အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း ၇၅
ချန်ကောဟွား၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ယွီဟိုင်ထန်၏ ပါးပြင်နှစ်ဖက်သည် ချက်ချင်းပင် ရှက်သွေးဖြာသွားသည်။ ထိုအခါမှသာ သူမ၏စကားတွင် အဓိပ္ပာယ် ကွဲလွဲနိုင်စရာ ရှိနေကြောင်း သူမ သတိပြုမိသွားသည်။ ထို့နောက် အလျင်အမြန်ပင် ရှင်းပြလေတော့သည်။
"ရဲဘော်…တခြား အသံလွှင့်ကြေညာသူတွေလည်း မရှိကြဘူး၊ ငါ တကယ် နည်းလမ်းမရှိတော့လို့ပါ၊ နင် ငါ့ကို အလုပ် အစားဝင်လုပ်ပေးဖို့ အကူအညီတောင်းချင်လို့ပါ၊ ကဗျာလေးတစ်ပုဒ်လောက် ကူပြီး အသံလွှင့်ပေးဖို့ပါပဲ၊ ဒါက စက်ရုံမှူး အပ်နှင်းထားတဲ့ တာဝန်ပါ၊ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က ရုတ်တရက် နေလို့မကောင်းဖြစ်သွားလို့ တကယ်ကို အသံမလွှင့်နိုင်တော့လို့ပါ၊ ဒါကြောင့် နင် ငါ့ကို ကူညီပေးနိုင်မလား"
ဤစကားကို ကြားလိုက်ရပြီးနောက် ချန်ကောဟွားလည်း သဘောပေါက်သွားလေတော့သည်။ အသံလွှင့်ရုံသည် ဝယ်ယူရေးဌာန၏ ဘေးတွင်ရှိနေပြီး မိမိအနေဖြင့် ယွီဟိုင်ထန်အပေါ် အထင်လွဲမှားသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အထင်လွဲမှားမှုမှာ ဖြေရှင်းနိုင်ခဲ့လေပြီ။
မိန်းမအိမ်သာသို့ လိုက်သွားပြီး ကူညီရမည်ထက်စာလျှင် ကဗျာရွတ်ဆိုပေးရခြင်းက များစွာ သက်သာလှသည်။
သေချာသည်မှာ ချန်ကောဟွားသည် ဟယ်ယွီကျူးကဲ့သို့ ရုပ်ရည်ချောမောသော အမျိုးသမီးများကို တွေ့သည်နှင့် သနားကြင်နာစိတ်များ ယိုဖိတ်လာတတ်သူမျိုး မဟုတ်ချေ။ ထို့အစား ၎င်းမှာ အခွင့်အရေးတစ်ခု ဖြစ်နိုင်ကြောင်း သူ ရုတ်တရက် သတိပြုမိသွားခြင်းကြောင့်ပင် ဖြစ်သည်။
သိထားရန်မှာ အသံလွှင့်ဌာနသည် စက်ရုံ၏ ဝါဒဖြန့်ချိရေးဌာန ဖြစ်သည်။ မိမိအနေဖြင့် ဝယ်ယူရေးကဏ္ဍကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် နေရာအသီးသီးမှ ခေါင်းဆောင်များနှင့် သေချာပေါက် သိကျွမ်းထားရန် လိုအပ်သည်။
အခြားအရာများကို မဆိုထားနှင့်၊ စက်ရုံအတွင်းရှိ ခေါင်းဆောင်များကို ဥပမာပေးရမည်ဆိုလျှင် သူက တစ်ဖက်လူအား ဤအကူအညီကို ပေးလိုက်ပါက နောက်ပိုင်း သူမ အသံလွှင့်သည့်အခါ သူ၏ နာမည်ကို ရည်ရွယ်၍ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲဖြစ်စေ ထည့်သွင်းပြောဆိုလာနိုင်သည်။ ထိုသို့ဆိုလျှင် ခေါင်းဆောင်များ၏ သတိပြုမိခြင်းကို ခံရနိုင်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အသံလွှင့်ဌာနဆိုသည်မှာ ဝါဒဖြန့်ချိရန်အတွက် အသုံးပြုသော နေရာတစ်ခုပင် ဖြစ်သည်။ ကဗျာတစ်ပုဒ်ကို ထွက်၍ ရွတ်ဆိုခြင်းဖြင့် စက်ရုံရှိ အလုပ်သမားများ၏ စိတ်နေသဘောထားကို ပြုစုပျိုးထောင်ပေးနိုင်သည်။ အခြားသော လုပ်ဆောင်ချက်တစ်ခုမှာ အလုပ်တွင် ထူးချွန်စွာ လုပ်ဆောင်နိုင်သော အလုပ်သမားများအား ဂုဏ်ပြုချီးကျူးရန်ပင် ဖြစ်သည်။
သူကဲ့သို့ အဆင့်သုံး စက်ပြင်ပညာရှင် (ဖစ်တာ)တစ်ဦးအနေဖြင့် အတွေ့အကြုံနှင့် သက်တမ်းအရ ရီကျုံးဟိုင်ကဲ့သို့သော သက်ကြီးအလုပ်သမားများကို မယှဉ်နိုင်ချေ။ လစာကိုသာ ယူပြီး မည်သည့်အလုပ်မျှ မလုပ်သော ဝယ်ယူရေးဝန်ထမ်း တစ်ဦးအနေဖြင့် ဆိုရလျှင်မူ ဂုဏ်ပြုချီးကျူးခံရရန်ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ထို့ကြောင့် ယခုအချိန်တွင် ယွီဟိုင်ထန်နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားပြီး သူမအား သူ၏ ကျေးဇူးကို ခံယူစေမည်ဆိုပါက စက်ရုံအတွင်းရှိ ဝယ်ယူရေး အခွင့်အာဏာကို ရယူနိုင်ရန် များစွာ အထောက်အကူ ဖြစ်စေနိုင်သည်။
ဤအရာအားလုံးကို နားလည်သဘောပေါက်သွားပြီးနောက် ချန်ကောဟွားက ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"စိတ်ချပါ… ဒီအကူအညီကို ငါပေးပါ့မယ်၊ ဒါပေမဲ့ ငါ သေချာ မရွတ်နိုင်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့နော်"
ချန်ကောဟွားမှ ကူညီရန် ဆန္ဒရှိကြောင်း ကြားလိုက်ရသဖြင့် ယွီဟိုင်ထန်၏ ဖြူရော်နေသော မျက်နှာပေါ်တွင်လည်း အပြုံးရိပ်အချို့ ပေါ်လွင်လာသည်။ ထို့နောက် သူမက
"ရဲဘော်၊ ငါက နင့်ကို ကျေးဇူးတင်လို့တောင် မဆုံးနိုင်သေးတာ၊ ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ၊ အော် ဒါနဲ့ စာမူက ဒီမှာပါ၊ နောက်ထပ် နှစ်မိနစ်နေရင် အသံလွှင့်ရတော့မယ်၊ နင် ခဏနေရင် ဒါကို ကြည့်ပြီး ဖတ်လိုက်ရုံပါပဲ" ဟု ပြောသည်။
ထိုသို့ပြောဆိုပြီးနောက် စာမူကို ချထားသည်။ ယွီဟိုင်ထန်လည်း ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ မိန်းမအိမ်သာဆီသို့ အလောတကြီး အမြန်သွားလေတော့သည်။
ချန်ကောဟွားသည်လည်း များစွာ စဉ်းစားမနေတော့ဘဲ တစ်ဖက်လူ ပေးထားခဲ့သော စာမူကို ယူကာ အသံလွှင့်ဌာနဆီသို့ လျှောက်သွားသည်။
အသံလွှင့်ဌာနသို့ ရောက်ရှိလာပြီးနောက် ချန်ကောဟွားသည် အသံလွှင့်ရမည့် နေရာတွင် ဝင်ထိုင်လိုက်သည်။ သို့သော် ယွီဟိုင်ထန် ပေးထားခဲ့သော စာမူကို ဖွင့်ကြည့်လိုက်သောအခါ သူ လုံးဝ ကြက်သေသေသွားရလေတော့သည်။
အကြောင်းမှာ 'ငါ့အမိမြေကိုငါချစ်တယ်' ဟူသော ခေါင်းစဉ်ကိုသာ ရှင်းလင်းစွာ မြင်ရပြီး နောက်ပိုင်းရှိ ကဗျာစာသားများမှာ နောက်ရောက်လေလေ လက်ရေးမှာ ဖတ်ရခက်လေလေ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
လစဉ်ဓမ္မတာ ရောက်ရှိလာခြင်းမှာ အလွန် အလျင်လိုနေပုံရသဖြင့် စာလုံးများ ရေးသားရာတွင်လည်း ပို၍ ဖရိုဖရဲ ဖြစ်နေခြင်း ဖြစ်ပေမည်။ သို့ရာတွင် အကြောင်းရင်းကို သိရှိရသော်လည်း မည်သည့်အရာ ရေးသားထားမှန်းပင် ရှင်းလင်းစွာ မမြင်ရပါက သူ့အနေဖြင့် မည်သို့ ဖတ်ရွတ်ရမည်နည်း။
အထူးသဖြင့် ယခုအချိန်တွင် အသံလွှင့်ရမည့် အစီအစဉ်အတွက် စက္ကန့်နှစ်ဆယ်သာ လိုတော့သည်။ အကယ်၍ အသံလွှင့်ရမည့် အချိန်သို့ ရောက်ရှိသွားပြီး စကားတစ်ခွန်းမျှပင် မဟနိုင်ပါက သေချာပေါက် အလုပ်တာဝန် ပျက်ကွက်မှုတစ်ရပ် ဖြစ်သွားပေမည်။
မိမိ၏ ရာထူးနေရာနှင့် အသံလွှင့်ခြင်းမှာ မသက်ဆိုင်သော်လည်း ယွီဟိုင်ထန် အနေဖြင့် မိမိအား အားကိုး၍မရသူ တစ်ဦးအဖြစ် သတ်မှတ်သွားမည်မှာ သေချာလှသည်။ အကယ်၍ တကယ်သာ ထိုသို့ဖြစ်သွားပါက မိမိ၏ အကြံအစည်များ ပျက်စီးသွားရတော့မည် ဖြစ်သည်။
မျက်စိရှေ့ရှိ အနီရောင်အဝတ်ဖြင့် ပတ်ထားသော မိုက်ခရိုဖုန်းကို ကြည့်ရင်း ချန်ကောဟွား၏ မျက်မှောင်များမှာ အလိုအလျောက် ကျုံ့ဝင်သွားသည်။
ထို့နောက် ပြဿနာကို ဖြေရှင်းမည့် နည်းလမ်းကို ဦးနှောက်ထဲတွင် တွေးတောစဉ်းစားနေသည်။ သို့သော် ပို၍ စဉ်းစားလေလေ မျက်မှောင်များ ပို၍ ကျုံ့ဝင်လာလေလေပင် ဖြစ်သည်။
အတိတ်ဘဝက သူသည် ကဗျာလင်္ကာများကို မနှစ်သက်ခဲ့ချေ၊ အမိမြေကို ချစ်မြတ်နိုးသည့် အမျိုးအစား ကဗျာများဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ၊ သူ၏ ခေါင်းထဲတွင် တစ်ပုဒ်မျှပင် အရန်သင့် ရှိမနေခဲ့ချေ။
နေပါဦး…အမိမြေကို ချစ်မြတ်နိုးသည့် ကဗျာဟုတ်လား
ချန်ကောဟွား၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။ အမိမြေကို ချစ်မြတ်နိုးသည့် ကဗျာ မရှိလျှင် အမိမြေကို ချစ်မြတ်နိုးသည့် သီချင်းအဖြစ် ပြောင်းလဲလိုက်၍ ရပေသည်။
ထိုအခြေအနေကို စဉ်းစားမိပြီးနောက် ချန်ကောဟွားသည် ဉာဏ်အလင်းပွင့်သွားကာ မကြာသေးမီက မှတ်တမ်းတင်ခြင်းမှ ရရှိခဲ့သော 'ဝမ်ကျန်း' သီချင်းကို ရုတ်တရက် သတိရသွားသည်။
အတိတ်ဘဝက ထိုသီချင်းသည် ထွက်ရှိပြီးသည်နှင့် တစ်ပြိုင်နက် အင်တာနက် ကွန်ရက်တစ်ခုလုံးတွင် အလွန်ရေပန်းစားခဲ့သော သီချင်းတစ်ပုဒ် ဖြစ်သည်။ အထူးသဖြင့် သီချင်းစာသားများ၏ စာပေအရေးအသား အဆင့်အတန်းမှာ အလွန် မြင့်မားလှသည်။
ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို ဖြေရှင်းရန်အတွက် အသုံးပြုခြင်းသည် မည်သည့် ပြဿနာမျှ ရှိမည်မဟုတ်ပေ။ ဤသို့ တွေးမိသည်နှင့် ချန်ကောဟွားသည် စနစ်၏ သိုလှောင်နေရာထဲမှ 'ဝမ်ကျန်း' ကို ချက်ချင်း ထုတ်ယူလိုက်သည်။
'ဝမ်ကျန်း' ဟူသော ဤသီချင်းသည် ကျော်ကြားသော အဆိုတော် လီယွီကန်း သီဆိုထားသော သီချင်းတစ်ပုဒ် ဖြစ်သည်။ ဤသီချင်းသည် လေးနက်သော ခံစားချက်များဖြင့် လူတို့၏ ရင်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်ပြီး နားထောင်ပြီးပါက လူတို့အား သွေးဆူလာစေသည့် အကောင်းဆုံး လက်ရာတစ်ခုပင် ဖြစ်သည်။
သီချင်းစာသားများမှာ လှပတင့်တယ်ရုံသာမက အချိတ်အဆက်လည်း မိလှသည်။ အထူးသဖြင့် စာသားများအကြားတွင် အမိမြေ၏ ကြီးမြတ်မှုကို ချီးမွမ်းဂုဏ်ပြုထားပြီး မျိုးချစ်စိတ်ဓာတ်ကို အပြည့်အဝ ဖော်ကျူးထားသည်။
လူတိုင်းအား ဟွာရှား(တရုတ်)လူမျိုးတို့၏ ယုံကြည်ချက်ကို ရှင်းလင်းစွာ ပြသထားပြီး သီချင်းထွက်ရှိလာသည်နှင့် တစ်ပြိုင်နက် နားဆင်သူ အများအပြားက ချီးမွမ်းပြောဆိုခဲ့ကြသည်။ နားထောင်ပြီးနောက် မျက်ရည်များ ဝဲတက်လာရုံသာမက ရင်ထဲတွင် လူမျိုးရေး ဂုဏ်ယူဝင့်ကြွားမှုနှင့် မျိုးချစ်စိတ်ဓာတ် အပြည့်အဝ ကိန်းအောင်းသွားသည် ဟူ၍ပင်ဖြစ်သည်။
အတွေးများကို ရှင်းလင်းစွာ စုစည်းပြီးနောက် မိုက်ခရိုဖုန်းရှေ့ရှိ ချန်ကောဟွားသည် လည်ချောင်းကို ရှင်းလိုက်ပြီး စက်ရုံရှိ အလုပ်သမားများ ခဏနေလျှင် ရှင်းလင်းစွာ ကြားနိုင်စေရန် သူ၏ လေသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
အသံလွှင့်ချိန် စတင်လာရန် စောင့်ဆိုင်းပြီးနောက် ချန်ကောဟွားသည်လည်း အဖွင့်စကား အနည်းငယ်ကို စတင် ပြောဆိုလိုက်သည်။ မိုက်ခရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာသော ဆွဲဆောင်မှုရှိသည့် အသံသည် လူတိုင်း၏ နားထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။
"ရဲဘော် အလုပ်သမား သူငယ်ချင်းများ အားလုံးပဲ မင်္ဂလာရှိသော နေ့လည်ခင်းပါ"
"နေ့စဉ် ပြုလုပ်နေကျ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို ရောက်ရှိလာပြန်ပါပြီ"
"အခု ငါက အားလုံးအတွက် 'ဝမ်ကျန်း' ဆိုတဲ့ ကဗျာလေးကို တင်ဆက်ပေးပါ့မယ်"
"အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
စက်ရုံတွင် အလုပ်လုပ်ကိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ချန်ကောဟွားသည် သဘာဝကျစွာပင် အသံလွှင့် အဖွင့်စကားများနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသည်။ ထို့ကြောင့် ခုနက အဖွင့်စကားများကို အလွန်ပင် ချောမွေ့စွာ ပြောဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ ပြောဆိုပြီးစီးသွားသောအခါ ဟုန်ရှင်းသံမဏိစက်ရုံရှိ အလုပ်သမားများအားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် ကြက်သေသေသွားကြလေတော့သည်။
"ဟင်…အသစ်ရောက်လာတာ မိန်းကလေး အသံလွှင့်ကြေညာသူလို့ ပြောထားတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ယောကျ်ားလေး ဖြစ်နေရတာလဲ"
"အသံက အတော်လေး ရင်းနှီးနေသလိုပဲ… ဘယ်မှာ ကြားဖူးခဲ့တာပါလိမ့်"
"ဒီနေ့ မနက်ကပဲ ကြားခဲ့ရသလိုပဲ"
စားသောက်ခန်းမတွင် ထမင်းစားနေကြသော အလုပ်သမားများ အားလုံးမှာ အလွန်တရာ ထူးဆန်းအံ့သြနေကြသည်။
အကြောင်းမှာ သံမဏိစက်ရုံ၏ အသံလွှင့်ကြေညာသူများကို ပုံမှန်အားဖြင့် အမျိုးသမီးများကသာ တာဝန်ယူလေ့ရှိပြီး အမျိုးသားတစ်ဦး အသံလွှင့်ခြင်းမှာ ယခုမှ ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သေချာသည်မှာ ခေါင်းဆောင်များ အရေးကြီးသော မိန့်ခွန်းများ ပြောကြားခဲ့ဖူးသည်လည်း ရှိသော်လည်း ခေါင်းဆောင်ဆိုသည်မှာ ထိုလူအနည်းငယ်မျှသာ ရှိပြီး ယခု အသံလွှင့်နေသူ၏ အသံမှာလည်း ခေါင်းဆောင်များ၏ အသံနှင့် မတူညီချေ။ ထို့ကြောင့် လူအများမှာ ထူးဆန်းအံ့သြနေကြခြင်း ဖြစ်သည်။
သေချာသည်မှာ သံမဏိစက်ရုံ တစ်ခုလုံးတွင် အသံလွှင့်နေသူမှာ ချန်ကောဟွားဖြစ်ကြောင်းကို လူနှစ်ဦးသာ သိရှိသည်။ တစ်ဦးမှာ ချင်ဟွိုင်ယွီ ဖြစ်သည်။
ချင်ကျေးရွာဟောင်းမှ ပြန်လာကတည်းက သူမ၏ ခေါင်းထဲတွင် ချင်ထဲ့ျကျူးပြောခဲ့သော စကားများကို အလိုအလျောက် ပြန်လည် တွေးတောမိနေသည်။ ချန်ကောဟွား၏ မယားငယ် လုပ်ရခြင်းမှာ ရှက်စရာ မဟုတ်ပေ။ဤအကြောင်းကြောင့် သူမသည် နှစ်သစ်ကူး အားလပ်ရက် ကာလအတွင်း နေ့ရောညပါ ချန်ကောဟွားအကြောင်းကို တွေးတောနေသည်ဟုပင် ဆိုနိုင်သည်။
အိမ်မှုကိစ္စ လုပ်နေစဉ်တွင်လည်း တွေးသည်၊ ထမင်းစားနေစဉ်တွင်လည်း တွေးသည်၊ ညသန်းခေါင်ယံ ကျားတုန်းရွှီ၏ ဘေးတွင် အိပ်စက်နေစဉ်မှာပင် သူမ တွေးတောနေသည်။
ချန်ကောဟွား၏ အသံ၊ ချန်ကောဟွား၏ ရုပ်သွင်နှင့် ချန်ကောဟွားနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို တွေးတောနေသည်။ ထို့နောက် ချန်ကောဟွားသည် ပန့်ကန့်ကို နာကျင်စေခဲ့ပြီး သူမကိုလည်း နာကျင်စေခဲ့သော်လည်း အားလုံးတွင် အကြောင်းပြချက် ရှိနေကြောင်းကို တွေ့ရှိလာရသည်။
အကယ်၍ မိမိကိုယ်တိုင် ကျားမိသားစုနှင့်အတူ သူ့အား လှောင်ပြောင် သရော်ခဲ့ခြင်း မရှိပါက ချန်ကောဟွားနှင့် မိမိအကြားတွင် ဤမျှ ကြီးမားသော ရန်ငြိုးရန်စများ ရှိလာမည် မဟုတ်ချေ။
ထိုအတွေးအောက်တွင် မသိမသာဖြင့် သူမကိုယ်ကို သိမ်းသွင်းလိုက်မိသကဲ့သို့ ဖြစ်သွားသည်။ အကယ်၍ သူမအနေဖြင့် ကွာရှင်းပြီး ချန်ကောဟွားနှင့် အတူတကွ နေထိုင်ဖြစ်ခဲ့ပါက နောက်ပိုင်းတွင် ညီအစ်မနှစ်ဦးစလုံး သူနှင့် အတူ အိပ်ရာတစ်ခုတည်းတွင် အတူအိပ်စက်ရမည်လော ဟု စိတ်ကူးယဉ်လာသည်။
တကယ်လို့သာ အဲဒီလိုဖြစ်လာပါက ချင်ကျင်းယွီက သဘောတူမှာလား
သို့ရာတွင် သူမ၏ စိတ်ကူးယဉ်မှုသည် အချိန်ကြာမြင့်စွာ မခံခဲ့ချေ။ ချန်ကောဟွားက ကဗျာရွတ်ဆိုပြမည်ဟု ပြောလိုက်သံကို ကြားလိုက်ရသောအခါ သူမသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်။ ခေါင်းထဲရှိ လက်တွေ့မဆန်သော စိတ်ကူးယဉ်မှုများ အကုန်လုံးကို ဖယ်ရှားပစ်လိုက်သည်။
ချန်ကောဟွားတွင် မည်သည့် ပညာအရည်အချင်း ရှိသနည်း။ ယခင် လူတွေ့ရွေးချယ်ပွဲတွင် မူလတန်းပင် မပြီးဆုံးခဲ့ကြောင်း ပြောဆိုဖူးခဲ့ေသးသည်။ ဤအဆင့်အတန်းဖြင့် မည်သည့် ကဗျာရွတ်ဆိုခြင်းကို လေ့လာခဲ့သနည်း။ ဤသည်မှာ လူများကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်းပင် ဖြစ်မည်။
ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ချင်ဟွိုင်ယွီလည်း ဆက်လက်၍ ဟိုတွေးဒီတွေး မတွေးတော့ဘဲ ကျန်ရှိနေသော ဂျုံပေါက်စီများကို ထုပ်ပိုးလိုက်သည်။
ချန်ကောဟွားမှန်း သိရှိသော အခြားတစ်ဦးမှာ လုံရှောင်းအဲ့ပင် ဖြစ်သည်။
နှစ်သစ်ကူး အလုပ်ပြန်လည် စတင်ခြင်းဖြစ်သဖြင့် ဒါရိုက်တာလုံသည် စက်ရုံသို့ လာရောက် စစ်ဆေးခြင်း ဖြစ်သည်။ မူလက လုံရှောင်းအဲ့သည် လာရောက်လိုခြင်း မရှိချေ၊ အကြောင်းမှာ ဒါရိုက်တာလုံသည် မိမိအား ရွှီတမောင်းနှင့် တွေ့ဆုံစေလိုကြောင်း သူမ သိရှိထားသောကြောင့်ပင် ဖြစ်သည်။
သို့သော် သားမွေးအင်္ကျီ ဝယ်ယူခဲ့သည့် အတွေ့အကြုံရှိထားသဖြင့် လုံရှောင်းအဲ့သည် အရင်တစ်ခေါက်က သားမွေးအင်္ကျီ ဝယ်ယူခဲ့သော 'ရွှီတမောင်း' ကို တွေ့ဆုံနိုင်လျှင် ကောင်းသည်ဟု တွေးထင်မိသည်။ ထို့ကြောင့် သူမလည်း လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
သေချာသည်မှာ ယခုအချိန်တွင် သူမ မျှော်လင့်နေသော ရွှီတမောင်းဆိုသူမှာ တကယ်တမ်း၌ ချန်ကောဟွားဖြစ်ကြောင်း လုံရှောင်းအဲ့ သိရှိထားခြင်း မရှိသေးချေ။ သို့သော် ရင်းနှီးကျွမ်းဝင်ပြီး ဆွဲဆောင်မှုရှိသော အသံကို ကြားလိုက်ရသောအခါ လုံရှောင်းအဲ့သည် အလိုအလျောက် မျှော်လင့်လာမိသည်။
ချန်ကောဟွား ရွတ်ဆိုတော့မည့် 'ဝမ်ကျန်း' သည် တကယ်တမ်း မည်သို့ရှိမည်ကို မျှော်လင့်နေမိသည်။
...
မိန်းမအိမ်သာထဲတွင် လစဉ်ဓမ္မတာ ပြဿနာကို ဖြေရှင်းနေသော ယွီဟိုင်ထန်အကြောင်းကို ပြန်ပြောရမည်ဆိုလျှင် သူမသည် ချန်ကောဟွား၏ အဖွင့်စကားကို ကြားလိုက်ရသောအခါ ပထမအချက်မှာ ချင်ဟွိုင်ယွီ၏ စိတ်ကူးယဉ်မှုမျိုး မရှိသကဲ့သို့ ဒုတိယအချက်မှာ လုံရှောင်းအဲ့၏ မျှော်လင့်ချက်မျိုးလည်း မရှိခဲ့ပေ။ ရှိနေသည်မှာ စိုးရိမ်ပူပန်မှုသာ ဖြစ်သည်။
မိမိက သူ့ကို ပေးခဲ့သော စာမူမှာ 'ငါ့အမိမြေကိုငါချစ်တယ်' ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ရုတ်တရက် တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော 'ဝမ်ကျန်း' ဖြစ်သွားရသနည်း။
သိထားရန်မှာ ယခုအကြိမ်တွင် ခေါင်းဆောင်များ ရှိနေသဖြင့် အသံလွှင့်ရာတွင် လုံးဝ အမှားအယွင်း မရှိစေရဟု စက်ရုံမှူးယန်က သူမအား ပြောကြားထားသည်။ ဤအခြေအနေအောက်တွင် ယွီဟိုင်ထန်သည် စိတ်မအေးနိုင်လောက်အောင် ပူပန်လာကာ ညည်းညူလေတော့သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ နာမည်က ဘာလို့ မှားနေရတာလဲ"
"ဒါပေမဲ့ 'ငါ့အမိမြေကိုငါချစ်တယ်' ဆိုတာက စကားလုံး ကိုးလုံးတောင်လေ၊ ဘယ်လိုပဲ ဖတ်ဖတ် စကားလုံး နှစ်လုံးတည်းတော့ ဖတ်မိစရာ အကြောင်းမရှိဘူးမဟုတ်လား"
"အဲဒီရဲဘော်က စာမဖတ်ဖူးတဲ့ စာမတတ်ပေမတတ် တစ်ယောက်များ ဖြစ်နေမလား"
ယွီဟိုင်ထန်မှာ စိုးရိမ်ပူပန်လွန်းသဖြင့် မေ့လဲလုမတတ် ဖြစ်သွားရသည်။ သူမ ဤသို့ ပိုတွေးလေလေ မိမိ၏ တွေးထင်မှုမှာ မမှားနိုင်ကြောင်း ပို၍ ယုံကြည်လာလေလေပင် ဖြစ်သည်။
ဒါကလည်း အလွန်ပင် ရိုးရှင်းလှသည်။ဤခေတ်ကာလတွင် လူအများစု၏ ပညာရေးအဆင့်အတန်းမှာ မမြင့်မားလှဘဲ အခြေခံအားဖြင့် မူလတန်းအဆင့်တွင်သာ ရှိကြသည်။ ထို့ကြောင့် စာမဖတ်တတ်ခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်သည်။ သို့သော် ဂဏန်းသင်္ချာကိုပင် မတွက်တတ်ပါက မူလတန်းပင် မတက်ခဲ့ဖူးကြောင်း ထင်ရှားလှသည်။
အသံလွှင့်ခန်းအတွင်းရှိ ချန်ကောဟွားသည် သဘာဝကျစွာပင် အခြားလူများ၏ အတွေးများကို မသိရှိခဲ့ချေ။
ရိုးရှင်းသော အဖွင့်စကား အနည်းငယ်ကို ပြောဆိုပြီးနောက် သူသည်လည်း စတင်၍ လေးနက်တည်ကြည်လာသည်။
'ဝမ်ကျန်း' ၏ သီချင်းစာသားများကိုလည်း သူက ဖြည်းညင်းစွာ ရွတ်ဆိုလိုက်သည်။
"အရှေ့အရပ်မှ နေမင်းနီ ထွက်ပေါ်လာချိန်… ၎င်း၏ ကြီးမြတ်သော လမ်းမကြီးတွင် ရောင်နီများ ပြည့်နှက်နေ၏"
"သင်၏ ရင်ခွင်တွင် မွေးဖွားခွင့်ရခြင်းသည် အကျွန်ုပ်အတွက် အလွန်တရာ ကံကောင်းလှသည်"
"မျိုးရိုးစဉ်ဆက် သွေးကြောများကို ဆက်ခံလျက် အခက်အခဲကို အတူတကွ ရင်ဆိုင်၍ ကောင်းကျိုးကို အတူတကွ ခံစားကြမည်၊ ကျောရိုးကို မတ်မတ်ထား၍ ရပ်တည်ကြမည်"
"အကျွန်ုပ်တို့၏ နိုင်ငံတော်နှင့် နယ်နိမိတ် အစွန်အဖျားတို့သည် မေတ္တာတရားဖြင့် တည်ဆောက်ထားသည်"
"နှစ်ထောင်ပေါင်းများစွာ မပျောက်ပျက်နိုင်သော ယုံကြည်ချက်…."
...
ဤစာသားများ စတင် ထွက်ပေါ်လာပြီးနောက် ဟုန်ရှင်းသံမဏိစက်ရုံရှိ အလုပ်သမား အများစုမှာ ရိုးရှင်းစွာပင် ခေါင်းညိတ်ရုံသာ ညိတ်ပြကြသည်။
ဤသီချင်း ရွတ်ဆိုမှုမှာ မဆိုးလှဟုသာ ထင်မြင်ကြပြီး လက်ခုပ်တီး အားပေးခြင်းမျိုး မရှိခဲ့ကြချေ။
ဤအလုပ်သမားများအတွက်မူ အများစုမှာ ပညာအရည်အချင်း မမြင့်မားကြပေ။ ကဗျာလင်္ကာ အစရှိသည်တို့ကို စိတ်ဝင်စားမှု မရှိကြချေ။
ကဗျာကို ခံစားနားဆင်မည့် အစား နည်းပညာများ ပိုမိုလေ့လာ၍ လစာတိုးအောင် လုပ်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ကဗျာကို ခံစားသုံးသပ်ရမယ် ဟုတ်လား…
ထိုအရာများသည် ပညာအရည်အချင်းရှိသော ယဉ်ကျေးမှု မြင့်မားသူများသာ နားလည်နိုင်သော ကိစ္စများပင် ဖြစ်သည်။
သို့သော် နောက်ပိုင်း စာသားများကို ကြားလိုက်ရသောအခါ မျိုးရိုးစဉ်ဆက် သွေးကြောများကို ဆက်ခံလျက် အခက်အခဲကို အတူတကွ ရင်ဆိုင်၍ ကောင်းကျိုးကို အတူတကွ ခံစားကြမည်၊ ကျောရိုးကို မတ်မတ်ထား၍ ရပ်တည်ကြမည်။
ထိုအခါမှသာ လူအများ နားလည်သဘောပေါက်သွားကြသည်။ ဤသည်မှာ အမိမြေကို ချီးမွမ်းဂုဏ်ပြုနေခြင်းဖြစ်သည်။
နိုင်ငံသားတိုင်းတွင် မိသားစုကို ထိန်းသိမ်းခြင်း၊ နိုင်ငံကို အုပ်ချုပ်ခြင်းနှင့် ကမ္ဘာကြီးကို ငြိမ်းချမ်းစေခြင်း ဟူသော ခံစားချက်များ ရှိကြသည်။ ဤစာသားသည် လူတိုင်း၏ ရင်ထဲသို့ ထိရှသွားစေသည်ဟုပင် ဆိုနိုင်သည်။
ချက်ချင်းပင် လူအများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ခေါင်းမော့ကာ အသံချဲ့စက်ကို ကြက်သေသေ၍ ကြည့်နေမိကြလေတော့သည်။
အလုပ်သမားများ ကြက်သေသေနေစဉ်တွင် အထိတ်လန့်ဆုံးသူမှာ ယွီဟိုင်ထန်ပင် ဖြစ်သည်။ ယခုအချိန်တွင် သူမသည် လစဉ်ဓမ္မတာ ကိစ္စကို ဖြေရှင်းပြီးစီးကာ မိန်းမအ်ိမ်သာမှ အသံလွှင့်ခန်းဆီသို့ အလောတကြီး ပြန်လာပြီး ချန်ကောဟွား၏ နေရာတွင် အစားထိုး ဝင်ရောက် ကယ်တင်ရန် ရည်ရွယ်ထားသည်။
သို့သော် စာသားများ ရွတ်ဆိုသံ ထွက်ပေါ်လာသော အချိန်တွင် ယွီဟိုင်ထန်၏ တစ်ကိုယ်လုံး နေရာတွင်ပင် အေးခဲသွားရသည်။
သူမသည် အသံလွှင့်ကြေညာသူ တစ်ဦးဖြစ်ရာ သေချာပေါက် ပညာအရည်အချင်း ရှိခြင်းကြောင့် ထိုရာထူးရထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဝမ်ကျန်း စာသားများထဲမှ နက်နဲသိမ်မွေ့မှုများကို အံ့သြချီးကျူးမိခြင်း ဖြစ်သည်။
ဥပမာအားဖြင့်
အကျွန်ုပ်တို့၏ နိုင်ငံတော်နှင့် နယ်နိမိတ် အစွန်အဖျားတို့သည် မေတ္တာတရားဖြင့် တည်ဆောက်ထား၏။ နှစ်ထောင်ပေါင်းများစွာ မပျောက်ပျက်နိုင်သော ယုံကြည်ချက်…
သူမ၏ ဗဟုသုတအရ သိရှိနိုင်သည်။ ကမ္ဘာပေါ်တွင် ကြီးမြတ်သော ယဉ်ကျေးမှုကြီး လေးရပ် ရှိသည်။ သို့သော် ထိုယဉ်ကျေးမှုကြီး လေးရပ်ကို ခြုံငုံကြည့်ပါက ဟွာရှားယဉ်ကျေးမှု တစ်ခုတည်းသာလျှင် နှစ်ထောင်ပေါင်းများစွာတိုင်အောင် တစ်ကြိမ်တစ်ခါမျှ ပြတ်တောက်သွားခြင်း မရှိခဲ့ပေ။
ထို့အပြင် ကျယ်ပြန့်လှသော နယ်နိမိတ် ပိုင်နက်များအတွင်း၌ ကြီးကျယ်ခမ်းနားသော ဟွာရှားနိုင်ငံကြီးကို ဖန်တီးတည်ဆောက်နိုင်သည်။
ဟွာရှားယုံကြည်ချက်ဆိုသည်မှာ အဘယ်နည်း။ နှစ်ပေါင်းငါးထောင် ယဉ်ကျေးမှု သမိုင်းတစ်လျှောက် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ဆက်ခံလာခဲ့သော ယန်ဟွမ် သွေးကြောများသည် ဟွာရှားလူမျိုးတို့၏ မပျောက်ပျက်နိုင်သော ယုံကြည်ချက်ပင် ဖြစ်သည်။
ထိုအကြောင်းအရာများကို သိရှိထားသောကြောင့် ယွီဟိုင်ထန်သည် အမိမြေအတွက် ဂုဏ်ယူဝင့်ကြွားမှု တစ်ရပ်က အလိုအလျောက် ပေါ်ပေါက်လာသည်ကိုသာ ခံစားလိုက်ရသည်။
ယွီဟိုင်ထန်သည် ၎င်းတို့ထဲမှ ယဉ်ကျေးမှုနှင့် စာပေအရေးအသား အဆင့်အတန်းတို့ကြောင့် အံ့ဩနေစဉ်မှာပင် နောက်ထပ် သီချင်းစာသား တစ်ပိုဒ်သည်လည်း ဆက်လက်၍ ထွက်ပေါ်လာသည်။
"ကောင်းကင်ကြီးကို ရေးဖွဲ့ရာတွင် ထောင့်တစ်ထောင့်ကိုသာ ရေးဖွဲ့၍ နေနှင့်လတို့၏ ရှည်လျားမှုကို ရေးဖွဲ့မည်"
"ကမ္ဘာမြေကို ပန်းချီဆွဲရာတွင် တစ်စိတ်တစ်ဒေသကိုသာ ဆွဲ၍ တောင်နှင့်မြစ်တို့၏ ဘေးကင်းမှုကို ဆွဲမည်"
"ရှေးခေတ်ကာလမှစ၍ နှစ်ပေါင်းငါးထောင် သမိုင်းတစ်လျှောက် ကောင်းကင်နှင့် မြေကြီး အတူတကွ ကြည်ညိုလေးစားမှုကို ရှုမြင်မည်"
"ယန်ဟွမ်လူမျိုးများသာလျှင် စိတ်နှလုံး ဖြူစင်ပွင့်လင်းစွာဖြင့် အရပ်လေးမျက်နှာသို့ လျှောက်လှမ်းနိုင်မည်"
...
ထိုစာသားများ ထွက်ပေါ်လာပြီးနောက် ဤတစ်ကြိမ်တွင်မူ ဟုန်ရှင်းသံမဏိစက်ရုံ ရုံးခန်းအတွင်း၌ လုံကျန့်ဟွာတို့ သားအဖနှင့် စကားစမြည် ပြောဆိုနေသော စက်ရုံမှူးယန်ပင်လျှင် အံ့အားသင့်သွားရသည်။
ဤခေတ်ကာလတွင် သူသည် စက်ရုံမှူးတစ်ဦး ဖြစ်လာနိုင်ခြင်းမှာ သေချာပေါက် စစ်မှန်သော အရည်အချင်းများ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက လုံကျန့်ဟွာ လာရောက်မည်ဖြစ်သောကြောင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို စီစဉ်ပေးခဲ့မည် မဟုတ်ချေ။
သူက ယွီဟိုင်ထန်အား ပေးခဲ့သော 'ငါ့အမိမြေကိုငါချစ်တယ်' သည် သူကိုယ်တိုင် ရေးသားထားခြင်းပင် ဖြစ်သည်။
လက်ချိုးရေတွက်၍ရသော တက္ကသိုလ်ကျောင်းသား အနည်းငယ်ထဲမှ တစ်ဦးအနေဖြင့် စက်ရုံမှူးယန်သည် သူရေးသားထားသော 'ငါ့အမိမြေကိုငါချစ်တယ်' မှာ ရှားပါးပြီး ကောင်းမွန်သော လက်ရာတစ်ခုဖြစ်ကြောင်း ယုံကြည်ထားသည်။
သို့ရာတွင် 'ဝမ်ကျန်း' ၏ စာသားများကို ကြားသိလိုက်ရပြီးနောက် သူရေးသားထားသော 'ငါ့အမိမြေကိုငါချစ်တယ်' မှာ တန်ဖိုးမရှိသော အမှိုက်တစ်ခုသာဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
သေချာသည်မှာ လုံကျန့်ဟွာ သားအဖသည်လည်း ဤ 'ဝမ်ကျန်း' သီချင်းကြောင့် အလွန်တရာ အံ့သြမင်တက်သွားခဲ့ကြသည်။
အကြောင်းမှာ ယနေ့သည် နှစ်သစ်ကူးပြီးနောက် ပထမဆုံး အလုပ်ဆင်းရသော နေ့ဖြစ်သောကြောင့်ပင်ဖြစ်သည်။ စက်ရုံ၏ ဂုဏ်ထူးဆောင် ဒါရိုက်တာတစ်ဦးအနေဖြင့် သူသည် စက်ရုံသို့ လာရောက်ကာ အလုပ်သမားများနှင့် စကားအနည်းငယ် ပြောကြားရမည်ဖြစ်ရာ စက်ရုံမှူးယန်၏ ရုံးခန်းသို့ လာရောက်ကာ ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်တွင် အရင်းရှင် နောက်ခံများ ပါရှိနေသော်လည်း အမိမြေ၏ အသိအမှတ်ပြုမှုကို ရရှိလိုသော စိတ်နှလုံးမှာ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
အထူးသဖြင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ၊ လက်ကိုင်ဖုန်းများနှင့် ကွန်ပျူတာများ မရှိသော ခေတ်ကာလတွင် စာပေအနုပညာသည် အထက်တန်းလွှာ ပုဂ္ဂိုလ်များအားလုံးအတွက် စိတ်နေသဘောထားကို ပြုစုပျိုးထောင်ပေးသည့် အရာတစ်ခု ဖြစ်လာသည်။
လုံကျန့်ဟွာသည် လူ့အသိုင်းအဝိုင်း၏ အထက်တန်းလွှာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ စာပေအနုပညာကို ခံစားသုံးသပ်နိုင်စွမ်းမှာ သဘာဝကျစွာပင် အလွန် အားကောင်းလှသည်။
ထို့ကြောင့်ပင် ယခု 'ဝမ်ကျန်း' ၏ စာသားများကို ရွတ်ဆိုလိုက်သောအခါ ကမ္ဘာမြေကို ပန်းချီဆွဲရာတွင် တစ်စိတ်တစ်ဒေသကိုသာ ဆွဲ၍ တောင်နှင့်မြစ်တို့၏ ဘေးကင်းမှုကို ဆွဲမည်။
ရှေးခေတ်ကာလမှစ၍ နှစ်ပေါင်းငါးထောင် သမိုင်းတစ်လျှောက် ကောင်းကင်နှင့် မြေကြီး အတူတကွ ကြည်ညိုလေးစားမှုကို ရှုမြင်မည်။
သူ ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားရသည်။ အကြောင်းမှာ ဤစာသားများကြားတွင် စာရေးသူ၏ ပြင်းပြသော အမိမြေကို ချစ်မြတ်နိုးစိတ်ကို ဖော်ပြနေရုံသာမက ဟွာရှားလူမျိုးတိုင်း၏ ရင်ထဲရှိ ယုံကြည်ချက်ကိုပါ ထောက်ပြထားသောကြောင့်ပင် ဖြစ်သည်။
လုံရှောင်းအဲ့နှင့် ပတ်သက်၍မူ အထူးတလည် ပြောစရာပင် မရှိတော့ချေ။ အဖွင့်စကား ရွတ်ဆိုစဉ်ကတည်းက သူမသည် ချန်ကောဟွားဖြစ်ကြောင်းကို သတိပြုမိသည်။
သို့သော် တစ်ဖက်လူ ရွတ်ဆိုလိုက်သော ဝမ်ကျန်းသည် ဤမျှလောက် လူတို့၏ ရင်ကို တုန်လှုပ်စေနိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးထားခဲ့ဖူးချေ။
ရှေးခေတ်ကာလ၊ ကောင်းကင်ကြီး…
အနည်းငယ် ဆယ်ကျော်သက်ဆန်သော စကားလုံးများသည် ပေါင်းစပ်လိုက်သောအခါတွင်မူ ကြီးကျယ်ခမ်းနားသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ထိုမျှလောက် ပါရမီထူးချွန်လွန်းသဖြင့် လုံရှောင်းအဲ့၏ မျက်ဝန်းများထဲတွင် ချီးကျူးလေးစားမှုများ အပြည့်အဝ ရှိနေသည်။ထို့ကြောင့်ပင် သူမသည် ချက်ချင်း လက်ခုပ်တီးကာ ချီးကျူးလိုက်လေတော့သည်။
"ဒီကဗျာက သိပ်ကောင်းတာပဲ"
"ရွှီတမောင်းမှာ ဒီလောက် ပါရမီရှိမယ်လို့ တကယ် မထင်ထားမိဘူး"
ရွှီတမောင်းသည် တမင်သက်သက် ချန်ကောဟွားနှင့် နာမည်ပြောင်းထားသဖြင့် လုံရှောင်းအဲ့သည် ယခုအချိန်တွင် လူမှားနေဆဲဖြစ်သည်။ထို့ကြောင့် သူမက ဤသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ဒီကဗျာက တကယ်ကို ကောင်းကောင်းရေးထားတာပဲ၊ ဒါပေမဲ့ ဒီစာသားတွေကို ရွှီတမောင်း တကယ်ရေးထားတာ ဟုတ်ရဲ့လား" ဟု လုံကျန့်ဟွာက အနည်းငယ် သံသယဝင်လျက် မေးသည်။
သူသည် သမီးဖြစ်သူအား ရွှီတမောင်းနှင့် လက်ထပ်ပေးလိုသော်လည်း အဓိက အကြောင်းရင်းမှာ လုံမိခင်က အမြဲတစေ နားချနေသောကြောင့်ပင် ဖြစ်သည်။
သို့သော် ရွှီတမောင်းတွင် တကယ်သာ ဤကဲ့သို့ ပါရမီရှိပါက ဤအိမ်ထောင်ရေးကို သူ စကားနှစ်ခွန်း မဆိုဘဲ သေချာပေါက် သဘောတူပေမည်။
အကြောင်းမှာ မိသားစု နောက်ခံလည်း ကောင်းမွန်ပြီး ယဉ်ကျေးမှု အဆင့်အတန်းလည်း ရှိသဖြင့် မိမိ၏ သမက်အဖြစ် ရွေးချယ်ရန် အကောင်းဆုံးသူပင် ဖြစ်သည်။
ဘေးတွင်ရှိနေသော စက်ရုံမှူးယန်သည် လုံကျန့်ဟွာမှ ရွှီတမောင်းအပေါ် စိတ်ဝင်စားနေသည်ကို မြင်တွေ့လိုက်သည်။ ထို့ကြောင့် အလုပ်သမားတစ်ဦးအား ခေါ်ကာ သူ့ကို သွားခေါ်ခိုင်းလိုက်သည်။
ရွှီတမောင်းက စက်ရုံမှူး၏ ရုံးခန်းဆီသို့ အလောတကြီး သွားနေစဉ်မှာပင် ချန်ကောဟွားဘက်တွင်လည်း အသံလွှင့်ခန်းမှ ထွက်ခွာလာခဲ့လေပြီ။
အကြောင်းမှာ ကဗျာရွတ်ဆိုပြီးနောက် သူ၏ တာဝန်မှာ ပြီးမြောက်သွားပြီဖြစ်ကြောင်း သူ သိရှိထားသောကြောင့်ပင်ဖြစ်သည်။ သို့သော် သူ ထွက်ခွာသွားပြီး မိနစ်အနည်းငယ် အကြာတွင် ယွီဟိုင်ထန်သည် အလောတကြီး ရောက်ရှိလာသည်။
ရောက်ရှိလာပြီးနောက် ချန်ကောဟွား ပျောက်ကွယ်သွားသည်ကို သူမ တွေ့ရှိလိုက်သည်။
ရုတ်တရက် ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အခြားအရာကြောင့် မဟုတ်ဘဲ 'ဝမ်ကျန်း'ကို ရေးသားသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုခြင်းကြောင့်သာ ဖြစ်သည်။
သို့သော် သူမသည်လည်း စိတ်ကိုဖြေသိမ့်လိုက်သည်။ ချန်ကောဟွား၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် များစွာ စဉ်းစားနေစရာ မလိုချေ။သူသည် အလုပ်သမား တစ်ဦးဖြစ်ကြောင်း သိသာလှသည်။ စက်ရုံမှ အလုပ်သမား တစ်ဦးဖြစ်ပါက တံခါးဝတွင် ကြိုတင်စောင့်ဆိုင်းနေလျှင် မတွေ့ရမည်ကို စိုးရိမ်စရာ မရှိပေ။
ထို့ကြောင့် ဤအတွေးဖြင့် သူမသည် အလုပ်ဆင်းချိန်ကို စတင်၍ မျှော်လင့်နေလေတော့သည်။
တစ်ချိန်တည်းမှာပင် ခေါင်းထဲတွင် ဝမ်ကျန်း၏ စာသားများ ပေါ်လာသည်။ ပို၍ တွေးတောမိလေလေ ဝမ်ကျန်းကို ကောင်းစွာ ရေးသားထားကြောင်း ပို၍ ခံစားရလေလေဖြစ်ကာ နှုတ်ခမ်းထောင့်များလည်း အလိုအလျောက် အပေါ်သို့ မြင့်တက်သွားရသည်။
ဤအရာများအားလုံးနှင့် ပတ်သက်၍ ချန်ကောဟွားသည် လုံးဝ သိရှိခြင်း မရှိချေ။ မိမိအနေဖြင့် ကဗျာတစ်ပုဒ်ကို အလွယ်တကူ ရွတ်ဆိုလိုက်ခြင်းသာ ဖြစ်သည်။ စက်ရုံရှိ လူအများက မျက်နှာသာပေးသူက ပေးကြပြီး ကိုးကွယ်သူက ကိုးကွယ်နေကြသည်။
သေချာသည်မှာ ဝမ်ကျန်းဟူသော ဤသီချင်းသည် နောင်ခေတ်ကာလမှ လီယွီကန်း၏ သီချင်းဖြစ်ပြီး ဤခေတ်ကာလတွင် လီယွီကန်း လုံးဝ မွေးဖွားလာခြင်း မရှိသေးချေ။
နားဆင်ရလွယ်ကူသော ခေတ်ပေါ်တေးဂီတများဆိုလျှင် ပို၍ပင် မရှိသေးပေ။ ထို့အပြင် လူတို့အား မှတ်မိလွယ်စေသော ဆွဲဆောင်မှုရှိသည့် အသံပါ ပေါင်းစပ်လိုက်သောအခါ ဤအခြေအနေမျိုးတွင် သူသည် လူအများ၏ ကိုးကွယ်လေးစားမှုကို ခံရခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
ဤကဲ့သို့ဖြင့် အချိန်ကာလများ တဖြည်းဖြည်း ကုန်လွန်သွားသည်။ မကြာမီတွင် အလုပ်ဆင်းချိန်သို့ ရောက်ရှိလာသည်။
ထို့နောက်တွင် လုံကျန့်ဟွာနှင့် စက်ရုံမှူးတို့က ကွင်းပြင်တွင် အားလုံးအတွက် နှစ်သစ်ကူး ဆုတောင်းစကားများ ပြောကြားပေးကြသည်။ ပြောကြားပြီးနောက် ရွှီတမောင်းကိုလည်း စက်ရုံမှူးက စင်ပေါ်သို့ ခေါ်ယူလိုက်သည်။ ထို့နောက် လုံကျန့်ဟွာက လူအများရှေ့တွင် ခုနက ကဗျာရွတ်ဆိုသူမှာ သူ ဟုတ်မဟုတ် မေးမြန်းလိုက်သည်။
မည်သည့်အကြောင်းကြောင့် ဤသို့မေးမြန်းမှန်း မသိသော်လည်း မျက်စိရှေ့ရှိ အမျိုးသားမှာ ဒါရိုက်တာတစ်ဦးဖြစ်ကြောင်း သိရှိပြီးနောက် ရွှီတမောင်းသည် ဤကဲ့သို့ အထက်လူကြီးနှင့် ရင်းနှီးခွင့်ရမည့် အခွင့်အရေးကို မည်သို့လျှင် လက်လွှတ်ခံမည်နည်း။သူက ချက်ချင်းပင် ခေါင်းညိတ် ဝန်ခံလိုက်သည်။
ဤတစ်ကြိမ်တွင် အောက်ဘက်ရှိ အလုပ်သမားများမှာ ဆူညံသွားကြလေတော့သည်။ လူအများအပြားသည် အလွန်တရာ အားကျသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေကြသည်။
လုံရှောင်းအဲ့မှာမူ စိတ်ပျက်မှုနှင့် ရွံရှာမှုတို့ ပြည့်နှက်နေသော မျက်နှာဖြင့် ရှိနေသည်။
စိတ်ပျက်ရခြင်းမှာ ခုနက ကဗျာသည် မိမိ ရင်ထဲတွင် မျှော်လင့်ထားသော အမျိုးသား ရွတ်ဆိုထားခြင်း မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။
ရွံရှာရခြင်းမှာ မိမိကိုယ်ကို ရွှီတမောင်းဟု ခေါ်ဆိုသော မျက်စိရှေ့ရှိ အမျိုးသားသည် ဝမ်ဖူကျင်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက သူမအား လိမ်ညာခဲ့သောကြောင့်ပင် ဖြစ်သည်။
ဤအပျက်သဘောဆောင်သော ခံစားချက်များအောက်တွင် လုံရှောင်းအဲ့သည် သဘာဝကျစွာပင် ရွှီတမောင်းအပေါ် ခံစားချက် ပိုမို ဆိုးရွားသွားလေတော့သည်။
ထို့ကြောင့် သူမသည် အကြည့်များကို လူအုပ်ကြီးဆီသို့ ရွှေ့လိုက်ပြီး ဟန်ဆောင်ကောင်းသော ရွှီတမောင်းအား တစ်ချက်မျှပင် မကြည့်လိုတော့ချေ။
သို့ရာတွင် လုံရှောင်းအဲ့ မထင်မှတ်ထားသည်မှာ သူမသည် လူအုပ်ကြီးထဲတွင် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရှိနေသော ချန်ကောဟွားကို ရုတ်တရက် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။သူမက ချက်ချင်းပင် အံ့သြဝမ်းသာ ဖြစ်သွားရသည်။
ထို့ကြောင့် သူမက လုံကျန့်ဟွာအား
"အဖေ၊ သမီး အသိတစ်ယောက်ကို တွေ့လို့ သွားပြီး နှုတ်ဆက်လိုက်ဦးမယ်၊ အဖေ အရင် လုပ်စရာရှိတာ လုပ်နှင့်နော်" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် လုံကျန့်ဟွာ၏ စိတ်များမှာ မိမိ၏ သမက်လောင်းဖြစ်သူ ရွှီတမောင်းအပေါ်သို့သာ ရောက်ရှိနေပြီး သူနှင့် မိမိ၏သမီးကို အတူတကွ ထမင်းသွားစားရန်ပင် ဖိတ်ခေါ်ချင်နေလေရာ လုံရှောင်းအဲ့၏ စကားကို ကြားလိုက်ရသောအခါ သူက အနည်းငယ် သံသယဖြစ်စွာဖြင့်
"သမီး၊ သမီး ဘယ်လောက်ကြာကြာ သွားမှာလဲ" ဟု မေးသည်။
လုံရှောင်းအဲ့သည် ချန်ကောဟွားနှင့် သွားရောက် နှုတ်ဆက်လိုရုံသာ ဖြစ်ရာ ရွှီတမောင်းကို မည်သို့လျှင် အာရုံစိုက်နေလိုမည်နည်း။ မကြာခင် ပြန်လာခဲ့မည်ဟု ပြန်လည်ဖြေကြားလိုက်ပြီးနောက် သူမသည် နောက်သို့ တစ်ချက်မျှ ပြန်မကြည့်တော့ဘဲ ချန်ကောဟွားရှိရာဆီသို့ လျှောက်သွားလေတော့သည်။
အခန်း ၇၆
ချန်ကောဟွားအကြောင်းကို ပြန်ပြောရမည်ဆိုလျှင် ရွှီတမောင်း မျက်နှာလိုမျက်နှာရ လုပ်နေသည်ကို မြင်သောအခါ သူသည် အေးတိအေးစက်သာ ပြုံးလိုက်ပြီး များစွာ တွေးတောနေခြင်း မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ သူ ကဗျာရွတ်ဆိုခြင်းမှာ ယွီဟိုင်ထန်ကို အခွင့်ကြုံ၍ ကူညီလိုက်ခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် တစ်ဖက်လူက မိမိအား ပြန်လည် ကူညီပေးနိုင်သည်။ သို့သော် သူ ဤသို့တွေးနေစဉ်မှာပင် ရုတ်တရက် လူတစ်ယောက်က သူ၏ ပခုံးကို လာပုတ်သည်။
ပခုံးမှ ထူးခြားသော ခံစားမှုကို ခံစားလိုက်ရသဖြင့် ချန်ကောဟွား နောက်သို့ လှည့်ကြည့်လိုက်သောအခါ လုံရှောင်းအဲ့က သူ့အား ပြုံးရွှင်စွာ ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
"လုံရှောင်းအဲ့"
အလိုအလျောက်ပင် ချန်ကောဟွားသည် သူမ၏ နာမည်ကို ခေါ်ဆိုလိုက်မိသည်။
"ဟင်၊ နင်က ငါ့နာမည်ကို ဘယ်လိုလုပ် သိနေတာလဲ"
တစ်ဖက်လူက မိမိ၏ နာမည်ကို ခေါ်ဆိုလိုက်သဖြင့် လုံရှောင်းအဲ့၏ မျက်ဝန်းများထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ ယခင်တစ်ခေါက် တွေ့ဆုံစဉ်က တစ်ဖက်လူအား နာမည် မပြောပြခဲ့ဘဲ ယခု တစ်ဖက်လူက သိရှိနေခြင်း ဖြစ်သည်။ ၎င်းမှာ တစ်ဖက်လူက သေချာပေါက် စုံစမ်းထားခဲ့ကြောင်း ဖော်ပြနေသည်။ ဤသည်မှာ မျက်စိရှေ့ရှိ ချောမောသော အမျိုးသား၏ ရင်ထဲတွင် မိမိ ရှိနေကြောင်းကိုလည်း ဆိုလိုနေသည်။
"ဒါကတော့"
ချန်ကောဟွားမှာ လုံရှောင်းအဲ့က ဤသို့မေးမြန်းလိမ့်မည်ဟု တွေးမထားခဲ့သဖြင့် ချက်ချင်း ပြန်လည်မဖြေကြားနိုင်ဖြစ်သွားကာ မိမိသည် အရာအားလုံးကို သိရှိနိုင်သော ကူးပြောင်းလာသူ တစ်ဦးဖြစ်ကြောင်းကို ပြော၍ မဖြစ်နိုင်ချေ။
လုံရှောင်းအဲ့ကမူ ချန်ကောဟွား၏ အနည်းငယ် ကသိကအောက် ဖြစ်နေသော ပုံစံလေးကို အလွန်ချစ်စရာကောင်းသည်ဟု ထင်မြင်သွားပြီး မနေနိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်သည်။
ထို့နောက် ချန်ကောဟွားနှင့် စကားစမြည် ပြောဆိုလိုက်သည်။
"ဒါနဲ့၊ ငါက နင့်နာမည်ကို မသိသေးဘူးနော်"
"ချန်ကောဟွားပါ"
ချန်ကောဟွားသည် လုံရှောင်းအဲ့၏ ခပ်ရေးရေး မေတ္တာသက်ဝင်မှုကို သတိမထားမိဘဲ တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။
"ဒါဆို နင်က အခု ဘာလုပ်မလို့လဲ၊ အတူတူ ထမင်းသွားစားကြမလား" ဟု လုံရှောင်းအဲ့က ဖိတ်ခေါ်လိုက်သည်။
ချန်ကောဟွားက တည်ငြိမ်စွာဖြင့်
"ကျေးဇူးပါပဲ၊ ဒါပေမဲ့ ငါ အခု အိမ်ပြန်ပြီး မိန်းမနဲ့အတူ ထမင်းဟင်း ချက်စားရဦးမယ်" ဟု ပြောလိုက်သည်။
"ဘာ၊ နင်… နင်က အိမ်ထောင်ကျနေပြီလား"
မိန်းမ ဟူသော စကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ လုံရှောင်းအဲ့၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးနွမ်းသွားပြီး ဤအမှန်တရားကို လက်မခံလိုသည့်အလား ဖြစ်သွားရသည်။ တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင် အခြေအနေမှာ အနေခက်စရာ ဖြစ်သွားလေတော့သည်။
ထိုအချိန်တွင်ပင် သံမဏိစက်ရုံတွင် ချန်ကောဟွားကို အမြဲတစေ ရှာဖွေနေခဲ့သော ယွီဟိုင်ထန်သည်လည်း လူအုပ်ကြီးထဲတွင် သူ့ကို တွေ့ရှိသွားသည်။ ချန်ကောဟွား၏ ရှေ့တွင် ရပ်နေသူမှာ ဒါရိုက်တာ၏ သမီးဖြစ်သူ လုံရှောင်းအဲ့ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ သူမသည်လည်း များစွာ စဉ်းစားမနေတော့ဘဲ တိုက်ရိုက်ပင် ရှေ့သို့ လျှောက်သွားလိုက်သည်။
ယခုအချိန်တွင် သူမ၏ ခေါင်းထဲ၌ ဝမ်ကျန်းသာ ပြည့်နှက်နေပြီး ဤမျှ စာပေအရေးအသား ပြောင်မြောက်သော ကဗျာကို မည်သူ ရေးသားခဲ့ကြောင်း ချန်ကောဟွားအား မျက်နှာချင်းဆိုင် မေးမြန်းလိုစိတ်များ သဘာဝကျစွာပင် ရှိနေသည်။ ဤမေးခွန်းကြောင့်ပင် သူမသည် နေ့လယ်ခင်း တစ်ခုလုံး စိတ်ကစဉ့်ကလျား ဖြစ်နေခဲ့ရသည်။
ယခုလို ချန်ကောဟွားနှင့် အလွယ်တကူ ဆုံတွေ့ရချိန်တွင် သူမအနေဖြင့် မည်သို့လျှင် အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။
ဤကဲ့သို့ဖြင့် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီးနောက် နောက်ဆုံးတွင် ယွီဟိုင်ထန်သည် ချန်ကောဟွား၏ ရှေ့သို့ ရောက်ရှိလာသည်။
ချန်ကောဟွား၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် ယွီဟိုင်ထန်က စတင် ပြောဆိုလိုက်သည်။
"ရဲဘော်…မင်္ဂလာပါ၊ ငါ ဒီနေ့ နင့်ကို တစ်နေကုန် ရှာနေခဲ့တာ၊ ငါ နင့်ကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား"
ယွီဟိုင်ထန်က အနေခက်မှုကို ဖြိုခွင်းလိုက်သည်နှင့် လုံရှောင်းအဲ့မှာ မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်မိသည်။
ဒီအလှလေးကလည်း ချန်ကောဟွားရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတာလား။ ဒါဆို သူ့မိန်းမကရော သိပ်လှနေမှာလား
ဤကဲ့သို့ဖြင့် ချန်ကောဟွားအား တိတ်ဆိတ်စွာ ကြည့်နေသည်။ ထိုအချိန်မှာပင် လုံကျန့်ဟွာက ရွှီတမောင်းကို ခေါ်ဆောင်ကာ လုံရှောင်းအဲ့ရှိရာဆီသို့ လျှောက်လာသည်။
လုံကျန့်ဟွာသည် ရွှီတမောင်းနှင့် အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုပြီးနောက် သူ့ကို ထမင်းအတူစားရန် ခေါ်ဆောင်သွားလိုပြီး ထိုမှတစ်ဆင့် မိမိ၏ သမီးနှင့်ပါ မိတ်ဆက်ပေးလိုသည်။ သို့သော် လုံရှောင်းအဲ့မှာ သွားပြီးနောက် ရပ်နေကာ မထွက်ခွာလာတော့ချေ။
ပုံမှန်အချိန်ဆိုလျှင် ထားလိုက်၍ရသော်လည်း စက်ရုံမှူးယန်မှာလည်း ဘေးတွင် ရှိနေသဖြင့် အခြားသူများ၏ အလုပ်ကို နှောင့်နှေးစေခြင်းမှာ သိပ်မကောင်းလှပေ။ သို့သော် လူအများ အတူတကွ ရောက်ရှိလာခါနီး အချိန်မှာပင် ယွီဟိုင်ထန်က စတင် ပြောဆိုလိုက်သည်။
"မိတ်ဆွေ၊ နင် နေ့လယ်က ရွတ်ဆိုသွားတဲ့ ဝမ်ကျန်း က ဘယ်သူ ရေးထားတာလဲဆိုတာ ငါ မေးချင်လို့ပါ"
"ငါ့ကို သူ့ရဲ့ ဆက်သွယ်ရမယ့် လိပ်စာလေး ပေးလို့ရမလား၊ သူ့ဆီကနေ အကြံဉာဏ်တွေ တောင်းလို့ ရနိုင်မလားလို့ပါ"
ယွီဟိုင်ထန်၏ စကား ဆုံးသွားပြီးနောက် မူလက လုံရှောင်းအဲ့အား ထမင်းအတူစားရန် ခေါ်လိုသော လုံကျန့်ဟွာမှာ တိုက်ရိုက်ပင် ကြက်သေသေသွားရသည်။ ထို့နောက် ချက်ချင်းပင် မျက်နှာပေါ်တွင် သံသယဖြစ်မှုများ ပေါ်လွင်လာသည်။
ဝမ်ကျန်းက ရွှီတမောင်း ရွတ်ဆိုခဲ့တာ မဟုတ်ဘူးလား
ဘယ်လိုလုပ် ချန်ကောဟွား ရွတ်ဆိုတာဟုတ်မဟုတ် မေးတဲ့အခြေအနေကို ပြောင်းသွားရတာလဲ…
ဒါက ဘယ်လိုဖြစ်ရတာလဲ
ယွီဟိုင်ထန်၏ မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားမှာ မူလက နှိမ့်ချသော စကားအနည်းငယ် ပြောလိုသော်လည်း နောက်ဆုံးတွင် မိမိကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း တိုက်ရိုက်ပင် ဝန်ခံလိုက်လေတော့သည်။
အခြားအကြောင်းကြောင့် မဟုတ်ချေ။ ယခုအချိန်တွင် လီယွီကန်းမှာ လူ့လောကသို့ ရောက်ရှိလာခြင်းပင် မရှိသေးသဖြင့် ဤဝမ်ကျန်း သီချင်းကို ဖန်တီးနိုင်စွမ်း လုံးဝ မရှိသေးသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ဤသည်မှာ အခြားကမ္ဘာတစ်ခုဖြစ်ရာ ချန်ကောဟွားသည်သာလျှင် မူလရေးသားသူ ဖြစ်သည်။
ထို့ထက်ပို၍ ယခုအချိန်တွင် လုံကျန့်ဟွာမှာလည်း ဤနေရာ၌ ရှိနေသည်။ ဤသည်မှာ တစ်ဖက်လူနှင့် မိတ်ဆွေဖွဲ့ရန် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ထို့ကြောင့်ပင် သူက တိုက်ရိုက် ဝန်ခံလိုက်ခြင်း ဖြစ်သည်။
စကားသံ ဆုံးသွားသည်နှင့် နေရာတွင် ရှိနေသူအားလုံးမှာ ကြက်သေ သေသွားကြလေတော့သည်။
ပထမဆုံးသူမှာ ရွှီတမောင်းပင် ဖြစ်သည်။ သူသည် မူလကတည်းက စိတ်မလုံဖြစ်နေခဲ့ရာ ယခု ချန်ကောဟွားက သူကိုယ်တိုင် ရေးသားခဲ့ကြောင်း ပြောသည်ကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာမှာ ပို၍ပင် ပြာယာခတ်သွားရသည်။
ဒုတိယသူမှာ ဘေးတွင်ရှိနေသော စက်ရုံမှူးယန်ပင် ဖြစ်သည်။ သူက ချန်ကောဟွားအား ကြောင်တောင်တောင်ဖြင့် တိုက်ရိုက် ကြည့်နေသည်။
ဝမ်ကျန်းနှင့် ပတ်သက်၍ သူသည် လေးစားချီးကျူးမိသည်။ သို့သော် ဝမ်ကျန်းကို စက်ရုံမှ အလုပ်သမားတစ်ဦးက ရေးသားသည်ဟု ဆိုလာပါက သူကိုယ်တိုင် စကားတစ်ခွန်းကိုမျှ ယုံကြည်လိုမည် မဟုတ်ချေ။ဒါကလည်း အလွန်ပင် ရိုးရှင်းသည်။ အကြောင်းမှာ ခြောက်ဆယ်ပြည့်လွန်နှစ်များနှင့် နောင်ခေတ်ကာလတို့မှာ မတူညီသောကြောင့်ပင်ဖြစ်သည်။အလုပ်ရာထူးနေရာများကို ပညာအရည်အချင်းပေါ် မူတည်၍ သတ်မှတ်ထားခြင်း ဖြစ်သည်။
စက်ရုံမှူးယန်သည် တက္ကသိုလ်ပညာ အရည်အချင်းရှိသဖြင့် စက်ရုံမှူး ရာထူးကို တာဝန်ယူနိုင်ခြင်းဖြစ်ပြီး စက်ရုံရှိ အလုပ်သမားများမှာ အခြေခံအားဖြင့် မူလတန်း ပညာအရည်အချင်းသာ ရှိကြသည်။ ထို့ကြောင့် မျက်စိရှေ့ရှိ အမျိုးသားမှာ စက်ရုံဝန်ထမ်း တစ်ဦးဖြစ်ရာ တစ်ဖက်လူ၏ ပညာအရည်အချင်းမှာ သေချာပေါက် သူ့ထက် နိမ့်ကျနေပေမည်။
ဤအခြေအနေအောက်တွင် ပညာအရည်အချင်း မိမိထက် နိမ့်ကျသော အလုပ်သမားတစ်ဦးက အံ့သြဖွယ်ရာ ကဗျာတစ်ပုဒ်ကို ဖန်တီးနိုင်သည်ဟု သူ့အား ယုံကြည်စေရန်မှာ မည်သို့ လက်ခံယုံကြည်နိုင်ဖွယ် ရှိမည်နည်း။
လုံကျန့်ဟွာမှာလည်း သံမဏိစက်ရုံ၏ ဂုဏ်ထူးဆောင် ဒါရိုက်တာတစ်ဦး ဖြစ်ရာ စက်ရုံ၏ အခြေအနေကို သူလည်း နားလည်ထားသည်။ ထို့ကြောင့် ချန်ကောဟွား၏ ပညာအရည်အချင်းမှာ သေချာပေါက် မမြင့်မားနိုင်ကြောင်း သူ ကောက်ချက်ချလိုက်သည်။
ရွှီတမောင်းအပေါ် ကြိုတင် တွေးထင်ယုံကြည်ထားမှုပါ ပေါင်းစပ်လိုက်သောအခါ ချန်ကောဟွား၏ စကားများကို ယုံကြည်ရန် သဘာဝကျစွာပင် ပို၍ ခက်ခဲသွားလေတော့သည်။
တစ်ဖက်လူသည် ဤကဗျာကို မည်သည့်နေရာမှ တွေ့မြင်ခဲ့မှန်း မသိသော်လည်း ရွှီတမောင်း ရွတ်ဆိုလိုက်သောအခါ ခေါင်းဆောင်များ၏ အသိအမှတ်ပြုမှုကို ရရှိသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် ခေါင်းဆောင်များ၏ မျက်နှာသာပေးမှုကို ရရှိစေရန် မိမိကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း လိမ်လည်ပြောဆိုခြင်း ဖြစ်သည်ဟု သူ ယူဆလိုက်သည်။
ဤကဲ့သို့ အောင်မြင်မှုကို လိုလားမက်မောသူမျိုးကို လုံကျန့်ဟွာအနေဖြင့် မည်မျှလောက် မြင်တွေ့ခဲ့ဖူးမှန်းပင် မသိနိုင်တော့ချေ။ ထို့ကြောင့် ချန်ကောဟွားအပေါ် မြင်သော အမြင်မှာ များစွာ ဆိုးရွားသွားလေတော့သည်။
အလားတူပင်…ယွီဟိုင်ထန်သည် ကြားပြီးနောက် အနည်းငယ် ဒေါသထွက်သွားသည်။ မူလက သူမသည် ချန်ကောဟွားအား သူတစ်ပါးကို ကူညီလိုစိတ်ရှိသော ရှားပါးသည့် ရဲဘော်ကောင်း တစ်ဦးဟု ထင်မြင်သည်။ သို့သော် ယခု အခြေအနေကို ကြည့်ရလျှင် တစ်ဖက်လူမှာ တကယ်တမ်းတွင် ရိုးသားမှုမရှိသူ တစ်ဦးပင် ဖြစ်နေသည်။
ဝမ်ကျန်း ဟူသော ဤကဗျာကို သူမ၏ အလယ်တန်းအဆင့် ပညာရေးဖြင့် လုံးဝ ဖန်တီးနိုင်မည် မဟုတ်ချေ။ ကဗျာစပ်ရန် မဆိုထားနှင့်၊ အဓိပ္ပာယ်ပြည့်စုံစွာ ဖတ်ရှုနိုင်သော ကဗျာတစ်ပုဒ်ကို ရေးသားရန်ပင် လွယ်ကူမည် မဟုတ်ပေ။ ထို့ကြောင့် ဤအခြေအနေအောက်တွင် ချန်ကောဟွားမှာ ဟန်လုပ်ကာ အထင်ကြီးခံရအောင် လုပ်နေခြင်းဖြစ်သည်ဟု သူမ ယူဆလိုက်သည်။
သို့ရာတွင် လူအားလုံးထဲတွင် လုံရှောင်းအဲ့ တစ်ဦးတည်းသာလျှင် ချန်ကောဟွားအား ချီးကျူးလေးစားသော မျက်နှာဖြင့် ကြည့်နေသည်။ ထို့နောက် သူမ၏ မျက်နှာမှာ ကိုးကွယ်လေးစားနေသော ပရိသတ်လေးတစ်ဦး၏ ပုံစံသို့ပင် ပြောင်းလဲသွားလေတော့သည်။
လုံရှောင်းအဲ့သည် သူဌေးအသိုင်းအဝိုင်းမှ သမီးတစ်ဦး ဖြစ်သည်။ ငယ်စဉ်ကတည်းက ပြင်ပကမ္ဘာနှင့် ပတ်သက်၍ နက်ရှိုင်းစွာ နားလည်ထားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ပညာအရည်အချင်း ပြဿနာကို သူမ တွေးတောနေမည် မဟုတ်ချေ။
ယခင်က ချန်ကောဟွားနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးနောက် သူမ၏ အလိုအလျောက် သိစိတ်က မျက်စိရှေ့ရှိ အမျိုးသားမှာ သေချာပေါက် အားကိုးယုံကြည်ရသူ တစ်ဦးဖြစ်ကြောင်း သူမအား ပြောပြနေခြင်းပါ ပေါင်းစပ်လိုက်သောအခါ အနည်းဆုံးတော့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက လိမ်ညာခဲ့သော ရွှီတမောင်းနှင့် ယှဉ်လိုက်ပါက လုံရှောင်းအဲ့သည် ချန်ကောဟွားကို ပို၍ ယုံကြည်လိုစိတ် ရှိသည်။
ယခင် သားမွေးအင်္ကျီ ဝယ်ယူစဉ်က အဆက်အသွယ်ရှိခဲ့ခြင်းပါ ထပ်မံ ပေါင်းစပ်လိုက်သောအခါ အလှအပ ခံစားသိမြင်မှုမှာလည်း အံ့သြဖွယ်ကောင်းလောက်အောင် တူညီနေကြောင်း လုံရှောင်းအဲ့က တွေ့ရှိခဲ့သည်။
ထို့ကြောင့် စာပေအနုပညာ လိုက်စားမှုတွင် ချန်ကောဟွားအနေဖြင့် လိမ်လည်လှည့်ဖြားသူ တစ်ဦးအဖြစ် ဟန်ဆောင်နေရန် မလိုအပ်ပေ။ ထို့ကြောင့် လုံရှောင်းအဲ့သည် ချန်ကောဟွား၏ စကားကို ယုံကြည်သည်။ ထိုသို့ ယုံကြည်သွားပြီးနောက် လုံရှောင်းအဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"နင့်ရဲ့ စာပေအနုပညာ ကျွမ်းကျင်မှုက ဒီလောက်တောင် နက်ရှိုင်းတာလား၊ အသံက သိပ်ရင်းနှီးနေတယ်လို့ ငါတွေးမိသားပဲ"
ထိုသို့ ပြောပြီးနောက် လုံကျန့်ဟွာ၏ မျက်နှာမှာ အလွန်တရာ အကူအညီမဲ့နေပုံ ပေါ်သည်။ ဘေးတွင်ရှိသော ရွှီတမောင်းသာလျှင် လူတွေ့ရွေးချယ်ပွဲ ပြုလုပ်ရမည့်သူ ဖြစ်သည်။
မိမိ၏ သမီးက အခြားအမျိုးသားတစ်ဦးအပေါ် ကိုးကွယ်လေးစားမှုများ ပြသနေသည်။ ဤသည်က ရွှီတမောင်းအား မည်သို့ တွေးထင်သွားစေမည်နည်း။ ထို့အပြင် ဒူးခေါင်းနှင့် စဉ်းစားလျှင်ပင် ချန်ကောဟွား လိမ်ညာနေကြောင်း သိသာလှသည်။
ချန်ကောဟွားကို အထင်သေး၍တော့ မဟုတ်ပေ။ ကဗျာရေးဖွဲ့ခြင်း ကဏ္ဍတွင် ချန်ကောဟွား၌ တကယ်သာ ဤမျှလောက် ပါရမီရှိပါက အဘယ်ကြောင့် သတင်းစာတိုက်သို့ ပေးပို့ထုတ်ဝေခြင်း မရှိသနည်း။
စက်ရုံတွင် အလုပ်သမား လုပ်နေခြင်းထက်စာလျှင် ကဗျာဆရာတစ်ဦး ဖြစ်လာခြင်းက အခြားသူများ၏ လေးစားမှုကို ရရှိရန် ပို၍ လွယ်ကူပေလိမ့်မည်။ ထို့ကြောင့်ပင် လုံကျန့်ဟွာသည် ယုံကြည်လိုခြင်းမရှိဘဲ လုံရှောင်းအဲ့အား ဤနေရာမှ ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်သည်။ အိမ်ပြန်ရောက်ပြီးနောက် သူမအား ချန်ကောဟွားနှင့် အဆက်အသွယ် ဖြတ်တောက်ခိုင်းရန်လည်း ရည်ရွယ်ထားသည်။
မိမိ၏ အဆန်းအပြားမသိသော သမီးလေး တစ်ဖက်လူ၏ လိမ်လည်မှုကို ခံရမည် စိုးသောကြောင့်ပင် ဖြစ်သည်။ ဤကဲ့သို့ လိမ်ညာရာတွင် မျက်နှာပင် မပျက်သော လိမ်လည်သူမျိုးနှင့် သေချာပေါက် အပြန်အလှန် အဆက်အသွယ် မလုပ်သင့်ချေ။ စက်ရုံမှူးယန်ကလည်း စတင်၍ ဆုံးမစကား ပြောဆိုလိုက်သည်။
"ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ရချင်တာက ပုံမှန်ပါပဲ၊ ဒါပေမဲ့ သူတစ်ပါးရဲ့ ကြိုးစားအားထုတ်မှုကို ခိုးယူလို့ လုံးဝ မရဘူးဆိုတာ သေချာ မှတ်ထားပါ၊ ရဲဘော် ချန်ကောဟွားအနေနဲ့ ငါ့စကားကို ရင်ထဲမှာ သေချာ မှတ်သားထားဖို့ မျှော်လင့်ပါတယ်"
ယွီဟိုင်ထန်သည် အတော်လေး လက်ခံသဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ စက်ရုံမှူး၏ အမြင်ကို သဘောတူကြောင်း သိသာထင်ရှားလှသည်။
သူမသည်လည်း ဆုံးဖြတ်လိုက်သည်၊ အကယ်၍ ချန်ကောဟွားက ဤပြဿနာကို မေဖြရှင်းနိုင်ပါက သူ မည်မျှပင် ရုပ်ချောနေပါစေ အဆက်အသွယ် ပြုလုပ်၍ မဖြစ်နိုင်ဟုပင် ဖြစ်သည်။
ချန်ကောဟွားအကြောင်းကို ပြန်ပြောရမည်ဆိုလျှင် ယခုအချိန်တွင် လူအများ၏ တုံ့ပြန်မှုများကို သူ၏ မျက်စိထဲ၌ အကုန်အစင် မြင်တွေ့နေရသည်။ ထို့နောက် သူ၏ ရင်ထဲတွင် ပြောစရာစကားမရှိအောင်ပင် ဖြစ်သွားရလေတော့သည်။
အကြောင်းမှာ ပထမဆုံး ထုတ်ပြန်ခြင်း ရှုထောင့်မှ ကြည့်ပါက မိမိကိုယ်တိုင်သာလျှင် ဤကဗျာ၏ မူလရေးသားသူ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။သူက မည်သူ့ကိုမျှ လိမ်လည်လှည့်ဖြားခဲ့ခြင်း မရှိခဲ့ချေ။
သို့သော် အခြားသူများမှာ ကြိုတင် တွေးထင်ယုံကြည်နေကြပြီဖြစ်ရာ မိမိ မည်သို့ပင် ပြောဆိုနေပါစေ အသုံးမဝင်တော့ကြောင်းကို ချန်ကောဟွား သိရှိထားသည်။
မိမိသည် မူလရေးသားသူဖြစ်ကြောင်း အခြားသူများအား အတင်းအဓမ္မ သက်သေပြနေ၍လည်း မဖြစ်နိုင်ချေ။ ထို့အပြင် ချန်ကောဟွားသည်လည်း သက်သေပြရန် ပျင်းရိနေသည်။
သို့သော် ထိုအချိန်မှာပင် ခုနက အနည်းငယ် စိတ်မလုံဖြစ်နေသော ရွှီတမောင်းက စတင် ပြောဆိုလာသည်။
"ဦးလေးလုံ ငါတို့ အရင် ထမင်းသွားစားကြရအောင်"
ရွှီတမောင်း ဤသို့ပြောခြင်းမှာ ချန်ကောဟွားအား အခက်အခဲမှ ကယ်တင်ပေးရန် မဟုတ်ပေ။
ခုနက အပြန်အလှန် စကားပြောဆိုပြီးနောက် ရွှီတမောင်းသည်လည်း လုံကျန့်ဟွာကို မှတ်မိသွားကာ တစ်ဖက်လူက သမီးဖြစ်သူကို ခေါ်လာပြီး မိမိနှင့် လူတွေ့ရွေးချယ်ပွဲ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိသွားသဖြင့် ယခုအချိန်သည် အထက်လူကြီးနှင့် ရင်းနှီးခွင့်ရမည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ချက်ချင်း နားလည်သွားသည်။ ထို့ကြောင့် လုံရှောင်းအဲ့နှင့် လူတွေ့ရွေးချယ်ပွဲ ပြုလုပ်ရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေသည်။
"ဟုတ်တယ်…တမောင်းရာ၊ ဒီတစ်ခေါက် တွေ့ဖို့ဆိုတာ ခဲယဉ်းတော့ တကယ်ပဲ အတူတူ စားကြရမှာပေါ့" ဟု လုံကျန့်ဟွာက ရွှင်လန်းစွာ ပြုံးလျက် ဆိုသည်။
သူ၏ မျက်လုံးထဲတွင် ရွှီတမောင်းအား သူ၏ သမက်အဖြစ် အခြေခံအားဖြင့် သတ်မှတ်ပြီးဖြစ်သည်။
အရပ်ရှည်ပြီး တောင့်တင်းရုံသာမက ကဗျာရွတ်ဆိုတတ်ပြီး ပို၍ အရေးကြီးသည်မှာ အကဲခတ်တတ်ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့သော အမျိုးသားသည် မိမိ၏ သမီးအား သေချာပေါက် ပျော်ရွှင်မှုများ ပေးစွမ်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ရွှီတမောင်းနှင့် လုံရှောင်းအဲ့တို့ကို ပေါင်းဖက်ပေးလိုသည်။
ရွှီတမောင်းသည် လုံကျန့်ဟွာ၏ အသိအမှတ်ပြုမှုကို သတိပြုမိသွားသဖြင့် ရင်ထဲတွင် အလွန်တရာ ကျေနပ်ပျော်ရွှင်သွားသည်။ ထို့နောက် မနေနိုင်ဘဲ လုံရှောင်းအဲ့အား ခိုး၍ တစ်ချက် ကြည့်လိုက်သည်။
ဤသို့ကြည့်လိုက်ခြင်းမှာ ပြဿနာ မရှိသော်လည်း ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် စိတ်များ လွင့်ပါးသွားရလေတော့သည်။ ဖြူဖြူဖွေးဖွေး သန့်သန့်စင်စင် ရှိရုံသာမက ခန္ဓာကိုယ် အချိုးအစားမှာလည်း သားသမီး မွေးဖွားနိုင်မည့် ပုံစံမျိုး ဖြစ်သည်။
လုံရှောင်းအဲ့သည် ရွှီတမောင်းက သူမအား အကဲခတ်နေကြောင်း သဘာဝကျစွာပင် သိရှိသည်။ အမှန်အတိုင်း ပြောရလျှင် ထိုစဉ်က ဝမ်ဖူကျင်းတွင် စျေးဝယ်နေစဉ်ကတည်းက ရွှီတမောင်းသည် သူမအပေါ် မကောင်းသော ရည်ရွယ်ချက် ရှိနေကြောင်း သူမ သတိပြုမိသည်။ အထူးသဖြင့် သူ၏ မျက်ဝန်းများထဲတွင် ညစ်ညမ်းသော အရာများ ရှိနေသဖြင့် သူမအား အလွန် အနေရခက်စေသည်။
ချန်ကောဟွားမှာမူ ကွာခြားလှသည်။ အကြည့်များက ရှင်းလင်းကြည်လင်ပြီး ရုပ်ရည်မှာ ချောမောပြေပြစ်ကာ မြင့်မြတ်သော နိုင်ငံချစ်စိတ် ရှိရုံသာမက အရေးအကြီးဆုံးမှာ မိန်းမကို ချစ်ခင်ကြင်နာတတ်ခြင်းပင် ဖြစ်သည်။
ဤမျှ ထူးချွန်သော အမျိုးသားတစ်ဦးကအိမ်ထောင်ကျနှင့်နေပြီ ဖြစ်ကြောင်း တွေးမိလိုက်သည်နှင့် လုံရှောင်းအဲ့မှာ ရင်ထဲတွင် ဓားနှင့် အမွှန်းခံရသကဲ့သို့ နာကျင်သွားရပြီး မိမိ အဘယ်ကြောင့် လွဲချော်ခဲ့ရသနည်းဟု နောင်တရမိလေတော့သည်။
"စက်ရုံမှူးယန် ခင်ဗျားလည်း ရှိနေတာဆိုတော့ အတူတူ ထမင်းသွားစားကြတာပေါ့"
ရွှီတမောင်းသည် လုံရှောင်းအဲ့၏ အတွေးများကို မသိရှိဘဲ လုံကျန့်ဟွာနှင့် စကားပြောဆိုပြီးနောက် ဘေးတွင် စက်ရုံမှူးယန် ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အခွင့်ကောင်းယူ၍ ဆက်ဆံရေးကောင်း တည်ဆောက်လိုနေသည်။
ထင်ထားသည့်အတိုင်းပင် စက်ရုံမှူးယန်သည် ရွှီတမောင်းအကြောင်းကို နားမလည်သော်လည်း ဒါရိုက်တာလုံက သူ့အား သမက်တစ်ဦးအား ကြည့်သော အကြည့်မျိုးဖြင့် မသိမသာ ကြည့်နေသည်ကို မြင်တွေ့ရသောအခါ ဤလူငယ်မှာ မကြာမီ အဆင့်အတန်း မြင့်မားလာတော့မည်ကို သိရှိလိုက်သည်။
ထို့ကြောင့် စက်ရုံမှူးယန်က ရွှီတမောင်းအား ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ခေါင်းဆောင်နှစ်ဦးနှင့် စကားပြောဆိုပြီးနောက်မှသာ စကားလမ်းကြောင်းကို ချန်ကောဟွားဘက်သို့ လှည့်ကာ အမိန့်ပေးသော လေသံဖြင့် စတင် ပြောဆိုလိုက်သည်။
"ကောဟွားရာ၊ စက်ဘီးကို ငါ ခေါင်းဆောင်တွေကို ပို့ဖို့ သုံးရမယ်၊ မင်းဘာသာမင်း လမ်းလျှောက်ပြီး အိမ်ပြန်လိုက်တော့"
ရွှီတမောင်း ပြောဆိုလိုက်သော စကားမှာ အလွန် အဆင့်အတန်းရှိကြောင်း မပြော၍ မဖြစ်ချေ။ ဤစကားသည် အလိမ်အညာ ပေါ်သွားမည့် အန္တရာယ်ကို လျှော့ချပေးနိုင်ရုံသာမက ခေါင်းဆောင်များ၏ ရှေ့တွင် ချန်ကောဟွား၏ စက်ဘီးကို ယူကာ ဟန်ရေးပြနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ ချန်ကောဟွားက မငှားပါက ခေါင်းဆောင်များကို မျက်နှာမထောက်ရာ ရောက်သွားမည်ဖြစ်သည်။
ဘာ…
ရွှီတမောင်းသည် မည်သည့်အတွက်ကြောင့် ချန်ကောဟွားကို စော်ကားမိမည်ကို မစိုးရိမ်ရသနည်း။ ဤသည်ကို ပြောစရာပင် မလိုအပ်ချေ။
ရွှီတမောင်း၏ အတွေးအရ ယခုအချိန်တွင် ဒါရိုက်တာလုံ၏ မျက်နှာသာပေးမှုကို ရရှိနေပြီဖြစ်ရာ အနာဂတ်တွင် ချန်ကောဟွားက သူ့အား မျက်နှာချိုသွေးရမည့် အလှည့်သာ ရှိတော့မည်ဖြစ်ရာ သူနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားရန် မည်သို့ လိုအပ်တော့မည်နည်း။ ထို့ကြောင့်ပင် ရွှီတမောင်းက ဤမျှလောက် ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။
ရွှီတမောင်း၏ စကားကို ကြားလိုက်ရသောအခါ လုံကျန့်ဟွာနှင့် စက်ရုံမှူးယန်တို့မှာ စက်ဘီးကို အာရုံမစိုက်တော့ဘဲ အလိုအလျောက်ပင် မေးမြန်းလိုက်ကြသည်။
"တမောင်း… မင်း သူ့ကို သိလို့လား"
"သေချာပေါက် သိတာပေါ့၊ ငါနဲ့ ချန်ကောဟွားက ခြံဝင်းတစ်ခုတည်းမှာ အတူနေကြတာ၊ ပုံမှန်ဆို ချန်ကောဟွားက ငါ့ကို အလုပ်အကြိုအပို့ လုပ်ပေးနေတာလေ" ဟု ရွှီတမောင်းက ယုံကြည်မှုရှိစွာ ပြုံးလျက် ဆိုသည်။
သူတို့နှစ်ဦး ခြံဝင်းတစ်ခုတည်းတွင် နေထိုင်ကြောင်း သိရှိသွားပြီးနောက် လုံကျန့်ဟွာနှင့် စက်ရုံမှူးယန်တို့သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် မေးမြန်းလိုက်သည်။
"ရွှီတမောင်း… နေ့လယ်က ဝမ်ကျန်းကို မင်း ရွတ်ဆိုတာလို့ ပြောတယ်နော်၊ ဒါဆိုရင် ဒီကဗျာနဲ့ ပတ်သက်ပြီး သေချာပေါက် နက်နက်ရှိုင်းရှိုင်း နားလည်ထားမှာပဲ"
ရွှီတမောင်းသည် ကဗျာလင်္ကာကို လုံးဝ နားမလည်သော်လည်း ယခု အခြေအနေမှာ ပရမ်းပတာ ဖြစ်၍မရကြောင်း သူ သိရှိထားသည်။ ထို့ကြောင့် သူက အထိတ်တလန့် မဖြစ်ဘဲ ခေါင်းညိတ်လိုက်ပြီး မိမိကိုယ်ကို ပညာတတ်တစ်ဦး၊ စာပေအနုပညာ အဆင့်အတန်း အလွန်ရှိသူ တစ်ဦးကဲ့သို့ ဟန်ဆောင်လိုက်သည်။
စက်ရုံမှူးယန်သည် ထိုအခြေအနေကို မြင်တွေ့ပြီးနောက် ဘေးတွင်ရှိနေသော ချန်ကောဟွားကို လက်ညှိုးထိုးကာ သံသယဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။
"မင်းက ကဗျာလင်္ကာကို နားလည်တယ်… ပြီးတော့ မင်းနဲ့ ချန်ကောဟွားကလည်း ခြံဝင်းတစ်ခုတည်းမှာ အတူနေကြတယ်ဆိုတော့ ဒီဝမ်ကျန်း သီချင်းကို တကယ်ပဲ ချန်ကောဟွား ရေးခဲ့တာ ဟုတ်မဟုတ် ငါ မင်းကို မေးချင်တယ်"
ဤသည်ကို ကြားလိုက်ရသောအခါ ရွှီတမောင်းမှာ ချက်ချင်းပင် သက်ပြင်းချလိုက်မိသည်။ ခေါင်းဆောင်က သူ့အား ကဗျာ ဖန်တီးမှု နည်းစနစ်များနှင့် ပတ်သက်၍ မေးမြန်းမည်ဟု သူ ထင်မှတ်ထားသည်။ သို့သော် ယခု မေးမြန်းနေသည်မှာ ကဗျာ၏ မူလရေးသားသူမှာ မည်သူနည်း ဟူ၍သာ ဖြစ်သည်။ ဤသည်ကို ဖြေကြားရန် လွယ်ကူလွန်းပေသည်။
ကြားပြီးနောက် ရွှီတမောင်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။ သိထားရန်မှာ သူသည် အရိုးထဲထိအောင် ဆိုးသွမ်းနေသူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များက သူ့အား ယုံကြည်နေပြီး ချန်ကောဟွား ဘဝသာယာနေသည်ကို မနာလိုဖြစ်နေသည့် အခြေအနေအောက်တွင် သူသည် စတင်၍ ရေနစ်သူကို ဝါးကူထိုးလေတော့သည်။
"စက်ရုံမှူး…ဒီစကားကို မေးတာ လူမှန်သွားပြီ၊ ငါနဲ့ ကောဟွားက ခြံဝင်းထဲမှာ အတူနေလာတာ နှစ်အတော်ကြာပြီဆိုတော့ တော်တော်လေးကို ရင်းနှီးပါတယ်"
"ဒါပေမဲ့ ငါသိရသလောက်တော့ ချန်ကောဟွားက ငယ်ငယ်ကတည်းက တောရွာမှာ ကြီးပြင်းလာတာ၊ မူလတန်းတောင် ပြီးအောင် မတက်ခဲ့ရဘူး"
"သေချာတာပေါ့လေ… သူကလည်း ဒီကဗျာကို ကိုယ်တိုင် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပါလိမ့်မယ်"
"ဘာလို့လဲဆိုတော့ အလုပ်လုပ်လာတာ အချိန်အတော်ကြာပြီဖြစ်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ခပ်ရေးရေး ခံစားမှုတစ်ခု ရလာပြီး ကဗျာတစ်ပုဒ် ဖန်တီးချင်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဝမ်ကျန်း မူကြမ်းကို ရေးဖြစ်သွားတယ်"
"မူလက နည်းနည်းလောက် ပြင်ဆင်ချင်သေးတာ…ဒါပေမဲ့ အချိန်မမီလိုက်ဘဲ ဒီနေ့ နေ့လယ်မှာတင် ကြားလိုက်ရတာပဲ"
ဟန်ရေးပြခြင်းဟူသော အပြုအမူသည် မည်သူ့အတွက်မဆို စွဲလမ်းစေနိုင်သည်။ ရွှီတမောင်းသည် ချန်ကောဟွားကို အသုံးချကာ တစ်ကြိမ် ဟန်ရေးပြပြီးနောက် သူက ဘာမှ ထပ်မပြောသည်ကို မြင်သောအခါ ယခု နောက်တစ်ကြိမ် ထပ်မံ ဟန်ရေးပြနေခြင်းဖြစ်သည်။
သို့သော် သူ မသိရှိသည်မှာ လူတို့သည် ဟန်ရေးပြနေသည့် ထိုအခိုက်အတန့်တွင် ဦးနှောက်မဲ့နေတတ်ခြင်းပင် ဖြစ်သည်။ မူလကတည်းက ဉာဏ်ရည် မမြင့်မားလှသော ရွှီတမောင်းကဲ့သို့သော သူမျိုးဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။ သို့သော် သူ၏ ဟန်ရေးပြသော စကားများမှာ အတော်အတန် အကျိုးသက်ရောက်မှု ရှိသွားခဲ့ကြောင်း မပြော၍ မဖြစ်ချေ။
အကြောင်းမှာ ခေါင်းဆောင်များ မထွက်ခွာသေးသဖြင့် အလုပ်သမားများမှာလည်း မည်သူကမျှ အရင်ထွက်ခွာသွားရန် သဘာဝကျစွာပင် မဝံ့ရဲကြချေ။ ထို့ကြောင့် သူက ချန်ကောဟွား၏ ပညာအရည်အချင်းကို အကြောင်းပြကာ ပြောဆိုပြီးနောက် လူတိုင်းသည် အတော်များများ ယုံကြည်သွားကြသည်။
ထို့နောက် သူကိုယ်တိုင်သာလျှင် ဝမ်ကျန်းကို မူလရေးသားသူဖြစ်ကြောင်း ထောက်ပြလိုက်သောအခါ ရွှီတမောင်းကို ကောင်းစွာ မသိရှိသော အလုပ်သမား အများစုသည်လည်း ယုံကြည်သွားကြသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် အလုပ်သမား အများစုမှာ မူလတန်းအထိသာ ပညာသင်ကြားခဲ့ဖူးကြသည်။ ရွှီတမောင်းကမူ အလယ်တန်းအထိ ပညာသင်ကြားခဲ့ဖူးသည်။ ထို့အပြင် လူတို့သည် မိမိထက် သာလွန်သူကို အထင်ကြီးတတ်ကြရာ မိမိထက် သာလွန်သော သူကို ယုံကြည်ရန် ရွေးချယ်လိုကြသည်။
ထို့ကြောင့် ရွှီတမောင်း ပြောဆိုပြီးနောက် နေရာတွင် ရှိနေသော အလုပ်သမား အများစုသည် ချန်ကောဟွားအား သံသယ မျက်လုံးများဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြည့်လာကြသည်။
လုံကျန့်ဟွာ၊ ယွီဟိုင်ထန်နှင့် စက်ရုံမှူးယန်တို့ သုံးဦးမှာမူ ချန်ကောဟွားသည် လိမ်လည်လှည့်ဖြားသူ တစ်ဦးဖြစ်ကြောင်း ရင်ထဲတွင် ပို၍ပင် အတည်ပြုလိုက်ကြလေတော့သည်။ ချက်ချင်းပင် ချန်ကောဟွားအပေါ် မြင်သော အမြင်မှာ ပို၍ ဆိုးရွားသွားလေတော့သည်။ လုံရှောင်းအဲ့ တစ်ဦးတည်းသာလျှင် ချန်ကောဟွားကို ယုံကြည်ရန် ဆက်လက် ရွေးချယ်နေဆဲ ဖြစ်သည်။
လူအများ၏ အထင်သေး အေးစက်သော အကြည့်များကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွား၏ မျက်နှာမှာ အလွန်တရာ တည်ငြိမ်နေသည်။ အကြောင်းမှာ သူသည် အခြားသူများ၏ အမြင်ထဲတွင် မည်သည့်အခါမျှ အသက်ရှင်နေထိုင်သူ မဟုတ်သောကြောင့်ပင်ဖြစ်သည်။
သို့သော် ရွှီတမောင်း၏ အကြိမ်ကြိမ် သေလမ်းရှာနေသော အပြုအမူများအပေါ်တွင်မူ သူ သဘာဝကျစွာပင် မကျေမနပ် ဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် ရင်ထဲ၌ အလိုအလျောက် လှောင်ပြုံး ပြုံးလိုက်မိသည်။
ကောင်းပြီလေ ရွှီတမောင်း…ပထမက မင်းကို တစ်ခါလောက် လွှတ်ပေးထားမလို့ပါပဲ
မင်းလိုကောင်က အခွင့်အရေးပေးတာကို အတင့်ရဲနေသေးတယ်ပေါ့လေ…
ဒီတစ်ခါ မင်းကို သေအောင် ချောက်မချနိုင်ရင် ငါ့ရဲ့ ချန် ဆိုတဲ့ နာမည်ကို ပြောင်းပြန်ရေးပစ်မယ်…
ဤသို့ တွေးတောလိုက်ရင်း ချန်ကောဟွား၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ၎င်းမှာ အေးစက်သော ဓားမြှောင်ပေါ်မှ အလင်းရောင်ကဲ့သို့ပင် လူတို့အား ကြက်သီးမွေးညင်း ထစေလောက်သည်။
ထို့နောက် ချက်ချင်းပင် အတွေးတစ်ခု ပေါ်လာပြီး စနစ်၏ သိုလှောင်နေရာထဲတွင် လိုအပ်သော အရာကို ရှာဖွေတွေ့ရှိသွားသည်။
အခြားအရာမဟုတ်ဘဲ မိန်းမစိုး အတွေ့အကြုံ ကတ်ပြားပင် ဖြစ်လေတော့သည်။
….