အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း ၇၁
ချင်ထျဲ့နျို၏ ခြံဝင်းအတွင်း၌ ပွဲလာကြည့်သူများ သို့မဟုတ် သူ၏မိသားစုကို လာရောက်မြှောက်ပင့်ပေးသူများဖြင့် ပြည့်နှက်နေသည်။
ဤအရာအားလုံးကို မြင်တွေ့ရသောအခါ ချင်ထျဲ့နျို၏ အပြုံးများမှာ ရပ်တန့်မသွားခဲ့ပေ။ အထူးသဖြင့် ချင်ထျဲ့ကျူးတို့ ဇနီးမောင်နှံ၏ မျက်နှာမှာ ချေးစားထားရသည်ထက်ပင် ပို၍ ဆိုးရွားနေသည်ကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် ပို၍ပင် ပျော်ရွှင်သွားသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က သူသည် ချင်ထျဲ့ကျူးနှင့် ကျားမိသားစုတစ်စုလုံး၏ လှောင်ပြောင်သရော်မှုများကြောင့် အကြီးအကျယ် ဒေါသထွက်ခဲ့ရကြောင်းကို သိထားရမည်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ သမက်ဖြစ်သူက ရွာတစ်ရွာလုံး၏ရှေ့တွင် ဤမျှများပြားသော ပစ္စည်းများ ပေးအပ်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ သူက မိမိကို အထင်မကြီးဘဲ ချင်ဟွိုင်ယွီ၏မိဘများကို ဖားယားရန် ရွေးချယ်ခဲ့ကြသော ဆွေမျိုးများကို ချက်ချင်း သတိရသွားသည်။
ထိုအချိန်က သူတို့၏ မျက်နှာထားများကို တွေးမိပြီးနောက် ချင်ထျဲ့နျိုက ဘာစကားမှမဆိုတော့ဘဲ အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက် ချန်ကောဟွား၏ သိချင်စိတ်ပြင်းပြနေသော အကြည့်များအောက်တွင် သူက အိမ်ထဲမှ ပြန်ထွက်လာပြီးနောက် လက်ထဲတွင် ပန်းကန်လုံးအချို့နှင့် ကိုယ်တိုင်ချက်ထားသော အရက်ဝါပုလင်းငယ်တစ်လုံးကို ကိုင်ဆောင်လာသည်။ ထို့နောက် ရွာသူရွာသားများအား အရက်စတင်ငှဲ့ပေးလေတော့၏။
ထိုနေရာရှိ ရွာသူရွာသားအများစုမှာ အရက်တစ်ခွက်စီ ရရှိသွားကြသည်။ အရက်ပုလင်းမှာ သိပ်မကြီးမားလှသဖြင့် မကြာမီမှာပင် အရက်ကုန်သွားသည်။
သူ၏သမီးနှင့်သမက်ကို လှောင်ပြောင်ခဲ့ဖူးသော အဝေးဆွေမျိုးများမှာမူ သဘာဝအားဖြင့် အနည်းငယ်မျှပင် မရရှိခဲ့ကြပေ။
ထို့နောက် ချင်ထျဲ့နျိုက ချန်ကောဟွားပေးသော မောက်ထိုင်အရက်တစ်ပုလင်းကို ယူလိုက်ပြီး တစ်ခွက်ငှဲ့ကာ ထိုအဝေးဆွေမျိုးများနှင့် ချင်ထျဲ့ကျူး၏ ရှေ့သို့သွား၍ ပန်းကန်လုံးထဲရှိ အရက်ဖြူကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။
လေထုထဲတွင် ပျံ့လွင့်နေသော ဆွဲဆောင်မှုရှိလှသည့် ကျန်ရှန်းအရက်အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် သူက စတင်၍ ညည်းတွားပြောဆိုလိုက်သည်။
"ရွာသူရွာသားတို့ ငါ ချင်ထျဲ့နျိုက ဘာအရည်အချင်းမှ မရှိပေမယ့် ငါ့သမီးလေး ကံကောင်းတာကိုတော့ ဘယ်သူမှ တားလို့မရဘူး၊ ဒီလိုအရည်အချင်းရှိတဲ့ ယောက်ျားနဲ့ ဖူးစာဆုံခဲ့တာကိုး"
"မူလကတော့ သမီးလေး အဝေးကို အိမ်ထောင်ပြုသွားရင် မကူညီနိုင်ရင် ဘယ်လိုလုပ်မလဲ၊သမီးလေးကို လွမ်းလာရင် ဘယ်လိုလုပ်ရမလဲလို့ ငါ စိုးရိမ်နေခဲ့တာ"
"ဒါပေမဲ့ သမက်က အရည်အချင်းရှိမှန်း ထင်မထားခဲ့ဘူး၊ ဒီလောက်တောင် ရက်ရောပြီး အသားတွေငါးတွေ ပေးတဲ့အပြင် မောက်ထိုင်အရက်နဲ့ ရွှေတွေပါ ပေးသေးတယ်"
"ငါ့လို အဘိုးကြီးက ဘာကို စိုးရိမ်စရာလိုတော့မှာလဲ"
ဤစကားကို ပြော၍ပင် မဆုံးသေးခင် ရွာသူ ရွာသားအများအပြားမှာ ချင်ထျဲ့နျို၏ စကားများကြောင့် ရယ်မောသွားကြသည်။ ချင်ထျဲ့နျိုက သူ့တွင် သမက်ကောင်းရှိကြောင်းကို ဂုဏ်ယူဝင့်ကြွားနေခြင်းဖြစ်ကြောင်းကို သူတို့က သေချာပေါက် သိရှိထားကြသည်။
တစ်ဖက်လူတွင် ဂုဏ်ယူဝင့်ကြွားစရာ အရင်းအနှီး အမှန်တကယ် ရှိနေခြင်းကြောင့်သာမက ချန်ကောဟွား၏ ခြေသလုံးကို ဖက်ချင်နေကြသောကြောင့် ထိုသို့သော ဂုဏ်ယူဝင့်ကြွားမှုမျိုးကိုလည်း ကြည်ကြည်ဖြူဖြူပင် လက်ခံကြည့်ရှုနေကြသည်။
လူအများ ရယ်မောနေကြချိန်တွင် ချင်ထျဲ့နျိုက ချင်ထျဲ့ကျူးတို့၏ မျက်နှာများ ပြာနှမ်းနေသည်ကို မြင်လိုက်ရသဖြင့် ဆက်လက်၍ ပြောဆိုလိုက်ပြန်သည်။
"ငါ့ရဲ့ သမက်ကောင်းအကြောင်း ပြောရရင်တော့ ငါ့ရဲ့အစ်ကို ထျဲ့ကျူးကို ကျေးဇူးတင်ရမှာပဲ"
"အစတုန်းက ကောဟွားက ဟွိုင်ယွီနဲ့ အရင် စကားပြောခဲ့တာလေ၊ ဒါပေမဲ့ အစ်ကို ထျဲ့ကျူးက သူ့သမီးကို ကျားမိသားစုနဲ့ အတင်းပေးစားခဲ့လို့သာ ငါ့သမီးက ချန်ကောဟွားလို ယောက်ျားကောင်းနဲ့ တွေ့ခဲ့ရတာပေါ့"
"အစ်ကို ထျဲ့ကျူးက တကယ်ကို ညီအစ်ကိုပီသတာပဲ"
"ကျန်ရှန်း မောင်းထိုင်အရက်ကို မသောက်ဘဲ ကျားတုန်းရွှီ စက်ရုံကဝေတဲ့ စက်မှုလုပ်ငန်းသုံး အရက်ဖြူကိုပဲ သောက်ရတာ ကြိုက်နေတာကိုး"
"ဒါမှမဟုတ်ရင် ငါ ချင်ထျဲ့နျိုက ဘယ်ကနေ မောက်ထိုင်အရက် သောက်ရမှာလဲ"
"ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊အစ်ကို ထျဲ့ကျူးမှာ သမက် ကျားတုန်းရွှီ ရှိနေတာပဲ၊ ငါ ကြားတာတော့ ကျားတုန်းရွှီက မကြာသေးခင်က တော်တော်လေး အဆင်ပြေနေတယ်ဆို"
ချင်ထျဲ့နျိုမှာ စာမတတ်သော လယ်သမားတစ်ဦးဖြစ်သော်လည်း သူ၏စကားတစ်ခွန်းစီတိုင်းက ချင်ထျဲ့ကျူးကို သွယ်ဝိုက်၍ လှောင်ပြောင်နေခြင်းပင် ဖြစ်သည်။ စကားတစ်ခွန်း ထွက်လာတိုင်း ချင်ထျဲ့ကျူး၏ မျက်နှာမှာလည်း ပို၍ မှိုင်းညို့လာသည်။ ထိုစကားများက သူ့အား ကြီးမားသော နာကျင်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ထင်ရှားသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏သမက် ကျားတုန်းရွှီမှာ မသန်မစွမ်းဖြစ်သွားပြီ ဆိုသည်ကို ချင်မိသားစုရွာတွင် မည်သူက မသိဘဲ နေမည်နည်း
ယခုအခါ ချင်ထျဲ့နျိုက ချန်ကောဟွားနှင့် ကျားတုန်းရွှီကို နှိုင်းယှဉ်နေခြင်းမှာ သူ့အား ဗြောင်ကျကျ အရှက်ခွဲနေခြင်း ဖြစ်သည်။
အရေးအကြီးဆုံးမှာ ထိုနှစ်က သူတို့သည် ချန်ကောဟွားကို အမှန်တကယ်ပင် အထင်မကြီးခဲ့ကြချေ။ ကျားတုန်းရွှီကို ဖားယားသည့် လုပ်ရပ်များကို အမှန်တကယ်ပင် လုပ်ဆောင်ခဲ့ကြသည်။ ယခုအချိန်တွင် ချင်ထျဲ့နျိုက ဤသို့ပြောဆိုလာသောအခါ သူက စကားတစ်ခွန်းမှပင် ပြန်လည်မချေပနိုင်ခဲ့ပေ။
ချင်ဟွိုင်ယွီ လက်ထပ်ပြီးနောက် ချင်ထျဲ့ကျူးသည် ဤကဲ့သို့သော လှောင်ပြောင်မှုမျိုးကို မည်သည့်အချိန်က ခံခဲ့ရဖူးသနည်း
ထို့အပြင် သူ အမြဲတမ်း အထင်သေးခဲ့သော ချင်ထျဲ့နျိုထံမှပင် ဖြစ်နေသည်။ အထူးသဖြင့် ချင်ဟွိုင်ယွီသည် ရွာထဲတွင် မြို့ကြီးပြကြီးသို့ အိမ်ထောင်ပြုနိုင်သော ရှားရှားပါးပါး မိန်းကလေးအနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး ချင်ကျင်းယွီ ယခင်က ပေကျင်းမြို့သို့ သွားခဲ့စဉ်ကပင် သူမ၏ မျက်နှာကို ကြည့်ခဲ့ရသေးသည်။
ထို့အပြင် လက်ထပ်ခါစအချိန်က ကျားမိသားစုတွင် ကျားကျန်းရှီ၏ ခင်ပွန်း ကွယ်လွန်စဉ်က ချန်ရစ်ခဲ့သော နစ်နာကြေးငွေအချို့လည်း ရှိနေသည်။ ထို့ကြောင့် နှစ်သစ်ကူးနှင့် ပွဲတော်ကာလများတွင် သူတို့ ချင်ထျဲ့ကျူး မိသားစုကသာ လူအများ၏ မြှောက်ပင့်ပေးခြင်းကို ခံရသူများ ဖြစ်သည်။
သို့သော် ထင်မှတ်မထားသည်မှာ ယခင်က သူ အထင်သေးခဲ့သော ချန်ကောဟွားမှာ ရုတ်တရက် အောင်မြင်ကြီးပွားလာခဲ့ခြင်းပင် ဖြစ်သည်။
သူ အထင်သေးခဲ့သော ချင်ထျဲ့နျိုပင်လျှင် သူ၏ရှေ့တွင် ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေး လုပ်ပြလာသည်။ ဤအချက်က သူ့အား သဘာဝကျကျပင် အလွန်အမင်း စိတ်ဆင်းရဲစေသည်။ ထို့ကြောင့် ချင်ထျဲ့ကျူးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ရိုင်းစိုင်းသော စကားများကို ထုတ်ပြောလိုက်သည်။
"ထျဲ့နျို ကျားတုန်းရွှီက လုပ်ငန်းခွင်ထိခိုက်မှု တစ်ကြိမ် ကြုံတွေ့ခဲ့ရတယ်ဆိုပေမယ့် ငါ့သမက်မှာ ဘုန်းကံမပါဘူးလို့ မင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ၊ ကျားတုန်းရွှီက ခေါင်းဆောင်အတွက် ဒဏ်ရာရခဲ့တာဖြစ်နိုင်ပြီး ခေါင်းဆောင်ရဲ့ အလေးထားမှုကို ခံရပြီး ချန်ကောဟွားထက်တောင် ပိုပြီး အောင်မြင်လာနိုင်တယ်လေ"
ချင်ထျဲ့ကျူး ပြောလိုက်သော ဤစကားများမှာ အလွန်ပင် မာထန်နေသည်။ထို့နောက် သူက ပြောဆိုပြီးနောက်တွင် သူ၏ဇနီးကိုခေါ်ကာ ခေါင်းလှည့်၍ အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ထိုစကားများကို သူကိုယ်တိုင်ပင် သိပ်မယုံကြည်ကြောင်း ထင်ရှားလှသည်။
ချင်ထျဲ့နျိုမှာမူ ထိုနှစ်ဦး အရှက်ကွဲသွားသည်ကို မြင်တွေ့လိုက်ရပြီး မျက်နှာကို ဖောင်းကားအောင်အရိုက်ခံရပြီး ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။ သူ၏စိတ်ထဲတွင် မည်မျှ ကြည်နူးသွားမည်ကို ပြောစရာပင် မလိုတော့ပေ။
တစ်သက်လုံး ရိုးသားစွာ နေသားကျခဲ့သော ချင်ထျဲ့နျိုကလည်း ဘာမှ ထပ်မပြောတော့ပေ။ ထိုအစား ချင်ကျင်းယွီကိုခေါ်ကာ အိမ်နီးနားချင်းများနှင့် နှုတ်ဆက်စကား ပြောဆိုနေလိုက်သည်။
ချင်ကျင်းယွီသည် မိမိ၏ဖခင် မည်သို့သော အကျင့်စရိုက်ရှိသည်ကို သဘာဝကျကျပင် သိရှိထားသည်။ ယခင်ဆွေမျိုးများ၏ အရှေ့တွင် ဂုဏ်ယူ ဝင့်ကြွားပြချင်နေခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။
ထို့ကြောင့် သူမကလည်း ဖွင့်မပြောတော့ဘဲ ချန်ကောဟွား၏ လက်မောင်းကို ဖက်တွယ်ကာ အိမ်နီးနားချင်းများနှင့်အတူ စကားစမြည် ပြောဆိုနေလိုက်သည်။
သို့သော် မကြာမီမှာပင် ချင်ကျင်းယွီ သားအဖနှစ်ဦးအပြင် ချန်ကောဟွားပင်လျှင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အိမ်နီးနားချင်းများနှင့် ဆွေမျိုးမိတ်ဆွေများ၏ သာယာနာပျော်ဖွယ် မြှောက်ပင့်သံများထဲတွင် အလျင်အမြန်ပင် နစ်မြောသွားခဲ့သောကြောင့် ဖြစ်သည်။
"ဒါက သမက် ကောဟွား ဖြစ်ရမယ်၊ချင်ထျဲ့နျို မင်းက တကယ်ကို ကံကောင်းတာပဲ နောက်ဆိုရင် ဇိမ်ခံနေရုံပဲ"
"ကောဟွားက ရုပ်ချောတာကို အသာထားဦး ဒီလောက်တောင် အရည်အချင်းရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ဟိုနှစ်က ငါ ဘာလို့ ချင်ထျဲ့ကျူးရဲ့ စကားကို ယုံခဲ့မိပါလိမ့်"
"ကောဟွားမှာ အိမ်ထောင်ပြုဖို့ အရွယ်ရောက်နေတဲ့ ညီအစ်ကို မောင်နှမတွေများ ရှိမလား မသိဘူး၊အကယ်၍ ရှိတယ်ဆိုရင် မိတ်ဆက်ပေးလို့ ရမလား"
"ငါတို့ရဲ့ သေးငယ်တဲ့ ချင်မိသားစုရွာလေးကနေ လူစွမ်းကောင်းတွေ ထွက်လာနိုင်လိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး"
"ချင်ထျဲ့နျိုရ ငါက ငယ်ငယ်ကတည်းက ကျင်းယွီဆိုတဲ့ ကလေးမလေးက ဉာဏ်ကောင်းတယ်လို့ ထင်ခဲ့တာ၊ တစ်ချက်ကြည့်ရုံနဲ့ ဒီလိုအရည်အချင်းရှိတဲ့ ယောက်ျားကောင်းကို ရွေးချယ်နိုင်ခဲ့တာပဲ"
"ကျင်းယွီ အရင်တုန်းက ရွှံ့တွေနဲ့ဆော့ပြီး နှောင့်ယှက်ခဲ့တာကလေ ညီမလေး ငါက နားမလည်လို့ပါ၊ အခု ငါ နင့်ကို တောင်းပန်ပါတယ်… နင်က လူကြီးလူကောင်းဆိုတော့ စိတ်ထဲ မထားပါနဲ့နော်"
ထိုနေရာတွင် မြှောက်ပင့်သူများ၊ အဆက်အသွယ် လာလုပ်သူများ ရှိနေပြီး တောင်းပန်သူများပင် ရှိနေသည်။ ဤဖားယားသော စကားလုံးများမှာ ငွေပေးစရာမလိုသည့်အလား ချင်ထျဲ့နျို၏ မိသားစုဆီသို့ ရူးသွပ်စွာ စီးဆင်းသွားလေတော့သည်။
ချင်ထျဲ့နျိုမှာ ရိုးသားဖြူစင်သူ ဖြစ်သော်လည်း သူ၏စိတ်ထဲတွင်မူ အလွန်ပင် ရှင်းလင်းနေသည်။
သာမန်နေ့ရက်များတွင် ဤေဆွမျိုးများနှင့် အိမ်နီးနားချင်းများက သူ၏အိမ်ကို တစ်ချက်ပင် လှည့်၍ မကြည့်ချင်ကြပေ။ ယခုအခါတွင် သူတို့တစ်ဦးချင်းစီတိုင်းက ဖားယားတတ်သော ခွေးများကဲ့သို့ သူ၏အိမ်ကို လာရောက်ဖားယားနေကြခြင်းမှာ မိမိ၏သမက် ချန်ကောဟွားက အရည်အချင်းရှိသောကြောင့်ပင် ဖြစ်သည်။
အကယ်၍ ချန်ကောဟွားသာ ယနေ့ မလာခဲ့ပါက ထိုကျေးဇူးကန်းသောသူများက ဤသို့ လာရောက်ဖားယားကြမည်မဟုတ်ပေ။
ထို့ကြောင့် ဤမြှောက်ပင့်သော စကားများကို ရင်ဆိုင်ရချိန်တွင် သူ၏စိတ်ထဲ၌ ကြားရသည်မှာ ကြည်နူးဖွယ်ကောင်းနေသော်လည်း ဤလူများ၏ အခြေခံစရိုက်ကို သိထားသဖြင့် ကောင်းမွန်သော မျက်နှာထားကို ပြသခြင်း မရှိခဲ့ပေ။
ထို့အစား ဖွဖွလေး ပြုံးကာ တုံ့ပြန်လိုက်သည်။
"အေး ငါတို့ ချင်မိသားစုအိုကြီးက ဘာအရည်အချင်းမှ မရှိပါဘူး"
"ငါ့ရဲ့ သမက်လေးက အရည်အချင်းရှိလို့ပါ"
"ငါ့သမီး ပြောတာ ကြားရတာကတော့ ငါ့သမက်က သာမန်မဟုတ်ဘူးကွ၊တစ်ခါက အပြင်မှာ ငါးသွားမျှားတုန်း ရေထဲကျသွားတဲ့ လူလတ်ပိုင်းအရွယ် တစ်ယောက်နဲ့ ဆုံခဲ့တာ၊ ရေကန်ထဲမှာလည်း လူစားတဲ့ ငါးကြီးတွေ ရှိနေတော့ အခြေအနေက ဘယ်လောက် အန္တရာယ်များမလဲ စဉ်းစားကြည့်လို့ရတယ်၊ ကမ်းပေါ်က တခြားလူတွေကလည်း သဘာဝကျကျပဲ လန့်ပြီး ခြေတွေလက်တွေ ပျော့ကုန်ကြတာပေါ့၊ဘယ်သူမှ ရှေ့ထွက်ပြီး မကူညီရဲကြဘူး။ငါ့သမက် ချန်ကောဟွား တစ်ယောက်တည်းကသာ အန္တရာယ်ကို မကြောက်ဘဲ အရေးကြုံလာချိန်မှာလည်း တုန်လှုပ်ခြင်းမရှိဘဲ ရေထဲဆင်းပြီး ခေါင်းဆောင်ကို ကယ်တင်ခဲ့တာပဲ"
"ငါ့သမက် ပိုပြီး တော်တာက သူက ခေါင်းဆောင်ကို ကယ်တင်နိုင်ခဲ့ရုံသာမကဘဲ ရေကန်ထဲမှာ ငါးကြီး ဆယ်ကောင်ကျော်နဲ့ လက်ဗလာသက်သက် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ရေထဲကျသွားတဲ့သူကို ကယ်တင်နိုင်ခဲ့တာပဲ"
"ကယ်တင်ပြီးတဲ့ အချိန်ရောက်မှပဲ အဲဒီလူက မြို့ထဲက ခေါင်းဆောင်ကြီး ဖြစ်နေမှန်း သိလိုက်ရတော့တာ"
"အသက်ပေးရလောက်တဲ့ ဆက်ဆံရေးမျိုး ရှိနေလို့သာ ခေါင်းဆောင်ကြီးက ကောဟွားကို ဒီလောက်တောင် အလေးထားနေတာပေါ့"
ချင်ထျဲ့နျိုသည် ချန်ကောဟွားက ငါးမျှားနေစဉ်အတွင်း ခေါင်းဆောင်ကို သိကျွမ်းသည်ဟု ချင်ကျင်းယွီ ပြောသည်ကို ကြားခဲ့ရသော်လည်း ထိုဖြစ်စဉ်အတွင်းမှ အကြောင်းအရာများကို မပြောပြခဲ့သောကြောင့် သူက လေထဲတွင် ကိုယ်တိုင် ဖန်တီးတွေးတောကာ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
အကယ်၍ ယခင်ကသာဆိုလျှင် ရွာတစ်ရွာလုံးတွင် သူ၏စကားကို ယုံကြည်မည့်သူ ရှိမည်မဟုတ်ပေ။ သို့သော် ယခုအခါတွင် ခေါင်းဆောင်၏ ဟုန်ချီ ဇိမ်ခံကားကြီးက ဤနေရာတွင် တိုက်ရိုက် ရပ်နားထားပြီဖြစ်ရာ အခြားသူများမှာလည်း သဘာဝကျကျပင် အကြွင်းမဲ့ ယုံကြည်သွားကြလေတော့သည်။
ထိုသို့ဖြင့် ချင်ထျဲ့နျို၏ အဆက်မပြတ် ကြွားလုံးထုတ်မှုများကို ရွာသူရွာသားများက ကြားလိုက်ရသောအခါ ကြောင်အမ်းအမ်းပင် ဖြစ်သွားကြသည်။ ထိုအခါ ရွာသူရွာသားများ၏ စိတ်ထဲရှိ ချန်ကောဟွား၏ ပုံရိပ်မှာလည်း ပိုက်ဆံရှိသူ ဟူ၍သာ ရိုးရှင်းမနေတော့ပေ။
အသက်သေမည်ကို မကြောက်ဘဲ မတရားမှုကို မြင်လျှင် ရဲဝံ့စွာ ဝင်ရောက်ကူညီတတ်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်သော သူရဲကောင်းတစ်ဦး ဖြစ်လာသည်။
ဤရွာသူရွာသားများ အိမ်ပြန်ရောက်သွားပြီးနောက် ချင်မိသားစုရွာသာမက ပတ်ဝန်းကျင်ရှိ အခြားရွာများ အားလုံးက ချန်ကောဟွား၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို စတင်၍ ဆွေးနွေးပြောဆိုလာကြမည် ဖြစ်သည်။ လူအများအပြားက ချန်ကောဟွားအား လေးစားအားကျလာကြမည်ပင် ဖြစ်သည်။
သေချာသည်မှာ မည်သို့ပင် ပျံ့နှံ့စေကာမူ မည်မျှပင် ပုံကြီးချဲ့စေကာမူ ကောလဟာလဆိုသည်မှာ အမှန်တရားကို လုံးဝ မယှဉ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားကို အသိအမှတ်ပြုသော ခေါင်းဆောင်မှာ နိုင်ငံတော်အဆင့် ခေါင်းဆောင်ကြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။
မြို့နယ် ခေါင်းဆောင်မှာ သေးငယ်လွန်းနေပြီး အဆင့်အတန်း နိမ့်လွန်းနေသည်။ ထို့ကြောင့် ရွာသူရွာသားများက မည်မျှပင် ကြွားလုံးထုတ်စေကာမူ လုံလောက်အောင် ပုံကြီးချဲ့နိုင်မည် မဟုတ်ပေ။
ထို့အပြင် လူအများက အမျိုးမျိုးသော ကြွားလုံးများ ထုတ်နေကြချိန်တွင် ချင်မိသားစုရွာ ဘတ်စ်ကားမှတ်တိုင်တွင် ဘတ်စ်ကားတစ်စီးက ဖြည်းညင်းစွာ ရပ်တန့်လာသည်။
ရပ်တန့်ပြီးနောက် ကျားမိသားစုဝင် ခြောက်ယောက်မှာ မည်သည့် ခရီးဆောင်အိတ်မျှ ယူဆောင်လာရန် မလိုချေ။အကြောင်းမူကား စေတနာကောင်းသော ရွာသူရွာသား အချို့၏ အကူအညီဖြင့် ချင်ဟွိုင်ယွီတို့ မိသားစုမှာလည်း ဖြည်းညင်းစွာ ကားပေါ်မှ ဆင်းလာခဲ့ကြသည်။
ကားပေါ်မှ ဆင်းပြီးနောက် သူတို့မှာ ကားစီးရသဖြင့် ခေါင်းမူးနေခဲ့ရာမှ ကျေးလက်၏ ရွှံ့ဗွက်ထနေသော မြေပြင်ကို မြင်လိုက်ရသောအခါ စိတ်အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားခဲ့လေတော့သည်။ ထိုအချိန်တွင်ပင် ဒေါသတကြီး ဆဲဆိုလိုက်ကြသည်။
"ဒီလောက် ဆိုးရွားနေတဲ့လမ်းကိုတောင် မပြင်ကြဘူး၊တကယ့်ကို တောသားတွေ နေတဲ့နေရာပဲ"
"အချိန်ရောက်ရင် ဒီမှာနေတဲ့လူတွေနဲ့ သိပ်ပြီး နီးနီးကပ်ကပ် မနေရဘူး၊သူတို့နဲ့အတူ လေတစ်ချက် ပိုရှူမိရင်တောင် ရောဂါကြီးကြီးမားမား ရသွားနိုင်တယ်"
ကျားကျန်းရှီသည် သူမ၏ အသံကို ဖိနှိပ်ထားခြင်း မရှိခဲ့ပေ။
သဘာဝကျကျပင် စောစောက ကျားကျန်းရှီကို ကူညီပေးခဲ့သော ရွာသူရွာသားများက ကြားသွားသည်။ ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်းက သူမအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြ၏။
အကူအညီ ရရှိထားသည်ကို ကျေးဇူးမတင်လျှင် နေပါစေ သူတစ်ပါး၏ ဇာတိရွာကို ဤသို့ပင် လှောင်ပြောင်ရဲသေးသည်။ ဤလုပ်ရပ်က အခြားသူများကို ရွံရှာသွားစေခဲ့ကြောင်း ထင်ရှားလှသည်။
သို့သော် ရွာသူရွာသားများက သူမ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ရွာသူနှင့် မတူသည်ကို မြင်သောအခါ ကျားကျန်းရှီနှင့် အများကြီး စကားမများတော့ဘဲ အိမ်ပြင်ထွက်ရာတွင် ပြက္ခဒိန် မကြည့်ဘဲ ကံမကောင်းစွာ ခွေးချေးနင်းမိသည်ဟုသာ မှတ်ယူလိုက်ကြသည်။
ချင်ဟွိုင်ယွီသည်လည်း ချင်မိသားစုရွာမှ လူပင် ဖြစ်သည်။ မိမိယောက္ခမ၏ စကားကို ကြားသောအခါ သဘာဝကျကျပင် စိတ်ထဲ၌ အလွန် မကျေမနပ် ဖြစ်သွားသည်။
ကျားကျန်းရှီ၌ ကိုယ်ကျင့်တရား လုံးဝမရှိသောကြောင့်သာ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ မိမိအိမ်၏ အခြေအနေကို သူမ သိထားသောကြောင့်ပင် ဖြစ်သည်။ အကယ်၍ ဟယ်ယွီကျူးထံမှ ငွေ လိမ်မယူခဲ့ပါက ဤဆောင်းရာသီကိုပင် ဖြတ်ကျော်နိုင်မည် မဟုတ်ကြောင်း စိုးရိမ်ရသည်။
ယခု ကျေးလက်သို့ နှစ်သစ်ကူး လာရောက်ရခြင်းမှာလည်း ကလေးများအတွက် စားစရာအချို့ တောင်းခံချင်သောကြောင့်ပင် ဖြစ်သည်။
ဤအခြေအနေအောက်တွင် ကျားကျန်းရှီသည် ရွာသားများ၏ရှေ့တွင် ဟန်ရေးပြနေပြီး သူမကိုယ်သူမ အထက်တန်းကျသော မြို့ခံလူတစ်ဦးဟု ထင်နေသေးသည်။
ဒါက ရယ်စရာကောင်းနေတာ မဟုတ်ဘူးလား…
လက်တွေ့ကျကျ ပြောရမည်ဆိုလျှင် ကျားကျန်းရှီသည် မည်သည့် အလုပ်မျှ မရှိသလို ထုတ်ပြစရာ ပစ္စည်းအနည်းငယ်မျှပင် မပါလာချေ။ ရွာသို့ လာရောက်ခြင်းမှာ အလကား စားသောက်ရန်အတွက်သာ ဖြစ်ပြီး တောင်းစားရန် လာသည်ဟု ပြောလျှင်တောင်မှ လွန်မည် မဟုတ်ပေ။
သို့သော် ယခုအခါတွင် ကားပေါ်မှ ဆင်းဆင်းချင်းပင် သူမက စတင်၍ ဟန်ဆောင်နေသည်။
ချင်ဟွိုင်ယွီက ကျားကျန်းရှီကို ဆဲရေးချင်စိတ် ပေါက်သွားသည်။
မြို့ပြအိမ်ထောင်စုစာရင်းလေး ကိုင်ထားရုံနဲ့ ချင်မိသားစုရွာကို မကောင်းဘူးလို့ ပြောဖို့ နင့်မှာ ဘာအရည်အချင်း ရှိလို့လဲ…
သို့သော် ယခုအချိန်တွင် သူမသည် အိမ်သို့ မြန်မြန်ပြန်ကာ မိဘများကိုသာ တွေ့ချင်နေပြီး ကျားကျန်းရှီနှင့် လမ်းမပေါ်တွင် မည်သည့် ပြဿနာမျှ မဖြစ်ချင်ေပ။သူမက ချင်မိသားစုကြီးကို တတ်နိုင်သမျှ အရှက်မကွဲစေချင်ပေ။ ထို့ကြောင့် တိုက်ခတ်နေသော လေနှင်းများအောက်တွင် သူမသည် ဟွိုင်ဟွားကို ပွေ့ချီကာ ပန့်ကန့်ကို ဆွဲလျက် ရွှံ့ဗွက်မြေကို နင်းကာ အိမ်ရှိရာအရပ်သို့ လျှောက်သွားသည်။
ငါးမိနစ်ခန့် အချိန်ကြာ လမ်းလျှောက်ပြီးနောက် လူခြောက်ယောက်မှာ ရွာအဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။
ချင်ဟွိုင်ယွီကို အနည်းငယ် အံ့သြသွားစေသည်မှာ မူလက နှစ်စဉ် နှစ်သစ်ကူးကာလတွင် ရွာအဝင်ဝ၌ အလွန် စည်ကားလေ့ရှိသည်။ နှစ်သစ်ကူးပစ္စည်းများ ဝယ်ယူရန်၊ ဆွေမျိုးမိတ်ဆွေများကို ကြိုဆိုရန် စသည်တို့ကြောင့် ရွာအဝင်ဝတွင် လူအသွားအလာ မနည်းလှပေ။ သို့သော် ယခုအခါတွင် လူအနည်းငယ်သာ ရှိနေပြီး သူတို့မှာလည်း သူမ၏ မိသားစုကဲ့သို့ပင် နယ်ဝေးမှ နှစ်သစ်ကူးရန် လာရောက်ကြသူများသာ ဖြစ်သည်။
ဤအချက်က သူမအား ရွာထဲရှိလူများ မည်သည့်နေရာသို့ ပွဲသွားကြည့်နေကြသနည်း ဟု အလွန် သံသယဖြစ်စွာ တွေးမိသွားစေသည်။
သို့သော် သူမ လူရှာ၍ မမေးမြန်းရသေးခင်မှာပင် ဘေးနားရှိ ကျားကျန်းရှီက စတင်၍ ညည်းညူလာပြန်သည်။
"ဒီချင်မိသားစုရွာက ဘယ်လို အခြေအနေကြီးလဲ"
"အရင် နှစ်သစ်ကူးတုန်းက လာကြိုတဲ့သူတွေ ရှိတယ်လေ၊ အခု ငါတို့ ဒီလောက်လူတွေ အများကြီး လာတာတောင် ကူညီမယ့်သူ တစ်ယောက်မှကို မမြင်ရဘူး"
"အရမ်း ဆင်းရဲလွန်းလို့ အိမ်ထဲမှာပဲ တစ်ယောက်ပြီးတစ်ယောက် ငတ်သေကုန်ကြတာများလား"
အကျင့်စာရိတ္တ မေကာင်းခြင်းဆိုသည်မှာ မည်သို့သော အရာဖြစ်သနည်း
ကျားကျန်းရှီသည် အကျင့်စာရိတ္တ မေကာင်းခြင်း ဆိုသော စကားလုံးကို ပြီးပြည့်စုံစွာ ဖွင့်ဆိုပြလိုက်ခြင်းပင် ဖြစ်သည်။
နှစ်သစ်ကူးကာလ အလွန် မင်္ဂလာရှိလှသော အချိန်အခါမျိုးတွင် ထိုအဘွားအိုသည် ကောင်းသောစကား တစ်ခွန်းကိုပင် မပြောဆိုနိုင်ခဲ့ပေ။ ချင်မိသားစုရွာတွင် လူထွက်မလာသည်ကို မြင်သောအခါ အားလုံး ငတ်သေကုန်ပြီဟု အတင်းအဓမ္မ ကျိန်ဆဲလေတော့သည်။ မောက်မာမှုနှင့် ဘက်လိုက်မှု အားလုံးကို အပြည့်အဝ ဖော်ပြလိုက်သည်ဟု ဆိုနိုင်သည်။
ဤအခြေအနေတွင် ချင်ဟွိုင်ယွီသည်လည်း မေးမြန်းရန် စွန့်လွှတ်လိုက်လေတော့သည်။ မည်သို့ပင်ဆိုစေကာမူ ကျားကျန်းရှီလို လူမျိုး ရှိနေသရွေ့ မည်သူက ကူညီချင်မည်နည်း
ထိုသို့ဖြင့် သူတို့ခြောက်ယောက်မှာ ညည်းတွားရင်း နောက်ထပ် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ခဲ့ကြသည်။ နောက်ဆုံးတွင် ချင်ထျဲ့ကျူး၏ အိမ်သို့ ရောက်ခါနီးပြီ ဖြစ်သည်။
ယခုအခါ လမ်းသွယ်လေး တစ်လမ်းသာ လျှောက်ရန် လိုတော့သည်။ သို့သော် အိမ်နှင့် နီးကပ်လာသည်နှင့်အမျှ ရွာအဝင်ဝတွင် ဘာကြောင့် လူမရှိရသနည်း ဆိုသည်ကို ချင်ဟွိုင်ယွီတို့ နားလည်သွားကြသည်။
ရွာထဲရှိ လူအများစုမှာ ချင်ထျဲ့ကျူးနှင့် ချင်ထျဲ့နျိုတို့၏ အိမ်အနီးတွင် ဝိုင်းအုံနေကြခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျားကျန်းရှီသည် နောက်ဆုံးတွင် အပြုံးတစ်ခု ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူမက ဤရွာသူရွာသားများမှာ သူမ၏ ကျားမိသားစုကို လာရောက်ကြိုဆိုနေကြခြင်း ဖြစ်သည်ဟု ထင်မှတ်နေသောကြောင့်ဖြစ်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ ဆက်ကာ မပြုံးနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ စီးချင်ခဲ့သော်လည်း မစီးခဲ့ရသော ဟုန်ချီ ဇိမ်ခံကားကြီးကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ချက်ချင်းပင် ကျားကျန်းရှီသည် ဒေါသပေါက်ကွဲသွားလေတော့သည်။
"မိုးကြိုးပစ်ခံရမယ့် တောသားတွေ…ဇိမ်ခံကားကိုတောင် မမြင်ဖူးကြဘူး၊ တကယ့်ကို အတွေ့အကြုံ မရှိကြတာပဲ"
"ကားလေးတစ်စီး ကြည့်ဖို့အတွက် ငါတို့ကို နာရီဝက်ကျော်လောက် လမ်းလျှောက်ခိုင်းရတယ်လို့ ဒီတောသားတွေ တကယ်ကို သေသင့်တယ်"
ဤတစ်ကြိမ်တွင်မူ ချင်ဟွိုင်ယွီက ထိုစကားကို ကြားလိုက်ရသောအခါ ကျားကျန်းရှီ ပြောသည်မှာ မမှားဟု ထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကလေးများကို ဆွဲကာ ဤမျှလောက် လမ်းလျှောက်ခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းနေခဲ့သည်။ ရလဒ်အနေဖြင့် ဤရွာသူရွာသားများက ချင်ထျဲ့ကျူး၏ အိမ်တွင် ဝိုင်းအုံကာ ချန်ကောဟွား၏ ကားကို ကြည့်နေကြသည်ကို တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမကလည်း စတင်၍ ပြောဆိုလိုက်သည်။
"တကယ်ကို အတွေ့အကြုံ မရှိကြတာပဲ၊ဇိမ်ခံကားတစ်စီးကိုတောင် ဒီလောက် ထူးဆန်းနေကြတယ်"
ကျားတုန်းရွှီကလည်း မကျေမချမ်း ဖြစ်နေသည်။ စောစောက ရွှံ့ဗွက်လမ်းက သူ၏ တင်ပါးကို နာကျင်စေသည်။ ထို့ကြောင့် သူကလည်း ဆဲရေးလိုက်သည်။
"ချန်ကောဟွားဆိုတဲ့ အသုံးမကျတဲ့ကောင်က အတွေ့အကြုံမရှိတဲ့ တောသားတွေရှေ့မှာ ဇိမ်ခံကားနဲ့ အထက်စီးကနေ လာကြွားတဲ့အလုပ်မျိုးကို လုပ်နိုင်တာ"
ကျားမိသားစုဝင် အချို့က အရာအားလုံးကို လှောင်ပြောင် ပြောဆိုနေကြပြီး ဟုန်ချီ ဇိမ်ခံကားကြီးကို မြင်တွေ့ခဲ့ရစဉ်က အံ့သြတုန်လှုပ်ခဲ့ရမှုကို မေ့ပျောက်သွားကြသည်။
ထိုအချိန်တွင် ရွာသားတစ်ဦးက နောက်ကျောဘက်မှ ရွာသားများကို လှောင်ပြောင်နေသော အသံကို ကြားလိုက်ရသဖြင့် သတိမထားမိဘဲ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူက ခေါင်းလှည့်ကာ တစ်ချက်ကြည့်လိုက်ရာ ချင်ဟွိုင်ယွီတို့ အဖွဲ့ကို တွေ့ရှိသွားလေတော့သည်။
ကျားကျန်းရှီတို့ကို သူ မမှတ်မိနိုင်သော်လည်း ချင်ဟွိုင်ယွီကိုမူ သူ မှတ်မိသည်။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သောနှစ်အနည်းငယ်က ချင်ထျဲ့ကျူးသည် သူ၏သမီး ချင်ဟွိုင်ယွီကို အကြောင်းပြု၍ အရူးအမူး ဂုဏ်ယူဝင့်ကြွားသည် မဟုတ်ပါလား။
ချင်ဟွိုင်ယွီကို မှတ်မိသွားပြီးနောက် သူက ချင်ထျဲ့နျို၏ လက်ကို အလျင်အမြန် တွန်းလိုက်ပြီး ချင်ဟွိုင်ယွီတို့ဘက်သို့ ကြည့်ရန် အချက်ပြလိုက်သည်။
ချင်ထျဲ့နျိုက တစ်ဖက်လူ၏ လက်ဟန်အတိုင်း လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် အကြည့်များက ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျားတုန်းရွှီ၏ အပေါ်သို့ ကျရောက်သွားလေတော့သည်။ ထို့နောက် ချင်ထျဲ့နျို၏ နှုတ်ခမ်းထောင့်များက ပြုံး၍ ပွင့်ဟလာသည်။
အခြားအကြောင်းပြချက် မရှိပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က ကျားတုန်းရွှီ ပြဿနာမဖြစ်သေးချိန်တွင် ကျေးလက်သို့ လာရောက်သည့်အခါတိုင်း ချင်ထျဲ့ကျူးသည် အဆိပ်မိနေသူတစ်ဦးကဲ့သို့ အကြောင်းရှိရှိ မရှိရှိ သူ၏ရှေ့သို့လာကာ အရူးအမူး ဂုဏ်ယူဝင့်ကြွားလေ့ရှိသောကြောင့်ပင် ဖြစ်သည်။
မိမိ၏ သမက်က မည်မျှ အစွမ်းထက်ကြောင်း၊မိမိ၏ သမီးက မည်မျှ ကောင်းမွန်စွာ အိမ်ထောင်ပြုခဲ့ရကြောင်း စသည်ဖြင့်ပင် ဖြစ်သည်။
ယခုအခါ ကျားတုန်းရွှီ၏ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာမှာ ဤမျှလောက် ပြင်းထန်ပြီး ဘီးတပ်ကုလားထိုင်ပေါ်တွင်ပင် ထိုင်နေရသည်ကို မြင်လိုက်ရသည်။ဤသည်မှာ မသန်မစွမ်းသူနှင့် အတူတူပင် ဖြစ်နေသည်။
ချင်ထျဲ့ကျူး အိမ်ထဲသို့မပြန်မီက ပြောဆိုခဲ့သော မာထန်သည့် စကားများကို ထပ်မံ တွေးမိလိုက်ပြီးနောက် ချင်ထျဲ့နျိုက စိတ်လှုပ်ရှားစွာဖြင့် သူ၏ အိမ်ထဲသို့ အော်ဟစ်လိုက်လေတော့သည်။
"ငါ့ရဲ့အစ်ကို ထျဲ့ကျူးရေ"
"မင်းရဲ့ ဒုက္ခိတသားမက် ပြန်လာပြီကွ"
"မြန်မြန် ထွက်ပြီး လာကြိုလှည့်ပါဦး"
အခန်း ၇၂
ချင်ထျဲ့နျိုက ထိုကဲ့သို့ အသံအကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ ထိုအသံကြောင့် အိမ်ထဲတွင် ပုန်းအောင်းနေပြီး မူလကတည်းက စိတ်မသက်မသာ ဖြစ်နေရသည့် ချင်ထျဲ့ကျူးမှာ စိတ်ထဲတွင် ပို၍ပင် ခံရခက်သွားတော့သည်။
သူက ကျားတုန်းရွှီ၏ယောက္ခမ ဖြစ်သော်လည်း မိမိသမီး၏ယောကျ်ား ဒုက္ခရောက်နေသည်ကို သူ မည်သို့လျှင် မသိဘဲ နေပါမည်နည်း။ အထူးသဖြင့် စောစောက ချန်ကောဟွားအကြောင်း ကြွားဝါနေကြစဉ်ကတည်းက သူသည် နောင်တရကာ ဆက်မနေချင်တော့ပေ။
ယခု အကြောသေနေသည့် ကျားတုန်းရွှီ ရောက်လာပြီး လူအများက ချန်ကောဟွားနှင့် နှိုင်းယှဉ်ကြမည်ဆိုပါက သူ ဤနေရာတွင် ဆက်၍ နေရဲတော့မည်မဟုတ်ပေ။ သို့သော် ဇနီးဖြစ်သူက ဖျောင်းဖျနားချသဖြင့် မတတ်သာဘဲ မလိုလားသည့် စိတ်ဖြင့် အိမ်ထဲမှ ထွက်လာခဲ့ရသည်။
မည်သို့ပင်ဆိုစေ နှစ်သစ်ကူးကာလကြီးတွင် မိမိသမီး၏ယောကျ်ားကို အိမ်ထဲပေးမဝင်ပါက ထိုအကြောင်း အပြင်လူများကြား ပျံ့နှံ့သွားလျှင် ရွာသားများ၏ ကွယ်ရာတွင် အတင်းပြောခြင်းကို အသေအလဲ ခံရမည်မှာ အမှန်ပင်ဖြစ်သည်။
ချင်ထျဲ့ကျူးက မျက်နှာပျက်ကာ အိမ်ထဲမှ ထွက်လာချိန်တွင် အခြေအနေမှန်ကို မသိကြသည့် အပြင်လူအချို့ကမူ အနည်းငယ် လွန်လှသည်ဟု ထင်မြင်ကြသည်။ သို့သော် ဤနှစ်မိသားစုကြားမှ ပဋိပက္ခကို သိရှိကြသည့် အိမ်နီးနားချင်းများကမူ ချင်ထျဲ့နျို၏ စကားတွင် မှားယွင်းသည့်အချက် တစ်ခုမျှမရှိဟု ယူဆကြသည်။
အကြောင်းအရင်းက ရိုးရှင်းလှသည်။ ထိုစဉ်က ချင်ထျဲ့ကျူး လုပ်သည်မှာ လှောင်ပြောင်ရုံမျှတင် မကပေ။ သူလုပ်ခဲ့သည့် အပြုအမူက ပို၍ပင် ရွံစရာကောင်းခဲ့သည်။ သူက သူတစ်ပါးသမီး၏ မင်္ဂလာပွဲကို တိုက်ရိုက် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ဤခေတ်ကာလတွင် အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးမှာ ရိုးရာဓလေ့အတိုင်း အလွန်အလေးထားကြပြီး ဆံဖြူသည့်တိုင် အတူလက်တွဲ၍ အိုမင်းကြမည့် အမျိုးအစား ဖြစ်သည်။ လူတိုင်းနီးပါးက ဘဝတွင် တစ်ကြိမ်သာ လက်ထပ်ကြသည်။
ချင်ကျင်းယွီ၏ တစ်သက်တာလုံးဆိုင်ရာ ဘဝအရေးကို ဖျက်ဆီးခဲ့ခြင်းက ချင်ထျဲ့ကျူး မိသားစု၏ လုပ်ရပ်က မည်မျှအထိ ရက်စက်ကြောင်း သက်သေပြနေသည်။ ထို့ကြောင့် ချင်ထျဲ့နျိုက ဒုက္ခိတ သားမက်ဟု ပြောလိုက်ခြင်းက မည်သို့မျှ မလွန်ကဲသွားချေ။ အမှန်စင်စစ်အားဖြင့် ကျားတုန်းရွှီ ဒုက္ခိတဖြစ်နေသည်မှာလည်း မှန်ကန်နေလေသည်။
ချင်ထျဲ့ကျူး ထွက်လာပြီးနောက်တွင် ချန်ကောဟွား၊ ချင်ကျင်းယွီနှင့် ထိုနေရာရှိ လူအားလုံးတို့သည် လျှောက်လှမ်းလာနေသည့် ချင်ဟွိုင်ယွီတို့ လူစုထံသို့ အကြည့်များ လွှဲပြောင်းလိုက်ကြသည်။
လူအများ၏ အကဲခတ်မှုကို ရင်ဆိုင်ရသော်လည်း ချင်ဟွိုင်ယွီကမူ ဘာမျှမဖြစ်သကဲ့သို့ ရှိနေသည်။ သို့သော် သူမ၏ ဘေးနားရှိ ကျားတုန်းရွှီမှာမူ ချက်ချင်းပင် ဒေါသ ပေါက်ကွဲသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် စောစောက ချင်ထျဲ့နျိုသည် သူနှင့် သိပ်မဝေးသောကြောင့် သူ ပြောသမျှကို ကြားလိုက်ရလေသည်။
အကယ်၍ ချင်ထျဲ့နျိုက တိုးတိုးတိတ်တိတ် ရေရွတ်ခြင်း ဖြစ်ပါက သူ ကြားရမည်မဟုတ်ပေ။ သို့သော် စောစောက ချင်ထျဲ့နျိုသည် အသံကုန်ဟစ်၍ အော်ပြောခဲ့ခြင်း ဖြစ်သည်။
ထိုနေရာတွင် နားမကြားသည့် အဘွားအို ရှိနေလျှင်ပင် အတိုင်းသား ရှင်းရှင်းလင်းလင်း ကြားရမည် ဖြစ်သည်။
ထို့ကြောင့် ယခင်က ရွာသားများကို အထင်မြင်သေးခဲ့ဖူးသည့် မိမိကိုယ်ကို ဒုက္ခိတဟု ဗြောင်ကျကျ ဆဲဆိုလိုက်သည်ကို ကြားလိုက်ရချိန်တွင် အတိမ်အနက်နားမလည်ဘဲ စိတ်ဆတ်တတ်သည့် သူသည် ချက်ချင်းပင် ဒေါသအလိပ်လိပ် ထွက်လာတော့သည်။
လက်သီးကို တင်းတင်းဆုပ်ပြီး ပြေးသွားကာ ချင်ထျဲ့နျိုကို ထိုးကြိတ်ပစ်ချင်စိတ်များ တားမရဆီးမရ ဖြစ်လာသည်။ သို့သော် သူသည် ယခုအခါ လေဖြတ်နေပြီး မတ်တတ်ပင် မရပ်နိုင်တော့သဖြင့် ထိုသို့လုပ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
မျက်နှာတစ်ခုလုံး ဝက်သဲရောင်သကဲ့သို့ နီမြန်းလာသည်။သူက လက်သီးဖြင့် ဘီးတပ်ကုလားထိုင်၏ လက်မှီကို ခပ်ပြင်းပြင်း ထုရိုက်ကာ အစွမ်းမရှိဘဲ ဒေါသထွက်နေသည့် ပုံစံသာ ပြနိုင်တော့သည်။ သို့သော် စိတ်ဆိုးသည်က စိတ်ဆိုးသည်သာ ဖြစ်ပြီး သူသည် ဒေါသကို အောင့်အည်းသည်းခံရုံမှတစ်ပါး အခြားမရှိပေ။
မည်သည့် တုံ့ပြန်ငြင်းဆန်ချက်ကိုမျှ မပြောနိုင်ရှာပေ။အကြောင်းမှာ ချင်ထျဲ့နျို ပြောသည်က မမှားပေ၊ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး သူတစ်ပါး တွန်းပေးသည်ကို စောင့်နေရသည်မှာ ဒုက္ခိတမဟုတ်ဘဲ မည်သည့်အရာ ဖြစ်မည်နည်း။
ထို့ကြောင့် အမှန်တရားကို ပြောနေသည့် အခြေအနေအောက်တွင် သူ ဒေါသထွက်လေလေ ပို၍ သဘောထားသေးသိမ်ရာ ရောက်လေလေ ဖြစ်သည်။ ကျားတုန်းရွှီ ဒေါသထွက်ရခြင်းမှာလည်း ခံထိုက်၍ ဖြစ်သည်။
အခြား အိမ်နီးနားချင်းများ သိကြသည်မှာ ယခင်က ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့ ကျေးလက်တွင် မင်္ဂလာဆောင်စဉ်က ကျားတုန်းရွှီသည် မိုက်မဲသည့် ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့သည်။
သူတစ်ပါး မင်္ဂလာပွဲတွင် မင်္ဂလာပွဲမှ ဟင်းလျာများသည် ဝက်စာကျွေးသည့် စားကြွင်းစားကျန်များ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် ချင်ထျဲ့နျိုမိသားစုနှင့် သိပ်မပတ်သက်လှသည့် ဆွေမျိုးအချို့ကို ချင်ထျဲ့ကျူးအိမ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားပြီး နှစ်သစ်ကူးပွဲ စားသောက်စေသည်။ ထိုစဉ်က သူသည် အလွန်အမင်း သဘောကျစွာ ရယ်မောခဲ့ဖူးသည်။
ယခုအခါ ရေစီးကြောင်း ပြောင်းလဲသွားပြီး ချန်ကောဟွားက အောင်မြင်ကျော်ကြားလာခဲ့ပြီ ဖြစ်သည်။
မူလကတည်းက မျက်နှာလိုမျက်နှာရ လုပ်တတ်သည့် ဆွေမျိုးများသည် ကျားတုန်းရွှီအပေါ် သနားစိတ်ပင် မရှိကြချေ၊ သို့ဖြစ်ရာ သူ့အတွက် ရှေ့နေလိုက်ပေးရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။ လုံးဝ မဖြစ်နိုင်ပေ။
သို့သော် ဆွေမျိုးများက ကျားတုန်းရွှီအတွက် စကားပြောပေးမည် မဟုတ်သော်လည်း ကလေးကို အစဉ်အမြဲ အလိုလိုက်ထားသည့် ကျားကျန်းရှီကမူ မိမိသားဖြစ်သူ အနိုင်ကျင့်ခံရသည်ကို မကြည့်ရက်ပေ။ ထို့ကြောင့် ယောက္ခမအိမ်သို့ပင် မရောက်သေးမီ သူမက ရှေ့သို့ ထွက်လာပြီး ချင်ထျဲ့နျိုကို လက်ညှိုးထိုးကာ ဆဲရေးတိုင်းထွာတော့သည်။
"နင့်လို ကောင်းကင်က ကျိန်စာသင့်တဲ့ တောသား”
"နှစ်သစ်ကူးကြီးမှာ မျက်စိကန်းနေတာလား…ဒါမှမဟုတ် ပါးစပ်ပုပ်နေတာလား"
"စကားကို ကောင်းကောင်းမပြောတတ်ဘူးလား"
"ကွယ်ရာမှာ ဘယ်သူ့ကို ဒုက္ခိတလို့ ပြောနေတာလဲ"
ချင်ထျဲ့နျိုသည် ကျားကျန်းရှီ၏ ဤကဲ့သို့သော အမူအရာကို မမြင်ချင်သည်မှာ ကြာပြီဖြစ်သည်။ ကျေးလက်သို့ နှစ်သစ်ကူးရန် ပြန်လာတိုင်း အမြဲတမ်း တစ်ကျပ်ဖိုးရလျင် နှစ်ကျပ်ဖိုး ကြွားချင်သည့် ပုံစံမျိုး လုပ်တတ်သည်။
တွေးကြည့်ရုံဖြင့် သိနိုင်သည်မှာ မိမိသမီးနှင့် သမီးယောကျ်ားတို့ မကြီးပွားခင်က ဤမိန်းမကြီးနှင့် ဝန်းတစ်ခုတည်းတွင် အတူနေထိုင်စဉ် မည်မျှအထိ စိတ်ဆင်းရဲခဲ့ရမည်နည်း။
ယခုအချိန်တွင် သမီးဖြစ်သူ၏ယောကျ်ားက ကောင်းကင်တမျှ အစွမ်းအစ ရှိနေပြီ ဖြစ်သော်လည်း ဤမိန်းမဆိုးကြီးက မိမိရှေ့တွင် လာ၍ မာနထောင်လွှားဝံ့သေးသည်။
ဒါက သူ့ကို မျက်နှာဖြတ်ရိုက်ရန် အခွင့်အရေး ပေးနေခြင်းဖြစ်သည်။
တစ်ဖက်လူကို မကြည်ဖြူနိုင်သည့် ချင်ထျဲ့နျိုသည် ဤအခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။ သူက ခပ်ပြုံးပြုံး လုပ်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်လည် တုံ့ပြန်တော့သည်။
"ပြောတာက မင်း သားကို ပြောတာ၊ ဒီလောက် အသက်ကြီးတဲ့လူက သူများတွန်းပေးတာကို စောင့်နေရတယ်၊ ဒုက္ခိတမဟုတ်ရင် ဘာလဲ၊ဒါမှမဟုတ် မင်းယောကျ်ားလို မြေကြီးထဲ ရောက်သွားမှ ဒုက္ခိတလို့ သတ်မှတ်ရမှာလား"
ဤစကားက ကျားတုန်းရွှီကို သရော်ရုံတင်မကဘဲ ကျားကျန်းရှီ၏ ကွယ်လွန်သူ ယောကျ်ားကိုပါ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျားကျန်းရှီသည် မုဆိုးမဘဝဖြင့် နေထိုင်ခဲ့ရာ သူတစ်ပါးက ဤအကြောင်းကို ထုတ်ပြောသည်ကို အမုန်းဆုံး ဖြစ်သည်။ စကားဆုံးသည်နှင့် သူမအပေါ် တန်ချိန်နှင့်ချီသည့် ထိခိုက်မှု ဖြစ်စေသည်။
ကျားကျန်းရှီသည် ဒေါသကြောင့် ပက်ခနဲ ပြန်မပြောနိုင်အောင် ဖြစ်သွားရသည်။ သူမ သတိပြန်ဝင်လာပြီး ချင်ထျဲ့နျိုကို ဆက်လက် ဆဲဆိုရန် ပြင်ဆင်ချိန်တွင် ချင်ဟွိုင်ယွီက သူတို့နှစ်ဦးကြားတွင် အမြန်ဝင်ရောက်ကာ ဖျောင်းဖျလိုက်သည်။
အမှန်စင်စစ် သူမသည် ကျားကျန်းရှီကို စေတနာဖြင့် ကူညီခြင်း မဟုတ်ဘဲ ကျားကျန်းရှီက ဆဲဆိုပြီးနောက် ခြံဝန်းသို့ ပြန်ကာ ဘဝကို ဆက်လက် ဖြတ်သန်းနိုင်သော်လည်း သူမ၏ မိဘများကမူ ချင်မိသားစုရွာတွင် ဆက်လက် နေထိုင်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။
ချင်ဟွိုင်ယွီသည် ကျားမိသားစု သားအမိ ဆဲဆိုခံရခြင်းမှာ ခံထိုက်သည်ဟု ထင်သော်လည်း ယခုအချိန်တွင် တစ်ဖက်လူက မိမိ၏ ဆွေမျိုးသားချင်း ဖြစ်နေပြီး သဘာဝကျကျပင် တစ်မိသားစုတည်း ဖြစ်နေသဖြင့် ချင်ထျဲ့နျိုအပေါ် မကျေမနပ် ဖြစ်သွားသည်။
ကျားကျန်းရှီကို တားဆီးပြီးနောက် ချင်ဟွိုင်ယွီသည် ကလေးများကို ခေါ်ဆောင်ကာ အိမ်ထဲသို့ ဝင်လာသည်။ ထို့နောက် အဖေနှင့် အမေဟု ခေါ်လိုက်၏။
သူမ ခေါ်ပြီးနောက်တွင် ချင်ထျဲ့ကျူးတို့ လင်မယားသည် မျက်နှာပျက်ယွင်းကာဖြင့် ထွက်လာကြသည်။
သူတို့က ချင်ဟွိုင်ယွီကို မကြိုဆိုချင်သောကြောင့် မဟုတ်ဘဲ ချင်ထျဲ့နျိုအိမ်မှ သားမက်ဖြစ်သူ ချန်ကောဟွားက ကားတစ်စီးဖြင့် ငါးကြီး၊ အသားကြီး၊ အရက်ကောင်းနှင့် ရွှေတုံးများကို သယ်ဆောင်လာကာ ရွာသားအားလုံး၏ ရှေ့တွင် ကြွားဝါပြသခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းက ချင်ထျဲ့နျိုကို အလွန် ဂုဏ်ယူဝင့်ကြွားစေသည်။
သို့သော် ယခု မိမိ၏သားမက် ကျားတုန်းရွှီကမူ ထိုသို့မဟုတ်ချေ။ မိသားစု အကြီးအငယ်အားလုံးကို ခေါ်လာသည်ကို ထည့်မပြောလျှင်ပင် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး မည်သည့် လက်ဆောင်ပစ္စည်းမျှပင် ပါမလာချေ။
ဒါက ကြည့်ကောင်းသေးရဲ့လား
ဘယ်လို ကြည့်ေကာင်းမှာလဲ
မည်သို့ပင်ဆိုစေ ဤနေရာက ချင်မိသားစုရွာ ဖြစ်ပြီး ရွာငယ်လေးတစ်ရွာသာ ဖြစ်သည်။ ရွာငယ်လေးများတွင် နေထိုင်ကြသူများအဖို့ သူတစ်ပါး၏ အမြင်ကို အလေးထားဆုံး ဖြစ်သည်။ မျက်နှာပန်းလှရန် အရေးအကြီးဆုံးဖြစ်သည်။
မျက်နှာပျက်ရခြင်းက ပါးရိုက်ခံရသည်ထက်ပင် ပို၍ ခံရခက်စေသည်။ သို့မဟုတ်ပါက သူသည် ယခင်က ချင်ကျင်းယွီ၏ မင်္ဂလာပွဲတွင် သားမက်ကို ထုတ်၍ ကြွားဝါခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့ ကြီးမားသော ကွာခြားချက်အောက်တွင် ချင်ထျဲ့ကျူး၏ စိတ်ထဲတွင် မည်သို့ မျှတနိုင်ပါမည်နည်း
လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူက နှာခေါင်းရှုံ့ကာ အသံပြုလိုက်ပြီးနောက် ဇနီး၊ သမီးနှင့် မြေးသုံးဦးတို့ကို ခေါ်ဆောင်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။ ထိုဖြစ်စဉ်အတွင်း ကျားတုန်းရွှီတို့ သားအမိကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
တိတ်ဆိတ်သွားသည့်နေရာက ထိုကျားမိသားစုမှ အသုံးမကျသူများကို ချင်ထျဲ့ကျူးက လုံးဝ မသိကျွမ်းကြောင်း လူတိုင်းကို ပြောပြနေသကဲ့သို့ ရှိနေသည်။
ယခုတစ်ကြိမ်တွင် ကျားကျန်းရှီနှင့် ကျားတုန်းရွှီတို့သည် သူတောင်းစားများကဲ့သို့ အိမ်ပြင်တွင် ဖယ်ကြဉ်ခြင်း ခံလိုက်ရသည်။ အိမ်ပြင်တွင် ရပ်နေရင်း အေးစက်သော ဆောင်းလေကို ခံစားနေရကာ နားထဲတွင်လည်း လှောင်ပြောင်သရော်သံများ ကြားနေရသည်။ ဒုက္ခရောက်နေသည့် သားအမိနှစ်ဦးမှာ စိတ်ထဲတွင် မည်မျှအထိ ခံရခက်မည်ကို ခန့်မှန်းနိုင်သည်။
အနားတွင် ရပ်နေသည့် ချင်ထျဲ့နျိုတို့ လင်မယားမှာမူ စိတ်လက်ပေါ့ပါး ပျော်ရွှင်နေကြသည်။ အကြောင်းမူကား ကျားမိသားစုမှ ထိုနှစ်ယောက်သည် သူတစ်ပါးကို ဖယ်ကြဉ်ခဲ့သည့် အရသာကို နောက်ဆုံးတွင် မြည်းစမ်းခွင့်ရသွားကြပြီ ဖြစ်သောကြောင့် ဖြစ်သည်။
အထူးသဖြင့် သူတို့နှစ်ဦး၏ မျက်နှာအရောင်အဆင်းမှာ ဝမ်းသွားထားသည်ထက်ပင် ပို၍ ကြည့်ရဆိုးနေသည်ကို မြင်ရချိန်တွင် ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ကျေနပ်သောခံစားချက်မှတပါး အခြားမရှိပေ။
ယောက္ခမဖြစ်သူ၏ ထိုကဲ့သို့သော အပြုအမူအပေါ်တွင် ချန်ကောဟွားက လူသားမဆန်သော လုပ်ရပ်ဟု မထင်သည့်အပြင် ထိုသို့လုပ်ဆောင်ခြင်းက အလွန် သဘာဝကျသည်ဟု ယူဆသည်။ မည်သို့ပင်ဆိုစေ ယောက္ခမဖြစ်သူက ရိုးသားဖြောင့်မတ်သည့် လူမှန်တစ်ဦး ဖြစ်သည်။ ရွာ၏ စည်းမျဥ်းသည် လူကောင်းဖြစ်လျှင် အနိုင်ကျင့်ခံရခြင်းပင် ဖြစ်သည်။
သမီးဖြစ်သူ ချင်ကျင်းယွီက ချင်ဟွိုင်ယွီ အထင်မကြီးခဲ့သည့် အမျိုးသားနှင့် လက်ထပ်ခဲ့ခြင်းကြောင့်သာ သူသည် မိမိ၏ ညီအစ်ကိုအရင်းထံမှ စိတ်တိုင်းကျ လှောင်ပြောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ထိုမကျေနပ်ချက်ကို သူ နှစ်ပေါင်းများစွာ အောင့်အည်းသည်းခံခဲ့ရသည်။
ယခု သမီးယောကျ်ားက အောင်မြင်လာပြီဖြစ်ရာ သူ မည်သို့လျှင် ကောင်းကောင်းကြီး မပေါက်ကွဲဘဲ နေပါမည်နည်း။ မဟုတ်ပါက အခြားလူများက ချင်ထျဲ့နျိုကို အနိုင်ကျင့်ရလွယ်သည်ဟု ထင်မှတ်နေကြလိမ့်မည်။
ထို့ကြောင့် ကျားတုန်းရွှီက ဒုက္ခိတဖြစ်လေလေ ချင်ဟွိုင်ယွီ၏ ဘဝက သနားစရာကောင်းလေေလဖြစ်သည်။ ချင်ထျဲ့ကျူးက စိတ်မချမ်းမသာ ဖြစ်နေသည်အား မြင်ရခြင်းသည် ချင်ထျဲ့နျိုအတွက် စကားထဲတွင်ဆိုလျှင်ပင် ကျေနပ်စရာ ဖြစ်နေတော့သည်။
နောက်ဆုံးတွင် ချင်ဟွိုင်ယွီ၏ တောင်းပန်မှုကြောင့် ကျားကျန်းရှီတို့ သားအမိကို သူမက အိမ်ထဲသို့ ခေါ်ဆောင်သွားနိုင်လိုက်သည်။ အိမ်ထဲသို့ ဝင်သွားသည်နှင့်အတူ ချန်ကောဟွားနှင့် ချင်ထျဲ့နျိုတို့သည်လည်း အိမ်သို့ ပြန်လာခဲ့ကြသည်။
ယနေ့ညက အကြိုညဖြစ်ပြီး ယခုက သားမက်နှင့် သမီးတို့ ရောက်ရှိလာသဖြင့် သဘာဝကျကျပင် နှစ်သစ်ကူးညစာကို ကောင်းမွန်စွာ ပြင်ဆင်ရမည် ဖြစ်သည်။ ချင်ထျဲ့နျိုတို့ လင်မယားသည် ဆက်ဆံရေးကောင်းမွန်သည့် ဆွေမျိုးအချို့ကို ကူညီရန် ခေါ်ယူလိုက်ကြပြီး အလုပ်များသွားကြသည်။
မိမိသမီး၏ယောကျ်ားက ဤမျှ အရာရောက်လာသဖြင့် ယခုတစ်ကြိမ် နှစ်သစ်ကူးညစာကို ပေါ့ဆ၍မရပေ။ ထို့ကြောင့် ချန်ကောဟွား ယူဆောင်လာသည့် အစားအစာများ ဖြစ်စေ ဆွေမျိုးမိတ်ဆွေများ အိမ်တွင် စုဆောင်းထားသည့် အစားအစာများ ဖြစ်စေ ချက်ပြုတ်ပြီးနောက် စားပွဲပေါ်တွင် အစုံအလင် ခင်းကျင်းထားလိုက်သည်။
ထိုဆွေမျိုးများက မိမိတို့အိမ်မှ အစားအစာများကို ထုတ်ပေးရန် လိုလားကြခြင်းမှာ ချင်ထျဲ့နျိုနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လိုခြင်းသည့်အပြင် အခြား အကြောင်းရင်းတစ်ခုမှာ ကျေးလက်တွင် စားသောက်ပွဲများကို အပြင်ဘက်ကွင်းပြင်တွင် ကျင်းပခြင်းကြောင့် ဖြစ်သည်။
ဆိုလိုသည်မှာ လူတိုင်း အပြင်တွင် အတူတကွ စားသောက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အစားအစာများ ထုတ်ပေးခြင်းက ဆုံးရှုံးမှု ဖြစ်မဖြစ်ကို တွက်ချက်မနေကြတော့ပေ။ သို့ဖြစ်ရာ လူတိုင်း၏ ကူညီမှုအောက်တွင် ချင်ထျဲ့နျိုအိမ်၏ နှစ်သစ်ကူးညစာမှာ အလွန်တရာ ပေါများကာ အလျှံအပယ်ဖြစ်နေတော့သည်။
သို့သော် ဤခေတ်က မည်သည့်ခေတ်နည်း။ပစ္စည်းဥစ္စာ ရှားပါးလှသည့် ခြောက်ဆယ်ပြည့်နှစ်ဖြစ်ပြီး မြို့ပေါ်မှ အလုပ်သမားများ၏ တစ်လလုပ်ခမှာပင် ဆယ်ကျပ်ကျော်ခန့်သာ ရှိရာ မြေကြီးကို ဖက်၍ အသက်မွေးရသည့် ကျေးလက်မိသားစုများဆိုလျှင် ပြောရန်ပင်မလိုပေ။ တစ်လလျှင် ငွေစအနည်းငယ် ရှာဖွေနိုင်ပါက ကောင်းမွန်သော မိသားစုဟု သတ်မှတ်နိုင်သည်။
စာအိတ်နီတစ်ခုတွင် တစ်ကျပ်ပေးခြင်းက ကျေးလက်မိသားစုတစ်ခု၏ တစ်လတာနီးပါးမျှ ကြိုးစားထားရသော လုပ်အားခနှင့် ညီမျှနေသည်။
ထို့ကြောင့် ချန်ကောဟွား ပေးအပ်သည့် စာအိတ်နီသည် တစ်ကျပ်အထိရှိနေကြောင်း သိရှိရပြီးနောက် ထိုနေရာရှိ ဆွေမျိုးအတော်များများသည် ချန်ကောဟွား၏ ရက်ရောမှုကြောင့် တဖန် တုန်လှုပ်သွားကြပြန်သည်။ ထို့နောက် အမျိုးမျိုးသော ချီးမွမ်းစကားများသည် ငွေပေးဝယ်စရာမလိုဘဲ ချန်ကောဟွားတို့ လင်မယားနှစ်ဦးထံသို့ လှိုင်းလုံးပမာ တိုးဝင်လာကြသည်။
ဤမြင်ကွင်းကို မြင်ရချိန်တွင် ချင်ထျဲ့နျိုသည် သမီးဖြစ်သူက ချန်ကောဟွားကဲ့သို့သော ယောကျ်ားကို ရရှိထားသဖြင့် မျက်နှာပန်းလှေကြာင်း တွေးကာ ကျေနပ်နေသည်၊ သို့သော် သမီးဖြစ်သူ၏ယောကျ်ားက ကလေး သုံးဆယ်ခုနစ်ယောက်ခန့်ကို စာအိတ်နီ ပေးဝေနေသည်ကို မြင်ရသဖြင့် စိတ်ထဲတွင်လည်း နှမြောမိသည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် နှမြောသည်က နှမြောသည်သာ ဖြစ်ပြီး မိမိသမီးဖြစ်သူ၏ယောကျ်ားက ပေးရန် ဆုံးဖြတ်ထားသဖြင့် သူသည် သဘာဝကျကျပင် ဘာမျှထုတ်ပြောမည် မဟုတ်ပေ။ ထိုသို့နှမြောနေသည့် အချိန်တွင်ပင် သူသည် မသိမသာဖြင့် ချင်ထျဲ့ကျူး ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် တွေးမိသည်မှာ ဤဆွေမျိုးများ၏ ကလေးများသည် ချင်ထျဲ့ကျူးနှင့်လည်း ဆွေမျိုးတော်စပ်နေသည်။
ကျားတုန်းရွှီက ကျေးလက်သို့ နှစ်သစ်ကူးရန် ခဲယဥ်းစွာ လာရောက်ခြင်း ဖြစ်ရာ ဧကန်မုချ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုပေလိမ့်မည်။ သို့ဖြစ်ရာ ချင်ထျဲ့နျိုက မိန်းကလေးငယ်တစ်ဦးကို ဆွဲခေါ်ကာ ပြောလိုက်သည်။
"နန်နန်… ဟွိုင်ယွီရဲ့ ယောကျ်ားလည်း ရှိသေးတယ်၊ သူက မြို့ကနေ ခဲရာခဲဆစ် လာရတာ၊ သမီးတို့ သူ့ကို နှစ်သစ်ကူးဂါရဝပြုတာကို သေချာပေါက် လိုလားမှာပဲ"
နန်နန်က ချင်ဟွိုင်ယွီ၏ယောကျ်ားသည် မြို့မှလာသူ ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ထိုသူသည်လည်း ရက်ရက်ရောရော ပေးကမ်းမည့် သူဌေးဖြစ်ရမည်ဟု ထင်မှတ်သွားသည်။
ချက်ချင်းပင် ကလေးသုံးဆယ်ကျော်တို့သည် ဆူညံပူညံလုပ်ကာ ချင်ထျဲ့ကျူးအိမ်သို့ ပြေးဝင်သွားကြပြီး ကျားတုန်းရွှီကို နှစ်သစ်ကူးဂါရဝပြုရန် အလုအယက် ဖြစ်နေကြတော့သည်။
ထိုမြင်ကွင်း ပေါ်ပေါက်လာချိန်တွင် ချင်ကျင်းယွီတို့ လူတစ်စုသည် ချင်ထျဲ့နျိုကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ကလေးများကို ကျားမိသားစုထံ သွားရောက် ဂါရဝပြုခိုင်းခြင်းက ကျားမိသားစုကို ဒုက္ခပေးနေခြင်း မဟုတ်လောဟု မေးခွန်းထုတ်နေသကဲ့သို့ ဖြစ်နေသည်။ လူအများ၏ အကြည့်ကို ရင်ဆိုင်ရသော်လည်း ချင်ထျဲ့နျိုသည် အနည်းငယ်မျှ မျက်နှာမပျက်ဘဲ အေးအေးလူလူပင် စကားတစ်ခွန်း ဆိုလိုက်သည်။
"ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ၊ ငါက ရိုးသားတဲ့လူတစ်ယောက်ပါ၊ ကလေးတွေကို ကျားအိမ်ဆီ သွားပြီး နှစ်သစ်ကူးဂါရဝပြုခိုင်းတာ ဘာဖြစ်လို့လဲ"