အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း ၆၇
ခြံဝင်းအတွင်းရှိ လူအများ မှင်တက်နေကြချိန်တွင် ချန်ကောဟွားသည်လည်း သူ့ကိုလှမ်းခေါ်နေသော ယာဉ်မောင်းကို မြင်တွေ့လိုက်ရသည်။ ထိုယာဉ်မောင်းမှာ တခြားသူမဟုတ်ဘဲ ယခင်က ရေကန်ဘေးတွင် ငါးမျှားခဲ့သောသူပင် ဖြစ်နေသည်။ တစ်ဖက်လူသည် မည်သူမည်ဝါဖြစ်ကြောင်းကို သေချာစွာသိရှိသွားပြီးနောက် ချန်ကောဟွားက သူ့ကို လက်ယမ်းပြလိုက်သည်။
ယာဉ်မောင်းက ချန်ကောဟွားကို သတိပြုမိသွားပြီးနောက် မျက်လုံးများ အရောင်လင်းလက်သွားကာ ချက်ချင်းပင် နှုတ်ဆက်စကား ဆိုလိုက်သည်။
"ခေါင်းဆောင်ချန် မင်္ဂလာပါ၊ ငါက ယာဉ်မောင်း လီကွမ်းဝေ့ပါ၊ ငါ့ကို ရှောင်လီလို့ပဲ ခေါ်လို့ရပါတယ်၊ ဒီနေ့ ခေါင်းဆောင်အတွက် ငါက ကားမောင်းဝန်ဆောင်မှုပေးမှာမို့ ခေါင်းဆောင် လာရောက်လမ်းညွှန်ပေးပါ"
လီကွမ်းဝေ့သည် ခေါင်းဆောင်ကြီးအတွက် သီးသန့် ကားမောင်းပေးရသော ယာဉ်မောင်းတစ်ဦး ဖြစ်သည်။ စကားပြောဆိုရာတွင် သဘာဝကျစွာပင် အရာရှိအသုံးအနှုန်းများ တစ်ခုပြီးတစ်ခု ပါဝင်နေသည်။
သေချာသည်မှာ သူသည် တမင်တကာ ပြုလုပ်နေခြင်းမဟုတ်ချေ။ ခေါင်းဆောင်ကြီး၏ စကားပြောဆိုမှုတစ်ခုတွင် ချန်ကောဟွား ယခင်က မျှားမိခဲ့သော နဂါးငါးရွှေရောင်သည် နိုင်ငံတော်ဧည့်ဂေဟာ၏ အဖိုးတန် ရတနာတစ်ခု ဖြစ်လာခဲ့ကြောင်းကို မတော်တဆ သိရှိခဲ့ရသောကြောင့်ဖြစ်သည်။
ထိုနဂါးငါးရွှေရောင် ရှိနေခြင်းကြောင့် နိုင်ငံတော်ဧည့်ဂေဟာ၏ စီးပွားရေးမှာလည်း သိသိသာသာပင် ကောင်းမွန်လာသည်။ အထူးသဖြင့် ဟောင်ကောင်ကျွန်းမှ ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်ကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များကို ဧည့်ခံရာတွင်ဖြစ်သည်။
သူတို့သည် နဂါးငါးရွှေရောင်ကို မြင်တွေ့ပြီးနောက် နိုင်ငံ၏ကံကြမ္မာ ထွန်းတောက်နေပြီဟု ယူဆကာ အနာဂတ်တွင် ပြည်တွင်း၌ ကြီးမားသော အောင်မြင်မှုများ ရရှိနိုင်မည်ဟု အပြည့်အဝ ယုံကြည်သွားကြသည်။
လီကွမ်းဝေ့သည် ယာဉ်မောင်းတစ်ဦးသာ ဖြစ်သော်လည်း ခေါင်းဆောင်ကြီးများနှင့် နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့သူဖြစ်ရာ ချန်ကောဟွားကို ခေါင်းဆောင်က အလေးထားမည်ဆိုသည်ကို သူ မည်သို့ မသိဘဲ နေမည်နည်း။ ထို့ကြောင့်သာ ယခုကဲ့သို့ ရိုသေလေးစားနေခြင်း ဖြစ်သည်။
အရာအားလုံးနှင့်ပတ်သက်၍ သူ အလွယ်တကူ ပေးလိုက်သော ငါးတစ်ကောင်သည် ခေါင်းဆောင်၏ ဤမျှလောက် အလေးထားမှုကို ခံရလိမ့်မည်ဟု ချန်ကောဟွားက သဘာဝကျစွာပင် မသိရှိခဲ့ပေ။
အကယ်၍ သိခဲ့မည်ဆိုလျှင် သူသည်လည်း အလွန်စိတ်လှုပ်ရှားနေလောက်သည်။ နောက်ပိုင်းတွင် ခေါင်းဆောင်နေရာသို့ တက်လှမ်းရန် အခွင့်အရေးများပင် ရရှိနိုင်သည်။
သို့သော် ယခုအချိန်တွင် သူ မသိရှိသေးသဖြင့် ဤကဲ့သို့သော ရိုသေလေးစားမှုကို လက်ခံရန် မဝံ့မရဲဖြစ်နေကာ နှိမ့်ချစွာဖြင့် ပြောဆိုလိုက်သည်။
"မလုပ်ပါနဲ့၊မလုပ်ပါနဲ့ ၊ရဲဘော်လို့ပဲ ခေါ်ရင် ရပါပြီ၊ ခေါင်းဆောင်လို့ ခေါ်တာက အရမ်း မြှောက်စားလွန်းရာ ကျနေပါတယ်"
လီကွမ်းဝေ့ကမူ ထိုသို့ မယူဆပေ။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်အကြိမ်က လူလတ်ပိုင်းခေါင်းဆောင်သည် စက်ရုံမှူးဟောင်းပင်ဖြစ်ပြီး ချန်ကောဟွားသည် မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားပြီးနောက် ဟုန်ရှင်းသံမဏိစက်ရုံတွင် ချန်ကောဟွားဟူသော လူရှိမရှိကို စုံစမ်းရန် သူ၏လက်ထောက်ကို စီစဉ်ခိုင်းခဲ့သောကြောင့် ဖြစ်သည်။
စက်ရုံမှူးဟောင်းကိုယ်တိုင်ပင် လှုပ်ရှားနေပြီဖြစ်ရာ ချန်ကောဟွား၏ အနာဂတ်သည် တဟုန်ထိုး တိုးတက်လာမည်ကို သဘာဝကျစွာပင် သူက အခိုင်အမာ ယုံကြည်ထားသည်။ထို့ကြောင့် ယခုကဲ့သို့ သူ့ကို ဖားယားရန် အခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။ထို့ကြောင့် သူက ရိုသေစွာဖြင့် အလေးပြုလိုက်ပြီးနောက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။
"ခေါင်းဆောင်ချန် ခေါင်းဆောင်ရဲ့စကားကို ငါ့ ရင်ထဲမှာ မှတ်သားထားပါ့မယ်"
ချန်ကောဟွားက ထိုစကားကို ကြားသောအခါ ခေါင်းခါယမ်းလျက် အနည်းငယ် အကူအညီမဲ့သလို ဖြစ်သွားသည်။
သို့သော် ကိစ္စများက ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ မည်မျှပင် ဖျောင်းဖျနေစေကာမူ အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် အပြည့်အဝ သတ်မှတ်ထားပြီး ဖြစ်နေသည်။
ထို့အပြင် သူကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်နေ၏။ စောစောက သူသည် ဟုန်ချီအမျိုးအစား ဇိမ်ခံကားကို လေးဆယ့်ရှစ်နာရီအသုံးပြုခွင့် ကူပွန်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ခြံဝင်းအတွင်းသို့ ကားတစ်စီး တကယ် ဝင်ရောက်လာရုံသာမက မိမိနှင့် တစ်ကြိမ်ဆုံဖူးခဲ့သော ယာဉ်မောင်းပင် ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ထိုအခြေအနေက ချန်ကောဟွားကို အသံကျယ်ကျယ်ဖြင့် စကားတစ်ခွန်းအား အော်ပြောချင်စိတ်ကို ဖြစ်ပေါ်စေသည်။
'စနစ်ကြီးက တကယ် မိုက်တာပဲ'
အဘယ်ကြောင့်ဆိုသော် စနစ်တွင် ဇာတ်ကောင်များကို လွှမ်းမိုးနိုင်စွမ်း ရှိနေကြောင်းကို သက်သေပြနေသောကြောင့် ဖြစ်သည်။
ဤသို့ဖြင့် ဝမ်းသာပျော်ရွှင်နေသော စိတ်ခံစားမှုအောက်တွင် ချန်ကောဟွားသည် ယာဉ်မောင်းနှင့်အတူ ပူးပေါင်းကာ သူတို့တွင်ရှိသော အိတ်ကို ဇိမ်ခံကားပေါ်သို့ တင်လိုက်ကြသည်။
စောစောက ဇိမ်ခံကားလေးမှ ထွက်ပေါ်လာသော ဟွန်းသံသည် ခြံဝင်းအတွင်းရှိ လူအားလုံးကို တိုက်ရိုက်ပင် အလန့်တကြား ဖြစ်သွားစေသည်။ လူအယောက်ပေါင်းများစွာသည် အတွင်းသုံးထပ် အပြင်သုံးထပ်ဖြင့် စောစောကတည်းက ဝိုင်းအုံနေခဲ့ကြသည်။
ထိုအထဲတွင် ရွှီတမောင်းသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရကာ သူ၏တစ်ကိုယ်လုံး မှင်တက် ကြောင်အသွားတော့၏။
ချန်ကောဟွားက အစွမ်းထက်သည်ဟု သူ တွေးဖူးခဲ့သော်လည်း ၎င်းမှာ ငွေကြေးချမ်းသာခြင်းသက်သက်သာ ဖြစ်ပေသည်။ သူ ဒူးထောက်ဖားယားနေရသော ချန်ကောဟွားတွင် ဩဇာအာဏာပါ ရှိနေလိမ့်မည်ဟု တစ်ခါမျှ မတွေးထင်ထားခဲ့ပေ။
ခေါင်းဆောင်က ကားသီးသန့်လွှတ်၍ ကြိုခိုင်းနိုင်ခြင်းက ခေါင်းဆောင်ကို သိကျွမ်းရုံသက်သက်ဟု မခေါ်နိုင်တော့ချေ။
ထို့အပြင် ဟုန်ချီဇိမ်ခံကားဖြစ်နေသောကြောင့် ခေါင်းဆောင်ကြီး ဖြစ်သည်မှာ သေချာပြီး ခေါင်းဆောင်ကြီးနှင့် ရင်းနှီးမှုရှိနေသည်မှာလည်း ကျိန်းသေနေသည်။
ဤသည်မှာ ဩဇာအာဏာရှိခြင်း မဟုတ်လျှင် မည်သည့်အရာ ဖြစ်မည်နည်း။
လျိုဟိုင်ကျုံးမှာမူ အလွန်အံ့ဩသွားသဖြင့် မန်ထိုကိုပင် မြဲအောင်မကိုင်ထားနိုင်ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် ကျသွားေစတော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အိပ်မက်ထဲတွင်ပင် ခေါင်းဆောင်က ကားသီးသန့်လွှတ်၍ အကြိုခံရသည့် မြင်ကွင်းမျိုးကို တစ်ခါမျှပင် မတွေးကြည့်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
သို့သော် ချန်ကောဟွားကမူ ဤမြင်ကွင်းကို လက်တွေ့ဘဝထဲသို့ တိုက်ရိုက် ရောင်ပြန်ဟပ်စေသည်။ ဤကိစ္စက သူ့ကို ရူးသွပ်လုမတတ် အားကျသွားေစ၏။
"ဒါ…ဒါက တကယ်ကို ဘယ်အဆင့်ရှိတဲ့ ခေါင်းဆောင်လဲ၊ ဟုန်ချီဇိမ်ခံကားကြီးပါလား၊ ပြီးတော့ သူက ချန်ကောဟွားကို လာကြိုတာ တကယ်ပဲလား… တကယ်ပဲ အမှားအယွင်းများ ရှိနေတာလား"
ရီကျုံးဟိုင်၊ ယန်ပုကွေ့၊ ဟယ်ယွီကျူး၊ လျိုကွမ်းထျန်း ညီအစ်ကိုစသည့် သူများအားလုံးသည်လည်း ကြည့်ရင်းဖြင့် ကြက်သေသေနေကြသည်။
ဤသည်မှာ အလွန် ရိုးရှင်းသည်။မည်သည့်ခေတ်တွင်မဆို ဇိမ်ခံကားနှင့် အဖိုးတန်ယာဉ် ရထားများသည် အမျိုးသားတိုင်း လိုလားတောင့်တသော အိပ်မက်တစ်ခုပင် ဖြစ်သည်။
ဥပမာအားဖြင့် လမ်းလျှောက်ထွက်ချိန်တွင် အခြားသူများက ပြိုင်ကားမောင်းကာ လမ်းမပေါ်တွင် အသံကျယ်ကျယ်ဖြင့် မောင်းနှင်နေသည်ကို မြင်တွေ့ရပါက အမျိုးသား အများစုအနေဖြင့် အားကျရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိသည်မှာ အသေအချာပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့တွင် စက်ဘီးပင်မရှိရာ ဇိမ်ခံကားစီးရခြင်းက မည်သို့သော ခံစားချက်မျိုးဖြစ်မည်ကို လုံးဝ စိတ်ကူးကြည့်၍ပင် ရနိုင်မည်မဟုတ်ပေ။
သို့သော် ချန်ကောဟွားကမူ ကားပေါ်သို့ တိုက်ရိုက်တက်ထိုင်နိုင်ရုံသာမက ခေါင်းဆောင်ကြီး၏ ကိုယ်ပိုင်ယာဉ်ပင် ဖြစ်နေသေးသည်။ ဤသည်မှာ သူတို့ တွေးရန်ပင် မဝံ့ရဲသော မြင်ကွင်းမျိုး ဖြစ်နေ၏။
ဤအခိုက်အတန့်တွင် လူအားလုံး၏ စိတ်ထဲ၌ မျက်နှာလိုမျက်နှာရ လုပ်ရန်ဟူသော စိတ်ကူးတစ်ခုသာ ရှိနေတော့သည်။ ၎င်းမှာ ဖားယားရန်ပင် ဖြစ်သည်။
ချန်ကောဟွားကို ရူးသွပ်စွာ ဖားယားကြရန် ဖြစ်ပြီး ယခင်က တင်းမာခဲ့သော ဆက်ဆံရေးများကို အလျင်အမြန် ပြန်လည်ကုစားကြရန် ဖြစ်သည်။
ရယ်စရာပင် ကောင်းသေးသည်။
ထိုအချိန်တွင် ခေါင်းဆောင်ကြီးကိုယ်တိုင်က သူ၏ယာဉ်ကို ချန်ကောဟွားအား စီးနင်းခွင့်ပြုထားခြင်းက သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အတော်လေး ခိုင်မာနေကြောင်းကို ရှင်းပြရန် လုံလောက်နေပြီဖြစ်သည်။
အကယ်၍ မခိုင်မာဘူးဆိုလျှင် အစိုးရပိုင်ကားကို အခြားသူများအား မည်သူက အသုံးပြုခွင့်ပေးရဲမည်နည်း
ဤအချက်မှကြည့်လျှင် ချန်ကောဟွားသည် ကျိန်းသေပေါက် အားကိုးရမည့် ခိုကိုးရာကြီးတစ်ခု ဖြစ်နေသည်။ သူ၏ ဤခိုကိုးရာကိုသာ ဖက်တွယ်ထားနိုင်မည်ဆိုပါက အနာဂတ်တွင် ငွေကြေးနှင့် ဩဇာအာဏာ ရှိလာရေးဆိုသည်မှာ အချိန်ကာလတစ်ခုသာ လိုအပ်တော့မည် ဖြစ်သည်။
သို့သော် များမကြာမီအချိန်တွင်ပင် သူတို့၏ အကြည့်များတွင် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်က ချန်ကောဟွားတို့ ဇနီးမောင်နှံကို ဝိုင်းဝန်းဖယ်ကြဉ်ခဲ့ကြသည့် မြင်ကွင်းများကို သတိရသွားကြသောကြောင့် ဖြစ်သည်။
နည်းလမ်းမျိုးစုံဖြင့် ပစ်မှတ်ထားကာ ဖယ်ကြဉ်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပြီးနောက် ချန်ကောဟွားသည် သူတို့နှင့် လုံးဝ ရင်းနှီးကျွမ်းဝင်လာမည် မဟုတ်ကြောင်းကို သူတို့ ယုံကြည်ထားကြသည်။
ဤအချက်ကို တွေးမိသောအခါ ထိုသူများ၏ အူများပင် ပြာနှမ်းသွားလောက်အောင် နောင်တရနေကြတော့သည်။
အထူးသဖြင့် ရီကျုံးဟိုင်ပင် ဖြစ်သည်။ ချန်ကောဟွားသည် ဤမျှမြင့်မားသော ခေါင်းဆောင်နှင့် သိကျွမ်းနေသည်ကို မြင်တွေ့လိုက်ရသောအခါ သူသည် ခြံဝင်းတစ်ခုလုံးတွင် နောင်တအကြီးမားဆုံးရနေသူဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်က သူသည် ဟယ်ယွီကျူးကို သူ၏ အိုမင်းချိန်တွင် လုပ်ကျွေးပြုစုမည့် ပထမဦးစားပေး ရွေးချယ်မှုအဖြစ် ထင်မြင်ခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ ထိုနှစ်က အခြားသူများ ချန်ကောဟွားကို ဖိနှိပ်ချိန်တွင် သူကိုယ်တိုင်က ဝင်ရောက်မပူးပေါင်းခဲ့လျှင် ယခုအချိန်၌ သူ၏ အိုမင်းချိန် လုပ်ကျွေးပြုစုရေး ပြဿနာအတွက် စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ချန်ကောဟွားသည် ခေါင်းဆောင်ကြီးကို ကျိန်းသေပေါက် သိကျွမ်းနေပြီဖြစ်ရာ အိုမင်းချိန်တွင် လုပ်ကျွေးပြုစုရေးဆိုသည်မှာ စကားတစ်ခွန်းပြောရုံမျှသာ ဖြစ်နေသည်။
သို့သော် လောကတွင် တန်ဖိုးအကြီးဆုံးသော ဆေးမှာ နောင်တတရား ဟူသောဆေးပင် ဖြစ်သည်။ လုံးဝကို ဝယ်ယူ၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် မျက်နှာတစ်ခုလုံး နောင်တတရားများ ပြည့်နှက်စွာဖြင့် ချန်ကောဟွားကို ကြည့်နေရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။
ရီကျုံးဟိုင်၏ နောင်တရနေမှုနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ကျားကျန်းရှီမှာမူ မျက်နှာတစ်ခုလုံး ပြာနှမ်းေနသည်။
စောစောက သူမသည် ဘတ်စ်ကားကို ကိုယ်ပိုင်ကားအဖြစ် အသုံးပြု၍မရနိုင်ကြောင်း ပြောဆိုခဲ့ပြီး ချန်ကောဟွားကို ဗဟုသုတမရှိကြောင်းပင် ပြောဆိုခဲ့သေးသည်။ သို့သော် ယခု မိနစ်ဝက်မျှသာ ကြာသေးသည်။ ခေါင်းဆောင်ကြီး၏ ကားတစ်စီး တိုက်ရိုက်ရောက်ရှိလာကာ သူမ၏ မျက်နှာကို ဖောင်းပွသွားသည်အထိ ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။
ထိုအခြေအနေက သူမကို မည်သို့ ဒေါသမထွက်စေဘဲ နေနိုင်မည်နည်း
သို့သော် ဒေါသထွက်သည်မှာ ဒေါသထွက်ခြင်းဖြစ်ပြီး ချန်ကောဟွားတွင် ခေါင်းဆောင်ကြီး၏ ကားရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ အရှက်မရှိသော အတွေးတစ်ခုကို သူမ တွေးမိသွားသည်။
ထို့နောက် ချင်ဟွိုင်ယွီထံသို့ တိုးတိုးလေး ပြောဆိုလိုက်သည်။
"ချန်ကောဟွားမှာက အကြိုအပို့လုပ်ပေးမယ့်ကား ရှိနေတာဆိုတော့ နင် ချင်ကျင်းယွီဆီသွားပြီး ငါတို့ကို အတူတူစီးခွင့်ပေးဖို့ သွားပြောလိုက်၊ ဘာပဲဖြစ်ဖြစ် ကားပေါ်မှာ ထိုင်ခုံတွေ ပိုနေတာပဲလေ၊ ငါတို့မိသားစု နည်းနည်းလေး တိုးဝှေ့လိုက်ရင်လည်း ထိုင်လို့ရသွားမှာပါ"
ကျားကျန်းရှီက ပြောဆိုပြီးနောက် ချင်ဟွိုင်ယွီ၏ မျက်နှာပင် စိမ်းသွားတော့သည်။ စိတ်ထဲတွင်လည်း ကျားကျန်းရှီအပေါ် ပို၍ပင် အထင်သေးသွားမိသည်။
'ဒါက ဘယ်လိုလူမျိုးလဲ'
ကျားမိသားစုနှင့် ချန်မိသားစုတို့သည် ယခင်ကတည်းက အဆင်မပြေဖြစ်ခဲ့ကြပြီး ယခု သူများဆီတွင် အကျိုးအမြတ်ရှိနေသည်ကို မြင်သောအခါ သူများအပေါ်မှ အခွင့်အရေးယူရန် တွေးတောနေသေးသည်။
အရယ်ရဆုံးကိစ္စမှာ စောစောက သူမ စက်ဘီးသွားငှားမည်ဟု ပြောသောအခါ ချန်ကောဟွားက အိမ်ထဲသို့ သွင်းထားလိုက်ပြီး သူ၏ သဘောထားကို တိုက်ရိုက်ပင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခု သူများ၏ ဇိမ်ခံကားပေါ်ရှိ နေရာကို အခမဲ့ လိုက်ပါစီးနင်းရန် စိတ်ကူးယဉ်နေသေးသည်။
မိမိမျက်နှာကို ချန်ကောဟွားထံ ထိုးပေးကာ အရိုက်ခံရန် ကြိုးစားနေခြင်း ဖြစ်သွားနိုင်သည်။
ချင်ဟွိုင်ယွီသည် သဘာဝကျစွာပင် မလိုလားသဖြင့် အေးစက်စက် ပြန်လည်ဖြေကြားလိုက်သည်။
"ကားစီးချင်ရင် အမေ ကိုယ်တိုင် သွားပြောလေ"
ထိုစကားကို ကြားပြီးနောက် ကျားကျန်းရှီ၏ စိတ်ထဲတွင် အလွန်အမင်း ဒေါသထွက်သွားတော့သည်။
ရွာကလာတဲ့ မိန်းမတစ်ယောက်က ငါ့ရှေ့မှာ အာခံရဲတာလား
သို့သော် သူမသည် ဤချွေးမဖြစ်သူကို ဆဲရေးတိုင်းထွာတော့မည့်အချိန်တွင်ပင် ဘေးနားရှိ ကျားတုန်းရွှီက ဝင်ရောက် ပြောဆိုလာသည်။
"ဒီလောက်အေးတဲ့ရာသီဥတုမှာ ကလေးတွေအတွက်တောင် မစဉ်းစားပေးဘူး၊ မင်း မသွားရင်နေ၊ ငါ သွားမေးမယ်"
သေချာသည်မှာ ကျားတုန်းရွှီသည် သူပြောသကဲ့သို့ ပန့်ကန့်နှင့် ရှောင်တန်းတို့အတွက် လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူကိုယ်တိုင်အတွက်သာ ဖြစ်သည်။
ခန္ဓာကိုယ် အကြောသေသွားပြီးကတည်းက ဘေးပတ်ဝန်းကျင်မှ လှောင်ပြောင်သရော်သံအမျိုးမျိုးကို အချိန်တိုင်း ကြားနေရသည်။ ထို့ကြောင့် သူသည် အခြားသူများ၏ လေးစားမှုကို ရရှိရန် ပိုမို၍ ဆာလောင်မွတ်သိပ်နေ၏။
ချန်ကောဟွား ကောင်းစားသည်ကို သူ မကြည့်ရက်သလို တစ်ဖက်လူနှင့်လည်း ရန်ငြိုးရှိနေသော်လည်း အကယ်၍ သူသာ ကားကို အခမဲ့စီးနင်းကာ နယ်သို့ ပြန်နိုင်မည်ဆိုလျှင် ကျေးလက်နေ ပြည်သူမြောက်မြားစွာ၏ လေးစားမှုကို ကျိန်းသေပေါက် ရရှိနိုင်မည်ဖြစ်သည်။
ဤကဲ့သို့သော လေးစားမှုမှာ အတုအယောင်မျှသာ ဖြစ်သော်လည်း သူသည် အလွန်အမင်း တောင့်တနေသည်။
ထိုသို့တွေးမိသောအခါ ကျားတုန်းရွှီက ချင်ဟွိုင်ယွီအား သူ့ကို ချန်ကောဟွား၏ရှေ့သို့ တွန်းပို့ခိုင်းလိုက်သည်။
ချန်ကောဟွား၏ရှေ့သို့ ရောက်ရှိသွားပြီးနောက် သူ၏ဇနီးနှင့် ချင်ကျင်းယွီတို့သည် မည်သို့ပင်ဖြစ်စေ ဝမ်းကွဲညီအစ်မများ ဖြစ်ကြသည်ဟု သူ ခံစားလိုက်ရသည်။ ကလေးအချို့မှာလည်း ဝမ်းကွဲတူနှင့် တူမများ ဖြစ်ကြသည်။ ထို့အပြင် သွားမည့်ခရီးစဉ်မှာလည်း ချင်မိသားစုရွာသို့သာ ဖြစ်သည်။ ထို့ကြောင့် သူက အကူအညီတောင်းလိုက်ရုံဖြင့် ချန်ကောဟွားက သဘောတူခွင့်ပြုပေးရန် အခွင့်အလမ်း အလွန်များပြားနေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ကွယ်ရာတွင်သာ ချန်ကောဟွားကို ကျိန်ဆဲခဲ့ခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင်တွင် စကားတစ်ခွန်းမျှပင် ပိုမပြောခဲ့ဖူးပေ။ ချန်ကောဟွားအနေဖြင့် ဤမျှလောက် မျက်နှာမထောက်ထားဘဲ နေမည်မဟုတ်ပေ။ ထို့ကြောင့် ချန်ကောဟွား၏ရှေ့သို့ ရောက်လာပြီးနောက် သူက စတင် ပြောဆိုလိုက်သည်။
သေချာသည်မှာ ယခင်က ချင်ဟွိုင်ယွီ စက်ဘီးငှားရာတွင် ငြင်းပယ်ခံရသည့် အခြေအနေရှိနေသဖြင့် သူသည် တောင်းဆိုချက်ကို ထုတ်မပြောသေးဘဲ နှုတ်ဆက်စကားကိုသာ အရင် ပြောလိုက်သည်။
"ဟားဟား ကောဟွား မင်းက တကယ်ကို အရည်အချင်းရှိတာပဲ၊ ခေါင်းဆောင်ကို ကားသီးသန့်လွှတ်ပြီး ကြိုခိုင်းနိုင်တယ်ဆိုတော့…"
ဤကဲ့သို့သော အတုအယောင် မြှောက်ပင့်စကားများကို ကြားလိုက်ရသောအခါ ချန်ကောဟွားက အေးစက်စက်ဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။
သာမန်လူများ မြင်တွေ့လိုက်ရပါက ဤသည်မှာ စကားပြောရန် စိတ်မဝင်စားသည့် လုပ်ရပ်ဖြစ်ကြောင်း သိနိုင်သည်။
သို့သော် ကျားတုန်းရွှီ၏ အမြင်တွင်မူ ဤသည်မှာ ချန်ကောဟွားက သူ့ကို ကူညီလိုသည့် လုပ်ရပ်တစ်ခုအဖြစ် မြင်နေသည်။
ထို့နောက် သူက တောင့်တင်းနေသော အပြုံးတစ်ခုကို ဖော်ပြကာ ပြောလိုက်သည်။
"ကောဟွား ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက ချင်မိသားစုရွာကို သွားကြမှာပဲလေ၊ လူကြီးတွေ လမ်းလျှောက်ရလို့ ပင်ပန်းတာက ကိစ္စမရှိပေမဲ့ ပန့်ကန့်တို့နဲ့ ငါ့ခန္ဓာကိုယ်က နည်းနည်း အားနည်းနေလို့ မင်း အကူအညီပေးပြီး ကားကြုံလေး ခေါ်သွားပေးလို့ ရမလား၊ ဘာပဲဖြစ်ဖြစ် ဒီကားရဲ့ ဆီဖိုးကလည်း အစိုးရက ကျခံထားတာပဲလေ"
ဤစကားထွက်ပေါ်လာသည်နှင့် ချန်ကောဟွားသည် သူ့ကို ခွေးတစ်ကောင်ကဲ့သို့ အပြင်းအထန် ဆဲရေးတိုင်းထွာတော့မည့်ဆဲဆဲပင်ဖြစ်သွားသည်။
'ဆီဖိုးက အစိုးရက ကျခံထားတာဆိုတာက ဘာအဓိပ္ပာယ်လဲ၊ အစိုးရပိုင်ဖြစ်နေတာနဲ့ပဲ မင်းတို့မိသားစုတစ်စုလုံးကို ခေါ်သွားပေးရမယ့် တာဝန်ရှိနေလို့လား'
'ပြီးတော့လည်း ကိုယ်တိုင်က ကားစီးချင်နေတာ သိသာနေလျက်နဲ့ ကလေးတွေကို အကာအကွယ်ယူနေတာက ဘာသဘောလဲ'
'ဒါက တကယ်ကို မျက်နှာပြောင်တိုက်လွန်းနေတာပဲ'
မည်မျှအထိ အရှုံးသမားဖြစ်နေသော အမျိုးသားတစ်ဦးကမှ ဤမျှလောက် အရှက်မရှိသော စကားမျိုးကို ပြောထွက်မည်ကို ချန်ကောဟွား မသိတော့ပေ။
သူက စဉ်းစားပင် မစဉ်းစားတော့ဘဲ ငြင်းဆိုလိုက်သည်။
"ကားက အကြိုအပို့လုပ်ဖို့အတွက် သုံးတာဆိုတော့ သေချာပေါက် လူတွေကို အကြိုအပို့လုပ်ပေးလို့ ရပါတယ်"
ဤနေရာသို့ ရောက်သောအခါ ကျားတုန်းရွှီ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာသည်၊ သို့သော် နောက်တစ်စက္ကန့်တွင် သူ ဖြန့်ကြက်လိုက်မိသော အပြုံးမှာ တောင့်တင်းသွားတော့သည်။
"ဒါပေမဲ့ မင်း ကျားတုန်းရွှီက လမ်းတစ်ဝက်မှာများ အောက်ပိုင်းက ထိန်းမရဖြစ်သွားရင် မင်းရဲ့သား ပန့်ကန့်ကလည်း အတိအကျ ဗိုက်ဆာပြီး သည်းမခံနိုင်တော့ရင်…”
"အဲဒါဆိုရင် ပူပူနွေးနွေးစားဖို့ လုနေကြရမှာ မဟုတ်ဘူးလား၊ ဒီလို နှစ်သစ်ကူးကာလကြီးမှာ ရွံစရာကောင်းအောင် လုပ်နေတာ မဟုတ်ဘူးလား"
ဤစကားသည် သေချာပေါက် လူကိုသတ်ရုံသာမက နှလုံးသားကိုပါ ခုတ်ထစ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။ စကားတစ်ခွန်းတည်းဖြင့် ကျားတုန်းရွှီနှင့် ပန့်ကန့်နှစ်ဦးစလုံးကို တိုက်ရိုက်ပင် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
ပထမစကားတစ်ခွန်းက သူသည် ခန္ဓာကိုယ်အကြောသေနေပြီး ချေး၊သေးကိုပင် ဂရုမစိုက်နိုင်သူဖြစ်ရာ ခေါင်းဆောင်၏ ကိုယ်ပိုင်ကားပေါ်သို့ တက်ရန် ထိုက်တန်ပါသလောဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒုတိယစကားတစ်ခွန်းက ပန့်ကန့်ကို ဆက်လက်၍ သွယ်ဝိုက်ထိုးနှက်ထားခြင်းဖြစ်ပြီး သူသည် မစင်စားရသည်ကို နှစ်သက်သော ခွေးတစ်ကောင်သာဖြစ်ကာ လူတစ်ယောက်အဖြစ်ပင် သတ်မှတ်၍ မရနိုင်သဖြင့် ကိုယ်ပိုင်ကားပေါ်တွင် ထိုင်ရန် ပို၍ပင် မထိုက်တန်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် သွေးမထွက်ဘဲ လူသတ်နိုင်သော ဤစကားများအောက်တွင် ကျားတုန်းရွှီနှင့် ချင်ဟွိုင်ယွီ နှစ်ဦးစလုံး၏ စိတ်ထဲတွင် ပေါက်ကွဲထွက်မတတ် ဒေါသထွက်သွားကြသည်။
ဤဟုန်ချီဇိမ်ခံကားကြီးကို တိုက်ရိုက် ရိုက်ခွဲပစ်ချင်စိတ်များပင် ပေါက်လာကြသည်။ သို့သော် ကားမှာ ခေါင်းဆောင်ပိုင်ဆိုင်သည့် ကားဖြစ်ကြောင်း တွေးမိလိုက်သောအခါ နီရဲနေသော မျက်နှာဖြင့် ခေါင်းငုံ့ကာ ထွက်ခွာသွားရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။
စောစောက တစ်ဖက်လူက စက်ဘီးလာငှားမည်ပြုကတည်းက ချင်ကျင်းယွီ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသည်။ ယခုအချိန်တွင် ချန်ကောဟွားက သူတို့၏မျက်နှာများကို ချက်ချင်းပင် ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်တော့သည်။
ဟုန်ချီဇိမ်ခံကားကြီးသည် မူလကတည်းက လူအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားပြီး ဖြစ်သည်။
စောစောက အဖြစ်အပျက်အားလုံးကို လူအားလုံးက မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ယခုအချိန်တွင် ထွက်ပေါ်လာသော ချင်ကျင်းယွီ၏ ရယ်မောသံမှာ ဖောက်ခွဲရေး ခလုတ်တစ်ခုကဲ့သို့ပင်ဖြစ်ရာ အိမ်နီးချင်းများကိုပါ ချက်ချင်း ရယ်မောသွားစေတော့သည်။
လူတိုင်းက လှောင်ပြောင်နေကြခြင်း ဖြစ်သည်မှာ သိသာထင်ရှားလှပေသည်။
မိမိကိုယ်ကို အထင်ကြီးလွန်းနေသော ကျားမိသားစုမှ လူရွှင်တော်တစ်စုကို လှောင်ပြောင်နေကြခြင်းပင် ဖြစ်သည်။
……
အခန်း ၆၈
ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့သည် ကားပေါ်တက်ကာ ဖုန်မှုန့်များ တထောင်းထောင်းထသွားအောင် မောင်းထွက်သွားပြီးနောက်တွင် အမျက်ဒေါသကို အလူးအလဲ မြိုသိပ်ထားခဲ့ရသော ကျားတုန်းရွှီသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားတော့သည်။
သူက ချန်ကောဟွား ကားစီးထွက်သွားသည်ကို ကြည့်ရင်း တံတွေးစက်များ လွင့်စင်သည်အထိ အော်ဟစ်ဆဲဆိုလိုက်သည်။
"သေနာကောင် ချန်ကောဟွား"
"တကယ်ကို တိရစ္ဆာန်ပါလား"
"ငါတို့ ကျားမိသားစုကိုတောင် စော်ကားရဲသေးတယ်"
"ငါတို့ ကျားမိသားစုကို ခွေးလို့ ခေါ်ရဲတယ်ပေါ့"
"သူ…ချန်ကောဟွား ဘာလို့ မသေသွားရတာလဲ"
"သေနာကောင်"
"တကယ်ကို သေသင့်တဲ့ကောင်"
ကျားတုန်းရွှီသည် ကျားကျန်းရှီထံမှ အကြောအဆစ်မကျန် အမွေဆက်ခံထားသူဖြစ်သည်။
သူ့အမြင်တွင်တော့ မိမိက အကူအညီတောင်းလိုက်ပြီဆိုလျှင် အခြားသူများက မဖြစ်မနေ ကူညီပေးရမည်ဟု ထင်နေသည်။ မဟုတ်ပါက တစ်ဖက်လူမှာ လူလည်းမဟုတ် တိရစ္ဆာန်လည်းမဟုတ်သည့် အရာတစ်ခုသာ ဖြစ်ပေလိမ့်မည်။
သေချာသည်မှာ သူ အကြောသေသွားပြီးနောက်ပိုင်းတွင် မူလကတည်းက ဉာဏ်မမီသည့် သူ၏ဦးနှောက်မှာ ပို၍ပင် ယိုယွင်းသွားသည်။ အကယ်၍သာ သူက ဤအကြောင်းကို တွေးမိမည်ဆိုပါက တစ်ခုတည်းသော ကောက်ချက်ကိုသာ ဆွဲနိုင်လိမ့်မည် ဖြစ်သည်။ အခြားသူများက သူ့ကို မကူညီခြင်းမှာ တစ်ဖက်လူမှာ စာနာစိတ်မရှိသည့် တိရစ္ဆာန်တစ်ကောင်သာ ဖြစ်နေသောကြောင့်ဟု တွေးလောက်သည်။
သူ၏ အတွေးများက ရှက်စရာကောင်းပြီး စက်ဆုပ်ဖွယ်ရာလည်း ဖြစ်သည်။
ဤသို့သော အတွေးအခေါ်များဖြင့် ကျားတုန်းရွှီသည် မိမိလုပ်ရပ်များက ကိုယ်ကျင့်တရားနှင့် ညီမညီ ဘယ်တော့မှ မတွေးဘဲ အခြားသူများထံမှ မည်သို့ အကျိုးအမြတ် ရယူနိုင်မည်ကိုသာ တွေးနေတတ်သည်။
သူ့စိတ်တိုင်းမကျပါက သူသည် အခြားသူများကို ဆဲဆိုရန်၊ စော်ကားရန်အတွက် အဆိပ်သင့်စကားလုံးများစွာကို အမြဲတမ်း ရှာဖွေနိုင်သူ ဖြစ်သည်။ နောက်ဆုံးတွင် သူက ချင်ဟွိုင်ယွီကို ကြည့်ကာ ပြင်းထန်စွာ ဆူပူလိုက်ပြန်သည်။
"ပြီးတော့ မင်း… ဒီမိန်းမပျက်ကလည်း ချန်မိသားစုက တိရစ္ဆာန်က ငါတို့ ကျားမိသားစုကို စော်ကားနေတာကို တစ်ခွန်းတောင် ပြန်မပြောရဲဘူး။ ခုနက ချန်ကောဟွားကို ရွေးလိုက်ရင် ကောင်းစားတော့မှာလို့ တွေးနေတာလား"
ချင်ဟွိုင်ယွီမှာမူ လေအေးများအကြားတွင် မှင်တက်လျက် ကျန်ရစ်နေသည်။
သူမ တကယ်ပင် နားမလည်နိုင်ဖြစ်ရသည်။ ထိုအချိန်က သူမ၏ဦးနှောက်မှာ မြည်းကန်ထားခံခဲ့ရခြင်းဖြစ်နိုင်သည်။
ဘာကြောင့်များ ကျားမိသားစုကို ရွေးချယ်ခဲ့ရတာလဲ
အကယ်၍သာ သူမကို အခွင့်အရေး ပြန်ပေးမည်ဆိုပါက ချင်ရွာရှိ ကျားမိသားစုသို့ မလိုက်သွားဘဲ ကျေးလက်တွင်ပဲ နေရမည်ဆိုပါကလည်း သူမ ကျေနပ်မိလိမ့်မည်ဖြစ်သည်။
ဘာကြောင့်များ ကျားမိသားစုက စက်ဆုပ်ဖွယ်ကောင်းတဲ့ သားအမိကို ရင်ဆိုင်နေရတာလဲ
ဒါက ကိုယ့်ဒုက္ခကိုယ် ရှာနေခြင်းဖြစ်သည်။
ချန်ကောဟွားထံ ကားကြုံလိုက်စီးရန် မသွားတော့ဘူးဟု ပြောခဲ့ပြီးဖြစ်ရာ သွားလိုက်လျှင်လည်း မျက်နှာကို အရိုက်ခံရမည်မှာ သေချာသည်။
သို့သော်လည်း ယုံကြည်မှု လွန်ကဲနေခဲ့ေသးသည်။အထူးသဖြင့် ကျားတုန်းရွှီ ဖြစ်သည်။ အကြောသေနေသော သူတောင်းစားတစ်ယောက်က မည်သည့်ယုံကြည်မှုမျိုး ရှိနေမှန်းမသိ၊သူ့မျက်နှာကို အတင်းထိုးပေးကာ အရိုက်ခံချင်နေသည်။ ယခု အရိုက်ခံရတော့လည်း သူများအပေါ် လာပုံချနေသည်။
ဒါတွေက ဘာတွေလဲ
ချင်ဟွိုင်ယွီသည် သည်းမခံနိုင်တော့ပေ။ သူမသည် ကျားတုန်းရွှီကို ပြန်လည်ဆဲဆိုလိုသည်။ သို့သော် ကလေးသုံးယောက်က သူမကို မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လိုက်ရသောအခါ နောက်ဆုံးတွင် သူမ သည်းခံလိုက်ရသည်။
ကျားမိသားစုက မည်မျှပင် ဆိုးရွားနေပါစေ ကလေးများ၏ ဖခင်နှင့် အဘွားဖြစ်ကြသည်။
ထိုနှစ်က သူမဦးနှောက်ထဲ ရေဝင်ပြီး ကျားမိသားစုကို ရွေးချယ်မိသည်မို့ ယခု ငိုကြွေးနေရသော်လည်း ဆက်လက်သည်းခံရဦးမည် ဖြစ်သည်။
ဤသို့ဖြင့် ချင်ဟွိုင်ယွီသည် ကလေးသုံးယောက်ကို ခေါ်ဆောင်ကာ မိသားစုတစ်စုလုံးနှင့်အတူ အစိုးရပိုင် ကားဂိတ်သို့ ထွက်ခွာလာသည်။
သူမ မသိလိုက်သည်မှာ ယခုမှ အစပျိုးရုံသာ ရှိသေးပြီး ချင်ရွာသို့ ရောက်ရှိချိန်တွင် သူမ၏ အိပ်မက်ဆိုးများ စတင်တော့မည် ဖြစ်ကြောင်းပင် ဖြစ်သည်။
...
ချန်ကောဟွားအကြောင်း ပြန်ပြောရလျှင် ဇနီးမောင်နှံနှစ်ဦးသည် ဇိမ်ခံကားကို စီးကာ ချင်ရွာသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့ကြသည်။ စစ်ကျိုမြို့တော်မှ ချင်ရွာသို့ ကားဖြင့်သွားလျှင် တစ်နာရီခွဲခန့် ကြာမြင့်သည်။
သို့သော် ကျားမိသားစုကဲ့သို့ ဘတ်စ်ကားဖြင့် သွားမည်ဆိုလျှင် နှစ်နာရီကျော် ကြာမြင့်မည်ဖြစ်ပြီး ဂိတ်ဆုံးမှ ရွာသို့ တစ်နာရီခွဲခန့် လမ်းလျှောက်ရဦးမည်ဖြစ်ရာ စုစုပေါင်း သုံးနာရီကျော် ကြာမြင့်ပေလိမ့်မည်။ ဤသို့ နှိုင်းယှဉ်ကြည့်လျှင် ချန်ကောဟွားတို့မှာ အလွန်ပင် သက်သာချောင်ချိလှသည်။
ယာဉ်မောင်း၏ တည်ငြိမ်သော မောင်းနှင်မှုဖြင့် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ဟုန်ချီဇိမ်ခံကားကြီးသည် နောက်ဆုံးတွင် ချင်ရွာ ရွာဝင်ပေါက်သို့ ရောက်ရှိလာသည်။
မူလက ယာဉ်မောင်း လီကွမ်းဝေ့သည် ခေါင်းဆောင်များကို ခေါ်ဆောင်သွားရာတွင် ဤကဲ့သို့သော ခရီးကြမ်းကို တစ်ခါမျှ မမောင်းနှင်ဖူးသလို ကျေးလက်ရွာဝင်ပေါက်သို့လည်း မရောက်ဖူးခဲ့ပေ။
သို့သော် သူသည် ချန်ကောဟွား၏ ခရီးစဉ်မှာ ယောက္ခမအိမ်သို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရှိထားသဖြင့် နှစ်သစ်ကူးကာလတွင် ခေါင်းဆောင်အတွက် မျက်နှာပျက်စရာ မဖြစ်စေရဟု ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ကျေးလက်၏ မြေပြင်များ မညီညာသော်လည်း သူသည် တည်ငြိမ်စွာပင် ရွာဝင်ပေါက်သို့ မောင်းနှင်လာသည်။
ရည်ရွယ်ချက်မှာ ခေါင်းဆောင်ချန်၏ ယောက္ခမအိမ်သို့ ပြန်ရာတွင် မျက်နှာပွင့်စေရန် ဖြစ်သည်။
ချင်ရွာသို့ ရောက်ရှိလာသည်နှင့် ကျေးလက်ဒေသ၏ ထူးခြားသော ပျော်ရွှင်စရာကောင်းသည့် လေထုကို ခံစားမိလိုက်သည်။
အိမ်တိုင်းတွင် နွေဦးပွဲတော်အတွက် ကပ်ထားသော ဆောင်ပုဒ်များ(ဆုတောင်း ကပ်ခွာများ) ရှိနေပြီး လေထဲတွင် ကလေးငယ်များ၏ ရယ်မောသံများ ပြန့်လွင့်နေသည်။ လမ်းမပေါ်တွင်လည်း ဈေးဝယ်ထွက်နေကြသော ရွာသားများကို တွေ့ရသည်။
သေချာသည်မှာ ပြင်ပတွင် အလုပ်သွားလုပ်နေကြသော အလုပ်သမားများလည်း ရှိပြီး အများစုမှာ အမျိုးသားများပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤခေတ်တွင် မြို့ပြဖွံ့ဖြိုးမှု နည်းပါးပြီး ပညာရေး အားနည်းနေသဖြင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသောကြောင့် ဖြစ်သည်။ သူတို့ကလည်း မိမိတို့၏ မူလရွာတွင်ပဲ နေထိုင်ကာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို စောင့်ရှောက်ရသည်ကို ပို၍ ကျေနပ်ကြသည်။
ထို့ကြောင့် ဤနောက်ခံအခြေအနေအောက်တွင် ချင်ရွာသည် အလွန်ပင် စည်ကားနေပြီး အိမ်တိုင်းလိုလိုတွင် မိသားစုဝင်များ စုံစုံလင်လင် ရှိနေကြသည်။
ချန်ကောဟွား စီးလာသော ဟုန်ချီဇိမ်ခံကားကြီး ပေါ်လာသည်နှင့် လူအမြောက်အမြား၏ အကြည့်များမှာ ထိုကားပေါ်သို့ ကျရောက်သွားတော့သည်။
လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဤခမ်းနားလှပသော ကားသစ်ကြီးကို မြင်လိုက်ရသည့်အခါ တစ်ယောက်ချင်းစီ၏ မျက်လုံးများမှာ ဝိုင်းစက်သွားကြသည်။ ထို့နောက် တအံ့တဩ ဖြစ်နေကြသည့် အသံများ ထွက်ပေါ်လာသည်။
ချန်ကောဟွားတို့ ဇနီးမောင်နှံက ကားပြတင်းပေါက်ကို ပိတ်ကာ အတွင်းတွင် ငြိမ်သက်စွာ ထိုင်နေကြသော်လည်း သူတို့သည် ပြင်ပမှ ထွက်ပေါ်လာသော အသံများကို ရှင်းလင်းစွာ ကြားနေရသည်။
"လူကြီးမင်းတို့ မြန်မြန်ကြည့်ကြပါဦး၊ ဒါ ဟုန်ချီကားကြီးမဟုတ်လား၊ ငါ မနှစ်က မြို့မှာ အလုပ်လုပ်တုန်းက ခေါင်းဆောင်တွေ စီးတာ တွေ့ဖူးတယ်"
"ဘာ…ခေါင်းဆောင်ရဲ့ကား ဟုတ်လား၊ ဒါဆို ငါတို့ ချင်ရွာကို ခေါင်းဆောင်တွေ ဂရုစိုက်နေတယ်လို့ ပြောတာလား"
"ဟားဟား ငါတို့ ချင်ရွာက လူတစ်ယောက် မြို့မှာ ခေါင်းဆောင် ဖြစ်သွားတာပေါ့၊ သေချာပေါက် အဲဒီလိုပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ ကားပေါ်မှာ ထိုင်နေတဲ့သူတွေက အရမ်း ငယ်သေးတယ်နော်၊ မြို့က ခေါင်းဆောင်တွေနဲ့ မတူဘူး"
"ဟူဟန်ဆန်း ခေါင်းဆောင်က ဘယ်လိုပုံစံရှိရမလဲဆိုတာ မင်းအသိအမှတ်ပြုဖို့ လိုသေးလို့လား၊ စကားမှားပြောမိရင် ခေါင်းဆောင်ကြီး အမျက်တော်ရှမှာ မကြောက်ဘူးလား"
"ဟုတ်တယ်လေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးကြီးရတာလေ၊ မင်းက ဘာမှနားမလည်ဘဲနဲ့"
"နေဦး၊ ကားထဲက လှပတဲ့ အင်္ကျီဝတ်ထားတဲ့ မိန်းကလေးက ငါအရင်က မြင်ဖူးတဲ့ ကလေးမလေးနဲ့ ဆင်တူသလိုပဲ"
...
ချင်ရွာသည် နာမည်အတိုင်းပင် ချင်မျိုးနွယ်များ အဓိက နေထိုင်ကြပြီး အရွယ်အစားမှာလည်း မကြီးမားလှပေ။ ထို့ကြောင့် ချင်မျိုးနွယ် ရွာသားအများစုမှာ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းနေကြသည်။ အိမ်နီးချင်းများဆိုလျှင် ပို၍ပင် ရင်းနှီးကြသည်။
ဤအခြေအနေအောက်တွင် အသက်ကြီးသော ရွာသားတစ်ယောက်က ချင်ကျင်းယွီကို ရင်းနှီးနေသည်မှာ ထူးဆန်းစရာ မဟုတ်ပေ။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ယောက္ခမအိမ်သို့ ပြန်မလာခဲ့သဖြင့် လူအများစုမှာ အနည်းငယ် စိမ်းသက်နေကြသည်။
ထို့အပြင် ယခုကလည်း ချန်ကောဟွားက ကားဖြင့် ခေါ်ဆောင်လာခြင်း ဖြစ်သည်။
ထို့ကြောင့် ရွာသားအချို့က ခေါင်းဆောင်ဘေးရှိ အမျိုးသမီးမှာ ချင်ကျင်းယွီဆိုသည့် ကလေးမလေးနှင့် ဆင်တူနေသည်ဟု လျှို့ဝှက်စွာ ခံစားမိသော်လည်း တကယ်ဖြစ်လိမ့်မည်ဟု မယုံကြည်ရဲကြပေ။ အကြောင်းပြချက်က ရိုးရှင်းသည်။ကွာခြားချက်က အလွန် ကြီးမားနေေသာကြောင့်ဖြစ်သည်။
ယခင်က ချင်ကျင်းယွီမှာ ဗဟုသုတမရှိသော ရွာသူ ကလေးမလေးသာ ဖြစ်သည်။ ယခုမှ အနှစ်အနည်းငယ်ပဲ ရှိသေးသည်ကို သူမက မည်သို့ ခေါင်းဆောင်ကြီး၏ ကားပေါ်တွင် စီးလာနိုင်ပါမည်နည်း
ချင်ကျင်းယွီမှာမူ ရွာသားများ၏ အတွေးကို မသိပေ။
လူအများ အားကျစွာဖြင့် ဝိုင်းကြည့်နေသည်ကို မြင်သောအခါ သူမသည် ချန်ကောဟွားဘေးတွင် ဝမ်းသာအားရ ထိုင်နေပြီး ခေါင်းကို ချန်ကောဟွား၏ လက်မောင်းတွင် မှီတွယ်ထားကာ မိမိရွေးချယ်လိုက်သော အမျိုးသားမှာ မည်မျှ အရည်အချင်းရှိကြောင်း လူတိုင်းကို ကြေညာလိုက်သည်။
သူမက ရွာတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ဤနေရာမှ လူအများစုကို သဘာဝကျစွာပင် သိရှိသည်။
ထို့ကြောင့် ယခင်က သူငယ်ချင်းအပေါင်းအသင်းများက ယုံချင်ယုံ မယုံရင်နေဆိုသည့် ပုံစံမျိုးကို မြင်လိုက်ရသောအခါ သူမ၏စိတ်ထဲတွင် မည်သည့်အကြောင်းရင်းမှ မရှိဘဲ ဂုဏ်ယူဝံ့ကြွားသည့် ခံစားချက်ကို ရရှိကာ မိမိခင်ပွန်း၏ အရည်အချင်းအတွက် ဂုဏ်ယူမိနေသည်။
ချန်ကောဟွားကမူ လူများ ဝိုင်းကြည့်နေခြင်းနှင့် ချင်ကျင်းယွီ၏ မှီတွယ်နေခြင်းအတွက် အထူးတလည် တွေးမနေပေ။ သို့သော် သူသည် မိမိဇနီးမှာ ဤကဲ့သို့ ဩဇာကြီးမားစွာဖြင့် မြို့မှရွာသို့ ပြန်လာရခြင်းကို သဘောကျနေမည် ဖြစ်ကြောင်းကိုလည်း သိရှိနေ၏။
ထို့ကြောင့် ယာဉ်မောင်းကို အမိန့်ပေးလိုက်ပြီး ရွာဝင်ပေါက်မှ ချင်ကျင်းယွီ၏အိမ်အထိ လမ်းကို တတ်နိုင်သမျှ ဖြည်းဖြည်း မောင်းနှင်ရန် ပြောလိုက်သည်။
လီကွမ်းဝေ့က ချန်ကောဟွား၏စကားကို နားထောင်ကာ ကား၏အရှိန်ကို ကောင်းမွန်စွာ ထိန်းချုပ်လိုက်သည်။
ဤသို့ဖြင့် ကားက ချင်ကျင်းယွီ၏အိမ်ဘက်သို့ ဖြည်းဖြည်းချင်း မောင်းနှင်သွားစဉ် အိမ်ပြန်ချင်စိတ် ပြင်းပြနေသော ချင်ကျင်းယွီသည် နောက်ဆုံးတွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ကားပြတင်းပေါက်ကို လှည့်ဖွင့်လိုက်သည်။
ပြတင်းပေါက် အကာအကွယ်မရှိတော့သည့်အခါ လမ်းပေါ်ရှိ ရွာသားများကလည်း ချင်ကျင်းယွီကို မှတ်မိသွားကြသည်။
"ဒါ..ဒါက ချင်ထျဲ့နျိုရဲ့ အိမ်က ကလေးမလေး မဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ်၊ ကျင်းယွီပဲ ဖြစ်ရမယ်၊ မင်း ချင်ထျဲ့နျို ချင်ထျဲ့ထိုက်အကြောင်း ပြောတော့မှ ငါ မှတ်မိတော့တယ်"
"ကျင်းယွီ… ချင်ကျင်းယွီလား"
"သူမက ငါတို့နဲ့ အတူတူ ရွှံ့ေတွထဲမှာ ကစားခဲ့တဲ့သူ မဟုတ်လား၊ ဘာလို့ ဇိမ်ခံကားပေါ် တက်စီးနိုင်ရတာလဲ"
"ကားပေါ်က အမျိုးသားက ဘယ်သူလဲ၊ ရုပ်ရည်ကလည်း ချောမောပြီး ဂုဏ်ရှိန်လည်း ရှိတာပဲ"
"ဒါ ပြောနေစရာ လိုသေးလို့လား၊ ကျင်းယွီရဲ့ ခင်ပွန်းပဲ ဖြစ်ရမယ်"
"သူ့ခင်ပွန်းလား…မဖြစ်နိုင်ပါဘူး၊ ငါမှတ်မိတာက သူ့ခင်ပွန်းက အလုပ်မဲ့ အလုပ်သမားတစ်ယောက်ပဲ၊ ခေါင်းဆောင်စီးတဲ့ကားကို ဘယ်လိုစီးနိုင်မှာလဲ၊ ဆိုလိုတာက... ချင်ကျင်းယွီ အမျိုးသား ပြောင်းလိုက်တာလား"
လူအုပ်စုထဲတွင် ချင်ကျင်းယွီ အမျိုးသားပြောင်းလိုက်သည်ဆိုသည့် ပြောစကားများ ထွက်ပေါ်လာသောအခါ အမျိုးသမီးအချို့က ထိုအခြေအနေသည် အမှန်ပင် ဖြစ်လိမ့်မည်ဟု သေချာသွားကြသည်။
သူတို့က ချင်ကျင်းယွီကို ရန်ငြိုးထားနေခြင်း မဟုတ်ပေ။ အခြားသူများကို ကဲ့ရဲ့ပြောဆိုခြင်းကို အလွန်နှစ်သက်သော လျှာရှည်သည့် မိန်းမများသာ ဖြစ်သည်။
ရွာသူ အများစုမှာ ပညာမရှိ၊ အလုပ်မရှိသူများသာ ဖြစ်သည်။ သဘာဝကျစွာပင် ဗဟုသုတ နည်းပါးကြ၏။
ထို့ကြောင့် လက်တွေ့မြင်နေရသော အရာများနှင့် မိမိတို့ သိထားသည့်အရာများ မကိုက်ညီသောအခါ သူတို့သည် ထူးဆန်းသော အတွေးများဖြင့် အရာအားလုံးကို ဖြည့်စွက် ပြောဆိုကြတော့သည်။
ကွာရှင်းပြီး အမျိုးသားပြောင်းခြင်းမှာ သူတို့အတွက် အလွန်ဆီလျော်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ပင် ဖြစ်သည်။
မဟုတ်ပါက နောက်ခံ မရှိ၊အလုပ်လည်းမရှိ၊မိသားစု အခြေအနေလည်းမရှိသည့် ကျေးလက်က ကလေးမလေးတစ်ယောက်က ခေါင်းဆောင်စီးသောကားကို မည်သို့စီးနိုင်မည်နည်း။ ထိုသို့ဆိုလျှင် လက်ထပ်ခြင်းဖြင့်သာ ဖြစ်နိုင်သည်။
ယခင်က ချင်ကျင်းယွီ၏ မင်္ဂလာဆောင်ပွဲမှာ ချင်ဟွိုင်ယွီ မိသားစု၏ လွှမ်းမိုးမှုအောက်တွင် ချင်ရွာ၌ အဆိုးရွားဆုံး မင်္ဂလာဆောင်ပွဲ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူတို့က ချင်ကျင်းယွီဘေးရှိ ခေါင်းဆောင်မှာ သူမ၏ ယခင်က လက်ထပ်ခဲ့သည့်သူ ဖြစ်နိုင်မည်မဟုတ်ဟု ယူဆကြသည်။
အကယ်၍ တစ်ဖက်လူက ဤမျှလောက် အရည်အချင်းရှိမည်ဆိုလျှင် ထိုနှစ်က မင်္ဂလာဆောင်ပွဲမှာ အဘယ်ကြောင့် မျက်နှာပွင့်မနေခဲ့ရသနည်း။ ဤသို့ မှန်းဆပြီးနောက် ချင်ထျဲ့နျိုနှင့် အဆင်မပြေသူ ရွာသားအချို့သည် ချင်ထျဲ့နျို၏ အိမ်သို့ ချက်ချင်း ပြေးသွားကြသည်။
သူတို့သည် သူ၏သမီး ကွာရှင်းပြီး အမျိုးသားပြောင်းသွားသည့်အကြောင်းကို ပြောပြရန် ရည်ရွယ်ထားသည်။ ချင်ထျဲ့နျိုကို နှစ်သစ်ကူးကာလတွင် အရှက်ရစေရန် ဖြစ်သည်။
ဤသို့ဖြင့် ရွာသားအချို့သည် ချင်ကျင်းယွီ၏အိမ်သို့ ရောက်လာပြီး ကျယ်လောင်စွာ အော်ဟစ်ကြသည်။
"ချင်ထျဲ့နျို… မင်းရဲ့သမီးက တောသားတစ်ယောက်ကို ခေါ်ပြီး အိမ်ပြန်လာပြီ"
"ဟုတ်တယ်၊ချင်ကျင်းယွီက လူသိရှင်ကြား အမျိုးသားနဲ့ ဖောက်ပြန်နေတာ၊ မင်းလို အဖေဖြစ်တဲ့သူက ဘာလို့ မဆုံးမရတာလဲ"
"ငါသာဆို ဒီလို သမီးမျိုးရှိရင် ရွာထဲမှာတောင် မျက်နှာပြရမှာ ရှက်နေမှာ"