အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း ၇၃
ချင်ထျဲ့ကျူး မိသားစုဘက်ကို ထပ်ပြောရမည်ဆိုလျှင် ယခုအချိန်တွင် သူတို့လည်း နှစ်သစ်ကူး ညစာကို ပြင်ဆင်ပြီးသွားကြပြီ ဖြစ်သည်။
သို့သော် ချင်ထျဲ့နျိုတို့ မိသားစု၏ အသားငါး ဟင်းလျာများနှင့် နှိုင်းယှဉ်ပါက သူတို့အိမ်၏ နှစ်သစ်ကူး ညစာမှာ အလွန်ပင် ဆင်းရဲနွမ်းပါးလှသည်ဟု ဆိုရပေမည်။ အသားဟင်း မပါသည်ကို ထား၍ရသေးသည်၊သူတို့က ကြက်ဥလေး တစ်ပွဲကိုပင် ကျားမိသားစုအတွက် ကြော်ပေးရန် နှမြောနေကြသည်။
ကျားတုန်းရွှီက အခြေအနေကို တွေ့လိုက်ရပြီးနောက် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း သည်းခံနေလိုက်သည်။ မည်သို့ပင်ဆိုစေ သူတို့ တောရွာသို့ လာခဲ့ခြင်းမှာ အလကား စားသောက်ရန်အတွက်သာ ဖြစ်ပြီး အကောင်းဆုံးက အိမ်သို့ပင် ပါဆယ်ထုပ်ကာ ယူသွားနိုင်ရန် ဖြစ်သည်။ ထို့ကြောင့် စားစရာရှိနေခြင်းကပင် မဆိုးလှသောကြောင့် ရွေးချယ်မှုလုပ်ပြီး ဒေါသထွက်ခွင့် မရှိပေ။
သို့သော် ကျားတုန်းရွှီတို့ မိသားစုက တူကို ကိုင်ကာ စားတော့မည့် အချိန်တွင်ပင် တံခါးဝမှ ရုတ်တရက် အလောတကြီး ဝင်လာကြသော တောရွာမှ ကလေးငယ် သုံးဆယ့်ခုနစ်ယောက် ထွက်ပေါ်လာသည်။ထို့နောက် သူတို့က ကျားတုန်းရွှီ၏ အနားတွင် ဝိုင်းရံလိုက်ကြပြီး အသံကျယ်ကြီးဖြင့် ဆူညံစွာ အော်ဟစ်လိုက်ကြသည်။
"ဦးလေးကျား၊ အဒေါ်ချင်"
"ဦးလေးကျား၊ အဒေါ်ချင်"
"စီးပွားလာဘ်လာဘတွေ တိုးတက်ပါစေ၊ အန်ပေါင်း ပေးပါ"
ကလေးများက နှစ်သစ်ကူး ညစာကို ညံ့ဖျင်းစွာ စားရသောကြောင့် ကျားတုန်းရွှီထံမှ အန်ပေါင်း မတောင်းဘဲ နေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ နှစ်သစ်ကူးတွင် အန်ပေါင်း တောင်းခြင်းမှာ တစ်နှစ်လျှင် တစ်ကြိမ်သာ လုပ်လေ့ရှိသော အလေ့အထဖြစ်သည်။ ထို့အပြင် ရှေ့တွင် ချန်ကောဟွားဟူသော ရတနာကြီး ရှိနေသည့်အတွက် သူတို့က ကျားတုန်းရွှီ၏ အန်ပေါင်းကို ပို၍ မျှော်လင့်နေကြခြင်း ဖြစ်သည်။
ကျားကျန်းရှီက ဤမျှ များပြားလှသော ကလေးများ အန်ပေါင်း လာတောင်းသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားပြီး ချင်ထျဲ့နျို အိမ်သို့ ပြေးသွားကာ ပါးစပ်အရသာခံ၍ ဆဲဆိုတော့မတတ်ပင် ဖြစ်သွားသည်။
ကျားတုန်းရွှီမှာမူ ပို၍ပင် ပြောစရာ မလိုတော့ပေ။ နှစ်သစ်ကူး ကာလဖြစ်၍ သူက အန်ပေါင်း အချို့ကို ပြင်ဆင်ထားခဲ့သော်လည်း ငွေကြေးရှားပါးနေသော သူက ဤမျှလောက် ကလေးများစွာ ရောက်လာလိမ့်မည်ဟု မည်သို့ တွေးမိမည်နည်း။ ထို့ကြောင့် အန်ပေါင်း အချို့ကို ဝေပေးပြီးနောက် ချင်ဟွိုင်ယွီကို ချက်ချင်း မျက်ရိပ်ပြလိုက်သည်။
ချင်ဟွိုင်ယွီက ထိုအခြေအနေကို မြင်သောအခါ စိတ်ထဲတွင် အတော်လေး ခွန်အားမဲ့သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျားတုန်းရွှီ၏ ဆိုလိုရင်းကို သူမ နားလည်သောကြောင့် ဖြစ်သည်။
သူ့ကို အကျပ်အတည်းမှ ကယ်တင်ပေးရန် သူမကို အလိုရှိနေခြင်း ဖြစ်သည်။
သို့သော် ကျားမိသားစု၏ ငွေများကို သူတို့ကသာ ကိုင်တွယ်ထားကြပြီး ပစ္စည်းဝယ်ရန် ငွေလိုသည့် နေရာမျိုးတွင်သာ ကျားကျန်းရှီတို့သားအမိက သူမကို ငွေအနည်းငယ် ပေးလေ့ရှိသည်။ ထိုသို့ဆိုလျှင် သူမ၌ အန်ပေါင်း ပေးရန် ငွေ ဘယ်မှာ ရှိမည်နည်း။
ခွန်အားမဲ့နေသော ခံစားချက်ဖြင့် နောက်ဆုံးတွင် သူမက ပန်းကန်နှင့် တူကို ချထားလိုက်သည်။ မည်သို့ပင်ဆိုစေ တစ်မိသားစုတည်း ဖြစ်သောကြောင့် ဂုဏ်တက်လျှင် အတူတူ၊ ဂုဏ်ကျလျှင်လည်း အတူတူပင် ဖြစ်သည်။
ပန်းကန်နှင့် တူကို ချထားပြီးနောက် ချင်ဟွိုင်ယွီက အိမ်ထဲတွင် အန်ပေါင်းစာအိတ် တစ်ထပ်ကို ရှာဖွေလိုက်ပြီးနောက် ကျားကျန်းရှီထံသို့ ကမ်းပေးကာ ငွေအနည်းငယ် ထည့်ပေးရန် အချက်ပြလိုက်သည်။ တစ်သက်လုံး ကပ်စေးနှဲလာခဲ့သော ကျားကျန်းရှီက သဘာဝကျစွာပင် အန်ပေါင်း မပေးချင်ပေ။
အန်ပေါင်းစာအိတ်ကို လှမ်းယူပြီးနောက် သူမ၏ စိတ်ထဲတွင် ချင်ဟွိုင်ယွီ၏ ဦးနှောက်ထဲ၌ အပေါက် ပါနေသည်ဟု တိုက်ရိုက် ကျိန်ဆဲလိုက်သည်။ထိုဟာလေးများက တောရွာမှ လာသော တောင်းစားသည့် ကလေး တစ်သိုက်မျှသာ ဖြစ်ပြီး သူတို့ကို မည်သည့်အတွက်ကြောင့် အန်ပေါင်း ပေးရမည်နည်း။
သူမတွင် ထိုသို့သော အတွေးရှိနေသဖြင့် အန်ပေါင်း မပေးပါက ချင်မိသားစု၏ မျက်နှာကို ပျက်စေရုံသာမက ကျားတုန်းရွှီ၏ မျက်နှာကိုပါ ပျက်စေမည် ဆိုသည်ကို လုံးဝ ထည့်မစဉ်းစားထားချေ။
ထို့ကြောင့်သာ ချင်ဟွိုင်ယွီက အန်ပေါင်းစာအိတ်ကို ယူကာ ကျားကျန်းရှီကို တစ်ခုခု လုပ်ပြရန် ပြောခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျားတုန်းရွှီက တစ်ပြားစီ ထည့်ထားသော အန်ပေါင်း အချို့ကို ဝေပေးပြီးဖြစ်သည်ကို ကျားကျန်းရှီက မြင်လိုက်ရသည်။ ထို့နောက် စဉ်းစားလိုက်ပြီး အိတ်ကပ်ထဲမှ အိမ်သာသုံးစက္ကူ အချို့ကို ခိုးကြောင်ခိုးဝှက် ထုတ်ယူကာ နောက်ထပ် အန်ပေါင်းများထဲသို့ ထိုးထည့်လိုက်သည်။
နောက်ဆုံးတွင် ဤအန်ပေါင်းများကို အရပ်အနည်းငယ် ရှည်သော ကလေးများထံသို့ ကမ်းပေးလိုက်ပြီး လူကြီး တစ်ယောက်၏ လေသံဖြင့် ပြောလိုက်သည်။
"ငါ့ရဲ့ ဒီအန်ပေါင်းတွေကို မင်းတို့ဆီမှာ အရင် သိမ်းထားလိုက်၊ မနက်ဖြန် ညရောက်မှ ဖွင့်ကြည့်ကြ၊အဲဒီလိုမှ မဟုတ်ရင် နောက်နှစ်ကို ငါ မလာတော့ဘူး"
ဤအန်ပေါင်းကိုသာ ဖွင့်ကြည့်ခံရပါက သေချာပေါက် အရှက်ကွဲရမည်ကို ကျားကျန်းရှီက သဘာဝကျစွာပင် သိထားသည်။ သို့သော် မနက်ဖြန်တွင် သူမတို့ မိသားစုက ထွက်ခွာသွားတော့မည် ဖြစ်ရာ ထိုမျှလောက်အထိ ဂရုစိုက်နေရန် မလိုအပ်ပေ။ ငွေမရှုံးဘဲ ကလေးငယ်များကို လှည့်စားသွားနိုင်လျှင် ရပြီ ဖြစ်သည်။
သို့သော်လည်း ကျားကျန်းရှီ မသိသည်မှာ စောစောက သူမ မှောင်ရိပ်ထဲတွင် ပုန်းကာ အိမ်သာသုံးစက္ကူကို အန်ပေါင်းထဲ ထည့်နေသည့် လုပ်ရပ်ကို ချင်ထျဲ့ကျူးက ရှင်းလင်းပြတ်သားစွာ မြင်တွေ့သွားခဲ့ခြင်းပင် ဖြစ်သည်။
ထိုသို့မြင်လိုက်ရပြီးနောက် သဘာဝကျစွာပင် ဒေါသထွက်ကာ မီးပွင့်မတတ် ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကိုသာ လူသိသွားပါက ကျားမိသားစု ထွက်သွားလျှင် ပြီးသွားမည် ဖြစ်သော်လည်း သူ ချင်ထျဲ့ကျူးက ချင်ရွာဟောင်းတွင် တစ်သက်လုံး အရှက်ကွဲရတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ကျားတုန်းရွှီနှင့် ချင်ဟွိုင်ယွီတို့က လင်မယား ဆက်ဆံရေး ရှိနေသေးသည်ကိုသာ မငဲ့ကွက်ခဲ့လျှင် သူက တံမြက်စည်းကို ယူကာ ကျားကျန်းရှီ ဟူသော ထိုအဘွားအိုကို အပြင်သို့ မောင်းထုတ်ပစ်မည်မှာ သေချာလှသည်။
ထိုကလေးများ အကြောင်းကို ဆက်ပြောရလျှင် အရင်ဆုံး ကျားတုန်းရွှီထံမှ အန်ပေါင်းကို လက်ခံရရှိခဲ့သော ကလေးငယ် အချို့က အန်ပေါင်းကို ရရှိပြီးနောက် သဘာဝကျစွာပင် ချက်ချင်း ဖွင့်ကြည့်လိုက်ကြသည်။
ဖွင့်ကြည့်ပြီးနောက် တစ်ပြားတန် အန်ပေါင်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်ပျက်သွားမိကြ၏။ သို့သော် စိတ်ပျက်သည်က စိတ်ပျက်သည်သာ ဖြစ်ပြီး သူတို့လည်း ဘာမျှ မပြောခဲ့ကြပေ၊ မည်သို့ပင်ဖြစ်စေ လူကြီးများက အိမ်တွင် သေချာ သင်ပေးထားခဲ့ပြီး အန်ပေါင်း တောင်းခြင်းမှာ မင်္ဂလာရှိသော အရာ ဖြစ်သောကြောင့် မကောင်းသောစကားကို မပြောသင့်မှန်း သိေနကြ၍ဖြစ်သည်။
ထိုတစ်ပြားတန် အန်ပေါင်းကို ရရှိထားသော ကလေးများက အခြား ကလေးများ ကျားကျန်းရှီထံမှ ရရှိသော အန်ပေါင်းမှာ မိမိတို့၏ အန်ပေါင်းထက် သိသိသာသာ နှစ်ဆခန့် ကြီးမားနေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် ချက်ချင်းပင် မညီမမျှ ဖြစ်သွားသည်။
အတူတူပင် နှစ်သစ်ကူး ကန်တော့ကြခြင်း ဖြစ်လျက်နှင့် အခြားလူများက မည်သည့်အတွက်ကြောင့် အန်ပေါင်း အကြီးကြီး ရရသနည်း
ဤသို့ စိတ်ပျက်စရာ ကောင်းသော ခံစားချက်အောက်တွင် ယခင် ကလေးများက ကျားကျန်းရှီ ပြောခဲ့သော စကားများကို မည်သို့ ဂရုစိုက်မည်နည်း၊ သူတို့က ကလေးကြီးများထံမှ အန်ပေါင်း တစ်ခုကို ရုတ်တရက် လုယူလိုက်ပြီး ဤအန်ပေါင်းကြီးထဲတွင် ငွေမည်မျှ ပါသည်ကို ဖွင့်ကြည့်ရန် ကြံရွယ်လိုက်ကြသည်။ သို့သော် ဖွင့်ကြည့်လိုက်သောအခါ မျှော်လင့်မထားစွာပင် ခေါက်ထားသော အိမ်သာသုံးစက္ကူ တစ်ရွက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
နေရာတွင် ရှိနေသော ကလေးများ အားလုံး ကြက်သေသေသွားကြသည်။ တစ်ယောက်ချင်းစီက အိမ်သာသုံးစက္ကူကို မှင်သက်စွာ ကြည့်နေကြပြီး မယုံကြည်နိုင်သော မျက်နှာထားများ ပေါ်လွင်လာကြသည်။
ယခုလို အချိန်မျိုးတွင် အိမ်သာသုံးစက္ကူကိုပင် အန်ပေါင်းထဲ ထည့်ပေးနိုင်ပြီလားဟု တွေးနေကြခြင်းဖြစ်လောက်သည်။ နောက်ဆုံးတွင် အနည်းငယ် ကြီးသော ကလေးများက လှောင်ပြောင်တော့သည်။
အခန်း ၇၄
ချင်ထျဲ့နျို၏ နေအိမ်တွင် စားသောက်ပြီးစီးသွားသောအခါ ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့သည်လည်း အနားယူရန် အခန်းတွင်းသို့ ပြန်လာခဲ့ကြသည်။
တံခါးပေါက်မှ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်ကျင်းယွီသည် ကုတင်ထက်သို့ လှဲချလိုက်သည်။ ယနေ့တွင် အလွန်တရာ ဝမ်းမြောက်ပျော်ရွှင်နေသဖြင့် ပုံမှန်အားဖြင့် အရက်သေစာ သောက်စားလေ့မရှိသော ချင်ကျင်းယွီပင်လျှင် အနည်းငယ် သောက်သုံးထားသည်။ ယခုအချိန်တွင် သူမ၏ ပါးပြင်လေးများသည် နီရဲနေပြီး ကြည့်ရသည်မှာ အတော်လေး ချစ်စရာကောင်းနေပေသည်။
ချန်ကောဟွားသည်လည်း သဘာဝကျစွာပင် အတော်လေး သောက်ထားခဲ့ရာ မိမိ၏ဇနီးသည် မည်မျှလှပနေကြောင်းကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် စိတ်အာရုံများ ထကြွလာပြီး ချင်ကျင်းယွီနှင့် ချိုမြိန်စွာ ယုယချင်စိတ်များ ပေါ်ပေါက်လာသည်။
"ကော…ကောဟွား ငါ့အဖေနဲ့အမေက တခြားအခန်းထဲမှာ ရှိနေတာလေ၊ ငါတို့ ဒီလိုလုပ်တာ သိပ်မကောင်းပါဘူး"ဟုပြောလိုက်သည်။
ချင်ကျင်းယွီ၏ ခြင်မြည်သံကဲ့သို့ တိုးညှင်းသော ရေရွတ်သံကို သူမကိုယ်တိုင်သာ ကြားနိုင်ပေမည်။
"ကိစ္စမရှိပါဘူး…ကျင်းယွီ အဖေနဲ့အမေ ဘေးမှာရှိနေတာက ငါ့လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေမှာ မဟုတ်ပါဘူး"
အရက်၏ လှုံ့ဆော်မှုကြောင့်ဖြစ်မည် ချန်ကောဟွား၏ သတ္တိများ ပိုမိုကြီးမားလာကာ စကားပြောဆိုရာတွင်လည်း ရန်လိုလှုံ့ဆော်မှုများ ပြည့်နှက်နေသည်။
"ဒါပေမဲ့ အဖေနဲ့အမေ ကြားသွားရင် ဘယ်လိုလုပ်..."
"အွန်း"
ချင်ကျင်းယွီ၏ စကားပင် မဆုံးသေးခင် ချန်ကောဟွား၏ အတင်းအဓမ္မ နမ်းရှိုက်ခြင်းကို ခံလိုက်ရသည်။ နမ်းရှိုက်ပြီးနောက် ချန်ကောဟွားက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလျက်
"အဖေနဲ့အမေ ကြားသွားတာက ပိုပြီး စိတ်လှုပ်ရှားစရာ မကောင်းဘူးလား" ဟု ဆိုသည်။
"ဟင် ပို….ပိုပြီး စိတ်လှုပ်ရှားစရာဟုတ်လား"
ချင်ကျင်းယွီ၏ အမူးအရှိန်မှာ တစ်ဝက်ခန့် ပြေသွားပြီး မိမိ၏ယောက်ျားပြောသော စကား၏အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်သွားရသည်။
"အာ… မဟုတ်ဘူး၊ ငါပြောချင်တာက အဖေနဲ့အမေ ကြားသွားရင်တောင် နောက်ပိုင်း ကလေးမွေးလာတဲ့အခါ သူတို့လည်း ပိုပြီး ပါဝင်ပတ်သက်ခွင့်ရသလို ခံစားရမှာ မဟုတ်ဘူးလားလို့ပါ"
ချန်ကောဟွားက ချက်ချင်းပင် အကြောင်းပြချက်တစ်ခုကို ရမ်းတုတ်လိုက်သည်။
"ပိုပြီး ပါဝင်ပတ်သက်ခွင့်ရသလို ခံစားရမယ်ဟုတ်လား"
ချင်ကျင်းယွီက နားလည်သလိုလို နားမလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ရှက်သွေးဖြာနေသော မျက်နှာဖြင့် ချန်ကောဟွားကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ချင်ကျင်းယွီသည် နူးညံ့သော မြက်ပင်ငယ်လေးတစ်ပင်ကဲ့သို့ လရောင်အောက်တွင် ယိမ်းနွဲ့လှုပ်ရှားနေသည်။
ချန်ကောဟွားသည်လည်း ဤအခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။ ချက်ချင်းပင် ရှေ့သို့ တိုးဝင်သွားလေတော့သည်။
ထိုနောက်တွင် ချန်ကောဟွားသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး တစ်ဖန် ပြန်လည်နိုးထလာချိန်တွင်မူ မိုးလင်းလုနီးပါး အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ နိုးထလာပြီးနောက် ကိုယ်လက်သန့်စင် ပြင်ဆင်ပြီးစီးသောအခါ ချန်ကောဟွားတို့ ဇနီးမောင်နှံနှစ်ဦးသည် အိမ်မှ ထွက်ခွာရန် ပြင်ဆင်ကြလေတော့သည်။
သူတို့နှစ်ဦး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ချင်ကျေးရွာရှိ ရွာသားအများစုသည် ထွက်လာကာ နှုတ်ဆက်ပို့ဆောင်ပေးကြသည်။
ည အချိန်မတော် နှင်ထုတ်ခံခဲ့ရသော ကျားတုန်းရွှီတို့ သားအမိနှင့် နှိုင်းယှဉ်ပါက သူတို့နှစ်ဦး၏ ဆက်ဆံခံရမှုမှာ လမင်းကြီးနှင့် ပိုးစုန်းကြူးတို့အလား ကွာခြားနေသည်ဟု ဆိုလျှင်ပင် မှားမည်မထင်ပေ။ သို့ရာတွင် ချင်ထျဲ့နျိုအတွက်မူ ဤနှစ်သစ်ကူးပွဲတော်သည် သူ၏ဘဝတွင် အဓိပ္ပာယ်အရှိဆုံး ဖြတ်သန်းခဲ့ရသော အချိန်တစ်ခုပင် ဖြစ်သည်။
ပထမအချက်မှာ မိမိ၏ သမက်ဖြစ်သူမှာ အောင်မြင်တိုးတက်နေပြီး မနေ့က သူ့အတွက် အလွန်တရာ မျက်နှာပန်းလှစေခဲ့သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ မိမိ၏သမီးဖြစ်သူက သူတစ်ပါး၏ အနိုင်ကျင့်စော်ကားမှုကို ခံရမည်ကို စိုးရိမ်စရာ မလိုတော့သောကြောင့် ဖြစ်သည်။ တတိယအချက်မှာ မနေ့ညက သမီးဖြစ်သူ၏ အခန်းတွင်းမှ ထွက်ပေါ်လာသော လှုပ်ရှားမှုအသံများအရ မကြာမီအချိန်အတွင်း မိမိအနေဖြင့် မြေးလေးကို ပွေ့ချီနိုင်တော့မည်ဟု ယူဆရသောကြောင့်ပင် ဖြစ်သည်။
ဤသို့ ကြည့်မည်ဆိုလျှင် နောင်လာမည့် ဘဝခရီးလမ်းသည် ပိုမို၍သာ ကောင်းမွန်လာမည်ဖြစ်ရာ ချင်ထျဲ့နျိုအား မည်သို့ မပျော်ရွှင်စေဘဲ နေမည်နည်း။ ဤသို့ဖြင့် သူသည် အလွန်တရာ ပျော်ရွှင်နေသဖြင့် နှုတ်ခမ်းထောင့်များမှာ အောက်သို့ပင် မကျတော့ချေ။
ဤကဲ့သို့ဖြင့် ချင်ထျဲ့နျိုသည် ဝမ်းမြောက်ဝမ်းသာဖြစ်နေသော စိတ်နှလုံးဖြင့် ချန်ကောဟွားတို့ ဇနီးမောင်နှံနှစ်ဦးအား ရွာထိပ်အထိ လိုက်လံပို့ဆောင်ပေးလိုက်သည်။
ဟုန်ချီ လူစီးကားလေးက အရှိန်ဖြင့် မောင်းနှင်ထွက်ခွာသွားပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားသည့်တိုင်အောင် သူတို့နှစ်ဦးမှာ မခွဲခွာရက်သော စိတ်ဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။
...
နောက်ဆုံးတွင် တစ်နာရီကျော်ခန့် ကြာမြင့်ပြီးနောက် ဟုန်ချီ လူစီးကားလေးသည် ခြံဝင်းကြီး၏ တံခါးဝတွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်။ခြံဝင်းအတွင်းရှိ လူများသည် မနေ့ကတည်းက မြင်တွေ့ခဲ့ပြီးဖြစ်သဖြင့် တစ်ချက်နှစ်ချက်ခန့် ကြည့်ရှုပြီးနောက် ကြီးမားသော လှုပ်ရှားမှုများ မဖြစ်ပေါ်ခဲ့ပေ။
ချန်ကောဟွားတို့ နှစ်ဦးက ခြံဝင်းကြီးအတွင်းသို့ ဝင်ရောက်လာသောအခါတွင်မူ ကျားကျန်းရှီတို့ မိသားစုသည်လည်း လှုပ်ရှားမှု အသံများကို ကြားလိုက်ရသည်။
မနေ့က နှစ်သစ်ကူးအကြိုညတွင် တောရွာမှ နှင်ထုတ်ခံခဲ့ရသောကြောင့်ဖြစ်မည်။ ကျားကျန်းရှီတို့ မိသားစုမှာ ကောင်းစွာ အနားမယူနိုင်ခဲ့သဖြင့် ဆဲဆိုရန်ပင် ခွန်အားများစွာ မရှိတော့ချေ။ ထို့ကြောင့် တံခါးကို ပိတ်ထားကာ အပြင်သို့ မထွက်တော့ဘဲ အခန်းတွင်း၌သာ အနားယူနေကြလေတော့သည်။
ချန်ကောဟွားတို့ ဇနီးမောင်နှံနှစ်ဦး အိမ်သို့ ပြန်ရောက်လာပြီးနောက်တွင်မူ ထိုင်ခုံပေါ်တွင် တင်ပါးပင် မပူသေးချေ။ တံခါးဝမှ ရွှီတမောင်း၏ အနည်းငယ် မြှောက်ပင့်ဖော်ရွေသော အသံ ထွက်ပေါ်လာသည်။
"ကောဟွားအစ်ကို မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ"
"မနေ့က ငါတို့ အရင်တစ်ခေါက်က ဆုံခဲ့တဲ့ ကောင်မလေးက မင်းကို လာရှာတယ်၊ နှမြောစရာကောင်းတာက မင်းနဲ့ ကျင်းယွီက ဇာတိရွာကို နှစ်သစ်ကူးဖို့ ပြန်သွားကြတယ်လေ"
ကောင်မလေး…
လုံရှောင်းအဲ့…
သူမက သူ့ကို ဘာကြောင့် လာရှာရတာလဲ
ချန်ကောဟွားသည် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် သံသယဝင်နေပုံပေါ်သည်။ထို့နောက် အခန်းတံခါးကို ဖွင့်ကာ ရွှီတမောင်းအား မေးမြန်းလိုက်သည်။
"သားမွေးအင်္ကျီငှားပြီး လူတွေ့ရွေးချယ်ပွဲသွားမယ်လို့ ပြောနေတာပဲ" ဟု ရွှီတမောင်းက ချန်ကောဟွားအား ပြုံးလျက် ဆိုသည်။
"သားမွေးအင်္ကျီငှားပြီး လူတွေ့ရွေးချယ်ပွဲသွားမယ်ဟုတ်လား"
ချန်ကောဟွား ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အကြောင်းရင်းနှင့် အကျိုးဆက်များကို ချက်ချင်း သဘောပေါက်သွားသည်။
လက်ရှိအခြေအနေအရ လုံရှောင်းအဲ့သည် မိဘများ၏ စကားကို နားထောင်ကာ ရွှီတမောင်းနှင့် လူတွေ့ရွေးချယ်ပွဲ ပြုလုပ်ရခြင်း ဖြစ်ပေမည်။ သို့သော် လုံရှောင်းအဲ့၏ ရည်ရွယ်ချက်မှာ ရွှီတမောင်းပင် ဖြစ်သည်၊ ရွှီတမောင်းနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံပြီးဖြစ်ပါလျက် အဘယ်ကြောင့် သားမွေးအင်္ကျီကို ဝတ်ဆင်ကာ လူတွေ့ရွေးချယ်ပွဲ ပြုလုပ်လိုရသနည်း။
သို့ရာတွင် စူးစမ်းချင်စိတ်ရှိသည်က တစ်ကဏ္ဍပင် ဖြစ်သည်။ဤပြဿနာသည် သူ့အတွက် အရေးမကြီးလှသဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရွှီတမောင်းအား ထွက်ခွာသွားရန် အချက်ပြလိုက်သည်။
ရွှီတမောင်း ထွက်ခွာသွားပြီးနောက် ချင်ကျင်းယွီက မိမိအား အဆက်မပြတ် စိုက်ကြည့်နေကြောင်း ချန်ကောဟွား သတိပြုမိလိုက်သည်။ ထို့ကြောင့် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ချင်ကျင်းယွီအား ပြောလိုက်၏။
"မိန်းမ… ငါ မင်းကို ကိစ္စတစ်ခု ပြောပြချင်လို့"
"ဘာဖြစ်လို့လဲ"
ချင်ကျင်းယွီက အံ့အားသင့်သွားသော်လည်း မိန်းမတစ်ဦး၏ အလိုအလျောက်သိစိတ်အရ ဤကိစ္စသည် သူမ၏ ခင်ပွန်းဖြစ်သူအား လာရောက်ရှာဖွေသော အမျိုးသမီးနှင့် သေချာပေါက် ပတ်သက်နေကြောင်း သူမ သိရှိနေသည်။
"ဒီလိုပါ၊ အရင်တစ်ခေါက်က ငါ မင်းအတွက် သားမွေးအင်္ကျီ ဝယ်ပေးခဲ့တယ်မဟုတ်လား"
"အဲဒီတုန်းက ငါ ဝမ်ဖူကျင်းမှာ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်၊ သူက ငါတို့ ဟုန်ရှင်းသံမဏိစက်ရုံက ဒါရိုက်တာလုံရဲ့ သမီး လုံရှောင်းအဲ့ပဲ"
"သူက သားမွေးအင်္ကျီဝယ်ပြီး လူတွေ့ရွေးချယ်ပွဲသွားချင်တာနေမှာ၊ ဒါပေမဲ့ သားမွေးအင်္ကျီက တစ်ထည်ပဲ ရှိတော့ တိုက်တိုက်ဆိုင်ဆိုင် ငါက အရင်ဝယ်လိုက်မိတာ"
"အဲဒီနောက် သူက ငါ့ဆီကနေ ပြန်ဝယ်ချင်ပေမဲ့ ငါက ငြင်းလိုက်တယ်၊ ဒါနဲ့ သူက နောက်ကျရင် ငါ့ကို လာရှာမယ်လို့ ပြောသွားတာ"
"နောက်ကျရင် သားမွေးအင်္ကျီကို ငှားလို့ရမလားလို့ မေးတာ၊ သေချာတာပေါ့လေ သားမွေးအင်္ကျီငှားမယ့်ကိစ္စကို မင်းကပဲ ဆုံးဖြတ်သင့်တယ်လို့ ငါထင်တယ်"
"တကယ်လို့ မင်းက သူ့ကို သားမွေးအင်္ကျီ မငှားချင်ဘူးဆိုရင်တော့ ငါ အလုပ်ဆင်းလို့ သူနဲ့တွေ့တဲ့အခါ ငြင်းလိုက်မယ်၊ တကယ်လို့ သဘောတူတယ်ဆိုရင်တော့ သူ နောက်တစ်ခါ လာတဲ့အခါ မိန်းမကပဲ သူ့ကို ငှားလိုက်ပါ"
ချန်ကောဟွား၏ ဤစကားသည် ချင်ကျင်းယွီအား လုံလောက်သော လုံခြုံမှုခံစားချက်ကို ပေးစွမ်းနိုင်သည်ဟု ဆိုနိုင်ပေသည်။
မိမိအနေဖြင့် တစ်ဖက်လူနှင့် မည်သို့သိကျွမ်းခဲ့ကြောင်းကိုသာမက လုံရှောင်းအဲ့သည် မည်သူမည်ဝါဖြစ်ကြောင်းကိုပါ ထုတ်ဖော်ပြောဆိုသည်။ ထို့အပြင် တစ်ဖက်လူနှင့် ဆက်သွယ်ရန်အတွက်လည်း မိမိ၏ ဇနီးဖြစ်သူ၏ စကားကို နားထောင်ရန် လိုအပ်နေသေးသည်။ ၎င်းမှာ ချင်ကျင်းယွီ၏ တွေးခေါ်မှုများအပေါ် လေးစားမှုကို အပြည့်အဝ ဖော်ပြနေခြင်းပင် ဖြစ်သည်။
ချင်ကျင်းယွီသည်လည်း ထိုစကားများထဲမှတစ်ဆင့် အထဲတွင် ပါဝင်နေသော စစ်မှန်သော မေတ္တာတရားများကို သဘာဝကျစွာပင် ခံစားသိရှိနိုင်သည်။ ထို့အပြင် လုံရှောင်းအဲ့သည် မိမိယောက်ျား၏ အထက်လူကြီးမှန်း သိရှိသွားပြီးနောက်တွင်မူ စဉ်းစားနေခြင်းမရှိဘဲ ချက်ချင်းပင် ပြောလိုက်သည်။
"ယောက်ျား..သူက စက်ရုံသူဌေးရဲ့ သမီးပဲ၊ သေချာပေါက် ကူညီရမှာပေါ့၊ သူ့ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ရင် နင့်ရဲ့ နောက်ပိုင်း အလုပ်အကိုင်တွေ ပိုပြီး အဆင်ပြေချောမွေ့လာနိုင်တာပဲလေ"
ချင်ကျင်းယွီသည် မိမိ၏ ယောက်ျားအပေါ် ခြွင်းချက်မရှိ ယုံကြည်ရန် ရွေးချယ်လိုက်သည်။
သို့သော် မိန်းမတစ်ဦး၏ ဆဌမအာရုံကြောင့် ရုတ်တရက် အမှတ်မထင် မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။
"ယောက်ျား…အဲဒီ လုံရှောင်းအဲ့က ရုပ်ချောလား"
ချန်ကောဟွားမှာ ချင်ကျင်းယွီက ဤသို့မေးမြန်းလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးထားခဲ့ဖူးချေ။ ရုတ်တရက် အံ့အားသင့်သွားပြီး မည်သို့ဖြေကြားရမည်ကိုပင် အနည်းငယ် မသိဖြစ်သွားရသည်။
မလှဘူးဟု ပြောရမည်ဆိုလျှင်လည်း သူမသည် ဒါရိုက်တာတစ်ဦး၏ သမီးဖြစ်ကာ ဝယ်ယူ ဝတ်ဆင်သော အဝတ်အစားများမှာလည်း သားမွေးအင်္ကျီများသာ ဖြစ်နေသဖြင့် မည်သို့ မလှဘဲနေမည်နည်း။
လှသည်ဟု ပြောရမည်ဆိုလျှင်လည်း မိမိသည် အိမ်ထောင်သည်တစ်ဦး ဖြစ်နေပြီး တစ်ကြိမ်သာ မြင်ဖူးသော အမျိုးသမီးတစ်ဦးအား လှသည်ဟု မိမိ၏ ဇနီးသည် ရှေ့တွင် ပြောဆိုခြင်းမှာ အသိဉာဏ်ကင်းမဲ့ရာ ကျနိုင်သည်။ထို့ကြောင့် သတိပြန်ဝင်လာပြီးနောက် ချန်ကောဟွားက
"မိန်းမ…ဒါက နှိုင်းယှဉ်လို့မရပါဘူး၊ ဘာလို့လဲဆိုတော့ ငါ့ရင်ထဲမှာ မင်းက ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမပဲလေ" ဟု ဖြေကြားလိုက်သည်။
တကယ်တမ်းတွင်မူ အမျိုးသမီးတိုင်းသည် ချိုမြိန်သော စကားများကို နားထောင်ရန် နှစ်သက်ကြသည်။ ဤကဲ့သို့ ယောက်ျားနှင့် မိန်းမ ဆက်ဆံရေးတွင် အတော်လေး ရှေးရိုးဆန်သော ခေတ်ကာလတွင်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ချန်ကောဟွား၏ အပြောကောင်းလှသော စကားများကြောင့် ချင်ကျင်းယွီ၏ ရင်ထဲတွင် ချက်ချင်းပင် ပန်းများ ပွင့်လန်းသွားသကဲ့သို့ ပျော်ရွှင်သွားရသည်။ ဤသို့ဖြင့် သူမ၏ နှုတ်ခမ်းထောင့်များမှာ အပေါ်သို့ အပြင်းအထန် မြင့်တက်သွားပြီး ချန်ကောဟွားနှင့် တစ်ဖန် ပြန်လည် ချစ်တင်းနှောရန်သာ လိုတော့သည်။
ဤကဲ့သို့ ချိုမြိန်သာယာသော ပတ်ဝန်းကျင်အခြေအနေအောက်တွင် သူတို့နှစ်ဦးသည် နောက်ဆက်တွဲ နှစ်သစ်ကူး အားလပ်ရက်များကို ဖြတ်သန်းခဲ့ကြသည်။
လီယွမ်ပြဇာတ်ရုံသို့ သွားရောက်ကာ ဟွမ်မေပြဇာတ်ကို ကြည့်ရှုကြသည်။ သရေစာ(အစာပြေမုန့်)လမ်းသို့ သွားရောက်ကာ သကြားလုံးေပျာ့များကို ဝယ်ယူကြသည်။ ဝမ်ဖူကျင်း ကုန်တိုက်သို့ သွားရောက်ကာ စျေးဝယ်ထွက်ကြသည်။
နေ့ရက်များသည် ဤကဲ့သို့ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းသွားသည်။
ဤရက်ပိုင်းအတွင်း နေ့စဉ်စာရင်းသွင်းခြင်း များတွင်မူ ရရှိသော အရာများမှာ ငါးကြီးများ၊ ဆန်၊ ဆီ၊ ဆား အစရှိသည်တို့နှင့် အတူ ငွေစက္ကူ အမြောက်အမြားပင် ဖြစ်သည်။
တကယ်တမ်း ထူးခြားသော ဆုလာဘ် တစ်စုံတစ်ရာ ရှိသည်ဟု ဆိုရမည်ဆိုလျှင် ၎င်းမှာ နောင်ခေတ်ကာလမှ ဝမ်ကျန်း ဟူသော သီချင်းတစ်ပုဒ်ကို မှတ်တမ်းတင်ခြင်းမှ ရရှိခဲ့ခြင်းပင် ဖြစ်ပေမည်။
ဤသီချင်းနှင့် ပတ်သက်၍ ချန်ကောဟွားသည် အတော်လေး နှစ်သက်သဘောကျသည်။ သို့သော် မိမိမှာ အဆိုတော်တစ်ဦး မဟုတ်သဖြင့် ဤသီချင်းကို ရရှိထားခြင်းက မည်သည့် အကျိုးကျေးဇူး ရှိမည်နည်း။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အခမဲ့ရရှိခြင်းဖြစ်ရာ မယူဘဲထားလျှင် အလကားဖြစ်သွားမည်ဖြစ်ပြီး တစ်နေ့နေ့တွင် အသုံးပြုရန် လိုအပ်လာနိုင်သည်။ ထိုအရာအပြင် အခြား ထူးခြားမှု တစ်စုံတစ်ရာ မရှိတော့ချေ။
ဤကဲ့သို့ဖြင့် အချိန်ကာလများ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ နှစ်သစ်ကူး အားလပ်ရက်များသည်လည်း တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။ အချိန်သည်လည်း နောက်ဆုံးတွင် အလုပ်ပြန်လည်စတင်ရမည့် နေ့ရက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ပထမဆုံး အလုပ်ဆင်းရမည့်နေ့ ဖြစ်သဖြင့် ချင်ကျင်းယွီသည် စောစီးစွာ ထကာ ချန်ကောဟွားအတွက် မနက်စာကို ပြင်ဆင်ချက်ပြုတ်ပေးသည်။ ဇနီးဖြစ်သူနှင့်အတူ ထမင်းစားသောက်ပြီးစီးသွားသောအခါ သူသည် စက်ဘီးကိုစီးကာ စက်ရုံရှိရာသို့ အမြန်မောင်းနှင်သွားလေတော့သည်။
ရီကျုံးဟိုင်၊ ဟယ်ယွီကျူးနှင့် ရွှီတမောင်း အစရှိသူတို့သည်လည်း စက်ရုံသို့ စောစီးစွာ ရောက်ရှိနေကြသည်။ နှစ်သစ်ကူးပြီးနောက် လူတိုင်းမှာ အလုပ်ဆင်းကာ ငွေရှာလိုစိတ်များ ပြင်းပြနေကြကြောင်း သိသာထင်ရှားလှပေသည်။
ချန်ကောဟွားအတွက်မူ နေ့စဉ်မှတ်တမ်းတင်ခြင်း စနစ်အောက်တွင် သူသည် စားဝတ်နေရေးအတွက် ပူပန်ရန် မလိုတော့ချေ။ စနစ်၏ သိုလှောင်နေရာထဲတွင် သိမ်းဆည်းထားသော ငွေစက္ကူများကို ကြည့်ရုံမျှဖြင့် စက်ရုံမှ ပေးသော လစာအနည်းငယ်ကို သူ အထင်ကြီးမည် မဟုတ်ပေ။ သို့သော်လည်း သူသည် အလုပ်ဆင်းရန် ရွေးချယ်လိုက်ေသးသည်။
ပထမအချက်မှာ အကယ်၍ အလုပ်မသွားပါက စနစ်မှ ပေးအပ်ထားသော ပစ္စည်းအချို့နှင့် ပတ်သက်၍ ရှင်းပြရန် ခက်ခဲသွားမည် ဖြစ်သည်။ အထူးသဖြင့် ဤကာလအတွင်း စနစ်မှ ပေးအပ်ထားသော အရာများမှာ သာမန်ပြည်သူများအနေဖြင့် တစ်သက်လုံး ထိတွေ့ခွင့်ရရန် ခက်ခဲလှသော ပစ္စည်းကောင်းများပင် ဖြစ်သည်။ အကယ်၍ သူတစ်ပါး၏ မနာလိုဝန်တိုမှုကို ခံရကာ တိုင်တန်းခံရမည်ဆိုလျှင် စနစ်ရှိနေသဖြင့် စစ်ဆေးခံရမည်ကို စိုးရိမ်ရန် မလိုသော်လည်း စစ်ဆေးမှုကို ပူးပေါင်းပါဝင်ရခြင်းမှာလည်း အနှောင့်အယှက် တစ်ခုပင် ဖြစ်သည်။
ဒုတိယအချက်မှာ အတိတ်သို့ ပြန်လည်မွေးဖွားလာသူ တစ်ဦးအနေဖြင့် မည်သူက သာမန်လူတစ်ယောက်အဖြစ် တစ်သက်လုံး နေထိုင်သွားလိုမည်နည်း။ ထို့အပြင် ယခုအချိန်တွင် သူသည် ယခင်နှင့် မတူတော့ချေ။
ယခင်က မိသားစု အခြေခံအုတ်မြစ် မရှိခဲ့သဖြင့် ချင်ကျင်းယွီအတွက် သူသည် မည်သည့် အန္တရာယ်ကိုမျှ တာဝန်ယူလိုစိတ် မရှိခဲ့ပေ။ သို့သော် ယခုအခါတွင် မိသားစုဘဝလေးမှာ ပျော်ရွှင်သာယာနေပြီး အတိုင်းအတာတစ်ခုအထိ အရင်းအနှီးလည်း ရှိနေပြီဖြစ်ရာ စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှုတစ်ခု ရရှိရန် ကြိုးစားကြည့်နိုင်ပေသည်။
လက်ရှိ အခြေအနေအရဆိုရလျှင် အလုပ်အကိုင် ကဏ္ဍတွင် ရွေးချယ်စရာ နှစ်ခု ရှိနေသည်။ ပထမတစ်ခုမှာ ပန်းပဲဆရာ ဖြစ်ပြီး ဒုတိယတစ်ခုမှာ ဝယ်ယူရေးဝန်ထမ်း ဖြစ်သည်။
ပန်းပဲဆရာသည် နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်ဖြစ်ပြီး ရာထူးတိုးမြှင့်ရန်အတွက် စာမေးပွဲများကို စဉ်ဆက်မပြတ် ဖြေဆိုရန် လိုအပ်ကာ စာမေးပွဲအောင်မြင်ပြီးနောက်တွင်လည်း လစာအနည်းငယ်သာ တိုးလာမည်ဖြစ်ရာ ဤအလုပ်သည် ချန်ကောဟွားအတွက် ဆွဲဆောင်မှု ကြီးကြီးမားမား မရှိလှချေ။
ဝယ်ယူရေးဝန်ထမ်း အလုပ်မှာမူ လူမှုအသိုင်းအဝိုင်း ဆက်သွယ်ရေးနှင့် စွမ်းဆောင်ရည်အပေါ်တွင် မူတည်နေသည်။
ဟုန်ရှင်းသံမဏိစက်ရုံကို ဥပမာပေးရမည်ဆိုလျှင် အကယ်၍ သင့်လျော်သော ဝယ်ယူရေး အခွင့်အာဏာကို ရရှိမည်ဆိုပါက အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းများ မစတင်မီတွင် သူသည် လုံလောက်သော လူမှုဆက်သွယ်ရေးနှင့် အရင်းအနှီးများကို စုဆောင်းနိုင်မည် ဖြစ်သည်။
ဤအခြေအနေမျိုးတွင် ချန်ကောဟွားသည် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း စက်ရုံရှိ ဝယ်ယူရေးဌာန၏ ထိပ်တန်းတာဝန်ခံ…တနည်းအားဖြင့် ဝယ်ယူရေးဌာနမှူး ဖြစ်လာရန် လိုအပ်ပေသည်။
သေချာသည်က ဝယ်ယူရေးဌာနမှူး ဖြစ်လာရန်မှာ စကားတစ်ခွန်း ပြောလိုက်ရုံမျှဖြင့် မရိုးရှင်းလှပေ။ အကြောင်းမှာ ယခင်က သူသည် စက်ရုံ၏ ဝယ်ယူရေးဝန်ထမ်း ဖြစ်သည်ဟု ဆိုခဲ့သော်လည်း တကယ်တမ်းတွင် အမည်ခံသက်သက်သာ ဖြစ်ပြီး ဝယ်ယူရေးဌာနက သူ့ကို လုံးဝ အသိအမှတ် မပြုထားသောကြောင့် ဖြစ်သည်။
သို့သော် ချန်ကောဟွားသည် လုံရှောင်းအဲ့နှင့် တွေ့ဆုံပြီးနောက်တွင်မူ ရင်ထဲ၌ အကြံအစည်တစ်ခု ရှိလာသည်။ သူသည် လုံရှောင်းအဲ့ထံမှတစ်ဆင့် စတင်လုပ်ဆောင်ရန် ဆန္ဒရှိနေသည်။ ၎င်းမှာ တစ်ဖက်လူသည် ဒါရိုက်တာ၏ သမီးဖြစ်နေခြင်းကြောင့်သာမက သူမသည် ဟောင်ကောင်နှင့် ပြည်တွင်း၌ပါ အရင်းအမြစ်မြောက်မြားစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ဤသည်မှာ သူသည် သားမွေးအင်္ကျီအား လုံရှောင်းအဲ့ကို ငှားရမ်းလိုရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
လုံရှောင်းအဲ့နှင့် ရင်းနှီးကျွမ်းဝင်အောင် နေထိုင်ခြင်းဖြင့် လူမှုဆက်သွယ်ရေးဖြစ်စေ၊ လုပ်ငန်းခွင်ရပ်တည်မှုဖြစ်စေ လုံမိသားစုတွင် အလုံးစုံ ပြည့်စုံစွာ ရှိနေပေသည်။
လုံရှောင်းအဲ့မှတစ်ဆင့် သူမ၏ ဖခင်နှင့်ပါ သိကျွမ်းခွင့်ရမည်ဆိုပါက စီးပွားရေးလုပ်ငန်း လမ်းကြောင်းမှာ သေချာပေါက် ဆိုးရွားမည် မဟုတ်ပေ။ အကြောင်းမှာ လုံမိသားစု၏ အသိအမှတ်ပြုမှုကို ရရှိရန်သာ လိုအပ်သောကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်လာပါက လူ့အသိုင်းအဝိုင်းအတွင်းရှိ အစစ်အမှန် အင်အားကြီးသော ပုဂ္ဂိုလ်ကြီးများနှင့် ထိတွေ့ဆက်ဆံခွင့် ရလာမည်ဖြစ်သည်။ ဤသို့ဖြစ်လာပါက စီးပွားရေးလုပ်ငန်း စတင်တည်ထောင်ခြင်း အစရှိသည်တို့မှာ အလွန်ပင် ဖြေရှင်းရ လွယ်ကူသွားမည် ဖြစ်သည်။
မူရင်းဇာတ်လမ်းထဲမှ ရွှီတမောင်းကိုပင် ဥပမာပေးရမည်ဆိုလျှင် ရွှီတမောင်းသည် ကိုယ်ကျင့်တရား ပျက်ပြားပြီး စွမ်းဆောင်ရည် နိမ့်ကျကာ ပေကျင်းမြို့ရှိ အောက်ခြေလူတန်းစား တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။ သို့သော် သူသည် လုံရှောင်းအဲ့ကို လက်ထပ်လိုက်ခြင်းကြောင့်ပင် သူ၏ နေ့ရက်များသည် တောက်ပ ထွန်းလင်းလာသည်။
သိထားရမည်မှာ ရွှီတမောင်းသည် ရီကျုံးဟိုင်၏ တပည့်ဖြစ်သော်လည်း ရုပ်ရှင်ပြသမား တစ်ဦးဖြစ်ကာ သူ၏ ရုပ်ရှင်ပြသမား လစာကို သံမဏိစက်ရုံမှ ပေးချေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ပြဿနာတစ်ခု ပေါ်လာပြီဖြစ်သည်။
သံမဏိစက်ရုံတွင် အဘယ်ကြောင့် သူတစ်ဦးတည်းသာ ရုပ်ရှင်ပြသမား ဖြစ်နေရသနည်း။ အဘယ်ကြောင့် သူသည် ရုပ်ရှင်ပြသမားဖြစ်လျက်နှင့် တောရွာများသို့ မကြာခဏ သွားရောက်ကာ ရုပ်ရှင်ပြသရသနည်း။ ဤအရာအားလုံးသည် စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီကြောင်း သိသာထင်ရှားလှပေသည်။
ဟုန်ရှင်းသံမဏိစက်ရုံမှ ခေါင်းဆောင်တစ်ဦးက ခွင့်ပြုချက်ပေးထားခြင်းမှလွဲ၍ အခြားမဖြစ်နိုင်ပေ။ ထိုသို့မဟုတ်ပါက ရွှီတမောင်းအနေဖြင့် နေရာအနှံ့ တောရွာများသို့ သွားရောက်ကာ ရုပ်ရှင်ပြသရန် အခွင့်အာဏာ မရှိချေ။
သိထားရန်မှာ ရုပ်ရှင်ကြည့်လိုသော တောရွာများမှာ အလွန်များပြားလှသော်လည်း စက်ရုံအတွင်းရှိ ရုပ်ရှင်ပြသမားမှာ ရွှီတမောင်း တစ်ဦးတည်းသာ ရှိသည်။ ထို့အပြင် ဝေးလံခေါင်ဖျားသော တောရွာများ၊ ရုပ်ရှင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော နေရာများ ဖြစ်လေလေ၊ ထိုအထဲမှ ရရှိနိုင်သော အကျိုးအမြတ်များမှာ ပိုမို များပြားလေလေပင် ဖြစ်သည်။
ဤကဲ့သို့ အကျိုးအမြတ်များသော အလုပ်မျိုးသည် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်သော ရွှီတမောင်း၏ ခေါင်းပေါ်သို့ မည်သို့လျှင် ကျရောက်လာရသနည်း။ နောက်ကွယ်တွင် လူမှုဆက်သွယ်ရေး အသိုင်းအဝိုင်း မရှိဘဲနှင့် မည်သို့မျှ ရှင်းပြ၍ မရနိုင်ချေ။ သေချာသည်ကတော့ ဤအရာအားလုံးသည် မူရင်း ဇာတ်သွားအရ ကြည့်ရှုသုံးသပ်ခြင်းသာ ဖြစ်သည်။
လက်ရှိအခြေအနေတွင် ရွှီတမောင်းနှင့် လုံရှောင်းအဲ့တို့သည် လက်ထပ်ထားခြင်း မရှိသေးသဖြင့် ရွှီတမောင်းမှာ ဆင်းရဲမွဲတေနေပြီး ခြံဝင်းအတွင်း၌ ချန်ကောဟွားအား နည်းလမ်းမျိုးစုံဖြင့် မျက်နှာချိုသွေးနေခြင်း ဖြစ်သည်။
လက်ရှိ ချန်ကောဟွားအကြောင်းကို ပြန်ပြောရမည်ဆိုလျှင် ခြံဝင်းကြီးအတွင်းမှ ထွက်ခွာလာပြီးနောက် သူသည် စက်ဘီးကိုစီးကာ သံမဏိစက်ရုံသို့ ရောက်ရှိလာသည်။ စက်ရုံသို့ ရောက်ရှိပြီးသည်နှင့် တစ်ပြိုင်နက် အပြာရောင် အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားသော အလုပ်သမားအုပ်စုများသည် စက်ရုံအတွင်းသို့ စည်းစနစ်တကျ ဝင်ရောက်လာကြသည်ကို တွေ့ရသည်။
ထိုအထဲတွင် အသက်ကြီးအလုပ်သမားများဖြစ်စေ၊ အသက်မကြီးလှသေးသော အလုပ်သမားသစ်များဖြစ်စေ ချန်ကောဟွား စီးနင်းလာသော စက်ဘီးကို မြင်တွေ့လိုက်ရသောအခါ သူတို့အားလုံး၏ မျက်ဝန်းများထဲတွင် အားကျမှုအရိပ်အယောင်များ ပေါ်လွင်လာကြသည်။
ချန်ကောဟွားသည် ငယ်ရွယ်စဉ်မှာပင် ကိုယ်ပိုင် ၂၈ လက်မ စက်ဘီးတစ်စီးကို ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားလှသဖြင့် လူအများမှာ အားကျခြင်းမှလွဲ၍ အခြားသော ခံစားချက်များ မရှိကြတော့ချေ။
"အစ်ကိုဟွား"
"အစ်ကိုကောဟွား"
ချန်ကောဟွား စက်ဘီးကို ရပ်နားပြီးနောက် သူနှင့် ရင်းနှီးသော အလုပ်သမားညီအစ်ကို အချို့က သူ့အား နွေးထွေးစွာ နှုတ်ဆက်ကြသည်။ ချန်ကောဟွားသည် ခြံဝင်းကြီးအတွင်းရှိ တိရစ္ဆာန်များနှင့် အလွန်တရာ အပြင်းအထန် တိုက်ခိုက်နေရသော်လည်း စက်ရုံအတွင်း၌မူ အလွန်ပင် သဘောထားကြီးလှပေသည်။
လုပ်ဖော်ကိုင်ဖက်များကို စားသောက်ဆိုင်သို့ မကြာခဏ ခေါ်ဆောင်သွားလေ့ရှိပြီး အလုပ်သမားအသစ်များကိုလည်း စက်ရုံ၏ လူနေမှုဘဝနှင့် အလျင်အမြန် ရင်းနှီးကျွမ်းဝင်လာစေရန် သင်ကြားပြသပေးလေ့ရှိသည်။
ချန်ကောဟွား၏ အမြင်အရ ဆိုရလျှင် ခြံဝင်းကြီးအတွင်းရှိ တိရစ္ဆာန်များကို ကူညီခြင်းမှာ မိမိကိုယ်ကို အသက်တိုစေခြင်းပင် ဖြစ်သည်၊ အကြောင်းမှာ သူတို့သည် ကျေးဇူးတင်မည် မဟုတ်သည့်အပြင် ကွယ်ရာတွင်ပင် ကျိန်ဆဲကြမည်ဖြစ်ပြီး မိမိအား လူမိုက်တစ်ဦးကဲ့သို့ သဘောထားကာ ခေါင်းပုံဖြတ်ကြမည် ဖြစ်သောကြောင့်ပင်ဖြစ်သည်။
သို့သော် စက်ရုံအတွင်း၌မူ ကွာခြားလှပေသည်။ လူတိုင်းသည် အတူတကွ အလုပ်လုပ်ကိုင်နေကြသော လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြရာ မည်သူ့မိသားစုတွင် အခက်အခဲရှိသည်ဖြစ်စေ အကူအညီပေးရန် ဆန္ဒရှိကြသည်။
ထို့အပြင် ယခင်က မိမိ အောင်မြင်မှုမရရှိမီအချိန်က စာမေးပွဲဖြေဆို၍ လစာတိုးရန် ကြိုးစားခဲ့စဉ်ကလည်း အလုပ်သမား သူငယ်ချင်းများက များစွာ ကူညီပေးခဲ့ကြသည်။ ထို့ကြောင့် ဤလူများနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားခြင်းသည် မိမိအတွက် အကျိုးရှိလှပေသည်။
သို့ဖြစ်၍ ချန်ကောဟွားသည်လည်း ပြုံးလျက် ရင်းနှီးသော အလုပ်သမားသူငယ်ချင်းများအား ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ခေါင်းညိတ်ပြပြီးနောက် သူသည် အလုပ်သမားသူငယ်ချင်းများနှင့်အတူ အလုပ်ခွင်သို့ မသွားဘဲ စက်ရုံ၏ ဝယ်ယူရေးဌာနသို့ သွားရောက်ကာ ဝယ်ယူရေး လုပ်ငန်းစဉ်များကို ရင်းနှီးကျွမ်းဝင်စေရန် လေ့လာလိုသည်။
ဝယ်ယူရေးဌာနသို့ ရောက်ရှိပြီးနောက် အလုပ်နေရာကို ရှာဖွေကာ ထိုင်လိုက်ပြီးနောက် ချန်ကောဟွားသည် အလုပ်များကို စတင်လုပ်ဆောင်လေတော့သည်။
ဝယ်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ မထိတွေ့ခဲ့ဖူးသဖြင့် လုပ်ငန်းစဉ်များကို ရင်းနှီးကျွမ်းဝင်စေရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
စိတ်ငြိမ်စွာဖြင့် အလုပ်လုပ်ကိုင်နေသော အခြေအနေသို့ ရောက်ရှိသွားသောအခါတွင်မူ အချိန်ကုန်လွန်သွားခြင်းကို သတိမထားမိရန် အလွန်ပင် လွယ်ကူလှပေသည်။ ဤသို့ဖြင့် ချက်ချင်းပင် ထမင်းစားချိန်သို့ ရောက်ရှိသွားသည်။
လုပ်ဖော်ကိုင်ဖက်များသည်လည်း စားသောက်ခန်းမသို့ တန်းစီကာ ထမင်းစားရန် သွားရောက်ကြသည်။ လူတိုင်း၏ လက်ထဲတွင် သံဘူးတစ်ဘူးစီ ကိုင်ဆောင်ထားကြပြီး အလုပ်ပြန်လည်စတင်သော ပထမဆုံးနေ့၏ အစားအသောက်များကို မျှော်လင့်နေကြသည်။
အကယ်၍ ယခင်ကဆိုလျှင်မူ ချန်ကောဟွားသည်လည်း လူအုပ်ကြီးနှင့်အတူ စားသောက်ခန်းမသို့ ထမင်းစားရန် လိုက်ပါသွားမည် ဖြစ်သည်။ သို့သော် အသားငါး ဟင်းကောင်းများကို စားသုံး၍ အလေ့အကျင့်ဖြစ်နေသော သူသည် စားသောက်ခန်းမမှ ရိုးရှင်းသော ထမင်းဟင်းများကို မည်သို့လျှင် အကျွမ်းတဝင် စားသုံးနိုင်မည်နည်း။
သိထားရန်မှာ စားသောက်ခန်းမ၏ အကောင်းဆုံး အစားအစာဆိုသည်မှာ ဂျုံပေါက်စီနှင့် မုန်ညင်းဖြူအရွက် အနည်းငယ်မျှသာ ဖြစ်သည်။ ဝက်သားနှင့် ပတ်သက်၍ ဆိုရလျှင် ဝက်မွှေးတစ်ပင်ပင် ရှိမည်မထင်ချေ။
ချန်ကောဟွားအတွက်မူ စနစ်၏ သိုလှောင်နေရာအတွင်း၌ ဇနီးဖြစ်သူ ချင်ကျင်းယွီ ချက်ပြုတ်ပေးထားသော မေတ္တာပါသည့် နေ့လယ်စာကို ထည့်သွင်းထားသည်။
နေ့လယ်စာတွင် ဝက်သားကင်၊ ခြင်္သေ့ခေါင်းလုံးကြော်(နာမည်သက်သက်)၊ ဟင်းသီးဟင်းရွက်ကြော်နှင့် အလွန်ချိုမြိန်သော ကြက်သားဟင်းချိုတစ်ပွဲတို့ ပါဝင်သည်။ စက်ရုံမှူး စားသုံးရသော အစားအစာထက်ပင် ပို၍ ကောင်းမွန်နေသေးသည်။
ထိုအခြေအနေမျိုးတွင် ချန်ကောဟွားသည် သဘာဝကျစွာပင် စားသောက်ခန်းမသို့ သွားရောက်စားသောက်လိုစိတ် မရှိတော့ဘဲ ရုံးခန်းအတွင်း၌ တစ်ဦးတည်း စားသောက်နေလေတော့သည်။
ဆယ်မိနစ်ခန့် ကုန်လွန်သွားပြီးနောက် ချန်ကောဟွား စားသောက်၍ပြီးလုနီးပါး အချိန်တွင် တံခါးဝမှ အလောတကြီး တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းပင် မိန်းကလေးတစ်ဦးသည် ခေါင်းပြူထွက်လာကာ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရှုပြီးနောက် ချန်ကောဟွားကို သတိထားမိသွားသည်။ ထို့နောက် ဗိုက်ကို ဖိထားကာ အော်ဟစ်လိုက်သည်။
"ရဲ…ရဲဘော်"
တစ်ဖက်လူ၏ အသံမှာ အလွန်ပင် အလျင်လိုနေပြီး နာကျင်နေသည့် အရိပ်အယောင်များကိုလည်း ကြားသိနိုင်သည်။ ချန်ကောဟွားသည် အနည်းငယ် စူးစမ်းလိုစိတ်ဖြစ်ပေါ်သွားကာ ခေါင်းလှည့်၍ တစ်ချက် ကြည့်လိုက်သည်။
တစ်ဖက်လူကို မြင်တွေ့လိုက်ရသော နောက်တစ်စက္ကန့်တွင် သူသည် အံ့အားသင့်သွားပြီးနောက် သူ၏ ဦးနှောက်ထဲတွင် တစ်ဖက်လူ၏ နာမည် ပေါ်လာသည်။
ယွီဟိုင်ထန်…
ရာထူးမှာ ဟုန်ရှင်းသံမဏိစက်ရုံ၏ အသံလွှင့်ကြေညာသူ ဖြစ်သည်။ မူရင်းဇာတ်လမ်းထဲတွင် ယွီဟိုင်ထန်သည် ထင်ရှားကျော်ကြားမှု မရှိလှသော်လည်း သူမ၏ အစ်မဖြစ်သူ ယွီလီမှာမူ တတိယဦးလေး၏ ချွေးမဖြစ်ရာ ထင်ရှားကျော်ကြားမှုမှာ မနိမ့်ကျလှပေ။
မူရင်းဇာတ်လမ်းထဲတွင် ယွီလီနှင့် ယန်ကျဲ့ချန်တို့ နှစ်ဦးသည် ဖက်စပ်လုပ်ငန်းအဖြစ် စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး ဟယ်ယွီကျူးကိုပင် စားဖိုမှူးအဖြစ် ငှားရမ်းခဲ့သည်။
စားသောက်ဆိုင် စတင်ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက် ဟယ်ယွီကျူး၏ ဟင်းချက်လက်ရာကြောင့် စီးပွားရေးမှာ အတော်လေး ကောင်းမွန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဟယ်ယွီကျူးအား ပေးရသော လစာမှာ အလွန်များပြားလွန်းသည်ဟု ထင်မြင်လာသဖြင့် ဟယ်ယွီကျူး၏ တပည့်ဖြစ်သူ မာဟွားအား စည်းရုံး သိမ်းသွင်းခဲ့ကြသည်။ တပည့်ကို သင်ပေးပြီး ဆရာကို ငတ်သေစေမည့် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြသည်။
နောက်ဆုံးတွင် စားသောက်ဆိုင်မှ စားသုံးသူများသည် အရသာပြောင်းလဲသွားကြောင်း သိရှိသွားကြသဖြင့် စီးပွားရေးမှာ တစ်ရှိန်ထိုး ကျဆင်းသွားခဲ့ပြီးနောက် မျက်နှာပြောင်တိုက်ကာ ဟယ်ယွီကျူး၏ ခွင့်လွှတ်မှုကို သွားရောက် တောင်းခံခဲ့ကြသည်။
ယွီလီတို့ ဇနီးမောင်နှံနှစ်ဦး၏ အသုံးပြုပြီးနောက် လွှင့်ပစ်တတ်သော လုပ်ရပ်ကြောင့် စာသုံးသူအများအပြားသည် ယွီလီတို့ ဇနီးမောင်နှံအပေါ် အမြင်မကြည်လင်ခဲ့ကြပေ။ သို့သော် ရိုးသားဖြူစင်သော ယွီဟိုင်ထန်အပေါ်တွင်မူ မကောင်းသော အမြင်မျိုး မရှိခဲ့ကြချေ။
ဤအရာများကို ပြန်လည်စဉ်းစားမိပြီးနောက် ချန်ကောဟွားသည် တူများကို ချထားလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့်
"မင်း ဘာကိစ္စရှိလို့လဲ" ဟု မေးမြန်းလိုက်သည်။
ယွီဟိုင်ထန်သည်လည်း စကားရှည်မနေတော့ဘဲ ချန်ကောဟွားအား သနားစဖွယ် မျက်လုံးများဖြင့် ကြည့်ကာ
"ရဲဘော်၊ ငါ…ငါ့ခန္ဓာကိုယ်က သိပ်နေလို့မကောင်းဘူး၊ ငါ့ကို နည်းနည်းလောက် ကူညီပေးလို့ရမလား" ဟု တောင်းဆိုလိုက်သည်။
ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချန်ကောဟွားသည်လည်း ယွီဟိုင်ထန်၏ ထူးခြားနေသော အခြေအနေကို သတိပြုမိသွားသည်။
မျက်စိရှေ့ရှိ သူမ၏ နှုတ်ခမ်းများမှာ ခြောက်သွေ့နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေကာ လက်ဖြင့် ဗိုက်ကို ဖိထားသဖြင့် အလွန်တရာ နာကျင်နေပုံပေါ်သည်။ ဦးနှောက်သုံး၍ စဉ်းစားစရာပင်မလိုချေ။ သူမ၏ လစဉ်ဓမ္မတာေကြာင့် ဖြစ်နိုင်ကြောင်းကို သိရှိနိုင်ပေသည်။
ချန်ကောဟွားသည် စိတ်ပျက်အားငယ်သွားရသည်။ သူသည် အမျိုးသမီးရောဂါကု ဆရာဝန်တစ်ဦး မဟုတ်သကဲ့သို့ ယွီဟိုင်ထန်၏ ချစ်သူရည်းစားလည်း မဟုတ်ချေ။ ထို့အပြင် ဤနေရာမှာ အများပြည်သူနှင့် သက်ဆိုင်သော နေရာတစ်ခုဖြစ်ရာ မိမိကဲ့သို့ ယောက်ျားကြီးတစ်ယောက်အနေဖြင့် မည်သို့လျှင် ကူညီပေးနိုင်မည်နည်း။
ချန်ကောဟွားက တွေဝေနေစဉ်မှာပင် ယွီဟိုင်ထန်သည် သည်းမခံနိုင်တော့သည့်အလား လက်ညှိုးဖြင့် ညာဘက်သို့ ညွှန်ပြလိုက်သည်။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ချန်ကောဟွားမှာ မှင်တက်သွားရပြီးနောက် အံ့သြတကြီးဖြင့် အော်ဟစ်မိလေတော့သည်။
"ဘာ…ရဲဘော်…မင်းက ငါ့ကို မိန်းမအိမ်သာထဲ အတူလိုက်ခဲ့ဖို့ ခေါ်နေတာတော့ မဟုတ်ပါဘူးနော်”