← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃)

လုံရှောင်းအဲ့ကို မြင်တွေ့ပြီးနောက် ချန်ကောဟွားက ကြောင်အသွားသည်။

ဤအချိန်တွင် သူမနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ အကြောင်းမူကား မူရင်းဇာတ်သွားအရ တစ်ဖက်လူသည် ရွှီတမောင်းနှင့် အရင်ဆုံး စေ့စပ်တွေ့ဆုံရမည်ဖြစ်ပြီး လက်ထပ်ပြီးမှသာ သူနှင့် ဆုံတွေ့ရမည် ဖြစ်သည်။

ယခုအချိန်တွင် ဇာတ်လမ်းက ဤနေရာသို့ မရောက်သေးသော်လည်း လုံရှောင်းအဲ့နှင့် မတော်တဆ ဆုံတွေ့လိုက်ရခြင်းက သူ့ကို အမှန်တကယ် အံ့အားသင့်သွားစေသည်။ သို့သော် အံ့အားသင့်သွားပြီးနောက် သူက အလျင်အမြန် သတိပြန်ဝင်လာ၏။ဦးနှောက်ထဲတွင် လုံရှောင်းအဲ့၏ ဖြတ်သန်းမှုများကို စတင်ပြန်လည်စဉ်းစားမိလာသည်။

လုံရှောင်းအဲ့ဆိုသော သူမနှင့် ပတ်သက်၍ ချန်ကောဟွားက သူမကို မမုန်းတီးပေ။ မူရင်းဇာတ်လမ်းထဲတွင် လုံရှောင်းအဲ့က ရွှီတမောင်းကို သဘောမကျသော်လည်း နောက်ဆုံးတွင် ရွှီတမောင်းနှင့်ပင် လက်ထပ်ခဲ့ရသည်။ အကြောင်းမှာ သူမ မိသားစု၏ နောက်ခံအခြေအနေက မကောင်းသောကြောင့်ပင် ဖြစ်သည်။

ဖခင်ဖြစ်သူမှာ သံမဏိစက်ရုံ၏ ခေါင်းဆောင်ဖြစ်ပြီး အဓိကရေစီးကြောင်းဖြစ်သော အလုပ်သမားနှင့် လယ်သမား အဆင့်အတန်းမျိုး မဟုတ်ပေ။ သို့သော် ခြောက်ဆယ်ပြည့်လွန်နှစ်များတွင် လူ့အဖွဲ့အစည်း၌ အဆင့်အတန်းကို အလေးထားရပြီး တခြားတစ်နည်းအားဖြင့် ပြောရလျှင် မိသားစုက ပိုမိုဆင်းရဲလေ အရင်းအနှီးနည်းပါးလေ ပို၍ချီးကျူးထိုက်လေ ဖြစ်သည်။

လုံရှောင်းအဲ့၏ ဖခင်မှာမူ နောက်ဆုံးတွင် သံမဏိစက်ရုံကို နိုင်ငံတော်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် သူ့အပေါ်ရှိ အဆင့်အတန်းအရောင်အသွေးကို ဖုံးကွယ်ရန် ခက်ခဲနေဆဲဖြစ်သည်။

ထို့ကြောင့် လုံရှောင်းအဲ့၏ မိဘများက မိသားစု၏ အရင်းရှင်အငွေ့အသက်ကို အနိမ့်ဆုံးအထိ လျှော့ချရန်နှင့် မိမိတို့၏ သမီးဖြစ်သူ ခွဲခြားဆက်ဆံမခံရစေရန်အတွက် အိမ်ရှိအစေခံ၏ သားနှင့် လက်ထပ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသူမှာ ရွှီတမောင်းပင် ဖြစ်သည်။

ဤအရာကို နောင်လာနောက်သားများ၏ အမြင်ဖြင့် ကြည့်မည်ဆိုလျှင် ရွှီတမောင်းက လုံရှောင်းအဲ့ကို လက်ထပ်လိုက်ခြင်းမှာ အဆင့်မြင့်သူကို လှမ်းကိုင်လိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ဤခေတ်ကာလတွင်မူ လုံရှောင်းအဲ့က ရွှီတမောင်းဆိုသော အဆင့်မြင့်သူကို လှမ်းကိုင်လိုက်ခြင်း ဖြစ်သွားသည်။ သို့သော် စကားဟောင်းက ဆိုထားသည်မှာ မှန်ကန်လှသည်။

အတင်းခူးထားသော ဖရဲသီးက မချိုပေ

ရွှီတမောင်းက လှပပြီး အိမ်ထောင်မှုနိုင်နင်းကာ မိသားစုအခြေအနေကောင်းသော ဇနီးတစ်ဦးကို လက်ထပ်ရခြင်းအတွက် ကျေနပ်နေသည်။ သို့သော် သူက နှာဘူးထလွန်းသော သဘာဝရှိသဖြင့် ကောင်းစွာ တန်ဖိုးထားမည် မဟုတ်ပေ။

မူရင်းဇာတ်လမ်းထဲတွင် ချင်ကျင်းယွီနှင့် ဆုံတွေ့ပြီးနောက် ဇနီးမောင်နှံ သံယောဇဉ်ကို လုံးဝမထောက်ထားဘဲ စကားများများမပြောဘဲ လုံရှောင်းအဲ့ကို တိုက်ရိုက် ကန်ထုတ်ပစ်လိုက်သည်။ ဤသည်မှာ အတိအကျပင် ချန်ရှစ်မေ တစ်ယောက် ဖြစ်သည်။

မဟုတ်ဘူး…

သူ့ကို ချန်ရှစ်မေဟု ပြောခြင်းကပင် သူ့ကို ချီးကျူးရာ ရောက်နေသေးသည်။

ရွှီတမောင်းက လုံရှောင်းအဲ့ကို ကန်ထုတ်ပြီးနောက် ဇနီးဟောင်းဖြစ်သူက ဟယ်ယွီကျူးနှင့် ပေါင်းဖက်ချင်နေသည်ကို သိရှိသွားရာ အဖွဲ့ခေါင်းဆောင်တစ်ဦးကို တိုက်ရိုက်ခေါ်ဆောင်သွားပြီး သူတို့၏ အိမ်ထောင်ရေးကို ဖျက်ဆီး‌ခဲ့သည်။ နောက်ဆုံးတွင် တစ်ဖက်လူကို ဟောင်ကောင်ကျွန်းသို့ သွားရောက်နေထိုင်ရန် ဖိအားပေး‌သည်။

ထို့ကြောင့် ပြောရမည်ဆိုလျှင် ရွှီတမောင်းဆိုသော ခြေဖဝါးအထိ အနာပေါက်အောင် ဆိုးသွမ်းလှသည့် လူနှင့် ပတ်သက်၍ ချန်ကောဟွားက အနည်းငယ်မျှပင် ရင်းနှီးစိတ် မဖြစ်ပေါ်နိုင်ပေ။

သို့သော် လုံရှောင်းအဲ့ဆိုသော အိမ်ထောင်မှုနိုင်နင်းပြီး သဘောကောင်းသော အမျိုးသမီးနှင့် ပတ်သက်၍မူ ချန်ကောဟွားက အလွန်အမင်း ကိုယ်ချင်းစာမိသည်။

အဘယ်ကြောင့်ဆိုသော် ရုပ်သံဇာတ်လမ်းတွဲတစ်ခုလုံးကို ကြည့်ရှုပြီးနောက် လုံရှောင်းအဲ့သည် ချန်ကောဟွား အသိအမှတ်ပြုသော အကျင့်စာရိတ္တကောင်းမွန်သည့် လူကောင်းအနည်းငယ်ထဲမှ တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အဘယ်ကြောင့် ယခုလိုပြောရသလဲဆိုလျှင် သူမ ပြုလုပ်ခဲ့သော ရွေးချယ်မှုများမှတစ်ဆင့် မြင်တွေ့ရခြင်း ဖြစ်သည်။

ထိုနှစ်က သူမသည် ရွှီတမောင်းထံသို့ အဆင့်နိမ့်ကျစွာ လက်ထပ်သွားပြီးနောက် ယခင်က ပြည့်စုံကြွယ်ဝသော ဘဝကို စွန့်လွှတ်လိုက်ပြီး ချမ်းသာသော အိမ်တော်သခင်မလေးဘဝမှ သာမန်အမျိုးသမီးတစ်ဦး ဖြစ်လာသည်။

ရွှီတမောင်းနှင့်အတူ မိသားစုကို ဦးစီးကာ အဝတ်လျှော်၊ ထမင်းချက်ပြီး လက်ဖက်ရည်ကြမ်း ငဲ့ပေးခြင်းများကို ပြုလုပ်ပေးသည်။ ထိုမြင့်မြတ်လှသော အိမ်တော်သခင်မလေးများနှင့် နှိုင်းယှဉ်ပါက သူမသည် အလွန်ပင် သဘောကောင်းသည်ဟု ဆိုနိုင်သည်။ ဤအချက်ကို နွေဦးပွဲတော် ဇာတ်လမ်းအပိုင်းမှလည်း မြင်တွေ့နိုင်သည်။

မူရင်းဇာတ်လမ်းထဲတွင် ဟယ်ယွီကျူးက ပန့်ကန့်ကို ခြံဝင်းထဲသို့ နှစ်သစ်ကူးမုန့်ဖိုး သွားတောင်းရန် လှည့်စားခဲ့ရာ တခြားသူများက ပန့်ကန့်တို့ ကျေးဇူးကန်းသူ သုံးဦး၏ တောင်းဆိုမှုကို ရင်ဆိုင်ရသောအခါ မျိုးစုံ ကျိန်ဆဲခဲ့ကြသည်။

လုံရှောင်းအဲ့သည် ထိုနေရာ၌ ကလေးများ နှစ်သစ်ကူးဂါရဝပြုပြီး အနီရောင်စာအိတ် တောင်းသည်ကို မြင်သောအခါ အနီရောင်စာအိတ် အရေအတွက်က မနည်းသော်လည်း သူမက ပြုံးရွှင်နေဆဲဖြစ်သည်။ ငွေပေးပြီးနောက် ဆန့်ကျင်ဘက်အနေဖြင့် မိမိ၏ ခင်ပွန်းကို ဒေါသမထွက်ရန် နှစ်သိမ့်ပေးသည်။

ပိုဆိုးသည်မှာ ရွှီတမောင်း ဖောက်ပြန်ပြီးနောက် သူမကို အိမ်ထဲမှ မောင်းထုတ်ခဲ့ပြီး ဆဲရေး စော်ကားခဲ့သေးသည်။

သူမ၏ မိသားစုအခြေအနေအရ သူမ၏ ဖခင်ကို ပြောပြပြီး လူမိုက်အချို့ကို စီစဉ်ကာ ရွှီတမောင်းကို ဆုံးမခိုင်းရန် လုပ်နိုင်သည်။ သို့သော် လုံရှောင်းအဲ့က တစ်ဖက်လူကို ပြဿနာရှာရန် မရွေးချယ်ခဲ့ချေ။

ဤသည်မှာ သေချာပေါက် သူမ အနိုင်ကျင့်ခံရပြီး ဆက်လက် သည်းခံနေရမည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ လမ်းခွဲပြီးပြီဆိုမှတော့ ထပ်ပြီး အနှောင့်အယှက် ပေးနေစရာ အကြောင်းမ‌ရှိဘူး ဟု သိထားခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် လူပုဂ္ဂိုလ်ရေးအရဆိုလျှင် သဘာဝကျကျပင် ပြောစရာစကား မရှိတော့ပေ။

ထို့နောက်တွင် ခံစားချက်အပိုင်း ဖြစ်သည်။ မူရင်းဇာတ်လမ်းထဲတွင် သူမနှင့် ရွှီတမောင်းတို့ ကွာရှင်းပြီးနောက် နားမကြားသော အဘွားအို၏ အိမ်တွင် နေထိုင်သည်။ သို့သော် နားမကြားသော အဘွားအိုက သူမနှင့် ဟယ်ယွီကျူးတို့ကို အတူနေရန် စီစဉ်ပေးသည်။

နားမကြားသော အဘွားအိုက မတုံးအပေ။ သူမ ဤမျှကြာအောင် အသက်ရှင်လာသည်ဖြစ်ရာ လုံရှောင်းအဲ့က မိန်းမကောင်း တစ်ယောက်ဖြစ်ကြောင်းကို မည်သို့ မကြည့်တတ်ဘဲ နေမည်နည်း။

ထို့ကြောင့် သူမ၏ ဖြန်ဖြေပေးမှုအောက်တွင် ဟယ်ယွီကျူးက နောက်ဆုံး၌ လုံရှောင်းအဲ့နှင့် တစ်ညတာ အတူနေထိုင်ခဲ့ပြီး နောက်ဆုံးတွင် ဟယ်ယွီကျူးကို မျိုးဆက်မပြတ်စေခဲ့ပေ။

ထို့နောက် ဆယ်နှစ်ကျော် ကြာပြီးနောက် သူမ ဟောင်ကောင်ကျွန်းမှ ခြံဝင်းအိမ်ဆီသို့ ပြန်လာချိန်တွင် အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်ပြီးပြီဟု ဆိုရမည်ဖြစ်သည်။ သို့သော် ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရွှီတမောင်း၏ မောင်းထုတ်ခြင်းကို ခံရပြီးနောက် လုံရှောင်းအဲ့ ပြန်မလာချင်တော့ကြောင်းကို မည်သူမဆို သိထားကြသည်။ ထို့အပြင် အမျိုးသမီးများတွင် ခံစားချက် လိုအပ်ချက်များ ရှိပြီး မိဘများကလည်း သူမကို ထပ်မံအိမ်ထောင်ပြုရန် တောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် ထပ်မံလက်ထပ်လိုက်ခြင်းက သူမကို စိတ်နှစ်ခွရှိသော အမျိုးသမီးဟု ပြော၍မရပေ။ မည်သို့ပင်ဖြစ်စေ သူမနှင့် ရွှီတမောင်းတို့ လက်ထပ်ထားချိန်တွင် အခြားအမျိုးသားများနှင့် နယ်ကျွံသော အပြုအမူမျိုး တစ်ခါမျှ မရှိခဲ့ပေ၊ အဆင်ပြေဖူးသော ဟယ်ယွီကျူးနှင့်ပင်လျှင် ဖောက်လွဲဖောက်ပြန် အပြုအမူမျိုး အနည်းငယ်မျှ မရှိခဲ့ပေ။ ဤအချက်များမှ ကြည့်လျှင် ခံစားချက်အပေါ် ထားရှိသော လုံရှောင်းအဲ့၏ သစ္စာရှိမှုကို မြင်တွေ့ရန် မခက်ခဲပေ။

အထက်ပါအချက်များကို အခြေခံ၍ ကြည့်လျှင် လုံရှောင်းအဲ့က ခင်ပွန်းအပေါ် တာဝန်ကျေသည်၊ ခံစားချက်အပေါ် သစ္စာရှိသည်။လူများနှင့် ဖော်ရွေသည်။ သေချာပေါက် ရှားပါးလှသော အမျိုးသမီးကောင်း တစ်ဦး ဖြစ်၏။

ရင်တွင်းစကား ပြောရမည်ဆိုလျှင် ထိုစဉ်က ချန်ကောဟွားသည် လုံရှောင်းအဲ့ကို ရှာဖွေရန် အမှန်တကယ် စဉ်းစားဖူးသည်။ သို့သော် ထိုစဉ်က လုံရှောင်းအဲ့ ထွက်ပေါ်မလာခဲ့ရာ သူကိုယ်တိုင်လည်း သူမကို မည်သည့်နေရာတွင် သွားရှာရမည်ကို သေချာပေါက် မသိခဲ့ပေ။

ထို့အပြင် သူက ကျေးလက်မှ မြို့တော်သို့ ယခုမှရောက်လာကာ မည်သည့်အဆင့်အတန်းမျှ မရှိဘဲ အလုပ်ကလည်း အနာဂတ်မရှိသော အားလပ်သည့် ရာထူးတစ်ခုသာ ဖြစ်နေသည်။

လုံရှောင်းအဲ့ကို ရှာတွေ့ခဲ့လျှင်ပင် ချန်ကောဟွား၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိထားသည်မှာ တစ်ဖက်လူက သဘောတူမည် မတူမည်ကို အသာထား တစ်ဖက်လူ၏ မိဘများက လုံးဝ သဘောတူမည် မဟုတ်ကြောင်းပင် ဖြစ်သည်။ ဤအတွက်ကြောင့် ချင်ဟွိုင်ယွီထံသို့ အာရုံစိုက်လိုက်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အမှားမှားအယွင်းယွင်းဖြင့် ချင်ကျင်းယွီကို ရွေးချယ်မိသွားသည်။

သို့သော် ယခု လုံရှောင်းအဲ့ကို မတော်တဆ ဆုံတွေ့လိုက်ရ‌သောအခါ ချန်ကောဟွား၏ ရင်ထဲတွင် အမှန်အတိုင်း ပြောရလျှင် လှိုင်းဂယက်အနည်းငယ် ထသွားသည်။ သို့သော် ရင်ထဲတွင် ဂယက်ထခြင်းက ဂယက်ထခြင်းမျှသာ ဖြစ်ပြီး မိမိတွင် တစ်သက်လုံး ပေါင်းသင်းမည့် ဇနီးရှိနေပြီဖြစ်ရာ လှေနှစ်စင်းကို ခြေချနင်းမည့် ကိစ္စမျိုးကို သေချာပေါက် လုပ်မည်မဟုတ်ပေ။

ရွှီတမောင်းကို ထပ်ပြောရလျှင် သူ လုံရှောင်းအဲ့ကို မြင်တွေ့ပြီးနောက် မျက်လုံးများ တိုက်ရိုက် ပြူးကျယ်သွားကာ သူမကို ကြောင်အစွာ စိုက်ကြည့်နေတော့သည်။ လုံရှောင်းအဲ့က သူ့ကို ပေးစွမ်းသော ခံစားချက်မှာ တစ်သက်စာ သတ်မှတ်ထားသော လူတစ်ဦးနှင့်ပင် တူနေတော့၏။ ဤသည်က သူ့ကို အလွန်အမင်း ရင်ခုန်သွားစေသည်။

သို့သော် လုံရှောင်းအဲ့၏ အကြည့်များက ချန်ကောဟွား၏ ကိုယ်ပေါ်တွင်သာ အသေအချာ ကျရောက်နေသည်။ ဘေးနားရှိ ရွှီတမောင်းကို လုံးဝ သတိမထားမိခဲ့ပေ။

ရွှီတမောင်းကလည်း လုံရှောင်းအဲ့သည် ချန်ကောဟွား၏ လက်ထဲရှိ သား‌မွေး အင်္ကျီကို ကြည့်နေသော အကြည့်များထဲတွင် နက်ရှိုင်းသော အားကျမှု တစ်စွန်းတစ်စကို မြင်တွေ့လိုက်ရသည်။ သိသာထင်ရှားစွာပင် ဤသည်မှာ သူ လုံးဝ ဖားယား၍ မရနိုင်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက သား‌မွေးအင်္ကျီကို လိုချင်နေသည်။ သူ ရုပ်ရှင်ပြသသူ၏ ဝင်ငွေက မနည်းသော်လည်း လုံးဝ ဝယ်နိုင်မည် မဟုတ်ပေ။ အားကိုးရာမဲ့သော ခံစားချက်တစ်ခုက သူ၏ ရင်ထဲတွင် ချက်ချင်း လွှမ်းမိုးသွားတော့သည်။

ဤအချိန်တွင်ပင် လုံရှောင်းအဲ့လည်း သတိပြန်ဝင်လာသည်။ သူမသည် ချန်ကောဟွားကို မြင်ပြီးနောက် ရင်ထဲတွင် အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ မျက်စိရှေ့ရှိ အမျိုးသားသည် မိမိ၏ အလွန်ရင်းနှီးသော မိတ်ဆွေဟောင်းတစ်ဦးနှင့် တူနေပြီး စိမ်းသက်သော ခံစားချက်မျိုး လုံးဝ မရှိပေ။

ဤထူးဆန်းသော ရင်းနှီးသည့် ခံစားချက်အောက်တွင် လုံရှောင်းအဲ့က ပြောလိုက်သည်။

"မင်္ဂလာပါ နင့်ရဲ့ သား‌မွေးအင်္ကျီကို ငါ့ဆီ လွှဲပြောင်းပေးလို့ ရမလား၊ သေချာတာပေါ့ ငါက သား‌မွေးအင်္ကျီရဲ့ အခြေခံတန်ဖိုးအပြင် သား‌မွေးအင်္ကျီလက်မှတ်ရဲ့ ဆုံးရှုံးမှုကိုပါ ဖြည့်ဆည်းပေးပြီး နင့်ကို ပိုပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခု ပေးပါ့မယ်"

ခြောက်ဆယ်ပြည့်လွန်နှစ်များတွင် စည်းကမ်းမဲ့ အရောင်းအဝယ် ပြုလုပ်၍ မရဘဲ ဝယ်ယူလိုလျှင်ပင် သမဝါယမဆိုင်တွင်သာ ဝယ်ယူနိုင်သည်။ ထိုသို့မဟုတ်ပါက အမြတ်ထုတ်သော အပြုအမူ ဖြစ်သွားမည် ဖြစ်သော်လည်း ပစ္စည်းချင်း ဖလှယ်ခြင်းကမူ ရနိုင်သည်။ ထို့ကြောင့် လုံရှောင်းအဲ့၏ အပြုအမူက အလွန်ပင် ယုတ္တိရှိလှသည်။

ချန်ကောဟွားက လုံရှောင်းအဲ့၏ တောင်းဆိုမှုကို ကြားသောအခါ တိုက်ရိုက်ပင် ခေါင်းခါပြလိုက်သည်။

နောက်နေတာလား

လုံရှောင်းအဲ့အပေါ် အမြင်ကောင်းသော်လည်း ဤသားမွေးအင်္ကျီက ဇနီးသည် မိဘအိမ်ပြန်ရန် ပြင်ဆင်ထားခြင်းဖြစ်ပြီး ခဲခဲယဉ်းယဉ်း မိဘအိမ်သို့ တစ်ခေါက်ပြန်ရမည်ဖြစ်ရာ သဘာဝကျကျပင် ခမ်းခမ်းနားနား ဖြစ်ရပေမည်။

ဘယ်လိုလုပ်ပြီး လဲလှယ်ပေးနိုင်မှာလဲ…

ထို့ကြောင့် သူက ပြုံးကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် ဒီသားမွေးအင်္ကျီကို ငါက တခြားလူကို ပေးမှာမို့လို့ မင်းနဲ့ လဲလှယ်ပေးလို့ မရနိုင်ဘူး၊ မင်း တခြားနေရာတွေမှာ သွားကြည့်လိုက်ပါလား"

ထိုသို့ပြောပြီးနောက် လုံရှောင်းအဲ့၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခုက သိသာစွာ ဖြတ်ပြေးသွားသည်။

ဤသား‌မွေးအင်္ကျီကို လဲလှယ်ခွင့် မရတာကြောင့်လား သို့မဟုတ် ဤသားမွေးအင်္ကျီက အမျိုးသမီးဝတ်ဖြစ်ပြီး တစ်ဖက်လူက တခြားသူကို ပေးမည်ဆိုသည်မှာ သေချာပေါက် ရင်းနှီးသော အမျိုးသမီးကို ပေးမည်ဟု ခံစားလိုက်ရသောကြောင့်လားဆိုတာ မသိနိုင်ပေ။ သို့သော် ဤအတွေးက အလျင်အမြန် ပျောက်ကွယ်သွားသည်။

တစ်ဖက်လူက အရပ်ရှည်ပြီး ချောမောကာ ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှ ငွေကြေးချမ်းသာနေပြီဖြစ်ရာ ဆက်ဆံရေးကောင်းမွန်သော အမျိုးသမီး ရှိနေခြင်းကလည်း အလွန်ပုံမှန်သာ ဖြစ်သည်။

ဤသို့တွေးမိသောအခါ လုံရှောင်းအဲ့က စိတ်ပေါ့ပါးသွားသည်။ သို့သော် သူမက ချန်ကောဟွားကို အလွန်ထူးဆန်းသည်ဟု ခံစားရစေသော စကားတစ်ခွန်းကို ထပ်ပြောလိုက်ပြန်သည်။

"ဒါဆို နင့်ကို တစ်ခုလောက် မေးပါရစေ၊ နင် ဘယ်မှာနေတာလဲ"

ဤသည်ကို ကြားသောအခါ ချန်ကောဟွားက သံသယဖြစ်ဟန်ဖြင့် သူမကို ကြည့်လိုက်သည်။

ဤခေတ်ကာလတွင် အမျိုးသမီးတစ်ဦးက သူစိမ်းအမျိုးသားတစ်ဦး၏ နေရပ်ကို ဦးဆောင်၍ မေးမြန်းနေခြင်းပင်ဖြစ်သည်။

လုံရှောင်းအဲ့ကလည်း မိမိ၏စကားတွင် အဓိပ္ပာယ်ကွဲလွဲမှု ရှိနေသည်ဟု ခံစားလိုက်ရသဖြင့် အလျင်အမြန် ရှင်းပြလိုက်တော့သည်။

"အို ဒီလိုပါ ငါ့မိဘတွေက ငါတစ်ခါမှ မမြင်ဖူးတဲ့ စေ့စပ်မယ့်သူ တစ်ယောက်နဲ့ သွားတွေ့ခိုင်းနေလို့လေ၊ ငါလည်း အဲဒီလောက် အမြန်ကြီး လက်မထပ်ချင်သေးဘူး၊ နောက်ကျရင် နင့်သူငယ်ချင်း အားတဲ့အချိန်ရှိရင် သူ့ဆီက သားမွေးအင်္ကျီလေး ခဏငှားချင်လို့ပါ"

"ဒါကြောင့် နင်ဘယ်မှာနေလဲဆိုတာ မေးထားလိုက်တာ၊ နောက်ကျရင် နင်နဲ့ အဆက်အသွယ်လုပ်လို့ လွယ်အောင်လို့ပါ"

"သေချာတာပေါ့ သားမွေးအင်္ကျီကို ငါ အလကား ငှားမှာ မဟုတ်ပါဘူး၊ နင် ငါ့အကူအညီလိုရင် ငါ နင့်ကို သေချာပေါက် ကူညီပေးပါ့မယ်"

လုံရှောင်းအဲ့၏ စကားမှာ တကယ်ပင် မမှားပေ။ သူမက ခဲခဲယဉ်းယဉ်း ရရှိလာသော သားမွေးအင်္ကျီလက်မှတ်ဖြင့် အကောင်းဆုံးနှင့် အလှဆုံး သားမွေးအင်္ကျီတစ်ထည်ကို ဝယ်ယူကာ မိဘများ မိတ်ဆက်ပေးသော စေ့စပ်မည့်သူကို တွေ့ပြီး ဆုတ်ခွာသွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် ဝမ်ဖူကျင်း ကုန်တိုက်ထဲတွင် နောက်ဆုံးကျန်သော အမျိုးသမီးဝတ် သားမွေးအင်္ကျီကို တိုက်ဆိုင်စွာပင် ချန်ကောဟွားက ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။

ထိုစကားကို ကြားပြီးနောက် ချန်ကောဟွားက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမကို လိပ်စာပေးလိုက်ခြင်းက ကိစ္စမရှိဟု တွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဇာတ်လမ်းသွားအရ နောက်ပိုင်းတွင် သူမလည်း ခြံဝင်းအိမ်ထဲသို့ ပြောင်းရွှေ့လာမည်သာ ဖြစ်သည်။ ထို့ကြောင့် ခြံဝင်းအိမ် လိပ်စာကို လုံရှောင်းအဲ့အား ပြောပြလိုက်သည်။

ပြောပြီးနောက် ချန်ကောဟွားလည်း ခေါင်းလှည့်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

လိပ်စာမှာ သူမ၏ စေ့စပ်မည့်သူ နေထိုင်သော ခြံဝင်းဖြစ်နေကြောင်း ကြားလိုက်ရသောအခါ လုံရှောင်းအဲ့က တိုက်ရိုက်ပင် ကြောင်အသွားတော့သည်။

သူမ ကြောင်အသွားသည့် တစ်ချိန်တည်းမှာပင် မျက်လုံးများထဲတွင် မျှော်လင့်ချက် အနည်းငယ်လည်း ရှိနေခဲ့ပြီး စေ့စပ်မည့်သူမှာ ချန်ကောဟွား ဖြစ်နေမည်လားဟု တွေးတောနေသည့်အလားပင်ဖြစ်သည်။

ယခု သူမက မိဘများနှင့် စိတ်ကောက်နေပြီး စေ့စပ်လက်ထပ်ခြင်းကို မပြုလုပ်လိုသော်လည်း အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုတော့ မပြောဘဲ မနေနိုင်ပေ။

ဤအချိန်တွင် ခင်ပွန်းရှာရန်အတွက် ရည်းစားတစ်ခါမျှ မထားဖူးသော သူမအဖို့ ရင်ထဲတွင် မိန်းမငယ်လေးတို့၏ ခံစားချက်များ အပြည့်ရှိနေမည်မှာ သေချာလှသည်။ ချောမောပြီး အရည်အချင်းရှိသော ခင်ပွန်းတစ်ဦးကို ရှာတွေ့နိုင်ရန် မျှော်လင့်နေပေလိမ့်မည်။

မျက်စိရှေ့ရှိ ချန်ကောဟွားမှာမူ အရည်အချင်း ရှိမရှိကို အသာထား ရုပ်ရည်သွင်ပြင်က ပြောစရာမလိုအောင်ပင် မျက်ခုံးထူ ၊မျက်လုံးကျယ်၊ နှာတံစင်းစင်းနှင့် ထူးခြားသော ကိုယ်ပိုင်ဟန်ပန်များ ရှိနေသည်။ လုံရှောင်းအဲ့လည်း ဘာဖြစ်သွားမှန်း မသိဘဲ ချန်ကောဟွား၏ ပုံရိပ်က သူမ၏ ဦးနှောက်ထဲတွင် တိုက်ရိုက် စွဲထင်သွားတော့သည်။

ထို့ပြင် ချန်ကောဟွား နေထိုင်သည့်နေရာနှင့် မိဘများ ပြောထားသော ထိုစေ့စပ်မည့်သူ နေထိုင်သည့်နေရာက တစ်နေရာတည်း ဖြစ်နေကြောင်း ကြားလိုက်ရသဖြင့် ဤသည်က သူမကို မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေသည်။

သို့သော် လုံရှောင်းအဲ့က ချန်ကောဟွား၏ နာမည်ရင်းကို ဆက်လက်မေးမြန်းရန် ပြင်လိုက်ချိန်တွင် တစ်ဖက်လူမှာ လူအုပ်ထဲတွင် ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမ၏ ရင်ထဲ၌ အနည်းငယ် နောင်တရသွားစေသည်။

ဘေးနားရှိ ရွှီတမောင်းက လုံရှောင်းအဲ့၏ ပုံမှန်မဟုတ်မှုတို့ကို သတိပြုမိသွားကာ မျက်နှာချိုသွေးလျက် လာရောက်စကားပြောတော့သည်။

"အလှလေး ငါ မင်းကို ကူညီပေးနိုင်တာများ ရှိမလား"

ရွှီတမောင်းက လည်ချောင်းရှင်းကာ မေးလိုက်သည်။

အသံကို ကြားလိုက်ရမှသာ လုံရှောင်းအဲ့က ဘေးနားရှိ ရွှီတမောင်းသည် ချန်ကောဟွားနှင့် အတူလာသူ ဖြစ်ကြောင်းကို သတိပြုမိသွားတော့သည်။ ထို့ကြောင့် အလျင်အမြန်ပင် ချန်ကောဟွား၏ နာမည်ကို သူ့ထံမှ စုံစမ်းလိုက်သည်။

"သူ့နာမည် ဘယ်လိုခေါ်လဲ"

ရွှီတမောင်းက ကြောင်အသွားသည်။ ထို့နောက် လုံရှောင်းအဲ့သည် ချန်ကောဟွားအပေါ် သဘောကျနေကြောင်းကို သိလိုက်ရသည်။

သို့သော် လုံရှောင်းအဲ့ကို သွားရောက်မြူဆွယ်ရန် တွေးလိုက်မိသောအခါ သူ၏ မျက်လုံးများက ဝင်းလက်သွားပြီးနောက် ပြောလိုက်သည်။

"အိုး… သူလား"

ရွှီတမောင်းက ဆံပင်ရှေ့ခြမ်းကို ခါလိုက်ပြီး စမတ်ကျဟန်ဆောင်ကာ ပြောလိုက်သည်။ "သူ့နာမည်က ရွှီတမောင်းလို့ ခေါ်တယ်၊ ခြံဝင်းထဲမှာ တော်တော်လေး အရည်အချင်းရှိတဲ့ ယောက်ျားပေါ့၊ ဒါပေမဲ့ သူ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ငါ့ရဲ့ နောက်လိုက်တစ်ယောက်ပါပဲ"

"ငါ့နာမည်ကတော့ ချန်ကောဟွားလို့ ခေါ်တယ်၊ မင်း သူ့အကူအညီလိုတဲ့ ကိစ္စရှိရင် ငါ့ကို မေးကြည့်လို့ ရတယ်၊ သူလုပ်နိုင်တာတွေကို ငါက သူ့ထက် ပိုကောင်းအောင် လုပ်ပေးနိုင်တယ်"

ရွှီတမောင်းက တွေးလိုက်သည်မှာ ချန်ကောဟွားလည်း မရှိတော့သည့်အတူတူ သူ့နာမည်ကို အသုံးချပြီး ဟန်ရေးပြလိုက်မည်ဆိုပါက မျက်စိရှေ့ရှိ အလှလေး၏ ကိုယ်ပေါ်မှ အခွင့်အရေးလေးများ ရချင်လည်း ရနိုင်သည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကဲ့သို့ စကားပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် သူ့ကို ထင်မှတ်မထားစေသည်မှာ လုံရှောင်းအဲ့က ကြားပြီးနောက် မျက်လုံးထဲတွင် ရှေးဦးစွာ ဝမ်းသာမှုများ ပြည့်နှက်သွားသော်လည်း ထို့နောက်တွင် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

ဝမ်းသာသွားရခြင်းမှာ စောစောက သဘောကျမိသော အမျိုးသားသည် သူမ၏ ဤခရီးစဉ်မှ စေ့စပ်မည့်သူ ရွှီတမောင်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

မျက်မှောင်ကြုတ်သွားရခြင်းမှာ မိမိကိုယ်ကို ချန်ကောဟွားဟု ခေါ်ဆိုနေသော မျက်စိရှေ့ရှိ အမျိုးသားသည် ရွှီတမောင်းကို ရှုံ့ချပြီး မိမိကိုယ်ကို တော်ကြောင်း ပေါ်လွင်အောင် လုပ်နေသောကြောင့်ပင်ဖြစ်သည်။ ဤကဲ့သို့သော အပြုအမူက လူကို စိတ်ပျက်သွားစေသည်။

သူမကို သူနှင့် ပိုမိုဆက်သွယ်မှု မလုပ်လိုတော့သည့် စိတ်ဆန္ဒကို ဖြစ်ပေါ်စေသည်။

သို့သော် နောက်ပိုင်း ခြံဝင်းအိမ်သို့ သွား၍ စေ့စပ်မည့်သူကို တွေ့ဆုံချိန်တွင် မိမိက သူ၏ သူငယ်ချင်းကောင်းနှင့် အဆင်မပြေဟု တစ်ဖက်လူက မခံစားရစေရန် လုံရှောင်းအဲ့မှာ ရင်ထဲရှိ အဆင်မပြေမှုများကို အောင့်အည်း သည်းခံကာ ရွှီတမောင်းဘက်သို့ ပြုံးပြလိုက်ရသည်။ ထို့နောက် နောက်သို့ပင် ပြန်မလှည့်တော့ဘဲ လူအုပ်ထဲသို့ ဦးတည်ကာ ထွက်ခွာသွားတော့သည်။

လုံရှောင်းအဲ့က ပြုံးပြကာ မေတ္တာထားသည်ကို မြင်သောအခါ ရွှီတမောင်း၏ ရင်ထဲတွင် ပန်းများပင် ပွင့်လန်းသွားခဲ့ပြီး မိမိကိုယ်တိုင်လည်း ရည်းစားတစ်ယောက် ရှာသင့်ပြီဟု ချက်ချင်း ခံစားလိုက်ရသည်။

သို့သော် ရွှီတမောင်း မသိသည်မှာ သူ၏ ဦးနှောက်မဲ့သော ဟန်ရေးပြမှုများကြောင့်ပင် မူလက သူနှင့် ပတ်သက်သင့်သော လုံရှောင်းအဲ့မှာ သူ့အပေါ် ရွံရှာမှုကို ဖြစ်ပေါ်စေရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် ချန်ကောဟွားကို တစ်ဖက်တစ်လမ်းမှ ကူညီပေးလိုက်သလို ဖြစ်သွားခဲ့ပြီး လုံရှောင်းအဲ့ကို သူ၏ လုပ်ငန်းခွင်ရှိ ကျေးဇူးရှင် ဖြစ်လာစေခဲ့ကြောင်းကိုပင်ဖြစ်သည်။

အခန်း (၆၄)

ချန်ကောဟွားက ဝယ်လာသော ပစ္စည်းများကို သယ်ဆောင်ကာ ခြံဝင်းထဲသို့ ဝင်လာသည်။ လက်ပတ်နာရီကို အိတ်ကပ်ထဲတွင် ထည့်ထားပြီး သားမွေးအင်္ကျီကိုတော့ လက်ထဲတွင် ကိုင်ဆွဲထားသည်။

ခြံဝင်းထဲရှိ လူတိုင်းက လူလည်များချည်းသာ ဖြစ်သည်။ ချန်ကောဟွား၏ လက်ထဲရှိ သားမွေးအင်္ကျီကို မြင်ပြီးနောက် ခြံဝင်းတစ်ခုလုံး ဆူညံသွားတော့သည်။

ဤခံစားချက်မှာ မြို့ပေါ်မှ ခေါင်းဆောင်တစ်ဦး အနောက်တိုင်းဝတ်စုံ အပြည့်အစုံဖြင့် ကျေးလက်သို့ ပြန်ရောက်လာသည့်အလားပင်ဖြစ်သည်။ လူတိုင်း၏ ဆူညံအုံကြွမှုကို တိုက်ရိုက်ပင် ဖြစ်ပေါ်စေသည်။

အံ့အားအသင့်ဆုံးမှာ ရီကျုံးဟိုင်၏ ဇနီး ဦးလေးကြီးရီ၏ မိန်းမပင်ဖြစ်သည်။ သူမက ချန်ကောဟွား၏ လက်ထဲရှိ သားမွေးအင်္ကျီကို မြင်သောအခါ တိုက်ရိုက် ကပ်လာပြီး အာမေဍိတ်သံများ ပြုတော့သည်။

"ကော... ကောဟွား နင့်လက်ထဲကဟာ သားမွေးအင်္ကျီ မဟုတ်လား"

ဦးလေးကြီးရီ၏ မိန်းမ အသံကြောင့် ခြံဝင်းထဲရှိ အခြားအမျိုးသမီးများ၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားသည်။

သူမတို့ သားမွေးအင်္ကျီ မဝတ်ဖူးသော်လည်း ဝမ်ဖူကျင်းသို့ ဈေးဝယ်ထွက်သောအခါ သီးသန့်ဆိုင်ကြီးများ၏ ဆိုင်စောင့်ရတနာအဖြစ် ချိတ်ဆွဲထားသည်ကို မည်သူက မမြင်ဖူးဘဲ နေမည်နည်း

ချန်ကောဟွား လက်ထဲတွင် ဆွဲထားသော အင်္ကျီက မည်သို့ပင်ကြည့်ကြည့် သီးသန့်ဆိုင်ကြီးများတွင် ချိတ်ဆွဲထားသော အင်္ကျီနှင့် တူနေသည်။

သေချာတာပေါ့

အကယ်၍ ဤသားမွေးအင်္ကျီကို ခေါင်းဆောင်ကြီး ဝယ်လာသည်ဆိုပါက အရာအားလုံးက ပုံမှန် ဖြစ်ပေလိမ့်မည်။ သို့သော် ချန်ကောဟွားမှာ ဟုန်ရှင်းသံမဏိစက်ရုံ၏ အလုပ်သမားတစ်ဦးသာ ဖြစ်သည်။

ချန်ကောဟွားသည် စက်ရုံမှူးဟောင်း၏ အသိအမှတ်ပြုမှုကို ခံရပြီး လမုန့်လက်မှတ်များကို လက်ဆောင်ရဖူးသော်လည်း သားမွေးအင်္ကျီလက်မှတ်ဆိုသော အရာမျိုးမှာ စက်ရုံမှူးဟောင်းပင်လျှင် ရရှိရန် ခက်ခဲလှသည်။

စက်ရုံမှူးဟောင်း လက်ဆောင်ပေးလိုက်သည်ဟု ဆိုမည်ဆိုလျှင် အမှန်တကယ်တွင် ယုတ္တိမရှိလှပေ။

ထို့ကြောင့်ပင် ဦးလေးကြီးရီ၏ မိန်းမက အားကျနေပြီးနောက် ဒုတိယဦးလေး၏ မိန်းမက ထွက်လာပြီး စောင်းချိတ်ပြောဆိုတော့သည်။

"ကောဟွား နင်တို့အိမ်ရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေက အရမ်းကို ဇိမ်ကျလွန်းနေပြီနော်၊ ဒေသခံသူဌေးတွေ မြင်ရင်တောင် နင့်ဆီကနေ သင်ယူရလိမ့်မယ်"

သူမ၏ အမြင်တွင် ချန်ကောဟွားဆိုသည်မှာ သူတို့လျိုမိသားစုကို ပြဿနာရှာဖူးသူ တစ်ယောက်သာဖြစ်သည်။ ထို့အပြင် လျိုဟိုင်ကျုံး၏ နှစ်ပေါင်းများစွာ လွှမ်းမိုးမှုများကြောင့် ဒုတိယဦးလေး၏ မိန်းမ ကိုယ်တိုင်ကလည်း မိမိကိုယ်ကို အဆင့်မြင့်သူအဖြစ် သတ်မှတ်ထားသည်။

ချန်ကောဟွားတွင် မည်သည့်အရည်အချင်းမှ မရှိဘဲ မည်သည့်အကြောင်းကြောင့် ကောင်းကောင်းစားပြီး ကောင်းကောင်းသုံးနိုင်ရမည်နည်းဟု ယူဆထားသည်။ ထိုအထဲမှာ သေချာပေါက် ပြဿနာရှိရမည်။ ထို့ကြောင့် ချန်ကောဟွား ကောင်းကောင်းနေထိုင်နေရသည်ကို မြင်သောအခါ မျက်စိနောက်ပြီး ထွက်လာကာ သရော်တော့သည်။

သူမ ပြောသော စကားများဖြစ်သည့် ဒေသခံသူဌေး၊ ဇိမ်ခံစားသောက်နေထိုင်မှုတို့မှာ သေချာပေါက် ကောင်းသောစကားလုံးများ မဟုတ်ပေ။

မမေ့သင့်သည်မှာ ဤခေတ်ကာလတွင် ပို၍ဆင်းရဲလေ ပို၍ဂုဏ်ယူစရာကောင်းလေ ဖြစ်သည်။ထို့ကြောင့် ချန်ကောဟွားက တစ်ခွန်း ပြန်ပက်လိုက်သည်။

"ခေါင်းဆောင်က ငါ့ကို သားမွေးအင်္ကျီလက်မှတ် ပေးတာက ခေါင်းဆောင်ရဲ့ ရွေးချယ်မှုပဲ၊ မင်းယောက်ျားက ခေါင်းဆောင်ကြီး ဖြစ်ချင်လွန်းလို့ ရူးသွပ်နေတာလေ၊ မင်းလို သာမန်ပြည်သူက ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းရဲသေးတာလား"

သရော်သည့်နေရာတွင် ချန်ကောဟွားကမှ ကျွမ်းကျင်သူ ဖြစ်သည်။ ဤခြောက်ဆယ်ပြည့်လွန်နှစ်မှ လူများက မည်သည့်အဆင့်မျှ မရှိပေ။

လျိုဟိုင်ကျုံး တစ်သက်လုံး အိပ်မက်မက်နေသည့်အရာမှာ ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်နှင့် မျက်နှာပန်းလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်ပင် ဖြစ်သည်။

လျိုဟိုင်ကျုံး၏ ဇနီးအနေဖြင့်လည်း မိမိ၏ အမျိုးသား အရည်အချင်းရှိလာရန် သဘာဝကျကျပင် မျှော်လင့်နေမည်ဖြစ်သည်။ သို့သော် အဆုံးတွင်မူ အလုပ်သမားတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။

ခြံဝင်းထဲတွင်ပင် သူက ဒုတိယဦးလေး တစ်ယောက်သာ ဖြစ်ပြီး ပထမဦးလေး ဖြစ်ရန်ပင် အလှည့်မရောက်ပေ။ ထို့ကြောင့် ချန်ကောဟွား၏ ဤစကားက ဒုတိယဦးလေး၏ မိန်းမ ရင်ကို အပြည့်အဝ ထိုးနှက်သွားသည်။

မည်သို့ပင်ဖြစ်စေ မိမိ၏ အမျိုးသား အရည်အချင်းမရှိခြင်းမှာ ခြံဝင်းထဲတွင် အားလုံးသိထားသော အမှန်တရားတစ်ခု ဖြစ်သည်။ ချန်ကောဟွားက ခေါင်းဆောင်၏ မျက်နှာသာပေးမှုကို ရရှိထားသည်မှာလည်း အားလုံး သိထားပြီးသား ကိစ္စဖြစ်သည်။

ဤသို့ နှိုင်းယှဉ်လိုက်ပါက သူမကို မည်သို့ ဒေါသမထွက်‌စေဘဲ နေနိုင်မည်နည်း

သို့သော် သူမ ပေါက်ကွဲတော့မည့် အချိန်တွင်ပင် လျိုဟိုင်ကျုံးက အိမ်ထဲမှ ထွက်လာသည်။

မိမိ၏ ဇနီးသည် ချန်ကောဟွားထံတွင် အနိုင်ကျင့်ခံနေရသည်ကို တစ်ချက်တည်း မြင်လိုက်ရသဖြင့် တိုက်ရိုက်ပင် ထွက်လာပြီး မေးခွန်းထုတ်တော့သည်။

"အိုး…ချန်ကောဟွား မင်းက သားမွေးအင်္ကျီတောင် ရနိုင်တယ်ပေါ့၊ တကယ်ကို မလွယ်ပါလား၊ ငါသိထားသလောက် သားမွေးအင်္ကျီဆိုတာ စက်ရုံမှူးယန်တောင် မရနိုင်တဲ့ ပစ္စည်းမျိုးလေ၊မင်းက ဘယ်လိုလုပ် ရလာတာလဲ"

လျိုဟိုင်ကျုံး ပြောပြီးနောက် ချန်ကောဟွား၏ ရင်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ လျိုဟိုင်ကျုံးလို လူမျိုးက မိမိတွင် အရည်အချင်း မရှိဘဲ သူတစ်ပါး ကောင်းစားသည်ကို မကြည့်ရက်သော မျက်စိနောက်တတ်သည့် ရောဂါသည်သာ ဖြစ်သည်။

ပို၍ရွံစရာကောင်းသည်မှာ ဤကဲ့သို့သော လူမျိုးက မျက်စိနောက်ရုံသာမက သူ့ကို အတည်ပေါက် ပြောလျှင်လည်း အဓိပ္ပာယ်မရှိသည်များ ပြောဆိုကာ အပြုအမူကို မေးခွန်းထုတ်တတ်သည်။ ထို့ကြောင့် ချန်ကောဟွားကလည်း ဤကဲ့သို့သော လူမျိုးနှင့် စကားအများကြီး မပြောချင်တော့ပေ။ မိမိ၏ အချိန်များ ကုန်ဆုံးမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ဇနီးသည်ကို ခေါ်ကာ မိဘအိမ်သို့ ပြန်ရန်က အရေးအကြီးဆုံး ကိစ္စဖြစ်သည်။ ထို့ကြောင့် သူက တစ်ဖက်လူကို တစ်လုံးမျှပင် ပြန်မပြောခဲ့ပေ။ ဤအပြုအမူက လျိုဟိုင်ကျုံးကို ဒေါသထွက်လွန်းသဖြင့် မျက်နှာပင် နီရဲသွားစေသည်။

ထို့နောက် ချန်ကောဟွားသည် အိမ်ဆီသို့ လျှောက်သွားသည်။ သဘာဝကျကျပင် ကျားမိသားစု အိမ်ကို ဖြတ်သွားရ၏။ စောစောက လျိုဟိုင်ကျုံးတို့ လင်မယားနှင့် စကားများသော အသံများကလည်း ကျားမိသားစုအိမ်သို့ ရောက်ရှိလာသည်။

ကျားကျန်းရှီက ချန်ကောဟွားသည် နွေဦးပွဲတော်တွင် သားမွေးအင်္ကျီ တစ်ထည် ဝယ်လာကြောင်းကို ကြားလိုက်ရသောအခါ တိုက်ရိုက်ပင် ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရွဲ့သွားတော့သည်။ထို့နောက် ဇာတိရွာသို့ ပြန်ရန် ပစ္စည်းများကိုပင် မသိမ်းဆည်းတော့ဘဲ ကျိန်ဆဲသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

"ဒီငရဲကောင် ချန်ကောဟွားက တကယ်ကို ပိုက်ဆံရှိတာပဲ၊ သားမွေးအင်္ကျီတောင် ဝယ်နိုင်တယ်ပေါ့"

"ပိုက်ဆံတွေ အများကြီးသုံးပြီး အသုံးမကျတဲ့ ပစ္စည်းတွေ ဝယ်နေပေမယ့် ငါတို့ ကျားမိသားစုကိုတော့ နည်းနည်းလေးတောင် မကူညီချင်ဘူး၊ သူ ဘာလို့ သွားမသေတာလဲ"

"ဘယ်ခေါင်းဆောင်က မျက်လုံးကန်းပြီး ဒီလို ကိုယ်ချင်းစာတရားမရှိတဲ့ လူကို အထင်ကြီးနေလဲ မသိဘူး"

"အဲဒီခေါင်းဆောင် မြန်မြန် ပြဿနာတက်ပြီး ထောင်ထဲရောက်သွားပါစေလို့ တကယ် မျှော်လင့်တယ်၊ အဲဒီအခါကျရင် ချန်ကောဟွားကိုပါ တပါတည်း ဖမ်းသွားလိမ့်မယ်"

ကျားကျန်းရှီက ကျိန်ဆဲနေပြီး တံတွေးများလည်း နေရာအနှံ့ လွင့်စင်နေတော့သည်။ နှစ်သစ်ကူး ပထမရက်၏ ပျော်ရွှင်ဖွယ် နေ့ရက်လေးဖြစ်သော်လည်း သူမက ချင်မင်ပွဲတော်ကဲ့သို့ ဖြတ်သန်းနေတော့သည်။

ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျားတုန်းရွှီမှာလည်း ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မဝတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ချန်ကောဟွားက သူ့ကို မမီနိုင်သောကြောင့်ပင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ချင်ဟွိုင်ယွီက ချန်ကောဟွားကို မရွေးချယ်ဘဲ သူ့ကို အဘယ်ကြောင့် ရွေးချယ်ခဲ့မည်နည်း။

ယခုမူ ချန်ကောဟွားက ပို၍ အရည်အချင်းရှိလာပြီး သူကတော့ တစ်သက်လုံး မသန်စွမ်း တစ်ယောက်အဖြစ်သာ နေသွားရတော့မည်။ ဤမျှကြီးမားသော စိတ်ပိုင်းဆိုင်ရာ ကွာဟချက်ကို သူ လက်ခံရန် ခက်ခဲလှသည်။ထို့ကြောင့် သူက လက်ရန်းကို လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ကာ အော်ဟစ်လိုက်သည်။

"ဒီလောက် လက်ဖွာနေတာ သေချာပေါက် အဂတိလိုက်စားတဲ့ အရာရှိဆီက လာဘ်စားထားတာ ဖြစ်ရမယ်"

"ချန်ကောဟွားက ယူရဲတယ်ဆိုမှတော့ အပြင်ဆွဲထုတ်ပြီး သေနတ်နဲ့ ပစ်သတ်ခံရသင့်တယ်"

ကျားတုန်းရွှီ၏ မျက်လုံးများထဲတွင် ရူးသွပ်သော အရိပ်အယောင်များ တောက်ပနေပြီး မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တွန့်လိမ်နေတော့သည်။

သူက ချန်ကောဟွားကို မည်မျှ မုန်းတီးနေကြောင်းကိုပင် မြင်တွေ့နိုင်သည်။

သေချာတာပေါ့…

ကျားမိသားစု သားအမိကဲ့သို့ မနာလို မုန်းတီးခြင်း မရှိသူလည်း ရှိသည်။ ထိုသူမှာ ချင်ဟွိုင်ယွီပင် ဖြစ်သည်။ ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ အရသာစုံလင်စွာ ခံစားနေရပြီး သားမွေးအင်္ကျီကို ကိုင်ကြည့်ရလျှင် မည်သို့သော ခံစားချက်မျိုး ဖြစ်မည်ကို သူမ တွေးနေမိသည်။

ထိုစဉ်ကသာ မိုက်မဲစွာဖြင့် အိမ်နာမည်ပေါက် ထည့်ပေးရန် တောင်းဆိုမှု မပြုလုပ်ခဲ့လျှင် ယခု မိမိက ကောင်းကောင်းစားပြီး ကောင်းကောင်းသုံးနိုင်‌ေနမည် ဖြစ်သည်။မိဘအိမ်ပြန်လျှင်တောင် သားမွေးအင်္ကျီ ဝတ်နိုင်မည်ဖြစ်သည်။

ဤအတွေးများက သူမ၏ ဦးနှောက်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာနေသည်။ သို့သော် ဤအတွေးများက နောက်ဆုံးတွင် နောင်တရသော သက်ပြင်းချသံ တစ်ချက်အဖြစ်သို့သာ ပြောင်းလဲသွားနိုင်တော့သည်။

ချန်ကောဟွားကို ထပ်ပြောရလျှင် သူက အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ အိမ်သို့ ပြန်ရောက်သောအခါ ချင်ကျင်းယွီလည်း အိပ်ရာမှ ထနေပြီဖြစ်၏။

ထို့နောက် ချင်ကျင်းယွီ၏ ကြောင်အနေသော အကြည့်များအောက်တွင် သူက သားမွေးအင်္ကျီကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူမ တိုက်ရိုက်ပင် ကြောင်အသွားတော့သည်။

အချိန်အတော်ကြာပြီးမှသာ ချင်ကျင်းယွီက ကြောင်တောင်တောင်ဖြင့် ပြောလိုက်သည်။

"ယောက်ျား နင်က ဘာလို့ သားမွေးအင်္ကျီ ဝယ်လာတာလဲ၊ ခေါင်းဆောင်အတွက် ဝယ်ပေးတာလား"

မိမိ ဇနီးသည်၏ တုံးအသော မေးခွန်းကို ကြားသောအခါ ချန်ကောဟွားက မတတ်သာသည့်ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"တုံးအလိုက်တဲ့ မိန်းမရယ် ဒါက နှစ်သစ်ကူးလေ၊ ဝမ်ဖူကျင်း ကုန်တိုက်မှာ အမျိုးသမီးဝတ် သားမွေးအင်္ကျီ တစ်ထည် ရှိနေလို့၊ငါဝယ်လာတာက သေချာပေါက် မင်းအတွက် ဝယ်လာတာပေါ့၊ ဒါမှမဟုတ် မင်းလို တုံးအတဲ့ ကောင်မလေးက မင်းယောက်ျားကို တခြားမိန်းမအတွက် ဝယ်ပေးစေချင်လို့လား"

ဤသည်ကို ကြားသောအခါ ချင်ကျင်းယွီ၏ မျက်လုံးများသည် ချက်ချင်းပင် မျက်ရည်များဖြင့် နီရဲသွားတော့သည်။

ချန်ကောဟွားက သူမအပေါ် ကောင်းကြောင်း သူမ သိသော်လည်း မိမိ၏ အမျိုးသားက သူမအတွက် ဤမျှကောင်းမွန်သော သားမွေးအင်္ကျီကို ဝယ်ပေးရန် ရက်ရောလိမ့်မည်ဟု တစ်ခါမျှ မတွေးမိခဲ့ပေ။ သူမက မိမိကိုယ်ကို ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး အမျိုးသမီးတစ်ဦးဟု ခံစားလိုက်ရသည်။

သူမ ဝမ်းသာနေချိန်တွင်ပင် ချန်ကောဟွား၏ အသံက ဆက်လက် ထွက်ပေါ်လာသည်။

"မိန်းမ ငါ့ကို ငေးမကြည့်နေနဲ့တော့၊ အင်္ကျီအသစ် မြန်မြန်လဲလိုက်… ဒီနေ့ ငါတို့ မင်းအမေဆီသွားပြီး နှစ်သစ်ကူးရမှာလေ"

"နှစ်သစ်ကူး ဂါရဝပြုမလို့လား အိုး…ငါသတိရပြီ ဒီနေ့ ဇာတိရွာပြန်ပြီး နှစ်သစ်ကူးမယ်လို့ ပြောထားတာပဲ"

ချန်ကောဟွား၏ သတိပေးမှုကြောင့် ချင်ကျင်းယွီလည်း အရေးကြီးသော ကိစ္စကို သတိရသွားသည်။

ကျေးလက်တွင် နှစ်သစ်ကူးချိန်၌ ဇာတိရွာသို့ ပြန်ကာ မိဘများကို သွားရောက်ကြည့်ရှုရသည့် ဓလေ့တစ်ခု အမြဲရှိခဲ့သည်။ပျော်ရွှင်စည်ကားမှုကို မျှော်လင့်ခြင်းက ဒုတိယဖြစ်ကာ အရေးကြီးဆုံးမှာ မိဘများကို အိုစာမင်းစာအဖြစ် ငွေကြေးအချို့ ပေးအပ်ရန် ဖြစ်သည်။

"ဒါနဲ့ ငါ့ဝမ်းကွဲအစ်မ ချင်ဟွိုင်ယွီလည်း ဒီနှစ် ဇာတိရွာပြန်ပြီး နှစ်သစ်ကူးမယ်နဲ့ တူတယ်"

ချင်ကျင်းယွီက ချင်ဟွိုင်ယွီနှင့် သူမသည် ဝမ်းကွဲညီအစ်မများ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။မကြာသေးမီက အဝတ်လှန်းနေစဉ် ချင်ဟွိုင်ယွီက ကျားတုန်းရွှီနှင့်အတူ ဇာတိရွာသို့ ပြန်မည်ဟု ပြောနေသည်ကို သူမ မတော်တဆ ကြားခဲ့ရသည်။ ထို့ကြောင့် သူမက မသိစိတ်မှ ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ချင်ဟွိုင်ယွီတို့ မိသားစုလည်း ဇာတိရွာသို့ ပြန်မည်ဟု ချင်ကျင်းယွီ ပြောသည်ကို ကြားသောအခါ ချန်ကောဟွား၏ မျက်လုံးများ လှုပ်ရှားသွားပြီးနောက် အပြုံးမျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သိသာထင်ရှားစွာပင် သူ၏ ရင်ထဲတွင် အတွေးသစ်အချို့ ရှိသွားပြီဖြစ်သည်။

...

All Chapters