← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း ၇၇

ချန်ကောဟွားက မိန်းမစိုး အတွေ့အကြုံ ကတ်ပြားကို ရရှိသွားပြီးနောက် ပတ်ဝန်းကျင်ရှိ အလုပ်သမားများသည်လည်း စတင်၍ ဆွေးနွေးပြောဆိုလာကြသည်။

"မူလတန်း ပညာအရည်အချင်းတောင် မရှိဘူး၊ စာလုံးတောင် အပြည့်အစုံ ဖတ်တတ်ပါ့မလား မသိဘူး၊ ဘယ်လိုလုပ် ကဗျာရေးတတ်မှာလဲ"

"ချန်ကောဟွားကိုတော့ ငါ သိတယ်၊ တော်တော်လေး ရိုးသားကြိုးစားတဲ့ လူငယ်လေးပါ၊ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ခေါင်းဆောင်တွေရှေ့မှာ မျက်နှာလိုမျက်နှာရ လုပ်ချင်လာရတာလဲ"

"ဟုတ်ပါ့…ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး လေလုံးထွားနေတာ၊ အခုတော့ ခေါင်းဆောင်တွေ မိသွားပြီဆိုတော့ ဒုက္ခရောက်တော့မှာပဲ"

"ကဗျာရေးတာ၊ ဖန်တီးတာတွေက ခေါင်းဆောင်တွေမှ လုပ်နိုင်တာလေ၊ သူ့လို အလုပ်သမား တစ်ယောက်က ဘယ်လိုလုပ် ကဗျာရေးနိုင်မှာလဲ"

ပတ်ဝန်းကျင်ရှိ အလုပ်သမားများ၏ ဆွေးနွေးပြောဆိုသံများနှင့်အတူ လူအုပ်ကြီးထဲတွင် ရီကျုံးဟိုင်၊ လျိုဟိုင်ကျုံး၊ ဟယ်ယွီကျူး၊ ချင်ဟွိုင်ယွီ အစရှိသော ခြံဝင်းထဲမှ လူများသည်လည်း ပွဲကြည့်ပရိသတ်များ ဖြစ်လာကြသည်။

ချန်ကောဟွားသည် ခေါင်းဆောင်များ၏ မျက်နှာသာပေးမှုကို ရရှိလို၍ ဖားယားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ ရလဒ်အနေဖြင့် ဖားယားမှု မအောင်မြင်ဘဲ ပြဿနာသာ ရှာမိသကဲ့သို့ ဖြစ်သွားသည်။

သေချာသည်မှာ ခြံဝင်းအတွင်းရှိ လေးစားထိုက်သော အဘိုးကြီးနှစ်ဦးဖြစ်သည့် ရီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးတို့သည် ဤအချိန်တွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် အစစ်အမှန် ခေါင်းဆောင်များ၏ ရှေ့တွင် သူတို့အနေဖြင့် စကားများများ မပြောဝံ့သောကြောင့်ပင်ဖြစ်သည်။

ချင်ဟွိုင်ယွီသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဤနှစ်သစ်ကူးပွဲတော်တွင် သူမသည် ချန်ကောဟွားကြောင့် လုံးဝ ပျော်ရွှင်စွာ မဖြတ်သန်းခဲ့ရချေ။ ထို့ကြောင့် ချန်ကောဟွားအား ခေါင်းဆောင်မှ အပြစ်တင်မေးမြန်းနေသည်ကို မြင်တွေ့လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် အလွန်ပင် ပျော်ရွှင်သွားရသည်။

ဟယ်ယွီကျူးနှင့် ပတ်သက်၍မူ သူသည် တိတ်တဆိတ် ဝမ်းသာနေသည်။ ယခင်က သူသည် ချန်ကောဟွားကြောင့် မစင်စားခဲ့ရသဖြင့် သူ၏ ရင်ထဲတွင် သဘာဝကျစွာပင် ချန်ကောဟွားအပေါ် မကျေမနပ် ဖြစ်နေသည်။

ရွှီတမောင်းနှင့် သူသည်လည်း ငယ်စဉ်ကတည်းက မတည့်ကြရာ ယခုအခါ ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့နေသည်ကို မြင်ရသဖြင့် မည်သူပင် ဒုက္ခရောက်စေကာမူ သူ ဝမ်းသာနေမည်သာ ဖြစ်သည်။ ထို့ကြောင့် တိတ်ဆိတ်စွာပင် ပွဲကြည့်နေလေတော့သည်။

နေရာရှိ အခြေအနေကို ပြန်ပြောရမည်ဆိုလျှင် စက်ရုံမှူးယန်သည် ရွှီတမောင်း၏ စကားများကို နားထောင်ပြီးနောက် ချန်ကောဟွား၏ ရှေ့တွင် လက်နောက်ပစ်လျက် ရပ်ကာ မျက်နှာထား တည်တင်းသွားသည်။ ဤတစ်ချက်တည်းဖြင့်ပင် ဒေါသမထွက်ဘဲ ဩဇာတိက္ကမရှိသော ခေါင်းဆောင်တစ်ဦး၏ အသွင်အပြင် ထွက်ပေါ်လာသည်။

ထိုအသွင်အပြင် ထွက်ပေါ်လာပြီးနောက် စက်ရုံမှူးယန်၏ ရင်ထဲတွင် ချန်ကောဟွားအား မည်သို့ ဝေဖန်အပြစ်တင်ရမည်ကို စဉ်းစားနေသည်။ ယခုအချိန်တွင် သူသည် ချန်ကောဟွား လိမ်ညာနေကြောင်းကို ယုံကြည်နေဆဲပင် ဖြစ်သည်။

ရွှီတမောင်း တစ်ယောက်တည်း၏ စကားကို နားယောင်နေခြင်းကြောင့်ကား မဟုတ်ပေ။ အကယ်၍ သူ တစ်ယောက်တည်းက ဤသို့ ထင်မြင်နေပါက တစ်ဖက်သတ် ဆန်လွန်းရာကျမည် ဖြစ်သော်လည်း ယခုအခါ လူအများအပြားက ချန်ကောဟွား ကဗျာမရေးနိုင်ဟု ထင်မြင်နေကြသဖြင့် သဘာဝကျစွာပင် သူ၏ ဆုံးဖြတ်ချက်မှာ မှားယွင်းမည် မဟုတ်ချေ။ ဤသို့ သုံးသပ်ပြီးနောက် သူသည် ချန်ကောဟွားအား ရွှီတမောင်း၏ လက်ရာကို ခိုးယူသူအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ချန်ကောဟွားအကြောင်းကို ပြန်ပြောရမည်ဆိုလျှင် သံသယဝင်မှုများနှင့် ပတ်သက်၍ သူသည် ထိုသူတို့နှင့် ငြင်းခုံလိုစိတ် မရှိချေ။ အဘယ်ကြောင့်ဆိုသော် မူလရေးသားသူ ဖြစ်ခြင်း မဖြစ်ခြင်းသည် သူ့အပေါ် ကြီးမားသော အဓိပ္ပာယ် မရှိသောကြောင့်ပင်ဖြစ်သည်။

သူသည် ယွီဟိုင်ထန်ကို ကူညီရုံသာ ကူညီလိုပြီး ထိုမှတစ်ဆင့် ခေါင်းဆောင်များ၏ မျက်စိကျမှုကို ရယူလိုခြင်းသာ ဖြစ်သည်။ သို့သော် ကိစ္စရပ်များ ဖြစ်ပေါ်လာသည်နှင့်အမျှ ရွှီတမောင်း ရှိနေမှုကြောင့် လုံကျန့်ဟွာနှင့် စက်ရုံမှူးယန်တို့သည် မိမိအပေါ် အထင်လွဲမှားမှုများ ဖြစ်ပေါ်လာကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်သည်။

ထို့အပြင် ယွီဟိုင်ထန်ပင်လျှင် ရွှီတမောင်း၏ စကားများကြောင့် မိမိက သူမအား ကူညီခဲ့သော ကျေးဇူးကို အသိအမှတ် မပြုတော့ချေ။ ဤသည်မှာ သူ၏ မူလရည်ရွယ်ချက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားလေပြီ။

အကယ်၍ မည်သည့်အရာမျှ မလုပ်ဆောင်ပါက အချည်းနှီး အလုပ်ရှုပ်ရုံသာမကပေ။ အရေးကြီးသည်မှာ မိမိ၏ နာမည်ကောင်းကို ရွှီတမောင်းက ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ ထိုအချိန်တွင် မည်သည့်အရာမျှ မလုပ်ဘဲ သို့မဟုတ် တိုက်ရိုက် အိမ်ပြန်သွားပါက ရှုံးပန်းများသွားမည် ဖြစ်သည်။

ထို့ကြောင့် ချန်ကောဟွားသည် မိန်းမစိုး အတွေ့အကြုံ ကတ်ပြားကို ရှာတွေ့ပြီးနောက် ဤကတ်ပြား၏ အကျိုးသက်ရောက်မှုကို မည်သို့ အများဆုံး ဖြစ်အောင် အသုံးချရမည်ကို တွက်ဆနေသည်။

ရွှီတမောင်းအား မိမိကို ရန်စမိသည့်အတွက် နောင်တရစေရုံသာမက မိမိ၏ ရက်စက်သော နည်းလမ်းများကိုပါ ခံစားသိရှိစေရန် ဖြစ်သည်။

ချန်ကောဟွား ဤသို့ တွေးတောနေစဉ်မှာပင် စက်ရုံမှူးယန်သည်လည်း ချန်ကောဟွားအား ဝေဖန်ပညာပေးရန် စဉ်းစားပြီးသွားပြီဖြစ်ပြီး သူက အေးစက်စွာဖြင့် ပြောလိုက်သည်။

"ရဲဘော် ချန်ကောဟွား…မင်း ကျူးလွန်ခဲ့တဲ့ အမှားကို မင်းကိုယ်တိုင် အလေးအနက်ထားရမယ်၊ မူလရေးသားသူရဲ့ စာပေလက်ရာကို အစားထိုးယူတာက တွေးခေါ်မှုပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းနေတဲ့ လက္ခဏာပဲ"

"မင်းကလည်း ဝန်ထမ်းဟောင်း တစ်ယောက်ပါ၊ ငါတို့ စက်ရုံမှာ လစဉ် အပြုသဘောဆောင်တဲ့ ဝါဒဖြန့်ချိရေး အစည်းအဝေးတွေ လုပ်လေ့ရှိတယ်"

"ဒါပေမဲ့ မင်း အခု လုပ်နေတဲ့ အလုပ်က ဘာနဲ့တူနေလဲ"

"အထက်လူကြီးကို လိမ်ညာတယ်၊ လုပ်ဖော်ကိုင်ဖက်တွေကို လှည့်စားတယ်၊ ဒါက ရိုးရှင်းတဲ့ ကိုယ်ကျင့်တရား ပြဿနာ မဟုတ်တော့ဘူး၊ လုံးဝကို တွေးခေါ်မှုပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေပြီ"

"ဒီကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူရမယ်"

စက်ရုံမှူးယန်က ဝေဖန်ပြောဆိုလိုက်သည်။ ဤလုပ်ငန်းစဉ်အတွင်း ဘေးတွင် ရယ်ချင်စိတ်ကို အောင့်ထားသော ရွှီတမောင်း၏ ရင်ထဲတွင် အလွန်ပင် ပျော်ရွှင်နေသည်။

ရီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံး ဟူသော အဘိုးကြီးနှစ်ဦးသည်လည်း သဘာဝကျစွာပင် ဝမ်းသာအားရ ဖြစ်နေကြပြီး အကယ်၍ စက်ရုံတွင်သာ မဟုတ်ပါက သူတို့သည် သေချာပေါက် ဝင်ရောက်၍ စကားအနည်းငယ် ပြောဆိုကြမည် ဖြစ်သည်။

ဟယ်ယွီကျူးနှင့် ချင်ဟွိုင်ယွီတို့နှင့် ပတ်သက်၍မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ပုံမှန်အားဖြင့် ယှဉ်ပြိုင်၍ မရသော ရန်သူတစ်ဦး ဆူပူကြိမ်းမောင်းခံရသည်ကို မြင်တွေ့ရသဖြင့် ငွေကောက်ရသည်ထက်ပင် ပို၍ ပျော်ရွှင်နေကြသည်။

ထိုသူများ ပျော်ရွှင်နေကြစဉ်မှာပင် ရွှီတမောင်းက ဟန်ဆောင်ပန်ဆောင် ထပ်မံ၍ လုပ်ဆောင်လာပြန်သည်။ သူက ရင်နာနေသည့် အမူအရာဖြင့် စက်ရုံမှူးယန်အား ပြောလိုက်သည်။

"စက်ရုံမှူးကြီး ချန်ကောဟွားက ရည်ရွယ်ချက်မရှိဘဲ လုပ်မိတာလို့ ငါယုံကြည်ပါတယ်၊ သူ့ရဲ့ ပညာအရည်အချင်းက နည်းနည်းနိမ့်ပေမဲ့ ပုံမှန်အားဖြင့်တော့ ခိုးချတာမျိုးတွေ လုပ်မှာ မဟုတ်ပါဘူး၊ အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာ ခေါင်းဆောင်နှစ်ဦး လာမယ်ဆိုတာ သိလို့ ခေါင်းဆောင်တွေရှေ့မှာ မျက်နှာလိုမျက်နှာရ လုပ်ချင်လို့ ဖြစ်နိုင်တယ်၊ ချန်ကောဟွားရဲ့ မူလရည်ရွယ်ချက်ကတော့ ကောင်းပါတယ်၊ ခေါင်းဆောင်ကြီးတွေအနေနဲ့ လူကြီးသူမပီပီ လူငယ်တွေရဲ့ အမှားကို ခွင့်လွှတ်ပေးပြီး အရမ်းကြီး ပြင်းပြင်းထန်ထန် အပြစ်မပေးဖို့ မျှော်လင့်ပါတယ်"

ရွှီတမောင်း ပြောဆိုပြီးနောက် တိတ်ဆိတ်စွာ ကြည့်နေသော လုံကျန့်ဟွာသည် ဤသမက်လောင်းအပေါ် ပို၍ပင် ကျေနပ်သွားသည်။

အရည်အချင်းရှိသည်၊ ယဉ်ကျေးပျူငှာသည်၊ မိတ်ဆွေများအပေါ်တွင်လည်း ဤမျှလောက် သဘောထားကြီးသည်။

ဤကဲ့သို့သော ကိုယ်ကျင့်တရားရှိသည့် အမျိုးသားမှသာ မိမိ၏ သမီးအား ပျော်ရွှင်မှု ပေးစွမ်းနိုင်မည် ဖြစ်သည်။

လုံကျန့်ဟွာက ခေါင်းညိတ်ပြလိုက်ပြီး ရွှီတမောင်း၏ ဟန်ဆောင်ကောင်းမှုအပေါ် အာရုံစိုက်နေချိန်မှာပင် ချန်ကောဟွား ပြောလိုက်သော စကားကြောင့် နေရာတွင် ရှိနေသူအားလုံးမှာ အံ့အားသင့်သွားကြရသည်။ သူက စက်ရုံမှူးကို တည်ငြိမ်စွာ ကြည့်ရင်း

"စက်ရုံမှူးယန်…မင်း အခု ပြောသွားတဲ့ စကားတွေမှာ ဘာသက်သေမှ မရှိဘူး၊ သဘာဝကျကျပဲ ငါ့ကို အပြစ်ပေးဖို့ အမိန့်ပေးပိုင်ခွင့် မရှိဘူး" ဟု အေးဆေးစွာ ပြောလိုက်သည်။

ဤစကား ဆုံးသွားသောအခါ စက်ရုံမှူးယန်သည် ချန်ကောဟွားအား ကြက်သေသေ၍ ကြည့်နေသည်။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ရှိနေသည်။ သိထားရန်မှာ သူ စက်ရုံမှူး လုပ်လာခဲ့သော နှစ်များစွာအတွင်း သူ့အား ဤသို့ စကားပြောဝံ့သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးချေ။ ရီကျုံးဟိုင်ကဲ့သို့သော ဆရာသမားဟောင်းများပင်လျှင် သူ့အား ပြန်လည် မငြင်းဆန်ဝံ့ကြချေ။ အမှားလုပ်မိသော သာမန် အလုပ်သမားလေး တစ်ဦးဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

ဘေးတွင် ဝိုင်းအုံကြည့်ရှုနေကြသော အလုပ်သမားများသည်လည်း ချန်ကောဟွားအား အံ့အားသင့်စွာ ကြည့်နေကြသည်။ ချန်ကောဟွားက စက်ရုံမှူးယန်အား အဘယ်ကြောင့် ဤသို့ စကားပြောရဲကြောင်းကို သူတို့လည်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။ စက်ရုံမှူးက ဝေဖန်ပြောဆိုခဲ့သော်လည်း နောက်ဆုံး အပြစ်ပေးမှုကို မချမှတ်ရသေးချေ။

၎င်းမှာ ကိစ္စရပ်သည် ကြီးနိုင်သလို ငယ်လည်း ငယ်နိုင်ပြီး နောက်ပိုင်းတွင် ဆွေးနွေးညှိနှိုင်းရန် အခွင့်အရေး ရှိနေသေးကြောင်း ဖော်ပြနေသည်။ သို့သော် ဤကဲ့သို့ ခေါင်းဆောင်အား ပြန်လည်ချေပပြီး စက်ရုံမှူးကို မကျေမနပ် ဖြစ်စေပါက သူ့အပေါ် ပြင်းထန်သော ပြစ်ဒဏ် ချမှတ်ခံရမည်မှာ သေချာလှသည်။

"ချန်ကောဟွား…မင်းက ပြန်ပြောရဲတယ်ပေါ့"

စက်ရုံမှူးယန်မှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရွဲ့သွားလေတော့သည်။ ထို့နောက် ချန်ကောဟွားကို လက်ညှိုးထိုးကာ တစ်စုံတစ်ခု ပြောလိုသော်လည်း ယခုအချိန်တွင် အလုပ်သမား အများအပြား ကြည့်နေကြသဖြင့် အကယ်၍ ကောင်းစွာ မဖြေရှင်းနိုင်ပါက ဒါရိုက်တာလုံ၏ ရင်ထဲတွင် မကောင်းသော အမြင်များ ကျန်ရစ်စေမည်မှာ သေချာလှသည်။

ထို့ကြောင့် ဒေါသကြောင့် တုန်ယင်နေပြီး အခြားစကားများ ထွက်မလာတော့ချေ။

ထိုအချိန်တွင် ရွှီတမောင်းသည်လည်း စက်ရုံမှူးယန် ပြောချင်သော်လည်း မပြောရဲဖြစ်နေသော ပုံစံကို သတိပြုမိသွားပြီး ဤသည်မှာ အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်း ချက်ချင်း ထင်မြင်သွားသည်။ ထို့ကြောင့် အခွင့်အရေးကို အရယူကာ စက်ရုံမှူးယန်အတွက် စကားပြောပေးလိုက်သည်။

"ချန်ကောဟွား…ကျေးဇူးပြုပြီး မင်းရဲ့ သဘောထားကို မှန်မှန်ကန်ကန် ထားပါ"

"မင်း လုပ်တာက အစကတည်းက မှားနေတာ၊ စက်ရုံမှူးက မင်းကို စကားနည်းနည်း ပိုပြောလိုက်တာ ဘာဖြစ်သွားလို့လဲ"

"ပြီးတော့ ဒီနေရာက စက်ရုံနော်၊ ခြံဝင်းထဲမှာ မဟုတ်ဘူး၊ စက်ရုံမှူးက မင်းကို အုပ်ချုပ်ပိုင်ခွင့် ရှိတယ်"

"နောက်ပြီး ဒီကိစ္စအတွက် မင်း စက်ရုံမှူးကို သေချာပေါက် တောင်းပန်ရမယ်၊ မဟုတ်ရင် ငါ့ရဲ့ လက်ရာကို ခိုးချတဲ့ ကိစ္စ မပြီးသေးဘူးလို့ မှတ်"

ရွှီတမောင်း၏ စကားပြောဆိုမှုမှာ အလွန် အဆင့်အတန်းရှိကြောင်း မပြော၍ မဖြစ်ချေ။ ဟန်ရေးပြလိုက်ရုံသာမက စက်ရုံမှူးကိုလည်း မြှောက်ပင့်ပေးလိုက်သည်။

စက်ရုံမှူးယန်သည်လည်း ဤနေရာမှာ စက်ရုံဖြစ်ကြောင်းနှင့် သူသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် တစ်ဖက်လူအား အုပ်ချုပ်ပိုင်ခွင့် ရှိကြောင်း သတိပြုမိသွားသည်။ ထိုအခွင့်အာဏာထဲတွင် အလုပ်သမားကို အလုပ်ထုတ်ပိုင်ခွင့်လည်း ပါဝင်သည်။

စက်ရုံမှူးယန်က ဆုံးဖြတ်ချက်ချရန် စဉ်းစားနေချိန်မှာပင် လုံရှောင်းအဲ့သည်လည်း ရွှီတမောင်းမှာ အရိုးထဲထိအောင် ဆိုးသွမ်းနေသူ တစ်ဦးဖြစ်ကြောင်း သိမြင်လာသည်။

ထိုစဉ်က ဝမ်ဖူကျင်းတွင် ပစ္စည်းဝယ်ယူစဉ်က ချန်ကောဟွား၏ ရှေ့တွင် အလွန်တရာ နှိမ့်ချနေသည်။ ယခု ချန်ကောဟွားအား စက်ရုံမှူးက အထင်လွဲမှားနေချိန်တွင် တွေးတောနေခြင်းမရှိဘဲ ရေနစ်သူကို ဝါးကူထိုး‌နေသည်။သူဟာ လုံးဝကို ဟန်ဆောင်ကောင်းသူ တစ်ဦးပင် ဖြစ်သည်။ ထို့အပြင် သူမသည် မူလကတည်းက ချန်ကောဟွားအပေါ် အမြင်ကောင်းရှိနေသဖြင့် ကူညီ၍ စကားပြောပေးလိုက်သည်။

"စက်ရုံမှူးယန်၊ နင်လည်း ဒေါသမထွက်နဲ့တော့၊ ဒီကိစ္စက ကြီးရင် ကြီးမယ်၊ ငယ်ရင်လည်း ငယ်သွားနိုင်ပါတယ်၊ နင်ပဲ အကြီးကို အငယ်ဖြစ်အောင် လုပ်ပေးလိုက်ပါတော့"

ဘေးတွင်ရှိသော ယွီဟိုင်ထန် မြင်သောအခါ ရင်ထဲတွင် အနည်းငယ် သနားသွားမိသည်။

ဝမ်ကျန်းကို ရေးသားသူမှာ ချန်ကောဟွား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အခြားသူများအား အသံလွှင့်ရန် အကူအညီတောင်းသည်မှာ သူမ၏ တောင်းဆိုချက်ကြောင့်ပင် ဖြစ်သည်။ပြဿနာ၏ အရင်းအမြစ်မှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။

ထို့ကြောင့် ချန်ကောဟွား လိမ်ညာသည်ဆိုလျှင်ပင် သူမဘက်မှ အကြောင်းရင်းခံ ရှိနေသောကြောင့် ဖြစ်သည်၊ ထိုသို့မဟုတ်ပါက သူမသည်လည်း မိမိကိုယ်ကို ဝင့်ကြွားပြသနေမည် မဟုတ်ချေ။ထို့ကြောင့် သူမကလည်း အလျင်အမြန် ဝင်ရောက်ဖျောင်းဖျသည်။

"စက်ရုံမှူးယန်၊ ချန်ကောဟွားနဲ့ ရွှီတမောင်းက ခြံဝင်းတစ်ခုတည်းမှာ နေကြတာ၊ ပြီးတော့ စက်ရုံတစ်ခုတည်းမှာလည်း အလုပ်လုပ်ကြတယ်ဆိုတော့ ရွှီတမောင်းကို ဖန်တီးမှုဆိုင်ရာ စိတ်ကူးဉာဏ်တွေ သေချာပေါက် ပေးခဲ့ဖူးမှာပါ၊ ဒါကြောင့် ခိုးချတယ်လို့တော့ လုံးဝ သတ်မှတ်လို့မရပါဘူး၊ ပူးပေါင်းဖန်တီးတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်၊ ခေါင်းဆောင်ကြီးအနေနဲ့ သက်ညှာစွာ ဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်"

သူတို့နှစ်ဦး၏ တောင်းပန်စကားများကြောင့် စက်ရုံမှူးယန်၏ ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွားသည်။ သို့သော် သူသည် ရွှီတမောင်းအတွက် တရားမျှတမှုကို တောင်းဆိုပေးလိုပြီး ချန်ကောဟွားကို ဆက်လက် အပြစ်ပေးလိုသေးသဖြင့် ညင်သာစွာ အော်ဟစ်လိုက်သည်။

"မင်းတို့ ပြောတာလည်း အကြောင်းပြချက် ရှိပါတယ်၊ ဒီလိုလုပ်ကြတာပေါ့၊ ဒီကိစ္စမှာ အနစ်နာဆုံးသူက ရွှီတမောင်းပဲ၊ ချန်ကောဟွားက ရွှီတမောင်းကို တောင်းပန်လိုက်ရင် ဒီကိစ္စကို ဒီလောက်နဲ့ပဲ ပြီးလိုက်ကြတာပေါ့"

စက်ရုံမှူးယန်က ပြစ်ဒဏ်ဟု မခေါ်ဆိုနိုင်သော ပြစ်ဒဏ်တစ်ခုကို ချမှတ်လိုက်သည်။

ရှင်းရှင်းပြောရလျှင် သူသည် ချန်ကောဟွားအား ဆင်းသက်စရာ လှေကားတစ်စင်း ပေးလိုပြီး လုံကျန့်ဟွာ၏ အလေးထားမှုကို ခံရသော ရွှီတမောင်းအား မျက်နှာသာပေးလိုခြင်း ဖြစ်သည်။

စက်ရုံမှူးယန်က ပြစ်ဒဏ်ကို ပြောဆိုပြီးနောက် လုံရှောင်းအဲ့နှင့် ယွီဟိုင်ထန်တို့ နှစ်ဦးက ချန်ကောဟွားအား မျက်ရိပ်ပြလိုက်ကြသည်။

လက်ရှိအခြေအနေတွင် ယောက်ျားကောင်း ပီသစွာ အလျော့ပေးလိုက်ရန် အချက်ပြခြင်း ဖြစ်သည်။ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရွှီတမောင်းသည် ချက်ချင်းပင် အနည်းငယ် မနာလို ဖြစ်သွားလေတော့သည်။ ရင်ထဲတွင်လည်း သက်ပြင်းချမိသည်။

ချန်ကောဟွားရဲ့ မိန်းကလေးတွေနဲ့ ပတ်သက်တဲ့ ကံက ဘယ်လိုလုပ် ဒီလောက်ကောင်းနေရတာလဲ

လှပတဲ့ မိန်းကလေးတွေက သူ့ကို ဂရုစိုက်ကြတယ်ပေါ့လေ…

မနာလိုဖြစ်ပြီးနောက်တွင်မူ ဒေါသထွက်လာတော့သည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားများသည် အမျိုးသမီးများအပေါ် အနည်းနှင့်အများတော့ စိတ်ကူးယဉ်တတ်ကြသည်။ အထူးသဖြင့် အပြင်ပန်း လှပပြီး အတွင်းစိတ် ထက်မြက်သော မိန်းကလေးများကို ဆိုလျှင် သေချာပေါက် အလွန် အာရုံစိုက်မိမည် ဖြစ်သည်။

အထူးသဖြင့် ရွှီတမောင်းသည် ခုနကမှ လုံကျန့်ဟွာထံမှ သူ၏ သမီးနှင့် မိမိအား လူတွေ့ရွေးချယ်ပွဲ ပြုလုပ်ပေးလိုကြောင်း သိရှိထားသည်။ ဆိုလိုသည်မှာ မျက်စိရှေ့ရှိ အသားဖြူဖြူ ရုပ်ချောချော သူဌေးသမီးလေးသည် နောက်ပိုင်းတွင် မိမိ၏ ဇနီး ဖြစ်လာနိုင်ခြေ အလွန်များသည်။

သို့သော် ယခု မိမိ၏ ဇနီးလောင်းက အခြားအမျိုးသားတစ်ဦးကို သွားရောက် ဂရုစိုက်နေသည်။ ထိုအမျိုးသားမှာ မိမိ မုန်းတီးသော အမျိုးသားပင် ဖြစ်နေသေးသည်။ ဤသည်ကို သူ မည်သို့ မမုန်းတီးဘဲ နေနိုင်မည်နည်း။ ချက်ချင်းပင် ဤမနာလိုမှုမှ ဖြစ်ပေါ်လာသော မုန်းတီးမှုသည် တဖြည်းဖြည်းချင်း စုပုံလာလေတော့သည်။

ချန်ကောဟွားမှာမူ ရွှီတမောင်း၏ အတွေးများကို မသိရှိသော်လည်း ဤလူတွင် ကောင်းသော ရည်ရွယ်ချက် မရှိကြောင်းကို မူလကတည်းက သိရှိထားသော သူသည် သူ့အား မည်သို့လျှင် တောင်းပန်မည်နည်း။ တောင်းပန်မည် မဟုတ်ရုံသာမက သူ့အား ဘဝကို သံသယဝင်သွားသည်အထိ ဒုက္ခပေးရန်ပင် ရည်ရွယ်ထားသည်။

ဤသို့ဖြင့် ချန်ကောဟွားက တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။

"စက်ရုံမှူးယန်…ငါက အကျင့်စာရိတ္တ ကောင်းမွန်စွာ နေထိုင်တယ်၊ ရွှီတမောင်းဆီက မခိုးချခဲ့ဘူးဆိုရင် သေချာပေါက် မခိုးချခဲ့တာပါပဲ"

"ရွှီတမောင်းကို ယုံကြည်ရုံနဲ့ ငါ့ကို အပြစ်ပေးလို့ မရပါဘူး၊ ဒီလို ပေါ့ပေါ့ဆဆ ဆုံးဖြတ်တာက အာဏာကို အလွဲသုံးစားလုပ်တာ မဟုတ်ဘူးလား"

ဤစကား ဆုံးသွားသောအခါ လူတိုင်းက ဤသည်မှာ ချန်ကောဟွား သေခါနီး ရုန်းကန်နေခြင်းဟု ထင်မြင်ကြသည်။ စက်ရုံမှူးယန်သည် ထိုသို့ ကြားပြီးနောက်တွင် အလွန်အမင်း ဒေါသထွက်သွားသည်။ သူ့အား အခွင့်အရေးပေးသည်ကို လက်မခံဟု ယူဆလိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် ဤကဲ့သို့ အမှားကို ဝန်မခံသော ချန်ကောဟွားအား အပြစ်ပေးရန် နည်းလမ်းတစ်ခုကို သူ တွေးမိသွားသည်။

သူက ပါးစပ်ကို အနည်းငယ် ဟကာ

"ကောင်းပြီလေ၊ မင်းက မင်းကိုယ်တိုင် ရေးတယ်လို့ အကြိမ်ကြိမ် ပြောနေတော့လည်း မင်းရဲ့ အပြစ်ကို ဆေးကြောဖို့ အခွင့်အရေး တစ်ကြိမ် ပေးမယ်" ဟု ပြောသည်။

"မင်း ဒီနေရာမှာ ကဗျာတစ်ပုဒ် ချက်ချင်း ရေးစမ်း"

"ငါတို့အားလုံး သက်သေလုပ်ပေးမယ်၊ မင်းကို 'ဝမ်ကျန်း' ထက် ပိုကောင်းအောင် ရေးဖို့ မတောင်းဆိုပါဘူး၊ ဖတ်လို့ အဓိပ္ပာယ်ပေါ်တဲ့ ကဗျာတစ်ပုဒ် ဖြစ်ရင်ကို ရပါပြီ၊ အဲဒီလိုဆိုရင် ဒီနေ့ လူတိုင်းက မင်းကို အထင်လွဲခဲ့တာ ဖြစ်သွားပြီး ငါကိုယ်တိုင် စက်ရုံမှူးအနေနဲ့ မင်းကို တောင်းပန်မယ်"

"ဒါပေမဲ့ မရေးနိုင်ဘူးဆိုရင်တော့ နစ်နာသူ ရွှီတမောင်းကပဲ မင်းရဲ့ ပြစ်ဒဏ်ကို ဆုံးဖြတ်လိမ့်မယ်"

စက်ရုံမှူးယန် ပြောဆိုပြီးနောက် ရွှီတမောင်းလည်း ဝမ်းသာသွားသည်။

"စက်ရုံမှူး၊ ဘာလို့ သူ့ကို တောင်းပန်ရမယ်လို့ ဝန်ခံရတာလဲ၊ သူ့ရဲ့ ပညာအရည်အချင်းနဲ့ လုံးဝ ရေးနိုင်မှာ မဟုတ်ပါဘူး"

ဤစကား ဆုံးသွားသောအခါ ချန်ကောဟွား၏ ရင်ထဲတွင် ရွှီတမောင်းအား ဒုက္ခပေးရန် အကြံအစည် ဖြစ်ပေါ်လာပြီးနောက် သူ့အား အေးဆေးစွာဖြင့်

"ရွှီတမောင်း၊ တကယ်လို့ ငါ ကဗျာတစ်ပုဒ် ရေးနိုင်ခဲ့ရင် မင်း ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။

ချန်ကောဟွား၏ စကားကို ရင်ဆိုင်ရချိန်တွင် ရွှီတမောင်းသည် လှောင်ရယ်နေခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် ချန်ကောဟွား၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်လိုက်ရာ ရင်ထဲတွင် မကောင်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ သို့သော် ဤသည်မှာ မိမိကိုယ်ကို ခြောက်လှန့်နေခြင်းသာ ဖြစ်သည်ဟု သူ ထင်မြင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ခေါင်းဆောင်များက သူ့ဘက်မှ ပါနေကြရာ ဤချန်ကောဟွားကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။ ထို့ကြောင့် ဤခံစားချက်ကို သူ မေ့ပစ်လိုက်သည်။

ထို့အပြင် ချန်ကောဟွားသည် တောရွာမှ မြို့သို့ လာရောက်သူဖြစ်ကြောင်း သူ သိရှိထားပြီး ထိုစဉ်က သူ၏ ပညာအရည်အချင်းကို မေးမြန်းခဲ့ရာ တစ်ဖက်လူက မူလတန်းအဆင့်ပင် မရှိကြောင်း တိကျစွာ ပြောဆိုခဲ့သည်။ ဤအရာများကို သိရှိထားပြီး မူလကတည်းက ချန်ကောဟွားအပေါ် မကျေမနပ်ဖြစ်နေသော ရွှီတမောင်းသည် ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။ ထို့နောက် ချက်ချင်းပင်

"တကယ်လို့ မင်း ဒါရိုက်တာလုံ ကျေနပ်လောက်တဲ့ ကဗျာတစ်ပုဒ် ရေးနိုင်ခဲ့ရင် မင်း ငါ့ကို ဘာလုပ်ချင်လုပ်လို့ ရတယ်…ဒါပေမဲ့ မင်း ကဗျာမရေးနိုင်ဘူးဆိုရင်တော့ ငါ့ရဲ့ လက်ရာကို ခိုးချတဲ့အတွက် လျော်ကြေးအနေနဲ့ မင်းရဲ့ စက်ဘီးကို ငါ့ကို ပေးရမယ်" ဟု ပြောလိုက်သည်။

ပြောပြီးနောက် ရွှီတမောင်းသည် ချန်ကောဟွားအား အပြုံးမျက်နှာဖြင့် ကြည့်နေသည်။ အကြောင်းမှာ သူ၏ ထိုစကားသည် အကြံအစည်များ အပြည့်ပါဝင်နေသောကြောင့်ပင် ဖြစ်သည်။

အခြားသူများကို ကျေနပ်စေရန် မပြောဘဲ လုံကျန့်ဟွာကို ကျေနပ်စေရမည်ဟု ပြောဆိုထားခြင်း ဖြစ်သည်၊ သိထားရန်မှာ လုံကျန့်ဟွာသည် မိမိနှင့် သူ၏ သမီးကို ပေါင်းဖက်ပေးလိုနေသူ ဖြစ်ရာ သဘာဝကျစွာပင် ရွှီတမောင်းဘက်သို့ ဘက်လိုက်ရန် အလားအလာ အလွန်များသည်။ တစ်ဖက်လူ ကဗျာမရေးရသေးမီကတည်းက အသာစီးရမှုမှာ ရွှီတမောင်းဘက်သို့ ယိမ်းယိုင်နေပြီ ဖြစ်သည်။

နေရာတွင် ရှိနေသူများသည်လည်း အနည်းနှင့်အများဆိုသလို ရွှီတမောင်း၏ အကြံအစည်ကို သိရှိကြသဖြင့် ချန်ကောဟွားအနေဖြင့် အလျော့ပေးလိမ့်မည် သို့မဟုတ် အနည်းဆုံးတော့ တောင်းဆိုချက်ကို ပြောင်းလဲလိမ့်မည်ဟု ထင်မြင်ကြသည်။

သို့သော် မည်သူမျှ ထင်မှတ်မထားသည်မှာ ချန်ကောဟွားက ပြတ်သားစွာပင် လက်ခံလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီ၊ တကယ်လို့ ငါ ကဗျာရေးနိုင်ခဲ့ရင် မင်းဆီက ဘာပစ္စည်းမှ မလိုချင်ဘူး၊ မင်း ဘောင်းဘီချွတ်ပြီး 'ငါဟာ အသုံးမကျတဲ့ကောင်' လို့ အကျယ်ကြီး အော်လိုက်ရုံပဲ"

ချန်ကောဟွားက ဤတောင်းဆိုချက်ကို ပြောဆိုလိုက်သောအခါ လူတိုင်းက အလွန် ပြောစရာစကားမရှိ ဖြစ်သွားကြသည်။

တဖက်လူက မင်းရဲ့ စက်ဘီးကို လိုချင်နေတာလေ၊ မင်းက သူ့ကို ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းလောက် အော်ခိုင်းတာဆိုတော့ ဒါ အကြီးအကျယ် ရှုံးတာ မဟုတ်ဘူးလား

ရွှီတမောင်းသည် ဤတောင်းဆိုချက်ကို ကြားသောအခါ ပို၍ပင် ဂရုမစိုက်တော့ချေ။ ပထမအချက်မှာ မိမိ ရှုံးနိမ့်ရန် မဖြစ်နိုင်ပေ၊ ဒုတိယအချက်မှာ ရှုံးနိမ့်ခဲ့လျှင်ပင် စကားတစ်ခွန်း အော်လိုက်ရုံမျှသာ ဖြစ်ပြီး မည်သည့် နစ်နာမှုမျှ ရှိမည်မဟုတ်ချေ။

ထို့ကြောင့် များစွာ တွေးတောမနေဘဲ သဘောတူလိုက်သည်။ ရွှီတမောင်းက သဘောတူပြီးနောက် ချန်ကောဟွားသည်လည်း ငါးမျှားချိတ်တွင် ငါးဟပ်သွားပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် စကားပိုမပြောတော့ဘဲ ရွှီတမောင်းအား မိန်းမစိုး အတွေ့အကြုံ ကတ်ပြားကို တိုက်ရိုက် အသုံးပြုလိုက်လေတော့သည်။

သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခက်ခဲသော ရွှေရောင်အလင်းတန်းတစ်ခု ရွှီတမောင်းဆီသို့ ပစ်လွှတ်လိုက်သည်ကို မြင်တွေ့ရသည်။

ကတ်ပြားကို အသုံးပြုပြီးနောက် ရွှီတမောင်းသည် မည်သည့် ခံစားမှုကိုမျှ မခံစားလိုက်ရချေ။ သို့သော် သူ မသိရှိသည်မှာ သူ၏ ပေါင်ကြားမှ တစ်စုံတစ်ခု ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မိန်းမစိုး ကတ်ပြား၏ စွမ်းဆောင်ရည်မှာ အလွန် အားကောင်းလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ရွှီတမောင်းသည် လုံကျန့်ဟွာအား အလွန် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် မျက်နှာချိုသွေး ပြုံးရယ်ပြလိုက်သည်။

"ဒါရိုက်တာလုံ၊ မင်းက ငါတို့ စက်ရုံမှာ ပညာအရည်အချင်း အမြင့်မားဆုံးသူပါ၊ ဒီတစ်ခေါက် မင်းပဲ ခေါင်းစဉ်ပေးပါ၊ မင်း ခေါင်းစဉ်ပေးတာကို လူတိုင်း လက်ခံကြလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"

ရွှီတမောင်း ပြောဆိုပြီးနောက် ဘေးတွင် ရပ်နေသော လုံကျန့်ဟွာလည်း ဆက်လက်၍ တိတ်ဆိတ်မနေနိုင်တော့ချေ။

ဤသည်မှာ ယုတ္တိရှိသည်ဟု သူ ထင်မြင်လိုက်သည်၊ မည်သို့ပင်ဆိုစေကာမူ မိမိသည် ဒါရိုက်တာတစ်ဦး ဖြစ်ပြီး ကဗျာရွတ်ဆိုခြင်း အစီအစဉ်မှာလည်း စက်ရုံမှူးယန်က မိမိအတွက် စီစဉ်ပေးထားခြင်း ဖြစ်သည်။ မိမိသည် ဒါရိုက်တာ ဖြစ်နေသဖြင့် သဘာဝကျစွာပင် လျစ်လျူရှုထား၍ မဖြစ်နိုင်ချေ။

ထို့ကြောင့် သူက လူအများအား ခေါင်းညိတ်ပြပြီးနောက် ရှေ့သို့ လှမ်းထွက်ကာ "ဒီလိုဆိုမှတော့ ငါပဲ ခေါင်းစဉ် ပေးလိုက်ပါ့မယ်" ဟု ပြောသည်။

ပြောပြီးနောက် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ အကြည့်သည် နောက်ဆုံးတွင် သမီးဖြစ်သူ လုံရှောင်းအဲ့အပေါ်သို့ ကျရောက်သွားသည်။

ဤခရီးစဉ်မှာ အလုပ်ကိစ္စအတွက်ဟု ဆိုသော်လည်း တကယ်တမ်းတွင်မူ မိမိ၏ အသည်းအသက် သမီးလေး၏ လူတွေ့ရွေးချယ်ပွဲ အဆင်မပြေမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်ကြောင်း သူ တွေးမိလိုက်သည်။

ထို့ကြောင့် သူက ချန်ကောဟွားအား "ဒီလိုလုပ်ကြတာပေါ့၊ ငါ မင်းကို အခက်မတွေ့စေပါဘူး၊ အချစ်ကို အဓိကထားပြီး ငါ့သမီးနဲ့ တမောင်းအတွက် နိမိတ်ကောင်းတစ်ခု လုပ်ပေးလိုက်ပါ" ဟု ပြောသည်။

လုံကျန့်ဟွာ၏ စကားကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားသည် အေးဆေးစွာ ပြုံးလိုက်သည်။ အခြားကဗျာများဆိုလျှင် ချန်ကောဟွားအနေဖြင့် ခဏတာ စဉ်းစားရမည်သာ ဖြစ်သည်။ သို့သော် အချစ်နှင့် ပတ်သက်၍မူ စဉ်းစားနေရန် မလိုအပ်ပေ။

အတိတ်ဘဝက အလွန်ရေပန်းစားခဲ့သော ဂန္ထဝင် သီချင်းများစွာ ရှိသည်။ ကဗျာ မဟုတ်သော်လည်း အနည်းဆုံးတော့ သီချင်းများ ဖြစ်သည်။ ချက်ချင်းပင် သူ၏ ရင်ထဲတွင် အကြံဉာဏ် ရရှိသွား၏။ ၎င်းမှာ အတိတ်ဘဝက အလွန်ရေပန်းစားခဲ့သော 'ဆယ်နှစ်' ပင် ဖြစ်သည်။(ရှီနျန်)

အတိတ်ဘဝတွင် 'ဆယ်နှစ်' သည် KTV တွင် မဖြစ်မနေ သီဆိုရသော သီချင်းတစ်ပုဒ်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည်ဟုပင် ဆိုနိုင်သည်။ မည်သူက စာပိုဒ်အနည်းငယ်မျှ မညည်းတွားတတ်ဘဲ နေမည်နည်း။ လူသားတို့၏ ခံစားချက်များမှာ တူညီကြသည်။

အတိတ်ဘဝက 'ဆယ်နှစ်' သည် အလွန်ရေပန်းစားခဲ့သဖြင့် နှောင်းပိုင်းခေတ်ကာလတွင် လူတို့၏ ရင်ကို မထိရှစေနိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ဤ 'ဆယ်နှစ်' သည် ကျရှုံးမည် မဟုတ်ကြောင်း ချန်ကောဟွားက အပြည့်အဝ ယုံကြည်ချက် ရှိသည်။

သို့သော် ချန်ကောဟွား၏ ယုံကြည်မှုရှိသော မျက်နှာထားသည် လူအများစုအတွက်မူ ဟန်ဆောင်နေခြင်းဟုသာ ထင်မြင်သွားကြသည်။ အထူးသဖြင့် ရွှီတမောင်းသည် ရင်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေသည်။

"မူလတန်း ပညာအရည်အချင်းတောင် မရှိဘဲနဲ့ ဟန်လုပ်နေသေးတယ်၊ ခဏနေ ဟန်လုပ်လို့ မရတော့ရင် စက်ဘီးက ငါ့အပိုင်ဖြစ်ပြီပဲ"

ချင်ဟွိုင်ယွီသည်လည်း ရင်ထဲတွင် လှောင်ပြောင်နေသည်။

နင် ချန်ကောဟွားကများ ကဗျာရေးတတ်လို့လား၊ တကယ်လို့ ကဗျာရေးတတ်ရင် အဲဒီတုန်းက လူတွေ့ရွေးချယ်ပွဲမှာ ဘာလို့ ထုတ်မပြခဲ့တာလဲ၊ အဲဒီလိုဆိုရင် ငါတို့နှစ်ယောက် အဆင်ပြေသွားနိုင်တာပဲလေ…

စက်ရုံမှူးယန်နှင့် လုံကျန့်ဟွာတို့သည် ချန်ကောဟွားနှင့် ကြီးမားသော ရန်ငြိုးရန်စများ ရှိမနေခဲ့ချေ။ ထို့ကြောင့် သူတို့နှစ်ဦးသည် အနည်းငယ် မျှော်လင့်နေသကဲ့သို့ အနည်းငယ် စူးစမ်းလိုစိတ်လည်း ရှိနေကြသည်။ အထူးသဖြင့် လုံကျန့်ဟွာ ဖြစ်သည်။

သူသည် ဤခေတ်ကာလတွင် အရင်းရှင် တစ်ဦးဖြစ်လာခဲ့ရာ သဘာဝကျစွာပင် လူပေါင်းများစွာကို တွေ့မြင်ဖူးသည်။ ချန်ကောဟွားကို ပထမဆုံးအကြိမ် မြင်ကတည်းက ဤလူကို အနည်းငယ် ဖတ်ရခက်သည်ဟု ထင်မြင်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်နှာထားမှာ အလွန်တရာ တည်ငြိမ်နေပြီး မည်သည့် စိတ်ခံစားမှု လှုပ်ရှားမှုကိုမျှ မတွေ့ရဘဲ တစ်ဖက်လူ၏ အတွေးများကို ခန့်မှန်းရန် ခက်ခဲသောကြောင့်ပင် ဖြစ်သည်။

အကယ်၍ တစ်ဖက်လူသည် လောကဓံကိုများစွာ ကြုံတွေ့ခဲ့ရသော သက်ကြီးရွယ်အို တစ်ဦးဆိုလျှင် အလွန် ပုံမှန်ဖြစ်သည်ဟု သူ ထင်မြင်မည်ဖြစ်သော်လည်း ယခု မျက်စိရှေ့တွင် အသက် နှစ်ဆယ်၊ သုံးဆယ် အရွယ် လူငယ်လေးတစ်ဦး ဖြစ်နေခြင်းက လုံကျန့်ဟွာအား ချန်ကောဟွားသည် လူအများအား အံ့အားသင့်စရာ တစ်ခုခု ယူဆောင်လာပေးနိုင်သည်ဟု ထင်မြင်လာစေသည်။

ယွီဟိုင်ထန်သည် မူလက ချန်ကောဟွားကို မယုံကြည်ခဲ့သော်လည်း ချန်ကောဟွား၏ တည်ငြိမ်အေးဆေးသော မျက်နှာထားကို မြင်တွေ့ရသောအခါ ရင်ထဲတွင် ချန်ကောဟွား အောင်မြင်နိုင်သည်ဟူသော ခံစားချက်မျိုး ရုတ်တရက် ပေါ်ပေါက်လာသည်။ ဤသည်က သူမကို အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားစေသည်။

ရီကျုံးဟိုင်၊ လျိုဟိုင်ကျုံး အစရှိသူတို့နှင့် ပတ်သက်၍မူ ဆိုဖွယ်ရာပင် မရှိတော့ပေ၊ ချန်ကောဟွားအား လှောင်ပြောင်ရယ်မောရန် စောင့်ကြည့်နေသော စိတ်ထားများဖြင့် အားလုံးက ပွဲကြည့်နေကြသည်။

တစ်ပွဲလုံးတွင် ချန်ကောဟွားအား မည်သူက ယုံကြည်လိုသနည်း ဆိုပါက လုံရှောင်းအဲ့ တစ်ဦးတည်းသာ ရှိသည်။

မိမိ ရွေးချယ်ထားသော အမျိုးသားမှာ ဆိုးရွားမည် မဟုတ်ကြောင်း၊ အထူးသဖြင့် ဇနီးဖြစ်သူအတွက် သားမွေးအင်္ကျီ ဝယ်ပေးခြင်းနှင့် မိမိနှင့် ဆက်ဆံရာတွင် လေးစားမှုရှိရန် သိတတ်ခြင်းတို့ကြောင့် သူမသည် သူ့အား ယုံကြည်သည်။

ဤကဲ့သို့သော အမျိုးသားသည် အချစ်ကို နားလည်သည်။ ထို့ကြောင့် လုံရှောင်းအဲ့သည် ရင်ထဲတွင် ချန်ကောဟွားအတွက် တိတ်တဆိတ် လက်ခုပ်တီးပေးနေပြီး သူ တစ်ဟုန်ထိုး အောင်မြင်ကျော်ကြားလာမည်ကို မျှော်လင့်နေသည်။

လူအများ၏ မတူညီသော အကြည့်များအောက်တွင် နောက်ဆုံးတွင် ချန်ကောဟွားလည်း စတင် ရွတ်ဆိုလိုက်လေတော့သည်။

"ဒါရိုက်တာလုံ ခင်ဗျာ၊ 'ဆယ်နှစ်' လို့ အမည်ရတဲ့ ကဗျာလေးတစ်ပုဒ်ကို ဝေဖန်ပေးပါဦး"

ပြောပြီးနောက် လုံကျန့်ဟွာအား တုံ့ပြန်ရန် အချိန်မပေးတော့ဘဲ တိုက်ရိုက်ပင် လေးနက်စွာ ရွတ်ဆိုလိုက်သည်။

"အကယ်၍ ထိုစကားလုံး နှစ်လုံးဆိုတဲ့ တုန်ယင်ခြင်း မရှိခဲ့ပါက"

"ငါ ဝမ်းနည်းနေမှန်း ငါ သိမှာ မဟုတ်ဘူး"

"ဘယ်လို ပြောထွက်ရမလဲ"

"လမ်းခွဲတာလောက်ပါပဲ"

ချန်ကောဟွား၏ အသံမှာ မကျယ်လောင်သော်လည်း ပတ်ဝန်းကျင်ရှိ လူများကို ရှင်းလင်းစွာ ကြားနိုင်စေရန် လုံလောက်သည်။

ဤကဗျာ စတင်ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် လုံကျန့်ဟွာ၊ လုံရှောင်းအဲ့၊ ယွီဟိုင်ထန်၊ စက်ရုံမှူးယန် အစရှိသူတို့မှာ ဆွဲဆောင်ခြင်း ခံလိုက်ရလေတော့သည်။

အချို့က မျက်မှောင်ကြုတ်၍ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေကြသည်၊ အချို့က မယုံကြည်နိုင်ဖြစ်နေကြသည်၊ အချို့က မျက်နှာတွင် အံ့သြဝမ်းသာမှုများ ရှိနေသည်၊ အချို့က အလွန်တရာ အံ့အားသင့်နေကြသည်။

သို့သော် မည်သို့ပင် တုံ့ပြန်ကြပါစေ နေရာတွင် ချန်ကောဟွား၏ ရွတ်ဆိုသံသာ ရှိနေသည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်က"

"ငါ မင်းကို မသိခဲ့ဘူး"

"မင်း ငါ့အပိုင် မဟုတ်ခဲ့ဘူး"

"ငါတို့ အတူတူပါပဲ"

"သူစိမ်းတစ်ယောက်ရဲ့ ဘေးမှာ အဖော်ပြုပေးနေခဲ့တယ်"

"တဖြည်းဖြည်း ရင်းနှီးလာတဲ့ လမ်းမကြီးတွေကို ဖြတ်လျှောက်ခဲ့တယ်"

"နောက်ထပ် ဆယ်နှစ်အကြာမှာ"

"ငါတို့က သူငယ်ချင်းတွေပါ"

"နှုတ်ဆက်လို့ ရပါသေးတယ်"

"ဒါပေမဲ့ အဲဒီလို နူးညံ့ကြင်နာမှုမျိုးနဲ့"

"ပွေ့ဖက်ဖို့ အကြောင်းပြချက် ရှာမတွေ့တော့ဘူး"

"ချစ်သူတွေ နောက်ဆုံးမှာ သူငယ်ချင်းအဖြစ် ပြောင်းလဲသွားတာ ရှောင်လွှဲလို့မရဘူး"

...

ကဗျာမှာ မရှည်လျားလှဘဲ စာလုံးရေ ရာဂဏန်းခန့်သာ ရှိလေရာ သုံးမိနစ်ခန့် ရွတ်ဆိုပြီးနောက် ဤ 'ဆယ်နှစ်' ကို အဆုံးသတ်လိုက်သည်။

ရွတ်ဆိုပြီးနောက် ချန်ကောဟွားသည် လူအများ၏ တုံ့ပြန်မှုကို လုံးဝ ကြည့်ရှုခြင်း မရှိခဲ့ချေ။ ဒါကလည်း အလွန်ပင် ရိုးရှင်းလှသည်။ အတိတ်ဘဝက ဤ 'ဆယ်နှစ်' ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်တာနက် ကွန်ရက်တစ်ခုလုံးတွင် အလွန်ရေပန်းစားခဲ့သော သီချင်းတစ်ပုဒ် ဖြစ်သည်။ မူလတန်းကျောင်းသားများပင်လျှင် စာပိုဒ်အနည်းငယ်မျှ ညည်းတွားနိုင်ကြသည်။ ဂီတဆုများဆိုလျှင် ရယူရသည်မှာ လက်ပင် ညောင်းလောက်သည်။

ထို့အပြင် 'ဆယ်နှစ်' ၏ အချစ်ကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြသည့် ပုံစံပါ ပေါင်းစပ်လိုက်သောအခါ ယခုခေတ်ကာလတွင် ထားရှိပါက ရွတ်ဆိုခြင်း ပုံစံဖြင့်ဖြစ်စေကာမူ အဆင့်အတန်း တစ်ခုလုံးကို နှိမ်ချလိုက်ခြင်းဟုပင် ဆိုနိုင်သည်။ အထူးသဖြင့် အမျိုးသမီးများအတွက် မသိမသာပင် ထိုအထဲတွင် နစ်မျောသွားကြလေတော့သည်။

ချန်ကောဟွား ရွတ်ဆိုပြီးနောက် ကဗျာလင်္ကာကို နားမလည်သော ဟယ်ယွီကျူးပင်လျှင် ရွှီတမောင်းက မျက်နှာဖြတ်ရိုက်ခံရတော့မည် ဖြစ်ကြောင်းကို သိရှိလိုက်သည်။

ထို့အပြင် စက်ရုံတစ်ခုလုံးရှိ အလုပ်သမားများနှင့် စက်ရုံခေါင်းဆောင်များ၏ ရှေ့တွင်ပင်ဖြစ်၏။

ဘောင်းဘီချွတ်၍ ချန်ကောဟွားအား အပြစ်ဝန်ခံ တောင်းပန်ရတော့မည် ဖြစ်သည်။

အခန်း ၇၈

နောင်ခေတ်ကာလများတွင် "ဆယ်နှစ်" ဟူသောသီချင်းသည် လူတိုင်းဆိုနိုင်သည့် အဆင့်အထိ ဂန္ထဝင်မြောက်ဖြစ်လာရခြင်းမှာ အကြောင်းရင်းရှိသည်။ သီချင်းစာသားများသည် ရိုးရှင်းလွယ်ကူပြီး နှုတ်ဖျားတွင် စွဲလွယ်စေသောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ပညာအရည်အချင်း မမြင့်မားသူများပင်လျှင် "ဆယ်နှစ်" သီချင်းက မည်သည့်အရာကို ဖော်ပြနေသည်ကို နားလည်နိုင်ကြပြီး သီချင်းစာသားများထဲမှ မိမိတို့၏ ကိုယ်ပိုင်ခံစားချက်အတွေ့အကြုံများကို ကြားသိနိုင်ကြသည်။

ဟယ်ယွီကျူးကို ဥပမာထားကြည့်ကြမည်ဆိုလျှင် သူသည် ချင်ဟွိုင်ယွီ ခြံဝင်းထဲသို့ စတင်ဝင်ရောက်လာချိန်ကတည်းက သဘောကျသည်ဖြစ်ရာ လက်ချိုးရေတွက်ကြည့်လျှင်ပင် အချိန်အားဖြင့် ဆယ်နှစ်နီးပါးခန့် ရှိနေပြီဖြစ်သည်။

ဤကဗျာသည် သူ၏ ချစ်လျက်နှင့် မရနိုင်သော ခံစားချက်များကို အပြည့်အဝ ပေါ်ထွက်လာစေသည်။ ထို့ကြောင့် သူသည် စာပေအနုပညာ အားနည်းသူဖြစ်စေကာမူ ရွှီတမောင်း မျက်နှာပျက်ရတော့မည်ဟု စိတ်ထဲမှ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

ချင်ဟွိုင်ယွီမှာမူ ဟယ်ယွီကျူးနှင့် မတူပေ။

သူမသည် ချန်ကောဟွား ရွတ်ဆိုသော "ဆယ်နှစ်" ကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ မူလနေရာတွင်ပင် မှင်သက်သွားသည်။

ပထမဆုံး စတင်ကြားလိုက်ရချိန်တွင် သူမသည် ချန်ကောဟွားကြောင့် အံ့သြသွားရုံသာ ရှိသေးသည်။ သို့သော် ထပ်တလဲလဲ စဉ်းစားကြည့်လိုက်သောအခါ ချန်ကောဟွား၏ ဤကဗျာသည် ထူးခြားသောအရာတစ်ခုကို ဖော်ပြနေကြောင်း သူမ တွေ့ရှိသွားသည်။ အထူးသဖြင့် နောက်ဆုံးစာကြောင်းအနည်းငယ်ပင် ဖြစ်သည်။

"ဆယ်နှစ်ကြာပြီးနောက်မှာ ငါတို့ဟာ သူငယ်ချင်းတွေပါ"

"နှုတ်ဆက်လို့ ရနေသေးတယ်"

"ဒါပေမဲ့ အဲဒီလို ကြင်နာယုယမှုမျိုးနဲ့"

"ပွေ့ဖက်ဖို့ အကြောင်းပြချက်ကိုတော့ ထပ်ရှာမတွေ့နိုင်တော့ဘူး"

"ချစ်သူတွေဟာ နောက်ဆုံးမှာ သူငယ်ချင်းအဖြစ် ပြောင်းလဲသွားဖို့ ရှောင်လွှဲမရနိုင်ဘူး"

ဤစကားအနည်းငယ်သည် ချင်ဟွိုင်ယွီကို မနေနိုင်ဘဲ စိတ်ကူးယဉ်လာစေသည်။

"ဒီစကားတွေက ဘာအဓိပ္ပာယ်လဲ"

စာသားအရ ရိုးရှင်းစွာ နားလည်ရလျှင် ချစ်သူတွေ မဖြစ်နိုင်တော့သော်လည်း တစ်ယောက်နှင့်တစ်ယောက်ကြားရှိ သံယောဇဉ်များသည် ဆယ်နှစ်တာ အချိန်ကာလအတွင်း ရင့်ကျက်လာခဲ့ပြီး သူငယ်ချင်းအဖြစ် ရွေးချယ်နိုင်ကာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နှုတ်ဆက်နိုင်ဆဲ ဖြစ်သည်ဟူ၍ ဖြစ်သည်။

အကယ်၍သာ ချင်ဟွိုင်ယွီသည် ထိုနှစ်က ချန်ကောဟွားနှင့် စေ့စပ်ကြောင်းလမ်းရန် မတွေ့ဆုံခဲ့လျှင် ဤကဗျာက သူမနှင့် သက်ဆိုင်လိမ့်မည်ဟု သူမ ထင်မည်မဟုတ်ပေ။

သို့သော် သူတို့နှစ်ဦးသည် အမှန်တကယ်ပင် စေ့စပ်ကြောင်းလမ်းရန် တွေ့ဆုံခဲ့ဖူးပြီး ယခုအချိန်နှင့်ဆိုလျှင် ဆယ်နှစ်ခန့်မျှပင် ကွာဟနေပြီဖြစ်သည်။ ထို့ကြောင့်ပင် သူမကို မနေနိုင်ဘဲ စိတ်ကူးယဉ်လာစေခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် ဤကဗျာတစ်ပုဒ်လုံးတွင် ချစ်လျက်နှင့် မရနိုင်သော ဝမ်းနည်းကြေကွဲမှုမျိုးကို ဖော်ပြနေခြင်းပင် ဖြစ်သည်။ ဤဘဝအတွေ့အကြုံအရ ကြည့်မည်ဆိုလျှင် သူမ ချင်ဟွိုင်ယွီသည် ချန်ကောဟွား လိုချင်လျက်နှင့် မရနိုင်ခဲ့သော ချစ်သူပင် ဖြစ်သည်။

ထိုအတွေး ဝင်လာပြီးနောက်တွင် ချင်ဟွိုင်ယွီသည် သူမ၏ ဖခင် ချင်ထျဲ့ကျူး ပြောခဲ့သော စကားကို ထပ်မံဆက်စပ်တွေးတောမိသွားပြီး ချန်ကောဟွားအတွက် မယားငယ် လုပ်ပေးမည်ဆိုလျှင် သူ လက်ခံချင် လက်ခံလာနိုင်သည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် ချင်ဟွိုင်ယွီ၏ ရင်ခုန်သံများလည်း အဆက်မပြတ် မြန်ဆန်လာပြီး ခေါင်းထဲတွင်လည်း အဆက်မပြတ် စိတ်ကူးယဉ်လာတော့သည်။

"ချန်ကောဟွားက ငါ့ကို အမြဲတမ်း သတိရနေတာများလား"

"သေချာပေါက် ဒီလိုပဲ ဖြစ်ရမယ်"

"ဒီလိုမှမဟုတ်ရင် သူက ဘာလို့ ဒီလို အချစ်ကဗျာမျိုးကို ဖွဲ့ဆိုနိုင်မှာလဲ"

"ဘာလို့ လူပုံလယ်မှာ ရွတ်ပြရတာလဲ"

"ဒါပေမဲ့ သူက ဘာလို့ ငါ့ကို အဆက်မပြတ် အနိုင်ကျင့်နေရတာလဲ"

"ဒီလိုနည်းလမ်းနဲ့ ငါ့အာရုံစိုက်မှုကို ရအောင် ဆွဲဆောင်ချင်လို့များလား"

"ငါ့ကို စိတ်ပြောင်းသွားစေချင်လို့လား"

"ဒါပေမဲ့ ငါနဲ့သူက အိမ်ထောင်ကျနေပြီလေ"

"ဒါဆို အဖေပြောသလိုပဲ ငါ့ကို မယားငယ်လုပ်ဖို့ သွယ်ဝိုက်ပြီး အချက်ပြနေတာများလား"

"ဒါကတော့…"

ချင်ဟွိုင်ယွီသည် ရူးသွပ်စွာ စိတ်ကူးယဉ်နေပြီး ယုတ္တိမတန်သော နေရာများစွာကိုလည်း သူမဘာသာ အတင်းအဓမ္မ ဆက်စပ်တွေးတောလိုက်သည်။ ဤသို့ဖြင့် ယခင်က ရှက်ရွံ့နေမှုများသည် ရဲတင်းခြင်းသို့ ပြောင်းလဲသွားသည်။

သူမ တွေးတောနားလည်သွားပြီးနောက် သူမ၏ အကြည့်များကို ချန်ကောဟွားဆီသို့ ရွှေ့လိုက်ရာ ထိုနက်ရှိုင်းသော မျက်လုံးများထဲတွင် မီးတောက်များ ပါဝင်နေသကဲ့သို့ ရှိနေသည်။

ချန်ကောဟွားသည် မျက်ခုံးထူထူ မျက်လုံးကျယ်ကျယ် ရုပ်ရည်မျိုးရှိပြီး မျက်ခုံးနှစ်ခုကြားတွင် ယောက်ျားပီသသော အငွေ့အသက်များ ရှိနေကာ အလွန်ချောမောသော ယောက်ျားလေးတစ်ယောက်ဟု အသေအချာ ခေါ်ဆိုနိုင်သည်။ ထို့ကြောင့် ချင်ဟွိုင်ယွီ မြင်လိုက်ရသောအခါ ချက်ချင်းပင် နစ်မွန်းသွားခဲ့ရသည်။

ဤအချိန်တွင် သူမသည် ချန်ကောဟွားအနားသို့ ပြေးသွားပြီး ညီမဝမ်းကွဲကို လုယူခွင့်ပေးလိုက်မိသည့်အတွက် အလွန်နောင်တရကြောင်း ပြောပြချင်နေမိသည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် ချင်ကျင်းယွီနှင့်အတူ သူ့ကို ပူးတွဲပိုင်ဆိုင်ရမည်ကိုလည်း ကန့်ကွက်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် စက်ရုံ၌ ရှိနေပြီး လူအများအပြား ကြည့်နေကြရာ သူမအနေဖြင့် သေချာပေါက် ရမ်းကားရဲမည် မဟုတ်ပေ။ နောက်မှသာ ချန်ကောဟွားကို ရင်တွင်းခံစားချက်များ ဖွင့်ဟပြရန် စောင့်ရတော့မည် ဖြစ်သည်။

ချင်ဟွိုင်ယွီက ရဲတင်းစွာ စိတ်ကူးယဉ်နေချိန်တွင် ချန်ကောဟွားကမူ ထိုအရာများကို လုံးဝ မသိရှိပေ။ အကယ်၍ သိခဲ့မည်ဆိုလျှင် သူ သေချာပေါက် အလွန်ရယ်စရာကောင်းသည်ဟု ထင်မိပေလိမ့်မည်။

ညီမဝမ်းကွဲနှင့် အတူနေရသည်ကို ကန့်ကွက်မည်မဟုတ်ဘူး ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ချင်ကျင်းယွီက ကန့်ကွက်ခြင်း ရှိမရှိကို အသာထားဦး၊ သူမက သဘောတူမည်ဆိုလျှင်တောင်မှ ချန်ကောဟွားသည် ချင်ဟွိုင်ယွီကို မည်သည့်အခွင့်အရေးမျှ ပေးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤမိန်းမမှာ အလွန် ရွံရှာဖွယ်ကောင်းသောကြောင့်ပင် ဖြစ်သည်။

ယခင်က စေ့စပ်ကြောင်းလမ်းခဲ့သည့် ကိစ္စကို အသာထားလျှင်ပင် ယခုလက်ရှိအခြေအနေကို ကြည့်မည်ဆိုလျှင် ကျားမိသားစုနှင့် တရားဝင် လက်ထပ်ထားခြင်းဖြစ်ပြီး မကွာရှင်းထားသရွေ့ သူတစ်ပါး၏ မယားပင် ဖြစ်ရာ ဘဝမှာ အဆင်မပြေရုံနှင့် အခြားယောက်ျားတစ်ယောက်ကို မည်သို့ မျက်စိကျနိုင်မည်နည်း။ ထို့အပြင် ထိုယောက်ျားမှာ မိမိညီမဝမ်းကွဲ၏ ယောက်ျားပင် ဖြစ်နေသေးသည်။ ဤကဲ့သို့သော မိန်းမမျိုးသည် အရှက်မရှိလွန်းလှပေသည်။

စက်ရုံမှူးယန်အကြောင်းကို ဆက်ပြောရလျှင် သူသည် စက်ရုံအတွင်း ပညာအရည်အချင်း အမြင့်မားဆုံးသူတစ်ယောက်အနေဖြင့် သဘာဝကျစွာပင် စာပေအနုပညာကို ခံစားနားလည်နိုင်စွမ်း ရှိသည်။

ထို့ကြောင့် ချန်ကောဟွား ရွတ်ဆိုသည်ကို နားထောင်ပြီးနောက်တွင် သူ့တစ်ကိုယ်လုံး မှင်သက်စွာဖြင့် ချန်ကောဟွားကို ကြည့်နေမိသည်။ ဒါက သေချာပေါက် ဆရာတစ်ဆူရဲ့ လက်ရာပဲ ဟု သူ တစ်ခွန်းလောက် ပြောချင်နေမိသည်။ သို့သော် ဤစကားကို သူ ထုတ်ပြောနိုင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤ "ဆယ်နှစ်" ကဗျာ၏ ခံစားချက်ဖမ်းဆုပ်နိုင်မှုသည် ယခင်က "ဝမ်ကျန်း" ကဗျာထက် သာလွန်လျှင်သာလွန်မည် လျော့နည်းသွားခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။

ဤသို့သော အဆင့်အတန်းရှိသည့် ကဗျာမျိုးကို မည်သည့်သတင်းစာတိုက်ကိုမဆို ပေးပို့လိုက်မည်ဆိုလျှင် သေချာပေါက် ရေပန်းစားသွားမည့် အရာမျိုးပင် ဖြစ်သည်။ ဆရာတစ်ဆူပင်လျှင် ဤမျှကောင်းမွန်သော လက်ရာကောင်းမျိုးကို ရေးဖွဲ့နိုင်မည်ဟု မသေချာလှပေ။

သို့သော် ဤကဲ့သို့သော ကဗျာမျိုးကို အခြားသူတစ်ယောက်ယောက်က ရေးသားသည်ဆိုလျှင် ထိုသူက အဘယ်ကြောင့် ထုတ်ဝေခြင်း မရှိသနည်း။ အဘယ်ကြောင့် မူရင်းစာရေးဆရာသည် စာပေလောကတွင် ဟိုးလေးတကျော် မဖြစ်ခဲ့ရသနည်း။ မရှိခဲ့ဘူးဆိုလျှင်တော့ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။

၎င်းမှာ ဤ "ဆယ်နှစ်" ကဗျာသည် ချန်ကောဟွား၏ ကိုယ်ပိုင်ဖန်တီးမှုပင် ဖြစ်သည်။ ယခင်က "ဝမ်ကျန်း" ကဗျာသည်လည်း သူ၏ ကိုယ်ပိုင်ဖန်တီးမှုပင် ဖြစ်သည်။ ထို့အပြင် ကြောက်စရာအကောင်းဆုံးအချက်မှာ ဤကဗျာကို သူက ချက်ချင်း ဖန်တီးရေးဖွဲ့ခဲ့ခြင်းပင် ဖြစ်သည်။

ဤအချက်ကို တွေးမိသောအခါ စက်ရုံမှူးယန်သည် မျက်မှောက်ရှိ အမှန်တရားကို မယုံကြည်ဘဲ မနေနိုင်တော့ပေ။ ဤသို့ တုန်လှုပ်ချောက်ချားသွားမှုအောက်တွင် သူသည် အလျင်အမြန်ပင် ကြောင်တောင်တောင် ဖြစ်သွားသည်။

လုံကျန့်ဟွာသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူသည် အစပိုင်းတွင် ချန်ကောဟွား ကဗျာရေးဖွဲ့နိုင်သည်ကို မယုံကြည်လိုခဲ့ပေ။ ဤသို့သော အတွေးအောက်တွင် ချန်ကောဟွား၏ "ဆယ်နှစ်" ကဗျာ ထွက်ပေါ်လာပြီးနောက် သူတစ်ကိုယ်လုံး ချက်ချင်းပင် ကြက်သေသေသွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း အတွေ့အကြုံများပြားသူ တစ်ယောက်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သို့သော် ချန်ကောဟွားကဲ့သို့သော လူမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပေ။

မိနစ်အနည်းငယ်မျှ ဖန်တီးချိန်အတွင်း စာပေလောကကို အံ့မခန်းဖြစ်စေနိုင်လောက်သော ကဗျာတစ်ပုဒ်ကို ဖန်တီးနိုင်သည်။ ထိုမျှဆိုလျှင် ထားလိုက်ဦး…ချန်ကောဟွားမှာမူ ပညာအရည်အချင်းနိမ့်ပါးသော အလုပ်သမားတစ်ဦးသာ ဖြစ်နေသည်။

သူ့ကို အလေးစားဆုံးဖြစ်စေသည့်အချက်မှာ အတုမရှိသော ပါရမီကို ပိုင်ဆိုင်ထားသော်လည်း ထင်ပေါ်ကျော်ကြားမှုကို မလိုလားခြင်းပင် ဖြစ်သည်။ ဤမျှများပြားလှသော ဆန့်ကျင်ဘက် အချက်များအောက်တွင် သူသည် ချန်ကောဟွားဟူသော လူကို သေချာပေါက် မှတ်မိသွားသည်။

ထိုနည်းတူစွာပင် ဤအတွေ့အကြုံအောက်တွင် ချန်ကောဟွားအပေါ် ထားရှိသော သူ၏ သဘောထားသည်လည်း လုံးဝ ပြောင်းလဲသွားသည်။

အကယ်၍ ယခင်က သဘောထားမှာ သာမန်မျှသာ ဖြစ်သည်ဆိုလျှင် ယခုအချိန်တွင်မူ ကိုးကွယ်မှုနှင့် လေးစားမှုတို့ပင် ဖြစ်လာပေပြီ။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းတွင် သူကဲ့သို့သော ပါရမီမျိုး မရှိသလို ပါရမီရှိလျက်နှင့် ဂုဏ်ပကာသနကို မက်မောခြင်းမရှိသူများလည်း အလွန် ရှားပါးသည်။

အကယ်၍ လုံမိခင်က ရွှီတမောင်းကို သတ်မှတ်ထားခြင်း မရှိခဲ့ပါက သူသည် လုံရှောင်းအဲ့နှင့် ချန်ကောဟွားတို့ကို သေချာပေါက် နားဖောက်ပေးမည် ဖြစ်သည်။

မဟုတ်သေးပေ…အိမ်ထောင်ရေးဆိုသည်မှာ မိဘများ၏ အမိန့်နှင့် အောင်သွယ်များ၏ စကားဖြစ်သည် ဆိုသော်လည်း ရွှီတမောင်းသည် လုံရှောင်းအဲ့နှင့် တွေ့ဆုံစေ့စပ်ခြင်း မရှိခဲ့သေးပေ။ ထို့ကြောင့် ချန်ကောဟွားအပေါ်ထားရှိသော မိမိသမီး၏ သဘောထားကို အဘယ်ကြောင့် စမ်းသပ် မမေးမြန်းကြည့်ရမည်နည်း။

မည်သို့ပင်ဖြစ်စေ သူသည် နောက်ခံကောင်းသူတစ်ယောက်နှင့် လက်ထပ်ရန် ရှာဖွေနေခြင်းပင် ဖြစ်သည်။ ချန်ကောဟွားတွင် ပါရမီဆိုလျှင်လည်း ပါရမီရှိသည်၊ ရုပ်ရည်ဆိုလျှင်လည်း ရုပ်ရည်ရှိသည်၊ အလုပ်သမားလူတန်းစားလည်း ဖြစ်သေးရာ အပြစ်ကင်းစင်သော သားမက်တစ်ယောက်ပင် ဖြစ်သည်။

ခဏတဖြုတ်အတွင်းမှာပင် သူ့စိတ်ကြိုက် သမက်လောင်းနေရာသည် ရွှီတမောင်းမှ ချန်ကောဟွားထံသို့ ပြောင်းလဲသွားသည်။ အကယ်၍ ချန်ကောဟွားသာ လုံရှောင်းအဲ့ကို လက်ထပ်ရန် ဆန္ဒရှိမည်ဆိုလျှင် လင်မယားနှစ်ယောက်အတွက် များပြားလှသော မင်္ဂလာလက်ဖွဲ့ကိုပင် ပေးလိုသေးသည်။ သေချာသည်မှာ ထိုမင်္ဂလာလက်ဖွဲ့ကို ဟောင်ကောင်တွင်သာ ထားရှိရမည်ဖြစ်ပြီး ပေကျင်းတွင် ထားရှိ၍မရပေ၊ သို့မဟုတ်ပါက ဤခေတ်ကာလတွင် ရှင်းပြ၍ ရနိုင်မည်မဟုတ်ပေ။

သို့သော် ရွှီတမောင်းဘက်တွင်တော့ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်သွားရန် လိုအပ်သေးပြီး မနက်ဖြန်ကျမှ ချန်ကောဟွားအိမ်သို့ သွားရောက်၍ အခြေအနေကို မေးမြန်းရမည် ဖြစ်သည်။

ယွီဟိုင်ထန်အကြောင်းကို ဆက်ပြောရလျှင်…အကယ်၍ စက်ရုံမှူးယန်နှင့် လုံကျန့်ဟွာတို့သည် ချန်ကောဟွားကြောင့် တုန်လှုပ်အံ့သြသွားရသည်ဆိုလျှင် သူမမှာမူ ချန်ကောဟွား၏ စာပေအခြေခံကြောင့် အံ့မခန်း ဖြစ်သွားရခြင်းပင် ဖြစ်သည်။

လင်းယုန်နတ်မောင်နှံ ဇာတ်လမ်းတွဲထဲမှ စကားတစ်ခွန်းလိုပင် ဖြစ်သည်။ ယန်ကောကို တစ်ချက်မြင်လိုက်ရုံဖြင့် တစ်သက်တာ အမှားကျူးလွန်မိသည် ဟူသကဲ့သို့ပင် ယွီဟိုင်ထန်၏ အခြေအနေတွင်လည်း ဤစကားသည် မှန်ကန်နေသည်။

ကောဟွားကို တစ်ချက်မြင်လိုက်ရုံဖြင့် တစ်သက်တာ နောင်တမရတော့ပေ…ဆိုသည့်စကားတစ်ခွန်း ဆိုသကဲ့သို့ပင် ဖြစ်သည်။

အပျိုပေါက်အရွယ် မိန်းကလေးများ၏ ခံစားချက်များဆိုသည်မှာ အမြဲတမ်း ကဗျာဆန်နေတတ်သည်။ ယခုအချိန်တွင် အပျိုပေါက်အရွယ်ရောက်နေသော ယွီဟိုင်ထန်သည် စာပေအနုပညာကို မြတ်နိုးသူဖြစ်ရာ ချန်ကောဟွား၏ ပါရမီထဲသို့ ချက်ချင်းပင် နစ်မွန်းသွားသည်ဟု ဆိုနိုင်သည်။

အထူးသဖြင့် "ဆယ်နှစ်" ကဗျာထဲမှ နှမြောတသဖြစ်ရသည့် ခံစားချက်ကို ခံစားလိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် အဘယ်ကြောင့်မှန်းမသိဘဲ လိုက်ပါ၍ ခံစားချက်များ ပြင်းထန်လာသည်။

ထိုအချိန်တွင် ယွီဟိုင်ထန် ကိုယ်တိုင်ပင် သတိမထားမိလိုက်သည်မှာ သူမကိုယ်တိုင် အချစ်ဟုအမည်ရသော အဆိပ်ကို မိနေပြီဖြစ်ပြီး ထိုအဆိပ်ကို ချန်ကောဟွား တစ်ယောက်တည်းကသာ ဖြေရှင်းပေးနိုင်မည်ဟု ဆိုခြင်းပင် ဖြစ်သည်။

လုံရှောင်းအဲ့အတွက်မှာမူ မတူညီပေ။ သူမသည် အစကတည်းက ချန်ကောဟွား ကဗျာရေးဖွဲ့နိုင်မည်ကို ယုံကြည်ထားပြီး ဖြစ်သည်။ သို့သော် ချန်ကောဟွားသည် ဤမျှ စာပေအနုပညာ ပြောင်မြောက်လှသော လက်ရာကောင်းကို ရေးဖွဲ့နိုင်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူမသည်လည်း ယွီဟိုင်ထန်ကဲ့သို့ပင် ချန်ကောဟွားကြောင့် အံ့သြသွားခဲ့ရသည်။

ထိုသို့ အံ့သြသွားပြီးနောက်တွင် ပြင်းထန်လှသော စိတ်ပျက်အားငယ်မှုတစ်ခု ဝင်ရောက်လာသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားတွင် ဇနီးရှိနေပြီဖြစ်ကြောင်း သူမ သိထားသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ချန်ကောဟွား ပို၍ ထူးချွန်လာလေလေ သူမနှင့် ချန်ကောဟွားသည် မည်သည့်အခါမျှ ဆုံတွေ့နိုင်မည်မဟုတ်‌‌ဟူသော မျဉ်းပြိုင်နှစ်ကြောင်းဖြစ်သည်ဟု ပို၍ ခံစားလာရလေလေ ဖြစ်သည်။ အနာဂတ်တွင် ရင်းနှီးသော ပတ်သက်မှု ရှိလာရန် အလွန် ခဲယဉ်းလှသည်။

ထိုအချိန်တွင် လုံရှောင်းအဲ့သည် ချန်ကောဟွား၏ ဇနီးကို တိတ်တဆိတ် အားကျလာမိသည်။ ဤမျှကောင်းမွန်သော ယောက်ျားတစ်ယောက်ကို ရှာတွေ့နိုင်ခဲ့သောကြောင့်ပင် ဖြစ်သည်။

ယခုအချိန်တွင် ထိုလူအနည်းငယ်တွင် စာပေအနုပညာကို ခံစားနားလည်နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် "ဆယ်နှစ်" ၏ အစွမ်းထက်လှသော နေရာကို သိရှိသွားကြပြီ ဖြစ်သည်။

သို့သော် ရွှီတမောင်းနှင့် အခြားသူများမှာမူ မတူညီကြပေ။ သူသည် အလယ်တန်းအဆင့် ပညာအရည်အချင်းရှိသည်ဟု ဆိုသော်လည်း ငယ်စဉ်ကတည်းက ဟယ်ယွီကျူး၏ ရိုက်နှက်မှုကို ခံခဲ့ရရာ စာဖတ်ရန် မည်မျှပင် စိတ်ဝင်စားမှု ရှိနိုင်မည်နည်း။ ထို့ကြောင့် သူသည် စာတစ်ပိုင်းတစ်စသာ တတ်သူတစ်ယောက်မျှသာ ဖြစ်သည်။

ရီကျုံးဟိုင်နှင့် အခြားသူများအကြောင်းကိုမူ ပြောစရာပင် မလိုတော့ပေ။ လူကြီးပိုင်းများအနေဖြင့် ပညာသင်ကြားခွင့် ရရှိခဲ့ခြင်း မရှိရာ သဘာဝကျစွာပင် စာပေအနုပညာဆိုသည့်အရာများကို နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ချန်ကောဟွား ရွတ်ဆိုပြီးစီးသွားသည်ကို မြင်သောအခါ ကောင်းကောင်း သရော်လှောင်ပြောင်ရန် စဉ်းစားနေခဲ့ကြသည်။ သို့သော် ခေါင်းဆောင်နှစ်ဦး၏ မျက်နှာများသည် တစ်ယောက်ထက်တစ်ယောက် ပို၍ တုန်လှုပ်အံ့သြနေကြသည်ကို မြင်လိုက်ရ၏။

ထို့ကြောင့် ရွှီတမောင်း၏ စိတ်ထဲတွင် ရုတ်တရက် အခြေအနေမကောင်းသည့် ခံစားချက်မျိုး ဝင်ရောက်လာသည်။

"တမောင်းရေ၊ ဒီ 'ဆယ်နှစ်' ကဗျာကို မင်း ဘယ်လိုထင်လဲ"

လုံကျန့်ဟွာ၏ အသံ ထွက်ပေါ်လာသည်။ ရွှီတမောင်း ချက်ချင်းပင် လန့်ဖြတ်သွား၏။

"အာ…ဒါကတော့"

လုံကျန့်ဟွာသည် ဤကဗျာကို အလွန်နှစ်သက်သဘောကျနေကြောင်း သူ မြင်တွေ့နေရသည်။ အကယ်၍ မကောင်းဟု ပြောလိုက်မည်ဆိုလျှင် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ဟန်ဆောင်ပန်ဆောင်ဖြင့် ပြောလိုက်သည်။

"အဆင်…အဆင်ပြေပါတယ်"

ဤစကားကို ပြောပြီးနောက်တွင် မူလကတည်းက ချန်ကောဟွား၏ စာပေစွမ်းရည်ကို ကိုးကွယ်လေးစားနေသော လုံကျန့်ဟွာသည် ချက်ချင်းပင် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

သူ ရွှီတမောင်းကို မေးလိုက်ခြင်းမှာ အရှက်ပြေစေရန် အခွင့်အရေးပေးလိုက်ခြင်းသာ ဖြစ်သည်၊ မည်သို့ပင်ဆိုစေ ဘောင်းဘီချွတ်၍ တောင်းပန်ရခြင်းမှာ အလွန် အရှက်ရဖွယ်ကောင်းသောကြောင့်ပင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ရွှီတမောင်းက ဟန်ဆောင်နေ‌သေးသည်။

အဆင်ပြေပါတယ်ဆိုတာ ဘာကို ပြောတာလဲ…

ဒါက ဒီလို လက်ရာကောင်းကို စော်ကားလိုက်တာပဲ မဟုတ်ဘူးလား

ထို့ကြောင့် လုံကျန့်ဟွာသည် ဒေါသတကြီးဖြင့် နှာမှုတ်လိုက်ကာ

"မင်းက 'ဝမ်ကျန်း' ကိုတောင် ရေးဖွဲ့နိုင်တယ်ဆိုတော့ ငါ မင်းကို မေးကြည့်ဦးမယ်၊ ဒီ 'ဆယ်နှစ်' ကဗျာနဲ့ ပတ်သက်ပြီး မင်းဆီမှာ ဘာကောင်းတဲ့ အကြံပြုချက်တွေ ရှိလဲ"

ဤစကား ထွက်ပေါ်လာသောအခါ စက်ရုံမှူးယန်သည် သံသယဖြစ်ဖွယ် အကြည့်များဖြင့် ရွှီတမောင်းကို ကြည့်လိုက်သည်။ စာပေအနုပညာ ဗဟုသုတ အနည်းငယ်ရှိသူတိုင်း "ဆယ်နှစ်" သည် သာမန်မဟုတ်ကြောင်း သိကြသည်။ သို့သော် ရွှီတမောင်းကဲ့သို့သော လူက အဆင်ပြေပါတယ်ဟူသော အကြံပြုချက်မျိုး ပေးလာသည်။

ဤအချက်က ရွှီတမောင်း၏ အမှန်တကယ် ပညာအရည်အချင်းအပေါ် သူ့ကို သံသယဖြစ်သွားစေသည်။ ထို့ကြောင့် သူသည်လည်း လုံကျန့်ဟွာဘက်မှ ကူညီ၍ ပြောလိုက်သည်။

"ဟုတ်တယ်လေ… တမောင်း..မင်းရဲ့ အကြံပြုချက်ကို ပြောပြပါဦး၊ အကယ်၍ မှန်ကန်မျှတတယ်ဆိုရင် ချန်ကောဟွားဆီမှာ မင်းအတွက် ငါ တောင်းပန်ပေးနိုင်တယ်"

ရွှီတမောင်းသည် ခေါင်းဆောင်များ၏ သဘောထားပြောင်းလဲသွားမှုကို ရိပ်မိလိုက်ရာ စိတ်ထဲတွင် ငိုချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။

ဟန်ဆောင်စရာ ရှားလို့ ခေါင်းဆောင်တွေရှေ့မှာမှ လာပြီး ဟန်ဆောင်နေမိသည်။ ဟန်ဆောင်တာတောင် လွန်သွားသေးသည်။

ဒါက ကိုယ့်မျက်နှာကို ကိုယ်ပြန်ရိုက်နေတာပဲ မဟုတ်ဘူးလား

မိမိကိုယ်တိုင် မည်သည့်အဆင့်တွင် ရှိနေသည်ကို သူကိုယ်တိုင် အသိဆုံးပင် ဖြစ်သည်။ အကယ်၍ လျှောက်ပြောလိုက်မည်ဆိုလျှင် ခေါင်းဆောင်များကို လိမ်ညာရာ ကျသွားပေလိမ့်မည်။ တွေဝေနေမှုအောက်တွင် ရွှီတမောင်းသည် မိမိနစ်အနည်းငယ်မျှ ကြက်သေသေနေသည်။ နောက်ဆုံးတွင် လုံးဝ လက်လျှော့လိုက်ကာ ငိုမဲ့မဲ့မျက်နှာဖြင့် ခေါင်းဆောင်နှစ်ဦးကို ပြောလိုက်သည်

"ခေါင်း…ခေါင်းဆောင်တို့ ငါ…ငါ ဒီအချစ်ရေးကိစ္စတွေကို သိပ်နားမလည်လို့ပါ"

ပြောပြီးနောက် စက်ရုံမှူးယန်သည်လည်း မျက်စိ‌ရှေ့ရှိ ရွှီတမောင်းမှာ ဟန်ဆောင်နေသည့် လူလိမ်တစ်ယောက်သာဖြစ်ပြီး ချန်ကောဟွားသာလျှင် အစစ်အမှန် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။ ထို့ကြောင့် နှာမှုတ်လိုက်ကာ

"ဟွန့်၊ မင်းက ဘာမှ နားမလည်တာပါ"

ထိုအချိန်တွင် ချန်ကောဟွားက လုံကျန့်ဟွာကို ပြောလိုက်သည်။

"ဒါရိုက်တာလုံ၊ 'ဝမ်ကျန်း' နဲ့ 'ဆယ်နှစ်' နှစ်ပုဒ်စလုံးကို မင်း သဘောကျတယ်ဆိုရင် ငါ လက်ဆောင်ပေးလိုက်ပါမယ်၊ ကောင်းတဲ့ ရေစက်တစ်ခုကို ဖန်တီးလိုက်တာပေါ့"

ချန်ကောဟွားသည် မိမိ၏ ရည်ရွယ်ချက်ကို မမေ့လျော့ခဲ့ပေ၊ ၎င်းမှာ ခေါင်းဆောင်ကြီးများနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားပြီး အနာဂတ်လုပ်ငန်းများအတွက် လမ်းခင်းထားရန်ပင် ဖြစ်သည်။ အဘယ်ကြောင့် ကိုယ်တိုင် ထုတ်ဝေပြီး ကဗျာဆရာကြီးတစ်ဦး မဖြစ်စေရသနည်း ဆိုလျှင် အလွန် ရိုးရှင်းသည်။

နောင်ခေတ်ကာလမှ ဖြတ်သန်းလာသော သူသည် နောက်ထပ်အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်တွင် နိုင်ငံအတွင်း၌ အထူးကာလတစ်ခုသို့ ရောက်ရှိလာမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် ကဗျာဆရာများ အနေဖြင့် ဘဝရပ်တည်ရန် မလွယ်ကူကြောင်း အလွန် ရှင်းလင်းစွာ သိရှိထားသောကြောင့်ပင် ဖြစ်သည်။ ယခုအချိန်တွင် သူတစ်ပါး၏ ပန်းဖြင့် ဘုရားကို ပူဇော်လိုက်ခြင်းက ပို၍ ကောင်းမွန်သည်။

ထိုသို့ ချန်ကောဟွား ပြောပြီးသည်နှင့် တစ်ပြိုင်နက် လုံကျန့်ဟွာသည် ဝမ်းသာအားရ ရယ်မောလာသည်။

"ဟားဟားဟား ဒါဆိုရင်လည်း ငါ ငြင်းဆန်ရင် ရိုင်းရာကျသွားပါလိမ့်မယ်"

ထိုသို့ပြောပြီးနောက် လုံကျန့်ဟွာသည် အရှေ့ရှိ လူငယ်လေးအပေါ် ပို၍ပင် သဘောကျသွားခဲ့ရာ ပါးစပ်အပြည့် ချီးကျူးစကားများ ပြောဆိုလာတော့သည်။

"ကောဟွားရေ၊ မင်းက ဒီနေ့ ငါ့ကို အထင်ကြီးသွားစေတာပဲ၊ ငါတို့ သံမဏိစက်ရုံမှာ မင်းလို ကဗျာဆရာကြီးတစ်ယောက် ရှိနေမယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး"

လုံကျန့်ဟွာ၏ ချီးကျူးစကားကို ကြားလိုက်ရသောအခါ ချန်ကောဟွား စိတ်ထဲမှ ရယ်မောလိုက်မိသည်။ တိုးညှင်းစွာ ရယ်မောလိုက်ပြီးနောက် သူသည် အဓိကကိစ္စကိုလည်း မမေ့လျော့ခဲ့ပေ။ ၎င်းမှာ ရွှီတမောင်းကို ကတိတည်စေရန်ပင် ဖြစ်သည်။

ယခုလေးတင် ရွှီတမောင်းက သူ့ကို ကတိပေးထားသည် မဟုတ်ပါလား၊ အကယ်၍ သူသာ ခေါင်းဆောင်များ ကျေနပ်စေလောက်သည့် လက်ရာကို ဖန်တီးနိုင်ခဲ့လျှင် ရွှီတမောင်းသည် အတွင်းခံဘောင်းဘီကို ချွတ်ကာ 'ငါက အသုံးမကျတဲ့ကောင်' ဟု အော်ဟစ်ရမည် ဖြစ်သည်။

ယခုအချိန်တွင် သူကိုယ်တိုင် လုပ်နိုင်ခဲ့ပြီဖြစ်ရာ နောက်ဆက်တွဲအနေဖြင့် ရွှီတမောင်း၏ ဖျော်ဖြေမှုကို ကြည့်ရှုရတော့မည် ဖြစ်သည်။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ရွှီတမောင်း၏ တစ်ဘဝလုံးစာ အမည်းစက်ကြီး ဖြစ်သွားလိမ့်မည်ဟု ချန်ကောဟွား ယုံကြည်ထားသည်။

……

ရွှီတမောင်းအကြောင်းကို ဆက်ပြောရလျှင် လုံကျန့်ဟွာ၏ အဆက်မပြတ် ချီးကျူးနေသော အသံများကို ကြားလိုက်ရသောအခါ သူ့ခြေထောက်များသည် ခေါက်ဆွဲဖက်ကဲ့သို့ ပျော့ခွေသွားသည်။ စိတ်ထဲတွင်လည်း ပြင်းထန်လှသော နောင်တတရားများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူသည် စိတ်ထဲမှ နောင်တရလာတော့သည်။

"ငါက ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ"

"ချန်ကောဟွားက တကယ်ကြီး ကဗျာရေးနိုင်သွားတာလား"

"အကယ်၍ ဘောင်းဘီ တကယ်ချွတ်လိုက်ရရင် နောက်ဆို စက်ရုံထဲမှာ သိက္ခာ နည်းနည်းလေးမှ ရှိတော့မှာ မဟုတ်ဘူး"

သို့သော် သူ နောင်တရနေချိန်တွင်ပင် ချန်ကောဟွားက သူ့ရှေ့သို့ လျှောက်လာသည်။ တိုက်ရိုက်ပင် အရှေ့သို့ တိုးလာကာ ပြောလိုက်သည်။

"ရွှီတမောင်း…ခုနက မင်း ခေါင်းဆောင်တွေရှေ့မှာ အလောင်းအစားအတွက် သဘောတူခဲ့တယ်နော်၊ အခု ရှုံးသွားပြီဆိုတော့ ကတိတည်သင့်ပြီပေါ့"

"သေချာတာပေါ့… အကယ်၍ မင်းက ခေါင်းဆောင်တွေရှေ့မှာတောင် ကတိဖျက်မယ်ဆိုရင်လည်း ယောက်ျား မလုပ်ပါနဲ့တော့၊ နောက်ဆို လူတိုင်းက မင်းကို ရွှီမိန်းမလျာလို့ပဲ ခေါ်ကြပါစေတော့"

ချန်ကောဟွား ပြောပြီးသွားသည်နှင့် ရွှီတမောင်းသည် မိန်းမလျာဆိုသည်မှာ မည်သည့်အဓိပ္ပာယ်မှန်း မသိသော်လည်း ချန်ကောဟွားက သူ့ကို ယောက်ျားမဟုတ်ဘူးဟု ပြောလိုက်သည်ကို ကြားသောအခါ သဘာဝကျစွာပင် ဒေါသထွက်သွားရသည်။

ချက်ချင်းပင် ချန်ကောဟွားကို အငြိုးတကြီး စိုက်ကြည့်လိုက်ပြီး စကားအနည်းငယ် ပြန်လည်ချေပချင်သွားသည်။ သို့သော် ချန်ကောဟွားကလည်း ပြောထားပြီးသားဖြစ်သည်။ ဤကိစ္စသည် ခေါင်းဆောင်များရှေ့တွင် ဖြစ်ရာ သူ မည်သို့ပင် ငြင်းဆန်စေကာမူ ငြင်းဆန်၍ ရမည်မဟုတ်ပေ။

သို့သော် ဆောင်းရာသီကြီးတွင် ဖင်တုံးလုံးဖြင့် ချန်ကောဟွားရှေ့၌ မိမိကိုယ်ကို အသုံးမကျသူဟု သူ အမှန်တကယ် အော်ဟစ်ခြင်း မပြုချင်ပေ။ ရွေးချယ်စရာမရှိတော့သည့်အဆုံး သူသည် အကူအညီတောင်းခံသည့် အကြည့်များကို လုံကျန့်ဟွာထံသို့ လှည့်လိုက်ပြီး သူ့အနေဖြင့် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေမိသည်။

လုံကျန့်ဟွာသည် ရွှီတမောင်း၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များကို ရိပ်မိလိုက်ရာ ဘာမှမလုပ်ပေးလျှင်လည်း အားနာစရာကောင်းနေသည်။ မည်သို့ပင်ဆိုစေကာမူ ရွှီတမောင်းသည် မည်မျှပင် အသုံးမကျစေကာမူ မိမိနှင့် သိကျွမ်းခဲ့ဖူးသူဖြစ်ပြီး သမက်လောင်းအဖြစ်ပါ သတ်မှတ်ထားခြင်း ခံခဲ့ရသူ ဖြစ်သည်။

သို့သော် ချန်ကောဟွားက လက်ရာကောင်း နှစ်ပုဒ်ကိုပင် ရက်ရက်ရောရော ပေးအပ်ခဲ့ပြီး မိမိရင်တွင်းမှ အကောင်းဆုံး သမက်လောင်းပင် ဖြစ်နေပြီ ဖြစ်သည်။ လုံကျန့်ဟွာသည် သေချာပေါက် ချန်ကောဟွား၏ ဆန္ဒကို ဆန့်ကျင်ခြင်း မပြုချင်ပေ။ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ရွှီတမောင်းကို ပြောလိုက်သည်။

"တမောင်း၊ ယောကျ်ားကောင်းဆိုတာ အလောင်းအစားမှာ ရှုံးရင် ရှုံးမှန်းသိရမယ်၊ ကတိပေးထားတဲ့ကိစ္စဆို ပိုပြီးတော့တောင် လုပ်ရမယ်"

"ဒါပေမဲ့ ဒီနေရာမှာ အမျိုးသမီးရဲဘော်တွေ အများကြီးရှိနေတာကို ထည့်တွေးပြီးတော့ သူတို့ကို ဒီကနေ ထွက်သွားခိုင်းလိုက်မယ်"

ထိုသို့ ပြောပြီးနောက် လက်ထောက်ကို ခိုင်း၍ အမျိုးသမီးဝန်ထမ်းများကို ထိုနေရာမှ ထွက်သွားစေခဲ့ရာ ရွှီတမောင်း၏ မျက်နှာကို ကာကွယ်ပေးလိုက်သလို ဖြစ်သွားသည်။ နေရာတွင် ယောကျ်ားကြီးများချည်းသာ ကျန်ရစ်ခဲ့ရာ အားလုံးက အခြေခံအားဖြင့် ရေချိုးရုံတွင် အတူတူ ရေချိုးဖူးသူများပင် ဖြစ်ကြသည်။

ဘယ်သူက ဘယ်သူ့ကို မမြင်ဖူးတာ ရှိလို့လဲ…

ဤသို့ လုပ်ဆောင်လိုက်မှုအောက်တွင် ရွှီတမောင်းသည်လည်း မျက်စိဇွတ်မှိတ်၍သာ လက်ခံလိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် လုံကျန့်ဟွာသည် တကယ်လုပ်နေပြီဖြစ်ကြောင်းကို သူ သိရှိထားပြီး သူတစ်ပါးက ဤမျှအထိ ကူညီပေးနေပါလျက် ငြင်းဆန်နေမည်ဆိုလျှင် တစ်ဖက်လူကို သေချာပေါက် စော်ကားရာ ကျသွားမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ဤခေတ်ကာလတွင် ရိုးသားမှုနှင့် ယုံကြည်ရမှုတို့သည် အလွန်တန်ဖိုးရှိသော အရည်အသွေးများပင် ဖြစ်သည်။ မျက်နှာထက် များစွာ ပို၍ အရေးကြီးသည်။ ထို့ကြောင့် ရွှီတမောင်းသည် မျက်စိဇွတ်မှိတ်၍သာ လုပ်ဆောင်ရတော့သည်။ တစ်ချိန်တည်းတွင်ပင် စိတ်ထဲမှ ချန်ကောဟွားကို တိတ်တဆိတ် အငြိုးထားလိုက်မိသည်။

"ဒီနေ့ အရှက်ခွဲခံရတာကို အနာဂတ်မှာ သေချာပေါက် အဆတစ်ရာ ပြန်ဆပ်မယ်"

နာကြည်းမှုများအောက်တွင် သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူက သွားကိုက်ထားကာ ဘောင်းဘီကို ဝုန်းခနဲ ဆွဲချွတ်ချလိုက်သည်။ သို့သော် ရွှီတမောင်း သွားကိုက်ထားကာ ထိုအရှက်ရဖွယ် စကားကို အော်ဟစ်ရန် ပြင်လိုက်ချိန်တွင်ပင် ဘေးပတ်ဝန်းကျင်ရှိ လူအများက မိမိ၏ ပေါင်ကြားကို မှင်သက်စွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

အသက်ရှူမှားသွားသည့် အသံများပင် အဆက်မပြတ် ထွက်ပေါ်လာခဲ့သေးသည်။ ထိုအခြေအနေကို မြင်လိုက်ရသောအခါ ရွှီတမောင်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။

"အားလုံးက လှောင်ပြောင်ရမှာ မဟုတ်ဘူးလား"

"ဘာလို့ သရဲတစ္ဆေကို မြင်လိုက်ရသလို ဖြစ်နေကြတာလဲ"

စပ်စုလိုစိတ်များဖြင့် ရွှီတမောင်းသည်လည်း အားလုံး၏ အကြည့်များအတိုင်း မိမိ၏ ပေါင်ကြားသို့ ကြည့်လိုက်သည်။ သို့သော် မကြည့်လိုက်မိခင်က အကြောင်းမဟုတ်သော်လည်း တစ်ချက် ကြည့်လိုက်ချိန်တွင် ရွှီတမောင်းသည် ချက်ချင်းပင် လန့်ဖြတ်သွားကာ မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး ဝိညာဉ်လွင့်ထွက်မတတ် ဖြစ်သွားခဲ့ရသည်။ မသိစိတ်ကပင် အော်ဟစ်လိုက်မိတော့သည်။

"အား အား အား"

"ငါ့အဖိုးတန်လေးကော"

"ငါ့အဖိုးတန်လေး ဘယ်ရောက်သွားတာလဲ"

All Chapters