ပတ်နာရီ လက်မှတ်ဖြစ်သည်။ ခြောက်ဆယ်ခုနှစ်များတွင် ဝမ်ကော် လက်ပတ်နာရီမှာ ဝယ်လိုအားများပြီး ရောင်းလိုအား မလောက်ငှသော ပစ္စည်းကောင်းတစ်ခုဖြစ်သည်။ ထို့အပြင် လက်ပတ်နာရီ လက်မှတ်များကို အဆင့်အတန်းရှိသူ၊ ရာထူးရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော နိုင်ငံသားများကိုသာ ထုတ်ပေးလေ့ရှိသည်။

သေချာသည်မှာ ဤနာရီများကို တစ်ဦးချင်းထံ ပေးအပ်လိုက်ပါက မိမိကိုယ်တိုင် ဝတ်ဆင်ရန် သို့မဟုတ် လက်ဆောင်ပေးရန်အတွက်သာ ရမည်ဖြစ်သည်။ ပြန်လည်ရောင်းချခွင့် လုံးဝမရှိပေ။

အဘယ်ကြောင့်ဆိုသော် ငွေကြေးဖြင့် ရောင်းချပါက အရင်းရှင်စနစ်၏ လုပ်ရပ်တွင် ပါဝင်သွားမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် လက်ပတ်နာရီ လက်မှတ်ကို ရရှိနိုင်သူ ၊လက်ပတ်နာရီ ဝတ်ဆင်နိုင်သူများသည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရှိသော သူများသာ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်က လူမှုအဆင့်အတန်းကို အပြည့်အဝ ဖော်ပြနိုင်သောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် ဩဇာညောင်းခြင်းပင် ဖြစ်သည်။

ဝမ်ကော် လက်ပတ်နာရီဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။ မည်သည့်နာရီမဆို နောင်ခေတ်များရှိ ရောလက်စ် နာရီနှင့် တူညီသည်။ဤလက်ပတ်နာရီ လက်မှတ်၏ တန်ဖိုးကြီးမားမှုကို တွေ့မြင်နိုင်သည်။

ယနေ့၏စာရင်းသွင်း ဆုလာဘ်များကို တွက်ချက်ပြီးနောက်တွင် ချန်ကောဟွား၏ ရင်ထဲတွင် အလွန် ဝမ်းသာပျော်ရွှင်နေမိသည်။

မိမိ၏ ဤစနစ်သည် အမှန်ပင် အံ့ဩစရာကောင်းသည်။ ဘာမှမလုပ်ဘဲ အိမ်တွင် စာရင်းသွင်းဝင်ရုံမျှဖြင့် အခြားသူများ တစ်သက်လုံး ရှာမရနိုင်သော အရာများကို ရရှိနိုင်သည်။ ထိုသို့ဆိုလျှင် နောက်ပိုင်း အခြားနေရာများသို့ သွားရောက် စာရင်းသွင်းပါက ပို၍ကောင်းမွန်သော အရာများစွာကို ရရှိနိုင်မည်ဖြစ်သည်။

ကြည်နူးစွာဖြင့် စဉ်းစားတွေးတောမိပြီးနောက် ချန်ကောဟွားသည် ချင်ကျင်းယွီအား အိပ်ရာမှထရန် နှိုးလိုက်ပြီး မိဘအိမ်သို့ ပြန်ရန် ပြင်ဆင်သည်။

ယခုအချိန်တွင် ချင်ကျင်းယွီသည် အိပ်ချင်မူးတူးဖြစ်နေသော ကြောင်လေးတစ်ကောင်ကဲ့သို့ အိပ်ရာပေါ်တွင် ငြိမ်သက်စွာဖြင့် မလှုပ်မယှက်ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ ပြုတ်ထွက်တော့မည့်အလား ဖြစ်နေသည်။

သူမက ချန်ကောဟွား၏ ခေါ်သံကို မကြားဟန်ဆောင်နေလိုက်ရသည်။ သူမသည် ယခုအချိန်တွင် ခဏမျှ ထပ်အိပ်ချင်နေသေးပြီး မထချင်သေးသော်လည်း သူမ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးရေးရေးလေးသည် ချန်ကောဟွား၏ မနေ့ညက စွမ်းဆောင်ရည်အပေါ် သူမ အလွန်ကျေနပ်အားရမိကြောင်း ဖော်ပြနေသည်။

ချန်ကောဟွားသည် ထိုမြင်ကွင်းကို မြင်လိုက်ရ‌သောအခါ သူ၏ရင်ထဲတွင် အပြစ်ရှိသလို ခံစားချက်လေးတစ်ခု ဖြစ်ပေါ်လာသည်။

မနေ့ညက သူသည် စနစ်၏ စွမ်းအင်မြှင့်တင်မှုအောက်တွင် မိမိ၏ ခန္ဓာကိုယ်မှာ များစွာ သန်စွမ်းနေပြီဖြစ်ကြောင်းကို ရုတ်တရက် မေ့သွားခဲ့သည်။ ဇနီးသည်၏ ခန္ဓာကိုယ်မှာမူ အပြည့်အဝ ကျန်းမာရေးပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။

မနေ့ညက သူတို့နှစ်ဦး၏ ပြင်းထန်သော လှုပ်ရှားမှုများကြောင့် ချင်ကျင်းယွီ၏ သေးသွယ်သော ခန္ဓာကိုယ်လေးသည် ခံနိုင်ရည်ရှိမည်ဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။ ထို့ကြောင့် မနက်စောစော အိပ်ချင်နေခြင်းမှာလည်း အလွန်သဘာဝကျ၏။

ချန်ကောဟွားသည် မတတ်သာဘဲ ပြုံးလိုက်သည်။ ထို့နောက် သူသည် အလျင်အမြန် အိပ်ရာမှထကာ မနက်စာ စတင်ချက်ပြုတ်‌ပြင်ဆင်‌တော့၏။

မနက်စာ ချက်ပြုတ်ပြီးနောက် ချန်ကောဟွားသည် စနစ်ထဲမှ ရွှေလက်ကောက်ကို ချင်ကျင်းယွီအား ပေးချင်နေမိသည်။ သို့သော် မကြာမီတွင် သူသည် ရပ်တန့်သွားသည်။

ဒါကလည်း အလွန်ရိုးရှင်းသည်။

ရွှေလက်ကောက်ကို ရုတ်တရက် ထုတ်ပေးလိုက်ပါက ရှင်းပြရန် လုံးဝ မလွယ်ကူပေ။ ဤရွှေလက်ကောက်မှာ ခေါင်းဆောင်မှ လက်ဆောင်ပေးခြင်းဖြစ်သည်ဟု ရုတ်တရက်ပြောလိုက်ပါက မဖြစ်နိုင်ပြန်ပေ။ ထို့ကြောင့် ချန်ကောဟွားသည် အပြင်သို့ တစ်ခေါက်ထွက်ကာ သားမွေးအင်္ကျီကို ဝယ်ယူပြီး ချင်ကျင်းယွီအား အတူတကွ လက်ဆောင်ပေးရန် စဉ်းစားလိုက်သည်။

ထို့နောက် သူသည် ချင်ကျင်းယွီအား ပြောလိုက်သည်။

"မိန်းမ ငါ ဒီနေ့ အလုပ်ကိစ္စလေးရှိလို့ အပြင်ခဏ ထွက်သွားဦးမယ်၊ မင်း ခန္ဓာကိုယ် သက်သာလာရင် မနက်စာစားဖို့ မမေ့နဲ့နော်"

ချန်ကောဟွားသည် မသွားမီ သူမ၏ ကျန်းမာရေးကို ဂရုစိုက်ရန် မမေ့ကြောင်း ကြားလိုက်ရသောအခါ ချင်ကျင်းယွီ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုအပြုံးများ လွှမ်းခြုံသွားသည်။

သူမက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ သူမကိုယ်တိုင်မှာ အိပ်ရာပေါ်တွင် လိမ္မာစွာ လှဲနေကာ ပြန်မအိပ်မီ ချန်ကောဟွားကို ဖက်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ သီးသန့်ရနံ့ကို မက်မောစွာ ရှူရှိုက်လိုက်သည်။ ဇနီးမောင်နှံနှစ်ဦး ခဏမျှ ကြည်နူးပြီးနောက် ချန်ကောဟွားသည် အခန်းထဲမှ ထွက်ခွာသွားသည်။

သူသည် ခြံဝင်းထဲမှ ထွက်သွားချိန်တွင် လမ်းပေါ်တွင် ခိုးကြောင်ခိုးဝှက် လမ်းလျှောက်နေသော ရွှီတမောင်းကို ရုတ်တရက် တွေ့လိုက်ရသည်။ သူ၏ ထိုပုံစံကို မြင်လိုက်ရသောအခါ ချန်ကောဟွားသည် မျက်လုံးများကို လှိမ့်လိုက်ပြီး သူ မည်သည့်အတွက်ကြောင့် ဤသို့ ပြုမူနေရကြောင်းကို ချက်ချင်းပင် သဘောပေါက်သွားသည်။

ပြီးခဲ့သည့်အကြိမ်က ပန့်ကန့်နှင့် ဟယ်ယွီကျူးတို့အား ရွှေရည်တိုက်ခဲ့သည့် ကိစ္စကြောင့် ဟယ်ယွီကျူးနှင့် ကျားမိသားစုတို့က သူ့ကို အမုန်းပွားသွားစေသည်မှာ ထင်ရှားသည်။

ထို့ကြောင့် တရုတ်နှစ်သစ်ကူး ပထမနေ့ဖြစ်စေကာမူ သူသည် ခြံဝင်းအတွင်း၌ ပုန်းအောင်းနေရသည်။ ထိုအချိန်တွင် ဟယ်ယွီကျူး၏ အော်သံ ထွက်ပေါ်လာသည်။

"ရွှီတမောင်း… မင်း…ကောင်စုတ် ထွက်ခဲ့စမ်း"

"ငါ မင်းကို ဓားနဲ့ခုတ်ပြီး ဆေးရုံမပို့နိုင်ဘူးများ မှတ်နေလား"

ရှားကျူးသည် ထိုသို့ အော်ဟစ်ပြီးနောက် မီးဖိုချောင်ထဲမှ ဟင်းချက်သည့်ဓားကိုကိုင်ကာ တိုက်ရိုက် ထွက်လာသည်။ သူ၏ ဟန်ပန်ကို မည်သူမြင်မြင် ရွှီတမောင်းကို မနက်စာအဖြစ် စားပစ်ချင်နေသည်ဟု ထင်မှတ်ကြပေမည်။ ထိုအချိန်တွင် ခြံဝင်းထဲမှ ထွက်လာသော ရှားကျူးသည် ခိုးကြောင်ခိုးဝှက်ဖြစ်နေသော ရွှီတမောင်းကို ကွက်တိပင် မြင်သွားသည်။

သူ စကားမပြောမီ အချိန်တွင်ပင် ရွှီတမောင်းက သတိပြုမိသွားပြီးနောက် သူ၏မျက်နှာမှာ ချက်ချင်းပင် အလွန်အမင်း ဖြူရော်သွားကာ ခြေထောက်များမှာ ခေါက်ဆွဲဖက်ကဲ့သို့ ပျော့ခွေသွားပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။

"ရှားကျူး ငါလည်း မင်းကို ချေးမကျွေးချင်ပါဘူး၊ ဒါပေမဲ့ အားလုံးက မင်းအတွက် ကောင်းဖို့ပါကွာ" ရွှီတမောင်းသည် တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

ဤစကားကို မပြောလိုက်လျှင် တော်သေးသည်။သို့သော် ပြောလိုက်သောအခါ ရှားကျူးကို ပို၍ ဒေါသထွက်သွားစေသည်။

တရုတ်နှစ်သစ်ကူး ပထမနေ့တွင် အခြားသူတစ်ဦးအား ချေးကျွေးခြင်းသည် တစ်ဖက်လူအတွက် ကောင်းမွန်သည်ဟု မည်သူက ပြောဖူးပါသနည်း။

ဤသည်မှာ ကံဆိုးစေခြင်း ဖြစ်သည်။ထို့ကြောင့် ဟယ်ယွီကျူးသည် ဓားကိုကိုင်ကာ သူ့ထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။ အရေးပေါ်အခြေအနေတွင် ရွှီတမောင်းသည် ဘယ်ညာကြည့်လိုက်ရာမှ အခုလေးတင် အိမ်ထဲမှ ထွက်လာသော ချန်ကောဟွားကို သတိပြုမိသွားသည်။

ချက်ချင်းပင် ဟယ်ယွီကျူးတို့သည် ချန်ကောဟွားကို ပြဿနာရှာရန် မဝံ့ရဲကြောင်းကို သူ သဘောပေါက်သွားသည်။ သူကိုယ်တိုင်မှာမူ ချန်ကောဟွား၏ နောက်လိုက် ခွေးတစ်ကောင်ဖြစ်သည်။ ခွေးကို ရိုက်မည်ဆိုလျှင် သခင်ကို ကြည့်ရပေမည်။ ထို့ကြောင့် သူ၏ သတ္တိများ ချက်ချင်း ရောက်လာလေတော့သည်။

သူ၏ ရင်ထဲတွင် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော သတ္တိတစ်ရပ်က ခြေဖဝါးမှ ဦးနှောက်အထိ တက်လာသည်ကို တွေ့လိုက်ရပြီးနောက် ဟယ်ယွီကျူးကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရှားကျူး ငါက မျက်နှာသာပေးတာကို မင်းက ဒီမှာ ဟန်လုပ်နေသေးတယ်ပေါ့၊ ငါ့အစ်ကိုဟွား ထွက်လာတာကို မမြင်ဘူးလား၊ မင်း ဓားကိုင်ပြီး ရမ်းကားရဲရင် ငါ့အစ်ကိုဟွားက မင်းကို ရိုက်မှာ ယုံလား"

ဒေါသတကြီး အော်ဟစ်သံသည် ခြံဝင်းတစ်ခုလုံး၌ ပဲ့တင်ထပ်သွားပြီး အခုလေးတင် ထလာကာ ထမင်းဟင်းချက်ပြုတ်နေသော ရီကျုံးဟိုင်ပင် ကြားသွားသည်။

ဓားဖြင့် လူကိုခုတ်ခြင်းသည် ကြီးလေးသော ပြစ်မှုဖြစ်သည်။ ထို့အပြင် ချန်ကောဟွားနှင့် ပြဿနာဖြစ်ခြင်းဖြစ်သည်။ အကယ်၍ တကယ် ပြဿနာဖြစ်သွားပါက ရဲစခန်းသို့ ရောက်သွားမည်မှာ သေချာသည်။ ရီကျုံးဟိုင်သည် ချက်ချင်း ထွက်လာပြီး ဟယ်ယွီကျူးကို အော်ဟစ်တားဆီးလိုက်သည်။

ချန်ကောဟွားလည်း ရှိနေသလို ဦးလေးကြီးရီလည်း ရှိနေသည်။ ဓားကိုင်ထားသော ဟယ်ယွီကျူးလည်း ရပ်တန့်သွား၏။

ဦးလေးကြီးရီ၏ သတိပေးမှုအောက်တွင် ချန်ကောဟွားသည် ရန်စရန် လွယ်ကူသူ မဟုတ်ကြောင်း သူ သိထားသောကြောင့် မနက်စောစောစီးစီးတွင် မရမ်းကားရဲဘဲ ရွှီတမောင်းကို ဆဲရေးတိုင်းထွာကာ စိုက်ကြည့်ပြီးနောက် တစ်ယောက်တည်း ထွက်သွားလေတော့သည်။

ထိုအခြေအနေကို မြင်သောအခါ ရွှီတမောင်းသည် ရင်ထဲတွင် သက်ပြင်းချလိုက်မိပြီး နောက်ဆုံးတွင် ချန်ကောဟွားမှာ တကယ်ကို အံ့သြစရာဖြစ်ကြောင်း ခံစားလိုက်ရသည်။

ဟယ်ယွီကျူးသည် တစ်ချက်မျှသာ ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ပြေးသွားသည်။ ဤသည်ကပင် ချန်ကောဟွားကို မျက်နှာချိုသွေးကာ အစေခံရန် ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေသည်။

ထို့ကြောင့် သူသည် ချန်ကောဟွားရှေ့သို့ ပြေးလာပြီး မျက်နှာချိုသွေးကာ တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

"အစ်ကိုကောဟွား ဒီလောက်စောစော အပြင်ထွက်တာ နှစ်သစ်ကူးပစ္စည်းတွေ ဘာတွေ ဝယ်ဖို့မလား၊ ငါ့ကို ခေါ်သွားပါလား ငါ အစ်ကို့ကို ကူညီပေးပါ့မယ်"

ချန်ကောဟွားသည် ခဏမျှ စဉ်းစားလိုက်သည်။ ဤကောင်စုတ်လေးသည် မိမိကို အသုံးချနေကြောင်း တွေးမိသော်လည်း မိမိကိုယ်တိုင်လည်း ပစ္စည်းအချို့ ဝယ်ရန်ရှိပြီး ကူညီသယ်ဆောင်ပေးမည့်သူ လိုအပ်နေသည်။ ထို့ကြောင့် သူသည် ခေါင်းညိတ် သဘောတူလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် တံခါးပေါက်မှ ထွက်လာခဲ့ကြပြီး ဝမ်ဖူကျင်း ကုန်တိုက်သို့ ထွက်ခွာသွားကြလေတော့သည်။

……

အခန်း (၆၂)

ဟယ်ယွီကျူးသည် ရွှီတမောင်းကို တစ်ကြိမ် လွှတ်ပေးလိုက်သည်။ သို့သော် ရီကျုံးဟိုင်ကမူ ဟယ်ယွီကျူးကို လွှတ်ပေးရန် ရည်ရွယ်ထားခြင်း မရှိပေ။

ခြံဝင်းထဲမှ လျိုဟိုင်ကျုံးနှင့် ယန်ပုကွေ့တို့ကို တိုက်ရိုက် ခေါ်ထုတ်လိုက်ကာ ဟယ်ယွီကျူးကို အတူတကွ ဝေဖန်အပြစ်တင်ကြသည်။

လျိုဟိုင်ကျုံးတို့ နှစ်ဦးက အခြေအနေကို ကြားပြီးနောက် ဟယ်ယွီကျူး၏ ဤလုပ်ရပ်မှာ မမှန်ကန်ကြောင်း ခံစားလိုက်ရသည်။

တရုတ်နှစ်သစ်ကူး ပထမနေ့ကဲ့သို့သော မင်္ဂလာရှိသည့်နေ့တွင် ဓားကိုင်ကာ လူကိုခုတ်ရန် မကြံရွယ်သင့်ပေ။ဤသည်မှာ ခြံဝင်းအတွင်း ပြဿနာရှာနေခြင်း ဖြစ်သည်။

ဤသို့ တွေးတောမိကြသည်နှင့် ချက်ချင်းပင် ဦးလေးကြီး သုံးဦးက ဟယ်ယွီကျူးကို ကြည့်သော အကြည့်များမှာ ပုံမှန်မဟုတ်တော့ချေ။

ဤရှားကျူးသည် မူလကတည်းက ဉာဏ်မကောင်းလှရာ ချေးစားမိပြီး ပို၍ တုံးအသွားသည်လားဟု ပြောနေသည့်အလားပင် ဖြစ်သည်။ ဤမျှ ယုတ္တိမရှိသော ကိစ္စကိုပင် လုပ်ရက်သေးသည်။ ထိုသို့ဆိုလျှင် နောက်ပိုင်း မည်သို့ လုပ်ရမည်နည်း။

ဟယ်ယွီကျူးသည် ပြန်လည် မပြောဝံ့ဘဲ မျက်နှာတွင် မကျေမနပ်ဖြစ်ကာ စိတ်တိုနေရုံသာ တတ်နိုင်သည်။

တရုတ်နှစ်သစ်ကူး ပထမနေ့ကဲ့သို့သော မင်္ဂလာရှိသည့်နေ့တွင် သူ၏ ရင်ထဲ၌သာ ခံရအခက်ဆုံး ဖြစ်နေသည်။ ဤသည်မှာလည်း ချန်ကောဟွားနှင့် တွေ့ဆုံမိခြင်းကြောင့်သာ ဖြစ်ရခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် နောက်ပိုင်း ဤအငြိုးကို ပြန်လည် ကလဲ့စားချေနိုင်ရန်မသေချာချေ။

မည်သို့ပင်ဆိုစေ ဟယ်ယွီကျူးသည် ယခုအချိန်တွင် ချန်ကောဟွားမှာ အနည်းငယ် ထူးဆန်းနေကြောင်း ခံစားမိသည်။ သူရှိသော နေရာတိုင်းတွင် မိမိမှာ လုံးဝ အဆင်မပြေဖြစ်ရပြီး နောက်ပိုင်း သူ့ကို ရန်စမိပါက တဖက်သူကို ဦးစွာ တောင်းပန်ခြင်းက ပိုကောင်းပေလိမ့်မည်။

သဘောပေါက်သွားသော သူသည် နောက်ပိုင်းတွင် ထပ်မံ၍ ရမ်းကားခြင်း မပြုတော့ဘဲ ချန်ကောဟွားကိုလည်း သွားရောက် ရန်မစတော့ကြောင်း ဦးလေးကြီး သုံးဦးထံ ကတိပေးလိုက်သည်။ဤသို့ဖြင့် ရီကျုံးဟိုင်တို့သည်လည်း ဟယ်ယွီကျူးကို လွှတ်ပေးလိုက်ပြီဟု ဆိုရပေမည်။

အခြားတစ်ဖက်ကို ဆက်ပြောရလျှင် ချန်ကောဟွားနှင့် ရွှီတမောင်း နှစ်ဦးသည် ဘတ်စ်ကားစီးပြီးနောက် နောက်ဆုံးတွင် ဝမ်ဖူကျင်းသို့ ရောက်ရှိလာခဲ့ကြသည်။

ဝမ်ဖူကျင်း ကုန်တိုက်သည် ကုန်ပစ္စည်းအမျိုးမျိုးကို သီးသန့်ရောင်းချသော နေရာဖြစ်သည်။ နှောင်းခေတ်များ၏ အမြင်ဖြင့် ကြည့်မည်ဆိုလျှင် ကုန်တိုက်ကြီးတစ်ခုဟု ဆိုနိုင်သည်။ ပစ္စည်းအမျိုးမျိုး ရှိသော်လည်း တန်ဖိုးကြီးပစ္စည်းများမှာ အနည်းငယ် ရှားပါးသည်။

ချန်ကောဟွားနှင့် ရွှီတမောင်းတို့သည် ဝင်သွားကြပြီး‌နောက် လူများပြည့်နှက်နေသော ဝမ်ဖူကျင်း ကုန်တိုက်ကို မြင်လိုက်ရသောအခါ ချန်ကောဟွား၏ ရင်ထဲတွင် အနည်းငယ် နောက်ဆုတ်ချင်စိတ် ပေါ်လာ၏။

ယနေ့သည် တရုတ်နှစ်သစ်ကူး ပထမနေ့ဖြစ်ရာ ဈေးဝယ်သူများ အလွန်များပြားသော်လည်း ဤမျှ လူများလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ အကယ်၍ သားမွေးအင်္ကျီကို တိုးဝှေ့မိပြီး ပျက်စီးသွားပါက အကျိုးထက် အပြစ်က ပိုများပေလိမ့်မည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ရွှီတမောင်း လိုက်ပါလာပြီး သူက အရှေ့မှ ကာကွယ်ပေးထားသဖြင့် မိမိအား လာတိုက်မိမည့်သူ ထိုမျှ မများနိုင်တော့ချေ။ ထို့နောက် ရွှီတမောင်း၏ အစွမ်းကုန် လမ်းဖယ်ပေးမှုအောက်တွင် ချန်ကောဟွားသည်လည်း အထူးအရောင်းဆိုင်သို့ ရောက်ရှိသွားသည်။ သူ ပထမဆုံး ဝယ်ယူမည့်အရာမှာ လက်ပတ်နာရီပင် ဖြစ်သည်။

လက်ပတ်နာရီ အထူးအရောင်းဆိုင်သို့ ရောက်ရှိလာသောအခါ အရှေ့တွင် ဒီဇိုင်းမျိုးစုံရှိသော လက်ပတ်နာရီများကို တစ်ညီတစ်ညာတည်း ခင်းကျင်းပြသထားသည်။

ရွှီတမောင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားလေတော့သည်။ ဤမျှ တန်ဖိုးကြီးမားသော လက်ပတ်နာရီများကို တစ်သက်လုံး မမြင်ဖူးခဲ့သည့်အလားပင်ထင်ရသည်။ဘေးတွင်ရှိသော ချန်ကောဟွားကမူ သေချာစွာ စတင်ရွေးချယ်နေသည်။

ထိုအထဲတွင် ရှန့်ဟိုင်းတံဆိပ် လက်ပတ်နာရီမှာ ဤခေတ်ကာလတွင် နိုင်ငံသားတိုင်း အလိုချင်ဆုံး အရာဟု ဆိုနိုင်သည်။ ထို့ကြောင့် ဤမတိုင်မီက ပြည်တွင်း၌ ရောင်းချသော လက်ပတ်နာရီများမှာ အခြားနိုင်ငံများမှ လာသော နာရီများသာ ဖြစ်ကြသည်။

အခြားနိုင်ငံများမှ လာသောကြောင့် ဤလက်ပတ်နာရီများကို ဝမ်ကော် နာရီဟု အများအားဖြင့် ခေါ်ဝေါ်ကြသည်။ လူတိုင်းသည် ပြည်တွင်းဖြစ် လက်ပတ်နာရီများအပေါ် သဘာဝကျသော ဂုဏ်ယူမှုတစ်ရပ် ရှိကြသည်။

နှောင်းခေတ်များတွင် လက်ပတ်နာရီ ဝယ်မည်ဆိုလျှင် တန်ဖိုးကြီးရမည်၊ သေချာပေါက် နိုင်ငံခြားတံဆိပ် ဖြစ်ရမည်၊ ရောလက်စ်တို့ ပီယာဂျေးတို့ ဖြစ်ရမည်ဟု ဘဝင်မြင့်ကြသကဲ့သို့ မဟုတ်ချေ။

ဤခေတ်တွင် ရှန့်ဟိုင်းတံဆိပ် လက်ပတ်နာရီကို ထုတ်ပြလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ လူများကို လုံးဝ အံ့အားသင့်သွားစေနိုင်သည်။ ဤသည်ကပင် လက်ပတ်နာရီ လက်မှတ်ရှိသော ပြည်သူများအတွက်မူ ဝယ်ယူရန် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိစေခဲ့သည်။ ၎င်းမှာ ရှန့်ဟိုင်းတံဆိပ် လက်ပတ်နာရီပင် ဖြစ်သည်။

ထို့ကြောင့် ဤရှန့်ဟိုင်းတံဆိပ် လက်ပတ်နာရီမျိုးမှာ လူတိုင်းနီးပါးဝယ်ယူရန် မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဝယ်လိုအားများပြီး ရောင်းလိုအား မလောက်ငှသောကြောင့်ပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် နိုင်ငံတော်မှ ထုတ်လုပ်မှုများပြားလာရာ လက်ပတ်နာရီ ဝယ်နိုင်စွမ်းရှိသူများသည် အခြေခံအားဖြင့် ဝယ်ယူပြီးကြကာ မဝယ်နိုင်သူများမှာလည်း ဆက်လက်၍ မဝယ်နိုင်ကြသောကြောင့် ဝမ်ဖူကျင်းတွင် ဤပစ္စည်းများ အတော်လေး များပြားနေခြင်းဖြစ်သည်။

ချန်ကောဟွားသည် အချိန်ကို ဖြုန်းတီးမနေခဲ့ပေ။ ၎င်းတို့ထဲမှ အမျိုးသားသုံး လက်ပတ်နာရီ တစ်လုံးကို တိုက်ရိုက် ရွေးချယ်လိုက်သည်။ ထို့နောက် အမျိုးသမီးသုံး လက်ပတ်နာရီ တစ်လုံးကိုလည်း ရွေးချယ်လိုက်၏။

ဒီဇိုင်းနှစ်မျိုးဟု ဆိုသော်လည်း တံဆိပ်မှာ ရှန့်ဟိုင်းတံဆိပ်များသာ ဖြစ်ကြသည်။ ဈေးနှုန်းအားဖြင့် တစ်လုံးလျှင် ယွမ်တစ်ရာ ပေးရသည်။

ချန်ကောဟွားက ရွေးချယ်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ တာ့ထွမ်ကျဲ (ဆယ်ယွမ်တန်) အရွက်နှစ်ဆယ်ကို ထုတ်ပေးလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ရွှီတမောင်းသည် အံ့အားသင့်သွားသည်။ ဘေးရှိ အရောင်းဝန်ထမ်းမှာလည်း အံ့အားသင့်သွားသည်။

ရွှီတမောင်း အံ့အားသင့်ရခြင်းမှာ ချန်ကောဟွားတွင် ငွေရှိကြောင်း သူသိသော်လည်း ဤမျှလောက် ငွေကြွယ်ဝမည်ဟု တစ်ခါမျှ မထင်ထားခဲ့သောကြောင့် ဖြစ်သည်။

သူသည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ တာ့ထွမ်ကျဲအရွက်နှစ်ဆယ်ကို တိုက်ရိုက် သုံးစွဲပစ်လိုက်သည်။

အရောင်းဝန်ထမ်း အံ့အားသင့်ရခြင်းမှာ သူမအနေဖြင့် ဤမျှ ငယ်ရွယ်သော ဖောက်သည်တစ်ဦးက လက်ပတ်နာရီ နှစ်လုံးကို တစ်ပြိုင်နက်တည်း ဝယ်ယူသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသောကြောင့် ဖြစ်သည်။

သိထားရမည်မှာ ဤသည်က ယွမ်နှစ်ရာပင် ဖြစ်သည်။ အလုပ်သမားတစ်ဦး၏ လစဉ်လစာ ယွမ်နှစ်ဆယ်ခန့်သာရှိသော ဤခေတ်တွင် ယွမ်နှစ်ရာဆိုသည်မှာ သာမန် အလုပ်သမားတစ်ဦး၏ ဆယ်လစာ စုစုပေါင်း ဝင်ငွေနှင့် ညီမျှသည်။ ၎င်းမှာလည်း မစားမသောက်ဘဲ စုဆောင်းမှသာ ဖြစ်ပေမည်။ ထို့ကြောင့် အရောင်းဝန်ထမ်းမှာ ဤမျှ အံ့အားသင့်သွားရခြင်းဖြစ်သည်။

သို့သော် ချန်ကောဟွားကို အနည်းငယ် မတတ်မသာဖြစ်စေသည်မှာ အရှေ့ရှိ အရောင်းဝန်ထမ်း ကောင်မလေးသည် မိမိအား မျက်လုံးများတွင် အချစ်ရောင်များ သန်းကာ ကြည့်နေပြီး ပါဆယ်ထုပ်နေစဉ်အတွင်း ချန်ကောဟွားတွင် ချစ်သူရှိမရှိကို သွယ်ဝိုက်၍ အမြဲ မေးမြန်းနေခြင်းဖြစ်သည်။

သူမတွင် သူငယ်ချင်းတစ်ယောက်ရှိပြီး မိဘများက အိမ်ထောင်ပြုရန် တိုက်တွန်းနေကြောင်း စသည်ဖြင့် ပြောဆိုနေသည်။ အရောင်းဝန်ထမ်း ကောင်မလေး၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် သူမပြောနေသော ထိုသူငယ်ချင်းဆိုသည်မှာ သူမကိုယ်တိုင်ပင် ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်သည်။

တစ်ဖက်လူ၏ အသက်မှာ မကြီးသေးသလို ရုပ်ရည်မှာလည်း အလွန် ချောမောလှပသည်။ သို့သော် ချန်ကောဟွားကမူ အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိချေ။

သူက သူတော်စင်အဖြစ် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ မိမိတွင် ဇနီးသည်ရှိနေပြီဖြစ်ကာ လက်ရှိတွင် ကလေးရရန်ပင် ပြင်ဆင်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အခြားသူ၏ မျက်နှာသာပေးမှုကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားသည် မိမိ စောစောစီးစီး အိမ်ထောင်ကျနေပြီဖြစ်ကြောင်းကိုသာ တစ်ဖက်လူအား ပြောပြနိုင်သည်။

တစ်ဖက်လူက ထိုစကားကိုကြားပြီးနောက် တောက်ပနေသော မျက်လုံးများမှာ ထင်ရှားစွာပင် မှေးမှိန်သွားလေတော့သည်။ ချက်ချင်းပင် ဆက်ဆံရေးမှာ များစွာ အေးစက်သွားသည်။

ချန်ကောဟွားကမူ ဂရုမစိုက်ခဲ့ပေ။ သို့သော် ဤမြင်ကွင်းက ဘေးရှိ ရွှီတမောင်းကို အလွန်အမင်း အားကျစေခဲ့ပြီး ချန်ကောဟွား၏ ပေါင်ကိုဖက်ကာ (ဗန်းစကားအရ ဆရာကြီးရဲ့ ခြေသလုံး ဖက်ချင်သူ)တော်လိုက်တာ ဟု အော်ဟစ်ချင်စိတ်ပင် ပေါက်သွားစေသည်။

သူသည် လူပျိုဖြစ်နေသည်မှာ ဤမျှ ကြာမြင့်နေပြီဖြစ်ပြီး ပုံမှန်အားဖြင့် သဘောကျစရာ ကောင်မလေးများနှင့် တွေ့လျှင် နည်းလမ်းငယ်များသုံးကာ အခွင့်အရေး ယူရုံသာ တတ်နိုင်ပြီး ချစ်သူရှာရန်ဆိုသည်မှာ အလွန် ဝေးကွာသော ကိစ္စဖြစ်နေကြောင်းကို တွေးမိလိုက်သည်။

သို့သော် ချန်ကောဟွားမှာမူ ဘာမှလည်း မပြော ဘာမှလည်း မလုပ်ဘဲ ပစ္စည်းဝယ်ရုံမျှဖြင့် ကောင်မလေးကို ရူးသွပ်မတတ် စွဲလန်းသွားစေသည်။ ဤသည်မှာ လူအချင်းချင်း နှိုင်းယှဉ်မိလျှင် ဒေါသထွက်‌စေပြီးသေ‌ေလာက်သည်။

သို့သော် ရွှီတမောင်းလည်း သိထားသည်။ ချန်ကောဟွားမှာ အရည်အချင်းရှိပြီး ထိုကောင်မလေး ဤသို့ ပြုမူခြင်းမှာလည်း အလွန် သဘာဝကျသည်။ ထို့ကြောင့် သူ၏ ရင်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။ နောက်ပိုင်း ချန်ကောဟွားနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ကာ သူ၏ နာမည်ကို အသုံးချပြီး မိန်းကလေးများကို ဖြားယောင်း၍ ရနိုင်လောက်သည်။

ဤအတွေးပေါ်လာသည်နှင့် သူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားလေတော့သည်။

"အစ်ကိုကောဟွား အစ်ကို တခြား ဝယ်စရာပစ္စည်းတွေ ရှိသေးရင် သွားဝယ်လိုက်ပါလား၊ ဒီအိတ်ကိုတော့ ငါ့ကို ပေးသယ်ခိုင်းထားလိုက်ပါ"

ရွှီတမောင်းသည် မျက်နှာချိုသွေးကာ ခန္ဓာကိုယ်ကို ကိုင်းညွတ်လျက် ဖားယား၍ ပြောလိုက်သည်။

ချန်ကောဟွားသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူ၏ ဤခရီးစဉ် ရည်ရွယ်ချက်တွင် အရေးအကြီးဆုံးမှာ သားမွေးအင်္ကျီ ဖြစ်သည်။

လက်ပတ်နာရီမှာ တန်ဖိုးကြီးသော်လည်း ရွှီတမောင်းသည် မကောင်းသော အကြံအစည်ကို လုံးဝ မကြံရဲကြောင်း သိထားသည်။ မည်သို့ပင်ဆိုစေ မကောင်းသော အကြံအစည်ကို ကြံရဲပါက ခြံဝင်းထဲသို့ ပြန်ရောက်ချိန်တွင် မိမိ၏ အကူအညီမပါဘဲ ဟယ်ယွီကျူးက သူ့ကို ပထမဆုံး ဆုံးမ ပေလိမ့်မည်။ထို့ကြောင့် ပါဆယ်ထုပ်ထားသော ပစ္စည်းများကို ရွှီတမောင်းထံသို့ ပေးအပ်လိုက်သည်။

လက်ပတ်နာရီ ကိစ္စ ပြီးစီးသွားပြီးနောက် သူတို့နှစ်ဦးသည် ခရီးတစ်ထောက် ထပ်လျှောက်လာခဲ့ပြီး နောက်ဆုံးတွင် သားမွေးအင်္ကျီ အထူးအရောင်းဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။

ဤဆိုင်မှာ နှောင်းခေတ်များ၏ ဇိမ်ခံပစ္စည်း ပြခန်းတစ်ခုဟု ဆိုနိုင်သည်။ ဆိုင်အတွင်းတွင် ဒီဇိုင်းအမျိုးမျိုးရှိသော ဇိမ်ခံပစ္စည်းများကို ပြည့်နှက်နေအောင် ခင်းကျင်းပြသထားပြီး ကြည့်ရသူများကို မျက်စိသူငယ် နားသူငယ် ဖြစ်သွားစေသည်။

သို့သော် သားမွေးအင်္ကျီမှာမူ ဆိုင်၏အလယ်တွင် တစ်ထည်တည်းသာ ရှိသည်။

ချန်ကောဟွားသည် ရွှီတမောင်းကို ခေါ်ကာ ဝင်လာပြီးနောက် အရောင်းဝန်ထမ်း ကောင်မလေးသည် အေးစက်သော မျက်နှာထားဖြင့် ရှိနေပြီး အထူးတလည် ယဉ်ကျေးပျူငှာခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် ဇိမ်ခံပစ္စည်းဆိုင်ရှိ ဝန်ထမ်းများ၏ အမြင်တွင် ဆိုင်အတွင်း သားမွေးအင်္ကျီကို ဝယ်ယူနိုင်စွမ်းရှိသူများမှာ လူ့အဖွဲ့အစည်းအတွင်း မျက်နှာပွင့်ပြီး အဆင့်အတန်းရှိသော လူကြီးလူကောင်းများသာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထိုသို့သော သူများမှာ မချမ်းသာလျှင်ပင် အဆင့်အတန်းမြင့်မားကြပေမည်။

သို့သော် ချန်ကောဟွားနှင့် ရွှီတမောင်းတို့သည် သာမန် ပြည်သူ့ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဤနေရာသို့ လာရောက်ခြင်းမှာ သာမန်လူများကဲ့သို့ပင် ဝင်ရောက်၍ အမြင်ကျယ်စေရန်နှင့် အားကျစွာ နှစ်ချက်မျှကြည့်ပြီး ပြန်ထွက်သွားကြမည်သာဖြစ်ရာ အရှေ့သို့ သွားရောက် ဝန်ဆောင်မှုပေးရန် လုံးဝ မလိုအပ်ဟု ယူဆထားသောကြောင့် ဖြစ်သည်။

နှောင်းခေတ်များတွင်လည်း ချန်ကောဟွားသည် ကုန်တိုက်များ၌ လူကြည့်၍ ဆက်ဆံတတ်သော ဤကဲ့သို့သော ဝန်ထမ်းများကို မကြာခဏ တွေ့ဖူးသည်။ ထို့အပြင် ထိုလူများမှာ သာမန် အလုပ်သမားများသာဖြစ်ပြီး ဤခေတ်ကာလတွင် အရောင်းပစ်မှတ် ပြည့်မီပါက ရရှိသော ဆုကြေးငွေများလည်း မရှိဘဲ ပုံသေလစာကိုသာ ရရှိကြရာ ဆက်ဆံရေး အနည်းငယ် ဆိုးရွားခြင်းမှာ အလွန် ပုံမှန်သာ ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ဒေါသမထွက်ခဲ့ချေ။

မကြာမီတွင် ချန်ကောဟွားသည် ဆိုင်အတွင်းရှိ တစ်ထည်တည်းသော သားမွေးအင်္ကျီကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"မင်္ဂလာပါ အဲဒီ သားမွေးအင်္ကျီလေးကို ပါဆယ်ထုပ်ပေးလို့ ရမလား"

ထိုသို့ ပြောပြီးနောက် အရောင်းဝန်ထမ်း၏ မျက်နှာမှာ ကြက်သေသေသွားသည်။ သူမက ယုံကြည်နိုင်စွမ်းမရှိသော အကြည့်များဖြင့် ချန်ကောဟွားကို ကြည့်လာသည်။

ချန်ကောဟွားက အိတ်ကပ်ထဲမှ သားမွေးအင်္ကျီ လက်မှတ်ကို ထုတ်ယူလိုက်သောအခါ မိမိအရှေ့ရှိ တစ်ဖက်လူမှာ ဖောက်သည်ဖြစ်ကြောင်း ထိုအခါမှသာ သိရှိသွားတော့သည်။

လက်မှတ်ကို ထုတ်ပြနိုင်သူဆိုသည်မှာ အင်အားကြီးသော လူကြီးလူကောင်း တစ်ဦးပင် ဖြစ်ရပေမည်။ ထို့ကြောင့် သူမ၏ ဆက်ဆံရေးမှာ ချက်ချင်းပင် ရိုသေလေးစားမှု ရှိသွားလေတော့သည်။

သားမွေးအင်္ကျီကို သတိထား၍ ဖြုတ်ယူလိုက်ပြီး ချန်ကောဟွား၏ အရှေ့တွင် ရိုရိုသေသေ ချထားပေးလိုက်သည်။ ဤသားမွေးအင်္ကျီမှာ အညိုဖျော့ရောင်ဖြစ်ပြီး လူကို ပေါ့ပါး၍ ဇိမ်ကျသော ခံစားချက်ကို ပေးစွမ်းသည်။

ပစ္စည်းကို ချန်ကောဟွား၏ အရှေ့တွင် ချထားပြီးနောက် တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

"မင်္ဂလာပါ ဒီသားမွေးအင်္ကျီက ဒီဆိုင်ရဲ့ အကောင်းဆုံး ပစ္စည်းပါ ယွမ် တစ်ထောင့်တစ်ရာ့သုံးဆယ် ကျသင့်ပါမယ်"

သားမွေးအင်္ကျီကဲ့သို့သော ပစ္စည်းမှာ မည်သည့်နေရာတွင်ထားထား အလွန်အမင်း တန်ဖိုးကြီးမားလှသည်။ မည်သို့ပင်ဆိုစေ သာမန်လူများ ပိုင်ဆိုင်နိုင်သော လက်ပတ်နာရီကဲ့သို့သော ပစ္စည်းများနှင့် မတူညီချေ။

သေသပ်စွာ ပြုလုပ်ထားသော သားမွေးအင်္ကျီများကို ရာထူးကြီးမားပြီး ဩဇာတိက္ကမ ရှိသူများသာ ဝတ်ဆင်နိုင်ကြပြီး ၎င်းမှာလည်း အသိုင်းအဝိုင်းအတွင်း သုံးစွဲသော ပစ္စည်းတစ်ခုဟု ဆိုနိုင်သည်။ မိမိပိုင် သားမွေးအင်္ကျီ ရှိမှသာလျှင် အသိုင်းအဝိုင်းအတွင်းရှိ လူများက အသိအမှတ်ပြုနိုင်ပေမည်။

နှောင်းခေတ်များရှိ ထင်ရှားသော အမျိုးသမီးများကဲ့သို့ပင် အမျိုးသမီးများစွာ အုပ်စုဖွဲ့ကာ ဟိုဟာလုပ် ဒီဟာလုပ် လုပ်နေကြခြင်းမှာ အထက်တန်းလွှာ၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက်သာဖြစ်သည်။

သားမွေးအင်္ကျီကဲ့သို့သော အဆင့်မြင့် ပစ္စည်းမှာ အခြေခံအားဖြင့် ချမ်းသာသူများ၏ အဆင့်အတန်း သင်္ကေတတစ်ခု ဖြစ်နေသည်။ ဈေးနှုန်းမှာလည်း သဘာဝကျစွာပင် အလွန်အမင်း ကြီးမားလှသည်။ တိုက်ရိုက်ပင် ယွမ်တစ်ထောင်ကျော် ဖြစ်သည်။

အကယ်၍ ရွှီတမောင်းသာဆိုလျှင် ဤဈေးနှုန်းကို ကြားလိုက်ရပါက ခေါင်းထဲတွင် လုံးဝ ထူပူသွားမည်မှာ သေချာသည်။

မည်သို့ပင်ဆိုစေ ယွမ်တစ်ထောင်ကျော် ငွေကြေးဖြင့် အင်္ကျီတစ်ထည်တည်းကိုသာ ဝယ်ယူရန်ဆိုသည်မှာ လုံးဝ ရူးသွပ်နေခြင်း ဖြစ်သည်။

သို့သော် ချန်ကောဟွားဆိုသည်မှာ မည်သူနည်း။သူ ယခုအချိန်တွင် မပြတ်လပ်ဆုံးအရာမှာ ငွေကြေးပင် ဖြစ်သည်။ လက်ကို နောက်ပြန်နှိုက်လိုက်ပြီး စနစ်သိုလှောင်ခန်းထဲမှ တာ့ထွမ်ကျဲ့ (ဆယ်ယွမ်တန်) အရွက်တစ်ရာ့နှစ်ဆယ်ကို အလွန် သပ်ရပ်ကြော့ရှင်းစွာဖြင့် ထုတ်ယူလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ရွှီတမောင်းနှင့် အရောင်းဝန်ထမ်း နှစ်ဦးစလုံး ထုံထိုင်းသွားကြလေတော့သည်။

ဤသည်မှာ သူတို့ တစ်သက်လုံး ရှာဖွေလျှင်တောင် ရရှိနိုင်မည်မှာ မသေချာသော ငွေကြေးဖြစ်သည်။ ယခုမူ အခြားသူက အင်္ကျီတစ်ထည် ဝယ်ရန်အတွက် တိုက်ရိုက် ထုတ်သုံးလိုက်သည်။ ထိုကိစ္စမှာ အလွန် ရူးသွပ်စရာကောင်းလှ၏။

ဤသို့ဖြင့် ငွေရှင်းပြီးနောက် ထိုနှစ်ဦး၏ အားကျမှုအောက်တွင် ချန်ကောဟွားသည် ပစ္စည်းများကို ယူဆောင်ကာ ဆိုင်ထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင်ပင် လှပကျော့ရှင်းသော လူရိပ်တစ်ခုသည် ချန်ကောဟွား၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

ဤအမျိုးသမီး၏ ဝတ်စားဆင်ယင်မှုမှာ သာမန်မဟုတ်ဘဲ ရုပ်ရည်မှာလည်း အလွန် လှပချောမောလှသည်။ ဆိုင်ထဲသို့ ရောက်လာပြီးနောက် သူမသည် တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"မင်္ဂလာပါ သားမွေးအင်္ကျီ ရောင်းဖို့ရှိပါသေးလား"

ထိုသို့မေးမြန်းမှုအပြီးတွင် ဝန်ထမ်းသည် ချန်ကောဟွားကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"လာတာ နောက်ကျသွားတယ်၊ ဆိုင်က နောက်ဆုံး ကျန်တဲ့ သားမွေးအင်္ကျီကို အဲဒီလူကြီးမင်း ဝယ်သွားပါပြီ"

"ဟင်"

မိန်းကလေးမှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားပြီးနောက် ဝန်ထမ်း၏ လက်ဟန်အတိုင်း လိုက်ကြည့်လိုက်သည်။

ချန်ကောဟွား၏ လက်ထဲရှိ အိတ်ကို မြင်လိုက်ရသောအခါ မျက်နှာထားမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။

ချန်ကောဟွားက တစ်ဖက်လူကို မြင်လိုက်ရသောအခါ ခေါင်းထဲတွင် စာလုံးအချို့ အလိုအလျောက် ပေါ်လာလေတော့သည်။

လုံရှောင်းအဲ့…ဘယ်လိုလုပ် သူမနဲ့ ဆုံရတာလဲ

……

All Chapters